🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
••••••••••• ♡ အခန်း [ ၄၆ ] ♡ •••••••••••
အတာသင်္ကြန်ရဲ့နောက်ဆုံးရက် ညနေခင်းမို့ ကြည့်လေရာမှာလူတွေစည်ကားနေကာ ကားမှန်ဆီသို့လည်းရေတွေတဝုန်းဝုန်းလာထိခတ်နေ၏။ ကျပ်သိပ်နေသည့်ကားတွေကြားထဲမှ ခပ်ဖြေးဖြေးမောင်းနှင်လာရင်း မကြာခဏငဲ့ကြည့်မိနေသည်က ဘေးကမိန်းကလေးရဲ့မျက်နှာဆီ...။လူကဘေးမှာရှိသော်လည်းစိတ်ကဘယ်ဆီလွင့်နေသည်မသိပါ။စကားလည်းမပြော၊တစ်ဖက်သို့မျက်နှာလွဲနေပြီး ကားမှန်ကနေ အပြင်ဘက်သို့ငေးကြည့်နေသော်ငြား အပြင်ဘက်ကအရာတွေကိုဘာမှမြင်ပုံမပေါ်သည်မို့ သူလည်းမနေသာစွာဖြင့်...
""ချစ်ကြိုး!""
""ဟင်""
""ငြိမ်နေလိုက်တာကွာ
ကိုယ့်ကိုစကားမပြောချင်လို့လား?စိတ်ဆိုးနေတာများလား?""
""မဟုတ်ပါဘူး
စိတ်ဆိုးရင် ရှင်နဲ့လာတွေ့ပါ့မလား""
""ဒါဖြင့်ဘာတွေဒီလောက်လေးလေးနက်နက်စဥ်းစားနေတာလဲ?""
""အိမ်ကအကြောင်းပါ
အိမ်မှာအာရုံနောက်စရာလေးတွေရှိလို့ ရှင့်ဆီထွက်လာတာ""
""ပြောပါဦး!ဘယ်သူကများကိုယ့်ရဲ့ချစ်သူလောင်းလေးကို စိတ်ညစ်အောင်လုပ်လိုက်လဲ""
""မိုးရိပ်...ရှင်နော်! စကားပြောတာအသားမယူနဲ့
ကျမဖြင့်အဖြေမပေးရသေးဘဲ""
""အဟင်း!ဟုတ်ပါပြီဗျာ""
""ရှင့်ကိုတစ်ခုမေးမယ်""
""အင်း""
""ရှင့်စိတ်ကိုတစ်ယောက်ယောက်ကအနှောင့်အယှက်ပေးနေရင်၊သူကလည်းရှင်နဲ့သိကျွမ်းနေတဲ့သူဖြစ်နေရင် ဘယ်လိုလုပ်မလဲ ပြောကြည့်""
လေးလေးနက်နက်ကြည့်ကာ မေးလာသည်မို့ သူရုတ်တရက်ငြိမ်သွားမိရသည်။ ပြောရရင်ဒီအခြေအနေဟာလက်ရှိ သူ့အဖြစ်နဲ့လည်းတူနေသည်မဟုတ်လား။ လက်ရှိမှာသူ့စိတ်ကိုအနှောင့်အယှက်ပေးနေသည်က `လင်းညရိပ်´။ရင်းနှီးပတ်သက်နေတဲ့သူဆိုတာလည်းအမှန်ပဲလေ။ အဲ့ဒီ့တော့ကိုယ်သာဆိုဘယ်လိုဖြေရှင်းလိုက်မလဲဆိုသည့်အမေးအား အသေအချာစဥ်းစားပြီးမှ နှုတ်ခမ်းထက်ခပ်လွန့်လွန့်လေးပြုံး၍...
""ရှင်းလိုက်မှာ
ကိုယ်ကစိတ်အညစ်မခံတတ်ဘူး၊အာရုံနောက်တာတွေမကြိုက်ဘူး""
""ကျမကတော့အဲ့လောက်မလွယ်ဘူးဖြစ်နေတယ်
သူကကျမနဲ့တော်တော်လေးရင်းနှီးတဲ့သူဖြစ်နေလို့...ပြီးတော့ သူနဲ့ပတ်သက်ပြီးကျမရဲ့ခံစားချက်ကိုဘယ်သူမှသိလို့မရဘူး""
""နည်းလမ်းတွေရှိမှာပါကွာ
ဘာမှအများကြီးစဥ်းစားမနေနဲ့၊ ထိုင်းလူမျိုးတွေရဲ့သီအိုရီတစ်ခုရှိတာ ချစ်ကြိုးမကြားဖူးဘူးလား?""
""......""
""မစဥ်းစားခြင်းဟာ ပျော်ရွှင်ခြင်းတဲ့!
ဘာကိုမှအသည်းအသန်အစွန်းရောက်မတွေးနဲ့...နည်းလမ်းသာမရွေးရင် အရာအားလုံးကဖြေရှင်းလို့ရတယ်""
""ဒါပေမဲ့ချစ်ကြိုးကအမြဲတမ်းတွေးနေမိတာဘယ်လိုလုပ်ရမလဲ""
""အဟွန်း!စိတ်အနှောင့်အယှက်အဖြစ်မခံနဲ့
မင်းရဲ့ခံစားချက်မှာငြိနေတဲ့ဆူးကို မင်းကိုယ်ပိုင်ပဲရှင်းပစ်လို့ရမှာ""
ပြုံးစစလေးသာပြန်ပြောလာသည့်သူ့စကားက ခပ်ပေါ့ပေါ့နိုင်သည်ထင်ရသော်လည်း စိတ်ကိုတော့ရှင်းလင်းသွားစေတာအမှန်ပင်။ ခံစားချက်မှာငြိတဲ့ဆူးကိုရှင်းပစ်ရမယ်တဲ့!
အင်း!ဒါအကောင်းဆုံးအဖြေပဲ။တွေဝေခြင်းမရှိ၊တုံ့ဆိုင်းခြင်းတွေရှိမနေတဲ့သူ့မျက်နှာက တကယ်ကိုပြတ်ပြတ်သားသားဆုံးဖြတ်ထားသည့်နှယ်...။
မဆိုးဘူးပဲ၊ဒီလူက ဘုန်းနေလထက်တော့အသုံးဝင်တယ်~
""မင်းကိုအခုလိုပြောနိုင်တာက ကိုယ့်မှာလည်းအလားတူဖြစ်ရပ်မျိုးရှိနေလို့ပါ၊ကိုယ်ကတော့နောက်ဆုံးအချိန်ထိရသလိုရှင်သန်မယ်...မရတော့ရင်ဝှက်ဖဲတစ်ချပ်ထုတ်ပြီး စွန့်စားရုံပဲ""
""ဘာကိုဆိုလိုတာလဲ""
""ဒီလိုပဲရှိတယ်""
တမင်လျှို့ဝှက်ချင်တာမဟုတ်ရပေမယ့် ဒီလောက်အထိတော့သူမ သိသွားလို့မဖြစ်ချေ။သို့သော်ပြောလိုက်သည့်စကားတွေကတော့ အမှန်ပါ။ဟိုတယ်ပိုင်းကချွတ်ယွင်းမှုတွေနဲ့ပတ်သက်ပြီး CEOက အတွင်းကျကျစုံစမ်းတာတွေလုပ်ခဲ့ပါလျှင် ရှောင်မထွက်နိုင်တဲ့အဆုံး တစ်ခုခုတော့ကြံစည်ရမည်သာ...။
ဒီအတွက်နည်းလမ်းကလည်းကျိန်းသေရှိနေခဲ့ပြီးသား...။
~~~~~ 🍬🍬🍬🍬 ~~~~~
""ကလေးလေး!
