🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ ♡ ••••••••••••
""ဆိုးရေ...ကလေးလေး""
လူကိုမမြင်ရသေးပေမယ့် အသံကတော့ မလှမ်းမကမ်းမှကြားလိုက်ရတာမို့ လက်ထဲကိုင်လျက်ရှိနေသော ဖုန်းကိုပိတ်ကာ ခေါင်းအုံးအောက် ထိုးထည့်၍ ဘေး၌အဆင်သင့်ရှိနေသည့်စာအုပ်လေးကောက်ကိုင်ပြီး မျက်နှာအပ်ထားလိုက်ရသည်။ဒီတစ်ပါတ်လုံး ကျူရှင်မတက်ဘဲနားနေရချိန်မှာ စာမကျက်ဘဲ ဖုန်းသုံးနေတာသိသွားလို့မဖြစ်ဘူးလေ။
""ဆိုး ခြေထောက်နာနေတယ်လေ
မလာနိုင်ဘူး...ကိုကို ဒီလာခဲ့""
""လာနေပါပြီကွာ...လမ်းလျှောက်ချိန်လေးလည်းပေးဦး""
အသံနဲ့အတူ လူပါရောက်လာပြီဖြစ်သော ကိုကိုက အခန်းဝ၌ပေါ်လာခဲ့လေ၏။ လက်ထဲမှာလည်း မှာထားတဲ့အတိုင်း မုန့်ထုပ်လေးနဲ့မို့ ရှင်ရှင့်မျက်လုံးတွေ ချက်ချင်းပင်အရောင်လက်လာကာ...
""ကိုကို သတိရသားပဲ
ဆိုးက ဖုန်းဆက်ပြီးထပ်မှာတော့မလို့""
""မမေ့ပါဘူးဗျာ...
ခြေထောက်ကရော သက်သာရဲ့လား""
""မသက်သာဘူး..နာနေတုန်းပဲ""
""ဟင် ဟုတ်လား
ဒါဆို ဆရာဝန်နဲ့ထပ်ပြမှဖြစ်ထင်တယ်""
""သားရယ်...သူ့စကားအဟုတ်မှတ်မနေနဲ့
ဘယ်သူမေးမေး မကောင်းသေးဘူးပဲဖြေနေတာ...ခြေထောက်ကဘာမှမဖြစ်တော့ဘူး။သူ့စိတ်ကိုက မသက်သာချင်တာ""
သူ့အမေးစကားကို အခုမှ အခန်းထဲရောက်လာသူ အန်တီက ဖြေသည်။ထိုစကားကြားသည်နှင့် ထုံးစံအတိုင်း ကောက်စိန်တို့က နှုတ်ခမ်းထော်လာကာ လက်ထဲရောက်နေသည့် မုန့်ထုပ်ကိုစိုက်ကြည့်နေသည့် မျက်နှာကအလိုမကျ။
""မေမေတို့ကလည်း သမီးကတကယ်ပြောတဲ့ဟာကို...အထဲမှာအရိုးကြေနေရင်ဘယ်လိုလုပ်မှာလဲ""
""ဟဲ့...အမလေးလေး
အရိုးကြေနေရင် နင်ဒီလိုတောင်မနေနိုင်ဘူး""
""ဟုတ်သားပဲ ကလေးရယ်
အဲ့လောက်တော့လည်းမဆိုးပါဘူး
ထ...လမ်းခဏလျှောက်ကြည့်""
""ဟင့်အင်း!...မလျှောက်ချင်ပါဘူး""
""အဲ့ဒါပဲကြည့်...အပျင်းထူနေတာ
အောက်ထပ်ကိုတောင် ထမင်းဆင်းမစားဘူး
အခန်းထဲကကိုမထွက်တော့တာ...ကျူရှင်ကလည်းပျက်ရက်များပြီ""
ကြားရတဲ့စကားတွေကတော့ တစ်ခုမှကိုအဆင်မပြေပါ။ နွဲ့ဆိုးရဲ့ ဆိုးချက်ကတော့ တော်ရုံတန်ရုံမဟုတ်ဘူးပဲ။ဒီကလေးကို ဘယ်လိုများထိန်းရပါ့။လူကို အပိုင်သိမ်းပြီး စည်းကမ်းတင်းကျပ်ပစ်လိုက်မှဖြင့် ကိုယ်ကပဲလူဆိုးဖြစ်ဦးတော့မယ်...။
""ကလေး...နောက်ဆို ကျူရှင်သွားရင်စက်ဘီးမစီးနဲ့တော့ကွာ...နော်""
""ဟယ်...ဘာလို့တုန်း!""
""အခုလိုထပ်ဖြစ်မှာစိုးရိမ်လို့လေကွာ""
""သားပြောတာ ဟုတ်တယ်...ငါတို့ကရော ဒီလောက်တောင်ဖြစ်ပြီးမှ စက်ဘီးပေးစီးဦးမယ်ထင်နေလား?""
""မေမေကလည်း...""
""ဒါနဲ့ သား...အခုရောမုန့်ဝယ်လာရပြန်ပြီလား
သူကလေ...အကိုနဲ့အစ်မကိုအဲ့လိုပဲအနိုင်ကျင့်နေတော့တာ...အလုပ်ရှုပ်ခံလို့ကွယ်။နောက်ဆိုသူမှာလည်း ဝယ်ပေးမနေနဲ့...ပစ်ထားလိုက်""
""ကိုကိုက သမီးကိုကိုပါနော်
စည်းရုံးနေလည်း မေမေပဲမောမယ်
ကိုကိုက အမြဲ တမ်း သမီးဘက်က
နော်...ကိုကို""
ကြည့်ပါဦး! စကားလေးတစ်ခွန်းမှာ ကိုကိုက၄ခါပါပြီး ပြောသွားတဲ့စကားကလည်း ကိုယ့်ကိုပဲသူကပိုင်သလိုနှင့်...။ဒီက အပိုင်ခံချင်နေသူမှာလည်း ချက်ချင်းပင် ခေါင်းငြိမ့်ပြမိပါ၏။ဒီတော့ သူမက ကျေနပ်သွားသည့်ဟန်လေးဖြင့် သဘောကျစွာရယ်နေလေရဲ့။ သြော်! ခက်တယ်...မင်းကတော့ ကိုယ့်ကိုဝေဒနာတွေပေးနေပြန်ပါပြီ ကလေးရယ်။
""ကိုကို...jelly puddingလေးကကောင်းတယ်
စားကြည့်!!""
""ကိုကိုမကြိုက်ဘူး
ဆိုးလေးအတွက်ဝယ်လာတာလေ...
ဖြေးဖြေးစား""
""စားပြီးရင်လည်း စာကျက်ဦး ရှင်ရှင်
စာမေးပွဲကနီးလာပြီနော်...အခုရက်ပိုင်းစာတွေကလည်း လွတ်နေပြီ""
""မေမေကလည်း သမီးအဲ့စာတွေကို ၃နှစ်ဆက်တိုက်ကျက်လာတာ...အေးဆေးပါ""
""ဒီကောင်မလေးဟာလေ...ပြောလိုက်ရင် အဲ့အတိုင်းပဲ""
""ကျွန်တော်လည်း အန်တီ့ကိုအဲ့ဒီကိစ္စ ပြောမလို့""
ရှင်ရှင်ကတော့ ပြောချင်ရာပြောပြီး စပ်ဖြီးဖြီးလေးလုပ်ပြကာ အစားကိုအာရုံရောက်သွားရပြန်သည်။ကိုကိုဘာပြောမယ်ဆိုတာကိုလည်း ဂရုမပြုမိတော့ဘဲ puddingကိုသာ ဇွန်းလေးဖြင့် များများစားစားခပ်၍ ပါးစပ်ထဲထည့်မိလျှင်ပဲ...
""ကျွန်တော် ဆိုးကိုစာသင်ပေးမယ်""
""ဟမ်!""
""အဟွတ်..ဟွတ်...အု!!""
ကြားရသည့်စကားက ခေါင်းကိုမိုးကြိုးပစ်ခံရသည့်နှယ် ဒိန်းခနဲပါပဲ။ စားလက်စ မုန့်ကတောင် လည်ချောင်းဝ၌ ဆို့နင့်သွားရကာ မျက်လုံးလေးတွေကလည်း ဝိုင်းစက်လျက်ဖြင့် ရှုံ့မဲ့နေသည့်မျက်နှာနှင့်မို့...လူပုံစံဟာဘယ်လောက်တောင်မှကြည့်ရဆိုးလိုက်မလဲ တွေးကြည့်ရန်ပင်မလို။
""ဆိုး...ဘယ်လိုဖြစ်တာလဲ ကလေးရယ်
ရရဲ့လား...ရေနည်းနည်းသောက်!""
စောစောက မုန့်စားနေတာအကောင်း။အခုစာသင်မယ့်အကြောင်းပြောမှ မျက်နှာလေးကအကြီးအကျယ်ပျက်ယွင်းကာ မုန့်တွေတောင်နင်ကုန်လေပြီ။ သူ့မှာတော့ စိုးရိမ်တကြီးဖြင့် ကျောလေးကို ဖွဖွပွတ်ပေးကာ ရေတိုက်ရပြန်ရင်း မျက်နှာကိုလည်း တကြည့်ကြည့်ဖြင့်...
""ရလား ကလေး? အဆင်ပြေရဲ့လား""
""အင်း...ဒါနဲ့ကိုကို ခုနဘာပြောတာ?
ဆိုးကို..စာ..စာ...""
