book

Index 9

အခန်း [ ၉ ]

  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama, Fantasy

🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬

                          { My Queen , My Angel }


•••••••••••• ♡  ♡ ••••••••••••


ပြောလိုက်သည့်စကားမှာ စိတ်ဆိုးစရာလည်းမပါဘဲ မျက်နှာတည်ဖြင့် လေသံမာကာ အော်လိုက်သည်မို့ ရှင်ရှင့်အသံလေး တိတ်ကျသွားရသည်။ ကိုကို့ပုံစံက စနောက်နေတာနဲ့လည်းမတူ။တကယ်ကြီး ဒေါသထွက်နေသည့်ပုံစံနှင့်...။ ညီမကို သဝန်တိုတယ်ဆိုရင်လည်း ကောင်းကောင်းပြောမှပေါ့...အော်စရာလား? 


ပြီးတော့ ကိုကိုက တစ်ခါမှဒီလိုမျက်နှာထားမျိုးနဲ့မဆက်ဆံဖူးတာမို့ စိမ်းသက်သက်အခုပုံစံကြီးမှာ နေသားမကျတော့ဘဲ ဝမ်းနည်းသလိုတောင်ဖြစ်သွားရပါ၏။ဘာလို့မှန်းမသိ သူစိတ်ဆိုးတာကို ရှင်ရှင်ကဝမ်းနည်းရသည်တဲ့! အခုထိလည်း တစ်ချက်မှလှည့်ကြည့်မလာသည့်မျက်နှာက တည်ကောင်းတုန်း...။ဒါ သက်သက်မဲ့အာဏာလာပြတာ...။နေရင်းထိုင်ရင်းအပြစ်ရှာတာ....ဟွန့်!!


""နွဲ့ဆိုး...ဘယ်လဲ အဲ့ဒါက?""


ငြိမ်သက်နေရာမှ ချက်ချင်းပင် ကားတံခါးဖွင့်ကာ ဆင်းသွားလေတဲ့ ကလေးကြောင့် သူ့မှာ နောက်ကတကောက်ကောက်လိုက်ရပြန်သည်။ ချာတိတ်မကတော့ လုံးဝလှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်လျှောက်နေပေမယ့် ခြေတံတိုတိုလေးက ဝေးဝေးတော့ရောက်နိုင်ပါ့မလားလေ။ ပြီးတော့ မကြာသေးခင်ကမှ ထိခိုက်မိထားသည့် ခြေထောက်ဒဏ်ရာလေး နာသွားမှာစိုးရိမ်၍ သူ့မှာ ပျာပျာသလဲဖြင့် သူမအရှေ့က ကျော်ကာပိတ်ရပ်လိုက်ရင်းမှ...


""ဆိုး..ဘာလို့ကားပေါ်ကဆင်းတာလဲကွာ""


""ဆင်းတယ်...အာဏာလာပြနေတဲ့သူအနားမနေချင်လို့ ဘာဖြစ်လဲ""


ငိုမဲ့မဲ့ဖြင့် ပြန်အော်ပြောလာသံလေးက စွာစူးနေပေမယ့် မျက်ဝန်းမှာတော့ မျက်ရည်ကြည်လေးတွေတောင် ရစ်ဝိုင်းနေလေပြီမို့ ဒီကိစ္စရှင်းရခက်တော့မည်မှန်း သူသိလိုက်ပါ၏။ ဒေါသဖြစ်နေရတာ ကိုယ် ဆိုပေမယ့်လည်း မီးမွှေးပေးသူလေးက တစ်ဖန်ပြန်စိတ်ကောက်နေလေတော့ ကိုယ်သာ ချော့ရတော့မည့် ဖြစ်ခြင်းပါပင်။


 ""မဟုတ်တာ ကလေးရယ်

ကိုကိုက အဲ့ဒီ့စကားကိုမကြိုက်လို့...ဆိုးကိုမပြောစေချင်ရုံပါ...""


""ဒါလေးပြောတာ ဘာမှားလို့လဲ

ကိုကိုက ဆိုးကိုတစ်သက်လုံးအပျိုကြီးဖြစ်စေချင်နေတာလား...အဟင့်! ဟင့်""


""ဟာ! မငိုနဲ့လေကွာ

မဖြစ်စေချင်ဘူး...မဖြစ်စေချင်ဘူးဟုတ်ပြီလား

ကိုကို့ရဲ့ဆိုးလေးက လုံးဝအပျိုကြီးမဖြစ်ဘူး...အဟွန်း! မငိုနဲ့ တိတ်တော့""


""ဟင့်! တကယ်နော်

ဆိုး ရုပ်လေးကအပျိုကြီးဖြစ်လောက်အောင် ဆိုးမနေပါဘူး...မမလောက်မလှပေမယ့် ချစ်ဖို့တော့ကောင်းတယ်မဟုတ်လား?""


