🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၅ ] ♡ ••••••••••••
မျက်နှာကြီးတည်တင်းလျက် စတိုင်ကျကျလျှောက်လာနေသည့် သူ့ခြေလှမ်းတွေဟာ ခဏချင်းမှာပင် ရှင်ရှင့်အနီးသို့ရောက်လာခဲ့သည်ဆိုလျှင်ပဲ ဘာလုပ်ရမည်မဝေခွဲနိုင်သေးသော ဦးနှောက်ရဲ့အဖြေကိုလျစ်လျူရှုလျက် ခြေထောက်အစုံကတော့ အလိုလို နောက်ပြန်လှည့်မိလျက်သား...။
""မဖြစ်ဘူး မဖြစ်ဘူး
ငါ အလျော်မပေးနိုင်ဘူးနော်""
""အ! အ!""
အသားကုန် သုတ်ခြေတင်ပြေးမည်ကြံရွယ်သော်လည်း လက်တွေ့ကတော့ထင်သလောက်မလွယ်ကူခဲ့သည်မှာ...
""ဘယ်ပြေးမှာလဲ...အဲ့ဒါ""
လင်းညလည်း ပြသာနာအကျိုးအကြောင်းကိုဖြေရှင်းရန် ထိုကောင်မလေးဆီသို့ လျှောက်လာခဲ့၏။သို့သော် အနားသို့ရောက်လုရောက်ခင်၌ သူ့အား ကျောခိုင်း၍ တစ်ချိုးတည်းလှည့်ပြေးလေသော ချာတိတ်မကို ကျောဘက်ရှိလွယ်အိတ်သေးသေးလေးမှ ဖျတ်ခနဲလှမ်းဆွဲထားလိုက်တော့ ပြေးသာပြေးနေသည့် ခြေထောက်တွေက ရှေ့မရောက်ဘဲ ယက်ကန်ယက်ကန်ဖြစ်နေလေရဲ့ ။
""မေးနေတယ်လေ...ဘယ်ပြေးမှာလဲလို့""
ထပ်မေးလာသည့် သူ့အသံက ပို၍ပင်မာကျောလာသယောင်။ လက်ထဲဖမ်းမိနေမှတော့ လွတ်နိုင်ဖို့လည်းမရှိတော့တာ အသေအချာမို့ ရှင်ရှင်စိတ်ကိုလျှော့ချလိုက်ရင်း သနားစဖွယ်မျက်နှာငယ်လေးဖြင့် သူ့ဘက်သို့ ပြန်လှည့်ကြည့်ကာ...
""ပြေးမလို့မဟုတ်ပါဘူး
အနောက်မှာ သူငယ်ချင်းတွေကျန်ခဲ့လို့ပါ""
""ဟင်!""
အသံငယ်ငယ်လေးဖြင့်ပြန်ပြောကာ အစွမ်းကုန်ညှိုးငယ်နေသော မျက်နှာလေးဖြင့်ပြောလာပါသည့် ထိုစကားအတွက် သူ့မှာခွန်းတုံ့ပြန်ဖို့မရှိခဲ့။ ရုတ်တရက်လှည့်ကြည့်လာသည့် မျက်လုံးဝိုင်းဝိုင်းလေးများ၌ မျက်ရည်လေးတွေဝေ့သီနေကာ အသံလေးကလည်း တုန်တုန်ယင်ယင်နဲ့မို့ ထိုမျက်ဝန်းငယ်မှာ ရုတ်တရက်ကျရှုံးသွားရတာ ဝန်ခံချင်ပါ၏။
နက်မှောင်ဝိုင်းစက်နေသည့် မျက်ဆံလေးနှင့် မျက်ဝန်းတောက်တောက်လေးတွေပေါ်မှ ကောညွှတ်ရှည်လျားသည့် မျက်တောင်တွေဝန်းရံနေပြီး ပန်းရောင်သမ်းနေသည့် ပါးမို့မို့လေးကလည်း အသည်းယားစဖွယ်။ နှာတံစင်းစင်းလေးနဲ့ မေ့စေ့လုံးလုံးလေးရဲ့အလယ်မှာ နှုတ်ခမ်းဖူးလေးက ပန်းနုရောင်အတိ။ ကျောလယ်ခန့်သာရှိသည့် ဆံနွယ်လေးတွေက လှိုင်းတွန့်သဏ္ဌာန် ကောက်လိမ်လိမ်လေးရှိကာ ဘေးဘက်၌ stawberryသီးပုံစံ ကလစ်လေးလည်းပန်လို့...။ ဝတ်ထားသည်က ပန်းရောင်ဂါဝန်အတိုလေးပဲမို့ သူ့မျက်စိရှေ့က ချစ်စဖွယ် ထိုပန်းရောင်လေးသည် အရုပ်မလေးနဲ့တောင် တူနေ၏။
""ဘာမှလည်းဆက်မပြောဘူး
ပြောချင်တာရှိရင်ပြောပါ...မျိုသိပ်မထားပါနဲ့""
ထိုလူက ရှင်ရှင့်မျက်နှာကိုစိုက်ကြည့်ပြီး ဘာမှဆက်မပြောတာကြောင့် ပိုတောင်ကြောက်လာရသည်။လူကို တရားခံလိုလည်းဖမ်းဆွဲထားသေး...ပြီးတော့ဘာမှလည်းမပြောဘူးလေ။ အတော်လေးရှည်လျားသော သူ့အရပ်ကိုမော့ကြည့်ရသည်မှာလည်း မလွယ်။ ကိုယ်ကအမှားလုပ်ထားသူမို့ စေ့စေ့မကြည့်ရဲပေမယ့် အနည်းငယ်သော အကဲခတ်မှုမှာတင် သူက အတော်လေးကြည့်ကောင်းချောမောသူတစ်ယောက်မှန်း မြင်ထားပြီးသားပင်။
""ဟေ့...ဘာလို့မျက်ရည်က ဝဲနေတာလဲ
ကိုယ်ဘာမှမပြောရသေးဘူးနော်""
""ဒါပေမဲ့ အခုပြောတော့မလိုလာတာလေ
ရုပ်တည်ကြီးနဲ့...ဟင့်! ဟီး!!""
ပြောကာမှ ချက်ချင်းပင်ငိုချလိုက်လေတော့ ပုလဲဥ မျက်ရည်ကြည်လေးတွေက ပါးပြင်တစ်လျှောက်တလိမ့်လိမ့်ကြွေဆင်းကုန်တော့၏။ မျက်နှာလေးကလည်း ချက်ချင်းပဲ ရဲတက်လာကာ ကိုယ်လေးသိမ့်သိမ့်တုန်အောင် ငိုကြွေးနေပုံက လမ်းသွားလမ်းလာတွေ မြင်လျှင်ပင် ကိုယ်ကပဲ ကလေးကိုအနိုင်ကျင့်နေသလို...။
""ငိုမနေနဲ့...မင်းအပြစ်မင်းသိလား?
မင်းလက်ချက်ကြောင့် ဟိုမှာ ကိုယ့်ကားဘာဖြစ်သွားလဲ မြင်လား?""
""တကယ်ပါ တကယ်ပါ
ညီမလေးကလေ အစ်ကို့ကားကိုတမင်ရည်ရွယ်ပြီးပစ်လိုက်တာမဟုတ်ပါဘူး...ဟင့်!""
""ဟုတ်မှာပါ..မင်းနဲ့ကိုယ် ရန်ငြိုးရန်စမှမရှိတာ
ဘယ်လိုပဲဖြစ်ဖြစ်၊ဘယ်ကိုပဲပစ်ပစ် ထိသွားတာတော့အမှန်ပဲလေ""
""တကယ်က သူခိုးကိုပစ်ချင်ခဲ့တာပါ။အဲ့ဒါ ခဲလုံးသွားမယ့်လမ်းမှာ ရှင့်ကားက ကန့်လန့်ခံနေလို့""
""ဘာ!""
မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြင့်ပြန်ပြောနေသည်က သူ ခဲပစ်မယ့်လမ်းမှာ ဝင်ခံမိသည့်ကိုယ့်ကားကပဲ အပြစ်ရှိသလိုလို။ ပုံစံက ကလေးပေါက်စန၊ ပြောတဲ့စကားက လူကြီးမဆန်။ တကယ်ပဲ...ဒါဘယ်လိုဟာလေးလဲကွာ...!
""ဒီမှာ ကိုယ်စကားအများကြီးမပြောချင်ဘူး
မင်း ဒီအရွယ်ရောက်နေပြီ...သူများပစ္စည်းကို ပျက်စီးစေပြီးရင် ဘာလုပ်ရမလဲ မသိဘူးလား?""
""ဟင်...သြော်..သြော်!
တောင်းပန်ပါတယ်...တကယ်မရည်ရွယ်ပါဘူးနော်""
သူ့ဆိုလိုရင်းကို သဘောပေါက်သလိုနှင့် ခေါင်းလေးတဆတ်ဆတ်ငြိမ့်ကာ ရိုရိုကျိုးကျိုးတောင်းပန်လိုက်ပြီးနောက် အားလုံးပြေလည်သွားသလိုပုံစံဖြင့် ပြုံးပြလာသည်မို့...
""ပြီးပြီလား""
""ဟုတ်...ပြီးပြီလေ""
""ဒါဆို ပျက်စီးသွားတာကိုဘယ်လိုတာဝန်ယူမှာလဲ""
""ဟင်! ရှင့်ကို ကြည့်ရတာဆင်းရဲပုံလည်းမပေါ်ဘဲနဲ့ ဒီမှန်လေးလဲတာ ကိုယ့်ဘာသာလဲလိုက်ပါလား""
""ကိုယ် မတတ်နိုင်လို့ပြောနေတာမဟုတ်ဘူး
တာဝန်မယူတတ်တဲ့ပုံစံကိုမကြိုက်တာ""
""ဟိုလေ...ညီမလေးကအခုမှ၁၀တန်းပဲရှိသေးတာပါ။အခုလည်းကျူရှင်ကနေပြန်လာတာ...စာရွက်စာတမ်းဖိုးလေးကလွဲရင် လက်ထဲမှာပိုက်ဆံများများစားစားလည်း မပါပါဘူး""
""ဒါဆို မင်းနာမည်ပြော..မင်းမိဘတွေရဲ့လိပ်စာပြော..သူတို့သားသမီးက လမ်းပေါ်မှာ ဒီလိုပြသာနာရှာနေမှန်း သိအောင်ပြောပြရမယ်""
""ရှင်!..အဲ့ဒါကလည်းလေ
ညီမလေးမှာ မိဘတွေမရှိပါဘူး အဟင့်!
ဖေဖေဆုံးသွားပြီးကတည်းက...တစ်နေ့တစ်နေ့မညှာမတာ ညှဥ်းပန်းနှိပ်စက် ရိုက်နှက်တဲ့ မိထွေးမကြီးနဲ့ပဲနေရတာပါ။အပြင်မှာ ဒီလိုပြသာနာဖြစ်မှန်းသာသိရင် ညီမလေးကို အိမ်ပေါ်ကနှင်ချမှာ...အီး...ဟီး!!""
မိဘတွေကိုပါတိုင်မယ်ဆိုတာကြောင့် အခြေအနေတွေ ရှုပ်ထွေးလာမည်စိုး၍ ရှင်ရှင်လည်းဉာဏ်နီဉာဏ်နက်မျိုးစုံသုံးကာ dramaခင်းပစ်လိုက်တော့သည်။သို့ပေမဲ့ ကံဆိုးစွာပါပဲ...သူကယုံကြည်သွားပုံမရဘဲ ခပ်တည်တည်ဖြင့်သာစူးစိုက်ကြည့်နေရင်းမှ...
""မင်းပုံစံက မင်းရဲ့ဇာတ်လမ်းနဲ့လွဲနေသလိုပဲ
ကြည့်ရတာ နှိပ်စက်ရိုက်နှက်ခံရပုံမပေါက်ဘဲ အတော်လေးအလိုလိုက်ခံရပြီး ထင်ရာလျှောက်လုပ်နေတဲ့ပုံပေါ်တယ်""
""ဘာပြောတယ်...ဒီမှာရှင်တရားလွန်လာပြီနော်
သူများဘဝကိုလက်လွတ်စပါယ်မဝေဖန်ပါနဲ့""
""ဒါဆိုအမှန်အတိုင်းပြောလေ""
""အဟင့်! ဒါအမှန်တွေပါပဲဆို...ရှင်မယုံလည်းနေ
အလျော်သိပ်လိုချင်နေတယ်ဆိုရင်တော့...""
ပါးစပ်ကပြောရင်း မျက်လုံးလေးတွေ ဟို သည်ရွှေ့ကစားကာ ခြေထောက်လေးကိုမသိမသာနောက်ဆုတ်လိုက်မိသည်။ကိစ္စတွေ ဒီထက်ပိုမရှုပ်ထွေးခင် ပြေးမှဖြစ်တော့မည်လေ..။သူ့ကြည့်ရတာ အလျော်မရမချင်း ပြီးမှာကိုမဟုတ်။ သူ့ကိုဒီအနီးအနားမှာလည်း မမြင်ဖူးတာမို့ ဒီရပ်ကွက်ကမဟုတ်မှန်းရိပ်မိပြီး လမ်းတွေမကျွမ်းကျင်လောက်မှန်းတွေးမိလိုက်ချိန်...ချက်ချင်းပဲမျက်လုံးတွေအရောင်လက်လာကာ...
""အလောင်းအစားလေးလုပ်ကြမယ်""
""ဘာ!""
""ဟုတ်တယ်...အခုထွက်ပြေးသွားတဲ့ ကျမကိုပြန်ရှာနိုင်ရင် ရှင့်ကားအတွက်အလျော်ပေးမယ်...ဟက်!""
""ဟမ်!""
သူမစကားကို အသေအချာတောင်မကြားလိုက်ရခင် ရုတ်တရက်အလစ်အငိုက်လှုပ်ရှားကာ ကြွက်ပေါက်လေးလို တစ်ချိုးတည်းပြေးသွားတာများလှစ်ခနဲ။လမ်းသွယ်ထဲဝင်ပြေးသွားတာကြောင့် ကားနဲ့အနည်းငယ်လှမ်းနေသည့် သူ့မှာ လမ်းပေါ်ရပ်ကျန်ခဲ့ရသည့်အဖြစ်။
တကယ့်လူဆိုးမလေးပဲ...။ပြေးလို့ရောလွတ်မယ်ထင်သလား...။ကျူရှင်ကပြန်လာတယ်ဆိုတော့ မင်းလည်းဒီအနီးအနားက ကလေးပဲဖြစ်မှာပါ။ ပြောသွားသေးတယ်...သူ့ကိုပြန်ရှာနိုင်မှအလျော်ပေးမယ်တဲ့! ကလေးဆန်လိုက်တဲ့ မိန်းကလေး...အဟွန်း။
ပြုံးခဲလှသည့် သူ့နှုတ်ခမ်းတွေ ဒီတစ်ခါမှာတော့ဖြင့် အလိုလိုကွေးညွှတ်နေရသည့်အဖြစ်က တကယ်ကိုဆန်းကြယ်ပါပြီ။ ဒါကိုလည်းသူကိုယ်တိုင်သတိထားမိပေမယ့် စပြီးဆုံမိတဲ့မျက်ဝန်းအကြည့်လေးမှာတင် ရင်ထဲ တဖျတ်ဖျတ်လှုပ်ရှားနေတဲ့ နှလုံးသားကတောင် ထူးဆန်းနေမှတော့ နှုတ်ခမ်းလေးတွန့်ကွေးရုံပြုံးမိခြင်းဟာ ပုံမှန်ပါပဲ။ တစ်သက်နဲ့တစ်ကိုယ် ဘယ်မိန်းကလေးကိုမှ အရေးတယူစေ့စေ့စပ်စပ်မကြည့်ဖူးပါဘဲ ထိုကလေးမကိုဖြင့် ခဏလေးအတွင်း ငေးမောမိသွားရတာလည်းအမှန်။
ဘာလဲ??
ဟိုချာတိတ်ပေါက်စကို ငါရင်ခုန်သွားတာလား
မဖြစ်နိုင်တာ~~
ခေါင်းခါမိပြန်သည်။ ရင်ခုန်သံကိုလျစ်လျူရှုလျက် မဖြစ်နိုင်ဘူးဆိုသည့်အတွေးအထပ်ထပ်ကိုသာ ပိတ်ဖုံးနေမိပေမယ့်လည်း သူ ဝန်မခံချင်ခဲ့သည့်အမှန်တရားက ထိုအခိုက်အတန့်လေးမှာ ရှိနေခဲ့ပါ၏။
ရယ်ချင်စရာလည်း ကောင်းပါရဲ့ ။ ကလေးဆန်ဆန်ပုံစံတွေမကြိုက်ပါဘူးဆိုတဲ့ လင်းညရိပ်...။ မတော်တဆ ပြသာနာလေးကြောင့် ခဏတဖြုတ်ဆုံမိတဲ့ အဲ့ဒီ့ပန်းနုရောင်ကောင်မလေးကို သူရင်ခုန်ခဲ့သည်တဲ့!
!ရှက်စရာကောင်းလိုက်သည့် ဖြစ်ခြင်း။!
~~~~ 🍬🍬🍬🍬 ~~~~
""ဟူး! အမလေးလေး...မောလိုက်တာ
အသက်ထွက်တော့မယ်""
ဟိုလူလိုက်လာမလားစိုးရိမ်စိတ်ဖြင့် လမ်းတစ်လျှောက်ကွေ့ပတ်ကာ မရပ်မနားပြေးလာပြီး နောက်ဆုံးတော့ အိမ်ရောက်ခဲ့ပါပြီ။ခြံထဲဝင်ဝင်ချင်းတွေ့လိုက်ရသည်က လမ်းမှာပျောက်ကျန်ခဲ့သော သူငယ်ချင်းနှစ်ယောက်...
""ရှင်ရှင်...နင်ဘာဖြစ်သွားသေးလဲ
စိတ်ပူလိုက်ရတာဟာ...အဲ့သူခိုးကိုဝိုင်းဖမ်းလိုက်ကြပြီလား""
""မသိပါဘူးဟာ...ငါမှမမီတာ
လူတွေအများကြီးဆိုတော့မိမှာပါ""
""ဒါနဲ့ နင်ကဘာဖြစ်လာတာလဲ
မောကြီးပမ်းကြီးနဲ့""
""ဟိုဟာ...ဟဲ..ဟဲ!ဘာမှမဖြစ်ဘူး
ငါ အပြေးလေ့ကျင့်ပြီးပြန်လာတာ""
""ဟမ်! ဒီအချိန်ကြီးလား""
""ဟုတ်တယ်ဟာ
ဒါနဲ့ ငါသူခိုးနောက်လိုက်တဲ့ကိစ္စ မေမေသိသွားပြီလား""
""ဟင့်အင်း...ငါတို့ဒီနေ့ကျူရှင်မတက်လို့စာလာကူးတာဆိုပြီးပြောလိုက်တယ်""
""အမလေး! တော်သေးတယ်
ဟူး""
မေမေမသိသေးဘူးဆို၍သာသက်ပြင်းလေးချနိုင်တော့သည်။ အပြင်မှာသူခိုးဖမ်းရင်းဘာဖြစ်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူ့ကိုမှပေးမသိဖြစ်တော့ပေ။ဟိုလူနဲ့ထပ်မဆုံရစေဖို့သာ ဆုတောင်းပါရဲ့။ဒီလိုဆို အကောင်းဆုံးပဲမဟုတ်လား...အလျော်ငွေလည်းမပေးရတော့ဘူးလေ...။
~~~~ 🍬 ~~~~
""တီ...တီ!""
ခြံရှေ့မှ ကားဟွန်းသံပေးလိုက်တော့ စောစောက Airportမှာတွေ့လိုက်သော ဦးခန့်ပဲပြေးလာကာတံခါးဖွင့်ပေးလေ၏။ ထို့နောက်အိမ်အဝမှာထပ်ပြီး တွေ့ရတာက မေမေ...။အိမ်ကိုတစ်ခါတည်း ပြန်ပါမလာ၍လားမပြောတတ်...မေမေ့မျက်နှာကတော့သိပ်မကြည်ချင်ပေ။ဖေဖေနဲ့ကတော့ အလုပ်ကိစ္စကြောင့်လတိုင်းဆုံဖြစ်၍ အမြဲတွေ့နေကျပါ။ ဒီနှစ်တွေတစ်လျှောက်မေမေနဲ့သာအနေဝေးခဲ့ရတာ...။
""ပြန်လာပြီကိုး
ဘယ်လိုဖြစ်ရတာလဲ...သွားကြိုခိုင်းတဲ့လူကတခြား၊ပြန်လာတဲ့သူကတခြား""
""သားက ကားခဏ ပတ်မောင်းနေတာပါ""
""ဟိုမှာ မမောင်းရတာကျလို့
အဲ! နေဦး...ကားမှန်ကဘာဖြစ်တာလဲ သား""
""သြော်...အဟင်း!
လမ်းမှာဗျာ...ကလေးမလေးတစ်ယောက်လက်ဆော့ပြီးလှမ်းပစ်လိုက်တာ""
""ဟယ်...အဲ့ဒါဘာမှမပြောဖြစ်ခဲ့ဘူးလား""
""သူကထွက်ပြေးသွားတယ်လေ
ဘာမှလည်းသိပ်မဖြစ်သွားပါဘူး...နည်းနည်းအက်သွားရုံပဲ""
ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေနေသည့်အပြင် မျက်နှာကပါ ပြုံးစေ့စေ့ဖြစ်နေလေတဲ့ သားတော်မောင်ကြောင့် ဒေါ်ခင်လေးမွန်က မျက်မှောင်ကျုံ့ကာကြည့်မိ၏။ သားကိုအပြင်မှာမမြင်ရတာကြာလို့ပဲလားမပြောတတ်...။နိုင်ငံခြားကိုမသွားခင်ကထက် အခုပြန်လာတဲ့ပုံစံက တော်တော်လေးကိုခံ့ညားချောမောနေတော့တာပါပဲ။
""သား...ဟိုကိုမပြန်တော့ရင်မရဘူးလား သားရယ်""
""လောလောဆယ်တော့ မပြန်သေးပါဘူးဗျာ
ဘာလဲ...သားကိုမိန်းမပေးစားဖို့တွေးနေပြန်ပြီလား""
""အေး...ယူရင်လည်းကောင်းတယ်
ဒါမှ ငါစိတ်မပူရတော့မှာ""
ထပ်တလဲလဲကြားနေရသည့်စကားကိုပဲ ပြောလာချိန်...သူရယ်သာရယ်နေလိုက်တော့သည်။စိတ်ထဲမှာလည်း ခေတ္တမျှမြင်ခဲ့ရသော ပန်းရောင်အရုပ်မလေးကို ဖျတ်ခနဲသတိရမိပြန်၏။
ဘာလို့မှန်းမသိ...အဲ့ဒီ့ကောင်မလေးရဲ့မျက်လုံးတွေက သူ့အတွက်စိမ်းသက်မနေခဲ့တာ တွေ့စကတည်းက။ အိမ်ပြန်လာသည့် လမ်းတစ်လျှောက်မှာလည်း လင်းည တလေးတနက်တွေးနေခဲ့သည်မှာ သူမလေးက ဘာကြောင့်များ ဒီလိုထူးခြားနေရပါလိမ့်ဆိုတာပင်။
ကိုယ်တို့ အရင်က ဆုံများ ဆုံခဲ့ဖူးသလား ချာတိတ်ရယ်~~
~~~~ 🍬🍬🍬🍬 ~~~~
ဤရေမြေကို ပြန်ရောက်တာမကြာသေးတဲ့အပြင် ကိုယ်နဲ့ မရင်းနှီးသေးသည့်ပတ်ဝန်းကျင်အသစ်လေးမို့ အိမ်အပေါ်ထပ်ဝရံတာမှ ဟိုဟိုသည်သည် လှမ်းကြည့်ရင်း အကဲခတ်နေမိ၏။ညနေခင်းလေပြေလေးက တဖြူးဖြူးတိုက်ခတ်နေကာ ကိုယ့်ခြံကိုယ့်ဝန်းနဲ့ တသီးတခြားဆီနေကြသည်မို့ ဘေးပတ်ဝန်းကျင်သည်လည်း တိတ်ဆိတ်အေးချမ်းလျက်ပင်။
ဘာရယ်မဟုတ် လှမ်းကြည့်နေစဥ်မှာပင် ဘေးချင်းကပ်ရှိနေသည့် တစ်ဖက်ခြံဝန်းဘက်သို့အကြည့်ရောက်မိသွားသည့်အခိုက် သူ့မျက်လုံးအစုံကလည်း ခေတ္တမျှရပ်တန့်သွားရ၏။ မြက်ခင်းစိမ်းစိမ်းထက်ရှိ အဖြူရောင်ဒန်းလေးပေါ်၌ ခြေထောက်လေးချကာ ထိုင်နေသည့်ကောင်မလေးသည် နေ့လည်ကတင် သူနဲ့ဆုံခဲ့သော ဟိုပြသာနာမလေးမဟုတ်လား...။
ဒီလောက်နီးနီးလေးမှာ ပြန်တွေ့ရမည်မထင်ခဲ့၍ သူအသေအချာလှမ်းကြည့်မိသွားစဥ် ချာတိတ်မကလည်း ဒီဘက်သို့ဖျတ်ခနဲမော့အကြည့်နှင့် ဆုံလေ၏။
""......""
စာတွေကျက်ရင်း ခေါင်းရှုပ်လာတာမို့ ခြံထဲခဏလေးဆင်းထိုင်ကာ လေညင်းခံရင်းမှ တစ်ယောက်ယောက်လှမ်းကြည့်နေသလို ခံစားချက်ကြောင့် မျက်လုံးကိုရွှေ့အကြည့်...ရှုပ်နေသည့်ခေါင်းပင် ချာချာလည်သွားသလားမှတ်ရအောင် ပြာဝေသွားရသည်။
ရှင်ရှင့်ကို စားမတတ်၊ဝါးမတတ် မျက်လုံးစူးစူးကြီးတွေနဲ့လှမ်းကြည့်နေသူက ဟိုကားပိုင်ရှင်မဟုတ်လား။ဒါဆို အဲ့ဒါ သူ့အိမ်လား?။ အမလေး! အကြွေးရှင်နဲ့မှ အိမ်ချင်းကပ်လျက်လာဖြစ်နေရတယ်လို့နော်...။မြတ်စွာဘုရားရေ!...ဒါဘယ်လိုကံတရားပါလိမ့်။
တစ်ဖက်ခြံကလူဟာ ကားပိုင်ရှင်မှန်းသိသိချင်းမှာပင် ရှင်ရှင့်တကိုယ်လုံး မီးတောက်မတတ်ပူလောင်သွားကာ လူကလည်း ဘယ်နေရမှန်းပင်မသိ။ထို့နောက် ကိုယ်ပေါ်ဝတ်ထားသည့် hoodieအဖြူရောင်လေးမှ ခေါင်းစွပ်ကို ချက်ချင်းကောက်စွပ်လိုက်ပြီး နေရာမှထပြေးရန် ခြေလှမ်းရွယ်လိုက်စဥ်...လျှပ်တပြတ် ခေါင်းထဲရောက်လာသည့် အတွေးတစ်ခုက လက်ခနဲ။
""အဲ့ဒီ့ဘက်ခြံမှာ မေလေးတို့နေတာလေ
ဒါ...ဒါဖြင့် သူက...မေလေးရဲ့သား
ငါ့ကိုကိုည...""
မလွဲနိုင်သည့်အဖြေတစ်ခုကိုရသွားစဥ် ပျော်ပျော်ကြီးကို ပြုံးမိသွားရသည်။သူ့ကိုသိပ်ပြီးမမှတ်မိလှသလို အနေဝေးတာလည်းကြာခဲ့ပြီမို့ အနည်းငယ်စိမ်းသက်နေပေမယ့် ကလေးဘဝရဲ့ ခပ်ရေးရေးမှတ်ဉာဏ်မှာတော့ ရင်းနှီးခဲ့ဖူးကြတာ သိနေပါသည်။
""Oh!! Yes...ဒီလိုကျတော့လည်း ငါလေးကံကောင်းသွားပြန်ရော...သိပြီးသားလူတွေဆိုတော့ ပြောရဆိုရအဆင်ပြေလောက်တယ်""
ကိုယ့်အတွေးနဲ့ကိုယ် သာယာသွားကာ လက်ခုပ်လေးကျိတ်တီးလျက် ခုန်ဆွခုန်ဆွဖြင့် သူ့ဘက်သို့ပြန်ကြည့်တော့ ထိုနေရာ၌မရှိတော့ပေ။
""ဟင်..ဘယ်ရောက်သွားတာ?""
""Ring Ring!""
မျက်လုံးလေးကလယ်ကလယ်ဖြင့် လျှောက်ကြည့်ရှာဖွေနေစဥ် ခြံတံခါးဆီမှ လူခေါ်ဘဲလ်သံကြီးကထွက်ပေါ်လာလေပြီ။ ဘုရား! သူတကယ်လာတာပဲ...မဖြစ်ဘူး မဖြစ်ဘူး...နေ့လည်ကအကြောင်းကိုလူကြီးတွေဆီ တိုင်မပြောခင် ငါအရင်နှုတ်ပိတ်ထားမှ...။
အတိုင်မခံလိုသည့်စိတ်ကလေးနဲ့အတူ အိမ်ဘက်သို့လှမ်းကြည့်လိုက်မိ၏။ အထဲက တစ်ယောက်ယောက်ထွက်မလာခင် ခြံတံခါးဆီသို့လေအလျင်ဖြင့် တဟုန်ထိုးပြေးသွားကာ တံခါးရဲ့တစ်ဖက်၌ ခြေစုံလေးရပ်မိပြီး...
""Bellမတီးနဲ့တော့
ဒီဘက်မှာလူရှိတယ်""
""အင်း...ရှိမှန်းသိတာမို့လို့
မြန်မြန်ထွက်လာ""
ဟင်း! ပြောသံကြီးကလည်းမာနေရော။ဘယ်လိုပဲဖြစ်ဖြစ် ပြေလည်အောင်ညှိရမယ်...ဟူးးး!ငါလုပ်နိုင်တယ်...fighting
ကိုယ့်ကိုယ်ကို အားပေးရင်း တံခါးဆီသို့လက်လှမ်းကာ ဖွင့်လိုက်သည်နှင့်...တွေ့ရပါပြီ။ ခပ်စူးစူးမျက်လုံးအကြည့်တွေ...။
ရှင်ရှင်လည်း မျက်နှာတည်နှင့်ရပ်နေသူကိုလှမ်းကြည့်ကာ သွားတန်းလေးပေါ်သည်အထိအစွမ်းကုန်ပြုံးပြလိုက်ရင်းမှ ခြေလှမ်းကိုရှေ့သို့ဆက်တိုးလျက် မမြင်တာကြာသည့် သူ့အား လေသံဖမ်း၍ ကြိုဆိုနှုတ်ဆက်လိုက်သည်က...
""ကိုကို!!...
မတွေ့တာ အရမ်း အရမ်း အရမ်းကိုကြာနေပြီရော်!
ရှင်ရှင့်ကိုမှတ်တောင်မှတ်မိသေးရဲ့လား...ညီမလေးက ကိုကို့ကိုသတိရနေတာ""
တံခါးဖွင့်လာသည်နှင့် သူ့အားချစ်စဖွယ်လေးပြုံးပြ၍ ရင်ခွင်မီအရပ်လေးဖြင့် ခြေဖျားထောက်ရင်း လက်လေးတွေကလည်း သူ့လည်တိုင်ဆီသို့လှမ်းဖက်လျက် တွဲလဲခိုကာ တရင်းတနှီးပြုမူလိုက်သည်မို့ လင်းညတစ်ယောက် ရုတ်တရက် အသက်မဲ့သူပမာ ကြောင်အသွားရပါ၏။ ထို့နောက်မှ ခေါင်းထဲသို့ဖျတ်ခနဲဝင်လာသည်က သူ့ကို ကိုကိုခေါ်ပြီး သည်လိုချွဲနွဲ့တတ်သူဟာ ဟိုကလေးလေးတစ်ယောက်သာရှိသည်ကိုပင်။
ဟုတ်တာပေါ့။ သူတို့ပြောင်းလာသည့်အိမ်ဘေးမှာ ငယ်ငယ်ကအိမ်နီးချင်းတွေဖြစ်ဖူးသည့် အန်တီသက်ထားတို့နေတယ်ဆိုတာ ဒီကိုပြန်မလာခင်ရက်ပိုင်းမှာတင် မေမေပြောပြခဲ့ဖူးတာပဲ။အဲ့ဒီ့အချိန်ကတော့ ပြန်လာဖို့နဲ့အလုပ်ကိစ္စတွေရှုပ်နေ၍ ထိုစကားကို ကြားသော်လည်း အမှတ်တမဲ့ဖြစ်နေခဲ့တာ။ပြန်ဆုံမယ်လို့ ကတိပေးထားသည့် ငယ်စဥ်ကအကြောင်းအရာတို့သည်လည်း ၁၃နှစ်ကျော်ဝေးကွာလာခဲ့ခြင်းရဲ့နောက် ကလေးဘဝမှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းအဖြစ်သာကျန်ရှိနေတော့သည်လေ။ အမြဲသတိရဖြစ်ပေမယ့် အနေဝေး၍ ခပ်အေးအေး ငြိမ်သက်နေသော ခံစားချက်တို့မှာ အခုသူ့ရင်ခွင်ထဲ တိုးဝင်လာသည့် ဒီကလေးကြောင့် နွေးထွေးရင်ခုန်ရခြင်းက လိုအပ်တာထက်ပင် အဆများစွာပိုနေသလိုပါ။
ဒါကြောင့်ကိုး! မင်းကို စတွေ့ကတည်းက သူစိမ်းလေးလို့ မခံစားရတာ...
`ဆိုး´...မင်းက ကိုကို့ရဲ့ နွဲ့ဆိုးလေးပဲ
"".......""
ကိုယ်ကသာ စကားတွေပြောလိုက်ပေမယ့် ဘာတုံ့ပြန်မှုမှမလာသေးသူကြောင့် ရှင်ရှင် စိတ်တွေလည်းရှုပ်သွားရပါပြီ။ တကယ်က ကလေးဘဝမှာသာ ရင်းနှီးခဲ့သည့် သူ့ကို အခုလူကြီးပုံစံနဲ့ သိပ်လည်းမမှတ်မိပါဘဲ ဟိုဘက်ခြံမှာတွေ့လိုက်ရသည်နှင့် ကိုကိုညလို့အပိုင်တွက်မိတာ မှားချေပြီလား။ဟုတ်တော့ဟုတ်မှာပါ...မေလေးက သူ့သားပြန်လာတော့မယ်လို့ပြောတာပဲလေ။ ဒါနဲ့သူက ငါ့ကိုဘာလို့စကားပြန်မပြောတာလဲ? မတ်တပ်မေ့သွားတာလား?
တကယ်ပါပဲ။အရင်က သူနဲ့မခွဲနိုင်လို့ အိမ်မပြောင်းပါဘူးဆိုပြီး အော်ငိုခဲ့မိသည့်ပုံရိပ်ကိုပင် သတိရတိုင်းမျက်နှာပူမဆုံးတာပါဆို...အခုတော့ ကိုယ်ပြုထားသည့်အပြစ်ကြောင့် မြင်မြင်ချင်း မျက်နှာချိုသွေးနေရပြန်တဲ့ ဘဝ...
ဟင်း! သေစမ်းပါတော့ ချစ်သည်းရှင်ရယ်~~
~~~~ 🍬🍬🍬🍬 ~~~~
အခန်း - [ ၆ ]ဆက်ရန်...
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)