အိပ်တော့လေကွာ...ညနက်နေပြီ""
""......""
""နွားနို့လေးသောက်ပြီး အိပ်ရအောင်နော်
ကိုယ့်ကလေးက လိမ္မာတယ်""
အနားမှာဘယ်လိုပင်စကားတွေချော့ပြောပါစေ တစ်ခွန်းမှပြန်မဖြေသည့်အပြင် ငုံ့ထားသည့်ခေါင်းလေးကတောင် တစ်ချက်မှမော့မလာခဲ့။ မျက်နှာလေးကလည်းငိုမဲ့မဲ့ဖြစ်နေသည်မို့ ကိုယ့်မှာရင်ထဲမချိမဆန့်နှင့် ထိုင်မရ၊ထမရပင်။
""ကိုယ့်ကိုစိတ်ဆိုးနေတာလား ကလေးရယ်""
""ဟင့်အင်း!""
""ဒါဆိုစကားလေးပြောဦးလေ
ကိုကို့ကိုကြည့်ပါဦး""
ခေါင်းလေးထံဖွဖွပုတ်ရင်း ချော့ပြောလေမှ လူကိုဖျတ်ခနဲမော့ကြည့်ကာ ချက်ချင်းပင်မျက်နှာလွှဲသွားပြန်သည့် ကလေးပေါက်စ။ ခရီးသွားမယ့်ကိစ္စကိုသိကတည်းက တစ်ညနေလုံးလူကိုစေ့စေ့မကြည့်တော့ဘဲ မျက်လုံးလေးတွေလွှဲရှောင်နေသည့်သဘောက ကိုယ့်ကိုအနားရှိတယ်တောင်မမှတ်တော့သည့်နှယ်။
""ကိုယ့်ဆီလာပါဦးကွာ""
လျစ်လျူရှုခံရသည့်ဒီအခြေအနေမှာမနေလိုတော့စွာပင် သူမရဲ့ခန္ဓာကိုယ်လေးအားရင်ခွင်ထဲထည့်ဖက်ထားလိုက်တော့ ဇွတ်အတင်းရုန်းထွက်ပြန်၏။
""အဆိုး မေမေနဲ့ပဲသွားအိပ်တော့မယ်""
""ဟမ်!""
""ဟုတ်တယ်လေ
ကိုကိုတောင် အဆိုးကိုခွဲနိုင်လို့မပြောမဆိုနဲ့ သွားဖို့လုပ်သေးတာပဲ၊ အဆိုးကအရင်ခွဲပြမယ် ကြည့်နေ""
ပြောရင်းဆိုရင်းမှပင် ခုတင်ပေါ်မှလှစ်ခနဲလှိမ့်ဆင်းလေသည်မို့ ပြုတ်ကျမှာစိုးစိတ်ဖြင့် ကိုယ့်မှာမနည်းဖမ်းထိန်းလိုက်ရသည်။ အိမ်အပြန်နောက်ကျမှာစိုးသည်ကတစ်ကြောင်း၊ သူမလေးရဲ့အခြေအနေကိုမိဘတွေကစိတ်မချဖြစ်နေတာတစ်ကြောင်းရယ်ကြောင့် အိမ်ကိုပေးမပြန်တော့ဘဲ ဒီမှာညအိပ်ရသည်မို့ နွဲ့ဆိုးတစ်ယောက်က အခုလိုနိုင်ကွက်နင်းနေခြင်းပင်။
""စိတ်ဆိုးနေတာပဲ
ကိုယ့်ကလေးလေး ကိုယ့်ကိုစိတ်ဆိုးနေတယ်""
""အဟင့်! ဟင့်!""
""ကလေးရယ် မငိုပါနဲ့ကွာ""
""ငိုမှာပဲ..အဲ့အကြောင်း ကိုကိုဘာလို့အဆိုးကိုမပြောဘဲနဲ့နေလဲ?မေမေတို့တောင်သိတယ်၊အဆိုးကဖြင့် ဘာမှမသိရဘူး""
""အဲ့ဒါမနက်ကမှရုတ်တရက်ပေါ်လာတဲ့ကိစ္စမို့ပါကလေးရယ်...မနက်ကကိုကိုအဲ့ဒီအကြောင်းဖုန်းပြောနေတုန်း မင်းအပြင်ထွက်သွားတာလေ...အဲ့ဒီနောက်ကိုယ်လည်း မင်းကိုစိုးရိမ်နေရတာနဲ့ပြောဖို့သတိမရမိလို့ပါ...မေမေတို့ကိုလည်းစောစောကမှပြောပြလိုက်တာ""
""တကယ်လား?""
""အင်းပေါ့၊ ကဲပါ အဲ့ဒီ့အကြောင်းကိုမစဥ်းစားနဲ့တော့...ညနက်နေပြီ ကိုယ့်ကလေးလေးအိပ်တော့နော် ဆေးတွေလည်းသောက်ထားတယ်လေ""
""ကိုကိုတကယ်သွားမှာလားဟင်""
""ကလေးရဲ့အခြေအနေကိုကြည့်ပြီးမှ...
ကိုယ့်ကလေးမသက်သာသေးဘူးဆိုရင်တော့ သွားလို့မဖြစ်ဘူး၊စိတ်မချဘူး""
""ဟွန့်!ဒါဆို အဆိုးကအကြာကြီးနေမကောင်းဖြစ်လိုက်မှာနော်""
""အာ! ဒီကလေးက ပေါက်တတ်ကရ...အဲ့လိုတော့မလုပ်ရဘူးလေကွာ""
မျိုးစုံအောင်လှည့်ပတ်ရစ်နေသည့်ကလေးကို ထိုင်ချော့ရသည်က တစ်မိုးလင်းတော့မည်။အိပ်ပါဆိုလည်းအခုထိမအိပ်ဘဲ မျက်လုံးလေးအကြောင်သားဖြင့် လူကိုချွဲနွဲ့ဂျီကျနေလေတော့ ကိုယ့်မှာလည်းမအိပ်ရ။ သူ့ကိုလည်းချော့သိပ်မရနှင့် အချိန်တွေသာကြာလာ၏။
""ကလေး! ကိုယ့်ကလေးကဘာလို့မအိပ်တာလဲကွာ၊ နေကလည်းမကောင်းဘူး...အိပ်ရေးပျက်ရင်ကလေးပင်ပန်းတာပေါ့""
""အဆိုးမှမအိပ်ချင်တာ
ကိုကို့မျက်နှာကိုပဲကြည့်နေတော့မယ်၊ကိုကိုအိပ်တော့""
""မဟုတ်တာက...
ဖျားနေတဲ့ကလေးကိုပစ်ပြီး လူကြီးကအိပ်စရာလား""
""ဒါဆို အိပ်ပျော်အောင်ပုံပြင်ပြောပြပြီးသိပ်""
""ပုံပြင်ပြောပြရမယ်?""
""ဟုတ်တယ်လေ၊ငယ်ငယ်တုန်းကလည်းပြောပြနေကျကို""
နှုတ်ခမ်းလေးစူကာပြောရင်း လူလေးကလည်းကိုယ့်ရင်ခွင်ထဲတိုးဝင်လာသည်မို့ အလိုက်သင့်ပြန်လည်ထွေးဖက်ရင်း မွေ့ယာထက်နှစ်ယောက်အတူလှဲချလိုက်ပြီး စောင်လေးပါခြုံပေး၍ နဖူးလေးထံခပ်ဖွဖွနမ်းမိသေး၏။ ရင်ထဲမှာလည်းအတိုင်းမသိကြည်နူးရသည်က ကိုယ်ပါဝင်ပတ်သက်ခဲ့ဖူးသော ငယ်ဘဝတစ်စိတ်တစ်ပိုင်းကို သူမရဲ့နှုတ်ဖျားထက်မှ မှတ်မှတ်ရရထုတ်ပြောလာခဲ့၍...။
""ကလေးလေးကအဲ့ဒါကိုမှတ်မိတယ်လား""
""ဒါပေါ့၊ပုံပြင်တွေတောင်မှတ်မိတယ်
အဆိုးကဉာဏ်ကောင်းတယ်လေ""
""အဟွန်း! ဟုတ်ပါပြီဉာဏ်ကြီးရှင်လေးရယ်
အခုကဘာပုံပြင်ပြောပြရမလဲ""
""ကိုကိုကြိုက်တာပြော၊ဒါပေမဲ့ ငယ်ငယ်ကပြောပြီးသားတွေတော့လာမပြောနဲ့နော်""
""အင်း! ဟုတ်ပြီ...ခဏလေး ကိုကိုစဥ်းစားပါရစေဦး""
သည်လိုဆိုလာတော့ ရှင်ရှင်လည်းခေါင်းလေးငြိမ့်ကာသူ့ရင်ခွင်ထဲမျက်နှာအပ်ရင်း ပြောလာမယ့်ပုံပြင်ကိုနားစွင့်စောင့်မျှော်နေလိုက်၏။သို့သော် အတော်ကြာသည်အထိ ဘာမှမကြားရသည်မို့ နှုတ်ခမ်းကစူချင်လာရပြီး...
""ကြာတယ်လို့..""
""အင်းပါ ကလေးရယ်...ခဏလေးနော်
အာ! ရပြီ ရပြီ...ကိုကိုက ဥသြငှက်လေးရဲ့ပုံပြင်ပြောပြမယ် နားထောင်မလား...ဥသြငှက်လေးက ဘာလို့ `ဥသြ´လို့အော်ရလဲဆိုတဲ့အကြောင်းလေ ...ငယ်ငယ်ကမပြောဖူးဘူးဟုတ်""
""အင်း!နားထောင်မယ်""
""လာ! ဒါဆိုမျက်လုံးလေးမှိတ်ထား""
စကားဆုံးတော့တကယ်ပင်မျက်လုံးလေးတွေမှိတ်သွားသည့်ကလေးငယ်ကို ခပ်တင်းတင်းလေးဖက်ထားရင်း `ဟိုးရှေးရှေးတုန်းက´အစချီသောပုံပြင်လေးတစ်ပုဒ်က ဤရွေ့ဤသို့...။
""ဟိုးရှေးရှေးတုန်းက ရှမ်းပြည်နယ်မှာရှိတဲ့မြို့တစ်မြို့မှာ သိပ်ကိုချမ်းသာပြီး ချောမောလှပတဲ့မိန်းမပျိုလေးတစ်ယောက်ရှိတယ်တဲ့! သူကအရမ်းလှလွန်းလို့ တစ်မြို့လုံးကယောကျ်ားလေးတွေ စိတ်ဝင်တစားစွဲလမ်းကြတာပေါ့...တစ်နေ့၊တစ်နေ့ သူ့ကို ထိမ်းမြားလက်ထပ်ခွင့်တောင်းကြတဲ့သူဌေးသူကြွယ်တွေလည်းအများကြီးပဲ၊ ဒါပေမဲ့သူကတော့ ဘယ်တစ်ယောက်ကိုမှစိတ်မဝင်စားခဲ့ဘဲ မိဘတွေနဲ့ပဲအတူနေပြီးပြုစုစောင့်ရှောက်ပေးတယ်""
""သြော်!ဒါဆို သူကလိမ္မာတာပေါ့နော် ကိုကို""
""အဟင်း!လိုက်မပြောနဲ့လေ ကလေးလေးရဲ့
အာရုံစိုက်ပြီးနားထောင်မှ အိပ်ပျော်မှာပေါ့...ဆက်နားထောင်နော်""
""ဟုတ်""
""အဲ့လိုနဲ့ သူ့မိဘတွေလည်းအတော်လေးအသက်ကြီးလာတော့ သူတို့မရှိတဲ့အခါသမီးလေးကိုတစ်ယောက်တည်းကျန်မနေခဲ့စေချင်လို့ အိမ်ထောင်ပြုပေးဖို့စီစဥ်ကြတယ်...ဒါပေမဲ့သူကလုံးဝလက်မခံခဲ့ဘူး။လက်မခံတာကလည်းအကြောင်းရှိတယ်ကလေးရဲ့...သူကဘာသာတရားကိုအရမ်းသက်ဝင်ယုံကြည်တဲ့သူမို့ အဲ့လိုလောကီရေးရာတွေကိုစိတ်မဝင်စားတာ...ဒါကြောင့် သူက သူ့မိဘတွေကိုတစ်ခုပြောလာတယ်""
""....""
""ယောကျ်ားသားတစ်ယောက်ရဲ့အထောက်အပံ့မလိုဘဲ သားသမီးမွေးဖွားခွင့်ရအောင်ဆုပန်မယ်တဲ့""
""ဟင်! သိပ္ပံနည်းကျတွေးရင်တော့ ဒါမဖြစ်နိုင်တာပဲနော် ကိုကို""
ဒီတစ်ကြိမ်လည်းမျက်လုံးပြူးလေးဖြင့် မော့ကြည့်လာကာ စကားထောက်ပြန်သည့်ကလေးကို ကိုယ့်မှာရယ်လည်းရယ်ချင်သည်။ ပုံပြင်နားထောင်ပါတယ်ဆိုခါမှ တစ်ကွက်ချင်းကိုလိုက်ပြီးဝေဖန်ချက်ထုတ်နေသည့် အဲ့ဒီ့ပေါက်စနက တကယ့်ကိုအသည်းယားစရာမို့ ပါးဖောင်းဖောင်းလေးတွေအား မြတ်နိုးစွာငုံ့နမ်းလိုက်ပြီးမှ...
""ကလေးရယ် ပုံပြင်ပါဆိုနေကွာ
ဒီလိုပဲယုံတမ်းလေးတွေဖွဲ့ပြောကြတာပေါ့..
အဲ့လိုလိုက်ပြောနေရင် ကိုကိုဆက်မပြောဘူးနော်""
""ဟွန့်! ဆက်ပြော...ဘယ်နားကနေဥသြငှက်လေးဖြစ်လာမှာလဲ သိချင်နေပြီ""
""ဟုတ်ပြီ၊ အဲ့ဒါနဲ့သူက ညောင်ပင်စောင့်နတ်ဆီမှာ လေးလေးနက်နက်ဆုတောင်းပြီး သားယောကျ်ားလေးရအောင်ဆုပန်ခဲ့တယ်။သူကဘာသာရေးကိုသက်ဝင်ကိုင်းရှိုင်းပြီး စစ်မှန်တဲ့ကိုယ်ကျင့်သီလလည်းရှိတော့ မကြာခင်မှာဆုတောင်းကပြည့်တယ်။ သူ့ဆီမှာ ပဋိသန္ဓေတည်လာပြီး သားယောကျ်ားလေးတစ်ယောက်ကိုမွေးဖွားခဲ့တယ်""
""ဟယ်!ဆန်းကြယ်လိုက်တာ
တခြားသူတွေကရောယုံပါ့မလားဟင်""
""အင်း!အနည်းနဲ့အများတော့ဝေဖန်မှုတွေရှိခဲ့တာပေါ့။မလိုသူတွေက ဒါဟာနောက်ကွယ်မှာယောကျ်ားတစ်ဦးနဲ့တိုးတိုးတိတ်တိတ်ပတ်သတ်ပြီးရလာတဲ့ကလေးလည်းဖြစ်နိုင်တယ်လို့ထင်ခဲ့ကြတယ်...ဒါပေမဲ့အဲ့ဒီ့ကလေးကတကယ်ပဲသားဆုပန်ပြီးရခဲ့တာ...ကလေးရဲ့နာမည်က `ခွန်ဆန်လော´လို့ခေါ်တယ်""
""......""
""သူမွေးလာပြီးမကြာခင်မှာ သူ့အမေကတိမ်းပါးသွားခဲ့တယ်။ပြီးတော့ သူ့အဘိုးအဘွားတွေလည်းမရှိကြတော့ဘူး။ဒါကြောင့် အဲ့ဒီ့ကလေးလေးက မွေးစားအမေရဲ့လက်ထဲမှာပဲကြီးပြင်းခဲ့ရတယ်...သူအရွယ်ရောက်လာတော့ ရုပ်အဆင်းကအရမ်းကိုချောမောတဲ့လုလင်ပျိုလေးဖြစ်လာရော...နတ်ကောင်းနတ်မြတ်တွေချီးမြှင့်ထားတဲ့ကလေးမို့ အစစအရာရာမှာလည်းတစ်ပါးသူတွေထက်ထူးချွန်တယ်၊ပြည့်စုံတယ် ဒီတော့အဲ့ဒီ့မြို့မှာရှိတဲ့မိန်းကလေးတွေကစိတ်ဝင်စားကြတာပေါ့...အဲ့ထဲမှာအရမ်းရုပ်ဆိုးတဲ့မိန်းကလေးတစ်ယောက်လည်းပါတယ်""
""လာပြီ၊အဲ့ဒါဗီလိန်မပဲနေမယ်
အဆိုးပြောတာမှန်လား""
""အင်း!ကိုယ့်သည်းငယ်လေးကတော်လိုက်တာ""
""ဒါဖြင့်မင်းသမီးလေးကဘယ်တော့လာမှာလဲ""
""လာမှာပေါ့ကလေးရဲ့...ဆက်နားထောင်နော်
အဲ့ဒီ့ရုပ်ဆိုးတဲ့မိန်းကလေးနဲ့လက်ထပ်ဖို့ `ခွန်ဆန်လော´ရဲ့မွေးစားအမေကသဘောတူထားတယ်။မိန်းကလေးကရုပ်ဆိုးပေမယ့်အရမ်းချမ်းသာတယ်လေ...ဒီတော့အဲ့ဒီ့မိန်းကလေးနဲ့လက်ထပ်ဖို့ရှောင်လွှဲချင်တဲ့`ခွန်ဆန်လော´က သူ့အမေကိုတစ်ခုခွင့်တောင်းတယ်...သူ့ကိုတစ်နယ်တစ်ကျေးမှာကုန်သည်အဖြစ် ပစ္စည်းကုန်သွယ်ခွင့်ပြုပါတဲ့""
"".....""
""သူ့အမေကမတတ်သာဘဲခွင့်ပြုပေးလိုက်တော့ ခွန်ဆန်လောလေးက တခြားတစ်မြို့ကိုရောက်လာတာပေါ့။ အဲ့ဒီ့မြို့မှာကုန်သည်အဖြစ်နေရင်း တစ်နေ့ကျတော့ သူဌေးကြီးတစ်ဦးရဲ့အိမ်ရှေ့ကနေဖြတ်လျှောက်မိတဲ့အချိန်...အဲ့ဒီ့အိမ်ရဲ့အပေါ်ထပ်ဝရံတာမှာရပ်နေတဲ့ မိန်းမပျိုလေးတစ်ယောက်ကိုအမှတ်မထင်တွေ့လိုက်ရတယ်၊အဲ့ဒီ့မြို့ရဲ့အလှဆုံးမိန်းကလေးပေါ့...သူ့နာမည်က `နန်းဦးပြင်´တဲ့""
"".....""
""အဲ့ဒီ့မိန်းမလှလေးကို သူကလည်းမော့အကြည့်၊မိန်းကလေးကလည်းငုံ့အကြည့်မှာ နှစ်ယောက်သားအကြည့်ချင်းဆုံသွားမိကြတယ်...ဆန်းကြယ်တဲ့ရေစက်လို့ပဲဆိုရမလားကလေးရယ်...ပြောရရင်သူတို့ချင်းဖူးစာပါလို့ပေါ့...အဲ့လိုဆုံမိတဲ့အကြည့်တစ်ချက်မှာတင်နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ငြိတွယ်မိသွားကြရော""
""အဲ့ဒါမြင်မြင်ချင်းအချစ်လေ ကိုကိုကလည်း""
""အင်းပါ၊ကိုကိုလည်း ဆိုးလေးကိုပြန်တွေ့တုန်းက မြင်မြင်ချင်းကိုရူးမလိုချစ်သွားခဲ့တာလေ...ဒီခံစားချက် ကိုကိုသိတယ်""
""ဟယ်! ပုံပြင်ထဲမှာကြော်ငြာပါတယ်တော့""
""အဟင်းဟင်း! ဟုတ်ပြီ...မကြော်ငြာတော့ဘူးနော် ဆက်ပြောမယ်...အဲ့လိုတွေ့ပြီးတဲ့နောက်သူတို့ချစ်သူတွေဖြစ်သွားကြတယ်..မိန်းကလေးရဲ့မိဘတွေကလည်းသဘောတူကြတော့ အဲ့ဒီ့မြို့မှာပဲသူတို့နှစ်ယောက်လက်ထပ်ခဲ့ကြတယ် ၊ပြီးတော့မှ နှစ်ယောက်အတူတူ ခွန်ဆန်လောရဲ့မြို့ကိုပြန်လာခဲ့တယ်""
""....""
""အိမ်ကိုရောက်တော့ ခွန်ဆန်လောရဲ့မွေးစားအမေက သူတို့ကိုသဘောမတူချင်ခဲ့ဘူး၊သူတောင်မသိလိုက်ရတဲ့လက်ထပ်မှုကို မတတ်သာလို့အသိအမှတ်ပြုပေမယ့်ဝမ်းမသာဘူး...ဒီမှာလည်းသူသဘောတူထားတဲ့မိန်းကလေးကရှိနေတယ်လေ ဒီတော့သူကနန်းဦးပြင်ကိုလုံးဝမကြည်ဖြူခဲ့ဘူး၊ ဒါပေမဲ့သူ့စိတ်ရင်းအမှန်ကိုလည်း ထုတ်မပြဘူး...လူတွေရှေ့မှာ၊သားဖြစ်သူရဲ့ရှေ့မှာတော့ ချွေးမလေးအပေါ်ကြင်နာဂရုစိုက်ပြပြီး ကွယ်ရာကျရင်အရမ်းနှိပ်စက်တယ်။နန်းဦးပြင်ကလည်း သူ့ခင်ပွန်းစိတ်ညစ်မှာစိုးပြီးဒီအကြောင်းတွေကိုလုံးဝမပြောပြခဲ့ဘူး...ဒီလိုပဲနေလာရင်းတနေ့တော့ နန်းဦးပြင်မှာကိုယ်ဝန်ရှိလာခဲ့တယ်...တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီကာလမှာ ခွန်ဆန်လောက ခရီးထွက်ရဖို့ဖြစ်လာတယ်တဲ့! ကလေးသိတဲ့အတိုင်း အဲ့ဒီ့ခေတ်ကကုန်သွယ်ရေးလမ်းကြောင်းတွေခက်ခဲတယ်လေ...တစ်ခါထွက်ရင် လနဲ့နှစ်နဲ့ချီပြီးကိုကြာတာ""
""ဒါဆို နန်းဦးပြင်လေးတော့သနားပါတယ်""
""အင်း! သူ့ခင်ပွန်းမရှိတဲ့အချိန်မှာ မွေးစားအမေကရော၊ရုပ်ဆိုးတဲ့မိန်းကလေးကရောအရမ်းနှိပ်စက်အနိုင်ကျင့်ကြတယ်၊အိမ်အလုပ်တွေလည်းအများကြီးလုပ်ခိုင်းတယ်..သူကသူဌေးသမီးဆိုတော့ဒီအလုပ်တွေဘယ်လုပ်နိုင်ပါ့မလဲ...လတွေတော်တော်ကြာအောင်သည်းခံလာပြီးတဲ့နောက်သူလည်းမနေသာတော့တဲ့အဆုံး သူ့မိဘတွေရှိတဲ့မြို့ကိုပြန်ပါရစေလို့ခွင့်တောင်းရတော့တယ်...ကိုယ်ဝန်ကလည်းအရင့်အမာဖြစ်လာပြီဆိုတော့ ဟိုမှာပဲပြန်ပြီးမွေးဖွားမယ်ပေါ့။ဒီတော့ဟိုနှစ်ယောက်ကလည်းဝမ်းသာအားရပဲပြန်ခိုင်းလိုက်တယ်""
"".....""
""ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲ ကလေးကလမ်းခရီးမှာတင်မွေးရဖို့ဖြစ်လာတယ်...ရက်ရှည်လများပင်ပန်းလာတဲ့ဒဏ်တွေကြောင့် ကျန်းမာရေးကလည်းချို့တဲ့နေတော့ ကလေးမွေးရတာအရမ်းခက်ခဲခဲ့တယ်၊ သားလေးတစ်ယောက်ကိုတော့မွေးနိုင်ခဲ့ပါတယ်...အရမ်းကိုချစ်ဖို့ကောင်းတဲ့သားလေးပေါ့၊ဒါပေမဲ့ထပ်ပြီးကံမကောင်းတာက ကလေးလေးအသက်မရှင်နိုင်ခဲ့တာပဲ""
""ဟင်! ချစ်ဖို့ကောင်းတဲ့သားလေးက အသက်မရှင်ဘူး? သနားပါတယ်...ကိုကို့ပုံပြင်ကလည်းဝမ်းနည်းဖို့ကောင်းလိုက်တာ""
""အဲ့တော့သူက အရမ်းဝမ်းနည်းပြီး ရင်ကွဲမတတ်ငိုခဲ့ရတယ်။ သေသွားတဲ့သူ့သားလေးကို မြေကြီးထဲလည်းမမြုပ်ရက်၊ရေထဲလည်းမမျှောရက်၊ မီးလည်းမရှို့ပစ်ရက်တော့ ခပ်မြင့်မြင့်သစ်ပင်တစ်ပင်ရဲ့ခွကြားမှာ ဒီအတိုင်းလေးတင်ထားခဲ့ပြီး အိမ်ပြန်ခရီးကိုဆက်လာခဲ့တာပေါ့...သူ့မြို့ကိုပြန်ရောက်တဲ့အခါကျတော့ ကြုံတွေ့ခဲ့ရတဲ့ဒုက္ခဆင်းရဲတွေရော၊ဝမ်းနည်းနာကျင်တာတွေရောကြောင့် ဘယ်လိုမှနာလန်မထူနိုင်ဘဲ ဆုံးပါးသွားတော့တယ်""
"".....""
""တစ်နယ်ခြားရောက်နေတဲ့ခွန်ဆန်လောဟာလည်းဒီသတင်းကိုကြားမိသွားတယ်။သူကတော့ သူ့ဇနီးကအိမ်မှာပဲအကောင်းအတိုင်းရှိပြီး သူ့ကိုစောင့်နေမယ်ထင်ခဲ့တာလေ...အဲ့သတင်းကိုကြားကြားချင်းအရမ်းအံ့သြပြီး နန်းဦးပြင်ရှိတဲ့မြို့ကိုချက်ချင်းလိုက်သွားခဲ့တယ်...ဟိုရောက်တော့စျာပနအခမ်းအနားနဲ့ကြုံရလေရော...အဲ့ဒီ့မှာသူ့ဇနီးရဲ့ရုပ်အလောင်းကိုကြည့်ပြီး အရမ်းကြေကွဲခံစားရတဲ့စိတ်နဲ့သူလည်းနေရာမှာတင် ရင်ကွဲနာကျပြီးသေဆုံးခဲ့တယ်""
"".....""
""အဲ့ဒီ့တော့မှခွန်ဆန်လောရဲ့မွေးစားအမေနဲ့ရုပ်ဆိုးမိန်းကလေးပါရောက်လာတယ်...သေတဲ့သူနှစ်ယောက်ဖြစ်သွားတော့ စျာပနကလည်းနှစ်ယောက်အတူတွဲပြီးလုပ်ခဲ့ရတာပေါ့...အဲ့လိုမျိုးသူတို့နှစ်ယောက်ရဲ့အလောင်းကို ယှဥ်ပြီးထားတဲ့အချိန်မှာ သေတာတောင်အတူတွဲသေရသလားဆိုပြီးမနာလိုတဲ့ ရုပ်ဆိုးမိန်းကလေးက အလောင်းနှစ်ခုရဲ့ကြားမှာ ဝါးပိုးဝါးတစ်ချောင်းကိုတိတ်တိတ်လေးခိုးပြီးချထားခဲ့တယ်...ရှမ်းလူမျိုးတွေရဲ့အဆိုအရ ခွန်ဆန်လောနဲ့နန်းဦးပြင်က သေလွန်ပြီးတဲ့နောက်ကောင်းကင်ပေါ်မှာကြယ်လေးနှစ်ပွင့်ဖြစ်သွားခဲ့တယ်တဲ့...ကလေးမြင်ဖူးလား? ကောင်းကင်ပေါ်မှာ`မောင်ရင်ဆိုင်းထမ်း´ကြယ်ဆိုတာရှိတယ်။ကြယ်လေးနှစ်ပွင့်အတူတူယှဥ်ပြီး ရှိနေတဲ့အလယ်မှာ ကြယ်သုံးပွင့်ကခြားထားတဲ့ပုံစံ။ အဲ့ဒီ့မှာဘေးကနှစ်ပွင့်က ဟိုဇနီးမောင်နှံဖြစ်ပြီးတော့ အလယ်မှာခြားနေတာက ရုပ်ဆိုးမလေးချထားတဲ့ဝါးချောင်းပဲတဲ့""
"".....""
""ဒီလိုနဲ့သူတို့သေဆုံးပြီးတာရက်တွေအနည်းငယ်ကြာလာတော့ နန်းဦးပြင်မွေးခဲ့တဲ့ကလေးငယ်ဆီမှာထူးခြားမှုတစ်ခုဖြစ်လာတယ်၊ သစ်ပင်ပေါ်မှာကျန်နေခဲ့တဲ့ အဲ့ဒီ့သက်မဲ့ခန္ဓာကိုယ်ကနေ ငှက်ကလေးတစ်ကောင်အသွင်ကိုပြောင်းသွားတာကလေးရဲ့...ပထမဆုံးအသွင်ပြောင်းပြီးတဲ့အချိန်သူ့နှုတ်ကနေ `ဥသြ´`ဥသြ´ဆိုပြီးအော်ရင်းအဲ့ဒီ့အပင်ကြီးပေါ်ကနေပျံထွက်သွားခဲ့တယ်...အဲ့ဒါဘာလဲဆိုတော့ သူ့ရဲ့အဖေရော၊အမေရောလို့အော်ပြီးမေးနေတာတဲ့! `ဥသြ´လို့အမြဲအော်တဲ့မိဘမဲ့ငှက်ကလေးဟာ ဘာလို့အဲ့လိုအော်ရလဲဆိုရင် သူ့မိဘတွေကိုလိုက်ရှာနေလို့ပါတဲ့...ကဲ!ပုံပြင်လေးကတော့ဒါပါပဲခင်ဗျာ""
""အဟင့်! အီး! ဟီး!""
""ဟာ! ဆိုးလေး ဘာလို့ငိုတာလဲကွာ
မငိုရဘူးလေ""
ပုံပြင်အရှည်ကြီးကိုပြောကောင်းကောင်းနဲ့ပြောလိုက်မိပြီးခါမှ ရင်ခွင်ထဲဖက်ထားသည့်ကလေးငယ်ကဝမ်းပန်းတနည်းငိုချလာသည်မို့ ကိုယ့်မှာအထိတ်တလန့်ဖြစ်ရပြန်သည်။ ကြည့်စမ်း! ဒီကလေးအသံမထွက်ဘဲ ဘယ်ကတည်းကကျိတ်ငိုနေသည်မသိ၊ အောက်ခံအိပ်ယာခင်းအစပေါ်မှာတောင် မျက်ရည်စတွေရွှဲနစ်စိမ့်စိုလို့...။ပုံပြင်ဆုံးပြီဆိုမှစိတ်လျှော့ကာ အီခနဲငိုချလိုက်သည့်ဖြစ်ခြင်း။ဒါကြောင့်ကိုး ပုံပြင်တစ်ဝက်လောက်မှာကတည်းက သူမအသံလေးတိတ်သွားခဲ့တာ...။ဟူး!တကယ်ဆိုကိုယ်အစကတည်းကသတိထားမိခဲ့ရမှာပါ...အခုတော့...
""ကျစ်! ကိုကိုတောင်းပန်ပါတယ်ကွာ
ကိုကိုမကောင်းတာပါ...ကလေးကိုဝမ်းနည်းစရာပုံပြင်တွေပြောပြမိသွားတယ်..မငိုနဲ့နော် တိတ် တိတ်""
""ကိုကို! မိဘမဲ့ဖြစ်ရတဲ့ခံစားချက်ကအရမ်းဝမ်းနည်းဖို့ကောင်းမှာပဲနော်...အဆိုးလေအဲ့ငှက်လေးလိုဖြစ်မှာအရမ်းကြောက်တာပဲ""
""ကလေးရယ်!ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ
ကိုယ့်ကလေးမှာ အရမ်းချစ်ပေး၊ဂရုစိုက်ပေးမယ့်ဖေဖေရော၊မေမေရောရှိနေတာကို...ပြီးတော့ထပ်ဆောင်းအနေနဲ့ သည်းသည်းလှုပ်ချစ်ပေးမယ့်ဒီလူကြီးတောင်ပါသေးတယ်""
""ဒါပေမဲ့ဘာလို့လဲမသိဘူး..အဆိုးအရမ်းဝမ်းနည်းလာတယ်...အဟင့်! ဟီး!""
""ကိုယ့်ကလေးလေးက အရမ်းအသည်းငယ်တာပဲကွာ..ပုံပြင်နားထောင်ပြီးဝမ်းပန်းတနည်းငိုရတယ်လို့...တကယ့်ဘေဘီပူတူးလေးလိုပဲ""
""အင့်!အဟင့်! ကိုကိုနော်...""
""အေး! အေး! အေးပါကွာ
မစတော့ဘူးနော်...မငိုပါနဲ့ကလေးရယ်၊ပုံပြင်ပြောပြလည်းမအိပ်ဘူး..ဒီလိုနဲ့မိုးတောင်လင်းတော့မယ်""
""ကိုကိုပြောတဲ့ကြယ်လေး ကောင်းကင်မှာအခုရှိလားမသိဘူး အဆိုးသွားကြည့်လိုက်ဦးမယ်""
""ဟာ! ကလေး...အရမ်းမပြေးနဲ့လေ""
သွားကြည့်မယ်ဟုဆိုကာ အိပ်နေရာမှလူးလဲထပြီးဝရံတာဘက်ဆီပြေးထွက်သွားလေသည်မို့ ကိုယ့်မှာချက်ချင်းပြေးလိုက်ရပြန်သည်။
""ကိုကိုဘယ်ဟာလဲ အဆိုးကိုပြ""
""အင်း! အဲ့ကြယ်လေးကကောင်းကင်မှာအမြဲရှိတယ်ကလေးရဲ့...နေဦး!ကိုကိုရှာကြည့်မယ်""
ခန္ဓာကိုယ်သေးသေးလေးအားနောက်ကျောပြင်ဘက်မှ သိမ်းကျုံးပွေ့ယူပြီးရင်ခွင်ထဲဖက်ထားကာ ကောင်းကင်ဆီလိုက်မော့ကြည့်ပေးရသည်။တလက်လက်တောက်ပနေသော ကြယ်လေးတွေရဲ့ပုံ သဏ္ဏာန်တွေကိုအသေအချာကြည့်ရင်းမှ တစ်နေရာအရောက်တွင်...
""အာ! တွေ့ပြီ...ဟိုးမှာ ဟိုးနားမှာကြည့်
ကြယ်လေးနှစ်ပွင့်နဲ့သူ့အလယ်ကြားမှာသုံးပွင့်ဆက်တိုက်ခြားထားတဲ့ပုံစံ...အဲ့ဒါမောင်ရင်ဆိုင်းထမ်းကြယ်ပေါ့ကလေးရဲ့""
""ပုံပြင်အရဆိုအဲ့ဒီ့ကြယ်လေးတွေကဥသြငှက်လေးရဲ့ဖေဖေနဲ့မေမေပေါ့နော်""
""အင်းပေါ့""
""ကိုကိုဒီပုံပြင်ကိုဘယ်လိုသိခဲ့တာလဲ
အဆိုးတစ်ခါမှမကြားဖူးဘူး""
""ကလေးမမှတ်မိလို့ပါ၊ ကိုယ်တို့ငယ်ငယ်ကရှမ်းပြည်ဘက်မှာနှစ်နည်းနည်းလောက်နေခဲ့ဖူးတယ်လေ...အဲ့ဒါကရှမ်းရိုးရာပုံပြင်ဆိုတော့ကိုကိုလည်းကြားဖူးခဲ့တာ""
"".....""
""လာပါကလေးရယ် အထဲပြန်ဝင်ရအောင်...ကိုယ့်ကလေးလေးကဖျားနေတာလေ၊ဒီမှာလေတွေတိုက်တယ်...ကလေးမချမ်းဘူးလား""
""ချမ်းတယ်""
ခပ်တိုးတိုးလေးပြန်ဖြေခြင်းနဲ့အတူခန္ဓာကိုယ်လေးက မျက်နှာချင်းဆိုင်လှည့်လာပြီး ရင်ခွင်ထဲတိုးဝင်လာပြန်သည့်အချွဲမလေးကို အလိုက်သင့်ပြန်လည်ထွေးဖက်မိစဥ် ပူနွေးနွေးကိုယ်ငွေ့လေးကြောင့် ရင်ထဲမချိစွာသက်ပြင်းချမိရသည်။ထို့နောက်မျက်နှာကိုငုံ့ချကာ သူမရဲ့နဖူးလေးထက် ကိုယ့်ပါးပြင်ကပ်၍အဖျားကိုစမ်းသပ်ကြည့်မိသည်က အရင်လိုထုံးစံအတိုင်းပင်။ နဖူးပြင်လေးထက် ပူလွန်းသည့်အထိအတွေ့ကိုခံစားရပြီး အသက်ရှူနှုန်းဝင်သက်၊ထွက်သက်နွေးနွေးလေးတွေကလည်း သိပ်မမှန်ချင်သလိုခပ်ပြင်းပြင်းဖြစ်နေတာကြောင့် ခန္ဓာကိုယ်လေးကို ချက်ချင်းပင်ပြန်ပွေ့ချီလိုက်ကာ အခန်းထဲခေါ်လာခဲ့၏။
""ကလေးရယ်...အခုဘယ်လိုတွေခံစားရလဲ?ခေါင်းကိုက်နေလား?အသက်ရှူလို့အဆင်ပြေရဲ့လား?""
""ပြေပါတယ်ကိုကိုရဲ့
ခုနပြေးလိုက်တော့နည်းနည်းမောသွားတာ""
""ဒါဆိုခဏတော့အိပ်ပါဦးကွာ
ကိုကိုချော့သိပ်မယ်လေ...နော်""
တစ်ညလုံးနီးပါးစိတ်ရှည်စွာချော့မြူထွေးသိပ်နေသည့် သူ့ကို ရှင်ရှင်လည်းအားနာမိပါသည်။သို့ပေမဲ့ ခဏတာခွဲရမှာကိုတွေးမိတိုင်း အချိန်တွေကုန်သွားမှာနှမြောတာမို့ တမင်ကိုမအိပ်ဘဲနေရခြင်းပါ။ရက်ပိုင်းလေးပဲဆိုပါစေ...စပြီးအတူရှိကြကတည်းကတစ်ခါမှမခွဲဖူးလေတော့ ဒီခံစားချက်ကြီးက အတော်လေးစိမ်းသက်နေသား။ တကယ်ပါ...ရှင်ရှင်အဲ့ဒီ့လူသားနဲ့ တကယ်ခဏလေးတောင်မခွဲနိုင်တော့တာ။ဒါပေမဲ့ ရှင်ရှင့်ကြောင့်သူ့ရဲ့ကိုယ်ရေးကိုယ်တာရော၊အလုပ်တွေရောထိခိုက်ခဲ့ရပေါင်းများတာလည်း သိပါရဲ့လေ။ ရှင်ရှင်နဲ့သူ့ဝန်ထမ်းပြသာနာဖြစ်ခဲ့တဲ့ကိစ္စကြောင့် သူဘယ်လောက်အထိဝေဖန်ခံခဲ့ရလဲ? ဘယ်လောက်အထိသည်းခံဖြေရှင်းပေးခဲ့ရသလဲ? ဒါတွေအားလုံးကိုလည်းရှင်ရှင်သိတယ်။
သူကတော့ ရှင်ရှင့်ကိုမသိစေချင်လို့ ဖုံးကွယ်ရှာတယ်။တိတ်တိတ်လေးပဲဖြေရှင်းပေးခဲ့တယ်။ပြီးတော့ ဓာတ်ပုံတွေကိစ္စ...၊တော်ရုံယောကျ်ားတစ်ယောက်ဆို ဒီနေရာမှာအကြီးအကျယ်ဒေါသထွက်ပြီး စွပ်စွဲပြောဆိုနိုင်ပေမယ့် ကိုကိုဟာသဘောထားကြီးလွန်းခဲ့ပြန်တယ်။ ဆိုးသမျှအလိုလိုက်တယ်၊ခွင့်လွှတ်တယ်...ဘာလို့လဲ? အဲ့ဒီ့လူသားက ဘယ်လိုကြောင့် ရှင်ရှင့်အပေါ်ဒီလောက်အထိကောင်းနိုင်ရတာလဲ?
ကိုယ် ပိုင်ဆိုင်ထားရတဲ့ဒီလူက တန်ဖိုးပြည့်စုံလွန်းလို့ ဆုံးရှုံးရမှာကြောက်တာ၊အားကိုးတွယ်တာရလွန်းလို့ ခဏလေးတောင် မျက်စိရှေ့ကအပျောက်မခံချင်မိတာလည်း သဘာဝတော့ကျရဲ့မဟုတ်လား? ရှင်ရှင်ကအကဲပိုတာ မဟုတ်ဘူးမလား?
""ဘာလို့ ကိုကို့မျက်နှာကိုကြည့်နေတာလဲ ကလေးလေးရဲ့...ဘာပြောချင်လို့လဲ ပြောလေ""
သူ့မျက်နှာဆီငေးမောရင်း အတွေးတို့တရှည်တလျားလေးနက်နေစဥ် အသံလေးကြားမှဖျတ်ခနဲအသိဝင်၏။ထို့နောက် လက်လေးနှစ်ဖက်ကိုသူ့ကျောပြင်ဆီသိုင်းယှက်လိုက်ပြီး ရင်ခွင်ထဲမျက်နှာလေးအပ်ထားလိုက်ကာ...
""ကိုကို အဆိုးကိုဘာတွေများချစ်တာလဲဟင်
အမြဲဆိုးဆိုးပေပေနဲ့ဂျစ်တိုက်နေတဲ့ကလေးတစ်ယောက်ကို ဘာတွေချစ်ပြီး မရမကလက်ထပ်ချင်ခဲ့တာလဲ""
""ဒီအတိုင်း အရာအားလုံးချစ်တယ်
`မင်း´ဆိုတဲ့ဖြစ်တည်မှုလေးနဲ့ဆက်နွယ်သမျှအရာအားလုံး ကိုကိုချစ်တယ်""
""ဒါဆို အဆိုးကဟိုခရီးကိုမသွားနဲ့လို့တားရင် မသွားဘဲနေမှာလား""
""မတားနဲ့! တားဖို့မလိုဘူး
ကိုကိုမသွားတော့ဘူး""
""ရပြီ! ဒီညအတွက် ဆိုးလို့ဝသွားပြီ
အဆိုးအိပ်တော့မယ်""
""....""
""ပြီးတော့ အဲ့ဒီ့ခရီးကို ကိုကိုသွားပါ
အဆိုးကိုစိတ်မပူနဲ့...မေမေကပြောတယ်၊အဲ့ဒီ့projectကရင်းနှီးမြုပ်နှံမှုအများကြီးနဲ့လုပ်ထားတာဆို...အခုလုပ်ငန်းပိုင်းမှာပြသာနာပေါ်နေတာမဟုတ်လား...ကိုကိုသွားပြီးဖြေရှင်းမှရမှာပေါ့""
""ဒါပေမဲ့ကိုယ်မင်းကိုစိတ်မချဘူး သည်းငယ်
ဖြစ်နိုင်ရင်တစ်ခါတည်းခေါ်သွားလိုက်ချင်တယ်...ကလေးကနေမကောင်းလို့သာ""
""အဆိုးထပ်ပြီး ကိုကို့ရဲ့အရှုပ်ထုပ်လေးမဖြစ်ချင်တော့ဘူး၊ဘာမှမကူညီနိုင်ရင်တောင်အနှောင့်အယှက်မဖြစ်စေချင်ဘူး...ဒါကြောင့်ကိုကိုသွားပါ။အဆိုးက မေမေတို့နဲ့နေခဲ့မှာပဲလေ စိတ်ပူစရာမလိုပါဘူး""
""ဒါပေမဲ့ကွာ!
ကိုယ်...""
ဆက်ပြောမည့်စကားတောင်မဆုံးလိုက်ခင် သူမကမျက်နှာလေးမော့လာပြီး နှုတ်ခမ်းနွေးနွေးလေးက ကိုယ့်နှုတ်ခမ်းထက်လာရောက်ထိကပ်လေ၏။ထို့နောက် အသည်းယားစရာမျက်လုံးဝိုင်းလေးဖြင့်ကြည့်လာရင်းမှ...
""အဆိုး မြန်မြန်နေကောင်းအောင်ကြိုးစားပါ့မယ်""
""အင်း!ဒါဆိုအရင်ဆုံးအိပ်ပျော်အောင်အိပ် လိမ္မာတယ်""
သည်တစ်ကြိမ်မှာတော့ လိလိမ္မာမ္မာလေးခေါင်းငြိမ့်ပြကာလှဲအိပ်လိုက်သည်မို့ စောင်လေးပြန်ခြုံပေး၍ ကျောပြင်လေးထံဖွဖွပွတ်သပ်ပေးရင်းချော့သိပ်ရသည်။ခဏကြာမှ အသက်ရှူသံမှန်မှန်လေးဖြင့်ငြိမ်သက်အိပ်ပျော်သွားလေ၏။ သို့သော်လည်း ကိုယ်ကဖြင့်အိပ်မပျော်နိုင်ခဲ့တော့ပါ။ပုံမှန်ထက်အသွေးအရောင်လျော့နေသည့် မျက်နှာလေးကိုသာ တကြည့်ကြည့်ဖြင့် နဖူးလေးစမ်းလိုက်၊လက်ဖျားလေးတွေစမ်းလိုက်လုပ်ရင်း တစ်ယောက်တည်းပျာယာခတ်နေတော့တာလေ။
သူ့အပေါ်ဘာတွေများချစ်တာလဲတဲ့!
ဒီနေ့မှထူးထူးဆန်းဆန်းမေးလာတယ်။အရာအားလုံးချစ်တယ်လို့ ကိုယ်ကဖြေတယ်။တကယ်ဆို အရာအားလုံးထက်တောင် ပိုဦးမှာပါကလေးရယ်...။
`ချစ်သည်းရှင်´ဆိုတဲ့အမည်နာမလေးအောက်မှာ ကိုယ့်ရဲ့ကျရှုံးခြင်းတွေ အစီအရီဖွဲ့တည်မှန်း မင်းလည်းသိပါတယ်။
သိပ်ချစ်တယ် နွဲ့ဆိုးငယ်...။
~~~~ 🍬🍬🍬🍬 ~~~~
အခန်း (၄၇)ဆက်ရန်
Readers/WritersလေးတွေအားလုံးကVIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)