စိတ်မလိုရင် ငိုတတ်သည့်အကျင့်က လမ်းပေါ်မှာလည်းမရှောင်ပါလား...။ အခုပဲမျက်ရည်ကျလိုက်သည့် စိုလဲ့လဲ့မျက်ဝန်းလေးတွေဖြင့် မော့ကြည့်ကာမေးလာပုံက သူ့ထံမှအဖြေတစ်ခုကို မျှော်လင့်တကြီးနှင့်မို့ အသည်းယားစွာတစ်ချက်ပြုံးလိုက်ရင်း...


""ဒီလောက်ဆိုးနေတာ ဘယ်နားကများချစ်ဖို့ကောင်းမှာလဲ...လူကဆိုး...ရုပ်လေးကလည်းဆိုးသေးတယ်...အပျိုကြီးမဖြစ်ဘူးဆိုပေမယ့် မင်းကိုလက်ထပ်မယ့် အဲ့တစ်ယောက်ယောက်က normalသိပ်မဟုတ်လို့နေမယ်""


""အဟင့်...ဟင့်...ဟီး!

အဲ့လောက်မဆိုးပါဘူးဆိုမှ...""


""အင်းပါကွာ...ဟုတ်ပါပြီ

ကျွန်တော်ပဲမှားပါတယ်...ခင်ဗျားလေးက ကျိန်းသေလက်ထပ်ရမှာ...ပြီးတော့ အလှဆုံးနဲ့ချစ်စရာအကောင်းဆုံး သတို့သမီးလေးလည်းဖြစ်မှာ...ကိုကိုသိပြီးသား""


ဒီစကားကိုတော့ သူ့ရဲ့ကိုယ်ပိုင်အဓိပ္ပာယ်ဖြင့် ရင်ထဲက လေးနက်စွာပြောလိုက်ခြင်းပါ။သို့ပေမယ့် ငိုဖို့လောက်သာ အာရုံရှိနေသည့်လူဆိုးမလေး သိမယ်မထင်။ သူမကတော့ ဘယ်လောက်ရိုးလိုက်သလဲဆို...ကိုယ်နဲ့မောင်နှမတောင် ဖမ်းတော်လိုက်သေးတာလေ။အမှန်ဆိုရင် မင်းကိုလက်ထပ်မယ့်အဲ့တစ်ယောက်ဟာ ကိုကိုပါလို့ပဲပြောလိုက်ချင်တာပါ။ သိပ်ချစ်တဲ့အကြောင်းကိုလည်း ဖွင့်ပြောပြလိုက်ချင်တာ...။ သူမလေးဘက်က ကိုယ့်အပေါ်ဘယ်လိုတွေးပြီး ဘယ်လောက်ဖြူစင်မှန်း သိနေတော့ သူ့မှာ ထိုစည်းကိုဖောက်ဖျက်ဝင်ရောက်ဖို့ရန် များစွာအနေခက်ရသည်။ ဖွင့်ပြောမိလိုက်မှ ဒီလိုနီးစပ်ခွင့်လေးတောင်မရတော့ဘဲ စိမ်းကားသွားမှာကိုအကြောက်ဆုံးပါ။ဒီလိုသာဆို ကိုယ်သာရင်ကွဲရဦးမှာ...။ပြီးတော့ အခုက စာကိုအာရုံစိုက်နေရသည့်အချိန်...သူမအတွက်ဒီလိုအရေးကြီးနေချိန်မှာ အနှောင့်အယှက်တစ်ခုလည်းမဖြစ်လိုပေ။


ဟူးး! ခက်တယ် ကလေးရယ်။

ကိုယ်က မင်းကိုနည်းနည်းလေးမှအထိအခိုက်မခံနိုင်သလို၊ မင်းနဲ့လည်းမလွဲချော်ချင်ဘူး...။သိပ်အများကြီး မစဥ်းစားဘဲ ဒီအတိုင်း ကိုယ်အတ္တဆန်လိုက်ရမလား?


တကယ်ကိုပဲ လမ်းတွေပျောက်ရပါရဲ့။ အရာရာမှာဆုံးဖြတ်ချက်တွေ ပြတ်သားနိုင်ခဲ့သလောက် အချစ်မှာတော့ များစွာသော ပျော့ညံ့ခြင်းတွေနဲ့ အရူးလို ချောင်ပိတ်နေရသည့် အဖြစ်ပါပဲ။ 


""သိရင်လည်းပြီးရော

ပြန်တော့လေ...ဘာရပ်ကြည့်နေတာလဲ""


""ဟမ်! ဘာလို့ပြန်ရမှာလဲ

ဆိုးကိုလာကြိုတာလေ...အတူတူပြန်မှာပေါ့""


""ဘယ်သူကလာခိုင်းလို့လဲ

အရင်လည်း တစ်ယောက်တည်းပြန်နေကျ...။ပြီးတော့ လူကိုလည်းအော်လား ဟစ်လားနဲ့...ကိုကို့ကိုစကားမပြောချင်တော့ဘူး...သွား!""


ပြောချင်ရာပြောကာ တကယ်ပင်ရှေ့ကိုဆက်လျှောက်နေလေပြီမို့ သူစိတ်မရှည်တော့စွာပင် လက်တစ်ပွေ့စာ ခါးကျဥ်းကျဥ်းလေးမှ ဆတ်ခနဲ ဆွဲမ,လျက် ပြန်ခေါ်လာခဲ့တော့ မျက်လုံးအဝိုင်းသားဖြစ်လျက် လေထဲလွတ်နေသည့်ခြေထောက်တွေက ဟိုဘက်သည်ဘက် လွှဲရမ်းရင်း ယက်ကန်ယက်ကန်။ 


""ကိုကို ဘာလုပ်တာလဲ?

ကိုယ့်ဘာသာပြန်ပါမယ်ဆို""


""မဆိုးနဲ့ကွာ...ပြောစကားနားထောင်""


""မထောင်ဘူး""


""အရမ်းမလှုပ်ရှားနဲ့လေ

ခြေထောက်ပြန်ထိသွားမယ်""


""ကျိုးပါစေ""


""ဟာကွာ!!""


တစ်ယောက်တစ်ခွန်းပြောရင်းကပဲ ကားဆီသို့ပြန်ရောက်လာပြီမို့ လက်အနေအထားပြောင်း၍ ခန္ဓာကိုယ် သေးသေးလေးကို ပွေ့လိုက်ပြီး ကားထဲထည့်ကာ ခါးပတ်ပါပတ်ပေးရသေးသည်။ ရုန်းကန်မနေတော့ပေမယ့် စူထော်နေသည့် နှုတ်ခမ်းကတစ်စက်မှမလျော့။ မျက်ခုံးလေးတွေကပါ အလိုမကျစွာ တွန့်ကုတ်လျက်နှင့် သူမရဲ့လက်ရှိပုံစံဟာ Angry birdလေးနဲ့တောင်တူနေပြီ။ 


""အဟက်!...ငှက်ရုပ်ဆိုးမလေး

မင်းက ရှာကြံကောက်တာနော်

အလိုလိုက်မှန်းသိလို့တမင်ဆိုးနေတာ""


""စကားလာမပြောနဲ့

ဒီနေ့မခေါ်ဘူး ရှင့်ကိုစိတ်ဆိုးနေတယ်""


""သြော်...ဟုတ်ကဲ့

ကောင်းပါပြီဗျာ""


ရယ်ကျဲကျဲနဲ့သာဖြေသွားပြီး ကားတံခါးပိတ်ပေး၍ သူ့နေရာဘက်သို့ လျှောက်သွားကာ ဝင်ထိုင်ပြီးကားမောင်းထွက်သည်အထိ ပြုံးတမြမြနဲ့ပျော်မဆုံးဖြစ်နေသည်က ဘာကြောင့်ရယ်မသိ။ ဒီကစိတ်ကောက်တဲ့ဟာ သူရယ်စရာဘာပါသလဲ? 


""ဟွန့်! ဘာရယ်နေတာလဲလို့""


"".....""


""ကိုကို...""


""မနက်ဖြန်မှ စကားပြောကြမယ်လေ""


သူမစကားလေးအတိုင်းပြန်ပြောလိုက်တော့ နှုတ်ခမ်းကြီး စူကာ တစ်ဖက်သို့လှည့်သွားလေရဲ့။တကယ်ပါပဲ...အဲ့ဒီ့သည်းပေါက်လေးက စိတ်တွေထိန်းရခက်အောင်ကို ချစ်ဖို့ကောင်းနေတော့တာပါလား...။


ဟက်! အဆိုးလေး...ဘယ်သူကမင်းနဲ့ မောင်နှမတော်ချင်တယ်ပြောလဲ??