""ဟုတ်တယ်လေ""
""ဟင်...မဟုတ်ဘူးလေ""
""သားရယ်...အားနာစရာကွယ်
သားကဒီကိုလုပ်ကိစ္စနဲ့ပြန်လာတဲ့ဟာ...ပြီးတော့အရင်နှစ်တွေကဆို သူ့အစ်မကစာပြပေးတယ်။အခုတော့သူလည်းအလုပ်ဝင်နေပြီမို့...မအားတော့တာ""
""ဟုတ်တယ်...ဟုတ်တယ်
မသိတာရှိရင်မမကိုမေးလို့ရတာပဲ...ပြီးတော့ဆိုးမှာ တစ်ပါတ်ကို ၄ရက် အိမ်မှာသင်တဲ့Guideလည်းရှိပါတယ် ကိုကိုရဲ့။မပူနဲ့နော်...ဆိုးအဆင်ပြေတယ်""
""ဒါပေမဲ့ ဆိုးက စာကိုအာရုံစိုက်တာ အရမ်းအားနည်းတယ်...""
""ဒါဆိုလည်း အားများအောင်ကြိုးစားပါ့မယ်ကိုကိုရယ်...မသင်ပါနဲ့နော်""
တီကောင်လေး ဆားတို့ခံရသလို ထွန့်ထွန့်လူးကာ မျက်နှာငယ်နဲ့ဖြစ်နေခြင်းကြောင့်ပင် လင်းညကပိုအသည်းယားနေ၏။တကယ်တော့ သူ ဒါကိုစဥ်းစားထားတာ ဟိုရက်ပိုင်းကတည်းကပါ။ပြီးတော့ သူမဘယ်လိုငြင်းငြင်းလက်လျှော့မှာလည်း မဟုတ်သည်မို့...နားရွက်ဖျားလေးအနားသို့တရွေ့ရွေ့တိုးကပ်သွားလိုက်ကာ...
""ဒါဆို ကိုကို့ကိုပေးစရာရှိတဲ့လျော်ကြေးလို့သဘောထားလိုက်""
""ဟင်!""
နှစ်ကိုယ်တည်းကြားရုံလေးသာ ကပ်ပြောလိုက်သည့်စကားကြောင့် ရှင်ရှင်အကြီးအကျယ်စိတ်ရှုပ်သွားရသည်။ကြည့်စမ်း! မကောင်းတဲ့လူကြီး...ပြီးပြီးသားကိစ္စကိုအစဖော်ပြီး လာအကျပ်ကိုင်နေတာပဲ...။
""ကိုကို အကျင့်မပုပ်နဲ့နော်
အဲ့ကိစ္စကကြာနေပြီကို""
""ကြာနေလည်းအကြွေးကအကြွေးပဲ""
""အေး! ကားမှန်ဖိုးမဟုတ်လား
ရတယ်...သွားတောင်းလိုက်တော့ သွား""
လက်ညှိုးကြီးငေါက်ငေါက်ထိုးလျက် အလိုမကျစွာပြောနေတာမို့ ရယ်ချင်ပေမယ့် မျက်နှာကိုတော့အနည်းငယ်တည်ထားလိုက်ရင်းမှ...
""ပိုက်ဆံမလိုပါဘူး
စာသင်ရင်ရပြီ""
""ဟာ!...ကိုကို မရစ်နဲ့ကွာ""
နှစ်ယောက်သား တိုးတိုးတိတ်တိတ်တိုက်ပွဲဖြစ်နေသည်ကို ဘေးကကြည့်ကာ နားမလည်နိုင်သူကတော့ ဒေါ်သက်ထားပါပဲ။ လင်းညက သမီးချစ်ကြိုးသွယ်နဲ့ အရွယ်ချင်းမတိမ်းမယိမ်းဖြစ်ပေမယ့်ပုံမှန်လေးသာခေါ်ပြောပြီး ရှင်ရှင်နဲ့မှတတွဲတွဲဖြစ်နေတာ အနည်းငယ်တော့အံ့သြစရာပါ။ငယ်ငယ်ကတည်းကလည်း အငယ်လေးအပေါ် နည်းနည်းပိုတယ်ဆိုပေမယ့် အရွယ်ရောက်တဲ့အထိ ဒီအတိုင်းဖြစ်နေမယ်တော့မထင်ခဲ့မိတာအမှန်။
အခုတော့ အလုပ်မအားတဲ့ကြားက စာတောင်သင်ပေးမယ်ဆိုပဲ။သူ့ကြည့်ရတာ ရှင်ရှင်နဲ့အတူရှိရဖို့အခွင့်အရေးကိုပဲ အမြဲရှာနေတယ်လို့ ထင်မိသည်က ဘာကြောင့်ပါလဲ။ ဒီကောင်လေးက ရိုးမှရိုးရဲ့လား?
ဒီလိုဆိုရင်တော့ လူကြီးတွေ စီစဥ်ထားတဲ့လမ်းကြောင်းနဲ့ လွဲကုန်တော့မှာပါပဲ။
""ဟင်း!""
ခေါင်းချင်းဆိုင်ကာ တွတ်ထိုးနေသည့်နှစ်ယောက်ကိုကြည့်ရင်း လေးတွဲစွာသာ သက်ပြင်းချမိသည်။လင်းညလို လူမျိုးဟာ ငြင်းစရာမရှိသောသူမို့ ဘယ်သမီးကိုပဲ ပိုပါစေ...ဒေါ်သက်ထားအနေနဲ့က ကန့်ကွက်စရာမရှိပါ။သို့ပေမဲ့ ခင်တို့ဘက်က လိုလားသော ချွေးမလောင်းဟာ ဤကလေးသာသာတော့မဟုတ်တာ အသေအချာ။ထို့အပြင် သမီးကြီးရဲ့ သဘောထားကိုလည်း မိခင်တစ်ယောက်အနေနဲ့ကြိုမြင်ပြီးသားမို့ ရှေ့လျှောက် ရှုပ်ထွေးတဲ့ကိစ္စတွေဖြစ်မလာစေဖို့သာ ဆန္ဒပြုမိပါရဲ့ ။
~~~~ 🍬🍬🍬🍬 ~~~~
""တာ့တာနော်...ငါတို့သွားပြီ""
""အင်း bye bye!""
ဒီနေ့ကတော့ ညနေပိုင်းစာသင်ချိန်မို့ ကျူရှင်ဆင်းချိန်ဟာ ညနေတောင်အတော်စောင်းနေလေပြီ။ရှေ့တစ်ပါတ်လုံးက ဆက်တိုက်ပျက်ခဲ့တော့ အခုမှစာတွေ တနင့်တပိုးနဲ့ မိရှင်ရှင်ဒုက္ခရောက်ရပါပြီ။ စာမေးပွဲက နီးလာနေသည့်အပြင် ဒီတစ်နှစ်မှမအောင်ရင်လည်း တော်တော်ကိုရှက်စရာကောင်းတော့မှာ...။
""အားး! စာတွေကအခုထိခက်နေတုန်းပဲ
ငါတို့ဒီတစ်နှစ်လည်းအောင်ပါ့မလားဟင်""
""ရှင်ရှင်တို့က စစ်မရောက်ခင် မြှားကုန်နေပြန်ပြီ
အောင်မှာပါဟဲ့""
""လောလောဆယ်တော့ စကားမများနဲ့တော့ဟေ့
ငါဗိုက်ဆာတယ်...ဒါနဲ့ရှင်ရှင် နင့်စက်ဘီးမပါဘူးလား""
""မပါဘူး...ဟိုကိစ္စပြီးထဲက သိမ်းခံထိပြီ
အိမ်ကဒရိုင်ဘာဦးလေးပဲလာကြိုလိမ့်မယ်""
သုံးယောက်သားစကားပြောရင်းဖြင့် ကျူရှင်တိုက်လှေကားမှအထွက် တစ်ဖက်ကားလမ်းကိုလှမ်းကြည့်မိတော့ တွေ့ရပြန်ပြီ...ဘေးအိမ်ကလူကြီး။ ကျူရှင်နေရာကိုဘယ်လိုသိရပြန်ပြီး ဘာလာလုပ်ပြန်တာလဲမသိ...။
ကြည့်ဦး! ကားကိုမီထားလျက်နဲ့ စတိုင်ထုတ်ပြီးလာရပ်နေတာ သူ့ကိုယ်သူကိုယ်ဟန်ပြအရုပ်ကြီးများမှတ်နေသလားပဲ။ တစ်ကိုယ်လုံးကလည်း နက်စွေးနေအောင် ဝတ်စားထားကာ မျက်မှန်အနက်ရောင်လေးတောင်တပ်ထားလိုက်သေးရဲ့ ။ကြည့်ရတာ အလုပ်ကပြန်လာပုံပါပဲ။ အလုပ်ကပြန်လာရင်လည်း အိမ်ပြန်မှပေါ့ ဒီကိုဘာလာလုပ်ပါလိမ့်!။ငါ့ကိုလာကြိုတာများလား?
""ဟဲ့...ဟိုနားကအကိုကြီးကဘယ်သူလဲမသိဘူးနော်...ချောလိုက်တာဟယ်""
""ဟုတ်ပါ့...ဘယ်သူ့ကိုလာကြိုတာလဲမသိဘူး""
""မိုက်တယ်""
ရှေ့ကသွားနေသည့် အတန်းဖော်တွေရဲ့ တီးတိုးစကားသံများကို ရှင်ရှင်တို့လည်းအတိုင်းသားကြားနေရ၏။ ထိုအသံတွေကြောင့် ဘေးကနှစ်ယောက်မှာလည်း အသည်းအသန်လိုက်ငေးရင်းမှ ရှင်ရှင့်ပခုံးကို လှမ်းပုတ်လာကာ...
