book

Index 45

အခန်း [ ၄၅ ]

  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama, Fantasy

🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬

                          { My Queen , My Angel }


••••••••••• ♡ အခန်း [ ၄၅ ] ♡ ••••••••••••


""Ring Ring!""


အိမ်ကထွက်လာကတည်းက ဖုန်းတွေဆက်တိုက်ခေါ်နေတာ ရှင်ရှင်သိပါသည်။ခဏလေးမတွေ့တော့တာနဲ့ စိတ်ပူပြီးလိုက်ရှာနေမှာလည်းသိပေမယ့် ခဏလောက်ထွက်ကစားရမှကျေနပ်နိုင်မည်မို့ ယခုလိုလစ်ထွက်လာခြင်းပင်။သိပ်လည်းဝေးဝေးသွားဖို့မရည်ရွယ်ခဲ့၍ လမ်းထိပ်ဘက်ထွက်လာကာ ဟိုသည်ငေးရင်းဆက်လျှောက်ခဲ့၏။


ရှင်ရှင်တို့ရပ်ကွက်က ဆိတ်ငြိမ်ပြီးလုံးချင်းတိုက်အိမ်တွေသာများသည်မို့ သိပ်မစည်ကားလှပါ။လမ်းမကြီးဘက်မှာသာ အုန်းလက်မဏ္ဏပ်တွေများများစားစားရှိပြီး ရေပက်ပြေးလွှားနေသည့် ကလေးတွေလည်းအများကြီးမို့ ပြုံး၍လှမ်းငေးနေမိခိုက်...


""တီ! တီ! တီ!""


""ကျွီးး!""


""ခွမ်း!""


""ဟင်""


""ဟယ်! တိုက်မိကုန်ပြီ""


လမ်းမကြီးဘက်၌ မြန်ဆန်စွာဖြစ်ပျက်သွားသည့်အခြေအနေ...။ကားဟွန်းသံနှင့် ဘရိတ်ဆွဲသံတွေဆူညံသွားကာ လူတွေသည်လည်းရုတ်ရုတ်သဲသဲဖြစ်ကုန်၏။ ဘေးကနေရေပက်ခံကားတစ်စီးအရှိန်ပြင်းပြင်းကျော်တက်သွားခြင်းကို ကားလေးတစ်စီးကတစ်ဖက်သို့တိမ်းရှောင်ဆွဲကပ်ပေးလိုက်စဥ် ပလက်ဖောင်းမှလျှောက်လာသည့်အမျိုးသမီးတစ်ဦးကို တိုက်မိသွားသည်မို့ ထိုအမျိုးသမီးက ခွေခနဲလဲကျကာ ဦးခေါင်မှသွေးတွေလည်း လမ်းမထက်စိမ့်ထွက်အိုင်ထွန်းလာ၏။


ကိုယ့်ရဲ့အနီးဆုံး...မျက်စိရှေ့တင်ဖြစ်ပျက်သွားသည့်အခြေအနေမို့ ရှင်ရှင်လည်းရုတ်တရက်ကြောင်အ,ကာငေးနေမိရင်း ရင်တွေတဒိတ်ဒိတ်တုန်၍ ခြေထောက်တွေပင်ညွှတ်ခွေချင်သည်။


""သမီး! သမီး..ကျမသမီးလေးကိုကယ်ပေးပါ

သမီး!!!""


လဲကျနေသည့်အမျိုးသမီးရဲ့နှုတ်ဖျားတို့ခပ်ဟဟပွင့်လာကာ ကယောင်ခြောက်ခြားအော်နေသည်က `သမီးလေး´တဲ့! ကိုယ်တိုင်အပြင်းအထန်ဒဏ်ရာရသွားခဲ့သည့်တိုင် သူ့စိတ်ကတော့သားသမီးဇောနဲ့ နေရာမှအတင်းထရန်ပြင်လိုက်သော်လည်း လက်တွေ့တွင်တော့ မျက်လုံးများကမှိတ်ကျသွားခဲ့၏။


""ဟင်!အသက်မရှူတော့ဘူး

ဆေးရုံကိုအကြောင်းကြားပေးကြပါ...မြန်မြန်လေး""


""အဟင့်! အီး! ဟီး! မေမေ!...မေမေ!""


လူတွေဝိုင်းအုံကြည့်ကာ ရှုပ်ထွေးနေသည့်ကြားထဲမှ ထွက်ပေါ်လာသော ငိုသံလေးကကျယ်လောင်စွာ...။သေချာသည်ကထိုအမျိုးသမီးရဲ့ကလေးဖြစ်ပြီး လမ်းတစ်ဖက်တွင်လဲကျနေရင်းမှ သူ့အမေရဲ့အဖြစ်အပျက်ကြောင့်စူးစူးဝါးဝါးအော်ငိုနေသည်မို့...