ကိုယ်လိုချင်တဲ့ရာထူးက မင်းရဲ့အိမ်ထောင်ဦးစီးဗျ...သိရဲ့လား?


~~~~ 🍬🍬🍬🍬 ~~~~


ရင်ထဲမှာ အချစ်လူဆိုးမလေး ဝင်ရောက်နှိပ်စက်နေပေမယ့် အလုပ်ကိစ္စတွေကိုလည်း မပျက်မယွင်းတာဝန်ယူတတ်သူမို့ ညနက်သည့်တိုင် အလုပ်နဲ့လက်က မပြတ်သေးပေ။နာရီကြည့်တော့ မနက်၂နာရီတောင်ရှိချေပြီ။ ဒါက ဟိုဇီးကွက်မလေးရဲ့ ပုံမှန်အိပ်ချိန်ပဲ။ အခုရောအိပ်နေပြီလားမသိပါဘူး...။ညဘက်တွေဂိမ်းမဆော့ဖို့တားပေမယ့်လည်း နွဲ့ဆိုးတစ်ယောက်ကဖြင့် ပြန်မပြောနားမထောင်အချိုးလေ။


ဟော! အလုပ်လုပ်နေပါတယ်ဆိုမှ Angry birdလေးက စိတ်ထဲရောက်လာပြန်ပြီ။ ဖုန်းခေါ်ကြည့်ရမလား...။မဖြစ်သေးပါဘူး။တော်ကြာ ဂိမ်းဆော့နေမှဖြင့် ရှုံးပါပြီဆိုပြီး ဆူပူနေဦးမှာ...။


သို့သော်လည်း စိတ်ထဲအတွေးနဲ့လက်တွေ့က ကွဲပြားစွာပင် သူမနံပါတ်လေးကိုနှိပ်မိပြန်လေတော့ တစ်ဖက်သို့ဆက်သွယ်သွားသည့် လေလှိုင်းလေးမှာ သူ့ရင်ခုန်သံတွေလည်း ဆူဆူညံညံနှင့်...။


""Hello!""


""ဆိုးလေး အိပ်တော့နော်

ဂိမ်းဆော့နေသေးရင် outတော့""


""မခေါ်ဘူးလို့ပြောထားတယ်လေ

ဘာလို့လာဆက်နေတာလဲ""


""အဟက်! အခုကနောက်တစ်ရက်လေကွာ

အဲ့ဒါမနေ့က...""


""သြော်! အင်း...မိုးလင်းနေတာမေ့သွားလို့""


""ဒါဆို အိပ်တော့နော် ကလေး""


""အိပ်နေတာပဲ...မပျော်သေးလို့

ဆိုး ခေါင်းနည်းနည်းကိုက်နေတယ်

ဆေးသောက်ထားတာတောင် အိပ်မပျော်သေးဘူး""


""ဟမ်...ဘာလို့ခေါင်းကိုက်တာလဲ

အရမ်းဆိုးနေလား""


""ဟင့်အင်း...နည်းနည်းပါ

အဲ့ဒါကြောင့် ဒီညဂိမ်းတောင်မဆော့နိုင်တာ""

  

""ဘာမှမဖြစ်ဘူး...စိတ်ကိုငြိမ်ငြိမ်ထားပြီး အိပ်ကြည့်...စာမေးပွဲနီးလာတော့ စိတ်တွေပင်ပန်းနေပြီထင်တယ်...ဘာမှမဖြစ်ဘူးနော်..စိတ်အေးအေးထား...ကိုယ့်ကလေးကတော်ပြီးသား""


""လူလိမ်...ဘာတော်ရမှာလဲ

နှစ်ခါကျပြီးတာကိုများ""


""အဲ့ဒါက ကံမကောင်းသေးလို့နေမှာပါကွာ""


""အင်း...""


စကားပြောရင်းနဲ့ကို အသံလေးကဖျော့တော့တော့ဖြစ်လာတာမို့ သူ့မှာချက်ချင်းပင် ဟိုဘက်အိမ် ပြေးတွေ့ချင်စိတ်ကို မနည်းချိုးနှိမ်ထားရသည်။ ဒီကောင်မလေးနဲ့ ပတ်သက်ရင်သူ့စိတ်ကိုက အကဲဆတ်လွန်းနေပြီလားမသိတော့ပေမယ့် ဒါအမှန်ပါပဲ။ အချိန်နာရီနဲ့အမျှ မိနစ်စက္ကန့်နဲ့အမျှ တယုတယပျော်ဝင်နေသော ဤချစ်ခြင်းတို့မှာ သူမအပေါ်ငဲ့ညှာ၍ ချုပ်တည်းကန့်သတ်နေသော စိတ်တစ်ခုသာရှိမနေလျှင် အခါတရာမကဖွင့်ပြောပြီးလောက်ပါရဲ့။ 


""ဆိုးလေး...အိပ်မပျော်ဘူးဆို သီချင်းနားထောင်လေ""


""ဟုတ်...ဖုန်းကအားကုန်ခါနီးနေလို့""


""ဒါဆို ကိုကိုချော့သိပ်မယ်""


""ဟင်""


""နားထောင်မှာလား""


""ကိုကိုလည်း မင်းမိန့်လိုငှက်ဆိုးထိုးသံကြီးပဲဆို အဆင်မပြေဘူးနော်...ဒီမှာခေါင်းကိုက်ရတဲ့ကြားထဲ""


ပြောသာပြောလိုက်ပေမယ့် သူ့ဘက်ကအသံပျောက်သွားလေပြီ။ ဖုန်းချလိုက်ပြီးနောက် အိပ်ယာထဲ ငြိမ်ငြိမ်လေးကွေးနေစဥ်မှာပဲ တိတ်ဆိတ်နေသည့် ညလယ်၌ တစ်ဖက်ခြံမှ ဂစ်တာသံစဥ်လေး ပျံ့လွင့်လာတာမို့ ရှင်ရှင် အံ့သြသွားမိသည်။ ကိုကိုက ဂစ်တာတီးတတ်တယ်ပေါ့လေ...။ မျက်လုံးလေးဝိုင်းသွားလျက် အာရုံစိုက်ကာ နားထောင်နေမိစဥ် ကြည်လင်ပြတ်သားစွာထွက်ပေါ်လာသည့် သီချင်းသံလေးကလည်း မယုံနိုင်စရာကောင်းလောက်အောင် ချိုသာလို့နေပြန်၏။


🎶ကလေးရယ်..🎶

🎵ဘာလို့ မင်းလေးနဲ့ကျမှ ငါ့စိတ်တွေယိုင်ခဲ့🎶

🎶ကလေးရယ်...oh~~

🎶အချိန်ရှိတိုင်းပဲပေါ့...မျက်စိထဲမင်းအရိပ်တွေပါပဲ🎶

🎶ကလေးရယ်...ငါဟာ ပျော့ညံ့တဲ့စိတ်ဓာတ်နဲ့ရူးလို့နေရမှာလား...🎶


🎶အတွေးလေးထဲလည်း မင်းက ကလေးပါပဲ🎶

🎶ကလေးရေ...မင်းမြင်တတ်ရင် တွေ့မှာပဲ 🎶

🎶ရင်ထဲက သံယောဇဥ်...ohh!! 🎶


🎶 မင်းနဲ့ကျမှ ချစ်တတ်ပြီ...ကလေးရေ🎶

🎶အသည်းလေးထဲက ချစ်မိပြီ..🎶

🎶မင်းနဲ့ကျမှ ရူးရပြီ...ကလေးရေ...🎶

🎵မစဥ်းစားဘဲနဲ့ ချစ်လိုက်တာ...🎵

🎶 ငါ မှားယွင်းနေလား?🎶


နားထဲသို့ ချိုမြစွာစီးဝင်နေသော ကိုကို့သီချင်းသံလေးကို နားထောင်ရင်း အာရုံတစိုက်ငြိမ်သက်လာမိသည့် စိတ်အစဥ်ကြောင့် မျက်လုံးလေးတွေလည်း မှေးစင်းလာရသည်။ ဒါနဲ့ သူ့သီချင်းက ဘာကိုရည်ရွယ်တာလဲ။ အဲ့ဒီ့သီချင်းထဲက ကလေးဆိုတာကရော ဘယ်သူ့ကိုရည်ညွှန်းနေတာလဲ?ဒီသီချင်းက ငါ့ကိုချော့သိပ်ဖို့ဆိုပြတာလေ...။မဟုတ်မှလွဲရော...ကိုကိုက...


""အာ!...ကိုကိုနဲ့ငါက ငယ်ငယ်ကတည်းကမောင်နှမတွေလိုနေလာတာ။ကိုကိုကလည်း ငါ့ကိုညီမလေးလို ချစ်တာပါ။ ဘာတွေလျှောက်စဥ်းစားနေတာလဲ မိရှင်ရှင်ရယ်...စိတ်တွေမမှန်တော့ဘူးထင်တယ်...ငရဲတွေကြီးတော့မှာပဲ အိပ်စမ်း...အိပ်စိမ်း...မြန်မြန်အိပ်လိုက်စမ်း""


ကိုယ့်ဘာသာလျှောက်စဥ်းစားရင်းမှ မျက်နှာတွေတောင် ပူထူလာကာ ကိုယ့်ကိုကိုယ် အလိုမကျဖြစ်ရင်း စောင်ကိုခေါင်းအထိလုံအောင် ဆွဲခြုံလိုက်မိ၏။သို့သော်လည်း သူ့သီချင်းသံကိုကြားနေရဆဲ...။နားထောင်ကောင်းလွန်းသည့် ထိုသီချင်းသံက ရင်ထဲမှာ နွေးထွေးစေသလိုလို...။နှလုံးခုန်သံကို ပုံမှန်ထက် ပိုမြန်သွားစေသလိုလိုနဲ့ တစ်စုံတစ်ရာ ထူးခြားနေပေမယ့် ဘာဖြစ်မှန်းတော့လည်း ရေရေရာရာမသိခင် သောက်ထားသည့်ဆေးရှိန်နဲ့အတူ မှေးစင်းစင်းမျက်ဝန်းလေးတွေ လုံးဝမှိတ်ကျသွားခဲ့လေရာ...။


