🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၄ ] ♡ ••••••••••••
မှန်ချပ်လေးတွေပေါ် ကာရံထားသော ခရမ်းနုရောင် ခန်းဆီးစလေးများကြားမှ နံနက်ခင်းနေခြည် ခပ်နွေးနွေးလေး ဖြာကျလာလေ၏။မိုးလင်းပြန်ပြီဟူသော အသိကြောင့် လှုပ်လီလှုပ်လဲ့ မျက်ခွံလေးတွေကို အားယူဖွင့်ကာ နာရီကိုလှမ်းကြည့်တော့ ၈နာရီခွဲသာရှိပါသေးသည်။ကျူရှင်ပိတ်ရက်မို့ alarmမပေးထားမိသလို မေမေတို့ကလည်း သည်လိုနေ့မျိုးမှာတော့ အတင်းအကျပ်လာမနှိုးတာမို့ ပိုပိုသာသာလေးအိပ်ရတာပေါ့။
နိုးပြီဆိုမှတော့လည်း ချက်ချင်းထဖို့ရည်ရွယ်ပေမယ့် အလိုလိုပြန်ပျော့ခွေသွားသည့် ခန္ဓာကိုယ်ကြောင့် ၁၅မိနစ်လောက်ပြန်လှဲအိပ်လိုက်ရသေး၏။ရုတ်တရက်ထရင် မူးသွားမှာလည်းစိုးသည်လေ...။
ထို့နောက်မှ အိပ်ရာထကာ ရေချိုးအဝတ်အစားလဲပြီး အောက်ထပ်သို့ဆင်းလာခဲ့တော့ မီးဖိုခန်းဘက်မှာ မေမေ့အရိပ်အယောင်ကိုတွေ့လိုက်သည်မို့...
""မေမေ...သမီးနိုးပြီ""
""အေး...ကျူရှင်ပိတ်ရက်မို့ သနားလို့မနိုးဘဲနေတာကို နင်ကအတော်အသားယူနော်...ကြည့်ဦး ၉နာရီကျော်နေပြီ""
""မေမေကလည်း...""
""မမကဒီနေ့companyမသွားရဘူးမလား
မနေ့ကပြောသံကြားတယ်""
""ဟုတ်တယ်လေ...ဒါနဲ့မနက်စာ ဘာစားမှာလဲ
ကြိုက်တာသွားစား သွား...မေမေလည်းချက်ပြုတ်ဖို့စီစဥ်ရဦးမယ်""
""ဟင်...ဘာချက်မလို့လဲ
မချက်နဲ့လေ""
""ဘာလို့တုန်း သမီးရဲ့""
""ဒီနေ့ ၁၀ရက်နေ့မလား?""
""အေး...ဟုတ်တယ်လေ
၁၀ရက်နေ့မှာ ငါကဘာလို့ဟင်းမချက်ရမှာလဲဆိုတာပြော""
""ဟိုဘက်ခြံက အိမ်သစ်တက်ပွဲဖိတ်ထားတယ်လေ
အဲ့ဒါကြောင့် အိမ်မှာဟင်းမချက်နဲ့တော့လို့...ညနေမှချက်...သက်သက်မဲ့ဟင်းစားတွေကုန်တယ်""
ဟယ်တော်! ဒါဖြင့်သူဆိုလိုတာက သူများအိမ်တက်မှာအဝသွားစားမယ့်သဘောများလား? ဒီသမီးတစ်ယောက်နဲ့တော့ ဒုက္ခ! ရှင်ရှင်ဆိုသည်မှာလည်း အဲ့လိုပါ။သူ့အိမ်ကပစ္စည်းဆို တအားသိတတ်တာ ငယ်ငယ်ကတည်းက။ ကိုယ်တွေလည်းဆင်းရဲမွဲတေနေတာ မဟုတ်ပါဘဲ ပိုက်ဆံကုန်စရာ အပိုကိစ္စတွေဆိုသူသိပ်မလုပ်တတ်ပေ။ ပရမ်းပတာသုံးဖြုန်းနေတာမျိုးမဟုတ်ဘဲ ဒီနေရာမှာတော့မိန်းကလေးဆန်သွားလို့ တော်ပါသေးရဲ့။
သုံးခါပြန်ကျူရှင်ထားနေရတာတော့ ချွင်းချက်ပေါ့လေ...ဒီနေရာမှာလည်း ကားနဲ့အကြိုအပို့လုပ်ရင် ဆီဖိုးကုန်တယ်ပြောပြီး အသွားအပြန် စက်ဘီစီး၊လမ်းလျှောက်တာနဲ့ပြီးသည်။ အဝတ်အစားတွေဆိုလည်း အသစ်တစ်ခါဝယ်ထားပြီးရင် ဘယ်ရောက်လို့ရောက်သွားမှန်းမသိ ထုတ်ဝတ်တာကိုမတွေ့တော့ပေ။သူပြောတာတော့ ဟောင်းသွားမှာစိုးလို့ သေချာသိမ်းထားသတဲ့! တကယ်ပဲ...အဝတ်အစားတွေ ဝတ်ဖို့ဝယ်သလား၊သိမ်းဖို့ဝယ်သလားတောင်မသဲကွဲနိုင်စရာပါပင်။
""နော်လို့...မေမေ""
""သမီးရယ်...ပေါက်ပေါက်ရှာရှာ
ကိုယ်နဲ့လည်းမသိဘဲနဲ့""
""ဒါပေမဲ့ အိမ်ချင်းကပ်လျက်နေသွားကြရမှာလေ
သူများကသေသေချာချာလာဖိတ်ထားတာကို မသွားရင်အားနာစရာကြီး မေမေရဲ့""
""အဲ့လိုဆိုတိုင်း နင်ကအိမ်မှာတောင်ထမင်းဟင်းမချက်ဘဲ သွားစားဖို့တွေးတာတော့မကောင်းဘူးလေ။သွားဖြင့်မသွားရသေးဘူး...နင်ဘယ်လိုတောင်စားမလဲ မြင်ယောင်ပြီး ငါလန့်နေပြီ""
""မေမေမလိုက်ရင်လည်းနေလေ
သမီး မမကိုပဲခေါ်သွားမယ်""
သူကတော့ ပွဲတက်ဖို့တကယ်ကိုဆုံးဖြတ်ထားသည့်ပုံစံနှင့်ပင် ပြောနေလေရဲ့။ပြောတာလည်းဟုတ်ပါတယ်...အမြဲတမ်းအိမ်နီးချင်းတွေဖြစ်သွားရမှာဆိုတော့ တလေးတစားဖိတ်ထားသည့်ပွဲကို မသွားလို့တော့မကောင်းပါဘူးလေ...။
""ကဲ..ကဲ! မေမေလိုက်မယ်...နော်
သွား...အဝတ်အစားကိုသွားလဲချေဦး
အိမ်နေရင်းဂါဝန်နဲ့မလိုက်နဲ့လေ""
""ဟိုဘက်ခြံတင်ပဲကို
အလှကပြင်နေရဦးမလား?
မလဲဘူး...ဒီအတိုင်းပဲသွားမှာ""
""ဟယ်..ဒီကလေးတော့""
""မမရေ...ရှင်ရှင်နဲ့မုန့်သွားစားရအောင်""
ပြောစကားကို အတိအလင်းဆန့်ကျင်၍ သူ့အစ်မကိုအော်ခေါ်ကာ အိမ်ပေါ်သို့ပြေးတက်သွားပြန်လေ၏။
~~~~ 🍬 ~~~~
နောက်ဆုံးတော့လည်း တကယ်ကိုအိမ်နေဝတ် ဂါဝန်တိုကားကားလေးဖြင့်သာ တစ်ဖက်ခြံကိုရောက်ခဲ့ရ၏။ အရင်ကတည်းကလည်း ဘာမှအထူးတလည်ပြင်ဆင်ခြယ်သတာမျိုးမလုပ်တတ်သည့် ရှင်ရှင်က skincareအနည်းငယ်သာသုံးပြီး အမြဲတမ်း ပင်ကိုယ်ပန်းသွေးရောင်သမ်းသည့် မျက်နှာပြောင်လေးနှင့်သာနေတတ်သည်။အဝတ်အစားဆိုရင်လည်း ကလေးဆန်ဆန်ဂါဝန်လေးတွေ၊ T-shirtနဲ့ စကပ်အတိုလေးတွေသာအဝတ်များ၏။အရပ်လေးကမရှည်သည့်အပြင် ခန္ဓာကိုယ်လေးက သေးသွယ်သွယ်ရယ်မို့ heavy designတွေ styleကျကျဝတ်ပြီး လူကြီးဂိုက်ဖမ်း ရှိုးထုတ်လို့လည်းမရတာလေ...။
မမကသာ styleမိုက်မိုက်နဲ့ခေတ်မီပြီး မြန်မာဆန်ဆန်လေးဝတ်စားရင်လည်း အချိုးအစားလှပသည့် ခန္ဓာကိုယ်နဲ့ ပုရိသတွေတစ်ပုံကြီးပစ်ကြွေစရာ အလှတရားမျိုးရှိတာ။ ရှင်ရှင်လည်းအဲ့လိုဖြစ်ချင်ခဲ့ပေမယ့် အခုထိကလေးရုပ်နဲ့ ဟိုမရောက် သည်မရောက်ဖြစ်နေရတာမို့ ကိုယ့်ကိုကိုယ်ဘယ်တုန်းကမှ စိတ်တိုင်းမကျခဲ့သလို လှတယ်လည်းမထင်ခဲ့။ အင်း...ပြောရရင်နည်းနည်းချစ်ဖို့ကောင်းတယ်ဆိုရုံပါပဲ။
""သြော်..ညီမလေးတို့လာပြီပဲ
အိမ်ထဲကြွပါရှင့်""
""ဟုတ်..မမ""
ဟိုနေ့ကဖိတ်စာလာပေးသည့် မမနဲ့ပဲဆုံတော့ နှစ်အကြာကြီးရင်းနှီးကျွမ်းဝင်ဖူးသူတွေလို ရွှင်ရွှင်ပျပျနှုတ်ဆက်ရင်းအိမ်ထဲသို့ဆက်ဝင်လာခဲ့၏။အချိန်က အနည်းငယ်နောက်ကျနေပြီမို့ အထဲမှာ ဧည့်သည်တွေတောင်သိပ်မကျန်တော့ပေ။ ရှင်ရှင်တို့သားအမိသုံးယောက်လုံး နီးစပ်ရာစားပွဲဝိုင်းတစ်ခုမှာပဲ ဝင်ထိုင်လိုက်စဥ် အိမ်ရှင်ဟုထင်ရသည့်အန်တီတစ်ဦး အနားသို့ရောက်လာ၏။
""ဟိုဘက်ခြံက မိတ်ဆွေတွေထင်တယ်""
""ဟုတ်ကဲ့...အိမ်မှာလုပ်စရာလေးတွေရှိသေးလို့နည်းနည်းနောက်ကျနေတာ""
စကားလေးကိုယ်စီ စပြောမိသော ထိုအမျိုးသမီးနှစ်ဦးရဲ့ အကြည့်တို့ဆုံမိခိုက်...အနည်းငယ်အံ့သြသလိုလေးဖြစ်သွားပြီးမှ တဖြေးဖြေးပြုံးယောင်သမ်းလာကာ...
""ခင်လေး!
ခင်လေးမဟုတ်လား...တို့ကသက်ထားလေ
ကလေးတွေငယ်ငယ်က ကလောဘက်မှာ...""
စကားတောင်မှမဆုံးသေးခင် တစ်ဖက်အမျိုးသမီးကလည်းနှစ်လိုဖွယ်ပြုံးလာရင်းမှ..
""အယ်! မှတ်မိပြီ
ဒါကြောင့်မြင်ဖူးပါတယ်လို့ကြည့်နေတာ
တိုက်တိုက်ဆိုင်ဆိုင် ခင်တို့အိမ်နီးချင်းထပ်ဖြစ်ပြန်ပြီ""
""ဟုတ်ပါ့...တို့တွေကအိမ်နီးချင်းဖြစ်ဖို့ရေစက်ပါကြတာဖြစ်မယ်""
""ဒါဆို ဒီနှစ်ယောက်က ကြိုးလေးနဲ့ရှင်ရှင်?
အမလေး...သမီးတွေဒီအရွယ်တောင်ရောက်ကုန်ပြီကိုး...မေလေးကိုမှတ်မိလား သမီး""
ပါးလေးကိုဖွဖွလှမ်းဆွဲကာမေးလာတာကြောင့် ကြက်ဆီထမင်းပန်းကန်ဆီလက်လှမ်းနေရင်းမှ အလိုက်သင့်လေးပြုံးပြလိုက်ရသည်။တကယ်တော့ ရှင်ရှင် ထိုအန်တီ့ကိုသိပ်မမှတ်မိတာအမှန်ပါ။ကလောမှာနေခဲ့တုန်းက အသက်၅နှစ်၊၆နှစ်အရွယ်ပဲရှိသေးတာ...ဘယ်လိုလုပ်အကုန်မှတ်မိနိုင်ပါ့မလဲ။
""ဟီး..သမီးကခပ်ရေးရေးပဲသိတော့တယ်
စိတ်မရှိပါနဲ့နော်...ဝိုးတိုးဝါးတားတော့မှတ်မိပါတယ်""
""အင်းပေါ့...အဲ့တုန်းကသမီးလေးအရမ်းငယ်သေးတာကိုး...မေလေးကတော့လေ သမီးအိမ်ပြောင်းမယ့်နေ့က ရန်ကုန်ကိုမလိုက်ချင်လို့ဆိုပြီး မြေကြီးပေါ်ထိုင်ငိုတာလေးမှတ်မိနေတုန်း""
ဒါလည်း သွားပဲဖြီးပြရပြန်ပါသည်။ဒီတစ်ခုတော့ နည်းနည်းမှတ်မိနေသယောင်မို့ နည်းနည်းတောင်မျက်နှာပူသွားရ၏။အဲ့တုန်းက ကိုကိုညဆိုလား...မနက်ဆိုလား...။ဟုတ်တယ်...ဒီအန်တီမှာသားတစ်ယောက်ရှိတယ်။အိမ်ပြောင်းမယ့်နေ့က သူနဲ့မခွဲနိုင်လို့ပါဆိုပြီး ငိုမိခဲ့သေးတာ...။
အမလေး! ရှက်စရာကောင်းလိုက်တာ...။ငါဘယ်လိုတောင်ဆိုး...။ငါတောင်မှတ်မိသေးတာ သူကအကြီးဆိုတော့ပိုတောင်မှတ်မိလောက်တယ်...။ဘုရား...တရား...သံဃာ...အခုအဲ့ကိုကိုဒီနားမှာများရှိနေလား?
ချက်ချင်းပဲတွေးမိလာသည့်အတွေးကြောင့် မျက်လုံးလေးဟိုသည်ရွှေ့ကာ အကဲခတ်ကြည့်ပေမယ့် တွေ့လည်းမတွေ့တာမို့ ခေါင်းကိုယမ်းပစ်လိုက်ပြီး ထမင်းပန်းကန်ကိုသာ အာရုံစိုက်လိုက်တော့သည်။မမကလည်းထုံးစံအတိုင်း ရည်ရည်မွန်မွန်အပြုံးလေးတစ်ပွင့်နှုတ်ခမ်းပေါ်တင်ရင်း လူကြီးတွေပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးနေရှာပြီး ဘာစကားမှလည်းဝင်မပြောချေ။ဟင်း! မမကိုကြည့်ရတာလည်းပျင်းစရာကောင်းလိုက်တာ...။အေးလွန်းတော့လည်း ပျင်းဖို့ကောင်းတာပေါ့။
""ကြိုးလေးက လှလာလိုက်တာ
အပြင်မှာမြင်ရင်မှတ်မိမှာတောင်မဟုတ်ဘူး""
""သမီးက ကျောင်းပြီးပြီလေ ခင်ရဲ့ ။ဘွဲ့လည်းရပြီးပြီ...အခုဆိုသူ့အဖေcompanyမှာတောင်ဝင်လေ့လာနေပြီ""
""သြော်..တော်လိုက်တာ
သမီးငယ်လေးကရော...""
""သမီးက တတိယနှစ်ရောက်ပြီ မေလေးရဲ့""
""ဟုတ်လား...သမီးလေးကတတိယနှစ်ကျောင်းသူကြီးတောင်ဖြစ်နေပြီပေါ့""
""ဟုတ်...၁၀တန်းတတိယနှစ်""
""အင်!""
""သမီးရယ်...လူကြီးကိုကောင်းကောင်းရှင်းမပြဘူး...ဒီလို ခင်လေးရေ...သူကအခုထိကိုတက္ကသိုလ်ဝင်တန်းအပေါ် သစ္စာကြီးနေတာ""
""သြော်..ဟော်! ဒီလိုလား
ကြိုးစား...ကြိုးစား သမီး
ကြည့်ရတာဉာဏ်ကောင်းမယ့်ကလေးပါ""
""ဒါနဲ့ သားကိုရောမတွေ့မိပါလား""
""သားကဒီမှာမရှိဘူး သက်ရဲ့
Singaporeမှာဘွဲ့ယူပြီး ဟိုကcompanyမှာပဲအလုပ်ဝင်နေတယ်။ဒီကိုပြန်မလာတာ၅နှစ်လောက်တောင်ရှိပြီ။ရှေ့တစ်ပါတ်ထဲတော့ အလုပ်ကိစ္စနဲ့ပြန်လာမယ်ပြောတာပဲ""
""သားလည်းအခုလောက်ဆိုလူချောကြီးဖြစ်နေရောပေါ့""
လူကြီးတွေစကားထဲ ညအကြောင်းလေးပါလာသည်မို့ ချစ်ကြိုးသေချာလေးနားစွင့်မိသည်။တကယ်တော့ ဒါ အန်တီခင်လေးတို့အိမ်မှန်းသိလိုက်ကတည်းက ရင်ထဲအလွန်ပင် ဝမ်းသာသွားရကာ တစ်ဆက်တည်းမှာပဲ `ည´ကိုရှာဖွေမိတာအမော။ သူကဒီကိုပြန်မလာသေးဘူးဆိုပေမယ့် သူ့အိမ်ကိုအခုလိုရောက်ခွင့်ရတာကိုက ကြိုးအတွက် ပျော်ရသောပါပဲ။
ညရယ်...ဒီမိုးကောင်းကင်ကြီးအောက်မှာ ငါတို့ပြန်တွေ့ရမယ့်ရက်ဆိုတာ တကယ်ရှိလာခဲ့ပြီနော်။
""မမ စားလေ
ဘာတွေတွေးနေတာလဲ""
တစ်ဖက်က တလေးတနက်တွေးနေသလောက် ရှင်ရှင်ကတော့ စားပွဲပေါ်မှာပဲ လက်တွေရှုပ်ယှက်ခတ်၍ အစားကိုသာ အာရုံရောက်နေ၏။ဘေးမှပြောစကားတွေကိုလည်း ကြားတစ်ချက်၊မကြားချက်ဖြစ်နေပေမယ့် ခေါင်းကိုတော့မရမကလိုက်ငြိမ့်ပေးနေရသည်။
မတွေ့ဖြစ်ကြတော့တဲ့နှစ်တွေတစ်လျှောက် အစပိုင်းလတွေမှာတော့ အဆက်အသွယ်ရှိခဲ့ပေမယ့်နောက်ပိုင်းတော့လည်း ကိုယ့်စီးပွားရေး၊ကိုယ့်လူမှုရေးနဲ့ ကိုယ်စီလုံးပမ်းနေရတာမို့ အဆက်အသွယ်တွေပြတ်တောက်သွားခဲ့ကာ ခဏတာအိမ်နီးချင်းဖြစ်ဖူးကြတယ်ဆိုရုံလောက်သာမှတ်မိတော့သည်လေ။ သို့သော် အတော်လည်းခင်မင်ခဲ့ဖူးကြတာမို့ အခုပြန်ဆုံတော့ ပြောစရာတွေမကုန်နိုင်အောင်များနေကြတယ်ထင်ပါရဲ့။ထိုနေ့က တော်ရုံနဲ့ကိုအိမ်ပြန်မရောက်မဖြစ်တော့ပေ။
~~~~ 🍬🍬🍬🍬 ~~~~
ညလေညင်းလေးတိုးဝင်နေသည့် ပြတင်းတံခါး၌ရပ်ကာ ငယ်ဘဝအကြောင်းတွေကိုပြန်စဥ်းစားဖြစ်သည်။ဝေးကွာခဲ့ကြပေမယ့် အမြဲအမှတ်တရရှိနေသော သူငယ်ချင်းလေး...။ပြန်ဆုံကြဖို့ကတိထားခဲ့ပေမယ့် ဘယ်အတိုင်းအတာအထိဝေးကွာရမယ်မသိတော့ အရမ်းကြီးလည်းမမျှော်လင့်ရဲခဲ့ပါလေ...။အခုတော့ ၁၃နှစ်ကျော်ဝေးကွာခဲ့ကြပြီးမှ ပြန်တွေ့ရတော့မည်တဲ့! အဲ့ဒါကလည်း အရင်အတိုင်း အိမ်နီးချင်းတွေအဖြစ်နဲ့။ ဘယ်လောက်တောင်တိုက်ဆိုင်တဲ့ ကံတရားတွေလဲ။
အခုဆိုရင် သူဘယ်လိုပုံစံများဖြစ်နေမလဲ?သေချာတာကတော့ အရမ်းချောမှာပါပဲ။ ကြိုးကိုရော မှတ်မိနေပါ့မလား??
""Defeat!""
""အားး! ရှုံးပြီ...ရှုံးပြန်ပြီ
အဟမျ့!""
ကြိုး အတွေးတွေလွန်သွာရင်းမှ ကုတင်ပေါ်တက်ထိုင်ကာ သဲကြီးမဲကြီး ဂိမ်းလာဆော့နေသော ညီမတော်ရဲ့အော်သံကြောင့် လိပ်ပြာပါလွင့်တော့မလိုပင်။ညနက်နေလည်း သူ့အခန်းသူမပြန်ဘဲ ဒီမှာလာဆော့နေပြီး ရှုံးရင်တစ်မျိုး၊နိုင်ရင်တစ်မျိုး အသံကလည်းစူးခါနေတော့တာ...။
""ရှင်ရှင်...မနက်ဖြန်ကျူရှင်သွားရမှာလေ
မအိပ်သေးဘူးလား...စာရောပြန်နွှေးပြီးပြီလား""
"" ဒီနေ့နားရက်လေ မမရဲ့""
""ဟယ်...ကျူရှင်ပိတ်ရင် စာအုပ်လည်းပိတ်ရောလား...""
""မမကလည်း ဒီမှာရှုံးနေပါတယ်ဆို""
""ဂိမ်းဆော့တာပဲ ညီမလေးရယ်
ရှုံးရင်ရှုံး၊ မရှုံးရင်နိုင်...ဒါပဲရှိတာလေ""
""အခုကဆော့သမျှပွဲတိုင်းရှုံးနေပြီ
မပျော်တော့ပါဘူး""
""ဒါနဲ့ ညီမလေး...ညကိုမှတ်မိလား""
""ဟမ်! ညကိုဘာလို့မှတ်မိရမှာလဲ
အခုလည်း ညပဲလေ...မနက်မှမဟုတ်တာ""
""သြော်...ဒီလိုညကိုပြောတာမဟုတ်ပါဘူး
လူည...ဟိုဘက်ခြံက လင်းညရိပ်ကိုပြောတာ""
""မှတ်တော့မှတ်မိပါတယ်...ဒါပေမဲ့ရေးတေးတေးပဲ
အမ်း! မမနော်..ရှင်ရှင်ကြည့်နေတယ်...နေ့လည် ဟိုဘက်အိမ်ကပြန်လာပြီးကတည်းက ပြုံးစိပြုံးစိနဲ့...မမ သူ့ကိုပြန်တွေ့ရမှာမို့ပျော်နေတာလား""
နည်းနည်းလေးမှ ကွေ့ဝိုက်ခြင်းမရှိ။တည့်တိုးမေးချလိုက်သည်မို့ ကြိုးမှာဘာပြန်ဖြေရမှန်းပင်မသိ။ရင်ထဲထိတ်သွားကာ ရှက်စိတ်လေးဖြင့် နားရွက်ဖျားလေးကို လက်စမ်းတော့လည်း ရှင်ရှင်က ကြိုးရဲ့အပြုအမူတစ်ခုစီတိုင်းကို မေးထောက်ကာငေးကြည့်နေရင်းမှ...
""ပျော်နေတာပဲကိုး""
""မမကသူငယ်ချင်းဟောင်းကိုပြန်တွေ့ရမှာမို့ဝမ်းသာရုံပါ""
""ပြီးတာပဲ...သူကနိုင်ငံခြားမှာနေတာတဲ့မမရဲ့
မိဝေးဖဝေးနဲ့ ဟိုမှာလွတ်လွတ်လပ်လပ်နေရတာဆိုတော့ ချစ်သူကောင်မလေးတွေလည်းအများကြီးပဲနေမှာ...သိတယ်မလား...ဒီခေတ်မှာက idolတွေသာအကောင်းဆုံး""
နှုတ်ခမ်းကြီး တစ်တောင်လောက်စူကာ ဖုန်းကိုပဲမျက်မှောင်ကျုံ့ကြည့်ရင်းပြောနေသည့် ရှင်ရှင့်ကိုကြည့်၍ ချစ်ကြိုး ရယ်သာရယ်မိတော့သည်။ သူ့ကြည့်ရတာ ဂိမ်းဆော့တာနဲ့ idolတွေကြည့်ဖို့ထက်ပိုပြီး ဘာကိုမှစိတ်ဝင်စားဟန်မတူပါ။ အင်းလေ...ညနဲ့ခင်ခဲ့ကြတုန်းက သူငယ်ငယ်လေးပဲရှိသေးတာကိုး။သေသေချာချာမှတ်မိဖို့ဆိုတာ လွယ်မှမလွယ်ပဲ...။
~~~~ 🍬 ~~~~
** At the International Airport **
လူတွေ ရှုပ်ထွေးများပြားစွာသွားလာနေသည့် areaကျယ်ကျယ်ထဲ သူလည်း ပုံမှန်ခြေလှမ်းဖြင့်သာ လျှောက်လှမ်းလာခဲ့၏။ အဖြူရောင်ရှပ်အင်္ကျီနှင့် style pantအနက်ရောင်ကိုတွဲဝတ်ထားကာ ထိုအပေါ်မှ ကာကီရောင်long coatကိုထပ်ဝတ်ထားသော သူ့အသွင်သည် လူအများကြား၌ မြင်သာအောင် ချောမွေ့ထင်းလင်းလို့နေမည်မှာအသေအချာပါ။ သို့သော်လည်း သူ့နှုတ်ခမ်းတွေကဖြင့် ခပ်တင်းတင်းစေ့ပိတ်ထားကာ ဘေးဘီကိုပင်ငဲ့မကြည့်ပါဘဲ styleကျကျခြေလှမ်းတို့ဖြင့် ထိုနေရာမှ တစ်လှမ်းချင်းရွေ့လျားလာသည်ကိုက ငေးခနဲကြွေချင်စရာ။
အပြင်သို့ရောက်လာတော့မှ အသင့်ကြိုစောင့်နေသော ဦးခန့်အားတွေ့လိုက်ရသည်မို့ အလိုက်သင့်လှမ်း၍ခေါင်းငြိမ့်ပြလိုက်၏။မေမေတို့ကိုတော့ အပင်ပန်းခံပြီး လာမကြိုနဲ့ပြောထား၍သာ အိမ်ကဒရိုင်ဘာပဲလွှတ်လိုက်တာပါ။သို့သော်လည်း တခြားသူမောင်းသည့်ကားကို စီးလေ့မရှိသည့်သူ့အတွက် ကားကိုပါ သီးသန့်စီစဥ်ပေးလိုက်သေးသည့် မေမေက တော်ရုံအကွက်စေ့ချက်တော့မဟုတ်ပေ။
""ငါ့တူက မတွေ့ရတဲ့နှစ်တွေအတွင်းအတော်ချောလာတာဗျာ...ကြည့်စမ်းပါဦး! တကယ့်မင်းသားအတိုင်းပဲ""
""ကျွန်တော်က ဒီအတိုင်းပါပဲဗျာ
ဦးခန့် နေကောင်းရဲ့လား""
""အေး...ကောင်းပါ့ဗျာ""
""အစ်ကိုလေးအတွက် ကားအဆင်သင့်ဖြစ်ပါပြီ""
စကားပြောနေစဥ်မှာပင် ရိုရိုကျိုးကျိုးဖြင့်ပြောလာသည့်ကောင်လေးက luggageတွေကိုတောင်ကားပေါ်တင်ပြီးလေပြီ။
""Thank you!""
""သား...လင်းည...အခုမှflightဆင်းတာ
ကားမောင်းလို့အဆင်ပြေရဲ့လား
မဟုတ်ရင် ဦးရဲ့ကားနဲ့ပဲအတူလိုက်ပါလားကွယ်""
""ရတယ်..ကျွန်တော်အဆင်ပြေတယ်
ဦးခန့် ကျွန်တော့်ကိုလာကြိုပြီးပြီပဲ...တာဝန်ကျေတယ် ပြန်နှင့်တော့""
""ဟင်...သားက မပြန်သေးဘူးလား""
""အခုမှ ဒီကိုပြန်ရောက်တာဆိုတော့ အရင်ကထက်ဘာပြောင်းလဲနေမလဲ ကြည့်ချင်လို့...ခဏပဲ ကားတစ်ပတ်လောက်မောင်းရုံ""
""အစ်ကိုလေးရယ်...နောက်နေ့မှကြည့်လဲရသားနဲ့""
""သွားပြီ""
ထိုနှစ်ယောက်ရဲ့စကားကို လျစ်လျူရှုလျက် လက်တစ်ဖက်မြှောက်ပြကာ ကျောခိုင်းလိုက်ရင်း အင်္ကျီအိပ်ကပ်ထဲမှ အနက်ရောင်မျက်မှန်လေးကိုထုတ်ယူကာ တပ်လိုက်ပြီး ကားမောင်းထွက်လာခဲ့တော့၏။`လင်းညရိပ်´ဆိုသူကလည်း အဲ့လိုပါ။သူပြောချင်တဲ့စကားကိုသာပြောပြီး သူ့ဆုံးဖြတ်ချက်အတိုင်းသာ တစ်ယူသန်တတ်သူပေါ့။
နေရာ၌ တွေတွေလေးရပ်ကျန်ခဲ့သူနှစ်ယောက်မှာသာ ခေါင်းလေးကုတ်လျက် အိမ်ကိုပြန်ရောက်ရင်ဘာပြန်ဖြေရမည်ကို စဥ်းစားရကျပ်သွား၏။သူ့ကိုလာကြိုပါတယ်ဆိုမှ သူကပါမလာသည့်အဖြစ်ရယ်လေ...။
~~~~ 🍬🍬🍬🍬 ~~~~
""ကဲ! ဒီနေ့တော့ ဒီလောက်ပဲ
Formulaရေးနည်းအသစ်တွေကိုသေချာမှတ်နော်
အိမ်မှာလည်း ပြန်လေ့ကျင့်
နောက်တစ်ပါတ်ထဲ စာမေးပွဲပြန်စစ်မယ်""
""ဟုတ်ကဲ့ပါ""
တစ်တန်းလုံးသံပြိုင်အော်ပြောပြီးနောက် ဆရာကခေါင်းလေးငြိမ့်ပြ၍ အတန်းဖြုတ်လိုက်လေ၏။ဒီအချိန်ဆိုရင်ဖြင့် အတန်းသားအားလုံးရဲ့အသံတွေက သာမန်ထက်ကိုပိုကျယ်ပါသည်။ နောက်ဆုံးအချိန်ပါ ပြီးပြီဆိုတော့အိမ်ပြန်ရုံပဲရှိတော့တာပေါ့။
""ရှင်ရှင်...ရော့! ဒီမှာနင့်ဘောပင်""
""အမလေး...မြတ်စွာဘုရား
ငါမေ့တော့မလို့...နင်ကလည်း ကိုယ့်သူငယ်ချင်းကိုယ် သက်သက်ညှာညှာမရှိဘူး။သုံးချိန်ဆက်တိုက် ငှားရေးရတယ်လို့...ငါ့ မင်တွေကုန်ပါပြီ""
""ဟယ်..ကပ်စေးနဲမရယ်
ဘောပင်လေးတောင် လာတွန့်တိုနေတယ်""
""တိုတယ်ဟယ်...ဒီဘောပင်က နယ်နယ်ရရမဟုတ်ဘူး...ငါ့ကိုကိုidol interviewမှာ signထိုးပြတုန်းကသုံးတဲ့ဟာ...ငါ့မှာonline shopကနေတကူးတကမှာထားရတာ""
""နင်လည်း ဒါပဲရူးနေ""
ပါးစပ်က တရစပ်ရေရွတ်၍ ဘောပင်လေးကိုလည်း အိတ်ထဲသို့အကျအနပြန်ထည့်နေစဥ် အနားသို့လူရိပ်တစ်ခုကျရောက်လာကာ...
""ရှင်ရှင်...နင်ဒီနေ့စက်ဘီးမပါဘူးဆို
အိမ်ကို ငါလိုက်ပို့ပေးမယ်လေ""
""အယ်...အယ်!""
ဟိုက ဂရုဏာသံလေးဖြင့်လာပြောလေတော့ ဘေးကသူငယ်ချင်းတစ်သိုက်သည်လည်း အသံတွေဆူညံကာ မျက်စတပစ်ပစ်ဖြစ်ကုန်လေ၏။
""မလိုပါဘူး...စက်ဘီးမပါလည်း ငါ့မှာoriginalခြေထောက်ပါပြီးသား...လမ်းလျှောက်ပြန်မယ်""
""နင်ကလည်း လမ်းလျှောက်တော့ပင်ပန်းတာပေါ့
ငါ့ကားနောက်လိုက်ရင်ပြီးရော""
""ငါကဘာလို့နင့်နောက်လိုက်ရမှာလဲ""
""အိမ်မြန်မြန်ရောက်အောင်ပေါ့""
""မလိုဘူးဆိုနေ""
""ဘာလို့လဲ""
""နင်ကငါ့ကိုကြိုက်နေတာလေ
နင့်နောက်သာလိုက်မိရင် ငါ့နားရွက်ကြီး မီးပါတောက်လိမ့်မယ်သိလား...ပြီးတော့ပြောထားမယ်နော်...ငါဒီညစာကျက်မှာ...ဂိမ်းဆော့ဖို့လာမဖြားယောင်းနဲ့...အသုံးကျတာလည်းမဟုတ်ဘူး...ဂိမ်းကောင်ကပါ ငါ့အနားလာပတ်ပြေးနေပြီးတော့များ...မျက်စိကိုနောက်တယ်""
""ဟား...ဟား
ဒါတော့ဟုတ်တယ်...ငါတို့အုပ်စုဖွဲ့ဆော့တိုင်း မင်းမိန့်က ရှင်ရှင့်အနားပဲ ပတ်ပြေးနေတယ်..ဘာမှလည်းမတိုက်ဘူး""
အားလုံးတက်ညီလက်ညီဝိုင်းပြောလာတော့ သူ့မှာစကားပင် မဆက်နိုင်တော့ဘဲ နှုတ်ဆက်ထွက်လာခဲ့ရ၏။အိမ်ပြန်ပို့ပေးမယ်လို့ပြောလိုက်တာ တစ်ခွန်းတည်း သူတို့အဖွဲ့ကမပြီးဆုံးနိုင်အောင်ဟာသလုပ်နေတော့တာလေ။ ချစ်သည်းရှင်...ချစ်သည်းရှင်...နင့်ကိုငယ်ချစ်မို့လို့သာ ငါအခုထိသည်းခံပေးနေတယ်မှတ်...။လူဆိုးမလေး။
"".........""
ကျောပိုးအိတ်လေးကိုယ်စီလွယ်ကာ အပြန်လမ်းတစ်လျှောက်မှာတော့ သုံးယောက်သား စကားပြောလိုက်၊ရယ်မောလိုက်၊မုန့်စားလိုက်ဖြင့် တော်တော်နဲ့အိမ်မရောက်နိုင်ပေ။တစ်ခါတစ်လေများဆို တစ်ယောက်အိမ်တစ်ယောက်တောင်ဝင်လည်နေလိုက်သေးတာ။
""ရှင်ရှင်...မင်းမိန့် နင့်ကိုကြိုက်နေတာရှစ်တန်းတုန်းကတည်းကလေ...နင်အခုထိချေနိုင်တယ်နော်..သနားပါတယ်""
""ဘာသနားရမှာလဲ..ငါလည်းသူ့ကို ကြိုက်ပါ ကြိုက်ပါ..မပြောဘူး""
""ငါတို့၄ယောက်ကလည်းထူးဆန်းသားနော်
ငယ်သူငယ်ချင်းတွေလည်းဖြစ်...ပြီးတော့၁၀တန်းကိုမကျော်နိုင်သေးတာလည်း အတူတူပဲ...ငါတို့ထင်ခဲ့ကြတာက နင်တို့နှစ်ယောက် ရှင်နှစ်ရှင်စုံတွဲတွေဖြစ်လာမယ်လို့ပေါ့""
""အင်းလေ..စန္ဒီပြောသလိုပဲ
မင်းမိန့်ပိုင်ရှင်နဲ့ချစ်သည်းရှင်...နာမည်လေးတွေလည်းအလိုက်""
""တော်စမ်းပါဟယ်...ငါ့မှာရည်းစားထားဖို့နေနေသာသာ idolတွေကိုတောင်ချစ်လို့မဝဘူး...Chinaမှာအဆင်လေးတွေအရမ်းပေါတာ...ကြည့်လို့မဝ၊ချစ်လို့မဝ...ဟမ်း!ငါ့နှယ်နော်...ရင်နဲ့မဆံ့အောင်ချစ်မိနေပြီ...အားလုံးကို""
""အဟက်! အရူးမကြီး
တကယ်ရမှာလည်းမဟုတ်တဲ့ idolတွေကိုများအဲ့လောက်တောင် သေမတတ်၊ကျေမတတ်ဖြစ်နေရတယ်လို့""
""နင်တို့နားမလည်ပါဘူး
Fangirl lifeကိုfan girlစစ်စစ်လေးတွေပဲနားလည်တာ""
""ဟုတ်ပါပြီဟဲ့
အဲ့လိုနဲ့ပဲရည်းစားတောင်ရမှာမဟုတ်ဘူး။နင်ဘယ်လောက်ပဲ idolကြိုက်ကြိုက်..အချိန်တန်ရင်မြန်မာပြည်ကကောင်လေးနဲ့ပဲရမှာ""
""ဘယ်သူက လိုချင်တယ်ပြောလဲ
ငါကလေ ငါ့ရဲ့ EXO oppa တစ်ဖြစ်လည်း ရင်ထဲက ရှောင်ကောကောလေး Kris Wuလောက်ချောတဲ့ကောင်လေးတွေ့မှ ရည်းစားထားမှာ""
""သေပြီ...မှန်းထားလိုက်တော့အမြင့်ကြီး..တော်ကြာပြုတ်ကျသေနေဦးမယ်...ဟိုကဒီလောက်ချောတဲ့ဟာ...နင့်ကုသိုလ်ကံအဲ့လောက်ကောင်းဖို့ အလှူအတန်းလေးဘာလေး ထပ်စိုက်ဦး...oppa krisလိုအမိုက်စားလေးရအောင်""
""တောင်းစရာမလိုဘူး..ကိုကိုနဲ့ငါကချစ်သူတွေလေ...အိပ်မက်ထဲမှာ..အဟဲ!""
ပြောဆိုငြင်းခုံရင်းဖြင့် အတူလျှောက်လာစဥ် နံဘေးမှာ ရေးကြီးသုတ်ပျာဟန်ဖြင့်လှစ်ခနဲဖြတ်ပြေးသွားလေသည့် လူက လက်ထဲမှာလည်းတစ်စုံတစ်ရာကို ပွေ့ပိုက်သွားလေ၏။ဘာမှန်းရေရေရာရာမသိပါဘဲ သုံးယောက်သား ထိုလူကိုငေးခနဲကြည့်မိစဥ်...
""ကယ်ကြပါဦး...ခါးပိုက်နှိုက် ကျမပိုက်ဆံအိတ်ကိုလုပြေးသွားလို့ပါ""
""ဟင်...ရှင်ရှင်
ခါးပိုက်နှိုက်တဲ့...အဲ့လူက""
ထိုအဒေါ်ကြီးဆီမှအော်သံကိုကြားသည်နှင့်ရှင်ရှင်ဘာမှမစဥ်းစားတော့ဘဲ ခြေလှမ်းတို့ကိုသုတ်ချေတင်ကာ ဟိုလူပြေးရာနောက်သို့ဇွတ်အတင်းပြေးလိုက်တော့၏။
""ဟဲ့...ရှင်ရှင်မသွားနဲ့လေ
ခါးပိုက်နှိုက်တွေက ဓားတွေဘာတွေပါတယ်...ဟဲ့!""
နောက်ကအော်ခေါ်သံကိုလည်းဂရုမစိုက်ဘဲ နီးစပ်ရာ လမ်းဘေးတစ်နေရာမှ ခပ်ကြီးကြီးအရွယ်အစားရှိသည့် ခဲလုံးကိုကောက်၍ ဆက်ပြေးလိုက်ခဲ့ရာတွင်...
~~~~ 🍬 ~~~~
လမ်းနာမည်တွေကို သေချာကြည့်ကာ မေမေပြောပြထားသည့်လိပ်စာအတိုင်း ကားကိုချိုးကွေ့ဝင်ခဲ့သည်။နေရာကိုသိထားပြီးသားပေမယ့် တစ်ခါမှရောက်ဖူးသေးတာမို့ စိမ်းသက်နေသည့်ပတ်ဝန်းကျင်မှာ သေချာလေးဂရုပြု၍ ကားမောင်းနေစဥ်...
""ဟိတ်လူ...ရပ်လိုက်လို့ပြောနေတယ်
ကယ်ကြပါဦး...အဲ့လူကိုဖမ်းကြပါ...သူကခါးပိုက်နှိုက်ပါ...သူများအိတ်ကိုလုသွားလို့""
ပါးစပ်ကအသံကုန်အော်ရင်း လူကလည်းမရပ်မနားပြေးသည်။ဘေးမှာလည်းကူဖမ်းပေးမည့်သူတွေရှိနေပါပြီ။သို့သော် လုံးဝမရပ်သေးသည့်ဟိုသူခိုးကို ရှင်ရှင်စိတ်မရှည်တော့ကာ လက်ထဲကိုင်လာသည့် ခဲလုံးဖြင့်အားကုန်ပစ်ပေါက်လိုက်လေလျှင်...
""ဝှစ်!!""
""ခွမ်း!""
ဝီခနဲ အားကုန်ပစ်ပေါက်လိုက်သောထိုအရာသည် သူခိုးကိုလည်းမထိသလို၊မြေပြင်ပေါ်လည်းပြန်ကျမသွားခဲ့ပေ။တကယ်တမ်းကျရောက်သွားသော နေရာကတော့ မလှမ်းမကမ်းမှခပ်ဖြေးဖြေးမောင်းလာသော ကားအနက်ရောင်ကြီးရဲ့ရှေ့မှန်ပေါ်သို့...။
""သွားပြီ!""
ဘာဖြစ်သွားမှန်းမြင်လိုက်သည်နှင့် ခေါင်းပေါ်မိုးကြိုးထိမှန်လိုက်သလို ချာချာလည်သွားရပြီးခြေထောက်တွေပင်ပျော့ခွေချင်သွားသည်။သူခိုးကိုဖမ်းပေးမယ့်သူတွေက တစ်သီတစ်တန်းကြီးပြေးလိုက်သွားပြီမို့ ထိုပွဲမှာ မဖြစ်မနေ ရှင်ရှင်ပါစရာမလိုတော့ပေ။အခုလက်ရှိပြသာနာကသာ အဆမတန်ပိုကြီးထွားသွားခဲ့လေပြီ။
""ချစ်သည်းရှင်ရေ...နင်တော့မရှင်နိုင်လောက်တော့ဘူး...ချစ်သည်းသေလို့ပြောင်းဖို့သာပြင်ထား""
တစ်ဖက်မှာလည်း ရုတ်တရက်ကားမှန်ပေါ်ပစ်ကျလာသော အရာကြောင့် လင်းည ကားဘရိတ်ကိုဆောင့်နင်းမိကာ လမ်းဘေးသို့ ထိုးရပ်ပစ်လိုက်ရသည်။ကားမှန်က အက်ရာထင်သွားကာ လူကလည်း အတော်လေးဒေါသဖြစ်သွားရပါ၏။ ထိုခဲရဲ့လာရာလမ်းကိုလှမ်းကြည့်တော့ အနည်းငယ်လေးသာကွာဝေးသည့်အနေအထား၌ မိန်းကလေးတစ်ယောက်ရပ်နေတာကိုမြင်ရသည်မို့ တက်တစ်ချက်ခေါက်ကာ ကားပေါ်ကဆင်းလိုက်ပြီး...
""မင်း...
လာခဲ့စမ်း...ဒီနား""
ကားပေါ်မှလူတစ်ယောက်ဆင်းလာကာ လက်ညှိုးကြီးငေါက်ငေါက်ထိုးလျက် ခေါ်လိုက်လျှင်ပဲ ရှင်ရှင့်ခြေထောက်လေးတွေက အလိုလိုအနောက်သို့ဆုတ်မိသွားရ၏။
""ဟင်...ခေါ်နေတယ်
သူကအလျော်တောင်းမှာလား
ငါ...ငါသွားရမလား...ဒါမှမဟုတ် ပြေးရင်ကောင်းမလား...ပြေးရင်ရော လွတ်ပါ့မလား""
တကယ်လျှောက်သွားရင် ခြေ၁၀လှမ်းစာလောက်သာရှိပါမည်။သို့သော်လည်း မေးခွန်းပေါင်းသောင်းခြောက်ထောင် ချာချာလည်ကာ ပြေးရနိုးနိုး၊သွားရနိုးနိုးဖြင့် ချိတုံချတုံဖြစ်နေစဥ်...ထိုသူ့ဆီမှခေါ်သံကြီးကနောက်တစ်ခါထပ်၍ပေါ်မလာတော့ဘဲ လူကသာတရွေ့ရွေ့လျှောက်လာနေသည်ကို မြင်လိုက်ရသည့် ထိုခဏ၌ ရှင်ရှင့်တစ်ကိုယ်လုံးသွေးဆုတ်ဖြူရော်သွားကာ ငိုချင်စိတ်တွေပင် ပေါက်လာရပါပြီ။
""အား! မေမေရေ...ကယ်ပါ
ရုပ်တည်ကြီးနဲ့လာနေပြီ...အဟင့်""
~~~~ 🍬🍬🍬🍬 ~~~~
အခန်း - [ ၅ ]ဆက်ရန်~~
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)