🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ ♡ ••••••••••••
ညနက်သည့်တိုင် အိပ်မပျော်နိုင်သေး၍ ဝရန်တာဘက်ဆီ ထွက်လာကာ ဟိုဟိုသည်သည်ငေးကြည့်ရင်း အတွေးများက ခပ်လွင့်လွင့်။ ဟိုဟိုသည်သည်ဆိုတာလည်း တခြားတော့မဟုတ်ပါလေ။အတွေးထဲ အမြဲရောက်နေတဲ့ တစ်ယောက်သောသူလေးအကြောင်းပေါ့။ ပြန်တွေ့ရတာမကြာသေးသည့်အချိန်လေးအတွင်း ဘယ်အချိန်ကဘယ်လိုဒီလောက်အထိ ရောဂါသည်းသွားမှန်းသူကိုယ်တိုင်တောင်စဥ်းစားမရပေ။ဖြစ်နိုင်တာကတော့ စတွေ့မိတဲ့ နေ့ကတည်းကပါပဲ။ပထမဆုံး ဆုံမိသည့်မျက်ဝန်းအကြည့်လေးက သူ့ရင်ခုန်သံတို့ကို အသက်ဝင်စေခဲ့သည်မဟုတ်လား?
""အဟွန်း!""
တစ်ယောက်ထဲ တွေးရင်းပြုံးရင်းမှ တစ်ဖက်ခြံက သူ့ရဲ့အကြင်နာရပ်ဝန်းလေးဆီ လှမ်းကြည့်မိပြန်သည်။ အခန်းကိုတော့လှမ်းမမြင်ရသည့်တိုင် သူညတိုင်း ဒီလိုပဲလှမ်းကြည့်နေကျပါ။
လင်းညရိပ်ရဲ့ဖြတ်သန်းမှုတစ်သက်တာမှာ မိန်းကလေးတွေ မကြုံဆုံခဲ့ဖူးတာလည်းမဟုတ်။ပြောရရင် သူမထက်သာတာတွေမှအများကြီးရှိခဲ့တာ။ ဒါတွေကို သူဘာမှစိတ်မဝင်စားဘဲ ကင်းကင်းနေနိုင်ခဲ့သလောက် ငယ်ငယ်ကတည်းက တရင်းတနှီးရှိလှသူ ထိုကလေးလေးကိုတော့ ဒီလိုဥပေက္ခာမပြုနိုင်သည့်အပြင် ချစ်တောင်ချစ်နေလိုက်သေးတာ တကယ်ကိုလွန်ပါပြီ။
နွဲ့ဆိုးလေး...။သူ့ရဲ့ချစ်လှစွာသော မင်းသမီးလေး။သူမလေးအသက် ၃နှစ်အရွယ်ကတည်းက ထွေးပွေ့ချော့မြူရင်း အတူရှိခဲ့ဖူးကြပြီး ထိုအချိန်ကလည်း အဖြူရောင်ချစ်ခြင်းများနဲ့ နင့်နင့်သည်းသည်းချစ်ခဲ့ဖူးပါ၏။အသက် ၆နှစ်ကျော်အရွယ်လေးမှာ ခွဲခွာခဲ့ရပြီးနောက် အခုနှစ်တွေများစွာကြာပြီးမှပြန်တွေ့ကြတော့ သူ့ခံစားချက်တွေ ဘာကြောင့်ပြောင်းလဲသွားရသလဲ။ တကယ်ဆို မောင်နှမလိုအဖြူရောင်သံယောဇဥ်လေးပဲ ရှိသင့်ပါလျက် အကြင်နာတွေအရောင်ပြောင်းခဲ့တာ မှားယွင်းနေပြီလား?
ဆိုးကတော့ အရင်အတိုင်းမပြောင်းမလဲဘဲ ကိုယ့်အပေါ် အကိုတစ်ယောက်လိုရင်းနှီးပြောဆိုနေဆဲပါ။ သူ့မှာဒီလိုခံစားချက်မျိုးရှိမှန်းသိသွားရင်...စိမ်းစိမ်းကားကား ဖြစ်သွားလေမလားလည်း စိုးထိတ်ရပြန်သည်။
""ဟူးး!""
အတွေးနဲ့တင် ရင်ပူလာတာကြောင့် သက်ပြင်းချမိကာ ဖုန်းscreenပေါ်သို့ လက်ချောင်းလေးဖြင့်တဆတ်ဆတ်ခေါက်ရင်း လူကတော့ ငြိမ်သက်နေမိသည်။ဒီအချိန်ဆို ကလေးအိပ်များအိပ်နေပြီလား? ဂိမ်းသမားလေးဆိုတော့ ဂိမ်းဆော့နေဦးမှာလား? တကယ်ပဲ...ဒီကလေးက စာရောကျက်ရဲ့လားကွာ...။
ဘယ်လိုပဲဖြစ်ဖြစ် အသံလေးခဏကြားချင်မိသည့် သတိရစိတ်ကြောင့် ဖုန်းထဲက သူမနံပါတ်လေးကို ရွေးကာ ခေါ်လိုက်မိပြန်တော့....
~~~~ 🍬 ~~~~
""ဟဲ့! နင် ငါ့ရှေ့ကနေ ကာမနေနဲ့လေ
ငါက ဘယ်လိုတိုက်ရတော့မှာလဲ""
""......""
""ဖယ်စမ်းလို့ပြောနေတယ်!!""
အရုပ်တွေပြည့်နှက်နေသော မွေ့ယာကျယ်ကြီးထက် ကန့်လန့်ဖြတ်အနေအထားဖြင့် ဝမ်းလျားမှောက်ရင်း ထုံးစံအတိုင်း အော်ဟစ်နေရပြန်သည်က ဂိမ်းတိုက်ပွဲကြောင့်ပင်။ Teamဖွဲ့ပြီး ကစားကြတိုင်း မင်းမိန့်ပိုင်ရှင် ပါလာရင် ဒေါသကငယ်ထိပ်တက်ရပြီ။ ဘာမှလည်းကြိုးကြိုးစားစားမတိုက်ပါဘဲ ဒီအတိုင်းပတ်ပြေးလိုပြေး၊မဟုတ်ရင် ရှင်ရှင့်ရှေ့က ကာဆီးကာဆီးလုပ်နေတာမို့ သူ့ရှောင်နေရတာနဲ့တင် နိုင်ရမည့်ပွဲက တော်ရုံမနိုင်တော့ စိတ်တွေပါတိုလာရသည်။
ထိုစဥှ...