~~~~ 🍬 ~~~~


အလုပ်အတွက် Designပုံတစ်ချို့စစ်ကြည့်နေရင်းမှ ညနက်တဲ့အထိ အလုပ်လုပ်နေမိသည်က ဤသို့ဤနှယ် ကံဆိုးမယ်မှန်း ကြိုး မထင်ခဲ့တာအမှန်ပါ။ တလှပ်လှပ်လွင့်နေသော ခန်းဆီးစလေးတွေရဲ့ အနောက်မှ ဖွင့်ဟထားသည့် ပြတင်းတံခါးချပ်လေးကိုပဲ အပြစ်တင်လိုက်ချင်တော့တာ...။အဲ့ဒီ့ပြတင်းတံခါးဆီမှ တိုးဝင်နေသော လေညင်းလေးတွေနဲ့အတူ ခံစားချက်ကိုတေးသီဖွဲ့နေသော ညရဲ့သီချင်းသံဟာ ထက်ရှရှ လက်နက်တစ်စုံဖြင့် ကြိုး ရင်ကိုခွဲသည့်အလားပင်။


ည...မထင်ခဲ့ဘူးကွယ်။ နင်တကယ် ရှင်ရှင့်ကိုချစ်နေတာပဲ...။အထင်မှားတာပါလို့ အကြိမ်ကြိမ်ငြင်းပယ်ချင်ပေမယ့် တဖြေးဖြေးနဲ့ပိုပြီး သေချာမှုတွေပြသနေခဲ့တာ နင် တဆိတ်တော့လွန်ပြီထင်တယ်။ နဂိုကတည်းက နီးစပ်ခွင့်မရှိတဲ့ ကံတရားတွေကို ဝေးသထက်ပိုဝေးအောင် တွန်းပို့ရက်တာပဲနော်...။


ဘာလို့လဲ? အဲ့ဒီ့ကလေးသာသာအရွယ်ရှိတဲ့ ချစ်သည်းရှင်က ကြိုးထက်ဘာတွေများသာလို့လဲကွယ်။ ညီမလေးကို မချစ်လို့မဟုတ်ပေမယ့် သူ့ထက်တော့ ကြိုးကအစစအရာရာသာပါတယ်။ဒါကို လူတိုင်းသိတယ်။ မြင်တယ်...။ လင်းညရိပ်ကျမှ ဘာလို့ အမြင်တွေလွဲမှားကုန်တာလဲ?


""......""


မျက်ဝန်းထဲ ဝေ့သီလာသည့်အရည်စလေးတွေကို မျက်တောင်ဖြင့်ပုတ်ခတ်လိုက်ပြီး နေရာမှထရပ်ကာ ရှင်ရှင့်အခန်းဘက်လျှောက်သွား၍ တံခါးလေးအသာဟကြည့်တော့ အရုပ်လေးတစ်ခုဖက်လျက်ဖြင့် အိပ်ပျော်နေပြီဖြစ်သော ရှင်ရှင်က လင်းညရဲ့ချစ်တေးသံစဥ်ကိုလည်း နားထောင်နေဟန်မတူတော့ပါ။ ဒါပါပဲ...ချစ်သည်းရှင်ဆိုတာ အဲ့လိုဘာကိုမှအလေးအနက်မထားတတ်တဲ့ ကလေးသာသာရယ်လေ...။ ချစ်ကြိုးနဲ့ ယှဥ်စရာကိုမလိုတာ...။တန်ဖိုးချင်း တူကို မတူတာ...။


Sorryပါ ရှင်ရှင်။ မမ ညီမလေးကိုချစ်ပါတယ်

အရာရာလည်းလိုက်လျောပေးနိုင်တယ်...။ဒါပေမဲ့ အဲ့အထဲမှာ နှလုံးသားတစ်စုံတော့မပါဘူးကွယ်...။မင်းဘက်ကလည်း သူ့အပေါ်အလေးအနက်ရှိမနေတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်...။


Good nightပါ ကလေးငယ်~~~


~~~~ 🍬🍬🍬🍬 ~~~~


Companyသို့ရောက်ကာ တနေ့တာအလုပ်တွေစသည်အထိ ညကအကြောင်းပဲ ခေါင်းထဲရောက်နေတော့ ခက်သား။ အလုပ်ခွင်မှာလည်း အမြဲsmartကျကျနဲ့ ထူးချွန်စွာဦးဆောင်နေသလောက် အချစ်ရေးမှာသာ လိုရာမရောက်ဖြစ်နေရသည်လေ။ အဟင်း! ကိုယ့်အပေါ်ဆို အေးတိအေးစက်နိုင်သလောက် တခြားသူအတွက်တော့ သူ့ချစ်ခြင်းကို သွယ်ဝိုက်သောနည်းနဲ့ ဖွင့်ပြောနေတာများ တကယ့်ကိုနှစ်နှစ်ကာကာ။ လင်းညရဲ့အမြင်က တကယ်ကိုထူးခြားတာပဲ။ အများနဲ့မတူတဲ့ အမြင်ရှိတယ်ဆိုပါတော့...။


""ဒေါက်...ဒေါက်!""


""မမ...ဒီမှာ မမအတွက်ဆိုပြီး ပို့လာလို့""


မန်နေဂျာဝန်ထမ်းလေးယူလာပေးသောအရာက ပန်းနုရောင်နှင်းဆီပန်းစည်းလေးဖြစ်ကာ အပွင့်ရေပေါင်းလည်း အတော်များမည့်ပုံစံပင်။ ရုတ်တရက်တော့ ကြိုးလည်း အံ့သြသွားရင်းမှ ထိုပန်းစည်းလေးအား လှမ်းယူ၍ သေချာကြည့်တော့ ပန်းတွေကြားမှာ စာကဒ်လေးကလည်းပါနေတာမို့ ဆွဲယူကြည့်မိလျှင်...


""ဟင်း! အလုပ်ပိုတွေသိပ်လုပ်တာပဲ""


`Miss you´ဟူသောစာသားလေးတစ်ခုသာပါပြီး ထိုစာသားလေးရဲ့ အောက်ခြေနားမှာတော့ H N.Lဆိုသော နာမည်အတိုကောက်စာလုံးကိုတွေ့လိုက်သည်နှင့် ကြိုး မျက်နှာလှလှလေးကို မဲ့ချပစ်လိုက်ရင်း ပန်းစည်းကိုလည်းစားပွဲပေါ် ပစ်တင်လိုက်ကာ...


""ပစ်လိုက်တော့...""


""ရှင်!""


""အသုံးမဝင်တဲ့လက်ဆောင်ပဲလေ

ရှိနေလို့ဘာထူးမှာလဲ""


""သြော်...ဟုတ်ကဲ့ မမ""


ဘုန်းနေလ...။ဒီလူတော်တော် အားနေတဲ့ပုံပဲ။အလုပ်ကိစ္စကြောင့်သာ မဟုတ်ရင်ထပ်ပြီးပတ်သက်နေမှာ မဟုတ်တာကို...။


""တောက်!""


