🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
••••••••••• ♡ အခန်း [ ၄၃ ] ♡ ••••••••••••
""ဝုန်း!""
""ဒုန်း!""
""အား! ကိုကိုရေ လာပါဦး""
မနက်မိုးလင်းလင်းချင်းမှာပင် စွာစူးနေသောအော်ခေါ်သံလေးကြားလိုက်ရခြင်းနဲ့အတူ ဝုန်းခနဲ၊ဒုန်းခနဲအသံတွေကြောင့် ကိုယ့်မှာစိုးရိမ်တကြီးဖြင့် လှေကားထစ်တွေကိုပြေးဆင်းခဲ့ရသည်။ တကယ်ပါပဲ၊ မိုးလင်းတာနဲ့ ဒီမနိုင်စိန်ကလေးဆိုးလေး ဘာဖြစ်ရပြန်ပါလိမ့်။
""အဆိုး...ကလေးဘယ်မှာလဲ""
""ဗွမ်း!!""
စိုးရိမ်မှုနဲ့အတူ မျက်လုံးအစုံသည်လည်း သူမ,ရှိရာကိုအပြေးအလွှားရှာနေမိရင်း အိမ်တံခါးဝသို့အရောက်၌ အနောက်ဘက်မှ ရေတွေပက်ဖျန်းခြင်းခံလိုက်ရသည်က ဝုန်းခနဲ။ ကျောပြင်နဲ့ခန္ဓာကိုယ်တစ်ခုလုံးရွှဲရွဲစိုသွားကာ လူကလည်းဆတ်ခနဲလှည့်ကြည့်မိလျှင် မချိုမချဥ်မျက်နှာပေးဖြင့် ပြုံးပြ၍ခုန်ပေါက်ပျော်ရွှင်နေသူက ကိုယ့်ရဲ့ကြင်နာသူ နွဲ့ဆိုး...။
""အဟေး! ကိုကိုအညာမိသွားပြီ""
""ဟား! ကလေးရာ...ကိုကို့မှာလန့်သွားတာပဲ
ဘာလို့မနက်အစောကြီး ရေတွေဆော့နေတာလဲ""
""ကိုကိုကလည်း...ဒီနေ့သင်္ကြန်ကျပြီလေ
သိကြားမင်းကြီးကိုကြိုရတော့မယ်""
သြော်!ဟုတ်သား။ ဒီနေ့ကသင်္ကြန်ရဲ့ပထမဆုံးရက်တောင်ရောက်နေပြီကိုး။ မနေ့ကအထိသတိရနေပါလျက် အခုတော့နွဲ့ဆိုးကို ပူပန်ရတာနဲ့တင် အရာရာမေ့သွားရတာပါလား။
""ဒါဆိုခုနကဘာအသံတွေလဲ ကလေးရဲ့""
""အဲ့ဒါက ကိုကို့ကိုမျှားခေါ်ဖို့ ဆိုဖာပေါ်တက်ပြီး ပြန်ခုန်ချလိုက်တာ အဟဲ""
""ဖြစ်ရလေကွာ၊ ကလေးခြေထောက်မှာဒဏ်ရာရထားတယ်လေ....သွေးတွေပြန်ထွက်လာရင်ဘယ့်နှယ်လုပ်မလဲ""
""ဒဏ်ရာကသိပ်မနာတော့ပါဘူး
ဒီမှာကြည့်!ခုန်လို့တောင်ရပြီ""
ပြောရင်းဆိုရင်း အနားမှာခုန်ပေါက်နေပြန်သည့်ကလေးဆိုးလေးကို ပြောလို့လည်းနိုင်မည်မထင်တော့ပါ။အရင်နှစ်ရက်က ဟိုဓာတ်ပုံတွေကိစ္စကြောင့် တမှိုင်မှိုင်တတွေတွေလေးဖြစ်နေပြီး အစားတောင်ကောင်းကောင်းမစားတာမို့ ကိုယ့်မှာအရိပ်တကြည့်ကြည့်ဖြစ်နေခဲ့ရပေမယ့် ဒီမနက်တော့ဖြင့် ရွှင်ရွှင်ပျပျဆော့ကစားနေ၍ သူမလေးအလိုကျလွှတ်ထားပေးရတော့မည်သာ။
""ကဲ! အရမ်းကြီးလည်းမခုန်ပါနဲ့ ကလေးရယ်
ရပြီ ရပြီ၊ကိုကို ယုံတယ်...နော်""
""အဟီး!""
သည်လိုပြောမှပဲခုန်ပေါက်နေခြင်းကိုရပ်ကာ ကိုယ်ပေါ်ကပ်တွယ်လာပြန်သည့် ပေါက်စနလေးအား အလိုက်သင့်ပင့်ချီ၍ ပါးလေးကိုဖျတ်ခနဲနမ်းလိုက်ပြီး...
""အဲ့လိုလေးပြုံးနေမှပေါ့ ကလေးရယ်...
အရင်ရက်က ကလေးမျက်နှာလေးညိုးနေလို့ ကိုကိုစိတ်ပူနေရတာ""
""သိပါတယ်၊အဲ့ဒါကြောင့် အဆိုးထပ်ပြီးစိတ်မညစ်တော့ဘူး...ငိုလည်းမငိုတော့ဘူး""
""အဟင်း!ကိုယ့်သည်းငယ်လေးကလိမ္မာလိုက်တာ""
""ဟုတ်တယ်၊ ကိုကိုသာ အဆိုးဘေးမှာရှိနေရင်ဘာကိုမှမကြောက်တော့ဘူး၊ ကိုကို့ရဲ့ဒီရင်ခွင်ကအနွေးထွေးဆုံးပဲ""
စကားသံချိုချိုလေးနဲ့အတူ ခေါင်းလေးကကိုယ့်ပုခုံးပေါ်တိုးဝှေ့ကျီစယ်ကာ မျက်လုံးဝိုင်းလေးတွေဖြင့်ကြည့်နေပြန်၏။
""ဘယ်လိုဟာလေးလဲကွာ
စကားတွေသိပ်တတ်တာပဲ""
""ကိုကို့ရဲ့လူဆိုးမလေးလေ""
""အဟွန်း!""
""ခဏနေကျရင် လျှောက်လည်ဖို့အဆိုးသူငယ်ချင်းတွေလာခေါ်မယ်တဲ့! အဝတ်အစားသွားလဲတော့မယ်""
""သူတို့နဲ့ဘာလို့သွားမှာလဲ?
ကိုကိုစိတ်မချဘူး...သွားချင်တဲ့နေရာ ကိုကိုလိုက်ပို့မှာပေါ့""
""ဟွန့်!ရေပက်ခံထွက်တာက သူငယ်ချင်းတွေနဲ့မှပျော်စရာကောင်းတာ""
""မရဘူး၊မရဘူး အဲ့လိုတော့မရဘူး
ကိုကိုနဲ့ပဲသွားရမယ်""
သည်လိုဆိုတော့လည်း ရှင်ရှင်ထပ်ငြင်းမနေပါ။သင်္ကြန်ကို သူငယ်ချင်းတွေနဲ့လည်တာ နှစ်တိုင်းလိုလိုပဲလေ။ ချစ်ရသူနဲ့ကအခုမှလည်ရမှာ...။ကိုကိုကလည်း မြန်မာသင်္ကြန်နဲ့အလှမ်းဝေးနေတာ ကြာပြီပဲမဟုတ်လား။
သို့နှင့် ရှင်ရှင်လည်းခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြကာ...
""ဟုတ်၊ ဒါဆို ကိုကိုနဲ့ပဲသွားမယ်
ဒါပေမဲ့အဆိုးသွားချင်တဲ့နေရာမှန်သမျှလိုက်ပို့ရမယ်နော်""
""ဟုတ်ပါပြီကွာ၊ ကိုယ့်အသည်းရဲ့သဘောအတိုင်းပါ""
""မနက်ဖြန်ကျရင်တော့ မဏ္ဏပ်မှာ သူငယ်ချင်းတွေနဲ့အတူရေကစားမှာ""
""အင်း! ဒါဆိုလည်း ကိုကိုလိုက်စောင့်ပေးမယ်လေ""
""အံမယ်! လူကိုတံဆိပ်လိုက်ကပ်မယ်ပေါ့""
""အင်းပေါ့၊ ဆိုးလေးက အိမ်ထောင်သာပြုထားတာ လူကငယ်ငယ်လေး...ပြီးတော့အရမ်းလည်းချစ်ဖို့ကောင်းတာ၊တော်ကြာကောင်လေးတွေလာကပ်နေရင်ဘယ်လိုလုပ်မလဲ?ကိုကိုစိတ်မချဘူး""
""စိတ်မချရင်လည်း အနားမှာနေပေါ့ရှင်
ချစ်သည်းရှင်က သိပ်လှ၊သိပ်ချစ်ဖို့ကောင်းတဲ့ဇနီးလေးဆိုတော့လည်း ခင်ပွန်းသည်ကဒီလိုစိတ်မချဖြစ်ရတာမဆန်းပါဘူး""
ပြုံးစစမျက်နှာလေးဖြင့် ခေါင်းလေးစောင်းငဲ့ပြောလာစဥ် လူမှာအသည်းယားလွန်း၍ နှုတ်ခမ်းဖူးဖူးလေးအား ဖိကပ်နမ်းရှိုက်မိပြန်၏။
""အာ့! ကိုကိုနော်..မပြောမဆိုနဲ့ဘာလို့လာနမ်းပြန်ပြီလဲ""
""သိပ်လှ၊သိပ်ချစ်ဖို့ကောင်းတဲ့ ဇနီးလေးကို သိပ်လည်းနမ်းချင်လာလို့""
""ဟွန့်! ပြောစကားဆိုအမှားကိုမခံဘူး၊အကုန်သူအထအနကောက်ပြီ...လူလည်ကျတာက""
မကျေမနပ်လေးရေရွတ်မိတော့ သူက ပုခုံးတွန့်ကာ မျက်ခုံးတစ်ချက်ပင့်ပြသေး၏။သဘောက `ဘာဖြစ်လဲ´ဟူသည့် အမူအရာ။
ဝွန်း!တကယ်ဆိုးတဲ့ လူကြီး။အခွင့်အရေးသမားကြီး။
""ကဲ!အောက်ခဏဆင်း...ကိုကိုအဝတ်အစားလဲလိုက်ဦးမယ်နော်၊ ခဏလေးစောင့်""
""တော်ရုံသင့်ရုံပဲပြင်နော်။သိပ်လည်းရှိုးထုတ်မနေနဲ့""
""ဘာလို့လဲကွာ၊ ကိုကိုလည်းချောချောမောမောလေးဖြစ်ချင်တာပေါ့""
""ဟာ! ကိုကိုစိတ်ဓာတ်ပဲနော်
ကောင်မလေးတွေဝိုင်းကြည့်ကုန်ရင်ဘယ်လိုလုပ်မှာလဲ? ကျစ်!ပြောချင်တာက အခုလည်းချောတယ်လို့...ကိုကို...""
ပြောစကားတောင်မဆုံးလိုက်ပါ။အပီအပြင်ရှိုးထုတ်ဖို့ကြံရွယ်နေသူတစ်ယောက်ကတော့ အပေါ်ထပ်သို့လှစ်ခနဲရောက်သွားလေရဲ့။
~~~~~ 🍬🍬🍬🍬 ~~~~~
သင်္ကြန်ကတော့ ပထမဆုံးတစ်ရက်မှာတင် အတော်လေးစည်းကားနေကာ ကြည့်လေရာတိုင်းလူတွေတပြုံးကြီးပင်။ ရေကစားမဏ္ဏပ်တွေကအပြည့်အကျပ်နှင့် သီချင်းသံတွေကလည်းအပြိုင်အဆိုင်ဆူညံလို့နေ၏။လမ်းမတွေထက် ရေတွေရွှဲနစ်ကာ ကျပ်သိပ်နေသည့်လူတွေကြား တိုးဝှေ့သွားလာနေရခြင်းဟာလည်း ကိုယ့်အတွက်တော့သိပ်အဆင်မပြေလှ။သို့သော် ကိုယ့်ကလေးငယ်ကဖြင့် ရေတွေကြားထဲ ခုန်ပေါက်ပျော်ရွှင်နေတာများ ခြေထောက်ကဒဏ်ရာကိုတောင် မေ့နေသည့်နှယ်ပါပင်။
""ကိုကို...ဒီဘက်ကိုလာ
မြန်မြန်လာလေ""
""ဆိုး!...ကလေး အရမ်းမပြေးနဲ့လေကွာ
ဒီမှာရေတွေအများကြီးပဲ...ချော်လဲကျမယ်""
""မလဲပါဘူး ကိုကိုရဲ့
အဆိုးက...အ! အ!""
စကားလှည့်ပြောရန်ပြင်လိုက်စဥ်မှာပင် ဘေးကလူတစ်အုပ်ဝင်တိုးသွားသည်မို့ယိုင်ခနဲဖြစ်သွားသည့်ခန္ဓာကိုယ်လေးအား ကိုယ့်မှာမနည်းဖမ်းထိန်းကာဖက်ထားလိုက်ရ၏။
""ရလား...ကလေး
နာသွားသေးလား""
""အဟဲ! မနာပါဘူး""
""ကိုကို့လက်ကိုမလွှတ်နဲ့နော်...သေချာကိုင်ထား""
""ဟုတ်""
""ချမ်းနေပြီလား
လာပါကွာ...ကားဆီပြန်ရအောင်
ဒီလောက်ဆိုတော်ပြီပေါ့""
""ကိုကိုကလည်း ရေပက်ခံကားနဲ့ကျပေးမလိုက်ဘူး
ကိုကို့ကားနဲ့က မှန်ပိတ်မောင်းတော့ရေမှမစိုရတာ...အဲ့ဒါကြောင့်လမ်းဆင်းလျှောက်တာလေ""
""ဒါပေမဲ့ အခုလမ်းလျှောက်လာတာကြာပြီလေကလေးလေးရယ်...ခဏလောက်ပြန်နားပါဦး""
""ဟင့်အင်း! ဟင့်အင်း!
ဟိုးနားက မဏ္ဏပ်အထိဆက်သွားချင်သေးတယ်""
""ဟာ! ကလေး...အဲ့ဒါအရမ်းဝေးသေးတယ်လေ
ဒီနားမှာတင်လူကဒီလောက်ကျပ်နေတာ...အဲ့နေရာအထိဆို...""
""ကိုကိုနော်...ဆိုးလေးကိုမချစ်ဘူးလား""
ပြောစကားမှမဆုံးသေးခင် တစ်ချက်တည်းသတ်လိုက်သည့်အမေး...။ခြေကိုဆောင့်၍ မျက်နှာလေးကတစ်ဖက်သို့လှည့်သွားပြီး နှုတ်ခမ်းကိုစူထားပြန်သည်မို့ လူကြားထဲလည်း ချော့ရတော့မည့်အဖြစ်ပါပင်။
""ချစ်တာပေါ့ကလေးရယ်""
""ဒါဆိုလိုက်ပို့လေ""
""အခုက ဒီလောက်စိုရွှဲနေတာကွာ
အကြာကြီးဆက်နေရင် ကလေးလေးနေမကောင်းဖြစ်လိမ့်မယ်""
""ဟွန့်!""
""ဟေး!! Babyလေးက စိတ်ကောက်နေပြီနော်
ချော့လိုက်၊ချော့လိုက်""
""ဗွမ်း!!""
ဘေးတစ်ဖက်စီမှာလူတွေအများကြီးမို့နှစ်ဦးသားရဲ့အခြေအနေကို လှမ်း၍ပင်စနောက်နေကြချေပြီ။ထို့အပြင် ကားပေါ်ကနေ ရေတွေဖြင့်တဝုန်းဝုန်းလှမ်းပက်လာလေတော့ သူမလေးကအလန့်တကြားဖြင့် ကိုယ့်ရင်ခွင်ထဲတိုးဝင်လာကာ...
""အာ! ကိုကိုရေ...အေးလိုက်တာ
သူတို့ပက်တာ ရေခဲရေတွေ...အဟွတ်!""
""ကလေးရရဲ့လား
ရေတွေမွန်းသွားလို့လား ဟုတ်လား""
""ဟုတ်""
""လာ...လာ ကိုကိုတို့ပြန်ရအောင်""
""ဟော! ပြေလည်သွားပြီ၊ပြေလည်သွားပြီဟေ့""
အဆိုးမလေးကို ချော့မော့ပြောကာပြန်ခေါ်လာခဲ့သည့်တိုင် ရေတွေဖြင့်တဝုန်းဝုန်းလှမ်းပက်နေကြဆဲမို့ အသည်းပေါက်စရဲ့ကိုယ်လုံးသေးသေးလေးကို ကိုယ့်ခန္ဓာကိုယ်ကြီးဖြင့် အုပ်ကွယ်ရင်း ကားရပ်ထားသည့်နေရာသို့တရွေ့ရွေ့ဆက်လျှောက်လာခဲ့ရ၏။
""လာ...ကားထဲဝင်""
""သွား! လာမခေါ်နဲ့
အဆိုးသွားချင်တဲ့နေရာကိုလည်းလိုက်မပို့ဘူး""
""ကဲ! စိတ်ကောက်ချင်ရင်ခဏလေးနေမှကောက်ပါကွာ...ကိုကိုချော့မယ်ဟုတ်ပြီလား? အခုတော့အဝတ်အစားလေးလဲလိုက်ဦး""
တစ်နေ့စာလည်ပတ်မယ့်အဝတ်အစားတွေကိုကြိုပြီးထည့်လာတာမို့ ကားထဲပြန်ရောက်သည်နှင့် အဝတ်အစားလဲခိုင်းရ၏။မနက်ကတည်းကအပြင်တစ်ခါထွက်ပြီးရင် ညမရောက်ခင် အိမ်ကိုပြန်ရောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာ။ နေ့လည်ခင်းခဏလေးပြန်နားပါဆိုတာတောင် နည်းနည်းလေးမှနားမထောင်ချင်ဘူးလေ။ဒါကိုကြိုသိနေလို့ပဲ အဝတ်အစားတွေကအစထည့်လာပေးရတာ။
""ရော့! နွေးသွားအောင် ကော်ဖီလေးသောက်လိုက်""
ကြည့်!အဲ့လိုကော်ဖီအနွေးဗူးလေးကအစ မပါမဖြစ်ထည့်ရသေးတာ။ရေတွေစိုပြီးရင် ချမ်းနေရှာမယ်လေ။
အဝတ်အစားလဲပြီးတော့မှ ကော်ဖီလေးသောက်ရင်းငြိမ်သွားပြန်သည့်ကလေးမ...။စကားမပြော၊ဘာမပြောနဲ့ လူကိုစိတ်ကောက်နေပြန်ပါပြီ။သို့နှင့် ကိုယ်ကပဲ စကားအစရှာကာ...
""ဗိုက်ဆာပြီလား ပေါက်စလေး""
""ဟင့်အင်းနော်...မစားဘူး""
ဒီအချိန်ဆိုဗိုက်ဆာနေလောက်ပြီမှန်း ကိုယ်သိပေမယ့် တမင်ဂျစ်တိုက်ချင်နေသည့်ကလေးမက ခေါင်းခါပြန်သည်။ မဖြစ်တော့ပါ။စိတ်ကောက်နေတာကိုမှအမြန်မချော့ရင် ထမင်းလည်းကောင်းကောင်းစားတော့မှာမဟုတ်ဘဲ တနေကုန်ဂျီကျတော့မည်သာ။
သို့နှင့် သူမရဲ့ရေစိုဆံနွယ်လေးတွေကြား လက်ချောင်းတို့ဖြင့်ထိုးဖွ၍ ညင်သာစွာသပ်တင်ပေးလိုက်ပြီး...
""ကလေးရယ်...ကိုကိုကမင်းနေမကောင်းဖြစ်သွားမှာစိုးရိမ်လို့ပြောတာပါ၊အခုခဏလေးနား...နွေးနွေးထွေးထွေးလေးနေပြီးရင် ညနေကျလိုက်ပို့မယ်လေ နော်""
""ဒါဆို တခြားနေရာလိုက်ပို့
အိမ်မပြန်ချင်သေးဘူး""
""အင်း..အင်း..ခဏလေးနော်
ဒီမှာဆံပင်လေးတွေခြောက်အောင်သုတ်ပေးဦးမယ်""
ကျောပြင်လေးအားဖွဖွပွတ်သပ်ပေးရင်း ချော့ပြောလေမှ ရင်ခွင်ထဲသို့ခေါင်းလေးတိုးဝင်၏။ ထိုအခါရွှဲစိုနေသည့် ဆံနွယ်လေးတွေကို အလိုမကျမိပြန်၍ တဘက်ကိုလှမ်းယူကာ ဖွဖွသုတ်ပေးနေမိသည်။ချာတိတ်မကတော့ ရင်ခွင်ထဲခေါင်းလေးမီကာ ငြိမ်သက်နေရင်းမှ...
""ချမ်းတယ်""
""ဒါဆို ဒီထက်ထူတဲ့အင်္ကျီလေးဝတ်မလား""
""ဟင်! နောက်ထပ်ပါသေးတာလား""
""အင်းပေါ့""
""ကိုကို အဆိုးရဲ့ဗီရိုထဲရှိသမျှအကုန်များယူလာတာလား""
""လိုအပ်မယ်ထင်တာ ရွေးယူခဲ့ရုံပါကွာ""
""ဟင့်အင်း! ဝတ်ချင်ဘူး၊ ကိုကိုဖက်ထားပေး""
""ကိုကို့အင်္ကျီတွေစိုနေတယ် ကလေးလေးရဲ့
ဖက်ထားလိုက်ရင် ကလေးပါပြန်စိုသွားမယ်လေ""
""ဟင်! ကိုကိုက အဆိုးအတွက်ကျအင်္ကျီတွေထည့်လာပြီး ကိုကို့အတွက်ရောမပါဘူးလား...လဲဝတ်လေ""
""အာ! အဲ့ဒါ...ကိုကို့အတွက်မေ့နေခဲ့လို့""
""ဒါဆို ကိုကိုချမ်းနေလား
အဆိုးဖက်ထားပေးမယ်...လာ!""
တကယ်ပင် ရင်ခွင်ထဲအတင်းတိုးဖက်သည့်ကလေးကြောင့် သူလည်းစိတ်မထိန်းနိုင်စွာပင် ကိုယ်လုံးသေးသေးလေးအား ကျစ်နေအောင်ဖက်ကာ ထွေးပွေ့ထားမိ၏။
""နွေးသွားပြီ၊ ကိုကို့ရင်ခွင်ကအနွေးဆုံးပဲ""
""ငချွဲမလေး! ဒီစကားတွေနဲ့ပဲကပ်ချွဲနေတာ""
""အဆိုးကချစ်လို့ဟာကို""
""ဘယ်သူကရောမချစ်လို့လဲ""
""ကိုကိုကလေ""
ဟော့ကြည့်!ရစ်ပါပြီ။ ဘယ်လောက်ချစ်မှန်းမသိတာလည်းမဟုတ်ဘဲ တမင်ကိုရစ်မှန်းသိလည်း ဒီလူသားကချော့ချင်နေတာ ခက်သည်။ယခုလည်း လူကိုအသည်းယားအောင် စူထော်ထားသည့်နှုတ်ခမ်းလေးတွေပေါ် ဖွဖွနမ်းပြီးမှ နှုတ်ခမ်းနှစ်လွှာအား မနာအောင်ကိုက်လိုက်တော့ မျက်စောင်းလေးဖြင့်မော့ကြည့်၏။
""ကိုယ့်ကလေးလေး ချစ်ဖို့ကောင်းလိုက်တာ""
""သိသားပဲ""
""အဟက်!
ကလေးလေးအိပ်ချင်လား?
နေ့လည်စာစားတော့မလား?
""မအိပ်ချင်ပါဘူး၊ ဘယ့်နှယ်အပြင်ထွက်လာပြီး အိပ်စရာလား? အိပ်ချင်ရင် အိမ်မှာနေမှာပေါ့""
""ဒါဆို နေ့လည်စားတော့လေ""
""စားဘူး၊ဒီကနေထွက်တော့
တစ်နေရာတည်းရပ်နေတာ ပျင်းစရာကြီး.""
""ကဲပြော! ကိုယ့်ကလေးကဘယ်ကိုသွားချင်လဲ""
""အင်း!!မြို့တစ်ပတ်လုံးလျှောက်ကြည့်ချင်တယ်""
""Ok! Ok!""
သည်လိုနှင့်ပဲ တစ်နေ့တာကို မမောနိုင်၊မပမ်းနိုင်လည်ပတ်ပေးရပြန်ပါသည်။ နှစ်တွေကြာအောင်ကင်းကွာပြီးမှ ချစ်ရတဲ့ကလေးလေးနဲ့အတူ ဖြတ်သန်းရတဲ့သင်္ကြန်ရက်လေးဟာ လင်းညအတွက်လည်းပျော်စရာအတိ။အဆော့သန်တဲ့ ဒီကလေးကိုလိုက်ထိန်းရတာတော့ တကယ်ခက်သည်။သို့သော်လည်း မျက်နှာလေးတစ်ချက်ညိုးရင်ကို ကိုယ့်မှာကမ္ဘာပျက်ရသည်မို့ ဆိုးသမျှအလိုလိုက်နေမိတာပါပင်။
~~~~~ 🍬🍬🍬🍬🍬 ~~~~~
အတာသင်္ကြန်နေ့ရက်တွေကို ချစ်ရသူနဲ့အတူကုန်ဆုံးရခြင်းဟာလည်း တကယ်ပျော်စရာပါပဲ။ အရင်နှစ်တွေကတော့ သူငယ်ချင်းတွေနဲ့ မိုးမမြင်လေမမြင်ကဲတတ်တဲ့ရှင်ရှင်က အခုကျအထိန်းအကွပ်တစ်ခုအောက်မှာ ခြေချုပ်မိသလိုဖြစ်ရသော်လည်း ရင်ထဲမှာတော့တကယ်ပျော်တာ ဝန်ခံပါရဲ့။
နေရာဒေသ၊အချိန်အခါတွေအပေါ်မမီခိုတော့တဲ့ ပျော်ရွှင်မှုကို သူသာလျှင်ပိုင်စိုးခဲ့လေတယ်။ ရှင်ရှင် သူ့ကိုသိပ်ချစ်တာပဲ။ သူ့ဆီက ခပ်စိမ်းစိမ်းအကြည့်မျိုးကို ရင်မဆိုင်ဝံ့သလို လေသံမာမာနဲ့တစ်ခွန်းပြောရင်တောင် ထိုစကားသံမှာ ကိုယ့်ကမ္ဘာပြိုလောက်တယ်။ ဘယ်ကစတဲ့ အချစ်လဲ?ဘယ်မှာ ဆုံးမယ့်အချစ်လဲ?တကယ်မဖြေတတ်သေးပေမယ့် ကိုကိုမုန်းရင် ချစ်သည်းရှင်သေလိမ့်မယ်။
အရာရာမှာ တလေးတနက်မရှိလှဘူးထင်ရတဲ့မိန်းမငယ်လေးဟာ ယောကျ်ားတစ်ယောက်အပေါ် အဲ့သည်လောက်ထိ မြတ်နိုးမိခဲ့တယ်။ တကယ်ကိုမယုံနိုင်စရာပါပဲ။
""ဟဲ့! ရှင်ရှင်...နင်ရေပိုက်ကိုင်ပြီးမတ်တပ်မေ့နေတာလား?ဘာတွေငေးနေတာလဲ""
""ဟမ်! ဘာပြောတာလဲ""
တကယ်ပင် မဏ္ဏပ်မှာသီချင်းသံတွေဆူနေ၍ တစ်ယောက်စကားတစ်ယောက်ကြားဖို့ရန်မလွယ်ပါချေ။ လူကဒီမှာရှိနေပေမယ့် စိတ်ကကိုကို့ဆီရောက်နေတာလည်း တစ်ကြောင်းပေါ့။သူငယ်ချင်းဖြစ်သူက လက်ကိုအတင်းလာကုပ်၍ သတိပေးမှသာ အသိဝင်သွားရသည့်အဖြစ်။ သို့သော်သူဘာပြောမှန်းမကြားရသည်နှင့် ရေပိုက်ကိုထားခဲ့ကာ မဏ္ဏပ်ရဲ့အနောက်ဘက်သို့ နှစ်ယောက်အတူဆင်းလာခဲ့ရ၏။
""ဘာပြောတာလဲ..ခုနငါမကြားရလို့""
""နင်က ရေပက်စရာရှိမပက်ဘဲဘာတွေငေးနေမှန်းမှမသိတာ၊အဲ့ဒါကြောင့်မေးနေတာလေ""
""သြော်! ငါကိုကို့အကြောင်းတွေးနေတာ""
""ဟယ်တော်! အိုဗာတင်းမ၊ရုံးပတီသီးမ၊ကြက်ဆူဆီမ..နင့်မလည်း သည်းကိုသည်းလွန်းတယ်၊နင့်ကိုကိုက ဘယ်မှာမို့လို့လဲ?ဟော! ဟိုနားကပတ်လမ်းထဲမှာလေ...တော်တော်များဝေးနေလို့လား""
""မသိဘူးဟာ၊ ငါက ကိုကို့ကိုခဏလေးမတွေ့တာနဲ့လွမ်းတာ""
""ဝေါ့!! ငါအန်ချင်တယ်
အရင်က idolမှidolရူးနေတဲ့သူက ဒီလိုဖြစ်သွားမှန်း ငါဖြင့်ထင်တောင်မထင်ဘူး""
""အဟီး! နင်လည်းချစ်ကြည့်လေ၊ သိသွားလိမ့်မယ်""
""အမလေး! တော်ပါဟယ်...ကိုကိုလင်းညလိုလူကနောက်တစ်ယောက်ထပ်မရှိလောက်ဘူး၊ငါရှာလည်းမတွေ့မယ့်အတူတူ idolနဲ့ပဲသာယာမယ်""
""ဒါဆိုလည်း ငါ့ကိုမနာလိုမရှိနဲ့""
""အေးပါ၊သည်းနိုင်သူတွေ သည်းကြပါ""
""ဒီနေ့ငါရေပက်ရတာစိတ်မပါလို့ ပြန်တော့မယ်
ကိုကို့ဆီသွားချင်ပြီ""
""ဟဲ့! အစောကြီးပဲရှိသေးတယ်လေ
ညနေကျရင်ရော""
""ညနေလည်းမလာတော့ဘူး၊ကိုကိုနဲ့လျှောက်လည်မှာ""
""သြော်! တော်တော်တွေအလုပ်များနေတာ""
သူငယ်ချင်းဖြစ်သူက မျက်စောင်းရွယ်ကာပြောလေတော့ စပ်ဖြီးဖြီးလေးသာလုပ်ပြလိုက်ရသည်။
""နင့်ကိုကိုက ကားထဲမှာပဲစောင့်နေတာ မပျင်းဘူးလားမသိဘူး။နောက်နေ့ကျ ဒီကိုခေါ်လာလေ""
""အမလေး!မခေါ်ပါဘူး၊ တခြားမိန်းကလေးတွေဝိုင်းကြည့်မှာကြောက်လို့...သူ့ဘာသာကားထဲနေပါစေ""
""ဟယ်! ကြည့်ဦး ကြည့်ဦး၊ မိန်းမနော်...အရမ်းတိုတတ်နေတာ""
""ဘာဖြစ်လဲ?ချစ်သည်းရှင်တို့က တိုတိုပဲ...လုံးဝကိုမရှည်တာ""
ခပ်စွာစွာလေးပြန်အော်ပြီးမှ ချာခနဲလှည့်ထွက်လာခဲ့တော့ သူငယ်ချင်းတွေက ဟက်ဟက်ပက်ပက်အော်ရယ်ကာ ကျန်နေခဲ့လေ၏။သူတို့တစ်ဖွဲ့လုံးက မဏ္ဏပ်မှာနေခဲ့ဦးမှာမို့ ရှင်ရှင်တစ်ယောက်တည်းသာ သောက်ရေဗူးလေးကိုင်၍ ကိုကိုရှိရာဘက်သို့လမ်းလျှောက်လာခဲ့စဥ်...
""ဟေ့!! ရွှတ်! ရွှတ်!ချစ်စရာလေးကွာ""
အနား၌ရပ်နေသည့် ရေပက်ခံကားပေါ်မှ ကောင်လေးတစ်စုကလှမ်းစနေခြင်းပင်။မဏ္ဏပ်ကိုသွားသည့်လမ်းကကျပ်နေ၍ ကားတွေက တစ်ခါတိုးလျှင်အနည်းငယ်သာရွေ့သည့်အနေအထားမို့ သူတို့တွေလည်း မြင်မြင်ရာမိန်းကလေးကို ဟိုအော်၊သည်အော်ပေါ့။ သို့သော် ဒီလိုအချိန်မှာ ဒီလိုအခြေအနေကဆန်းလည်းဆန်းမနေ၍ မသိချင်ဟန်ဆောင်ပြီးသာ ဆက်လျှောက်ခဲ့၏။
""ဟေးး!""
""ဗွမ်း!""
""ဟာ!""
သည်တစ်ခါတော့ စရုံနောက်ရုံနဲ့မပြီးတော့ဘဲ ကားပေါ်တင်ထားသည့်တိုင်ကီထဲမှ ရေတွေခပ်ကာရှင်ရှင့်ဆီလှမ်းပက်သည်။
""ဝေးး! လှလိုက်တာကွာ
အရမ်းလှတယ်...အချစ်လေး""
""အေး! နင်တို့နော်...တွေ့ကြသေးတာပေါ့""
ခပ်စူးစူးလေးကြည့်ကာ ရန်စွာလိုက်ပေမယ့် ကိုယ့်လက်ထဲမှာ ဘာမှမရှိ။သို့နှင့် ကိုင်ထားသည့်ရေသန့်ဗူးကိုသာ အဖုံးဖွင့်လိုက်ပြီးသူတို့ဘက်ပြန်ပက်လျှင် သူတို့ကလည်းစောစောက ရေခဲရေတွေဖြင့်သာ လှမ်း,လှမ်းပက်သည်။ အငြိမ်မနေသောပါးစပ်တွေကလည်း စနောက်ပြောသည်က ဆူဆူညံညံ။
ထိုစဥ် ခပ်နွေးနွေးခံစားချက်လေးတစ်ခု ရှင်ရှင့်အနားဝန်းရံလာကာ လူတစ်ကိုယ်လုံးပါနွေးခနဲဖြစ်သွားရ၏။ ရုတ်တရက်အံ့သြခြင်းနဲ့အတူ ဘေးသို့ငဲ့ကြည့်တော့...
""ကိုကို""
အမှန်တကယ်ပဲကိုကိုရောက်လာခြင်းဖြစ်ပြီး တဘက်ကြီးဖြင့် ရှင်ရှင့်ကိုယ်လေးကိုထွေးဖက်ကာ ထိုလူအုပ်အနားမှအတင်းဆွဲခေါ်၏။ မျက်နှာဆိုသည်မှာလည်း နည်းနည်းမှမကြည်။ ဒီမျက်နှာကိုမြင်ရုံနဲ့သိတာပေါ့...ရှင်ရှင့်ရဲ့အချစ်က သဝန်နေပြန်ပါပြီ။
""ကိုကို ဘာဖြစ်နေတာလဲ""
နှုတ်ခမ်းချွန်ချွန်ဖြင့်မေးလာတော့ နဖူးလေးကိုခပ်ဆတ်ဆတ်ထုပစ်လိုက်ချင်၏။ သို့သော်လည်း ဒီကလေးကို စကားအရာနဲ့တောင် နာကျင်အောင်မပြောရက်တဲ့ `လင်းညရိပ်´ပါ။ လက်ဖျားနဲ့ထိဖို့ဆိုတာ ဟိုးအဝေးဆုံးမှာ...။တော်တော်လေးတော့ ကျေနပ်မနေတာလည်း အမှန်။ဘယ့်နှယ်! ယောကျ်ားလေးအုပ်စုနဲ့ပြိုင်ပြီးရေပက်နေရတယ်လို့...။
""ကိုကို...အဆိုးမေးနေတယ်လေ""
""ဘာဖြစ်လဲ မသိဘူးလား
မင်းဘာလို့ ဟိုချာတိတ်တွေနဲ့သွားဆော့နေတာလဲ""
""သူတို့အရင်စတာကို""
""မင်းကတော့လေ...""
""ဟွန့်! လူကိုဆူပြန်ပြီ""
ခြေတစ်ဖက်ဆောင့်ကာ နှုတ်ခမ်းစူသွားပြန်သည့်ပုံစံက သူပဲမှန်သလိုလို။တကယ်ပါ...တော်တော်ဆိုးတဲ့ ပေါက်စန။
သည်လိုစိတ်ကောက်ပြပြန်တော့ မနေနိုင်သူကပဲ ချော့ရမည့်အဖြစ်မို့ သူမရဲ့အရှေ့တည့်တည့်၌ ရွှေ့ရပ်ကာ ပခုံးပေါ်မှလျော့ကျနေသည့် တဘက်အား လုံအောင်ဆွဲခြုံပေးလိုက်၏။ ဂျင်းဘောင်းဘီအတိုလေးနှင့် ခါးတိုblouseလေးသာ ဝတ်ထားပြီး ကျောပိုးအိတ်သေးသေးလေးလွယ်ထားပုံက တကယ့်ကလေးပေါက်စနလေးနှယ်။ ဒီကလေးကိုထိန်းဖို့ပဲ တနေကုန်အနားမှာလိုက်စောင့်ပေးနေရတာလေ။ အခုဆိုသင်္ကြန်နှစ်ရက်မြောက်ရှိခဲ့ပြီ။ နှစ်ရက်စလုံး ကမ်းကုန်အောင်ဆော့တဲ့ကလေး...။တကယ့်မနိုင်စိန်လေး။
""ဟိုးနားထိလမ်းလျှောက်ဦးမယ်""
""လုပ်ပြန်ပြီ...နေတွေပြင်းလာပြီကလေးရဲ့
အပူရှပ်သွားဦးမယ်""
""5မိနစ်!...5မိနစ်ပဲလျှောက်မယ်
ကိုကို့လက်ကိုတွဲထားမယ်လေနော်""
လက်ကိုဆွဲ၍ ဇွတ်အတင်းပူဆာတော့လည်း ကိုယ့်မှာမနေနိုင်စွာခေါင်းငြိမ့်မိပြန်လေပြီ။သို့နှင့်နှစ်ယောက်အတူလက်တွဲကာ ကန်တော်ကြီးပတ်လမ်းတစ်လျှောက် အတော်ကြာအောင်လမ်းလျှောက်ခဲ့ရသည်။ပြောထားတဲ့ ၅မိနစ်ထက်လည်းကျော်လွန်ကာ ဘယ်လောက်တောင်ကြာသွားသည်မသိ...ဘေးကကလေးမှာတော့ နှုတ်ခမ်းသားလေးတွေပင်တုန်ယင်၍ ခိုက်ခိုက်တုန်အောင်ချမ်းနေရှာပြီမို့ သူမကိုယ်လေးကိုခပ်တင်းတင်းထွေးဖက်ပေးရင်းမှ...
""ကလေးရယ်...မဖြစ်တော့ဘူး
ကိုယ်တို့အိမ်ခဏပြန်ရအောင်နော်""
ဒီတစ်ခါတော့ရှားရှားပါးပါးလေးခေါင်းငြိမ့်ပြသည်မို့ ကားထားခဲ့ရာဘက်ဆီပြန်လျှောက်လာသည့်အခိုက်...
""ဟဲ့! ဟဲ့! ဟိုမှာကြည့်စမ်း
အဲ့ကိုကိုကချောလိုက်တာ...မိုက်တယ်""
""အမလေး!ငါခုနကတည်းကမြင်ပြီးသား
ဒါပေမဲ့ဘေးမှာက တံဆိပ်နဲ့ဟ""
""နင်ကလည်း ဟိုက,ကလေးလေးဟာကို
ညီမလေးဖြစ်မှာပေါ့""
""ဟုတ်လို့လား""
""သိချင် သွားကြည့်လေ ဟား! ဟား!""
""အ! အမလေး!""
""ကိုကို""
ရှင်ရှင့်ကိုပဲဂရုတစိုက်ငုံ့ကြည့်နေသည့်ကိုကိုကတော့ ဘေးကမိန်းကလေးတွေရဲ့တီးတိုးစကားသံတွေကို ကြားဟန်မတူပါ။သို့သော် ရှင်ရှင်ကဖြင့် သူတို့ပြောနေသမျှအကုန်လုံးကိုနားထောင်နေသည်မို့ ထိုအုပ်စုဘက်မှမိန်းကလေးတစ်ဦး ကိုကို့ဘက်ယိမ်းလာသည့်အခိုက် ရှင်ရှင်ကလည်း ကိုကို့လက်ကိုဖျတ်ခနဲလှမ်းဆွဲကာ တစ်ဖက်သို့ပို့လိုက်ပြီးအရှေ့မှကာရပ်၍ လဲကျဟန်ပြင်လာသည့်မိန်းကလေးအား ဖမ်းထိန်းပေးလိုက်၏။
""ညီမလေး...အဆင်ပြေရဲ့လား
ဘာများဖြစ်သွားသေးလဲ""
""အမ်! ဟင်...ဟိုဘာမှမဖြစ်ပါဘူး""
""အဟင်း!သတိထားမှပေါ့
သိချင်တာမေးဖို့ အဲ့လောက်လောစရာမလိုပါဘူး""
""ရှင်!""
လေသံလေးကသာယာနေကာ မျက်နှာပေးလေးကိုလည်းချိုချိုအီအီဖြင့် ပြုံးပြပြောနေခြင်းကြောင့် ရှေ့ကမိန်းကလေးအပါအဝင် နောက်ကတွန်းလိုက်သည့်နှစ်ယောက်ကလည်း ကြောင်အအဖြင့်ကြည့်နေကြလေ၏။
""ပြောပြမယ်၊ မမကလေ ညီမလေးတို့ထင်သလို သူ့ညီမ,မဟုတ်ဘူးသိလား...အဟင်း!""
"".....""
""လာလေ...ကိုကိုယောကျ်ား
မိန်းမတို့သွားရအောင်""
ဟိုကဖြင့် သူ့ထက်အနည်းဆုံး၃နှစ်လောက်ကြီးမည့်မိန်းကလေးတွေကို ဆရာကြီးမျက်နှာပေးဖြင့် မမလုပ်နေသည့်ကလေးပေါက်စ။တစ်ဖက်သို့စကားလှည့်ပြောပြီးသည်နှင့် ကိုယ့်ဘက်လှည့်ကြည့်ကာ လက်မောင်းဆီ ပိုင်ပိုင်နိုင်နိုင်လာချိတ်တွယ်ရင်း ထိုမိန်းကလေးတွေရှေ့မှ ချာခနဲလှည့်ထွက်သည်မို့ လင်းညတစ်ယောက်မှာဖြင့်အသည်းယားပြီး ရယ်ချင်လွန်းရသည်။အစကတော့ ဒီကလေးဘာတွေတိုက်ပွဲဝင်နေမှန်း သတိမထားခဲ့မိပါ။နွဲ့ဆိုးသာအနားရှိရင် သူမမျက်နှာလေးတကြည့်ကြည့်လုပ်နေရတာနဲ့ ပတ်ဝန်းကျင်ကိုလည်း သိပ်ဂရုမထားမိဘူးလေ။သူမကဖြင့် ဘေးမှာဘာဖြစ်ဖြစ်အကုန်သိသည်။ အခုလည်းကြည့်!ဖိုက်တာမလေးလုပ်ကာ တစ်ကွက်ပြလိုက်ပြန်ပြီ။
""အဟက်! ဟား! ဟား!""
""ဒီလူကြီးနော်...ဘာတွေရယ်နေတာလဲ""
""ကိုကိုယောကျ်ားရဲ့မိန်းမလေးကအရမ်းသဝန်တိုတတ်တာပဲကွာ""
""မဖြစ်ဘူး မဖြစ်ဘူး
ဟိုးနားရောက်ရင်လေ ကလေးတွေဆီမှာအိုးမည်းတောင်းပြီး ကိုကို့မျက်နှာကိုသုတ်ထားမယ်""
""ဟာ! ဘာလို့လဲကလေးရဲ့""
""ဒီမျက်နှာချောချောလေးကိုသူများမိန်းကလေးတွေမမြင်ရအောင် ရုပ်ဖျက်ထားပေးမလို့""
""ဘယ်လို!
အဟင်း!ကလေးရယ်...မင်းကတော့ကွာ""
တကယ်ကိုကျေနပ်မနေသည့်မျက်နှာလေးဖြင့် စောစောကနေရာဆီ နောက်ပြန်လှည့်ကြည့်ပြီး မျက်စောင်းလေး တချီချီလုပ်နေပြန်သည့်နွဲ့ဆိုးလေးဟာ ဘယ်လိုချစ်ဖို့၊အသည်းယားဖို့ကောင်းမှန်းမသိ...၊ကိုယ့်မှာဘယ်နားထားလို့ထားရမှန်းကိုမသိ။ သဝန်တိုပုဒ်မနဲ့ ကိုယ့်မျက်နှာကိုအိုးမည်းသုတ်ပြီးရုပ်ဖျက်ပေးမယ်ဆိုတာကပါသေး။
တကယ်ဘယ်လိုဟာလေးမှန်းကိုမသိတာပါ။
ချစ်လိုက်တာ...
ကိုယ့်အသည်းတွေပေါက်တော့မတတ် တကယ်ကိုချစ်လိုက်တာကွာ...။
""သူတို့ကလေ သိပ်လွန်တာပဲနော် ကိုကို
ဟွန့်! လူကိုများဘာကလေးလဲ
ဘာညီမလဲ...သူများယောကျ်ားကိုလာပြီးပစ်မှားနေကြတယ်""
ကိုယ့်မှာကြည်ကြည်နူးနူးတွေးလို့မှမဆုံးသေး၊ သူမက မကျေနပ်သေးသည့်ပြသာနာကို နှုတ်ခမ်းလေးတထော်ထော်ဖြင့် လာတိုင်ပြန်သည်မို့ လက်ဖဝါးသေးသေးလေးနှစ်ဖက်အား ကိုယ့်လက်ဖြင့်ထပ်ကိုင်၍...
""ထင်မှာပေါ့ကွာ...ဒီမျက်နှာလေးကိုက ပူတူးပိစိလေးနဲ့တူနေတာ...ဘယ်မလဲ လူကြီးရုပ်""
""ဒါဖြင့်လူကြီးရုပ်ပေါက်အောင်ဘယ်လိုလုပ်ရမှာလဲ""
""အင်း! အဲ့ဒါက...လူကြီးနဲ့အနေနီးမှဖြစ်မယ်""
""ဟင်! လူကြီးနဲ့အနေနီးတာပဲလေ
ကိုကိုက အဆိုးထက်အသက်ကြီးတဲ့ဟာ...လူကြီးပဲပေါ့""
""မရသေးဘူး၊ဒီ့ထက်ပိုနီးရမယ်
လာခဲ့""
လာခဲ့ဆိုပြီး လက်ဟန်ပြတာကြောင့် ရှင်ရှင်လည်းအူတိအူကြောင်လေးဖြင့် သူ့အနားသို့ထပ်တိုးရပ်လိုက်ပြီး မျက်နှာကိုမော့ကြည့်နေမိ၏။ဒါလည်း သူကထပ်ခေါ်နေသည်မို့ မမီမကမ်းဖြစ်နေသည့်အရပ်ကိုခြေဖျားလေးထောက်ကာ လှမ်းမိခိုက်...
""Mwah!""
""ဟာ! ကိုကိုဘာလုပ်တာလဲ
ဘေးမှာသူများတွေရှိတယ်လေ""
လျှပ်တပြတ်အညာမိကာ နှုတ်ခမ်းဖူးလေးအား အနမ်းခံလိုက်ရလေတော့ စွေ့စွေ့ခုန်အော်ဟစ်နေပြန်သည်မို့...
""အဟင်း! လူကြီးလေးနဲ့မတူသေးပါလား
လာ!...ထပ်လာခဲ့ဦး""
""အမ်! တော်ပြီ၊တော်ပြီ
ကိုယ့်ဘာသာကလေးရုပ်နဲ့ပဲနေတော့မယ်""
ဟော!သူပဲနှုတ်ခမ်းစူပြောကာ ရှေ့သို့တောက်တောက် တောက်တောက်ဖြင့်လျှောက်သွားပြန်လေပြီ။
""ကလေး...ကိုကိုယောကျ်ားကိုစောင့်လေကွာ""
""ဘာကိုကိုယောကျ်ားလဲ
ရှင်ကအကြံသမား""
""အဟက်! စောင့်ဦးဆိုနေ ဒီကလေးကတော့""
ပြောပြောဆိုဆိုနှင့်ကိုယ်ကသာပြေးလိုက်ရပါသည်။လုံးဝမရပ်ဘဲ ခပ်သွက်သွက်ပြေးနေသည့်ငတိမလေးအား အမီလိုက်၍ လက်ကောက်ဝတ်လေးမှဖျတ်ခနဲလှမ်းဆွဲကာ ကိုယ့်ရင်ခွင်ဆီပြန်ဆွဲဖက်ထားလိုက်တော့ မကျေမနပ်လေးမော့ကြည့်ပေမယ့် ငြိမ်လျက်သာရပ်နေရင်း...
""ဘာလဲ?လူကြီးရုပ်မပေါက်ချင်တော့ဘူးနော်
နှစ်ခါအညာမခံဘူး""
""အဟွန်း! ဒီတစ်ခါမညာတော့ဘူး
အတည်...""
""ဟင့်အင်း..မတည်နဲ့၊ မတည်နဲ့လေ ကိုကို
ဘေးမှာ သူများတွေ...အွန့်!!""
သူ့စကားနဲ့လုပ်ရပ်အား မျက်လုံးလေးတပြူးပြူး၊လက်လေးတကာကာဖြင့်ငြင်းဆန်နေဆဲမှာပင် ခါးကျဥ်းကျဥ်းလေးကိုသိမ်းဖက်၍ ရင်းနှီးနေကျအနမ်းတို့က နှုတ်ခမ်းနုနုလေးပေါ်သို့နွေးထွေးစွာသက်ဆင်းခဲ့ပြန်၏။ လူသံတွေဆူညံနေသည့်ပတ်ဝန်းကျင်အလယ်မှာပင်ဖြစ်သော်လည်း ထိုအနမ်းနဲ့ထိတွေ့စဥ်ခဏဝယ် နှစ်ယောက်သားက သီးခြားရပ်ဝန်းတစ်ခုဆီရောက်ရှိသွားသယောင်နှင့် အရာအားလုံးဆိတ်ငြိမ်ကာ သီချင်းသံဆူဆူတို့လည်း အဝေးဆီလွင့်ပါးသွားလေရဲ့။
ညှို့နိုင်လွန်းတဲ့သူ့အနမ်းမှာ ရှင်ရှင်ကိုယ်တိုင်လည်းတစ်စတစ်စပျော်ဝင်စီးမျောမိတာ မညာချင်ခဲ့။
""Wow!! So sweet
သူများတွေချစ်နေကြတာကွာ
Heartထိသွားပြီ""
""Hey!!""
""ဗွမ်း!""
လမ်းသွားလမ်းလာတွေကလှမ်း၍စနောက်ကာရေပက်သွားကြလေတော့ လက်ချောင်းလေးတွေဖြင့် ကိုယ့်ရင်ဘတ်ဆီကုတ်ဖဲ့နေပြန်သည့် ကလေးငယ်အား ခပ်တင်းတင်းတိုးဖက်လျက် အကြင်နာအနမ်းတို့သည်လည်း မရပ်တန့်။
ထိတွေ့လာသည့် ရေတွေတဝုန်းဝုန်းကြား နှစ်ဦးသားရဲ့ရင်ခုန်သံတွေဟာလည်း တဒုန်းဒုန်းဖြင့်ဆူညံခုန်ပေါက်နေလေရဲ့။
ပြောရရင်ဒီခံစားမှုလေးက ချစ်သူဘဝကိုမကျော်ဖြတ်ခဲ့ရဘဲ အဆင့်ကျော်လက်ထပ်ခဲ့ကြတဲ့သူတို့နှစ်ဦး...အခုမှချစ်သူဘဝခံစားမှုကိုပြန်လည်ငဲ့ကြည့်မိသလိုပါ။
ရင်ခုန်သံတွေကလည်း တကယ်မြန်လိုက်တာ~
~~~~~ 🍬🍬🍬🍬 ~~~~~
အခန်း (၄၄)ဆက်ရန်
Readers/WritersလေးတွေအားလုံးကVIPပါ
Writer -WineSatt Cho(🍋Lëmoñ🍋)