""ကလေးကိုခေါ်ထား""


""သမီး! သမီးလေး...မငိုနဲ့ တိတ် တိတ်

မေမေဘာမှမဖြစ်ဘူးနော်""


အော်ငိုနေသည့်ကလေးငယ်ဟာ အရွယ်အားဖြင့်၃နှစ်လောက်သာရှိချေဦးမည်။သို့သော်သူ့အမေဘာဖြစ်မှန်းတော့ သိတတ်နေတာကြောင့် ထိုနေရာအားကြည့်ကြည့်ပြီးကိုငိုသည်။ ထိုမြင်ကွင်းကို မမှိတ်မသုန်ရပ်ကြည့်နေမိသည့်ရှင်ရှင်သည်လည်း ဘာရယ်ကြောင့်မှန်းမသိ ရင်ထဲနင့်နင့်သည်းသည်းဝမ်းနည်းလာရကာ ပါးပြင်ထက် မျက်ရည်တွေလည်းစီးကျ၏။အမြင်တွေဝေဝါးကာ အဖျားရှိန်ကြောင့်တကိုယ်လုံးအပူတွေတငွေ့ငွေ့တက်လာသလိုပင်။


""သနားပါတယ်""


""ဟိုကားကပရမ်းပတာမောင်းသွားတာကွာ

တောက်!!""


ဘေးကလူတွေရဲ့ပြစ်တင်ပြောဆိုနေသံတွေက ဟိုးအဝေးကြီးကလာနေသည့်နှယ်ပါ။ရင်တွေတလှပ်လှပ်တုန်အောင်ထိတ်လန့်နေမိသည်က ကိုယ်ပဲ ထိုကလေးငယ်နေရာကိုရောက်နေရသည့်ပမာ..။ ဘာကြောင့်လဲ? ဘာကြောင့်ဒီအဖြစ်အပျက်က ရှင်ရှင်နဲ့ရင်းနှီးသလိုကြီးခံစားရတာလဲ? 


ဘာကြောင့်လဲ??


""အဟင့်! ဟင့်! ဟင့်...ကိုကို!""


တွေးရင်းတွေးရင်းမှ အဖြေလည်းရှာမရ၍ ခေါင်းတွေတရိပ်ရိပ်မူးလာတာပဲအဖက်တင်ပြီး ခြေထောက်တွေလည်းမခိုင်ချင်တော့။ သို့နှင့် ထိုနေရာ၌ပင် ပုံလျက်သားလေးထိုင်ချကာ နားနှစ်ဖက်ကိုလက်ဖြင့်အုပ်လျက် ခေါင်းကိုတွင်တွင်ခါယမ်းနေမိ၏။


~~~~ 🍬 ~~~~


""ဒီကလေးကကွာ...ဘယ်တွေလျှောက်သွားနေပါလိမ့်""


ဖုန်းကိုတောက်လျှောက်ဆက်ကာ လမ်းထိပ်ဘက်ထွက်လိုက်လာခဲ့တော့လည်း ကိုယ့်ကလေးငယ်ကိုမတွေ့ရသေးပေ။ဒီလိုအချိန်အပြင်ထွက်မှတော့ လူတစ်ကိုယ်လုံးရွှဲရွှဲစိုနေမှာအသေအချာ။ ရေကြိုက်သည့်ကလေးကလည်း ရေစိုခံချင်လို့ကိုအပြင်ခိုးထွက်တာလေ...။အချိန်ကကြာလာပြီမို့ အပြင်မှာအကြာကြီးနေရင် အဖျားတွေပြန်တက်နေမှာလည်း ကိုယ့်မှာစိုးရိမ်ရ...အန္တရာယ်တစ်ခုခုဖြစ်နေမှာစိုးရိမ်ရနဲ့ လူကရူးချင်စိတ်တောင်ပေါက်ပါရဲ့။ နွဲ့ဆိုးလေးနဲ့ပတ်သက်ရင် ကိုယ်ကပဲခံစားချက်ပြင်းလွန်းသည်လား၊ သူမကပဲစိတ်ပူအောင်လုပ်နိုင်လွန်းသည်လားမသဲကွဲတော့ပေမယ့် ဒီကလေး ကိုယ့်အနားကနေ ခဏလေးပျောက်ရင်တောင် စိတ်မချနိုင်သည့်ဒီအချစ်က တကယ့်အစွန်းရောက်ဝါဒီသမားလိုပင်။


""ဟိုးနားမှာ ဘာဖြစ်တာလဲ""


""ကားတိုက်မှုဖြစ်တာတဲ့

ခုနလေးတင်ပဲ""


""တိုက်မိတဲ့မိန်းကလေးကဒဏ်ရာပြင်းတယ်

သေမလားမသိဘူး...သနားပါတယ်""


နံဘေးကကပ်လျှောက်သွားသည့်မိန်းကလေးနှစ်ဦး၏စကားသံကိုကြားရတော့ ရင်မှာထိတ်ခနဲ။ စိုးရိမ်မှုနဲ့အတူခြေလှမ်းတို့က အပြေးတစ်ပိုင်းဖြင့်ထိုနေရာဆီရောက်သွားခဲ့ရသည်။


ကားတိုက်မှုဖြစ်ထားသည့်နေရာမှာတော့ လူတွေ၊ကားတွေကျပ်သိပ်ရှုပ်ထွေးနေလို့နေ၏။ဆေးရုံကားသံတွေဆူညံနေကာ ယာဥ်ထိန်းရဲကားတွေလည်းရှိသည်။ လင်းညကတော့ ကျန်တာဘာကိုမှဂရုမစိုက်နိုင်စွာ အရင်ဆုံးလူအုပ်ကြားထဲပြေးဝင်၍ရင်တိတ်ထိတ်ဖြင့်အတည်ပြုမိသည်က ကားတိုက်ခံရသူ မိန်းကလေးရဲ့မျက်နှာ...။


Ambulanceကားပေါ်ရွှေ့တင်သွားသည့်ထိုမိန်းကလေးဟာ နွဲ့ဆိုးမဟုတ်ခဲ့လေမှ ပူလောင်နေသည့်စိတ်ကိုလျှော့ချ၍ ထိုလူတွေကြားထဲပြေးလွှားတိုးဝှေ့ကာ ကိုယ့်ကလေးငယ်ကိုလိုက်ရှာရပြန်သည်။ နွဲ့ဆိုးလေးဟာ သိပ်အသည်းနုတဲ့ကလေးမှန်းကိုယ်သိတာကြောင့် ဒီအနီးအနားမှာသာရှိနေခဲ့ပါလျှင် မျက်စိရှေ့တင်ဖြစ်ထားသည့်ဒီမြင်ကွင်းကိုကြောက်ပြီးငိုနေတော့မှာလေ...။


စိတ်ကပူပန်စွာတွေးရင်း လက်ကလည်းသူမရဲ့ဖုန်းနံပါတ်ကိုထပ်နှိပ်မိခိုက်...


""ဟင်!""


အငြိမ်မနေစွာရွေ့လျားရှာဖွေနေသည့်မျက်ဝန်းတစ်စုံက လူတွေကြားထဲတစ်နေရာမှ ခရမ်းနုရောင်ကျောပြင်သေးသေးလေးကိုရှာတွေ့မိသွားရပြီမို့ လက်ကဖုန်းကိုချကာ ထိုနေရာသို့အပြေးသွားလိုက်၏။


""ကလေး!""


""ဟင့်! ဟင့်! ကိုကို""


လမ်းပေါ်မှာကျုံ့ကျုံ့လေးထိုင်လျက် ကိုယ့်ခေါ်သံကြားမှမော့ကြည့်လာသည့်မျက်ဝန်းလေးတွေမှာ မျက်ရည်တွေအပြည့်နှင့်...။ မျက်နှာလေးကရဲတွတ်နေကာ နှုတ်ခမ်းဖျားလေးတွေကလည်း တုန်တုန်ယင်ယင်။ သို့နှင့် သူမအနားချက်ချင်းထိုင်ချ၍ ခန္ဓာကိုယ်လေးကိုရင်ခွင်ထဲဆွဲပွေ့လိုက်စဥ် ပူလွန်းသည့်အထိအတွေ့ကြောင့် ကိုယ့်မှာမျက်လုံးတွေတောင်ပြူးကျယ်သွားရပါ၏။


""ကလေး!

ကိုယ့်ကလေးလေး...ဘာမှမဖြစ်ဘူးနော်

မကြောက်နဲ့ ကိုကိုရှိတယ်""


""အဆိုးခေါင်းမူးတယ်""


""အင်းပါ ကလေးရယ်

ကိုယ့်ကလေးကနေမကောင်းဘဲ ဘာလို့အပြင်ထွက်ရတာလဲကွာ""


"".....""


""ပြောစကားဆို ဘယ်တော့မှနားမထောင်ဘူး၊ ဒီမှာအင်္ကျီတွေလည်းစိုနေပြီ...အဖျားတွေလည်းတက်နေတယ်...အိမ်ပြန်ရအောင်နော်...လာ!""


""ကလေး! ဟိုကလေးလေးကသနားပါတယ်

သူ့အမေက...သူ့အမေကလေ...အသက်မရှူတော့ဘူးတဲ့""


တစ်ဖက်ကမြင်ကွင်းဆီလက်ညိုးလေးထိုးလျက်ပြောလေတော့ သူလည်းပြန်လှည့်ကြည့်မိပါ၏။ဟုတ်သည်...။စောစောကမိန်းကလေးရဲ့ခန္ဓာကိုယ်ကိုပိတ်အဖြူနဲ့လွှမ်းလိုက်ပြီးမှ ကားမောင်းထွက်သွားတာကို မြင်လိုက်ရသည်မို့...


""သူအသက်ရှင်ဖို့ကဒီလောက်ပဲကံပါလာလို့နေမှာပေါ့ ကလေးရယ်...စိတ်မကောင်းစရာတွေကိုထပ်မကြည့်ရအောင်ကွာ...ကိုယ်တို့ပြန်မယ် နော်""


ခေါင်းလေးငြိမ့်ပြသည်နှင့် သူလည်းခန္ဓာကိုယ်လေးကိုပွေ့ချီကာ ပြန်ခေါ်လာခဲ့ပြီး အိမ်မှာအဝတ်အစားလဲပေး၍ ဆေးတိုက်ထားရသည်။ဆရာဝန်လာကြည့်ပေးတော့ အဖျားဒီဂရီကအတော်လေးပြန်တက်နေသည်မို့ စိုးရိမ်စိတ်ကမလျော့နိုင်။ ပြီးတော့ဟိုမြင်ကွင်းကြောင့်ထိတ်လန့်တာတွေ၊စိတ်မကောင်းဖြစ်တာတွေရောကာ မျက်နှာလေးကညိုးနေပြန်တော့  ကိုယ့်မှာဘာလုပ်ပေးရမှန်းမသိ။


မဖြစ်တော့ပါ။ဒီအနီးအနားမှာရှိနေရင်ဒါကိုပဲတွေးပြီးစိတ်မကောင်းဖြစ်နေမှာမို့ အပြောင်းအလဲဖြစ်အောင် တစ်နေရာကိုခေါ်သွားပေးဖို့စိတ်ကူး၍...


""ကလေးလေး

အိမ်မှာနေရတာပျင်းရင် ကိုကိုအပြင်လိုက်ပို့မယ်လေ...ကားပေါ်ကတော့မဆင်းရဘူး၊ရေစိုမခံရဘူး...အဲ့လိုလုပ်မလား? ကလေးအပြင်သွားချင်လား""


""ဟင့်အင်း!""


""ဒါဖြင့်ကိုယ့်ကလေးလေးဘာလုပ်ချင်လဲ""


""အဆိုး မေမေ့ဆီသွားချင်တယ်""


""အင်း! ဟုတ်ပြီ၊ဒါဆို ကိုကို့လိုက်ပို့ပေးမယ်""


နေမကောင်းတော့အမေကိုလွမ်းပြီထင်ပါရဲ့။အိမ်ကိုပဲလိုက်ပို့ခိုင်းသည်မို့ နှစ်ဦးသားချက်ချင်းပင်ထွက်လာခဲ့၏။


~~~~~ 🍬🍬🍬🍬 ~~~~~


""မေမေ!""


""ဟယ်! သမီးလေး...လာပါဦးမေမေ့ဆီ

ဒီမှာမေမေကမုန့်လုပ်ရင်းသတိရနေတာ...မနေ့ကပြောတော့မလာချင်ဘူးဆို""


""အခုလာချင်ပြီ၊မေမေ့ကိုသတိရလို့""


နှုတ်ခမ်းလေးစူပြောရင်း ရင်ခွင်ထဲအတင်းတိုးဖက်လာသည့်သမီးငယ်အား မိခင်ဖြစ်သူကလည်းအလိုက်သင့်ပြန်လည်ထွေးဖက်ထားခိုက် ပူနေသည့်အထိအတွေ့ကြောင့် အလိုမကျစွာမျက်မှောင်ကျုံ့မိရရင်း...


""သမီးလေး ကိုယ်တွေပူနေပါလား""


""ဟုတ်တယ် အမေ

ဆိုးလေးညကတည်းကဖျားနေတာ...အဲ့ဒါကြောင့်ဒီနေ့ပေးတောင်မဆော့ဘူး...အခုမှအိမ်ကိုလာချင်တယ်ဆိုတာနဲ့""


""ဖြစ်ရလေ! ငါ့သမီးလေးကတအားအဆော့မက်တာကိုး""


""မေမေ မနက်ကလေ

သမီးတို့အိမ်နားလေးမှာ ကားတိုက်မှုဖြစ်တယ်သိလား""


""ဟုတ်လား...ဘာတွေဖြစ်သွားသေးလဲ

လူတွေရောအန္တရာယ်ကင်းရဲ့လား""


""ဟင့်အင်း...အတိုက်ခံရတဲ့မိန်းကလေးကသေသွားတယ်၊ သူ့မှာလေသမီးလေးတစ်ယောက်ရှိတယ်သိလား...ငယ်ငယ်လေးပဲရှိသေးတာမေမေရယ်...သနားပါတယ်""


"".....""


""သူကလေ သူ့ဒဏ်ရာကိုတောင်ဂရုမစိုက်ဘဲနဲ့ သမီးလေးကိုကယ်ပေးပါဆိုပြီး ပတ်ဝန်းကျင်ကလူတွေကိုအကူအညီတောင်းနေတာ..သမီးဖြင့်အဲ့ဒါကိုမြင်ပြီးရင်ထဲဘယ်လိုဝမ်းနည်းလာမှန်းကိုမသိဘူး""


သမီးတင်မဟုတ်ပါ။ထိုစကားကိုနားထောင်နေသည့် ဒေါ်သက်ထားချိုရဲ့မျက်နှာသည်လည်း ချက်ချင်းပင်သွေးဆုတ်ဖြူလျော်သွားကာ နှုတ်ခမ်းဖျားတွေပင် တဆတ်ဆတ်တုန်လာပြီး မျက်ရည်တွေရစ်ဝဲလာသည့်မျက်ဝန်းအား သမီးမမြင်စေရန် မျက်တောင်တို့ဖြင့်ပုတ်ခတ်သိမ်းဆည်းနေမိ၏။


""သမီး! ကျမမှာသမီးလေးရှိပါတယ်

သူ့ကို...သူ့ကိုစောင့်ရှောက်ပေးပါနော်...ကျမသေသွားလည်းကိစ္စမရှိပါဘူး...ဒီအမှုကိုလည်းကျမဘက်ကကျေအေးပါတယ်...ရှင်တို့ကိုလုံးဝအပြစ်မယူမှာမို့ ကျမသမီးလေးကို စောင့်...ရှောက်...""


စကားသံတို့မှမဆုံးခင် မှိတ်ကျသွားခဲ့သည့်မျက်ဝန်းတို့အားယခုချက်ချင်းပင် မြင်ယောင်မိသလို၊အသေအချာမှာခဲ့သည့်စကားကိုလည်း ချက်ချင်းကြားယောင်မိလိုက်သည့်နှယ်ပါ။ ၁၈နှစ်ကြာခဲ့ပြီ။သမီးလေးအပေါ်တင်နေခဲ့သည့် ဒီအကြွေးကြောင့် ရင်နာလာခဲ့ရတာ လွန်ခဲ့သည့်၁၈နှစ်တာကာလကတည်းက...။တနေ့မှာဒီအဖြစ်မှန်တွေကို သမီးလေးသိသွားခဲ့ရင် အရမ်းကိုစိတ်ထိခိုက်သွားရှာမှာ...။ထားပါတော့လေ! ဒီအဖြစ်မှန်ကို ဒီမိသားစုဝင်၃ယောက်ကလွဲရင် တခြားဘယ်သူမှမသိကြတာမို့ ဒီအဝန်းအဝိုင်းကသာ စည်းမဖောက်ခဲ့ရင် သမီးလေးလည်းမသိလောက်ပါဘူး။ သေတဲ့အထိထိန်းသိမ်းထားကြတာပေါ့။


"".....""


အမေဖြစ်သူကဤသို့တွေးနေခဲ့သော်လည်း ရှင်ရှင်ပြောသမျှစကားများကို စောကတည်းက နံရံအကွယ်မှာရပ်ရင်းနားထောင်သည့်ချစ်ကြိုးကတော့ တွေးလောက်မည်မဟုတ်ပါ။


အဘယ်ကြောင့်ဆို သူမမျက်နှာထက်ပေါ်လွင်နေသည့် မဲ့ပြုံးလေးခပ်ရေးရေးက တစ်စုံတစ်ခုသောအဓိပ္ပာယ်နှင့်...။


ခံစားရမှာပေါ့ ချစ်သည်းရှင်။

နင်လည်း တစ်ချိန်က ဒီလိုအဖြစ်အပျက်မျိုးကြုံဖူးတဲ့ ကလေးပဲကိုး...။


နင့်အမေက အခကြေးငွေမယူဘဲ၊အပြစ်မယူဘဲ တိတ်တိတ်ဆိတ်ဆိတ်သေသွားပေးခဲ့တဲ့အတွက် နင့်ရဲ့ရှင်သန်နေမှုကလျော်ကြေးပဲဆိုတာ နင်သိရဲ့လား...ကလေးငယ်။ နင်က နင့်အမေရဲ့အသက်နဲ့လဲပြီး ဒီလိုရွှေဘုံပေါ်ရောက်လာခဲ့တာပဲ။


ဒါကြောင့်ပြောတာပေါ့၊ သိပ်ပြီးမာန်မတက်ချင်နဲ့လို့...နင့်ရဲ့ပျော်ရွှင်မှုကို အချိန်မရွေး ငါသတ်နိုင်တယ်...အဟင်း!!


~~~~~ 🍬🍬🍬🍬 ~~~~


""ကိုကို...အဆိုးအဲ့ဒီ့အလုံးလုံးလေးတွေစားချင်တယ်""


ထမင်းစားခန်းဆီဝင်မိသည်နှင့် အစားစားဖို့ပူဆာပြန်သည့် ကလေးဆိုးလေးပါပင်။သို့သော် လက်ညိုးလေးထိုးကာပြသည့် မုန့်ပန်းကန်ကမုန့်လုံးရေပေါ်တွေဖြစ်နေ၍ သူမျက်မှောင်တစ်ချက်ကျုံ့မိရပြန်ကာ...


""မဖြစ်ဘူး ကလေး...မစားရဘူး""


""မနက်ကအိမ်မှာလုပ်တာ ဒါထင်တယ်

အများကြီးရှိဦးမှာပါကိုကိုရဲ့""


""ကိုကိုမစားရမှာစိုးလို့ပြောနေတာမဟုတ်ဘူး သည်းငယ်၊ နေမကောင်းတဲ့အချိန်မှာအဲ့လိုဟာတွေမစားရဘူး...မတည့်ဘူးလို့ပြောနေတာ""


""ကိုကိုကလည်း တစ်ခုနှစ်ခုစားတာဘာမှမဖြစ်ပါဘူး""


သက်ပြင်းကြီးသာချမိရပြန်ပါပြီ။ တစ်မနက်လုံးစိတ်မကြည်ဘဲဖြစ်နေတာကြောင့် ထပ်ပြီးလည်းစိတ်ညစ်သွားအောင်မပြောရက်တော့ ကိုယ့်မှာခက်နေသားပါ။ ဟင်း! မင်းနဲ့တော့ခက်လိုက်တာနွဲ့ဆိုးရာ...။


~~~~ 🍬 ~~~~


""သမီးလေး! သောက်ဆေးတွေပါလာတယ်မလား

ဆန်ပြုတ်လေးသောက်ပြီး ဆေးသောက်ရအောင်""


""သမီးဗိုက်မဆာသေးဘူး""


""မရဘူးလေ ကလေးရယ်

ဆေးကအချိန်နဲ့သောက်ရတာ...ဒါမှကိုယ့်ကလေးမြန်မြန်နေကောင်းမှာပေါ့""


""ဒါဆို ကိုကို့ခွံ့ကျွေး""


""အဟင်း! ဟုတ်ပါပြီဗျာ""


နံဘေးနားကစကားသံတွေကို နားခါးခါးနှင့်ပင်နားထောင်နေရပါ၏။ဧည့်ခန်းထဲမှာ အားလုံးအတူထိုင်နေကြသည်မို့ တစ်ယောက်တည်းရှောင်ဖယ်နေရင်လည်းမကောင်းပြန်၍ ချစ်ကြိုးလည်းဒီမှာရှိနေရခြင်းပါ။ နေမကောင်းဘူးဟူသည့်အကြောင်းပြချက်နဲ့ အမေကိုရော၊အဖေကိုရောရောက်ကတည်းက ပတ်ချွဲနေကာ အဆိုးဆုံးအနှိပ်စက်ခံရသည်က လင်းည...။အခုလည်းကြည့်!ဆန်ပြုတ်ကိုတောင်ကိုယ့်လက်နဲ့ကိုယ်မစားဘဲ ခွံ့ကျွေးခိုင်းနေပြန်တာကို လင်းညကလုံးဝမငြူစူဘဲတယုတယခွံ့ကျွေးနေလေရဲ့။


ဘာလဲ! ဒီအခြေအနေကိုကြည့်ရတာ ဟိုဓာတ်ပုံတွေက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကြားဘယ်လိုအက်ကြောင်းမှမရှိစေခဲ့ဘူးလား? 


ဘာကြောင့်လဲ? ဘယ်လိုအခြေအနေမျိုးရောက်မှ လင်းညသူ့အပေါ်စိတ်ပျက်သွားမှာလဲ?""


""ဟင့်အင်း!တော်ပြီ မစားချင်တော့ဘူး""


""နည်းနည်းလေးပဲစားရသေးတယ်လေ ကလေးရယ် တစ်ဇွန်းလောက်ထပ်စားပါလား""


""ဟင့်အင်း..အဆိုးမစားချင်...အု! ဝေါ့!!""


""ဟာ! ကလေး...""


""သမီး!""


နောက်တစ်ဇွန်းကိုချော့ပြီးကျွေးလိုက်မိသည်က အမှားကြီးပါပင်။အစာမကျေဘူးထင်ရဲ့။ မနက်က စိတ်မထိန်းနိုင်စွာ အလိုလိုက်မိပြီး ခွံ့ကျွေးထားသည့် မုန့်လုံးရေပေါ်သုံးလေးလုံးက အခုတော့ဒုက္ခပေးတာပါပဲ။ ဆန်ပြုတ်တစ်ဇွန်းကိုထပ်စားပြီးနောက် ဆိုးလေးက ဘယ်လိုမှအခြေအနေမဟန်တော့စွာ အန်ချပစ်သည်မို့ ကိုယ့်မှာချက်ချင်းပျာပျာသလဲဖြင့် လက်ဖဝါးတစ်ဖက်ကို ခံပေးလိုက်လေတော့ သူမကခေါင်းလေးယမ်းပြနေ၏။


""ရတယ်၊ရတယ် ဘာမှမဖြစ်ဘူး

အန်ချလိုက် ကလေး ရတယ်""


""ဝေါ့!""


""အဆင်ပြေရဲ့လား

လာ...ကိုကိုရေချိုးခန်းလိုက်ပို့မယ်""


""ခဏလေးနော်..မေမေ သူ့အဝတ်အစားတွေယူလာခဲ့မယ်""


""ဟုတ်ကဲ့ အမေ""


""လာ..ကလေး ဖြေးဖြေးလျှောက်နော်""


ထုံးစံအတိုင်းပွေ့ပြီးချီချင်ပေမယ့် ကိုယ့်လက်မှာပေကျံနေသည်အရာများကြောင့်အဆင်မပြေလေတော့ အသာလေးထိန်းဖက်ပေး၍ ရေချိုးခန်းဆီခေါ်လာခဲ့ရသည်။ Basinရောက်မှ မျက်နှာနဲ့လက်တွေကိုပါအသေအချာဆေးကြောပေးနေစဥ် သူမမျက်လုံးလေးက ကိုယ့်အင်္ကျီကိုလှမ်းကြည့်ကာ မျက်နှာလေးငယ်လာသည်မို့...


""ဘာဖြစ်လို့လဲ ကလေး

ဘာအဆင်မပြေလို့လဲ ကိုယ့်ကိုပြော""


""ဒီမှာ အဆိုးကြောင့်ကိုကို့အင်္ကျီတွေပေသွားပြီ

တောင်းပန်ပါတယ် ကိုကိုရွံနေလားဟင်?အင်္ကျီကိုမြန်မြန်လဲလိုက်လေ""


""ကလေးရယ် မဟုတ်တာကွာ

ဘာမှမဖြစ်ဘူး...မင်းအဆင်ပြေဖို့ကအရေးကြီးတယ်၊ကျန်တာဂရုမစိုက်နဲ့...ကိုကိုဘာမှမဖြစ်ဘူး""


""သား..ဒီမှာသူအဝတ်လေးတွေ""


""ဟုတ်!

ကလေး လာ..အဝတ်အစားလေးတွေရပြီ

လဲရအောင်""


သည်လိုနှင့် အသေအချာသန့်ရှင်းပေး၊အဝတ်အစားလဲပေးကာ တစ်ရေးလောက်ပြန်သိပ်ဖို့ချော့ပြောရသည်။အဖျားတွေကလည်း မကျသေးတာမို့ တကယ်ကိုစိတ်ပူစရာအခြေအနေပါပဲ။ဒီလိုပုံစံအတိုင်းသာဆို သူမလေးကိုခဏတောင်မျက်ကွယ်ပြုလို့မဖြစ်ချေဘူးလေ။ သို့ပေမဲ့ မကြာခင်မှာ အလုပ်ကိစ္စနဲ့Singaporeခဏပြန်ရမည်မို့ တကယ်ခက်လိုက်သည့်ဖြစ်ခြင်း။


""သမီးလေးရယ်..ကြည့်ပါဦး မျက်နှာလေးကရဲနေတာပဲ...မေလေးရဲ့ကလေးလေးသနားပါတယ်""


""ဘာမှမဖြစ်ပါဘူးကွာ

သမီးကငယ်ငယ်ကတည်းက ကျန်းမာရေးကောင်းပြီးသား၊ အဆော့မက်လို့ခဏလေးဖျားသွားတာ'"


နှစ်အိမ်စလုံးရဲ့အသည်းကျော်မို့ သူမလေးဒီလိုနေမကောင်းသည်နှင့် နှစ်ဖက်မိဘတွေက အစုံအလင်ရောက်ရှိပြီး စိုးရိမ်တကြီးဖြစ်နေကြချေပြီ။သို့သော် အဖေ၊အမေတွေက ဝိုင်းပြီးချော့ပေးနေတာတောင် သူမမျက်နှာလေးကမကြည်လင်သေးပေ။ခုတင်ပေါ်ခပ်လျော့လျော့လေးထိုင်ကာ ကိုယ့်ရင်ခွင်ထဲခေါင်းလေးတိုးမီထားသည်မို့ ဆံနွယ်လေးတွေကိုဖွဖွညင်သာသပ်တင်ပေးနေရင်းမှ...


""ကလေး...အိပ်ချင်ပြီလား

ဆေးသောက်ထားတယ်လေ ခဏလေးအိပ်လိုက်ပါလား""


""ဟုတ်သားပဲ သမီးလေးရယ်

ခဏလောက်အိပ်ဦးလေ...နော်""


""မမရော..ဘယ်သွားတာလဲ""


""သမီးရဲ့မမက သူ့သူငယ်ချင်းတစ်ယောက်ခေါ်လို့တဲ့ အပြင်ခဏသွားတယ်""


""ဟွန့်! မမကလည်း""


""ကဲ..နေမကောင်းရင် သူ့အနားလူကုန်ရှိစေချင်တော့တာ။ငယ်ကတည်းကအဲ့အတိုင်းပဲ""


""ဒါနဲ့သားခုနပြောတာ... နောက်နှစ်ရက်နေရင်singaporeသွားရမယ်ဆို""


""ဟင်!""


မေလေးပြောလာသည်က ရှင်ရှင်လုံးဝကြိုမကြားထားမိသည့်ကိစ္စမို့ မျက်လုံးလေးဝိုင်းလျက် ကိုကို့မျက်နှာဆီမော့ကြည့်မိလျှင် သူကလည်းသက်ပြင်းငွေ့ငွေ့ချကာ ငုံ့အကြည့်နှင့်ဆုံ၏။ထို့နောက် ရှင်ရှင့်နဖူးလေးထက်ခပ်ဖွဖွငုံ့နမ်းလိုက်ကာ...


""အဲ့ဒါဟုတ်တယ် ကလေးလေး""


""ဟင်! ဒါဆိုဘာလို့အဆိုးကိုမပြောပြတာလဲ

မပြောဘဲနဲ့သွားမယ်ပေါ့ ဟုတ်လား?""


""မဟုတ်ပါဘူးကွာ

ကိုကိုမသေချာသေးလို့ပါ...ကလေးဒီလောက်နေမကောင်းဖြစ်နေတာကို ခွဲသွားဖို့စိတ်မချလို့""


""အဟင့်!""


""ကဲ!ထစ်ခနဲရှိမျက်ရည်ကကျပြီ။သားကအလုပ်ကိစ္စအရေးကြီးလို့သွားမှာလေ သမီးရယ်""


""မေမေကလည်း သမီးမှကိုကိုနဲ့မခွဲနိုင်တဲ့ဟာ""


 ""သုံးလေးရက်ပဲကြာမှာပါ သမီးရယ်""


""မဟုတ်ဘူး အမေ...ဒီနှစ်ရက်အတွင်းကလေးကအဖျားမကျရင်တော့ ကျွန်တော်သွားဖြစ်မှာမဟုတ်ဘူး၊အဲ့ဒီ့projectပျက်သွားပါစေ ကိစ္စမရှိဘူး""


""သား...သူ့ကိုပဲအလိုလိုက်မနေနဲ့၊သားသိတဲ့အတိုင်း သူကနေမကောင်းရင်အဲ့လိုပဲ ဂျီကျတယ်၊အလုပ်ကိစ္စနဲ့ကိုယ်ရေးကိုယ်တာကိုမရောစေနဲ့""


"".....""


""သမီးက ဒီအရက်အတွင်းမေမေတို့ဆီမှာလာနေလိုက်ရင်ဖြစ်နေတာပဲ...မေမေတို့ဝိုင်းပြီးဂရုစိုက်မှာပေါ့""


သိပါသည်။ဒီလိုလုပ်လို့ရတာမသိလို့မဟုတ်သလို နေမကောင်းရင် ကလေးကပိုဂျီကျတတ်တာလည်းမသိဘဲမနေ။သို့သော် အဲ့လိုဂျီကျဖို့ကိုပဲ ကိုယ်တိုင်ဘေးနားရှိနေပေးချင်သည်မို့ အခုလိုဝေခွဲရခက်နေရခြင်းပါ။


ခဏလေးအနားမရှိတာနဲ့ ထင်ရာစိုင်းတတ်သည့်တဇွတ်ထိုးလေးကို သုံးလေးရက်သာမျက်ကွယ်ပြုခဲ့ရင်ဖြင့် ဘယ်လိုတွေမွှေဦးမယ်မသိ။ အခုတောင် ကိုယ်အနားရှိလျက်နဲ့ နေမကောင်းဖြစ်နေရသေးတာ...။


ဟူး!!တကယ်စိတ်မချလိုက်ရတာကွာ။

တကယ်ပဲ၊ ပိုင်ဆိုင်မှုလေးဒီတစ်ယောက်ရှိတာ... အဲ့တစ်ယောက်ကိုပဲကိုယ့်မှာဘယ်နားထားရမှန်းမသိရသည့်အဖြစ်ရယ်ပါ။


အကဲပိုရန်ကောလို့ ဝေဖန်ကြရင်လည်း လက်ခံရုံပေါ့။ ဒီကလေးကိုစချစ်မိကတည်းက ကိုယ်ဟာ အချစ်လွန်ရောဂါရသွားခဲ့တာပဲမဟုတ်လား။


~~~~ 🍬🍬🍬🍬 ~~~~


အခန်း (၄၆)ဆက်ရန်


Readers/WritersလေးတွေအားလုံးကVIPပါ


Writer - WineSatt Cho(🍋Lëmoñ🍋)


rate now: