🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၆ ] ♡ ••••••••••••
ဖက်တွယ်ထားသော လက်လေးက တင်းကျပ်လှသည်မဟုတ်သော်လည်း သူကိုယ်တိုင်ကိုက ထိုအင်အားသေးသေးထံမှ ရုန်းမထွက်နိုင်သည့်အဖြစ်။ ရင်ထဲမှာလည်း တစ်သက်နဲ့တစ်ကိုယ် ပုံမှန်နှုန်းထက် အနည်းငယ်လေးတောင် မမြန်ခဲ့ဖူးသော နှလုံးခုန်သံတို့ ဒီကလေးရှေ့မှာမှ မတည်မငြိမ်ဖြစ်နေရခြင်းက တကယ့်ကို ထူးခြားဖြစ်စဥ်ပမာ။ ထိုဆန်းကြယ်လွန်းသည့် ခံစားချက်ကြောင့်ပင် သူ့မှာစကားတစ်ခွန်းတောင် ပြန်မဟနိုင်ဘဲ ငြိမ်သက်အံ့သြနေမိစဥ် သူမလေးကတော့ စကားတွေ တတွတ်တွတ်ဆက်ပြောနေလေရဲ့ ။
""ကိုကို ပြန်လာတော့မယ်လို့ မေလေးကပြောတယ်သိလား...ကိုကိုကဟိုမှာအလုပ်တောင်လုပ်နေပြီဆို...ပြီးတော့ပြောသံကြားတယ်..ဘာပါလိမ့်!""
ချစ်စဖွယ်အသံလေးကို နားထောင်ရင်း ရင်ခုန်ကြည်နူးမှုလေးများဖြင့် ကျောပြင်သေးသေးကို ပြန်ဖက်မည်အပြုမှာပဲ သူ့လည်တိုင်ဆီယှက်သွယ်ထားသည့် လက်လေးတွေက ဆတ်ခနဲ လွတ်သွားပြီး ကိုယ်ချင်းခွာလိုက်တာမို့ ပွေ့ဖက်ရန် ရည်ရွယ်ခဲ့သော လက်တစ်စုံသည်လည်း လမ်းတဝက်မှာတင် ဒီအတိုင်းကျန်ခဲ့ရပြန်၏။ သူမကတော့ တစ်စုံတစ်ရာကိုစဥ်းစားနေဟန်ရှိကာ မေးစေ့လုံးလုံးလေးကိုလက်ဖြင့် ပွတ်လျက် မျက်လုံးလေးတွေကလည်း သူ့ထံသို့ စူးစူးစိုက်စိုက်။
""အာ! သတိရပြီ။ ကိုကို့မှာ ကောင်မလေးတွေအများကြီးဆို""
""မဟုတ်ပါဘူးကွာ...ကလေးကအဲ့ဒါတွေဘယ်ကကြားတာလဲ""
""ဟမ်! မဟုတ်ဘူးလား
သြော်..သြော်..ဘယ်ကမှမကြားပါဘူး
ကိုကိုကအရမ်းချောလို့လေ...ဒီအတိုင်းမှန်းကြည့်တာ...အဟဲ!!""
တကယ်လည်း ရှင်ရှင် ဘယ်ကမှမကြားခဲ့ပါ။အလျော်ပေးရမည့် အကြွေးရှင်ကြီးကို လူအကောင်လိုက် ပြန်တွေ့နေပြီး သူဟာ ရင်းနှီးခဲ့ဖူးသည့် ကိုကိုဖြစ်သည့်တိုင် ပြောစရာစကားက သိပ်ရှာမရသည်နှင့် ကိုယ်ထင်ရာကိုယ်လျှောက်ပြောရင်း ကြည့်ကောင်းအောင် ဖြီးဖြန်းနေရတာလေ။ ငါနော်! နေ့လည်ကအဲ့သူခိုးကို မမြင်သလိုပဲ နေခဲ့ရမှာ...ဟူးး။
""သမီး...အိမ်ရှေ့မှာဘယ်သူလာတာလဲ?""
""ဟင်! မေမေလာပြီ
ငါလည်း နှုတ်မပိတ်ရသေးဘူး...ဒုက္ခ""
အတွေးမှမဆုံးသေးခင် တကယ်ကြီးကို အိမ်ထဲမှထွက်လာပြီဖြစ်သော မေမေ့ကြောင့် ရှင်ရှင်ခေါင်းနပမ်းတောင်ကြီးသွားရသည်။သို့နှင့် ကိုကို့ဘက်သို့ပြန်လှည့်ကာ...
""ကိုကို...မေမေလာနေပြီ
နေ့လည်က ရှင်ရှင့်ကြောင့် ကိုကို့ကား ခဲမှန်တဲ့ကိစ္စ မေမေ့ကိုမပြောပါနဲ့နော်...နော်..please!""
အလွန်ကို ပူဆွေးသောကဖြစ်နေသည့် မျက်နှာလေးဖြင့် အသည်းအသန်တောင်းဆိုနေရှာတာမို့ လင်းညတစ်ယောက်မှာတော့ အသည်းယားကာ ရယ်လည်းရယ်ချင်သည်။ အမှန်တော့ ထိုကိစ္စပြောမလို့ လာခဲ့တာပဲဆိုပေမယ့် စောစောကမိနစ်ပိုင်းလေးမှာတင် လာရင်းကိစ္စကို သူမေ့နေခဲ့ပြီ။ အခုတော့ကြည့်! မေ့နေတာကို သူမလေးကပဲလာသတိပေးတာလေ...။
""သမီး...ဘယ်သူနဲ့စကားပြောနေတာလဲလို့""
""မေမေ...ဒါက ကိုကိုညလေ
ဟိုဘက်ခြံက...""
""သြော်...သား ဒီနေ့ပဲရောက်တာလား?""
""ဟုတ်ကဲ့ အန်တီ
မေမေကတော့ အန်တီတို့အကြောင်းတွေပြောပြတယ်...မတွေ့တာကြာပြီနော်...အားလုံးနေကောင်းကြရဲ့လား ခင်ဗျ""
""အေးကွယ်!...ကြည့်စမ်းပါဦး..မမြင်တာကြာတော့ မျက်မှန်းမတန်းမိဘူးဖြစ်သွားတယ်...ငါ့သားကလူချောပဲ""
""ဟုတ်တယ်...ဟုတ်တယ် ကိုကိုကချောတယ်နော် အဟင်းဟင်း!""
""ဟဲ့...နေရင်းထိုင်ရင်းဘာလို့ရယ်နေတာလဲ
ဘာပြသာနာရှာထားပြန်ပြီလဲ?""
""မရှာပါဘူး..မေမေရဲ့
တကယ်မရှာတာပါ...ကိုကိုကသမီးကိုလှမ်းတွေ့လိုက်လို့တဲ့ လာနှုတ်ဆက်တာ""
""ဟုတ်လို့လား...သား..အန်တီ့ကိုပြောစမ်း
ခရီးရောက်မဆိုက် သူရှာတဲ့ဘယ်ပြသာနာနဲ့တိုးထားသေးလဲ?""
""ဟယ်...မရှာရပါဘူးဆို
မေမေကလည်း အတင်းပဲဖိမေးနေ""
""အဟွန်း! ကျွန်တော်အိမ်ပြန်မရောက်ခင် ဆိုးလေးနဲ့လမ်းမှာခဏတွေ့မိရုံပါ...အဲ့ဒါ...""
""ကိုကို!!""
ခေါင်းတခါခါ လက်လေးက တကာကာဖြင့် ပျာပျာသလဲကို ဖြစ်နေပြီး မျက်လုံးကလည်းမှိတ်တုပ်မှိတ်တုပ်ဖြင့် signalမျိုးစုံပြနေသည့် ထိုပုံစံလေးအားလှမ်းကြည့်ရင်း သူ့မှာ သနားတောင်သနားမိပါ၏။ ဒီကိစ္စလေးကဘာမှလည်း မကြီးကျယ်ပါဘဲ အခုထိအငြိုးတကြီးတိုင်တန်းနေဦးမယ်လို့ သူမလေးကထင်နေသည်ပဲ။ဆိုးရယ်...မင်းက တကယ့်ကိုကလေးလေးပါလား။
တစ်ဖက်က အန်တီ့ကိုလှမ်းကြည့်တော့လည်း သူဆက်ပြောမယ့်စကားကို နားစွင့်အကဲခတ်နေပုံမို့ ခပ်အေးအေးသာ ဆက်ပြုံးပြရင်းဖြင့်...
""အဲ့ဒါ ပထမဆုံးတစ်ခါဆိုတော့ ရင်းနှီးသလိုရှိပေမယ့် သိပ်မမှတ်မိခဲ့ဘူးဖြစ်သွားလို့ပါ...အခုမှနွဲ့ဆိုးမှန်းသေချာသိတာ""
""သြော်...အင်းပေါ့ သားရယ်
မတွေ့တော့တာကြာပြီကိုး...လာလေ...အိမ်ထဲဝင်
အပြင်ကြီးမှာရပ်မနေနဲ့...သူစိမ်းတွေမှမဟုတ်တဲ့ဟာ""
မေမေက ဧည့်ဝတ်ကျေကျေပင် ဖိတ်ခေါ်ကာအိမ်ထဲသို့ အရင်ဝင်သွားလေ၏။ဒီတော့မှ ရှင်ရှင်လည်း သက်ပြင်းလေး ဖွဖွချမိစဥ် ခေါင်းပေါ်စွပ်ထားသည့် hoodieခေါင်းစွပ်လေးကို ဆွဲချခံလိုက်ရတာကြောင့် လန့်ဖျပ်ကာလှည့်ကြည့်မိလျှင် စောစောကနှင့်မတူ ခြားနားသော မျက်လုံးအကြည့်ဖြင့်စိုက်ကြည့်လာပြန်သည့် သူ...
""ကိုကို..ဘာ ဘာဖြစ်လို့လဲဟင်""
""လူလိမ်လေး...မင်းပြောတော့ မိဘတွေမရှိပါဘူးဆို၊ အဖေဆုံးသွားပြီးကတည်းက နေ့စဥ်နဲ့အမျှ မညှာမတာ ညှဥ်းပန်းနှိပ်စက် ရိုက်နှက်တဲ့မိထွေးမကြီးနဲ့ နေရတာပါဆို...ဘယ်မလဲ အဲ့မိထွေး?""
""ဟီး! ကိုကို ဉာဏ်ကောင်းလိုက်တာ
အကုန်မှတ်မိနေတယ်နော်...ကိုကိုမို့လို့တကယ်တော်သေးတာပေါ့...စတွေ့တုန်းက မမှတ်မိလို့ sorryပါ ကိုကို""
ကိုကိုချင်းထပ်နေအောင်ခေါ်ပြီး အစွမ်းကုန်မျက်နှာချိုသွေးလိုက်တော့ သူ့နှုတ်ခမ်း ပြည့်ပြည့်လေးတွေ တဖြေးဖြေး ကွေးညွှတ်ကာပြုံးလာပါ၏။ဘာတွေစားပြီး ဘယ်လိုကြီးပြင်းခဲ့လဲ မသိ...မျက်စိရှေ့ရောက်နေသော ထိုအမျိုးသားက တော်တော်ချောပြီး ကြည့်ကောင်းနေသည်။ဟင့်အင်း! ကြည့်ကောင်းတယ်ဆိုတာထက် styleကျပြီး မိမိုက်နေသည့် အထာကျမှုမျိုး။ အခုလည်း မျက်နှာတည်ကြီးဖြင့် ရှင်ရှင့်ထံ တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် သူ့လက်တစ်ဖက်က မြောက်တက်လာကာ နဖူးလေးကိုဖွဖွတောက်သွားပြန်တာမို့...