""Ring Ring!""
""အားး! ဒီအချိန်ကြီး ဘယ်သူ့သားသမီးကဖုန်းလာခေါ်နေတာလဲဟာ...သေပါပြီ""
ဂိမ်းဆော့နေစဥ် ဖုန်းဝင်လာခြင်းဟာ တကယ့်ကိုမှရန်သူမို့ ရှင်ရှင် မျက်နှာကြီးမှုန်မှိုင်းလျက် ဆူဆူအောင့်အောင့်ဖြင့် ဖုန်းကိုတော့ဖွင့်ကိုင်လိုက်ပါ၏။ကြည့်ဦး! ည ၁၂နာရီပဲ ကျော်နေပြီ။ဘာတွေဒီလောက်အရေးကြီးနေလဲ မသိဘူး...
""Hello! ညနက်နေပြီ ကိုကိုမအိပ်သေးဘူးလား
ဘာပြောမှာလဲ မြန်မြန်ပြော""
တစ်ဖက်က ကြားလိုက်ရသည့်အသံလေးက အိပ်ချင်မူးတူးအသံမဟုတ်သလို ဒေါသသံခပ်ဆတ်ဆတ်လေးတောင် ဖြစ်နေသေးတာမို့ ဂိမ်းဆော့နေတာကို နှောင့်ယှက်မိပြီမှန်းတော့ သူ သိလိုက်ပါသည်။
""မအိပ်သေးဘူးကိုး
တကယ့်မနိုင်စိန် ဇီးကွက်မလေး""
""အိပ်မအိပ်သိချင်လို့ဆက်တာလား
ဆိုးက ညတိုင်း ၂နာရီဝန်းကျင်လောက်မှအိပ်တာ
ရပြီမလား...ဒါပဲ""
""ဟေး! ခဏလေးနေပါဦး
အဲ့လောက်ညနက်အထိဘာလို့နေတာလဲ ကလေးရယ်...ကျန်းမာရေးထိခိုက်တာပေါ့""
""ဟုတ်တယ်...မျက်စိကလည်းကန်းမှာ
မေမေနေ့တိုင်းပြောနေကျစကား...ကိုကိုမပြောလည်းသိပြီးသား""
""စာကဘယ်အချိန်ကျက်တာလဲ
ကိုကိုကတော့ ဆိုး စာကျက်တာတစ်ခါမှမမြင်ဘူး""
""ဘယ်မြင်မလဲ...ကိုကိုက ဆိုးကိုတစ်ချိန်လုံးကြည့်နေနိုင်တာမှမဟုတ်ဘဲ...ဒီအချိန်ကြီးဖုန်းဆက်ပြီးဘာတွေပြောနေတာလဲ ကိုကိုရာ...ကိုကိုအိပ်မပျော်သေးလည်း ကိုယ့်ဘာသာနေပါလား...အခုသူများဆော့နေတာ ဖုန်းကြီးဝင်လာတော့အကုန်ရှုံးပြီ။နဂိုကတည်းက ရှုံးနေရတဲ့ကြားထဲ""
"".....""
""ဒါပဲနော်..ဖုန်းချပြီ
နောက်ဆိုဖုန်းသိပ်မခေါ်နဲ့
ပြောစရာရှိရင်လည်းမိုးလင်းမှ အိမ်လာပြော""
""တီ!""
ဒီဘက်ကဘာမှတောင်ပြန်ပြောချိန်မရလိုက်။ သူတစ်ယောက်တည်းအများကြီးပြောပြီး တစ်ယောက်တည်းပေါက်ကွဲကာ ဖုန်းချသွားလေ၏။ ဖုန်းလေးတစ်ခါခေါ်မိတာကို ဆူဆူပူပူပြောသွားလိုက်တာများ စွာတေးကိုလန်လို့...။တကယ့် ဘဲပေါက်စလေးလို ဟိုဘက်မှာဘယ်လောက်များနှုတ်ခမ်းတထော်ထော်ဖြစ်နေလိုက်မလဲ?
""အဟက်!""
သူကတော့ ဆိုးလေး ဘာပြောပြောဘာလုပ်လုပ် ချစ်စနိုးဖြစ်ကာ သဘောတွေကို ကျလို့။လူကြီးဖြစ်ပြီး အဆူခံလိုက်ရတာတောင် သူ့မှာခပ်ပြုံးပြုံးရယ်...။
ဒါနဲ့ နေပါဦး။ဒီကလေးက စာကိုအာရုံစိုက်တာ အားနည်းလှချည်လား...။မဖြစ်သေးပါဘူး...တစ်ခုခုတော့စီစဥ်မှ။
~~~~ 🍬🍬🍬🍬 ~~~~
""မေမေရေ...""
""အမလေး!...မျောက်မူးလဲ
မနက်စောစောတွေဘာတွေထလို့...ငါအမြင်တွေမှားကုန်ပြီလား??""
""မေမေကလည်းလေ..ကိုယ့်သမီးလေးစောစောအိပ်ရာထရင်လည်း ချီးကျူးမှပေါ့""
""အေးပါ...ချီးကျူးပါတယ်
ဟုတ်ပြီလား""
မနက်၇နာရီကျော်အိပ်ယာထလာခြင်းဟာ ရှင့်ရှင့်အတွက်တော့ သိပ်စောလွန်းသည်လေ။ခါတိုင်းဆို ကျူရှင်၉နာရီတက်ရင် လူက၈နာရီခွဲမှအိပ်ရာထတာမဟုတ်လား။အမှန်တော့ ဒီနေ့bioစာမေးပွဲရှိတာကြောင့် တစ်ညလုံးစာကျက်ရင်းအိပ်ကိုမအိပ်ရသေးတာပါ။ ရှင်ရှင်တို့ကအဲ့သလို...စာကိုမလုပ်ရင်လည်းသိပ်မလုပ်၊ လုပ်ရင်လည်းသဲကြီးမဲကြီးတွေဖြစ်ကုန်ရော။
""မေမေ...သမီးသွားတော့မယ်""
""ဟယ်..မမအစောကြီးအလုပ်သွားတော့မလို့လား?""
""အင်း...မမတို့ constructionနဲ့စာချုပ်အသစ်ချုပ်ထားတဲ့ hotel siteကိုသွားကြည့်ရမှာ။ပြီးတော့ နေ့လည်ကျရင်အဲ့ကသူဌေးနဲ့ အလုပ်ကိစ္စစကားပြောဖို့လည်းရှိတယ်""
""တို့မမကတော့ အရမ်းကိုကြိုးစားတာပဲ
Fightingမမ...တာ့တာ""
"".......""
""ဟင်း!!""
မမထွက်သွားတော့မှ ရှင်ရှင် ခုံလေး၌ဝင်ထိုင်ရင်း သက်ပြင်းကြီးတရှည်တလျားချတော့ မေမေကရယ်သွားကာ...
""မနက်စောစော သက်ပြင်းကြီးချတာ မေမေတောင်လွင့်ထွက်တော့မယ် သမီးရယ်...ဘာဖြစ်ရပြန်တာလဲ""
""မမကိုအားကျလို့ပေါ့
မမကလေ...အရမ်းလည်းလှတယ်၊အရမ်းလည်းတော်တယ်...သူဝါသနာပါတဲ့အလုပ်လည်းလုပ်ရင်းဆိုတော့ ဘဝကအရမ်းကိုsmartဖြစ်တာပဲ""
""သမီးငယ်လေးလည်း မမလိုကြိုးစားပေါ့
ပြီးရင်ဝါသနာပါတဲ့အလုပ်ကိုဆက်လုပ်...ဒါနဲ့ သား လင်းညလည်း ဒီကcompanyမှာအလုပ်စဆင်းတော့မယ်တဲ့...သမီးသိပြီးပြီလား""
""သိသားပဲ...ငယ်ငယ်ကကျ ကိုကိုကစာကျက်၊မမကလည်းစာကျက်တော့ သမီးတစ်ယောက်ထဲဆော့ရတယ်။အခုကျ ကိုကိုကလည်းအလုပ်ဝင်၊မမကလည်း အလုပ်ဝင်...သမီးကျတော့စာတွေကျက်ရတုန်း...အဟင့်! မပျော်တော့ပါဘူး""
""ဒါကတော့ သမီးအသက်ကငယ်တာကိုး""
""ဟွန့်!""
အစ်ကိုနဲ့အစ်မကို မနာလိုအားကျကြီးဖြင့် ဟွန့်ခနဲတစ်ချက်မဲ့၍ သောက်လက်စကော်ဖီကိုသာ ကောက်မော့လိုက်တော့သည်။ အလုပ်လက်မဲ့ဖြစ်နေတဲ့ အခုချိန်မှာတော့ ကိုယ်လုပ်ရမယ့်တာဝန်ကို ဆက်လုပ်ရဦးမည်လေ...။
~~~~ 🍬🍬🍬🍬 ~~~~
`` Moonlight ´´
``Hotel & Tourism Company Group´´
မြင့်မားလှသော Companyအဆောက်အအုံရှေ့၌ ဝန်ထမ်းများက အဆင်သင့်အနေအထားဖြင့် စီတန်းကာ ရပ်နေကြ၏။ယနေ့တွင် Singaporeရုံးခွဲရဲ့ Chief Executive Officer (CEO)အသစ် ပထမဆုံး အလုပ်ဝင်မည်ကိုကြိုဆိုကြခြင်းပင်။ အရင်ကတည်းက အလုပ်နှင့်ပတ်သက်လျှင်တိကျပြတ်သားသူဟုလူသိများတာမို့ ဝန်ထမ်းတွေမှာ လူမမြင်ရခင်ကတည်းက သတိအနေအထားဖြစ်နေရလေ၏။
""ငါတို့ CEOကအရမ်းချောတယ်နော်""
""လူဖြင့်မလာသေးဘူး
ငမ်းဖို့ကျန်နေပြီ""
""အပြင်မှာသာမမြင်ဖူးတာလေဟာ
ရုံးချုပ်ကအစည်းအဝေးလုပ်တိုင်း screenမှာမြင်နေကျပဲကို...အခုလူကိုယ်တိုင်ရောက်လာတော့မှာဆိုတော့ ငါရင်တွေခုန်လိုက်တာ""
""ရှူးး..ဟိုမှာ GMကြည့်နေပြီ""
ဘေးကကောင်မလေးက လက်တို့ပြောလိုက်မှ တစ်ယောက်ကလည်းငြိမ်ကျသွားလေ၏။သူတို့နှစ်ယောက်မှလွဲ...တခြားဝန်ထမ်းတွေကတော့ ငြိမ်သက်လျက်ပါပင်။ ခဏအကြာမှာတော့ အနက်ရောင် ကားနှစ်စီးကပြိုင်တူဝင်လာကာ ဒုတိယကားပေါ်မှ ဆင်းသက်လာသူကိုမြင်လိုက်ချိန်တွင်တော့ အားလုံးငြိမ်သက်ကာ ငေးမောမိကြလေ၏။
ထုံးစံအတိုင်း သူကတော့ ဘယ်သူ့ကိုမှသိပ်မကြည့်။အားလုံးကို အသိအမှတ်ပြုရုံခေါင်းငြိမ့်နှုတ်ဆက်ကာ အထဲသို့ဆက်ဝင်လာခဲ့၏။ အနောက်တိုင်းsuitကို တစ်ကိုယ်လုံးAll blackဝတ်ဆင်ကာ styleကျကျလျှောက်လှမ်းသွားသော ခြေလှမ်းများရဲ့နောက် မိန်းကလေးတို့ ခပ်ငေးငေးလေးကျန်ခဲ့ကာ မျက်နှာလေးတွေမှာလည်းအပြုံးကိုယ်စီနှင့်...။ထို့နောက် အချင်းချင်း တိုးတိုးတိတ်တိတ်ဖြင့် ကပ်ကာပြောနေကြသည့် တစ်ခွန်းတည်းသော ဝေဖန်ချက်က...
""လုံးဝ မင်းသားလေးပဲ""တဲ့!
ဝန်ထမ်းမိန်းကလေးတွေရဲ့ ပါးစပ်ဖျားမှာလည်း သူတို့ရဲ့ အိပ်မက်မင်းသားအဖြစ်ကျော်ကြားလှသူ လင်းညရိပ်ပါပဲ။ ပုံမှန်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်သာဆိုပေမယ့် သူသုံးတဲ့ social networkတွေဖြစ်သည့် fb/IGတွေမှာဆို followerပေါင်း သိန်းချီနှင့်...။ဘာမှလည်းသိပ်မတင်ပါဘဲ အကောင့်ထဲဘာလာလုပ်ကြသလဲတော့သူလည်းမသိခဲ့ပါ။ သူ့ဘက်ကတော့ အလုပ်ကိစ္စနဲ့ပတ်သက်သူတွေကလွဲရင် ဘယ်သူ့ကိုမှလည်း followပြန်မလုပ်ဖြစ်ခဲ့။ သြော်...အခုတော့ 1 followingဖြစ်သွားပါပြီ။ ဟိုဂိမ်းသမားလေးကို accအပ်တာ အခုထိမှလက်မခံသေးဘဲ။ ကိုယ်ကချေတယ်လို့ သူငယ်ချင်းတွေခဏခဏလာဝေဖန်တတ်ကြပေမယ့် အခုတော့ကိုယ့်ထက်ချေတတ်တဲ့ သူရှာတွေ့ခဲပြီပဲကိုး။
""Ring Ring!""
""Hello!""
Liftအထွက်မှာတင် ဖုန်းမြည်သံကြောင့် ဖွင့်ကိုင်လိုက်တော့ ဒီနိုင်ငံမှာကျန်ခဲ့သည့် တစ်ဦးတည်းသော သူငယ်ချင်းထံမှ...။
""အင်း...ငါပြန်ရောက်တာမကြာသေးပါဘူး""
"".......""
""ဘာလို့ မင်းကိုငါ့မျက်နှာလာပြရမှာလဲ
မင်းမျက်နှာ ငါ့ကိုလာပြလည်းရတာပဲ""
""......""
""ငါလည်း အလုပ်များတာပဲ
ဒီနေ့ဆို အလုပ်ပြန်ဝင်နေပြီ""
""......""
""Ok! Ok! ဒါဆိုလည်း ငါလာခဲ့မယ်""
~~~~ 🍬 ~~~~
""ဒေါက် ဒေါက်!""
""ဒီနေ့ရဲ့ second appointmentရောက်ပါပြီ MD""
""သြော်...လွှတ်လိုက်လေ""
တကယ်တော့ ဒီနေ့ရဲ့ Second appointmentဟာ တခြားသူတော့မဟုတ်။ဟိုတလောလေးကတင် သူနဲ့ ချိန်းသော်ငြားမဆုံဖြစ်ခဲ့သည့် မိန်းကလေးပါပဲ။ တွေးရင်းမှ cola - ငံပြာရည်အရသာကြီး ပါးစပ်ထဲရောက်လာကာ လူကအန်ချင်လာရသည်။ အတော်မွှေတဲ့ ဟိုကောင်မလေး...။အဲ့ဒီ့အမွှေစိန်လေးကြောင့်ပဲ ကြိုးကို သူ မတွေ့ခဲ့ရတာလေ။ ထိုနေ့ကပြီးဆုံးသွားပြီထင်ခဲ့သည့် ရေစက်က အခုအလုပ်ကိစ္စကြောင့်တစ်ခေါက်ပြန်ဆုံရတာ တကယ်တော်ပါသေးရဲ့။
ချစ်ကြိုးသွယ်ကတော့ အဲ့ဒီ့နေ့က ငမွှေထိုးလေးနဲ့ ညီအစ်မလို့ပင် မထင်ရလောက်အောင် နူးညံ့သိမ်မွေ့သောအလှတရားလေးမို့ တွေ့စကဆို သူ့မှာ မှင်သက်အံ့သြခဲ့ရသေးတာ။ hotelအတွက်အလုပ်စကားပြောတဲ့နေ့က တစ်ခါတွေ့ပြီး အခုလည်းအလုပ်အတွက်စကားပြောစရာတစ်ချို့ကြောင့် သူမလေးကို ထပ်တွေ့ရဦးမှာပါ။
""ဒေါက်...ဒေါက်!""
""Come in""
ယဥ်ကျေးမှုအရ တံခါးခပ်တိုးတိုးခေါက်လိုက်စဥ် အထဲက ပြန်ဖြေသံထွက်လာမှ တံခါးလေးအသာဟကာ ဆက်ဝင်လာခဲ့၏။
""ကိုဘုန်းနေလ...ကြိုးနောက်မကျပါဘူးနော်""
""အင်း...right timeပါပဲ""
နှစ်ယောက်သားအပြုံးချင်းလေး ဖလှယ်လိုက်ပြီး အလုပ်ကိစ္စကိုသာ အာရုံစိုက်လိုက်တော့၏။မိဘတွေချင်းလည်း ရင်းနှီးပြီးသားမို့ စကားပြောအဆင်ပြေသလို၊ သဘောတူဖို့စကား စထားတာတွေအတွက်လည်း ကြိုးဘက်ကတော့ စိတ်မဝင်စားသည်မို့ ခပ်အေးအေးပါပဲ။ သို့သော်လည်း တစ်ဖက်ကတော့ ကြိုးလိုဟုတ်ရဲ့လား မသေချာပါ။ တွေ့လိုက်၊မြင်လိုက်တိုင်း ဒီလူရဲ့အကြည့်တွေက ရဲတင်းလွန်းလှချည်လား...။
""ချစ်ကြိုး...ကော်ဖီသောက်ဦးလေ""
""ဟုတ်ကဲ့...ရပါတယ်""
""ဒေါက်..ဒေါက်!""
ကြိုးနဲ့စကားပြောလို့မှမပြီးသေးခင် တံခါးခေါက်သံနဲ့အတူ staffမိန်းကလေးကဝင်လာပြန်ကာ...
""MDရဲ့ သူငယ်ချင်းရောက်နေပါတယ်
ကြိုလည်းချိန်းမထားပေမယ့်...အဲ့ဒါ...""
""ရတယ်...ဝင်ခိုင်းလိုက်
အဲ့ဒါ ကိုယ့်ရဲ့VIPဧည့်သည်ကြီး""
""......""
""ကြိုး...ခဏလေးနော်
သူက သူစိမ်းမဟုတ်ဘူး...အရမ်းအလုပ်များတဲ့ကိုယ့်သူငယ်ချင်းအရင်းကြီးမို့""
""သြော်...ဟုတ်""
ပြန်ဖြေပြီးနောက် အခန်းတံခါးကချပ်ခနဲပွင့်သွားကာ အထဲသို့လှမ်းဝင်လာသူကို တွေ့လိုက်သည်နှင့် ကြိုးရင်ထဲက ပုံမှန်ရင်ခုန်နှုန်းများဟာ ရုတ်ချည်းမြင့်တက်မြန်ဆန်ရပြန်သည်။ထို့နောက် နှင်းဆီဖူးရောင် နှုတ်ခမ်းပါးလေးများက ယောင်ယမ်းပွင့်ဟမိကာ တိုးလျလျခေါ်သံလေးကလည်း နှုတ်ဖျားမှခုန်ထွက်သွားခဲ့၏။
""ည...""
""အမ်!...ချစ်ကြိုးက လင်းညနဲ့သိတယ်လား""
""အင်း...ငါတို့က ခြံချင်းကပ်လျက်နေကြတာလေ""
အမေးကို ဝင်ဖြေလိုက်သူက လင်းည ကိုယ်တိုင်ပင်။ အဖြေစကားကလည်း ဤမျှပါပဲ။ဒီအတိုင်းခြံချင်း ကပ်လျက်နေရုံပဲလား?ဟင့်အင်း...ဒီထက်ပိုတယ်လေ။ ငါတို့က သူငယ်ချင်းတွေလို့ဆက်ပြောရမယ့်စကားကို သူ ဘယ်မှာများမေ့ခဲ့သလဲ။ဒါမှမဟုတ် တမင်ကိုချန်လှပ်ထားခဲ့တာလား?
ကြိုးမှာသာ ရင်ထဲအတွေးတွေပလုံစီသွားသလောက် သူကတော့ ကြိုးကိုတွေ့လည်းဘာမှထူးထူးခြားခြားပြောင်းလဲမှုမရှိ။ ရှင်ရှင်နဲ့သာမဟုတ်ရင် ညရဲ့မျက်နှာကသိပ်ကိုခန့်မှန်းရခက်သည်။သူဘာတွေးတယ်၊ဘာလုပ်ချင်တယ်ဆိုတာ လုံးဝခန့်မှန်းမလွယ်တာမျိုး။ ပြီးတော့ မျက်နှာကလည်း တည်နေတတ်တာမျိုး။ ရှင်ရှင်တစ်ယောက်နဲ့သာ ပြုံးပြုံးရွှင်ရွှင်ပြောဆိုတတ်သလို သူ့ရဲ့နှုတ်ထွက်စကားသံကအစ နူးညံ့ချိုသာသွားတတ်တာလေ။
ညရယ်...နင်ကသိပ်ကိုဘက်လိုက်တတ်တာပဲ။
""ဧည့်သည်ရှိလည်း ငါမဝင်လာပါဘူးကွာ
မင်းကမပြောဘူး...ဟိုstaffကလည်းမပြောဘူး""
""မင်းရုပ်ကိုကြည့်ပြီးကြောက်လို့နေမှာပေါ့""
""ဖြစ်ရတယ်""
""ရပါတယ်..ညရဲ့
ငါတို့က သူငယ်ချင်းတွေပဲဟာ...""
""သြော်...ခြံချင်းကပ်လျက်အပြင် သူငယ်ချင်းတွေလား?""
""ဟုတ်တယ် ကိုဘုန်းနေလရဲ့
ကြိုးတို့က ဟိုးအငယ်ကတည်းက သူငယ်ချင်းတွေလေ...ဟိုတလောကမှပြန်ဆုံတာ""
""ဟောဗျာ...အဲ့လိုလား
ငါ ကြိုးတို့အိမ်ကိုတစ်ခါရောက်ဖူးတယ်
ဘေးအိမ်က မင်းအိမ်မှန်းမသိခဲ့ဘူး...ပြီးတော့ ငယ်သူငယ်ချင်းတွေဆိုတော့ ပိုတောင်အံ့သြ""
""အရင်က နယ်ဘက်မှာနေတုန်းကလည်း အိမ်နီးချင်းဖြစ်ဖူးတာပါ...ဒါနဲ့ အလုပ်ကိစ္စရှိတာဆက်ပြောကြလေ...ငါစောင့်နေမယ်""
""ဟင့်အင်း...ရတယ်
ငါက hotel decorationနဲ့ပတ်သက်ပြီးနည်းနည်းဆွေးနွေးရုံပါ။အခုပြီးပြီ...ငါလည်းပြန်တော့မှာ""
စောစောကအထိ အလုပ်ကိစ္စကလွဲရင်အပိုစကားမပြောသည့် ချစ်ကြိုးသွယ်က လင်းညကိုတွေ့တော့ စကားတွေသွက်လာတာမို့ ဘေးက ဘုန်းနေလတစ်ယောက်မှာ အီလည်လည်ဖြစ်လာရပါပြီ။သူတို့က ငယ်သူငယ်ချင်းတွေတဲ့! တကယ်ပဲ...ဘယ်လောက်အထိများရင်းနှီးနေကြပါလိမ့်။
""နေလ...ငါတို့အပြင်မှာမတွေ့တာကြာပြီနော်
ဘယ့်နှယ်လဲ...အလုပ်တွေအဆင်ပြေရဲ့လား""
""ပြေပါတယ်...မတွေ့တာကတော့မင်းဟိုမှာနေတဲ့တစ်လျှောက်လုံးလေ""
""ကိုဘုန်းနေလက ညနဲ့ဘယ်တုန်းကစခင်တာလဲ""
""အထက်တန်းတုန်းကပါ..ပြီးတော့ Uni
ချစ်ကြိုးထက်တော့နောက်ကျတာပေါ့""
""သြော်!""
""Ring Ring!""
စကားပြောနေစဥ် ကြိုး အိတ်ထဲကဖုန်းမြည်သံကြောင့် contact listကိုဖတ်ကြည့်တော့ ရှင်ရှင်ဖြစ်နေသည်မို့...
""Hello! ညီမလေးပြော""
""........""
""အယ်! မငိုနဲ့လေ
မမကြားရအောင် သေချာပြော""
ငိုတယ်ဆိုသည်နှင့် တစ်ဖက်မှာပြောလက်စ စကားတောင် ရပ်တန့်သွားရကာ ချက်ချင်းနားစွင့်မိသူက လင်းညသည်သာ။ ပြသာနာမလေးက ဘာဖြစ်ပြန်တာပါလိမ့်!
""ဟုတ်လား...ဘယ်လောက်တောင်ထိသွားလဲ""
"".....""
""အင်း...အင်း
မမပြန်လာမယ်နော်...ခဏလေးစောင့်""
ဖုန်းချပြီးသည်နှင့် နေရာမှထရပ်တော့ ညကပါ စိုးရိမ်သည့်အရိပ်အယောင်များဖြင့် ချက်ချင်းထရပ်ကာ...
""ဆိုး ဘာဖြစ်လို့တဲ့လဲ""
""အမ်! ဟို...ဘာမှမဖြစ်ပါဘူး
ကျူရှင်ကပြန်တဲ့လမ်းမှာ သူ့စက်ဘီးနဲ့ကားတစ်စီးငြိမိလို့တဲ့...နည်းနည်းဒဏ်ရာရသွားပုံပဲ""
""......""
""ကိုဘုန်းနေလ...ကြိုးပြန်လိုက်ပါဦးမယ်နော်""
""သြော်..ဟုတ်ကဲ့
နောက်မှထပ်ဆုံတာပေါ့...see you!""
""နေလ...ငါလည်းပြန်တော့မယ်
နောက်မှတွေ့မယ်""
""ဟမ်! မင်းနဲ့ငါက ဘာမှမပြောရသေးဘူးလေ""
""နောက်မှပြောတော့
ဆိုးက ဘယ်လောက်တောင်ဒဏ်ရာရသွားလဲမသိဘူး...ငါသွားကြည့်မှဖြစ်မယ်""
ပါးစပ်ကပြောရင်း ခြေလှမ်းကျဲတွေကလည်း အပြင်တောင်ရောက်လုပြီ။စိုးရိမ်တကြီးပုံစံဖြင့် ပျာပျာသလဲကို ဖြစ်သွားရှာတဲ့ လင်းညကို သူနားမလည်နိုင်တော့ပေ။ ဟိုအမွှေစိန်လေးဒဏ်ရာရတာနဲ့ သူကဘာလို့ဒီလောက်အသည်းအသန်ဖြစ်တာလဲ။ ဟိုက သေသွားတာလည်းမဟုတ်ဘဲနဲ့။ ဖုန်းတောင်ဆက်နေနိုင်သေးတဲ့ဟာကို...။
ဘာတဲ့! ခေါ်တာကလည်း `ဆိုး´တဲ့...
အင်း...ဟုတ်တယ်။ဒီနာမည်ကတော့ မှန်သား။
~~~~ 🍬🍬🍬🍬 ~~~~
""အီးး..ဟီး!
နာတယ်...""
""အခုမှ ငိုမနေနဲ့
အဲ့လို စက်ဘီးပြိုင်စီးတာတွေမကြိုက်ဘူးလို့ ငါဘယ်နှခါပြောရမလဲ...နင့်အဖေသိရင် အဆူခံထိမယ်""
""ဖေဖေက မဆူပါဘူး
အခု မေမေကပဲဆူနေတာလေ...ဖေဖေကသမီးဘာလုပ်လုပ် မဆူဘူး""
""အေး...အဲ့ဒါတွေကြောင့်ပဲ နင်က ရောင့်တက်နေတာ...အခုတော့ဖြစ်ပြီ။ငါ ပြောကိုမပြောချင်ဘူး""
လှေကားကနေ တက်လာသည်နှင့် သားအမိနှစ်ယောက်ရဲ့တိုက်ပွဲကို အတိုင်းသားကြားနေရပါ၏။ဆိုး တစ်ယောက်ကတော့ ဝမ်းနည်းပက်လက်ကိုအော်ငိုနေတာမို့ တော်ရုံဒဏ်ရာမှဟုတ်ပါ့မလားဆိုတာ သူ့မှာတွေးတွေးရင်းပိုစိုးရိမ်လာရသည်။ ချစ်ကြိုးရဲ့ ကားအနောက်က သူချက်ချင်းလိုက်လာခဲ့ခြင်းမို့ နှစ်ယောက်သားကတော့ ပြိုင်တူနီးပါးပင်ရောက်ရှိလာခဲ့ပြီး အစ်မဖြစ်တဲ့ ကြိုးကတော့ သူ့ထက်တောင် ပိုတည်ငြိမ်နေသလိုပါ။
""မေမေ""
""မမ! အဟင့်!""
""ရှင်ရှင်...စက်ဘီးပြိုင်တဲ့ကိစ္စတွေလုပ်ပြန်ပြီလား
လမ်းသွားတာကောင်းကောင်းသွားမှပေါ့...ကိုယ်ကမိန်းကလေးဆိုတာလည်း သတိထားဦးလေ""
""အမလေး...သူကအရာရာ ဆရာလေ
အခုခြေထောက်ကထိသွားတာ...တစ်ပါတ်တောင်နားရမယ်တဲ့။စာသင်ချိန်တွေကပျက်ဦးမယ်""
""အဟင့်! ဟင့်...မမကလည်း...
ကိုကို...""
သူ့အစ်မကပါ အနည်းငယ်ဆူလိုက်သည်မို့ နောက်ဆုံးတော့ အငိုသန်လေးရဲ့ပစ်မှတ်က အခန်းဝမှာရပ်နေသည့် လင်းညဖြစ်သွားတော့၏။ သူ့ဘက်သို့လှမ်းကြည့်ကာ မျက်ရည်လည်ရွဲဖြစ်နေရင်းမှ လာခဲ့ဖို့လည်း လက်ယက်ခေါ်နေသေးတာမို့ ခြေလှမ်းတွေက ချက်ချင်းပင်ရွေ့လျားသွားရလေတော့...
""သြော်...သားလည်းပါလာတာလား
ဘယ်ကနေဘယ်လိုသိလာတာလဲ""
""သမီးနဲ့ည အပြင်မှာခဏတွေ့ဖြစ်တုန်း ရှင်ရှင်ဖုန်းဆက်လာတာ မေမေရဲ့""
""ကျွန်တော့်သူငယ်ချင်းဆီခဏသွားတော့ ကြိုးကအဲ့ဒီ့ကိုအလုပ်ကိစ္စနဲ့ အရင်ရောက်နေတာ...အဲ့ဒီ့မှာဆုံဖြစ်တာပါ အန်တီ""
အဓိပ္ပာယ်ကောက်လွဲမှားနိုင်သည့် စကားကို သူအလိုမကျမိ၍ ထပ်ဖြည့်ပြောလိုက်ရင်း တရှုံ့ရှုံ့ငိုနေဆဲဖြစ်သည့် နွဲ့ဆိုးဆီသို့ ဆက်လျှောက်သွားကာ အနားမှာဝင်ထိုင်၍...
""ဆိုးလေး...အခုရော တော်တော်နာနေသေးလား
တခြားနေရာတွေရော ဘယ်နားထိမိသေးလဲ""
စိုးရိမ်စိတ်အပြည့်ဖြင့် ပါးစပ်က တရစပ်မေးရင်း ပွန်းရှဒဏ်ရာလေးရှိနေသော ပါးပြင်ပေါ်သို့ လက်နဲ့ဖွဖွစမ်းမိလျှင်ပဲ...အရည်တလဲ့လဲ့ မျက်ဝန်းလေးများဖြင့် မော့ကြည့်ကာ ကုတင်ကိုခပ်လျော့လျော့မီထိုင်နေသည့် ကိုယ်လေးကလည်း သူ့ဘက်သို့ချက်ချင်းယိမ်းလာလေ၏။ထို့နောက်လက်လေးတွေကပါ လည်တိုင်ဆီလှမ်း၍ ယှက်သွယ်လာတော့သူ့မှာ ကြောင်အသွားရပြန်သည်။ အချွဲပိုလေးရဲ့ ရုတ်တရက်အပြုအမူက သူ့လိုအကြင်နာအရောင်ခြယ်နေသူအတွက်တော့ ရင်ထဲဗြောင်းဆန်သွားစေသလို ဘေးမှာလည်း အန်တီသက်ထားနဲ့ချစ်ကြိုးပါရှိနေတာကြောင့် လူက မျက်နှာပူကာ အငွေ့ပျံချင်စိတ်တောင်ပေါက်သွားရပါသည်။
""ဆိုး...""
""ဟင့်! ဆိုးအတွက် ကိုကိုပဲရှိတယ်
မေမေတို့ကလေ...လူကိုဆူဖို့လောက်ပဲ...နည်းနည်းပါးပါးတောင်စိတ်မပူကြဘူး...အီး ဟီး!! ဟင့်!""
သူမကတော့ ဝမ်းပမ်းတနည်းကိုပြောဆိုငိုယိုနေတာကြောင့် ဖက်ထားလျက်ကပင် ကျောပြင်လေးကိုဖွဖွပုတ်ကာ ချော့ရပြန်၏။ အမေဖြစ်သူနဲ့မျက်လုံးချင်းဆုံသွားရတော့ အားနာသလိုလေးသာပြုံးပြလိုက်ရသည်။ဘယ့်နှယ်! အမေရှေ့လာပြီး သမီးကိုဖက်နေတာ...ကောင်းသေးရဲ့လား။ အန်တီကတော့ သူတို့ကို ငယ်စဥ်ကမောင်နှမအတိုင်းပဲမြင်နေလားမသိ...။မနိုင်စိန်လေးဟူသည့်ပုံစံမျိုးဖြင့်သာ မျက်ခုံးတစ်ချက်ပင့်ပြရင်း ပြုံးတောင်ပြုံးနေလိုက်သေး...။
ကောင်းပါရော! သူများတွေက အကုန်ရိုးသားတယ်...။မင်းတစ်ယောက်ထဲ မရိုးမသားဖြစ်နေတာပါလား..လင်းညရေ...ဟူးး!!
""ကဲ...ရှိသမျှလူကုန်ပတ်ချွဲမနေနဲ့
ငိုယိုနေတာများ ငါတို့ကပဲသူ့ဝိုင်းအနိုင်ကျင့်နေတာကျလို့""
""မေမေတို့ကဆူတာကိုး""
""သက်ရေ...ဖုန်းလာနေတယ်""
""သြော်...လာပြီ မနွယ်""
ဖုန်းလာတယ်ဆိုတာကြောင့် မေမေအခန်းထဲမှထွက်သွားလေတော့ နေရာမှာ ၃ယောက်သာကျန်ခဲ့တော့သည်။မမကအခန်းမှာ ရှိနေရုံမှတစ်ပါး ဘာစကားမှလည်းထပ်မပြောဘဲ ငြိမ်သက်လျက်သာထိုင်နေ၏။ဒီနေ့ မမကို ကြည့်ရတာတမျိုးပဲ...ဘာဖြစ်လို့ပါလိမ့်!အလုပ်ကိစ္စများအဆင်မပြေခဲ့တာလား?
""ကိုကိုပြောထားတယ်လေ ဆိုးရယ်
လမ်းပေါ်မှာ ကားတွေနဲ့...သတိထားမှပေါ့။ပြီးတော့ စက်ဘီးကပြိုင်တာ ဟုတ်လား?""
""ဟုတ်တယ်...အခုတော့ရှုံးပြီပေါ့
မုန့်လည်းမစားခဲ့ရဘူး...ဆိုးကအမြဲတမ်းနိုင်နေကျ။ဒီနေ့မှကံဆိုးခဲ့တာ...အဲ့ဒါကလည်း မနေ့ကစာကျက်လို့အိပ်ရေးပျက်နေတာနဲ့...ခေါင်းမူးသွားလို့...အင့် ဟင့်!""
ပြောပြရင်းကနေ ပြန်ငိုချတာမို့ မေးမိတဲ့ကိုယ်ကပင် ပျာပျာသလဲဖြစ်သွားရသည့်ဘဝပါပဲ။
""အင်းပါ အင်းပါ...ကလေးရယ်
ဟုတ်ပါပြီ...မငိုနဲ့ တိတ်တော့နော်!
အဲ့မှာမနိုင်လို့မုန့်မစားရလည်း ဘာမှမဖြစ်ဘူး
ဘာစားချင်လဲ...ကိုကို့ကိုပြော""
""အဲ့ဒါကိုယ်နိုင်တာနဲ့တူမှမတူတာကို...ဟင့်!
ဒါပေမဲ့ စားချင်တာက pizza""
""ဟုတ်ပြီ...ok ok
ခဏလေးစောင့်!""
သူမဆီက အဖြေစကားကိုကြားသည်နှင့် အိတ်ထဲမှဖုန်းကိုထုတ်ကာ online appမှတစ်ဆင့်မှာပေးတော့ မျက်နှာလေးလိုက်ငုံ့ကြည့်၍ ဘာကိုအလိုမကျပြန်တယ်မသိ...မျက်မှောင်ကျုံ့၍ မော့ကြည့်လာကာ...
""ဘာလို့ deliveryလဲ
ကိုကိုသွားတာမှမြန်ဦးမယ်""
""အဟွန်း! ကိုကိုက မသွားချင်လို့""
""ဘာလို့မသွားချင်တာလဲ""
""ဒီနားလေးမှာနေချင်လို့လေ""
ပြန်ဖြေသည့်စကားသံမှာ အကြင်နာအငွေ့အသက်တို့ လွှမ်းနေသည်။ ရှင်ရှင့်ကိုကြည့်သည့်အကြည့်တွေကလည်း သာမန်ထက်ပိုသောအရိပ်အယောင်တွေပြည့်နေမှန်း ကြိုးမမြင်ချင်လည်းမြင်ရပြီ။ သူ့သဘော၊သူ့အပြောကို ကလေးဆန်လှသည့် ရှင်ရှင် နားလည်ရဲ့လားမသိပေမယ့် ကြိုးကတော့ ခပ်ရေးရေး သိလိုက်ပါပြီ။
လင်းညရဲ့ အပြုအမူတွေက သာမန်မဟုတ်ဘူးပဲ...
မဟုတ်မှ လင်းညက...ရှင်ရှင့်လို ခပ်ဆိုးဆိုးမိန်းကလေးကို သဘောကျနေတာလား?
ဟင့်အင်း! မဖြစ်နိုင်တာ
လင်းညက သာမန်ယောကျ်ားလေးမှမဟုတ်တာ...။ဘယ်လိုမိန်းကလေးမျိုးကိုမဆို သူ့စိတ်ကြိုက်ရွေးယူနိုင်တဲ့သူ...။အစစအရာရာမှာ ဘာအပြစ်မှပြောစရာမရှိအောင် ပြည့်စုံအောင်မြင်တဲ့သူလေ...နိုင်ငံရပ်ခြားအထိပါ စီးပွားရေးလုပ်ငန်းပေါင်းများစွာကို ဦးဆောင်နေသူတစ်ယောက်က ဤမျှအထိတော့အမြင်ကျဥ်းလောက်မှာမဟုတ်ပါဘူး...။
ငယ်ငယ်ကသံယောဇဥ်ကြောင့်အနေနီးစပ်တာပါ။ကြိုးအထင်မှားတာပဲ ဖြစ်မှာ...။ဟုတ်တယ် အထင်မှားတာပါ။
ဘယ်လိုပဲစိတ်ကဖြည့်တွေးတွေး...ဝမ်းနည်းစိတ်ကတော့ရင်မှာလှိုင်းထန်နေတာ မညာချင်။ စကားတွေတတွတ်တွတ်ပြောရင်း ဆူညံနေသည့်သူတို့နှစ်ဦးကြား ချစ်ကြိုးကတော့ အပိုလူတစ်ယောက်ရယ်လေ...။
~~~~ 🍬🍬🍬🍬 ~~~~
အခန်း - [ ၈ ]ဆက်ရန်
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)