""ဟဲ့...ဟုတ်တယ်ဟ
ဒီကိုလာတာတစ်ခါမှမမြင်ဖူးဘူး...ချောလိုက်တာဘယ်သူပါလိမ့်""
ကမ္ဘာ့အချောဆုံးလူသားကြီးတွေ့ရသလို ပျာပျာပြူးပြူးဖြစ်နေတာမို့ ဘေးကနှစ်ယောက်ကို အမြင်တောင်ကပ်ချင်လာရသည်။တမင်ကိုဘာမှမပြောဘဲ မသိချင်ယောင်ဆောင်နေခါမှ ဟိုလူကြီးက မျက်မှန်ကိုဖျတ်ခနဲချွတ်လိုက်ပြီး ဒီဘက်သို့ လှမ်းကြည့်ပြုံးပြလေလျှင်...
""ဟဲ့...ဒီဘက်ကိုကြည့်နေတယ်""
""ကြည့်မှာပေါ့..အဲ့ဒါ နင်တို့အမေ ငါ့အိမ်ကလာကြိုတာ""
""ဟယ်...ရှင်ရှင်
နင့်အိမ်ကဒရိုင်ဘာဦးလေးက ချောလှချည်လား""
""ဖြစ်ရလေ...ငါ့ကိုကိုကဒရိုင်ဘာနဲ့များတူနေလို့လား? ""
""ဟင်...ကိုကို?
အဲ့ဒါ နင်ပြောတဲ့ ကိုကိုလင်းညလား""
""အစစ်ပဲ...မမြင်ဖူးရင်ကြည့်ထား""
""ဟယ်...မရတော့ဘူး။ငါကြွေပြီ...နင့်ကိုယောင်းမလေးတော်မယ်နော်...ရမလား""
""ဟဲ့...မိပန်းနု...ငါအရင်တွေ့တာနော်""
လူကိုအလယ်ထားပြီး နှစ်ယောက်သား လာငြင်းနေကြပြန်သည်မို့ ရှင်ရှင်က ဆရာမကြီးဆန်ဆန် သက်ပြင်းတစ်ချက်ကိုချလိုက်မိ၏။
""အမလေးဟယ်...ဖြစ်နေလိုက်ကြတာ
ငါ့ကိုကိုက လူနော်...လုချင်တိုင်းလုလို့မရဘူး""
""Accရှိလား...ပေး..ပေး..ဝန်းရံမယ်""
""ငါနဲ့friမဟုတ်ဘူး""
""ဘာလို့လဲဟာ...နင်တို့ကရင်းနှီးတယ်ဆို""
""အေး...ရင်းနှီးလို့လေ
အပြင်မှာလူအကောင်လိုက်ကြီးနေ့တိုင်းတွေ့နေတာ..လိုင်းပေါ်မှာပြောဖို့မှမလိုပဲကို။နင်တို့သိချင် ကိုယ့်ဘာသာသွားမေးသွား""
""အေး...ရတယ်လေ""
တကယ်မသွားရဲလောက်ဘူးထင်လိုက်တာ တကယ့်ကိုအမှားကြီးမှားပါ၏။နှစ်ယောက်သား ပျော်ရွှင်စွာပြေးထွက်သွားလိုက်တာများ ဝှီခနဲတောင်အသံထွက်လောက်သည်။ သြော်! ငါ့သူငယ်ချင်းလေးတွေ ဖြူစင်လိုက်တာ။ အရမ်းကို ဟန်ဆောင်မှုတွေ ကင်းမဲ့ကြတာပဲ...ကျွတ် ကျွတ်!
""ရှင်ရှင်""
ဟိုအဖြူတုံးလေးနှစ်ယောက်ကို လှမ်းကြည့်နေစဥ်မှာပင် အနားကပ်ကာခေါ်လိုက်သံကြောင့် လန့်ဖျပ်ကာလှည့်ကြည့်မိတော့ တစ်စုံတစ်ရာပြောချင်ဟန်ဖြင့် ငေးကြည့်နေပြန်သည့် မင်းမိန့်ပိုင်ရှင်...။
""နင်ကလည်း ကပ်ပြီးခေါ်ရလား
လန့်သေတော့မှာပဲ""
""နင့်ဒဏ်ရာကသက်သာရဲ့လား
အဲ့ဒါကြောင့် ငါပြောပါတယ်...စက်ဘီးစီးတာအန္တရာယ်များတယ်လို့""
""အားလုံး ဒါပဲပြောတတ်ကြတော့တာလား
ပညာရှိ သတိဖြစ်ခဲတဲ့! မကြားဖူးကြဘူးလား?""
""အခုရော နင်ဘယ်လိုပြန်မှာလဲ
ငါလိုက်ပို့မယ်လေ""
""မလိုဘူး ရတယ်...ကျေးဇူးပဲ""
""ရှင်ရှင်!""
ထုံးစံအတိုင်း အငြင်းစကားပြော၍ သူ့ရှေ့မှလှည့်အထွက်...ခပ်တိုးတိုး ခေါ်သံနဲ့အတူ လက်ကိုပါဖျတ်ခနဲလှမ်းဆွဲလိုက်လေ၏။
""မင်းမိန့်...နင်ဘာလုပ်တာလဲ?""
""ဆွဲထားတာလေ...နင်ငါ့ကိုဘယ်တော့အဖြေပေးမှာလဲ?ငါစောင့်ရတဲ့နှစ်တွေမနည်းတော့ဘူးနော်""
""စောင့်လက်စနဲ့ထပ်စောင့်ပါဦးလား
မစောင့်နိုင်လည်းရတယ် ဘယ်သူမှဆွဲမထားဘူး...you go!""
""စောင့်တာကရပါတယ်
ဘယ်နေ့အထိစောင့်ရမလဲသာ အတိအကျပြော""
""အင်း...ဖြစ်နိုင်တာကတော့ နင် ငါတို့teamမှာအတော်ဆုံး gamerဖြစ်လာမယ့်နေ့။ပြီးတော့ သီချင်းဆိုတိုင်း မူးလဲချင်စရာကောင်းတဲ့ နင့်ရဲ့ငှက်ဆိုးထိုးသံကြီး သာယာနာပျော်ဖွယ်ရှိလာတဲ့နေ့""
""ဟင်...""
""မဟင်နဲ့...ငါထင်ပါတယ်
နင်ကလေ ဂိမ်းဆော့တဲ့နေရာမှာသာတော်ရင်တော်လာမယ်...ငှက်ဆိုးထိုးသံကြီးကတော့ ပြောင်းလဲမှာမဟုတ်ဘူး။ အသံအိုးကိုထုတ်ပြီးအသစ်လဲမှပဲရမယ်...အဟီး!""
""မိရှင်ရှင်...နင်...နင်နော်
ငါ့ကိုဆို နှိပ်ကွပ်လွန်းတယ်...ကဲ!""
""အ!""
မင်းမိန့်က စနောက်ရုံသက်သက် လက်သီးဆုပ်လေးဖြင့် နဖူးကို ဖွဖွထုလျှင် မိရှင်ရှင်မက ပြောင်စပ်စပ်လုပ်ကာ လျှာထုတ်ပြနေသေး၏။တကယ်တော့ ဒီလိုအပြောမျိုးတွေဟာ သူ့အတွက်မဆန်းတော့ပါ။ကြားနေကျ ဒီစကားတွေအတွက် ဘယ်သောအခါမှလည်းစိတ်မဆိုးရက်နိုင်အောင် ချစ်ရသော မိန်းကလေးပါပဲလေ...။
~~~~ 🍬 ~~~~
တစ်ဖက်၌မြင်နေရသော မြင်ကွင်းများက သူ့အာရုံသို့ ကန့်လန့်တွေ၊တစောင်းတွေဝင်ရောက်နေရပါ၏။ ဆိုးရဲ့ဘေးမှာ ကောင်လေးတစ်ယောက်ရပ်နေပြီး ထိုကောင်လေးကိုလည်း ဆိုးက စကားပြန်ပြောနေပုံမှာ တရင်းတနှီးပါပဲ။ ပြီးတော့ ရယ်မောပြီးတောင် စနောက်နေလိုက်သေး။
ဒီမှာလူတစ်ယောက်လုံးရောက်နေတာတွေ့ပါလျက် မြန်မြန်လည်းမလာသလို လှမ်းကြည့်ပြုံးပြဖော်တောင်မရ။စကားများလွန်းသည့် သူ့သူငယ်ချင်းကြက်တူရွေးတွေကိုတော့ ဒီကိုတွန်းလွှတ်လိုက်သေးတာ တကယ်မလွန်ဘူးလား။
""တောက်!""
""ကိုကို ဘာဖြစ်တာလဲဟင်
ပန်းနုတို့ကြောင့် အနှောင့်အယှက်ဖြစ်လို့လား""
""Accပြောပြရမှာအဆင်မပြေလို့လား ကိုကို""
""သြော်..မဟုတ်ပါဘူး
ရပါတယ်...ဒါပေမဲ့ တစ်ခုတော့စိတ်မရှိပါနဲ့..ကလေးရဲ့သူငယ်ချင်းတွေက ကိုယ့်ကို တခြားနာမ်စားသုံးပေးနိုင်မလား""
""ရှင်...သြော်..sorryနော်
စန္ဒီတို့ကဒီအတိုင်း ရှင်ရှင်ခေါ်သလိုပဲခေါ်လိုက်မိတာပါ..ကိုလင်းညရိပ်""
""ကျေးဇူးပါ...accကဒီမှာ""
ကိုယ့်ကလေးရဲ့ သူငယ်ချင်းတွေဆိုတော့လည်း စိတ်ရှည်သည်းခံကာ accကိုပြပေးလိုက်ရပေမယ့် မျက်လုံးတွေကတော့ ဒီကလူကို အဖက်မလုပ်ဘဲ ရယ်ရယ်မောမောစကားပြောနေဆဲဖြစ်သည့် သူမထံသို့သာ စိုက်ကြည့်နေပြီးနောက်...စိတ်တွေထိန်းထားမရတော့သည့်အဆုံး ခြေလှမ်းကျဲတို့ကပါ ထိုနေရာသို့ဦးတည်သွားမိတော့၏။
~~~~~~~~~
""ပြောသားပဲ...နင်က ညကျရင်စာကျက်နော်
ငါလည်း တစ်ပွဲပဲဆော့မှာ။ဒေါသမထွက်ချင်ဘူး..လာမရှုပ်နဲ့""
""ဆိုး!!""
""အမလေး!""
လူချင်းကနီးနေတာတောင် ကိုကို့ခေါ်သံကလိုအပ်တာထက်ပိုကျယ်နေသယောင်။မျက်နှာကလည်း သိပ်မကြည်လင်တာမို့ ရှင်ရှင် မျက်မှောင်လေးကျုံ့လျက်ပြန်ကြည့်နေစဥ် အနားသို့ရောက်လာသည့်ကိုကိုက လက်ကိုပါဖျတ်ခနဲလှမ်းဆွဲ၍ ဘေးက မင်းမိန့်ကိုလည်း ခပ်တည်တည်ဖြင့်စိုက်ကြည့်သည့်မျက်ဝန်းကြောင့် ဟိုတစ်ယောက်ပြာတောင်ဖြစ်လုမတတ်ပင်။
""ကိုကို ဘာဖြစ်လို့လဲ""
""လူတောင်ကုန်နေပြီ...ဘယ်အချိန်မှအိမ်ပြန်မလို့လဲ...လာခဲ့!""
""ဟင်!""
သူ့သဘောနဲ့သူပြောကာ လက်ကောက်ဝတ်လေးမှ ဆွဲ၍ခေါ်ရာ သူ့ခြေလှမ်းနောက် အသံတိတ်လျက်သာလိုက်ပါလာမိရသည်။ ဘာလဲ...သူငယ်ချင်းတွေကိုaccမေးခိုင်းလိုက်လို့ စိတ်ဆိုးသွားတာများလား?
ကားပေါ်ရောက်တော့လည်း မျက်နှာရှစ်ခေါက်ချိုးကြီးဖြင့် ကားမောင်းနေကာ ဘာစကားမှလည်းမပြောတော့ ရှင်ရှင့်မှာ ကြာလေ နားမလည်နိုင်ဖြစ်လာရပါပြီ။ နေပါဦး...ဘယ်နေရာကဘယ်လို စမှားတာပါလိမ့်!
""ကိုကို""
""......""
""ကိုကိုရေလို့...""
ဘေးမှာထိုင်တာ့လည်း အငြိမ်မနေ။ လက်မောင်းက အင်္ကျီစကိုတလှုပ်လှုပ်နဲ့ လာဆွဲကာ မျက်နှာကိုလည်းအတင်းလိုက်ကြည့်ရင်း ခေါ်နေသံလေး တိုးလျလျက ထွက်နေသည့်ဒေါသတောင် အရည်ပျော်ကျချင်စရာ။သို့သော်လည်း တကယ်တော့ ဒေါသထွက်နေတာမို့ လှည့်မကြည့်ဖြစ်ဘဲ ကားကိုသာဆက်မောင်းလာခဲ့၏။
""ဆိုး သူငယ်ချင်းတွေက ကိုကို့ကိုစိတ်ညစ်အောင်လုပ်လိုက်လို့လား...ဟိုဟာလေ...ဆိုးက သူတို့တကယ်သွားမတောင်းလောက်ဘူးထင်လို့ပါ...သူတို့က သတ္တိကောင်းတာပဲ..အဟင်း!""
""မင်းဘာတွေပြောနေတာလဲ
Accတောင်းတဲ့ကိစ္စက ကိုယ့်စိတ်ထဲအဲ့လောက်ရောက်မယ်ထင်နေလား""
""ဟမ်! အဲ့ဒါမဟုတ်ဘူးလား
ဒါဆို ဘာတုန်း ကိုကိုရဲ့။ ကျန်တဲ့ကိစ္စတော့မသိဘူးနော်...ဆိုးနဲ့မဆိုင်ဘူး""
""ဆိုင်တယ်...ခုနမင်းနဲ့စကားပြောနေတာဘယ်သူလဲ""
""သြော်...အဲ့ဒါသူငယ်ချင်းလေ
ဘာဖြစ်လို့လဲ""
""ဘယ်လောက်ထိရင်းနှီးတဲ့သူငယ်ချင်းလဲ""
""၈တန်းတုန်းကရင်းနှီးတာ
ပြီးတော့သူက ဆိုးကို အဲ့ကတည်းကသဘောကျနေတာ အခုထိပဲ။စောစောကလည်းအဖြေတောင်းနေသေးတယ်လေ""
""ဘာ!...ဒါတောင်သူနဲ့စကားပြန်ပြောနေလိုက်သေးတယ်..မင်း...""
""ကိုကိုကလည်း သူငယ်ချင်းတွေပါဆို စကားပြောတာ ဘာဖြစ်လဲ...ပြီးတော့သူ့ကိုအဖြေမပေးရသေးပါဘူး...အဟဲ! မသိနိုင်ဘူးလေ...ဒီကောင်ဇွဲကောင်းရင်တော့ ဇွဲဆုလေးပေးဖြစ်တဲ့အခါ ကိုကို့ယောက်ဖဖြစ်ချင်ဖြစ်လာမှာ""
""ကျွီးး!!""
အသံစာစာလေးဖြင့် ပြန်ပြောလာသည့်စကားကြောင့် သူ့မှာယောင်ယမ်းပြီး ဘရိတ်တောင်နင်းမိသွားရ၏။စိတ်ထဲ သူမကို စိုးရိမ်သွားကာ ဘေးသို့ငဲ့ကြည့်တော့ လူဆိုးမလေးက ခါးပတ်ပတ်ထားတာမို့အေးအေးဆေးဆေးပါပဲ။
ဘာဖြစ်တာလဲဆိုသည့် ပုံစံဖြင့် သူ့အား ပြူးကြည့်လာပုံကိုက တကယ်ဆွဲနမ်းပစ်ချင်စရာလေး။ လူက ဒီလိုချစ်စရာကောင်းသလောက် ပြောတဲ့ စကားက အချိုးမပြေ။ အချိုးမပြေတဲ့အပြင် လူကိုပါ ကိုင်ပေါက်ပစ်ချင်စရာ။ ဒါ ဘယ်လိုစကားမျိုးမို့ ဒီလောက်လွယ်လင့်တကူ ပြောထွက်နိုင်ရတာလဲ?တကယ်ပဲ ထိုကောင်လေးအပေါ် သူမဘယ်လိုတွေစဥ်းစားနေတာလဲ။ ဆိုးရယ်...မင်းကိုတော့ ကိုယ်တကယ်စိတ်မချလွန်းလို့ ဘယ်လိုလုပ်ရတော့မလဲကွာ...။
""ကိုကို ဒီနေ့ဘာဖြစ်နေတာလဲ
မပြောမဆိုဘဲနဲ့လည်း ကျူရှင်ကိုလာကြိုတယ်
အခုကျ စိတ်ဆိုးနေတဲ့ပုံစံကြီးနဲ့...""
""စကားဆိုတာ ပြောတိုင်းရပေမယ့် လွယ်လွယ်မပြောရဘူး ဆိုး...။မင်းစကားက ဘယ်အဓိပ္ပာယ်တွေသက်ရောက်နေလဲရော သိရဲ့လား""
""အဟက်! သိတယ်လေ...မင်းမိန့်က ကိုကို့ယောက်ဖဆိုရင် သူနဲ့ ဆိုးက လက်ထပ်...""
""ဆိုး...တော်တော့ကွာ!""
သူ့အသံက အနည်းငယ်ကျယ်သွားခဲ့တော့ မျက်နှာငယ်လေးဖြင့် ပြန်ကြည့်လာသည်။ သူမလေး ရယ်ကာမောကာ ပြောနေသည့်စကားက လွယ်လင့်တကူဆိုပေမယ့် သူ့အတွက်တော့ ရင်ထဲပူလောင်လို့နေရတာ ကိုယ်တိုင်ပဲ သိရဲ့မဟုတ်လား။ စကားအရာလေးပါ...လက်တွေ့မှာဖြစ်မလာသေးတဲ့ စကားလေးတစ်ခွန်းကတောင် သူ့အပေါ်ဒီလောက်အထိနက်ရှိုင်းတဲ့ခံစားချက်တွေပေးနိုင်သည်တဲ့လား။ အတွေးထဲမှာတောင် ဆိုးကို တခြားသူရဲ့အပိုင်အဖြစ်သတ်မှတ်ဖို့ရန် သူ မလိုလား၊ ခွင့်မပြုနိုင်ပေ။
ဟုတ်တယ်...ကိုယ်မင်းကို ဘယ်သူ့ဆီမှမပေးနိုင်ဘူး ကလေးရယ်...။ မင်းကို ကိုယ်ပဲ အပိုင်ရချင်တယ်...။အကြောင်းပြချက်ကိုမေးရင်တော့ သိပ်ချစ်မိတဲ့အတွက်လို့ ဖြေမယ်...။
ကိုကို...မင်းကို သိပ်ချစ်တယ်။
~~~~ 🍬🍬🍬🍬 ~~~~
အခန်း - [ ၉ ]ဆက်ရန်
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)