""အ! နာတယ်နော်""
""မင်းကို ငယ်ငယ်ကတည်းက အဆိုးလေးလို့ခေါ်ခဲ့တာ ကိုယ်မလွန်ဘူးထင်တယ်နော်...တကယ်ကို ဆိုးနေတုန်းပဲကိုး""
""အို! ကိုကိုကလည်း ဆိုးကဒီအတိုင်းလေးပဲနေတာ...ပြသာနာကမရည်ရွယ်ဘဲဖြစ်ဖြစ်သွားရုံပါ။နေ့လည်ကလိုပေါ့...တကယ်က သူခိုးဖမ်းပေးချင်ခဲ့တာ...ဒါပေမယ့်...""
""နောက်ဆို အဲ့လိုမလုပ်နဲ့
လမ်းပေါ်မှာကားတွေနဲ့ ဘယ်လောက်အန္တရာယ်များလိုက်သလဲ...ပြီးတော့ အဲ့ဒီ့နေရာမှာ ကိုကို့ကားသာမဟုတ်ခဲ့ရင် ဒီလောက်နဲ့ပြီးမယ်ထင်လား""
""ဟင်...အခုက ကိုကို့ကားဆိုတော့ ဒီလောက်နဲ့ပြီးပြီပေါ့နော်""
ကြည့်! သူကြားချင်တဲ့စကားကိုသာ ရွေးကြားပြီး လိုချင်တဲ့ အဓိပ္ပာယ်ကိုအတိအကျကောက်သွားပြန်ပြီ။ တကယ်တော့ ကိုယ်ပြောချင်တာက မိန်းကလေးတန်မဲ့ လမ်းပေါ်မှာ ဒီလို သူရဲကောင်းမလုပ်သင့်ကြောင်းလေ...။သူမကဖြင့် ဆိုလိုရင်းကိုလမ်းလွဲစွာ အလျော်မပေးရရေး တို့အရေးသာလုပ်နေလေရဲ့။ ခက်တာပါပဲ...အန်တီသက်ထားပြောပုံအရဆို ဒီကလေးက နေ့တိုင်း ပြသာနာတွေရှာကြံတတ်သူများဖြစ်နေလေသလား?
""ကိုကိုရေ...
ဒီမှာခေါ်နေတယ်လေ""
""အင်း...ပြောလေ""
""အိမ်ထဲရောက်ရင်လည်း မေမေ့ကိုမပြောရဘူးနော်...မေမေက ဆိုးကိုတအားဆူမှာ""
""ဟုတ်ပါပြီကွာ...ဒီကိစ္စကလည်းမပြီးနိုင်ဘူး
ဒီနေရာမှာ မင်းဖြစ်နေလို့ ကိုကိုအလျှော့ပေးတယ်...အဲ့ဒီ့ကိစ္စမရှိခဲ့ဘူးလို့သဘောထားလိုက်""
သူ့ဆီက ထိုစကားကိုကြားမှ မျက်လုံးလေးတွေကအရောင်တလက်လက်တောက်လာကာ တော်တော်လေးကို ပျော်သွားပုံဖြင့် ခုန်ပေါက်နေပြန်၏။
""ကိုကိုက မတွေ့ရတဲ့ နှစ်တွေအတွင်း တကယ့်ကိုလူသားဆန်ဆန်လေးအရွယ်ရောက်လာခဲ့တာပဲ...တော်လိုက်တာရှင်""
စိတ်လိုလက်ရပုံစံဖြင့် ချီးကျူးကာ ပခုံးလေးကိုဖွဖွလာပုတ်နေသည်က တကယ့်ကိုဆရာမကြီးအသွင်နှင့်မို့ လင်းညတစ်ယောက် ထပ်၍သာပြုံးမိရပြန်သည်။ ဒီကောင်မလေးကြောင့်တော့ တစ်နေ့လုံး ပြုံးနေမိရတာပါလား...။သူမရဲ့ အပြုအမူလှုပ်ရှားမှုလေးတွေကို မြင်မိတိုင်း၊ ချစ်စဖွယ်လေးပြုံးပြတိုင်း ရင်ထဲကလည်း အချက်ပေးတွေမြန်နေသေးတာ။ ဒါတောင် ပထမဦးဆုံး ပြန်ဆုံမိတဲ့တစ်ရက်တဲ့လေ!
~~~~ 🍬🍬🍬🍬 ~~~~
""အပြင်မှာဘာတွေပြောနေကြတာလဲ
မြန်မြန်ဝင်မလာဘူး""
""ဘာမှမပြောပါဘူး မေမေရယ်
ကိုကို့ကို ခြံထဲကပန်းလေးတွေပြနေတာ""
ပါးစပ်ကတော့ လွယ်လင့်တကူပင် မဟုတ်မဟတ်ထွက်တဲ့ နေရာမှာ ဆရာကျနေလေပြီ။ရှင်ရှင်ရဲ့အလိုက်သင့် စကားသွက်မှုအပေါ် ကိုကိုကလည်းနှစ်ခွန်းမငြင်းဘဲ ခေါင်းငြိမ့်ပြလိုက်တာမို့ တကယ်အဆင်ပြေလှပါဘိ။ အနေဝေးသွားခဲ့ကြတာကြာပေမယ့် ပြန်တွေ့ချိန်မှာ သူစိမ်းတွေလို ခပ်တန်းတန်းကြီး ဖြစ်မနေခဲ့ကြ၍ တကယ်တော်ပါသေးသည်။
""မေမေ...မမက ပြန်လည်းမလာသေးဘူး
ဒီနေ့နောက်ကျနေပါလား""
""သမီးရယ်...လာမှာပေါ့
၅နာရီကျော်ပဲရှိသေးတာလေ""
""အဲ့ဒါပြောတာပေါ့...သမီး မမကိုမုန့်ဝယ်ခဲ့ဖို့မှာထားတယ်...ခဏနေရင်ထမင်းစားရတော့မှာ..အချိန်ချင်းကပ်နေပြီ""
""ဟယ်...ဒီကလေးကတော့!""
""ကိုကို ဒီမှာထမင်းစားပြီးမှပြန်ပါလား
ဆိုး ဟင်းအသစ်ချက်ပေးမယ်လေ""
""ဟဲ့..အမလေး...အားနေဟင်းပဲချက်ချင်နေတယ်
သွား..စာသွားကျက်တော့""
""မေမေကလည်း သမီးက စားဖိုမှူးဖြစ်ချင်တာပါဆို""
အမေဖြစ်သူက သူ့စကားကိုလက်မခံသည်နှင့် ချက်ချင်းပဲနှုတ်ခမ်းထော်ကာ ပြန်ပြောလိုက်တာမို့ ကြားလူကပဲမနေသာတော့ပြန်ကာ...
""သြော်..အဲ့လိုလား
ဒါဆိုလည်း အားပေးရမှာပေါ့""
""ဟင်း..ဟင်း..သားရယ်
သူ့စကားတွေ ယုံမနေနဲ့...ဘာမှလည်းတတ်တာမဟုတ်ဘူး...လျှောက်လုပ်နေတာ""
""ဟွန့်!..မေမေတို့က လူရှေ့သူ့ရှေ့ဆို ကိုယ့်သမီးကိုယ်ဖြုတ်လိုက်ရမှ""
""တီ...တီ!""
မေမေ့ကို အလိုမကျစွာနှုတ်ခမ်းစူပြောရင်းမှ ခြံရှေ့က ကားဟွန်းသံကြားလိုက်ရကာ ခဏချင်းမှာပင် မမရဲ့ပုံရိပ်လေးက ဧည့်ခန်းအဝ၌ပေါ်လာ၏။
""ဟော...သမီးပြန်လာပြီလား
ဒီမှာကြည့်ပါဦး ဘယ်သူရောက်နေလဲလို့""
မိခင်ဖြစ်သူက မေးလေးတစ်ချက်ဆတ်ပြကာ ပြောသည့်ဘက်သို့ ချစ်ကြိုး ခေါင်းလေးငဲ့ကြည့်မိလျှင်ပဲ ရင်တွေတလှပ်လှပ်ခုန်သွားရသည်။ ကြိုးဘက်သို့ လှမ်းကြည့်နေသည့်မျက်လုံးတွေကို ရင်းနှီးလွန်းလှ၍ ငယ်ငယ်ကပုံရိပ်ကိုဖမ်းကာ သူဘယ်သူမှန်း အတပ်သိလိုက်ပေမယ့် သူကဖြင့်ခပ်ပြေပြေအကြည့်လေးဖြင့် အသိအမှတ်ပြုသလို လှမ်းကြည့်ရုံမှတစ်ပါး အနည်းငယ်လေးတောင် ပြုံးမပြသည်က ထူးဆန်းလှချည်လား။သူ...။သူရဲ့ငယ်သူငယ်ချင်းမလေး `ချစ်ကြိုးသွယ်´ကို သတိမှရပါလေစကွယ်...။
""ည...နင်မဟုတ်လား""
""အင်း..မတွေ့တာကြာပြီနော် ချစ်ကြိုး""
သြော်! နာမည်ကိုတော့ သူမှတ်မိတာပဲ။တော်ပါသေးရဲ့။ ငယ်ရုပ်ကလေးပေါ်နေဆဲဖြစ်ပေမယ့် အနည်းငယ်ပြောင်းလဲသွားခဲ့သော သူ့အသွင်သည် ကြိုး အရင်ကစိတ်မှန်းနဲ့ ပုံဖော်ကြည့်ခဲ့တာထက်ပင် ပိုချောနေပါ၏။သူ ကိုယ်တိုင် အိမ်ကိုရောက်လာခြင်းမဟုတ်ဘဲ လမ်းတစ်နေရာမှာအမှတ်တမဲ့လေးဆုံမိလျှင်ဖြင့် ကြိုး သူ့ကိုမှတ်မိနိုင်မယ်မထင်။
""မမ...ရှင်ရှင်ရဲ့ Blueberry Pieလေးရောဟင်""
""......""
""မမ!""
မမြင်တာကြာသည့် ငယ်သူငယ်ချင်းကိုလှမ်းကြည့်နေရင်းမှ ရှင်ရှင့်ခေါ်သံကြောင့်သတိပြန်ဝင်သွားရကာ...
""ဟင်...သြော်...မုန့်က ကားထဲမှာကျန်ခဲ့တယ်ထင်တယ်.. ညီမလေး သွားယူလိုက်နော်""
""ဟုတ်ကဲ့!
သြော်...သူငယ်ချင်းတွေပြန်တွေ့တာ စကားပြောကြလေ...ဘယ့်နှယ်ဒီအတိုင်းငြိမ်နေကြတာလဲ...ရှင်ရှင်တို့သူငယ်ချင်းတွေ ကျောင်းပိတ်လို့ခွဲပြီး လူချင်းပြန်တွေ့ကြရင်လေ...တစ်ယောက်နဲ့တစ်ယောက်ပြေးဖက်ကြတာ...ပြီးရင် စကားတွေလည်းအများကြီးပြောကြတယ်""
""အဟက်! ဒါကြောင့်ကိုး...လူကိုမြင်မြင်ချင်းပြေးဖက်တာ""
""ဟီး! ကိုကိုနဲ့လည်းမတွေ့တာကြာပြီလေ
စကားပြောကြဦးနော်...ရှင်ရှင်မုန့်သွားစားတော့မယ်""
ရှင်ရှင်ကတော့ ထုံးစံအတိုင်း အစားတစ်ခုကလွဲရင်ဘာမှစိတ်မဝင်စားစွာ မုန့်ယူဖို့ပြေးထွက်သွားပြန်လေ၏။ မေမေကလည်း မီးဖိုခန်းဘက်သို့ခဏဝင်သွားခဲ့သည့်အခါ ဧည့်ခန်း၌ ကြိုးနဲ့ လင်းညနှစ်ယောက်သာကျန်ရစ်ခဲ့တော့သည်။ ငယ်ငယ်ကခင်မင်ခဲ့ကြဖူးသူနှစ်ယောက်ဆိုပေမယ့် ကြိုးကတော့ ရှင်ရှင့်လောက် နှုတ်သွက်လျှာသွက်မရှိလှ၍ အထူးအထွေပြောစရာ စကားစလည်းရှာမတွေ့နိုင်ခဲ့ချေ။ သူကလည်း မေးတစ်လုံး၊ပြောတစ်လုံးဖြင့် အလိုက်သင့် အင်း၊အမ်း ပြန်ဖြေရုံကလွဲပြီး ဘာမှမပြောခဲ့တော့ သူငယ်ချင်းနှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံမှုက စိမ်းသက်သက်။
~~~~ 🍬🍬🍬🍬 ~~~~
""Ring Ring Ring!!""
""အား! နားငြီးလိုက်တာ
ငါထပြီ...ထပြီ...တကယ်ပဲ ထားရင်ထားတဲ့အချိန်သစ္စာရှိရှိ ထအော်နေတယ်...ရန်သူလို နှိုးစက်""
မျက်နှာတစ်ခုလုံးကို ခေါင်းအုံးဖြင့် ပြန်ဖိထားကာ လူကလည်း စောင်ပုံထဲနစ်မြုပ်နေလျက်မှ မြည်နေသည့် နှိုးစက်ကို လက်စမ်းရှာဖွေနေမိ၏။ တကယ်တော့ ဟိုးမနက်အစောကတစ်ကြိမ်မြည်ပြီးသားကို နာရီပြန်ရွှေ့၍ alarmပေးထားခြင်းပင်။ ညဘက်ဆိုဂိမ်းကစားတာများ၍ မိုးလင်းရင် ဖုန်းအားကdownနေပြီမို့ သီးသန့်နာရီဖြင့်နှိုးစက်ပေးထားရသည်။ နှစ်ခါရွှေ့ပေးထားသည့် alarmမြည်သံက အခုဆိုရင်ဖြင့် ၁၀နာရီတိတိ။
""ဟမ်...၁၀နာရီ
ငါ့ကျူရှင်...""
အိပ်မှုန်စုံမွှားဖြင့် နာရီကြည့်ကာ ကယောင်ခြောက်ခြားထ၍ ရေချိုးခန်းဝင်မည်ပြုပြီးမှ ကျူရှင်ပိတ်မှန်းသတိရသွားတော့ သက်ပြင်းမောလေးချကာ ကုတင်ထက်ပြန်ထိုင်နေလိုက်၏။ အခုက ၉လပိုင်းဆိုတော့ မကြာခင်ဆို စာမေးပွဲတောင်တစ်ခေါက်ပြန်ဖြေဖို့နီးလာပါရောလား...။ဟင်း! အချိန်တွေကလည်းမြန်လိုက်တာ။ အောင်စာရင်းစာရွက်မှာ ငါ့နာမည်မပါခဲ့တာ မနေ့တနေ့ကလိုပဲ...
""ဒေါက်...ဒေါက်!""
""သမီးရေ...ရှင်ရှင်လေး
နိုးပြီလား...သမီးအမေကနှိုးခိုင်းနေပြီ""
""သမီး နိုးပြီ...ကြီးနွယ် ကော်ဖီလေးဖျော်ထားပေးပါ""
""အေး အေး! ကြီးကြီး ဖျော်ထားမယ်
မြန်မြန်ဆင်းလာနော် သမီး""
အခန်းရှေ့မှ အသံပျောက်သွားတော့ ရှင်ရှင်လည်း ရေချိုးခန်းဆီလျှောက်သွားကာ ပုံမှန်လည်ပတ်ရမယ့်တနေ့တာအတွက် ပြင်ဆင်၍ အောက်ထပ်ဆင်းလာခဲ့တော့ လှေကားရင်းကိုခြေချသည်နှင့် မွှေးပျံ့နေသော ရနံ့တွေကဆီးကြိုနေလေ၏။
""မေမေတို့ ဘာတွေချက်နေတာလဲမသိဘူး""
"".....""
""မေမေ...""
""အမလေး...ကာလနဂါးမ
ကျူရှင်ပိတ်ရက်တိုင်း ဒီလိုပဲနေဖင်ထိုးအောင်အိပ်နေတော့မှာလား...မနက်စောစောလေးထပြီး စာကျက်မှပေါ့""
""မေမေကလည်း ညကကျက်တယ်လေ""
""အပိုမပြောနဲ့...ညဆိုရင်လည်းဂိမ်းတွေဆော့နေတာ ငါမသိဘူးထင်နေလား။ ကြာရင်အဲ့ဒီ့မျက်စိက ကန်းမယ်...နင့်စာကျက်ချိန်ကဘယ်အချိန်လဲ?မျက်စိနောက်အောင်မလုပ်နဲ့နော်...အဲ့ဒီ့ဖုန်းကိုသိမ်းပစ်လိုက်မယ်""
""ဟ! မေမေကလည်း တနေတနေ့ဒီဖုန်းလေးကိုပဲရန်ရှာနေတယ်""
ကြည့်! နှုတ်ခမ်းက စူရပြန်ပြီ။သူကဖြင့် လူကြီးပြောစကားကိုနားထောင်တာမဟုတ်။စာမေးပွဲကျတာ ဘယ်နှခါရှိပြီလဲ?ဉာဏ်လေးကောင်းချင်လျက်နဲ့ မကြိုးစားချင်တာကခက်နေသည်လေ။
""မေမေရယ်...ရှင်ရှင်ကအခုမှနိုးတာကို ဆူမနေပါနဲ့။ ညီမလေး...လာ...ဗိုက်ဆာတယ်မလား...မုန့်လာစား""
""ဟုတ်""
""အင်း..အင်း..အခုချိန်မှမနက်စာစားတော့ ဘယ်အချိန်ထမင်းစားမှာလဲ...လူက လူအိပ်ချိန်မအိပ်၊လူထချိန် မထ""
""ဟင့်! မေမေကလည်း ဆူပဲဆူနေတယ်
သမီးတစ်ရက်တစ်လေနားတဲ့ဟာကို...နောက်ဆိုစာမေးပွဲနီးလေ ပိုပင်ပန်းလေပဲ မေမေရဲ့""
""ပြောလိုက်ရင် ဒါပဲ""
""ဒါနဲ့ မမကဒီနေ့အလုပ်မသွားတာလား""
""ဒီနေ့အားလုံးရဲ့ ရုံးပိတ်ရက်လေ ညီမလေးရယ်
ဖေဖေတောင် အိမ်မှာရှိတဲ့ဟာ""
""အခု ဒီလောက်အများကြီးဘာတွေချက်ပြုတ်နေကြတာလဲ...မွှေးနေတာပဲ""
""သြော်..ဒါက နေ့လည်ကျရင်ဧည့်သည်တွေကိုထမင်းစားဖိတ်ထားလို့""
""ဖိတ်ပြန်ပြီ...ဒီဧည့်သည်တွေကလည်း စားစရာဒီတစ်အိမ်ပဲရှိလားမသိဘူး...ဘာလဲ ထပ်ပြီးမမနဲ့သဘောတူမယ့်သူလား""
""ဟယ်...မဟုတ်ပါဘူး သမီးရယ်
ဟိုဘက်ခြံက ခင်တို့မိသားစုပါ""
""အမလေး! မေမေရယ်..ဒီလောက်ခြံချင်းကပ်လျက်နေတာကို တကူးတကထမင်းစားဖိတ်နေရတယ်လို့""
နှုတ်ခမ်းလေးမဲ့ကာ မေးထောက်၍ပြောလာပုံက ငြူငြစူစူ။ကြည့်ဦး! သူကဖြင့် သူများအိမ်မှာဧည့်သည်သွားလုပ်တာ မနေ့တနေ့ကမှလေ။
""နင်တောင်မှ ဟိုနေ့က သူ့အိမ်မှာမုန့်ဟင်းခါး၃ပွဲသွားစားသေးတာပဲ...သူတို့ကျတော့ဒီမှာစားလို့မရဘူးလား""
""မရဘူးလို့သမီးမပြောပါဘူးနော်""
""လင်းညက နိုင်ငံခြားမှာအနေကြာတော့မြန်မာပြည်ကအစာတွေ မစားဖြစ်လို့သူ့အမေကချက်ကျွေးတာလေ...နင်ကမြန်မာပြည်မှာနေပြီး ဘာကိစ္စနဲ့အဲ့လောက်တောင်စားခဲ့လဲ""
""မေမေကလည်း သမီးက မေလေးရဲ့လက်ရာကိုအားပေးတာပါ။ပြီးတော့ သမီးတို့ကမိသားစုတွေပဲဟာ...ဘာလို့ခွဲခြားနေမှာလဲ။အဲ့နေ့ကလည်း သူတို့က တစ်မိသားစုလုံးကိုဖိတ်တာလေ""
ချစ်သည်းရှင်ရဲ့စကားအရာကတော့ အဲ့လိုကျင်လည်ပါသည်။ သူ့အပြစ်မပါအောင် သေချာ စီပြီးပြောသွားသည့် လေကြောမှာ ချစ်ကြိုးတို့သားအမိနှစ်ယောက်မျောပါ၍ နောက်ဆုံးတော့လည်း မပြုံးမိပဲမနေနိုင်ပြန်ခဲ့ပေ။ ဒီကောင်မလေးနဲ့တော့ တကယ်ခက်တာပါပဲ။ သူ့ကိုစိတ်ဆိုးအပြစ်တင်နေတဲ့သူကိုတောင် စကားလုံးလေးတွေနဲ့ အပိုင်ချုပ်နိုင်သည့် အဖြူရောင်ပရိယာယ်တို့မှာ ဘယ်လိုလူကများ မကျရှုံးပဲနေနိုင်ပါ့မလဲ?
သို့ပေမဲ့ များစွာသော ထိုကျရှုံးမှုတွေထဲ တစ်စုံတစ်ယောက်ကိုတော့ မပါစေလိုခဲ့တာ ချစ်ကြိုးရဲ့ ဆန္ဒအမှန်ဆိုရင်...ဤလိုအင်လေးပြည့်မြောက်နိုင်ပါ့မလားကွယ်။
~~~~ 🍬 ~~~~
""ဟယ်...ခင်တို့ရောက်လာပြီလား""
""အတင်းခေါ်လို့သာ လာရတယ်သက်ရယ်
တကူးတကြီး အားနာစရာ""
""အားနာစရာမဟုတ်ပါဘူး
မိသားစုအချင်းချင်းတွေပဲဟာ...ကိုယ့်အိမ်မှာစားတယ်ပဲသဘောထား...ပြီးတော့ သက်တို့ချည်းပဲဆုံနေတာ...မိသားစုနှစ်ခုလုံးလူပြည့်အောင် မစုံဖြစ်ဘူးရော်""
""ဟုတ်ပါ့ဗျာ...ကိုပြည့်စုံနဲ့ကျွန်တော်တောင်တစ်ခါမှမဆုံဖြစ်သေးဘူး...ကလေးတွေကိုလည်းကောင်းကောင်းမှမတွေ့ရသေးပဲ...ဒီလိုစီစဥ်လိုက်တာ ကောင်းတာပေါ့..ဟား ဟား!""
မိဘချင်းတွေ မျက်နှာစုံညီစကားပြောနေချိန် လင်းညတစ်ယောက်ကတော့ မျက်လုံးလေးဟို သည်ရွှေ့ကာ ငဆိုးချာတိတ်လေးအားရှာဖွေနေမိသည်။ကလေးက စာမေးပွဲပြန်ဖြေဖို့ကြိုးစားဆဲလို့တော့ သူသိထားတာမို့ ဒီအချိန် ကျူရှင်သွားနေတာလား။ဒါမှမဟုတ် စာများကျက်နေတာလား။
""အားး...ရှုံးပါပြီကွာ
Teamကိုက အသုံးမကျတာ
မင်းမိန့် နင်outတော့!""
အသံစူးစူးလေးဖြင့်ထအော်လိုက်သည်ကိုတော့ ကြားလိုက်ရပေမယ့် ဘယ်ကအော်လိုက်မှန်းမသိ။ကြည့်ရတာ ဂိမ်းဆော့နေတာထင်ပါရဲ့။ကိုယ့်အထင်နဲ့ တက်တက်စင်အောင်လွဲတာပဲ။
""ကြည့်...ဟိုကလေးမလေးဟာ ဂိမ်းဆော့ရင်လည်းပါးစပ်ကအငြိမ်မနေဘူး...""
"".......""
လူကြီးတွေ စကားတပြောပြောဖြင့်ထမင်းဝိုင်းရောက်ခဲ့တော့မှ သူ့အဆိုးလေး အောက်ထပ်ဆင်းလာသည်ကို လှမ်းမြင်လိုက်တော့ မျက်နှာထက် ပြုံးယောင်သမ်းသွားရပြန်သည်။
""ဆိုး...စာမကျက်ဘဲ ဂိမ်းပဲဆော့နေတာလား""
""ဟုတ်ပါ့ သားရယ်...စာကျက်ဖို့ဆိုအာပေါက်မတတ်ပြောရတယ်""
""စာကအစောလေးတင်ကျက်ပြီးတာ ကိုကိုရဲ့...ဟဲ..ဟဲ!..ဟင်းတွေတောင်အဆင်သင့်ဖြစ်နေပြီ...ခဏလေး သမီး ထမင်းထည့်ပေးမယ်နော်""
စာအကြောင်းပြောသည်နှင့် သိသိသာသာစကားလမ်းလွှဲကာ ဧည့်ဝတ်တွေကျေပွန်နေသူ မိဆိုးကြောင့် သူ့မှာရယ်ချင်နေရပြန်သည်။ဒီကလေးမလေးနဲ့ တွေ့ရင်ကို အလိုလိုပျော်နေသည့်ခံစားချက်က သူ့အတွက်တော့ တကယ့်ကိုကမ္ဘာသစ်လေးတစ်ခုပိုင်ထားရသည့်အလားပင်။
""အမှန်တော့ မေလေးတို့ထမင်းလာစားမယ်မှန်းသိရင်လေ သမီး ကူညီပြီးချက်ပြုတ်ပေးချင်တာ...စာကျက်နေလို့မအားတာရော၊ကြိုမသိတာရောကြောင့် မချက်ပေးဖြစ်တာ""
""ဟယ်...သမီးလေးကအချက်အပြုတ်တော်တယ်ပေါ့...လိမ္မာလိုက်တာ""
""သမီးက စာမေးပွဲအောင်ပြီးရင် အထူးဟင်းလျာသင်တန်းတွေပဲတက်တော့မှာ...သမီးက chief cookဖြစ်ချင်တာလေ""
""ဟုတ်လား...ဒါဆို မေလေးတို့တော့ငါ့သမီးလေးလက်ရာစားရမှာပေါ့""
""အမလေး! သွားပြီး အထင်မကြီးပါနဲ့ခင်ရယ်
သူက Onlineနဲ့You Tubeတွေကနေရှာကြည့်ပြီး လက်စမ်းနေတာ...သူချက်တာတော့အကောင်းပဲ ပြီးရင် ဘာမှစားလို့ရတာမဟုတ်ဘူး...အကုန်ပစ်ထုတ်ရရော""
""သြော်...
အဟင်းဟင်း...သမီးကတော့လေ'"
လူကြီးတွေအားလုံးသဘောတကျရယ်မိကြသလို လင်းညကိုယ်တိုင်ပင် ဟက်ခနဲရယ်မိသွားရကာ ဆိုးရဲ့မျက်နှာလေးကို လှမ်းကြည့်တော့အလိုမကျမှုအပေါင်း ခညောင်းလျက် စူပုပ်နေချေပြီ။သူ့အတွက်တော့ ထိုမျက်နှာလေးကလည်း ဖျစ်ညှစ်ပစ်ချင်စရာကောင်းလောက်အောင်အသည်းယားစေပါ၏။
""မေမေကလေ..အမြဲဒီအတိုင်းပဲ
အဟင့်!...အားလုံးကလည်းဝိုင်းရယ်တယ်
တော်ပြီ...စိတ်ဆိုးတယ်...ထမင်းမစားတော့ဘူး""
""ဟင်!""
""ဟယ်တော်""
စိတ်ဆိုးလို့ထမင်းမစားတော့ဘူးဆိုကာ စူစူပုပ်ပုပ်ဖြင့် အရွက်ကြော်ပန်းကန်ကြီး ကောက်ယူ၍အပေါ်ထပ်သို့တက်သွားလေသူကြောင့် လူကြီးတွေမှာ ရယ်ရမလိုလို ဆူရမလိုလိုဖြင့်လမ်းပျောက်စွာကျန်ရစ်ခဲ့တော့၏။
""သူပြောတဲ့ထမင်းမစားဘူးဆိုတာ ထမင်းအစားတခြားဟာစားမှာကိုးး""
""အဲ့ကလေးတစ်ယောက်နဲ့တော့တကယ်ကိုမနိုင်တာ""
""ချစ်စရာလေးပါ သက်ရယ်။ကြိုးလေးကအနေအေးတော့ နှစ်ယောက်လုံးဒီလိုလေးဆိုပျင်းရမယ်လေ...ရှင်ရှင်လေးကြောင့်ပျော်ရတာပေါ့...ကိုယ်ကတော့ ချစ်တယ်...""
မိဘတွေချင်းစကားပြောနေချိန် ကြိုး မကြာခဏအကဲခတ်ကြည့်မိသည်က လင်းညရဲ့မျက်နှာကိုပင်။ရှင်ရှင့်ကို တွေ့လိုက်တိုင်းတရင်းတနှီးပြောဆိုတတ်သည့်သူ...အခုလည်း ခဏတိုင်း သူ့နှုတ်ခမ်းတွေပြုံးနေတာကို ကြိုး လှမ်းမြင်နေရပါ၏။တကယ်ဆို ရင်းနှီးနေသူတွေချင်းဖြစ်သည့်တိုင် ဧည့်သည်တွေရှေ့မှာ ဒီလိုလုပ်သွားတဲ့ ရှင်ရှင့်အပြုအမူဟာ သိပ်ကိုရိုင်းပါသည်။ ဒါကိုတောင် သူက အစကနေအဆုံးအထိ ချစ်စနိုးလေးကြည့်ကာ ရယ်နေခဲ့သည်တဲ့လား...။
""......""
တကယ်ပင် ထမင်းစားချိန်တစ်လျှောက်လုံး ပြန်ပေါ်မလာတော့သည့် ဆိုးအကြောင်းကို သူတွေးရင်း တွေးရင်း ပိုအသည်းယားမိသည်။အလိုမကျတိုင်း စိတ်ကောက်တတ်သည့် မိန်းကလေးမျိုးကို သဘောမကျဘူးလို့ ဒီနှုတ်ခမ်းတွေက ဝန်ခံခဲ့ဖူးပေမယ့် အခုတော့ သူ့သဘောထားကို နွဲ့ဆိုးနဲ့တွေ့တိုင်း တဒိတ်ဒိတ်အခုန်မြန်တတ်သည့် နှလုံးသားကဆန့်ကျင်ခဲ့ပြီ ထင်ပါသည်။
ကိုယ့်ရင်ခုန်သံတွေ တည်ငြိမ်နေခဲ့တာ မင်းလေးကိုပြန်ရှာမတွေ့သေးလို့ထင်ပါရဲ့။ အရင်က ကလေးဆန်တာတွေမကြိုက်ဘူးလို့ ပြောမိတဲ့ကိုယ့်စကားလည်း မင်းကြောင့်အရာရောက်နိုင်မယ်မထင်တော့ပါဘူး ကလေးရေ...
ဟုတ်တယ်။အဲ့ဒီ့စကားကို ပြန်ရုတ်သိမ်းတယ်။နောက်ဆို ဘယ်သူမေးမေး ကိုယ်က ကလေးဆိုးလေးတစ်ယောက်ကိုမှ ချစ်မိသွားပါတယ်လို့ ဖြေရတော့မှာပါပဲ...
""အဟက်!""
ဟော! ပြုံးမိရပြန်ပါပြီ။ ချစ်သည်းရှင်ဆိုတာ အတွေးလေးထဲကနေတောင် သူ့အာရုံကိုလှမ်း၍ ပြုစားရက်သော လူဆိုးမလေးပါပဲ~~~
(အင်း...ရယ်နေပါ။ နောက်ဆို သူ့လက်ရာတွေနင်ပဲစားရမှာ😎)
~~~~ 🍬🍬🍬🍬 ~~~~
အခန်း - [ ၇ ]ဆက်ရန်
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)