~~~~ 🍬 ~~~~


""သမီး...ဒီနားကိုခဏလာပါဦး""


တစ်နေကုန်မကြည်လင်လာသော စိတ်နဲ့အတူ အိမ်သို့စောစောပဲ ပြန်လာလိုက်တော့ မေမေကလှမ်းခေါ်လိုက်သည်နှင့် အပေါ်တက်မည့်ခြေလှမ်းကတန့်သွားရပြန်လေ၏။ 


""ထိုင်ဦး...သမီးကိုပြောစရာရှိတယ်""


""ဘာများလဲ မေမေ""


""သမီးကိုကြည့်ရတာ စိတ်မကြည်ဖြစ်နေသလိုပဲ

မျက်နှာလည်းမကောင်းဘူး ဘာဖြစ်လို့လဲ..အလုပ်မှာတစ်ခုခုအဆင်မပြေလို့လား ""


""မဟုတ်ပါဘူး မေမေရဲ့

အလုပ်ကအဆင်ပြေတယ်...သမီးတို့နဲ့အတူအလုပ်လုပ်နေတဲ့ တစ်ဖက်partnerကနည်းနည်းစိတ်ကသိကအောက်ဖြစ်အောင်လုပ်နေလို့""


""......""


""ဘုန်းနေလဆိုတာလေ မေမေမှတ်မိလား

သူ့မိဘတွေကဖေဖေ့မိတ်ဆွေလေ...အိမ်မှာလည်းလူကြီးချင်းစကားပြောဖို့ဆိုပြီး...""


""သြော်...မေမေသိပါတယ်

သူကဘာဖြစ်လို့လဲ""


""ဒီလိုပါပဲ မေမေရယ်...နောက်မှပြောတော့မယ်

မေမေပြောစရာရှိတာအရင်ပြောပါ""


""လူကြီးချင်းကိစ္စကအရေးမကြီးပါဘူး သမီးရယ်။အဲ့တုန်းကကိစ္စကလည်း သိပ်ပြီးဖြစ်ဖြစ်မြောက်မြောက်ရှိခဲ့တာမှမဟုတ်တာ...သမီးသဘောမကျဘူးဆို စိတ်ထဲထားစရာမလိုဘူး...အခုမေမေပြောချင်တာက ခင်တို့ကိစ္စ""


""အန်တီခင်တို့ကဘာဖြစ်လို့လဲ မေမေ""


""အဲ့ဒါမပြောခင် သမီးက သား လင်းညအပေါ်ဘယ်လိုမြင်လဲ အရင်မေးချင်တယ်""


""ရှင်!""


ညအကြောင်း အရိပ်အမြွက်ပါလာသည်မို့ ကြိုးရင်ထဲ တဒိတ်ဒိတ်ခုန်လာရသည်။ ကြိုးအထင်မလွဲဘူးဆိုရင် အန်တီခင်တို့ကိစ္စဆိုတာ...


""မေးသာမေးပေမယ့် ငါ့သမီးရဲ့သဘောကိုမေမေရိပ်မိပါတယ်။ဒါပေမဲ့ အတိအကျလည်းမေးမှဖြစ်မှာမို့...""


""ဘာလို့လဲ မေမေ""


""ပြောရရင်တော့ သမီးနဲ့သားကို နေရာချထားပေးဖို့ မေမေတို့တိုင်ပင်ထားတယ်။ လူကြီးချင်းပဲသိထားပေမယ့် အခုသမီးကိုအသိပေးပြီး ခင်တို့လည်း သားကို မကြာခင်ပြောပြတော့မှာ...။ခင်ကလည်း သမီးကိုမှ ချွေးမလေးအဖြစ် ရချင်တယ်တဲ့!ဒီတော့သမီးမှာ ဘယ်လိုသဘောထားရှိလဲ""


အမေးစကားကို မဖြေနိုင်ခင် ရင်တွေခုန်လာလွန်းလို့ နှုတ်ခမ်းဖျားလေးတွေပင် တဆတ်ဆတ်တုန်လာရသည်။ ရုတ်ချည်းအေးစက်လာသည့် လက်ဖျားလေးတွေကို အချင်းချင်းပွတ်ချေရင်း ခေါင်းလေးကို ငုံ့ချလိုက်မိကာ တုန်ယင်နေသောနှုတ်ခမ်းပါးလေးတွေကို အားယူဖွင့်ဟလိုက်ရင်းမှ...


""ဟို...သမီးအတွက်တော့ လင်းညက ငြင်းပယ်ရမယ့်သူမဟုတ်ပါဘူး မေမေ။လူကြီးတွေသဘောကို သမီးလက်ခံနိုင်ပါတယ်""


ထိုစကားလေးကို တစ်ခွန်းချင်းပြောလိုက်ပြီးနောက် မျက်နှာပူပူနှင့်ပင် ထိုနေရာမှထပြေးလာခဲ့တော့၏။ရင်ထဲမှာလည်း ခုန်နေလိုက်တာမပြောပါနဲ့။ တစ်နေကုန် ညစ်ညူးနေသောစိတ်တွေလည်းဘယ်ဆီလွင့်ပျောက်ကုန်ပြီ မသိတော့ဘဲ အခုအချိန်မှာတော့ ချစ်ကြိုးသာလျှင် ကမ္ဘာမှာအပျော်ဆုံးသူဖြစ်နေသည့် အလား...။


`သမီးကိုမှ ချွေးမလေးအဖြစ်ရချင်တယ်တဲ့´။ မင်းကိုမှ...အားလုံးထဲကမင်းကိုမှ ဆိုတဲ့ရွေးချယ်ခံရမှုကို ကြိုးသိပ်နှစ်သက်သည်။ ဘယ်သူတွေနဲ့ယှဥ်ထားပါစေ ကိုယ်ဖြစ်နေလို့ ၊ကိုယ့်ကိုမှဆိုသည့် သတ်မှတ်ချက်နဲ့ ရွေးချယ်ခံရခြင်းကို ကြိုးကသိပ်သဘောကျ၏။ မင်းမှမဟုတ်ရင် မရနိုင်ဘူးဆိုတဲ့ အမြင့်ဆုံးတန်ဖိုး ကြိုးမှာရှိနေတယ်လေ...။


နောက်ဆုံးတော့ ချစ်ကြိုးသွယ်သာလျှင် လင်းညရိပ်ရဲ့ အနာဂါတ်လက်တွဲဖော်အဖြစ် ရွေးချယ်ခံခဲ့ရသည်ပဲ။ ဒါပေမဲ့ ညက သိသွားရင်ရော...ဒါကိုလက်ခံပါ့မလား...။သူ ငြင်းများငြင်းလိုက်ရင်ရော...။


ပြီးတော့ ရှင်ရှင်...။ညီမလေးသိသွားရင်ရော ဘာပြောလိမ့်မလဲ? ညက သိပ်တယူသန်တယ်..။တကယ်လို့ သူသာ ဒီစီစဥ်မှုကိုငြင်းပြီး သူချစ်တာ ရှင်ရှင်ပါလို့ပြောလာခဲ့ရင် ကြိုးဘာလုပ်ရမလဲ??


တားရမယ်။ လင်းညကို တားမရဘူးဆိုရင်...တားနိုင်တဲ့သူကို တားရမှာပေါ့။ ညီမလေးက ကြိုးရဲ့စကားဆို မဆန့်ကျင်လောက်ဘူးထင်တာပါပဲ။ သူက ဘာနားလည်လို့လဲ? ငယ်ပါသေးတယ်။


ယောက်ယတ်ခတ်နေသော အတွေးများက သင့်တော်သည့်အဖြေတစ်ခုရလာမှပဲ ငြိမ်သက်သွားတော့၏။ ရှုပ်ထွေးလှသည့် ဒီပတ်သက်မှုထဲ ညရဲ့သတို့သမီးဟာ ကိုယ်ဖြစ်ရပါ့မလားမသေချာပေမယ့် မျှော်လင့်ချက်ရေးရေးတော့ ရှင်သန်စေခဲ့ပြီမို့ တစ်စုံတစ်ရာပြောင်းလဲမသွားဖို့သာ ဆုတောင်းချင်ပါရဲ့။


ငါ နင့်ကို သိပ်ချစ်တယ် လင်းညရယ်...။


~~~~ 🍬🍬🍬🍬 ~~~~


အခန်း [ ၁၀ ]ဆက်ရန်


Readers/Writersလေးတွေအားလုံးက VIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: