book

Index 40

အခန်း [ ၄၀ ]

  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama, Fantasy

🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬

                          { My Queen , My Angel }


•••••••••••• ♡ အခန်း [ ၄၀ ]♡ ••••••••••••


မထင်မှတ်စွာကြားလိုက်ရသည့်စကားက ရင်ကိုထိတ်ခနဲဖြစ်စေ၏။ရောက်လေရာ ပြသာနာရှာတတ်သူလေးက ရိုးရာမပျက်လုပ်ပြန်ပြီပဲ။ကျစ်! မင်းကြောင့် ကိုယ်နည်းနည်းမှစိတ်မအေးရတော့ပါလား နွဲ့ဆိုးရယ်...။


""အားလုံးပဲ...meetingကိုဒီမှာရပ်ထားမယ်

သွားလို့ရပါပြီ""


ပြောပြီးသည်နှင့် meeting roomမှအရင်ဆုံးပြေးထွက်လာသူက ကိုယ်သည်သာ။ စိုးရိမ်စိတ်နဲ့ထပ်တူ ခပ်မြန်မြန်ခြေလှမ်းများကလည်း သူမ ရှိမည့်နေရာသို့ဦးတည်လျက်...။


~~~~ 🍬 ~~~~


""လွှတ်လိုက်! မမလေးလက်လွှတ်လိုက်ပါ""


ဘယ်လိုပင်အော်ပြောပါစေ ကြာလေလေပိုခက်ခဲလာသောအခြေအနေက ရှုပ်ရှုပ်ထွေးထွေး။ရှင်ရှင်ကထိုမိန်းကလေးရဲ့မျက်နှာဆီလက်လှမ်းထားသလို သူကလည်း ပြန်ခုခံနေ၏။ဘေးကဝန်ထမ်းတွေကလည်း တစ်ယောက်တစ်ပေါက်ပြောကာဝင်ဆွဲပေမယ့် ထိထိရောက်ရောက်လည်းမလုပ်ရဲကြချေ။


တကယ်တော့ ရှင်ရှင်ဟာနုနယ်ပါသည်။ဒီလိုအော်ဟစ်ရန်ဖြစ်ရတာမျိုးလည်း တစ်ခါမှမကြုံဖူးလေတော့ ထိတ်လန့်စိတ်ကြောင့် ရင်တွေတလှပ်လှပ်တုန်လာ၏။အများနဲ့တစ်ယောက်ဖြစ်နေသည့်ပြသာနာဆိုသော်ငြား ကိုယ့်ဘက်ကမလျှော့ချင်ဘဲ ဇွတ်မှိတ်တင်းခံနေ၍ အချိန်အနည်းငယ်ကြာရုံလေးနှင့်တင် လူကမျက်လုံးတွေပြာဝေကာ လက်တွေလည်းနာကျင်လာပြီး မူးမူးမိုက်မိုက်ဖြစ်လာသည်။ ပတ်ဝန်းကျင်ကအသံတွေသည်လည်း နီးလာလိုက်၊ဝေးသွားလိုက်နှင့် ဘာကိုမှဝေခွဲမရတော့ပေ။


""အ!""


သည်တစ်ကြိမ်မှာတော့ အားဖြင့်ဆောင့်တွန်းခံလိုက်ရသူက ရှင်ရှင်။ အနည်းငယ်ပြင်းထန်သော အရှိန်မို့ နဂိုကတည်းကပျော့ခွေချင်နေသည့်ခြေထောက်တွေက ယိုင်ခနဲညွှတ်ကျကာ ထိုမိန်းကလေးရဲ့အင်္ကျီစကိုဆုပ်ဆွဲထားသည့်လက်တို့လည်း လွတ်ထွက်သွားပြီး လက်မောင်းသားပေါ်သို့တစ်စုံတစ်ခုဖြင့် ဆွဲခြစ်ခံရသလို စပ်ဖျင်းဖျင်းခံစားချက်က မသက်သာလေခဲ့။


သို့သော် အနောက်သို့ခြေနှစ်လှမ်းစာလောက် ယိုင်သွားသည့်အခိုက် ရှင်ရှင့်ကိုယ်လေးအားဆီးဖမ်းပွေ့ယူလိုက်သည့် ခံစားချက်တစ်ခုကြောင့် လဲတော့ကျမသွားခဲ့ပေ။ လုံခြုံနွေးထွေးသည့်ရပ်ဝန်းလေးထံရောက်ရှိမိသည်နှင့် မော့ကြည့်စရာမလိုအောင်ပင် ဘယ်သူရောက်လာပြီမှန်း အတပ်သိပါ၏။ ထို့ကြောင့် တင်းထားသောစိတ်တို့အား လျှော့ချပစ်လိုက်လျှင် မျက်ရည်တွေအဆက်မပြတ်စီးကျလာကာ လူတစ်ကိုယ်လုံးလည်းအေးစက်ခြင်းအတိ။


""အင့်! အဟင့်! ဟင့်!...ကိုကို""


ရင်ခွင်ထဲရောက်လာသည့် ခန္ဓာကိုယ်လေးကအေးစက်ပျော့ခွေနေကာ တအင့်အင့်ရှိုက်ငိုနေသံလေးကလည်း နှလုံးသားတစ်ခုလုံးကိုဆုပ်ခြွေလိုက်သည့်နှယ်...။ထို့နောက် လက်လေးထံအကြည့်ရောက်မိရပြန်တော့ လက်သည်းကုပ်ရာဟုယူဆရသော အစင်းကြောင်းဒဏ်ရာတစ်ခုက လက်မောင်းသားဖွေးဖွေးလေးထက် အထင်းသားပေါ်လွင်ကာ သွေးများပင်စို့နေ၏။


""တောက်!""


""ရာရာစစ ဘာအကြောင်းပြချက်နဲ့ ငါ့ကလေးရဲ့အသားကိုထိရဲတာလဲ""


ဒေါသတကြီးအော်ဟစ်လိုက်သည့်အသံဟာ အတော်လေးကို ကျယ်လောင်သွားခဲ့ရပါ၏။အားလုံးလည်း အလန့်တကြားဖြစ်သွားပြီး ရင်ခွင်ထဲဖက်ထားသည့် ကလေးရဲ့ခန္ဓာကိုယ်လေးကပါဆတ်ခနဲတုန်သွားသည်မို့ ကျောပြင်လေးကိုအသာပွတ်ပေး၍ သူမမျက်နှာလေးထံငုံ့ကြည့်ကာ...


""ဘာဖြစ်တာလဲ ကလေး

ကိုယ့်ကိုပြော""


""အဟင့်! မဟုတ်ဘူး...အဆိုးက...

အင့်! အင့်!""


ဘာစကားမှပြောထွက်မလာ။ နှုတ်ခမ်းဖျားလေးတွေတဆတ်ဆတ်တုန်ရင်း ရှိုက်သံတွေကသာပိုပြင်းထန်လျက် ကိုယ့်ရင်ခွင်ထဲအားကိုးတကြီးတိုးဖက်လေ၏။ထိုစဥ် ပြသာနာတက်ထားသည့်မိန်းကလေးက ငိုကာယိုကာဖြင့်ရှေ့သို့တိုးလာပြီး...


""ကျမတောင်းပန်ပါတယ်

ကျမက မမလေးအပေါ်စေတနာနဲ့အကြံပေးမိတာပါ...ဒါကိုလက်မခံဘဲ မမလေးဘက်ကအရင်ဆုံးကိုယ်ထိလက်ရောက်လုပ်ခဲ့တာပါ""


""ဟုတ်ပါတယ်""


ထိုမိန်းကလေးရဲ့အပြောကို ဘေးမှာကပ်ရပ်နေသည့်တစ်ယောက်က ဝင်ပြီးအတည်ပြုသည်။သို့နှင့် လင်းညလည်း စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ နွဲ့ဆိုးရဲ့ပါးပြင်လေးထံ ဖွဖွကိုင်၍ မျက်နှာမော့စေလိုက်၏။


""ဆိုးလေး...ကိုကို့ကိုကြည့်""


""......""


""သူပြောတာဟုတ်လား ""


""ဟုတ်! ဒါပေမဲ့ သူတို့ကအဆိုးကိုပညာမတတ်ဘူး၊ကိုကိုနဲ့မလိုက်ဖက်ဘူးဆိုပြီးပြောလို့...အဲ့ဒါ...အဲ့ဒါ...""


ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြခြင်းနဲ့အတူ ပြန်ဖြေသည့်စကားသံတုန်တုန်ယင်ယင်လေးက ရှေ့မဆက်နိုင်တော့ပေ။ပြီးနောက် ကြောက်လန့်တကြားမျက်ဝန်းလေးဖြင့် မော့ကြည့်လာသည့်မျက်နှာလေးက သနားစဖွယ်။ နှုတ်ဖျားကဘာမှထပ်ပြောမလာသည့်တိုင် ဒီမျက်ဝန်းလေးကပဲ အဓိပ္ပာယ်တွေအများကြီးကိုဖော်ပြနေတာ ကိုယ်မသိဘဲရှိပါ့မလား။ကြောက်လန့်နေတယ်၊ စိုးရိမ်နေတယ်၊ပြီးတော့ တောင်းပန်နေတယ်။


ဒီလိုပုံစံလေးကြောင့်ပဲ ကိုယ့်မှာဒေါသတွေတစ်ဆုံးတစ်စစုပုံလာကာ စူးတောက်နေသည့်မျက်ဝန်းရဲရဲတစ်စုံကလည်း ထိုမိန်းကလေးဘက်သို့ဦးတည်၍...


""ချက်ချင်း ငါ့companyကနေထွက်သွား""


""ရှင်!""


""ထွက်သွားစမ်း!""


""မဟုတ်ဘူး...CEOဒီလိုလုပ်လို့မရဘူး

ကျမရဲ့အလုပ်တာဝန်အပေါ်မှာတစ်စုံတစ်ခုပျက်ကွက်တာမရှိဘဲ ဝန်ထမ်းတစ်ယောက်ကိုဒီလိုထုတ်ပယ်လို့ရလား?ပြီးတော့ အခုကိစ္စမှာ ကျမကနစ်နာသူပါ...ကိုယ်ထိလက်ရောက်စော်ကားခံရတာ...ဒါကိုတောင် ကျမကအလုပ်ထွက်ရမယ်ဆိုတော့ တရားမျှတမှုမရှိဘူးလို့ထင်တယ်""


""ဒါဆို ရှိတဲ့နေရာကိုသွားနိုင်ပြီ

မင်းကို ငါ့ဝန်ထမ်းအဖြစ်ကနေထုတ်ပယ်တယ်...သွားလိုက်တော့""


""အဟင်း!ရတယ်လေ

ဒီလိုဆိုမှတော့ ကျမကလည်း ဝန်ထမ်းတွေအပေါ်သက်ညှာမှုမရှိ၊အလေးမထားတတ်တဲ့ ဒီcompanyကနေ နှုတ်ထွက်ရုံပဲ""


ပြောပြောဆိုဆိုနှင့်ပင် ထိုမိန်းကလေးက လည်ဆွဲကတ်ကိုဖြုတ်ကာ ကြမ်းပေါ်ပစ်ချလိုက်ပြီး ထွက်သွားလေ၏။ကျန်တဲ့သူတွေကတော့ ခေါင်းငုံ့လျက်ရပ်နေကြဆဲပင်...။


""တခြားသူတွေရော ဘာပြောစရာရှိသေးလဲ အခုပြော...ငါ့ကိုမကျေနပ်တာရှိရင် အခုချက်ချင်းပြော""


""မ..မရှိပါဘူး""


""ဒါဆို ဒီမျက်နှာကိုအသေအချာကြည့်ထား...သူကမင်းတို့စိတ်ထင်တိုင်းထိပါးလို့ရတဲ့သူမဟုတ်ဘူး...ငါ့နောက်ကွယ်မှာ ငါ့ဇနီးကိုစကားနဲ့ပဲဖြစ်ဖြစ်၊အပြုအမူနဲ့ပဲဖြစ်ဖြစ် ဝေဖန်စော်ကားတာမျိုးထပ်ဖြစ်ခဲ့ရင် လုံးဝခွင့်လွှတ်မယ်မထင်နဲ့""


ကျယ်လောင်နေသောအော်သံက ဘယ်လောက်ထိဒေါသဖြစ်နေမှန်းအသိသာ။ တစ်ကြိမ်တစ်ခါမှကိုကိုဤမျှအထိဒေါသထွက်တာကို မတွေ့ဖူးခဲ့လေတော့ ရှင်ရှင်ကိုယ်တိုင်ပင် ကြောက်လွန်းလို့တုန်နေမိသည့်အဖြစ်။ ထပ်ပြီးပြသာနာမလုပ်တော့ပါဘူးလို့ကတိပေးထားခဲ့ပြီးမှ အခုတော့မတည်နိုင်ခဲ့ပြန်တာမို့ ကိုကိုစိတ်ဆိုးသွားမှာလည်း စိုးရိမ်သည်။ တကယ်တော့သူတို့ပြောသလို ရှင်ရှင်က ကိုကိုနဲ့မအပ်စပ်တဲ့ဖြစ်တည်မှုပါပဲ။အမြဲတမ်းပြသာနာတွေပဲရှာတယ်...။အနှောင့်အယှက်ပဲပေးတယ်...တကယ်ကိုအသုံးမကျတာပဲ။


""အဟင့်!""


""ကလေးလေး! တိတ်..မငိုနဲ့တော့

လာ...ကိုကိုနဲ့လိုက်ခဲ့""


ခေါင်းလေးငုံ့ကာငိုရှိုက်နေဆဲဖြစ်သည့် ကလေးငယ်အား လက်လေးမှဆွဲခေါ်၍ ရင်ခွင်ထဲခေါင်းမီစေလိုက်ပြီး ထိုနေရာမှလှည့်ထွက်ခဲ့၏။ သိပါသည်...၊ဒီကိစ္စအတွက် ကိုယ့်ရဲ့အဆုံးအဖြတ်ဟာအနည်းငယ်တော့တစ်ဖတ်သက်ဆန်ချင်ဆန်သွားလိမ့်မည်။ သို့သော်လည်း ကိုယ့်ကလေးကိုထိခိုက်လာရင် ဘယ်သူ့ကိုမှသည်းမခံတတ်သည့်နှလုံးသားမို့ လုံးဝမှားတယ်မထင်သလို ဘယ်သူ့ရဲ့ဝေဖန်ထင်မြင်ချက်ကိုမှလည်း ဂရုမစိုက်မိတော့ပေ။


နောက်ပါးဆီမှာ ကျန်ရစ်ခဲ့မည့်အကြည့်တွေ...


အမျိုးမျိုးသော ထင်မြင်မှုတွေ...


ကိုယ်ဟာ အလုပ်နဲ့personalကိုမခွဲခြားနိုင်ဘဲ `မ´ဘက်လိုက်တဲ့ သူရယ်လို့ ဝေဖန်လာမည့်အပြောတွေ...အားလုံး၊အားလုံးကို ဥပေက္ခာပြုပစ်ခဲ့၏။


စကားလုံးတွေနဲ့ထုတ်ပြောရင် ယုံချင်စရာကောင်းပါ့မလား?လေးနက်မှုတန်ဖိုးတွေလျော့သွားလေမလား မသိပေမယ့်  ကြင်နာသူ နွဲ့ဆိုးတစ်ယောက်အတွက် `လင်းညရိပ်´ဆိုတဲ့ ကိုယ်ဟာ အရာအားလုံးကို စွန့်လွှတ်ကျောခိုင်းပစ်နိုင်သည်။ အရာအားလုံး ဆုံးရှုံးသွားရပါစေ...ဒီကလေးလေးရှိနေရင်ရပြီ။ တကယ်ကိုပြည့်စုံနေပါပြီ...။


~~~~~ 🍬🍬🍬🍬🍬 ~~~~~


""အဟင့်!""


အခန်းထဲသို့ရောက်လာသည့်တိုင် လုံးဝအငိုမရပ်သေးသည့်ကလေးက အသံတိတ်လေးသာကျိတ်ကျိတ်ရှိုက်နေရင်း ကိုယ့်မျက်နှာဆီ တစ်ချက်တစ်ချက်ခိုးကြည့်၏။ဘာစကားမှလည်းမပြော၊ခေါင်းငုံ့ပြီးသာငိုနေသလို အေးစက်စက်လက်ဖျားလေးများက ဆတ်ခနဲတုန်သွားတတ်တာကိုလည်း သတိပြုမိနေရသည်။ 


သနားလိုက်တာ ကလေးရယ်...

ကိုယ့်ကလေးလေး အရမ်းကိုလန့်သွားခဲ့တာပဲ။


ရင်ထဲမချိစွာ အသနားပိုနေရင်းမှ လက်မောင်းပေါ်ကဒဏ်ရာဆီအကြည့်ရောက်မိရပြန်တော့ ရင်မှာဆစ်ခနဲနာသည်။ ကိုယ်ရှိနေတဲ့ ရပ်ဝန်းမှာတောင် ဒီလိုအနာတရ၊အထိအခိုက်ဖြစ်ရသည်မို့ ကိုယ့်ကိုကိုယ်ပင်အပြစ်တင်မဆုံးနိုင်ခဲ့။


ထို့နောက် အင်္ကျီအိတ်ကပ်ထဲမှ လက်ကိုင်ပုဝါလေးအားထုတ်ယူကာ ဒဏ်ရာပေါ်ဖိထားလိုက်ပြီး...


""ကလေး! ခဏနော်

ကိုကိုဆေးထည့်ပေးမယ်""


"".....""


""ရေသောက်ချင်လား?ကိုကို..ရေယူ....""


ကိုယ်တစ်ယောက်တည်းမေးခွန်းတွေထုတ်၊ကိုယ်တစ်ယောက်တည်းပျာယာခတ်ကာ ရေသွားယူပေးဖို့ ခြေလှမ်းပြင်လိုက်စဥ် သူမက ဆိုဖာထက်ထိုင်နေရင်းမှ ကိုယ့်ခါးဆီ လက်တံသွယ်သွယ်လေးဖြင့်လှမ်း၍သိုင်းဖက်လာ၏။ မျက်နှာလေးက ဗိုက်နားကိုသာမီတာမို့ ရှိုက်ငိုနေသည့်မျက်ရည်စလေးတွေဟာလည်း ထိုအနားကအင်္ကျီစဆီတစိမ့်စိမ့်စိုလာပြန်သည်။သို့နှင့် သူမလက်လေးကိုအသာခွာယူကာ ဆိုဖာရှေ့ဒူးတစ်ဖက်ထောက်အနေအထားဖြင့်ပြန်ထိုင်၍...


""တိတ်ပါ...ကလေးရယ်

မငိုနဲ့တော့နော်""


""......""


""ကိုကိုတောင်းပန်ပါတယ်

ဒီထက်ပိုပြီး မြန်မြန်ရောက်ခဲ့ရင် ကိုယ့်ကလေးလေးအခုလိုထိခိုက်မိမှာမဟုတ်ဘူး""


မျက်ရည်တွေကို တယုတယသုတ်ဖယ်ပေးကာ သူ့ကိုယ်သူပင်အပြစ်တင်ရင်း တောင်းပန်စကားဆိုနေသေးတဲ့ အဲ့ဒီလူသားကို ရှင်ရှင်ဘယ်လိုမျက်နှာချင်းဆိုင်လိုက်ရမလဲ?ရှင်ရှင်ကိုယ့်စိတ်ကိုမထိန်းနိုင်ဘဲ ရမ်းကားခဲ့မိတဲ့အပြုအမူကြောင့်သူဘယ်လောက်တောင်ထိခိုက်သွားလဲ?ဒေါသတကြီးဖြေရှင်းခဲ့တော့ ဝန်ထမ်းတွေကြားထဲမှာလည်း မကောင်းပြောခံရမှာသေချာတယ်။ဒါတောင် ဘာကိုမှဂရုမစိုက်ဘဲ၊ ရှင်ရှင့်အပေါ်အပြစ်စကားတစ်ခွန်းမဆိုဘဲ သူမို့နေနိုင်တယ်...။


မဟုတ်သေးဘူး၊ သူစိတ်ဆိုးချင်လည်းဆိုးနေလောက်ပါတယ်လေ...။ရှင်ရှင်က သူ့ကိုအမြဲပြသာနာတွေပဲပေးတဲ့သူမို့ စိတ်ပျက်နေမှာအမှန်ပဲ။ဒီလိုနဲ့သူ...သူ ရှင်ရှင့်ကိုထားသွားတော့မှာမဟုတ်ဘူးလား။


""အင့်! ဟင့်! ဟီး!!""


""ဟာ!ဆိုးလေးရယ်

မငိုပါနဲ့တော့ဆိုနေကွာ တိတ်! တိတ်! လိမ္မာတယ်...နော်""


""ကိုကို! အဆိုးလေ...အဆိုးနောက်တစ်ခါ ဒီနေရာကိုထပ်မလာတော့ပါဘူး၊ကိုကို့ကိုလည်းမနှောင့်ယှက်တော့ဘူးနော်...အိမ်မှာပဲလိလိမ္မာမ္မာနေပါ့မယ်...ဒီနေရာကိုထပ်မလာတော့ပါဘူး...အီး! ဟီး!!""


`ထပ်မလာတော့ဘူး´ဆိုသည့်စကားကိုသာ အထပ်ထပ်ပြောရင်း ရှိုက်ကြီးတငင်ငိုကြွေးလာပြန်သည့်ကလေးကြောင့် လင်းညတစ်ယောက် အရူးမီးဝိုင်းသည့်နှယ် ထိတ်ထိတ်ပျာပျာတွေဖြစ်ကုန်၏။အရမ်းကိုဝမ်းနည်းပြီး ကိုယ်စိတ်ဆိုးမှာကိုကြောက်နေရှာသည့်ကလေးကိုလည်း သနားလွန်းရသည်။ 


မဖြစ်နိုင်တာကလေးရယ်...

ကိုကိုက မင်းကိုဘယ်လိုလုပ်ပြီးစိတ်ဆိုးရက်ပါ့မလဲကွာ...


""ကလေးလေး! ဒီကိုကြည့်

ကိုကို့ကိုကြည့်ပါဦး""


ကြည့်ဆိုတော့လည်း မျက်ရည်လည်ရွဲရုပ်လေးဖြင့်ကြည့်လာရှာပါသည်။ထို့နောက်ခန္ဓာကိုယ်လေးက ကိုင်းညွှတ်လာကာ လူကိုအတင်းတိုးဖက်ပြန်လေတော့ အလိုက်သင့်လေးထိန်းပွေ့လျက် သူကိုယ်တိုင်က ဆိုဖာပေါ်ပြန်တက်ထိုင်လိုက်ပြီး သူမလေးကိုတော့ ပေါင်ပေါ်တင်ကာထွေးပိုက်ထားလိုက်၏။


""ကိုကို စိတ်ဆိုးသွားလားဟင်

အဆိုးက ကတိတွေပေးပြီးတည်လည်းမတည်ခဲ့ဘူး။ကိုကို့မျက်နှာကိုမထောက်ဘဲ၊သိက္ခာကိုမငဲ့ဘဲ အမြဲစိတ်ထင်တိုင်းလျှောက်လုပ်မိတယ်""


""ဟုတ်တာပေါ့၊အဲ့တော့ ဒီကလေးကဆိုးလား၊မဆိုးဘူးလား""


""ဆိုးတယ်၊အများကြီးဆိုးတယ်""


""ဒါပေမဲ့ ကိုကိုက အဲ့ဒီ့အဆိုးလေးကိုအများကြီးချစ်တယ်""


""ရွှတ်!!""


ပါးမို့မို့လေးကိုမြတ်နိုးစွာနမ်းရှိုက်ရင်း ထိုစကားကိုဖြေတော့ ဖျတ်ခနဲကြည့်လာသည့်မျက်ဝန်းလေးတွေက ချစ်စဖွယ်အတိ။တကယ်ပဲ၊ဘယ်လိုရုပ်လေးမှန်းကိုမသိ၊ မြင်လိုက်တာနဲ့ကို အသည်းထဲကလိကလိဖြစ်စေတဲ့ မျက်နှာလေး...။တကယ့်ချစ်မဝဘေဘီလေး။


""အဟင့်! ဒါဆို ကိုကိုက...

ကိုကိုက စိတ်မဆိုးဘူးလားဟင်?ကိုကို့ကိုသူများတွေအပြစ်ပြောကြရင်ဘယ်လိုလုပ်မလဲ?ပြသာနာဖြစ်တာနှစ်ခါတောင်ရှိနေပြီ...အဲ့တော့ဝန်ထမ်းတွေက...အွန့်!!""


ကိုယ့်အတွက်စဥ်းစားကာ ပြောပေးမည့်စကားတွေမှန်းသိပါသည်။သိသော်လည်း မြတ်နိုးရသောနှုတ်ခမ်းပါးလေးအား ခပ်ကြမ်းကြမ်းစုပ်ယူနမ်းရှိုက်မိရင်း စကားသံတို့အားတိတ်ဆိတ်စေလိုက်၏။ အနမ်းတို့ကိုအလိုက်သင့်လက်ခံပေမယ့် အငိုမတိတ်သော ချာတိတ်လေးဟာ တကယ်ကိုဇွဲကောင်းလွန်းရဲ့။ ကြည့်ရတာ ကိုယ့်ဆီကစိတ်မဆိုးဘူးဆိုတဲ့စကားသံကြားမှ တိတ်နိုင်မယ်ထင်ပါတယ်။


""မငိုပါနဲ့တော့ကလေးရယ်

ကိုကိုစိတ်မဆိုးဘူးနော်...ဆိုးလေးကိုဆူလည်းမဆူဘူး""


""ဒါပေမဲ့ သူများတွေက...""


""အဲ့ဒီ့သူများတွေ...ဘယ်တစ်ယောက်ကိုမှ ကိုကိုဂရုမစိုက်ဘူးသည်းငယ်...သူတို့အားလုံးဒီနေရာကထွက်သွားကြပါစေ...ကိုယ်လုံးဝဂရုမစိုက်ဘူး""


""......""


""ကိုယ်ဂရုစိုက်တာက အခုကိုယ့်ရှေ့မှာငိုနေတဲ့မင်းပဲ...ဒါကြောင့် ကိုကိုမင်းအပေါ်စိတ်ဆိုးမယ်၊ဒေါသဖြစ်မယ်လို့လုံးဝမတွေးနဲ့...မင်းနဲ့ပတ်သက်ရင် ကောင်းတာဖြစ်ဖြစ်၊ဆိုးတာဖြစ်ဖြစ် ကိုယ်အားလုံးရင်ဆိုင်နိုင်တယ်...လက်ခံတယ်၊ကိုယ်မင်းကိုချစ်တာစကားလုံးတွေသက်သက်မှမဟုတ်ဘဲ ကလေးရယ်...ဒီလောက်ဆိုမင်းနားလည်မယ်ထင်ပါတယ်""


စကားလေးဆုံးတော့ ကိုယ့်မျက်နှာဆီငေးငေးလေးကြည့်လာကာ ပခုံးပေါ်ခေါင်းလေးမီချ၍ တအင့်အင့်ရှိုက်ငိုပြန်ရင်းမှ... 


""ကိုကို...အဆိုးကတကယ်ပဲကိုကိုနဲ့မလိုက်ဖက်တဲ့မိန်းကလေးလားဟင်...ကိုကို့လိုလူမျိုးက `ချစ်သည်းရှင်´ဆိုတဲ့မိန်းမဆိုးလေးကိုလက်ထပ်မိလို့ အရမ်းသိက္ခာကျရမှာပဲနော်၊ အဆိုးကပညာလည်းကောင်းကောင်းမတတ်သလို ရိုင်းစိုင်းတဲ့အပြုအမူတွေနဲ့ ကိုကို့ကိုအမြဲအရှက်ရအောင်လုပ်မိတယ်...အဆိုးတို့အစကတည်းကလက်မထပ်ခဲ့သင့်တာပါ...ဒါမှမဟုတ်အခုပဲဖြစ်ဖြစ် ကိုကိုနောင်တရရင် ကွာရှင်းပါ...အဆိုး...အဆိုး...လက်ခံ...အဟင့်! ဟင့်! အီး! ဟီး!!""


သူနဲ့ခွဲခွာဖို့စကားစမိရုံသာရှိသေး။ရင်ထဲနင့်နင့်သည်းသည်းကြီးဝမ်းနည်းနာကျင်လာရကာ ပြောလက်စ,စကားပင်ရှေ့မရောက်နိုင်တော့ဘဲ ကလေးလေးပမာအော်ငိုမိ၏။ထိုစဥ် ခန္ဓာကိုယ်ကိုထွေးဖက်ထားသည့်လက်တစ်စုံက ပိုမိုတင်းကျပ်သွားကာ နဖူးလေးဆီသို့ နွေးထွေးခြင်းတစ်ဖန်သက်ဆင်း၍...


""ပြောလေ...ဆိုးလေးလက်ခံနိုင်လား?ဆက်ပြောကြည့်""


""ဟင့်အင်း!ဟင့်အင်း! အဆိုးကိုကိုနဲ့မခွဲနိုင်ဘူး...အင့်!ဟင့်!""


""လူဆိုးမလေး...ပြောလို့ရတိုင်းအကုန်ကိုလျှောက်ပြောနေတော့တာပဲကွာ""


""အဆိုးကမခွဲနိုင်လည်း ကိုကိုကခွဲချင်ရင်...""


ဒီတစ်ကြိမ်မှာလည်း စကားသံတို့နှုတ်ဆိတ်သွားရပြန်ပါပြီ။ တစ်ယောက်တည်းပြော၊တစ်ယောက်တည်းငိုနေသည့် ဒီကလေးကို အနည်းငယ်တော့အပြစ်ပေးဖို့သင့်ပြီလေ။ ဘယ်နှကြိမ်ပဲထိတွေ့ဖူးပါစေ...တစ်ခါထိမိတိုင်းပထမဆုံးအကြိမ်လို အသစ်တဖန်ရင်ခုန်စွဲလမ်းရသော နှုတ်ခမ်းလေးမို့ ရူးရူးမူးမူးနမ်းရှိုက်မိပြန်တော့ နွေးမြမြအနမ်းတစ်ပွင့်ဟာ အနည်းငယ်လေးကြမ်းတမ်းသွားခဲ့ရင်း လည်တိုင်နုနုလေးအထိပါ သက်ဆင်းသိမ်းပိုက်မိလေရဲ့။


""အဲ့ဒီ့စကားနောက်တစ်ကြိမ်ထပ်မပြောနဲ့ သည်းငယ်...ကိုကိုသေသွားတာ မြင်ချင်လို့လား""


""ဟင့်!""


""မငိုပါနဲ့တော့ကလေးလေးရယ်...မင်းရဲ့ကိုကိုလင်းညက မင်းအနားမှာအမြဲရှိနေမှာ၊ဒီလူသားကြီးကမင်းကိုချစ်ဖို့မွေးလာခဲ့တာ""


""ဒါပေမဲ့ ကံဆိုတာကြိုမမြင်နိုင်ဘူးတဲ့ ကိုကိုရဲ့""


""ကိုယ်တို့ဘယ်တော့မှမခွဲဘူး ကလေး...ဘယ်တော့မှ...ဘယ်အရာကမှကိုယ်တို့နှစ်ယောက်ကိုဝေးကွာစေမှာမဟုတ်ဘူး။ဝေးကွာခွင့်လည်းမပြုမှာမို့ ကိုကို့ချစ်သည်းလေးက အများကြီးမငိုနဲ့၊ဘယ်လောက်ချစ်မှန်းမသိတာလည်းမဟုတ်ဘဲနဲ့...ဘာကိုကြောက်တာလဲ?""


ခပ်ပြုံးပြုံးလေးနှင့်ပင်ဆိုလာသော သူ့စကားဟာရင်ထဲအမှန်တကယ်ကိုနွေးထွေးလွန်းစေပါသည်။ဒီလူသားက ရှင်ရှင့်အပေါ်ဘယ်လောက်အထိချစ်မှန်းမသိတာမဟုတ်သလို၊သူ့အချစ်ကိုမယုံလို့ ဒီလိုပြောမိခြင်းလည်းမဟုတ်ရပေမယ့် ရှင်ရှင်တကယ်မယုံရဲတာက ကြောက်ဖို့ကောင်းပြီးမာယာလှည့်ကွက်များလွန်းတဲ့ ကံကြမ္မာကိုပါ။ ပြောရရင် ရှင်ရှင်တို့ရဲ့ချစ်ခရီးဟာ အစကနေအလယ်အထိချောမွေ့အဆင်ပြေလွန်းနေခဲ့တာလေ...။ဒါဖြင့်အဆုံးသတ်...၊ ဒီချစ်ခြင်းရဲ့အဆုံးသတ်ကရော အဘယ်သို့ရှိမည်ဆိုတာ သိချင်လှပါဘိကွယ်။


အသက်ခန္ဓာကြွေလွင့်မယ့်နောက်ဆုံးသောအချိန်အထိ ဒီလူသားရဲ့ရင်ခွင်မှာ မှေးစက်ခွင့်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကိုပျော်မိမှာအမှန်ပဲ။


""ကိုကို!""


""ဗျာ""


""အဆိုးလေ ကိုကို့ကိုအများကြီးချစ်တယ်နော်

သေရင်တောင် ကိုကို့ရင်ခွင်ထဲမှာပဲမျက်လုံးမှိတ်သွားချင်တယ်""


""ဟာကွာ!ဆိုးလေး...ဘယ်လိုပြောလိုက်တာလဲကလေးရယ်...အဲ့လိုနိမိတ်မကောင်းတဲ့စကားမျိုးမပြောရဘူးလေ""


""ဟွန့်""


""ကဲ!ကိုယ့်ကလေးကလိမ္မာရဲ့သားနဲ့...ကလေးလေးဘာလုပ်ချင်လဲ?ရုပ်ရှင်သွားကြည့်မလား?""


စကားလမ်းလွှဲကာ စိတ်ပြောင်းပေးသော်လည်း ဂျစ်တူးလေးကခေါင်းခါပြန်သည်မို့...


""ဒါဆို ice-creamအေးအေးလေး စားမလား?""


""ဟင့်အင်း""


""ဒါဖြင့်ဘာလုပ်ချင်လဲ ပြော""


""Spicyထပ်စားချင်တယ်""


""ရော်! အဲ့ဒါကြီးကအရမ်းစပ်တာမဟုတ်လား

ဟိုရက်ကပဲဗိုက်အောင့်ထားတာကို...မရဘူးနော်...အဲ့ဒါတော့မရဘူး""


""ဒါဆိုလည်းအိပ်တော့မယ်""


""ဗိုက်ဆာနေတာမဟုတ်ဘူးလားကလေးရဲ့

တခြားတစ်ခုခုစားလေ...ဘာစားချင်လဲ?""


""ဟင့်အင်း!မောလို့ခဏလေးအိပ်ချင်သေးတယ်""


""သြော!ကိုကို့ရဲ့ဖိုက်တာမလေး ရန်ဖြစ်ရတာမောသွားပြီပေါ့""


""ဟင့်!ကိုကိုကလည်း...""


""စတာလေ..သည်းပေါက်လေးရယ်

စိတ်မဆိုးရဘူး လိမ္မာတယ်""


""ခေါင်းမူးတယ်၊အိပ်ချင်တယ်...အဆိုးကိုချော့သိပ်""


""အဆင်ပြေရဲ့လား ကလေးရယ်

တော်တော်လေးမူးနေလား""


""ဟင့်အင်း! ကိုကို့ရဲ့ကိုယ်သင်းနံ့လေးကိုခံစားရင်းအိပ်လိုက်ရင်ကောင်းသွားမှာ...အဲ့ဒါကြောင့်ဒီလူကြီးကချော့သိပ်ပါ""


""အချွဲလေးကတကယ်အိပ်ချင်လို့လား""


""ဟုတ်! ဒီမှာ...ကိုကို့ပေါင်ပေါ်မှာအိပ်မယ်နော်""


""ကဲ! ဟုတ်ပြီ...အများကြီးငိုထားတော့ကိုယ့်ကလေးပင်ပန်းနေမှာပေါ့...ရတယ်၊အိပ်လိုက်...လာ! အိပ်ရာနိုးမှမုန့်ကျွေးမယ်..ဟုတ်ပြီလား""


သည်လိုဆိုတော့ ရင်ခွင်ထဲသို့ပြန်တိုးဝင်ကာ မျက်နှာလေးအပ်ထားရင်း ငြိမ်သက်သွားသည့်ကလေးမကြောင့် ရုံးခန်းထဲနေရင်းလည်းကလေးထိန်းရသည့်အဖြစ်ပါပင်။အအိပ်မြန်လွန်းသည့်ပေါက်စနကတော့ ခဏလေးအတွင်းမှာပင် အသက်ရှူနှုန်းမှန်မှန်လေးဖြင့်အိပ်ပျော်သွားလေ၏။ဘေးစောင်းအနေအထားလေးဖြင့်မီကာ ပုခုံးပေါ်ခေါင်းလေးလာတင်ထားသည်မို့ သူမရဲ့ဝင်သက်ထွက်သက်လေးဟာ ကိုယ့်လည်တိုင်အနားကျီစယ်ဖြတ်ပြေးနေခြင်းကလည်း တစ်မျိုးလေးအသည်းယားစေပြန်သည်။


သို့နှင့် ခန္ဓာကိုယ်သေးသေးလေးအား ပိုလို့တင်းကျပ်စွာထွေးပွေ့လိုက်ပြီး မထိန်းနိုင်သည့်အသည်းယားစိတ်ကြောင့် ပါးနုနုလေးပေါ်ဖျတ်ခနဲကျူးကျော်လိုက်မိသေး၏။


ထို့နောက်မှဖုန်းကိုထုတ်ကာ secretaryဖြစ်သူထံဆက်သွယ်၍ ဆေးနဲ့ပလာစကာကိုယူခိုင်းရသည်။အနည်းငယ်လေးပွန်းပဲ့မိသွားသည်ဆိုသော်ငြား ကိုယ့်မှာစိုးရိမ်တကြီးဖြင့် ဒဏ်ရာပေါ်သို့ဂရုတစိုက်ဆေးလိမ်းပေးကာ ပလာစတာလေးကပ်ပေးလိုက်၏။ရင်ခွင်ထဲက,ကလေးငယ်ကို ပွေ့ပွေ့ပိုက်ပိုက်ဖြင့်အလုပ်တွေများနေစဥ် အခန်းတံခါးကပွင့်သွားပြန်ကာ...


""လင်းည...ငါဝင်လာ...

အာ! Sorry Sorry ငါ့သူငယ်ချင်းကအလုပ်ရှုပ်နေတာပဲကိုး""


ခပ်ပြုံးပြုံးနှင့်လှမ်းစနောက်နေပါသည့် ဘုန်းနေလကို သူခေါင်းလေးတစ်ချက်သာညိတ်ပြနိုင်သည်။ကိုယ်ပေါ်မှာလည်း အဆိုးလေးကိုပွေ့ထားသည်မို့ရုတ်တရက်ထလို့မရသလို ရဲရဲပင်မလှုပ်ဝံ့သည့်အနေအထားလေ။နေလကလည်း အခြေအနေကိုကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးရင်းအနားသို့ဆက်လျှောက်လာပြီး မျက်နှာချင်းဆိုင်၌ဝင်ထိုင်၍...


""အိပ်နေတာလား?""


""ဟုတ်တယ်၊အခုလေးတင်အိပ်ပျော်သွားတာ""


""ငိုထားတာလား?ကြည့်ရတာ အငိုမျက်နှာလေးနဲ့""


""အေးကွာ! ခုနလေးတင်ငါ့ဝန်ထမ်းတစ်ယောက်နဲ့နည်းနည်းပြသာနာဖြစ်လို့""


""အဲ့တော့ မင်းဆူလိုက်လို့လား""


""မဟုတ်ဘူး၊ ငါ ဆိုတဲ့ကောင်လားဆူနိုင်မှာ...မျက်နှာလေးတစ်ချက်ညိုးရင်တောင် ငါ့မှာမနေတတ်တာ၊ဒီကလေးငိုအောင်ငါဘယ်တော့မှမလုပ်ဘူး""


""အေးပါ! အမွှေစိန်မမက အိမ်မှာတင်မဟုတ်ဘဲcompanyအထိလိုက်လာပြီးပြသာနာရှာတာတောင် မင်းပဲရူးမလိုချစ်နေလိုက်""


""ကျစ်! မင်းအသံကြီးကို တိုးတိုးပြောစမ်းပါ။ကလေးက အခုလေးတင်အိပ်ပျော်သွားတာ၊ အရမ်းဝမ်းနည်းပြီးငိုနေလို့ငါ့မှာမနည်းချော့ထားရတာ""


""ဟင်း! လာပြီ ကဲကဲသဲသဲတွေ...ပိုကိုပိုလွန်းတယ် မင်းက""


မကျေမချမ်းသလိုပြောလိုက်သော်ငြား လေသံကိုတော့လျှော့လိုက်မိပါပြီ။ဒီကလေးမနဲ့ပတ်သက်ရင် လင်းညဘယ်လောက်သည်းသည်းလှုပ်တတ်မှန်း သူ သိပြီးသားပါလေ။ဒါကြောင့်လည်း ချစ်ကြိုးဘက်ကဦးတည်လာမယ့်အခြေအနေအရပ်ရပ်အတွက် စိတ်ချထားနိုင်တာပေါ့။


""မင်းနဲ့ချစ်ကြိုးကဘယ်လိုဖြစ်သွားပြီလဲ

နည်းနည်းလောက်ပြန်ညှိနှိုင်းကြည့်သေးလား""


""မလိုတော့ပါဘူးကွာ

အခုသူ့အနားမှာနောက်တစ်ယောက်တောင်ရှိနေပြီပဲ။သူ့မျက်လုံးထဲမှာ ငါဆိုတာဘာမှမဟုတ်ခဲ့ဘူး""


""မင်းဘယ်လိုသိလဲ""


""ယုံလောက်တဲ့နေရာတစ်ခုကနေ သတင်းကြားမိတာ""


""ငါ သိသလောက်တော့ချစ်ကြိုးကအဲ့လိုပြောင်းလဲမြန်တတ်တဲ့သူမဟုတ်ပါဘူး""


""အရာအားလုံးဟာ ဘယ်တော့မှတသမတ်တည်းမရှိဘူးလင်းည...တချို့အရာတွေရဲ့ပြောင်းလဲမှုက မင်းကိုယ်တိုင်အသေအချာကြည့်မှမြင်နိုင်တာမျိုး""


ဒီစကားကို တမင်တကာထည့်ပြောလိုက်ပြီးမှ သက်ပြင်းလေးကျိတ်ရှိုက်မိရပြန်ပါသည်။


နောက်ဆုံးပဲ လင်းည!! ဒါ ငါမင်းကိုသတိပေးနေတာ...ဒီစကားရဲ့အဓိပ္ပာယ်ကိုမင်းအခုချက်ချင်းနားမလည်လည်းဖြစ်ပေမယ့် အရမ်းလည်းနောက်မကျစေနဲ့ပေါ့ သူငယ်ချင်းရာ...။


""နေလ...မင်းအဆင်ပြေရဲ့လား?""


""အင်း! ပြတ်သွားပြီးတဲ့ကြိုးလေးပါပဲ

ငါ့အတ္တသက်သက်နဲ့ထပ်ပြီးဖမ်းမဆွဲရက်တာမို့ သူပျော်နေရင်ပဲကျေနပ်ပါတယ်""


""မင်းတို့က..""


""အင့်! အဟင့်! ကိုကို"" 


ပြောလက်စ,စကားမှမဆက်ရသေးခင် အဆိုးမလေးက အိပ်ပျော်နေရင်း တအင့်အင့်ရှိုက်ကာလူးလွန့်လာတာမို့ ကိုယ့်မှာပျာပျာသလဲငုံ့ကြည့်၍ ဆံနွယ်လေးတွေဖွဖွသပ်တင်ပေးရင်းမှ...


""အင်း! အင်း! ဒီမှာကိုကိုရှိတယ်လေ

မငိုရဘူး တိတ်! တိတ်! လိမ္မာပါတယ်ကွာ""


မျက်စိရှေ့ကမြင်ကွင်းကိုကြည့်ရင်း နေလတစ်ယောက် အတော်သိမ်ငယ်သွားရပါ၏။မကြာခင်ရက်ပိုင်းလေးကမှ ပူပူနွေးနွေးကွဲထားတဲ့ ဒီလူ့အသည်းကိုမှမထောက်ညှာဘဲ သူ့ဘေဘီပူတူးမကိုစိတ်ရှိတိုင်းချစ်ပြနေတော့တာ လွန်ပါရောလား။ ဟိုငတိမကဖြင့်တကယ်နိုးလာတာလည်းမဟုတ်၊အိပ်နေရင်း ယောင်ပြီး ညည်းလိုက်တာလေးကို မပြီးနိုင်မစီးနိုင်ချော့နေပုံက သူပဲကလေးအဖေကြီးလိုလို...။


အံမယ်! အံမယ်! နှုတ်ကတတွတ်တွတ်ပြောရင်း ပါးလေးကိုတောင် ယုယုယယနမ်းလိုက်သေးတာ။စာမစီတတ်တော့ဘူး၊ မပြောပြတတ်တော့ဘူး...လင်းညရိပ်ရဲ့အကဲပိုမှုကိုလိုက်မမီတော့ပါဘူး။


""အဟင်း""


ကဲ! ကိုယ့်မှာအသည်းကွဲရတဲ့ကြားထဲ ဒီကဲကဲသဲသဲအတွဲကိုလည်း ရယ်ချင်ပက်ကျိဖြစ်ရပြန်ပါပြီ။ဟူး!! တကယ်အပူအအေးမမျှတဲ့ ခံစားချက်တွေပါပဲလား။


""မင်းကဘာရယ်နေတာလဲ""


""ငါ့ကိုဂရုစိုက်မနေနဲ့...ချော့ပါ

ချော့လေ...ဆက်ချော့""


ရွဲ့သလိုပြောလာသည့် နေလရဲ့ပုံစံကြောင့် သူလည်းရှက်အမ်းအမ်းနှင့်ပင်ပြုံးမိရကာ အသည်းအသက်လေးရဲ့မျက်နှာကိုပြန်ငုံ့ကြည့်တော့ သူမကငြိမ်သက်သွားလေပြီမို့...


""ရပြီ၊ပြန်အိပ်သွားပြီ

ဆိုးလေးကအဲ့လိုပဲ...တစ်ခါငိုထားပြီးရင်အိပ်ပျော်လည်းဆက်ငိုတတ်တယ်""


""အိပ်သွားရင်လည်း ဆိုဖာပေါ်သိပ်လိုက်လေ

မင်းဒီလိုအကြာကြီးပွေ့ထားရင်လက်ညောင်းနေမှာပေါ့""


""ရတယ်၊ငါဒီလိုပဲသိပ်နေကျ""


""ပြီးတာပဲ""


""နေလ ငါ့ကိုaircon remoteလေးယူပေးပါလား၊ပူနေလို့ထင်တယ်...ကလေးကကောင်းကောင်းမအိပ်တာ""


""အေးပါ...Daddy ပါပါး father ဖေဖေရယ်

မင်းကလေ သူ့ယောကျ်ားနဲ့မတူဘူး၊သူ့အဖေပုံပေါက်နေပြီ""


""အဟက်!""


ဟောကြည့်!ပြောကာမှ ဟက်ခနဲတစ်ချက်ရယ်လျက် ပုခုံးတစ်ဖက်တွန့်ပြလိုက်ပုံက ဆွဲထိုးချင်စရာမျက်နှာပေးနဲ့...။သဘောက ထင်ချင်သလိုထင်ပေါ့လေ။


""ဒါနဲ့မင်းလာတာ ငါ့ကိုအရေးကြီးကိစ္စပြောဖို့ရှိလို့လား""


""သြော်!အခုမှပဲမေးဖော်ရတော့တယ်...အရေးကြီးတာတော့မရှိပါဘူး၊ဒီအတိုင်း ကော်ဖီတစ်ခွက်လောက်ဝင်သောက်ရုံ၊ အခုမင်းက,ကလေးထိန်းနေလို့မအားဘူးဆိုတော့ ငါပြန်ပြီ""


""ကော်ဖီကတော့သောက်လို့ရပါတယ်ကွာ""


""ရတယ်၊ငါ သွားစရာရှိသေးလို့

ရော့! ဒီမှာ aircon remote""


တောင်းထားသောပစ္စည်းကိုသွားယူပေးကာ တကယ်ပင်ပြန်ဖို့ဟန်ပြင်သည့်နေလကို သူလည်းမတားမိတော့ပေ။ အလိုက်သင့်စွာစကားတွေပြန်ပြောနေပေမယ့် ခပ်မှိုင်းမှိုင်းမျက်ဝန်းတွေက နာကျင်ခြင်းသရုပ်သဏ္ဌာန်ကို ကြိုးစားဖုံးကွယ်နေသည့်နှယ်ပါ။ သူငယ်ချင်းကို ဒီထက်မကအားပေးစကားပြောသင့်တာသိပါလျက် သူနဲ့ဆုံချိန်တိုင်း ကိုယ့်ကလေးလေးကလည်းတစ်ခုခုဖြစ်တာနဲ့တိုက်ဆိုင်နေတော့ခက်သားပါပဲ။


""ဟင်း!""


တွေးနေရင်းမှပင် သက်ပြင်းဖွဖွချမိရင်း ကိုယ့်ရင်ခွင်ထဲအိပ်နေသူလေးကိုသာ ခပ်တင်းတင်းထွေးဖက်ထားလိုက်၏။ 


ကျေးဇူးပါ ကလေးရယ်...။

ကိုယ့်အနားရှိပေးလို့၊ကိုယ့်ဘဝထဲဝင်လာပေးလို့ တကယ်ကျေးဇူးတင်တယ်။


တခြားသူရဲ့ခံစားချက်အပေါ် တကိုယ်ကောင်းဆန်ဆန်တွေးတာမျိုးမဟုတ်ပေမယ့် ကိုယ်ပိုင်ဆိုင်ခဲ့ရတဲ့အချစ်ကတော့  ပျော်ရွှင်ကံကောင်းခြင်းလေးမို့ ကျေနပ်မိတာအမှန်ပဲ။


အရင်ကတော့ ကိုယ်အသေအချာမခံစားမိဘူး ကလေးငယ်...ဒါပေမဲ့ မင်းပြန်ပေးတဲ့အချစ်ကို ကိုယ် အခုလေးလေးနက်နက်ခံစားမိနေတယ်။တစ်နေ့မှာ ကိုယ့်အနားကထွက်ပြေးမသွားတော့ဘူး၊မထားခဲ့တော့ဘူးလို့လည်းယုံတယ်။


ယုံနေပါရစေ...ကိုယ့်ရဲ့ကမ္ဘာငယ်လေးရယ်...။


~~~~~ 🍬🍬🍬🍬🍬 ~~~~~


အခန်း (၄၁)ဆက်ရန်


Readers/WritersလေးတွေအားလုံးကVIPပါ


Writer - WineSatt Cho(🍋Lëmoñ🍋)


rate now: