book

Index 39

အခန်း [ ၃၉ ]

  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama, Fantasy

🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬

                          { My Queen , My Angel }


•••••••••••• ♡ အခန်း [ ၃၉ ] ♡ ••••••••••••


""ကဲ! ပြောစမ်းပါဦး

ဘာတွေညစ်နေတာလဲ?""


ဆူညံနေသည့်musicသံတွေကြားမှ ရှင်းလင်းစွာကြားလိုက်ရသည့်အမေး...။ထိုမေးခွန်းကြောင့်ပင် မနက်ကအခြေအနေကိုပြန်သတိရကာ သက်ပြင်းကြီးချမိရ၏။ 


""မိုးရိပ်ရယ်...မင်းရဲ့သက်ပြင်းကြောင့်ငါတို့လည်းလွင့်ထွက်တော့မယ်၊ဘယ်လိုဖြစ်တာလဲကွ...အမြဲတမ်း fineနေ၊litနေတဲ့ ငစားက ဘာအကွက်တွေရွှေ့မရလို့ဒီလောက်ညစ်နေတာလဲ""


""ရွှေ့မရတော့ဘူး၊ကျပ်ပြီ

ရှေ့လျှောက်လည်းပိုကျပ်ဖို့ပဲရှိတော့တယ်""


""ဘယ်လိုဖြစ်တာလဲ""


""ကျစ်!အာရုံပါကွာ

အရင်ဆိုCEOက Hotelဘက်လုံးဝမလာဘူး၊ကိစ္စအတော်များများ ငါ့လက်အောက်ကပဲကြည့်ရှင်းသွားတာ...အခုကကွာ...ဟိုတယ်မှာ သူ့ချာတိတ်အတွက်သင်တန်းလုပ်ထားတယ်၊အဲ့ကိစ္စကြောင့် ဒီကိုလာရင်း စစ်မယ်၊ဆေးမယ်တွေလုပ်တာပဲ""


""ဟေ! ဒါဆို မင်းshockရှိနိုင်လား""


""သေချာပေါက်ရှိတာပေါ့ကွ

ပြီးတော့ သူ့မိန်းမဆိုတဲ့ဟာလေးက မလွယ်ဘူး၊ငါ့ကိုကြည့်တဲ့ပုံစံကတစ်မျိုးပဲ""


""ဒါဆိုမင်းဘယ်လိုရှင်းမှာလဲ""


""မသိသေးဘူး၊ နည်းလမ်းရှာရမှာပေါ့""


စိတ်ကညစ်ညူးနေသလောက် နှုတ်ခမ်းဖျားကဖြင့် ခပ်ပေါ့ပေါ့သာပြောထွက်သည်။ စင်စစ်`မိုးရိပ်ကင်း´ဆိုသူက အဲ့သလိုလူစားပင်။ ငယ်ကတည်းကမိဘမဲ့ဖြစ်ကာ ကိုယ့်ဘဝကိုယ်ကြိုးစားရပ်တည်ခဲ့ပြီး အနည်းငယ်စည်းလွတ်ဝါးလွတ်စရိုက်ကိုပိုင်ဆိုင်၏။ လောင်းကစားကိုခုံမင်တတ်သူဖြစ်ပြီး လောဘကြီးသည်။ငွေမက်သည်။ချမ်းသာချင်သည်။ အများသူငါကြားထဲ ကိုယ်သာလျှင် ထင်ပေါ်ကျော်ကြားချင်၏။ ကိုယ့်မှာရှိသလောက်ပမာဏထက် ပို၍အထက်စီးဆန်ပြချင်စိတ်ရှိကာ ပိုင်ဆိုင်ရသမျှကိုလည်း ဘယ်သောအခါမှ ပြည့်စုံလုံလောက်တယ်မထင်ခဲ့ပေ။ ကံကောင်းထောက်မစွာပင် ပညာလေးတော်ခဲ့၍ Moonlightလို Hotelကြီးတစ်ခုမှာအလုပ်ရခဲ့ပြီး လက်ဖျားငွေသီးသုံးနိုင်စွဲနိုင်သူဖြစ်လာခဲ့ပါသည်။


ဒီနေရာမှာလည်း ရသမျှထက်ပိုလိုချင်ပြီး အခွင့်အရေးယူတတ်၊လက်လွယ်တတ်သူမို့ သူ့လက်အောက်မှာ တရားမဝင်ငွေစာရင်းတွေမှအများကြီး။ မသိရင် ကျိကျိတက်ချမ်းသာသည့် သူဌေးတစ်ယောက်လို သုံးစွဲနိုင်သည့်ငွေတွေကို ဒီလိုနည်းနဲ့ရခဲ့သည်။


ပြောရရင်ဒီလိုဘဝကြီးမှာ မိုးရိပ်နေပျော်ခဲ့ပါ၏။Moonlinght Hotelရဲ့GMဆိုတဲ့ဂုဏ်ပုဒ်ကိုလည်း တကယ်မက်မောသည်။ အခုကျဘယ်လိုရှေ့ဆက်ရမည်နည်း။ ဒီကိစ္စတွေသာပေါ်သွားခဲ့ရင် သူတကယ်ကို ဒုက္ခရောက်နိုင်သည်။ပိုင်ဆိုင်သမျှလည်း အားလုံးဆုံးရှုံးရမည်။ နေရာလည်းပျောက်မည်။


ဟူး!! တကယ်ခက်နေပါပြီ။


""ကဲပါ...သိပ်လည်းညစ်မနေနဲ့

ဟိုမှာ မင်းရဲ့အမောပြေလေးလာနေပြီ""


သူငယ်ချင်းဖြစ်သူရဲ့အပြောကြောင့် သောက်လက်စဝိုင်ခွက်ကို ဆက်မော့ကာ လှည့်အကြည့်၌ လူအများကြားမှ ကနွဲ့ကလျဟန်ပန်ဖြင့်လျှောက်လာသည့်မိန်းကလေးတစ်ဦးကိုတွေ့လိုက်ရသည်။ သူမကလည်း ကိုယ့်ကိုမြင်သည်နှင့်လှစ်ခနဲပြုံးပြကာ အနားသို့ခပ်မြန်မြန်လျှောက်လာ၍ ပေါင်ပေါ်သို့ဘေးတစောင်းလေးဝင်ထိုင်ကာ...


""Darlingဘယ်တုန်းကရောက်တာလဲ

Sweetyဖြင့်မနေ့ကတည်းကမျှော်နေတာကို ပေါ်မလာဘူး""


""အခုရောက်ပြီလေကွာ

ဒီမှာညစ်စရာလေးတွေနည်းနည်းရှိနေလို့""


""ဒါဆို sweetyဖြေရှင်းပေးမှာပေါ့""


""Babyကဘယ်လိုဖြေရှင်းပေးမှာလဲ""


""ဒီတစ်ညတော့ အဲ့ဒီ့ပြသာနာတွေကိုလုံးဝမေ့သွားအောင် တာဝန်ယူပေးနိုင်တယ် ယုံလား""


""Woww!! မိုးရိပ်တို့ မိုက်ချက်ကွာ

တာဝန်ယူမယ့်သူက အဆင်သင့်""


သူငယ်ချင်းတွေက အော်ကြီးဟစ်ကျယ်ဝိုင်းစလေတော့ မိန်းကလေးက ရှက်သလိုလေးရယ်၏။ထို့နောက် မိုးရိပ်ကပင် သူမလက်လေးကိုဖမ်းဆွဲကာ သူငယ်ချင်းတွေဘက်သို့မျက်လုံးတစ်ချက်မှိတ်ပြ၍...


""ငါသွားပြီ

ဖုန်းပိတ်ထားမှာနော် လာမနှောင့်ယှက်ကြနဲ့""


""အေးပါ၊နတ်ပြည်တစ်ခေါက်သွားလိုက်ဦးပေါ့ ဟား ဟား!""


လှမ်းအော်ကာစနောက်နေကြသေးသော်လည်း သူကဖြင့် အားလုံးကိုကျောခိုင်းလိုက်လေပြီ။


ဟုတ်ပါသည်။`မိုးရိပ်ကင်း´ဆိုတာ အဲ့ဒီလိုလည်းမြှာပွေတတ်သူတစ်ဦးပင်။ ဆယ်ကျော်သက်ဘဝကနေ ယခုအချိန်အထိ တွဲခဲ့သမျှမိန်းကလေးပေါင်း မရေမတွက်နိုင်အောင်ရှိသလို ရှုပ်ခဲ့သမျှဇာတ်ထုပ်ပေါင်းလည်းမနည်း။ရုပ်အဆင်းက ချောမောပြည့်စုံသည့်အပြင် ရာထူးနေရာကောင်းလည်းရှိသူမို့ အနားမှာပွင့်တဲ့ပန်းတွေလည်းအများသားလေ။ စိတ်ရှိရင် ခြွေယူရုံပဲပေါ့။ ပန်းတွေက ခူးလို့သိပ်လွယ်တာ။


အင်း! မလွယ်တာလေးတစ်ပွင့်တော့ တွေ့ထားပါတယ်။ တကယ်ကိုအများနဲ့မတူတဲ့ အဲ့ဒီ့နှင်းဆီရဲရဲလေးရဲ့အမည်နာမက `ချစ်ကြိုးသွယ်´။


သိပ်လှတယ်။ ပြီးတော့ ခေါင်းမာတတ်တဲ့styleလေးကိုသဘောကျတယ်။


မင်းကတော့ ကိုယ့်အတွက်ထူးခြားတယ် ချစ်ကြိုးရယ်...။ကိုယ်တို့ထပ်ဆုံရဖို့ မျှော်လင့်ချင်ပါတယ်။


See you!! My Baby Girl.


~~~~~ 🍬🍬🍬🍬🍬 ~~~~~


""Ring Ring!!""


သင်တန်းအခန်းထဲရှိနေစဥ် ဖုန်းဆီမှအသံမြည်လာ၍ Contact listကိုဖတ်ကြည့်တော့ နှစ်ယောက်မရှိတဲ့ ကိုကိုပါပဲ။ဒီနေ့ ကိုကိုကအလုပ်များနေတာမို့ hotelဆီလိုက်မလာနိုင်ခဲ့၍ အခုလိုနာရီဝက်ခြားတစ်ခါဖုန်းဆက်နေခြင်းပင်။


""Hello!""


""ကိုကို့ချစ်သည်းလေး ဘာလုပ်နေလဲ?

သင်တန်းကဆင်းတော့လေကွာ...နှစ်နာရီတောင်ရှိပြီ။ပင်ပန်းနေပြီမဟုတ်လား""


""ဆင်းပါပြီ ကိုကိုရဲ့

အခုပဲအေပရွန်ကိုချွတ်တော့မလို့""


""ဟုတ်ပြီ၊ဒီနေ့ ကိုကိုလာမကြိုတော့ဘူးနော်

Meetingတစ်ခုရှိနေလို့""


""ဟုတ်...ဒါပေမဲ့အဆိုးက ကိုကို့ဆီလာခဲ့ချင်တာ

ကိုကိုအလုပ်များနေတာလား""


""မဟုတ်ပါဘူး ကလေးလေးရယ်

လာခဲ့လို့ရပါတယ်...meetingကခဏပဲ၊ခန့်မှန်းခြေ တစ်နာရီလောက်ပေါ့...ကလေးကဒီမှာလာကစားလို့ရတယ်၊ရောက်ရင် ကိုကို့ရုံးခန်းမှာစောင့်နေ""


""ဟုတ်..ဒါဆိုလာခဲ့မယ်နော်

ဒါပဲနော်...ကိုကို""


""Ring! Ring!""


ဖုန်းလေးချပြီးသည်နှင့် နောက်ထပ်ဝင်လာသောခေါ်ဆိုခြင်းက တပြိုင်နက်။ဒီတကြိမ်ကတော့ ကိုကိုမဟုတ်ဘဲ ဟိုမတည့်အတူပေါင်းကောင်ဖြစ်နေသည်မို့ နှုတ်ခမ်းလေးတစ်ချက်မဲ့ကာဖုန်းကိုဖွင့်ကိုင်လိုက်ပြီး...


""ပြော! ဘာကိစ္စ""


""ငါ ပြန်ရောက်ပြီရှင်ရှင်""


""အေး! ပေါ်လာသေးတယ်နော်

ငါဖြင့် နင်ဘန်ကောက်မှာအိမ်ထောင်ကျနေပြီတောင်ထင်တာ""


""ဟာ! ပေါက်တတ်ကရ

ငါ့အဒေါ်ရဲ့လက်ထပ်ပွဲကထင်တာထက်ပိုကြာတယ်။ခဏခဏပွဲလုပ်နေတော့ ငါလည်းပြန်ချင်တာတောင်မပြန်ရပါဘူး၊မေမေတို့ကလည်း ခဏလောက်ဆက်နေမယ်ဆိုတာနဲ့""


""အန်တီလေးကကံကောင်းတာပေါ့

ငါလည်း Twitterမှာတွေ့ပါတယ်။ ဟဲ့! နင်ငါ့လက်ဖွဲ့ကိုရောသေချာပေးခဲ့ရဲ့လား""


""ပေးပါတယ်ဟာ""


""ဒါဆို နင်ပြန်ရောက်ပြီဆိုတော့ငါ့အတွက်ဘာလက်ဆောင်တွေပါလဲ""


""နင့်အတွက် အိတ်လှလှလေးတွေနဲ့နှုတ်ခမ်းနီ၊ရေမွှေးကနေ အရုပ်ကလေးတွေအထိအကုန်ပါတယ်""


""ဟယ်!! မင်းမိန့်...နင်တကယ်ပြောတာနော်""


""ဒါပေါ့၊ဟိုဟာကြည့်လည်းနင်ကြိုက်လောက်တယ်...ဒီဟာမြင်လည်းနင့်အကြိုက်လေးဆိုပြီး အကုန်ဝယ်မိနေတော့ နင့်တစ်ယောက်အတွက်တင် Luggageတစ်လုံးစာလောက်ရှိတယ်""


""Omo! မင်းမိန့်ပိုင်ရှင်လေးက အရမ်း အရမ်းတွေချစ်ဖို့ကောင်းနေပါပြီနော်""


တစ်ဖက်လေလှိုင်းဆီမှ ရယ်မောပျော်ရွှင်နေသည့်လေသံလေးက နားထဲတိုးဝင်ပျံ့လွင့်လာစဥ် သူ့နှုတ်ခမ်းတစ်စုံဟာလည်း အလိုလိုကွေးညွတ်၏။ဘယ်ဘဝကဝဋ်ကြွေးလဲ? ကိုယ့်အတွက်မဟုတ်တော့တဲ့ပန်းပွင့်လေးကို အခုထိတိုင် ရင်မှာပိုက်ထွေးယုယမိဆဲ၊ ချစ်နေဆဲ...မေ့ပျောက်ဖို့လည်းခက်နေဆဲ...။


အင်းပေါ့လေ၊ဘယ်လိုချစ်ခဲ့ရသူမို့လဲ?

လွယ်လွယ်မေ့မပျောက်နိုင်တာလည်း သဘာဝတော့ကျတယ်။ လွဲချော်ခဲ့တဲ့အချစ်ဦးဆိုတာ ဒီလိုရင်နာဖွယ်အမှတ်တရပါပဲ။


""ဟဲ့..စကားပြောရင်းနဲ့ဘယ်နားရောက်သွားတာလဲ

အိပ်ပြီလား""


ဆွေးဆွေးမြေ့မြေ့တွေးနေခြင်းကို စွာစူးစူးအသံလေးက ဖြိုခွင်းသွားလေ၏။သို့မှ သူလည်းအတွေးစကိုဖြတ်လိုက်ကာ...


""မအိပ်ပါဘူး

နင် ငါ့လက်ဆောင်တွေဘယ်တော့ယူမလဲ""


""အခုယူလို့ရပါတယ်နော်

ငါအခုပဲသင်တန်းဆင်းတာ၊ကိုကို့ဆီသွားမလို့ပဲ...ဒါပေမဲ့သူကအစည်းအဝေးရှိနေတယ်ဆိုတော့ ကြားမှာနင့်လက်ဆောင်ကိုလာယူလိုက်မယ်...ပြီးမှသူ့ဆီသွားမယ်...အဲ့လိုဆိုအချိန်ကွက်တိပဲ""


""အခုကြီးလား?ဒါပေမဲ့ ငါက...""


""ဘာလဲ?ဝယ်တုန်းကဝယ်ပြီးအခုမှမပေးချင်တာလား?""


""မဟုတ်ပါဘူး မိရှင်ရယ်

နင့်အတွက်ရည်ရွယ်ပြီးဝယ်လာတာပဲဟာ...နင်ပဲရမှာပေါ့""


""ဟုတ်ပြီ၊ဒါဆို SugarBoo Dessert cafeကိုလာခဲ့...ငါဗိုက်ဆာလို့""


""အေး..အေး ဟုတ်ပြီ

ဒါပဲနော်...ခဏနေတွေ့မယ်""


ဖုန်းကိုချပြီး လူကလည်းခုတင်ပေါ်မှပြေးဆင်းကာ ရေချိုးခန်းဆီပြေးရသည်။အမှန်ဆို ခရီးကပြန်လာပြီး ဖျားနေတာ မနေ့ကတည်းက...။ သက်သာအောင်ခဏလေးနားနေပေမယ့် အခုတော့ကိုယ့်အသည်းဦးက ဆင့်ခေါ်နေ၍ မနားနိုင်တော့ပေ။


ဟုတ်ပါတယ်လေ...။သူမမျက်နှာလေးမြင်ရင် ဝေဒနာတစ်ဝက်လောက်လျော့ပါးနိုင်တာပဲ။တွေ့ရဖို့အခွင့်အရေးဟာလည်း နည်းလွန်းလေတော့လက်လွှတ်ဆုံးရှုံးစေလို့မဖြစ်ဘူးမဟုတ်လား။


~~~~~ 🍬🍬🍬🍬🍬 ~~~~~


မှန်ချပ်လေးတွေကာရံထားသော cafeလေးကသပ်သပ်ရပ်ရပ်နှင့် အေးအေးချမ်းချမ်းလည်းရှိလှ၏။ဆိုင်ကနှစ်ထပ်လေးမို့ အတော်အတန်ကျယ်ဝန်းကာ ချစ်စဖွယ်အပြင်အဆင်လေးကြောင့် လူငယ်တွေကြားရေပန်းစားပုံရသည်။အောက်ထပ်မှာဆို စုံတွဲလေးတွေပိုများနေသည်မို့ ချစ်ကြိုးကအပေါ်ထပ်ရဲ့ထောင့်ကျကျစားပွဲဝိုင်းလေးမှာ နေရာယူလိုက်၏။


ဒီနေ့ ချစ်ကြိုး ဟိုလူနဲ့ချိန်းထားသည်။တစ်ခါလောက်မှမတွေ့ရင် မဖြစ်တော့သည့်အကြောင်းအရင်းက တစ်နေ့ကိုဆယ်ကြိမ်ထက်မနည်း ဖုန်းတွေခေါ်နေ၍...။နောက်ဆုံးတော့ ကော်ဖီအတူသောက်ဖို့လက်ခံချိန်းဆိုလိုက်မှပဲ ငြိမ်သွားတော့သည်လေ။ အခုတော့ ပြောထားသည့်အချိန်ထက် ၁၅မိနစ်လောက်ကြိုရောက်နေ၍ ကိုယ်က သူ့ကိုစောင့်နေရသည့်အဖြစ်။


""ကျစ်!""


စိတ်မရှည်စွာ စုတ်သပ်နေစဥ် အောက်ထပ်မှ မှန်တံခါးလေးပွင့်သွားခြင်းနှင့်အတူ မိန်းကလေးတစ်ဦးဆိုင်ထဲဝင်လာ၏။ ချစ်ကြိုးက အပေါ်မှာရှိနေသော်ငြား ဆိုင်အဝင်အဝကိုအသေချာလှမ်းမြင်ရပါသည်။ ထို့ကြောင့်မမှားသည့်အမြင်မှာ သေချာသိလိုက်သည်က ထိုမိန်းကလေးဟာ `ချစ်သည်းရှင်´။


ဘယ်ကိုသွားလဲလိုက်ကြည့်တော့ ကောင်လေးတစ်ယောက်ထိုင်နေသည့် စားပွဲဖြစ်နေ၏။ထိုကောင်လေးကို ချစ်ကြိုးစောကတည်းကဖျတ်ခနဲတွေ့ပါသည်။သို့သော် ဘယ်သူမှန်းတော့သတိမထားမိ။ သေချာကြည့်မှ မင်းမိန့်ပိုင်ရှင်ဖြစ်နေသည်။ သူတို့နှစ်ယောက်က အခုထိတရင်းတနှီးဆက်နွယ်နေတုန်းပဲကိုး။ တခြားသူငယ်ချင်းတွေလည်းမပါဘဲ ဘာလို့နှစ်ယောက်တည်းလာချိန်းတွေ့ရပါလိမ့်။


ဇဝေဇဝါတွေးလျက် ချစ်ကြိုး အသေအချာလှမ်းကြည့်နေစဥ်မှာပင်သူတို့နှစ်ယောက်က ရယ်ပြုံးကာ စကားတွေပြောနေလေပြီ။


~~~~ 🍬 ~~~~


""မင်းမိန့်...ငါရောက်ပြီ

Sorryပဲဟာ...လမ်းမှာကားအရမ်းကျပ်နေတာ

နင်ကတောင် အရင်ရောက်သေးတယ်""


""ရပါတယ်၊အလျင်မလိုပါဘူး

ငါကနင့်ကိုအမြဲစောင့်နေခဲ့တဲ့သူပဲဟာ...နောက်ဆိုငါ့ဆီလာတဲ့အခါ လောဖို့မလိုဘူး...ငါကနင်မလာမချင်းအမြဲစောင့်မှာမို့""


""အမလေး!နင်ကလည်းစကားတွေရှည်လိုက်တာဟယ်...ငါ့မှာမောရတဲ့ကြားထဲ""


"".....""


""ကဲ!ဘယ်မလဲ ငါ့အတွက်လက်ဆောင်

ငါအချိန်သိပ်မရဘူး၊ကိုကို့ဆီသွားရဦးမယ်""


""အေးပါ...ဒီမှာjuiceလေးသောက်ဦး ရော့!

ငါကြိုမှာထားပေးတာ""


ပါးစပ်ကပြောရင်း ဖန်ခွက်လေးကိုသူမဘက်တွန်းပေးလိုက်တော့ ခေါင်းလေးငြိမ့်ကာယူသောက်၏။ သို့နှင့် သူလည်း ရက်အတော်ကြာလွမ်းဆွတ်ခဲ့ရသော ထိုမျက်နှာလှလှလေးထံ ငေးခနဲကြည့်မိရလျှင် သူမကရေသောက်နေရင်းကနေ မျက်လုံးလေးပြူးပြ၍...


""ဘာလဲ?ငါ့ကိုမရိုးမသားမကြည့်နဲ့နော်

နင် ဒုသနသောဖြစ်ချင်တာလား""


""မဟုတ်ပါဘူးဟာ...ဒါနဲ့ သင်တန်းကနင်တစ်ယောက်တည်းတက်တာလား၊ စန္ဒီတို့ရောအတူမတက်ဘူးလား""


""ငါကခေါ်သားပါပဲ၊အဲ့ဒီမမတွေက အရမ်းချေတယ်

ဟင်းချက်တဲ့အလုပ်ကြီးဝါသနာမပါဘူးဆိုလို့""


""ဒါဆို နင်တစ်ယောက်တည်းပျင်းနေလား

ငါလာတက်ပေးမယ်လေ""


""ရတယ်၊တခြားသင်တန်းသူတွေတော့ရှိတာပေါ့ဟဲ့...ပြီးတော့ကိုကို့ဟိုတယ်မှာပဲတက်ရတာ""


နှုတ်ကတရစပ်စကားပြောကာ လက်ကလည်းမုန့်တွေယူစားနေပြန်သည့် လူဆိုးမလေးကို မင်းမိန့်ကတော့ အသေအချာကိုငေးမောနေမိရဲ့ ။စကားတွေပြောရင်း တစ်ချက်တစ်ချက်မှာ ဘဲပေါက်စလေးလိုစူထော်သွားတတ်သည့် နှုတ်ခမ်းလေးကလည်းအသည်းမယားဘဲမနေနိုင်စေသည့် ဂုဏ်သတ္တိနဲ့ပြည့်စုံတယ်။


တကယ်ကိုချစ်ဖို့ကောင်းလိုက်တဲ့ ကောင်မလေးပါပဲ။


""အမလေး! ကြည့်နေလိုက်တာ၊ကြည့်နေလိုက်တာ...ပိုင်ရှင်ရှိလူတန်းစားကို အားမနာတမ်းလာကြည့်နေတာ""


""အဟင်း! နင်အရင်ကထက်တောင်ပိုလှလာတယ်၊သူ့ဆီမှာအရမ်းပျော်နေတယ်ပေါ့""


""အံမယ်!မြှောက်နေပြန်ပြီ၊မုန့်မကျွေးဘူးနော်..နင့်လက်ဆောင်ပဲယူမှာ'"


""သိပါတယ် ကပ်စေးနဲမလေးရယ်

နင့်အကြောင်း ၈တန်းကတည်းကသိတယ်""


""ဟား..ဟား! မောင်လေးမဆိုးဘူး""


""အဟွတ်!""


""ဟယ်! နင်ချောင်းဆိုးနေတယ် ကြည့်စမ်း

အဲ့ဒါဘာလို့အအေးသောက်နေတာလဲ? နင်တော့နော်...မပြောရင်မပြောသလိုပဲ၊ငါလုပ်လိုက်ရ""


ဆရာမကြီးလေသံဖြင့် တကယ်ပင်ဆူပူကာပြောရင်း လက်လေးတောင်ကိုယ့်အပေါ်ရွယ်ကာ ရိုက်မလိုဟန်လုပ်ပြခြင်းကို စိတ်မဆိုးနိုင်သည့်အပြင် ချစ်စနိုးလေးကြည့်မိ၏။ငယ်ငယ်ကအတိုင်းပဲ၊အရင်အတိုင်းပဲ...ရိုးစင်းလွန်းတဲ့အဲ့ဒီ့ကောင်မလေးဟာ ဘယ်တုန်းကမှကိုယ့်အပေါ်စည်းတွေခြားမသွားခဲ့။


ကိုယ်ကသာ တိတ်တခိုးချစ်၊ကိုယ်တစ်ယောက်တည်းတိတ်တခိုးကွဲကြေခဲ့ရတဲ့အသည်းပါပဲ။ အခုတော့တခြားသူရင်ခွင်မှာပျော်နေတဲ့ပန်းလေးကို ငေးကြည့်ရုံအပြင် ဘာများတတ်နိုင်ပါတော့မလဲ။


""ဟင်း!""


""ဟဲ့! သက်ပြင်းကြီးမချပါနဲ့

နင်နေမကောင်းတာလား...ကြည့်ရတာဖြူဖတ်ဖတ်နဲ့...မှန်းစမ်း!ဒီကိုလာ""


နှုတ်ကတတွတ်တွတ်ပြောကာ လက်လေးတစ်ဖက်ကမ်းလာလေတော့ သူကလည်းနဖူးလေးကိုရှေ့တိုးပေးလိုက်၏။


""နင်ဖျားနေတာပဲ""


""အင်း...ငါခရီးကပြန်ရောက်ကတည်းကနည်းနည်းအဖျားရှိနေတာ၊အခုတောင်နင်ခေါ်လို့ပြေးလာတာ""


""ဟယ်!ငတုံး...အဲ့ဒါငါ့ကိုစောစောမပြောဘူး

ဒီလိုမှန်းသိရင်ငါမခေါ်ပါဘူး...နင်ဟာလေ မြုံစိစိနဲ့...မသိရင်ငါကပဲသူငယ်ချင်းကိုမညှာတာတဲ့လူဆိုးမကြီးကျလို့""


""ရပါတယ်၊ငါကလည်း နင့်ကိုတွေ့ချင်နေလို့""


""နင်က သိပ်ပျော့တာပဲ

မိန်းမကြီးလားမှတ်ရတယ်...၊ရရဲ့လား?ငါနဲ့ဆေးခန်းသွားမလား""


တစ်ဖက်၌ထိုင်နေရာမှထကာ ကိုယ့်အနားသို့လာကပ်ထိုင်ရင်း ဂရုတစိုက်မေးနေပုံလေးကြောင့် အနာဟောင်းကပြန်ရုန်းကြွလာသလိုပင် ရင်မှာစစ်ခနဲနာကျင်သွားရ၏။ ဒီလိုဂရုစိုက်မှုလေးကို တစ်သက်စာထာဝရပိုင်ဆိုင်ခဲ့ရရင် ဘယ်လောက်တောင်ကောင်းလိုက်မည်နည်း။ ဘာရယ်ကြောင့်များ ဒီမိန်းကလေးရဲ့သက်ဆိုင်သူဟာ `မင်းမိန့်ပိုင်ရှင်´ဆိုတဲ့ ကိုယ်မဖြစ်ခဲ့ရပါလိမ့်!


""သွားမလားလို့...ငါလိုက်ပို့မယ်""


""နင်ပဲ နင့်လူကြီးဆီသွားရဦးမယ်ဆို""


""ဒါပေမဲ့ နင်ကငါ့ကြောင့်နဲ့အပြင်ထွက်လာခဲ့ရတော့...""


""ငါ့ကိုအားမနာပါနဲ့

နင်သွားတော့...၊ရတယ်

ဒီမှာ...လက်ဆောင်တွေကိုအိမ်ရောက်မှပဲဖွင့်ကြည့်တော့နော်...အားလုံးကိုနင်ကြိုက်မှာပါ။ငါအသေအချာရွေးထားတာ""


""ကျေးဇူးပဲနော် လူဆိုးကောင်

ဆေးခန်းမသွားချင်လည်း အိမ်ရောက်ရင်ဆေးသောက်""


""အင်းပါ၊ဂရုစိုက်ပြီး သွား""


""သွားပြီ၊တာ့တာ""


~~~~~~~~~~~~~~~~


""အဟင်း!!""


လက်လေးတပြပြဖြင့် ပြုံးရွှင်ရယ်မောကာ နှုတ်ဆက်သွားလေသည့်ထိုမြင်ကွင်းဆီ စူးစူးစိုက်စိုက်ကြည့်ကာ လက်ထဲကိုင်ထားသည့်ဖုန်းcameraအားပိတ်လိုက်၏။ထို့နောက် နီစွေးသောနှုတ်ခမ်းလွှာထက်၌ ခပ်ရေးရေးအပြုံးကိုဆင်မြန်းလိုက်သူက `ချစ်ကြိုးသွယ်´။


လိုက်မရှာခဲ့ပါဘူး။မရှာပေမယ့် မျက်စိရှေ့တန်းခနဲရောက်လာတဲ့ အခွင့်အရေးကိုလက်လွှတ်ဖို့လည်းမရှိဘူး။ဒီတော့...


တွေးနေရင်းမှ ဖုန်းထဲရိုက်ယူထားသည့်ပုံတွေကို နောက်တစ်ခေါက်ပြန်ကြည့်လိုက်မိ၏။နှစ်ယောက်အတူရယ်မောစကားပြောနေသည့်ပုံတွေ၊ ရှင်ရှင်ကထိုကောင်လေးရဲ့နဖူးဆီလက်လှမ်းလိုက်သည့်ပုံတွေ၊ ထိုကောင်လေးက ရှင်ရှင့်ဆီမြတ်နိုးစွာငေးစိုက်ကြည့်နေပုံတွေ...ပြီးတော့နှစ်ယောက်အတူဘေးချင်းကပ်ဖြစ်သွားကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍စကားပြောသည့်အနေအထားအပြင် စောစောကသူတို့ရဲ့လှုပ်ရှားမှုတွေတိုင်းကို အသေးစိတ်ကျကျ မှတ်တမ်းတင်ပေးလိုက်ခြင်းပင်။ ရှင်ရှင်နဲ့အဲ့ဒီ့ကောင်လေးက ငယ်ကတည်းကရင်းနှီးသည်။ပြီးတော့ သူ ရှင်ရှင့်ကိုတစ်ဖတ်သက်စိတ်ဝင်စားခဲ့တာ အားလုံးအသိ။ရှင်ရှင်ကိုယ်တိုင်လည်းသိသည်။ အထူးသဖြင့် လင်းညသိသည်။


အဟင်း! ဒါဆိုရပြီပဲလေ...။


""တောက် !တောက်!""


ဖုန်းကိုငုံ့ကြည့်နေစဥ် အနားသို့ခြေသံတစ်စုံရောက်လာကာ မှန်စားပွဲပေါ်နှစ်ချက်ဆင့်ခေါက်လာသည့်အသံကြောင့်ဖျတ်ခနဲမော့ကြည့်စဥ် ခပ်မိန့်မိန့်အပြုံးနှင့် ချစ်ကြိုးထံငုံ့ကြည့်နေပါသည့် တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရ၏။


""ကိုယ် ရောက်ပြီ""


""ထိုင်လေ

ရှင်မလာတော့ဘူးဆိုရင် ကျမကအခုပဲပြန်တော့မလို့""


""စိတ်ကြီးလိုက်တာ

ကိုယ်၁၀မိနစ်လေးပဲနောက်ကျသွားတာပါ""


""ကျမကစောင့်ရတာဝါသနာမပါဘူး

အချိန်မတိကျတဲ့သူကိုလည်း မကြိုက်ဘူး""


""ကိုယ့်ကိုဒီ့ထက်ပိုပြီးအဆင်ပြေပြေလေးစကားမပြောနိုင်တော့ဘူးလားကွာ၊ကိုယ်ကမင်းရဲ့ကျေးဇူးရှင်နော်""


""အဲ့ဒါကြောင့်မို့လည်းသည်းခံနေတာပါ""


""အဟက်! သဘောကျတယ်ကွာ""


""ကျေးဇူးပဲ""


""ဒါနဲ့ကိုယ့်ကိုကိုယ်ပြန်ပြီးမိတ်ဆက်ပေးမယ်နော်

ကိုယ့်နာမည် မိုးရိပ်ကင်းကတော့သိပြီးသားဖြစ်မှာပါ...ကိုယ်ကMoonlight Hotel & Torism Groupမှာအလုပ်လုပ်တယ်၊ဒီမှာ ကိုယ့်ရဲ့ visiting card""


ဒီတစ်ခါသူ့စကားကြောင့် ချစ်ကြိုးမျက်မှောင်လေးတစ်ချက်ကျုံ့မိသွားရကာ ကမ်းပေးလာသည့်cardကိုလည်းဖျတ်ခနဲယူကြည့်၍...


""Moonlightဟုတ်လား""


""ဟုတ်တယ်။ရုံးချုပ်မှာတော့မဟုတ်ပေမယ့် Hotelပိုင်းရဲ့GMပါ..ဘာဖြစ်လို့လဲ""


""ဟင့်အင်း""


ခေါင်းကိုသာယမ်းပြတော့ သူလည်းဘာမှဆက်မမေးခဲ့ပေ။လူကိုသာ ငေးငေးစိုက်စိုက်ကြည့်နေပြန်ရင်းမှ...


""ကိုယ့်အလုပ်ကိုပြောပြတာ ကြွားလုံးထုတ်ပြချင်လို့မဟုတ်ဘူးနော်၊မင်းက ကိုယ့်ကိုကလေကချေကောင်ထင်ပြီးများ အခုလိုချေနေသလားလို့""


""မဟုတ်ပါဘူး၊ရှင့်ပုံစံက အဲ့လိုလည်းမထင်ရပါဘူး""


""တော်သေးတာပေါ့""


""ဘာစားမလဲ

မှာရအောင်လေ""


အခုတော့လေသံကိုအနည်းငယ်လျှော့ပြောလိုက်ပါ၏။`မိုးရိပ်ကင်း´က လင်းညနဲ့တစ်နည်းတစ်ဖုံဆက်နွယ်နေပြီမို့ ဒီလူနဲ့ဆုံတွေ့ရခြင်းဟာ အချည်းအနှီးတော့မဖြစ်တန်ရာ။ 


သိနိုင်မလား? တစ်နေ့တစ်ချိန် အသုံးဝင်ချင်ဝင်လာမှာ...။


~~~~~ 🍬🍬🍬🍬🍬 ~~~~~


""အဟမ့်! ပျင်းလိုက်တာ""


မင်းမိန့်ဆီက လက်ဆောင်တွေယူပြီးမှ ကိုကို့companyဆီရောက်လာခဲ့၏။ အစည်းအဝေးက ထင်တာထက်ပိုကြာနေတာမို့ ရောက်ကတည်းက ကိုကိုနဲ့မတွေ့ရသေးပေ။ သို့နှင့် ရုံးခန်းထဲ ဟိုလျှောက်၊သည်လျှောက်လုပ်နေရသည့်အဖြစ်ပါပင်။ ကော်ဖီတွေလည်း ၅ခွက်လောက်ကုန်ပြီမို့ ဒီတစ်ခေါက်တော့ အခန်းထဲကနေလှမ်းတောင်းရမှာအားနာ၍ ကိုယ်တိုင်ပဲထွက်လာခဲ့လိုက်၏။


""ဟဲ့! ငါ ခုနက ချစ်သည်းရှင်လာတာမြင်လိုက်တယ်၊ နင်ရောတွေ့လိုက်လား""


""အဲ့ဒါCEOကတော်နော်

မဆင်မခြင်ခေါ်မနေနဲ့""


""သိသားပဲ၊တမင်ကိုအမြင်ကပ်လို့...ငါ့CEOနာမည်နဲ့ကပ်ပြီးကိုမခေါ်ချင်ဘူး""


""ဘာဖြစ်ရတာလဲ...ဘလိုင်းကြီးတွေ""


""အစကတည်းကကြည့်မရတာ

သူ့ပုံစံကလေ ဘယ်လိုမှန်းကိုမသိဘူး၊CEOကအသည်းအသန်ဂရုစိုက်တယ်ဆိုတိုင်း မြောက်ကြွမြောက်ကြွဖြစ်နေတာ""


""ဒါကတော့ငယ်သေးတာကိုး""


""အမလေး!ငယ်လည်းယောကျ်ားတော့ယူလို့ရနေပြီမလား""


ကော်ဖီဖျော်စက်အနားရပ်နေသည့် ဝန်ထမ်းမိန်းကလေးနှစ်ဦးရဲ့စကားသံတွေဟာ ခပ်တိုးတိုးဆိုပေမယ့် ရှင်ရှင်ကထိုအခန်းရှေ့တည့်တည့်ရောက်နေလေတော့ မကြားဘဲမရှိ။သူတို့က တံခါးဘက်ကျောခိုင်းထားတာမို့ ကိုယ့်ကိုမမြင်ကြသလို ကိုယ်ကလည်းတံခါးအကွယ်ဘက်ရောက်နေ၍ ထိုစကားသံများကိုငြိမ်သက်နားထောင်နေမိရသည်။


""CEOကလည်းလေ ဘယ်လိုဖြစ်ပြီးများအဲ့ဒီ့မိန်းကလေးကိုသွားကြိုက်လည်းမသိဘူး၊တကယ်ဆို သူ့ရုပ်ရည်၊သူ့အရည်အချင်းနဲ့ အဲ့မိန်းကလေးထက်ပိုချော၊ပိုသာတဲ့ ပညာတတ်ကိုရွေးလို့ရနေတဲ့ဟာ""


""သူချစ်လို့သူယူတာပေါ့ဟယ်

နင်ကဘာတွေနာနေတာလဲ၊ငါကြားတာတော့ သူတို့ကငယ်ကျွမ်းတဲ့! ငယ်ငယ်ကတည်းက CEOလက်ပေါ်ပွေ့ပြီးထိန်းလာတဲ့ကလေးနော်..နယ်နယ်ရရဖူးစာမဟုတ်ဘူး""


""အဲ့ဒါကြောင့်ပေါ့၊ဒီလောက်အနိုင်ယူနေတာ

ဟိုနေ့ကလည်းကြည့်ပါလား၊CEOရဲ့ဧည့်သည်မမကို ဘယ်လိုတွေဆက်ဆံလိုက်သလဲလို့...တကယ်ပဲ၊အဆင်အခြင်ကိုမရှိလိုက်ပုံများ...။သူ့ကိုသူနေရာတကာဟုတ်လှပြီမှတ်နေတာ၊ငါတို့CEOနဲ့တန်ကိုမတန်ဘူး""


""အေး! အဲ့ဒါတော့ငါလည်းနည်းနည်းလန့်မိသွားတယ်။ဘာလို့အဲ့လိုလုပ်ရတာလည်းမသိဘူး...ဝန်ထမ်းတွေလည်းရှိနေတာကို။CEOသနားပါတယ်""


""ပညာရေးကလည်းအရေးကြီးတယ်လေ။ပညာလေးသေသေချာချာတတ်မှ ဒီလိုဂုဏ်သရေရှိအသိုင်းအဝိုင်းထဲလူရည်လည်အောင်နေတတ်မှာ...ငါသိသလောက်တော့ သူကချမ်းသာပေမယ့် ၁၀တန်းတောင်အောင်သေးတာမဟုတ်ဘူးတဲ့!အဲ့ဒါကြောင့် ဒီလောက်ရိုင်းနေတာ""


""တောက်!!""


သည်းခံနေခဲ့ပါသည်။မကြားဟန်ဆောင်ကာ ဒီအတိုင်းလှည့်ထွက်သွားဖို့ခြေလှမ်းလည်းပြင်ခဲ့ပြီးခါမှ တဖြေးဖြေးနဲ့တရားလွန်လာသောဝေဖန်မှုများကြောင့် လက်သီးနှစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုပ်မိရင်း မျက်ဝန်းထဲလည်း အရည်ကြည်တို့ရစ်ဝိုင်းလာရ၏။ ခံပြင်းဒေါသနှင့်အတူ တက်ခေါက်သံခပ်ကျယ်ကျယ်ထွက်ပေါ်သွားခဲ့တော့ ဟိုနှစ်ယောက်ကလည်း ချာခနဲလှည့်ကြည့်လာကာ...


""ဟင်! မမလေး...ဘယ်လို...""


""နင်တို့ သူများအကြောင်းပြောဖို့တော်တော်အားနေတာလား""


""ဟို..ဟိုဟာ!""


""ဆက်ပြောလေ

ငါ့အကြောင်းပြောချင်ရင် အခုငါ့ရှေ့မှာဆက်ပြော""


""တောင်းပန်ပါတယ် မမလေး""


""ကျမတို့ပြောတာလည်းမမှားဘူးလေ နော်

အခုလည်းကြည့်! မမလေးက ယဥ်ကျေးမှုမရှိဘဲ သူများပြောစကားကိုခိုးနားထောင်ပြန်ပြီမဟုတ်လား""


""ဘာ...နင်!!""


ဘေးကတစ်ယောက်ကပျာပျာသလဲတောင်းပန်သော်လည်း နောက်ထပ်တစ်ယောက်ကဖြင့်မျက်နှာကိုချီကာ ပြန်ပြောလာသေးသည့် သဘောက သူပဲမှန်နေသလို။သို့နှင့် ထိုမျက်နှာပေးအား ရှင်ရှင်ဒေါသတွေပိုထွက်လာရပါ၏။


မဖြစ်ဘူး ချစ်သည်းရှင်...

နင်စိတ်ထိန်းရမယ်၊စိတ်ထိန်းရမယ်...။ထပ်ပြီးပြသာနာမလုပ်တော့ဘူးလို့ ကိုကို့ကိုကတိပေးထားတယ်။ ရှေ့မတိုးနဲ့! သွားလိုက်တော့...ဒီနေရာကနေပြန်လှည့်လိုက်!!


ကိုယ့်ကိုကိုယ် အတန်တန်သတိပေး၍ အံကိုတင်းတင်းကျိတ်လျက် လှည့်ထွက်မည်အပြု၌ ထိုမိန်းကလေးကပင် လှောင်သလိုလေးပြုံးလိုက်ကာ...


""မမလေးကို တစ်ခုလောက်တောင်းဆိုပါရစေ

နောက်ဆို ကျမတို့ရဲ့CEOအပေါ်လေးလေးစားစားရှိပေးပါ၊မမလေးရဲ့အပြုအမူတစ်ခုစီတိုင်းက CEOရဲ့imageကိုထင်ဟပ်လာမှာမို့ ဝန်ထမ်းတစ်ယောက်အနေနဲ့အကြံပေးတာပါ""


""......""


""ပြီးတော့ မိန်းကလေးချင်းမို့တစ်ခုထပ်ပြီးအကြံပေးရရင် နေရာတကာမှာစိတ်ခံစားချက်ကိုရှေ့တန်းတင်ပြီး ပြသာနာမရှာပါနဲ့၊တော်ကြာ မမလေးထက်သာတဲ့သူပေါ်လာခဲ့ရင် ကျမတို့CEOစိတ်လည်သွား...""


""ဖြန်း!!""


ဒီတစ်ကြိမ်မှာတော့ သည်းခံစိတ်တို့ကုန်လွန်ကာ ထိန်းမနိုင်တော့သောဒေါသနှင့်အတူ လက်ဖဝါးတစ်ဖက်ကလည်းထိုမိန်းကလေးရဲ့ပါးပြင်ဆီကျူးကျော်မိရချေပြီ။ မျက်ဝန်းထဲမှလည်းမျက်ရည်တွေအဆက်မပြတ်စီးကျကာ ဖိကိုက်ထားသည့်နှုတ်ခမ်းလွှာတွေမှ သွေးများပင်စိမ့်ထွက်တော့မည်နှယ်...။


""ရှင်...ရှင်..ကျမပါးကိုရိုက်တယ်ဟုတ်လား""


""ဘာဖြစ်တာလဲ

ဘာဖြစ်ကြတာလဲ""


အသံတွေဆူသွားခဲ့တော့ ဝန်ထမ်းတွေအားလုံးစုပြုံရောက်လာကာ အခြေအနေကိုစူးစမ်းကြလေပြီ။ဘာမှဝင်မပြောဘဲ ဝိုင်းကြည့်နေပေမယ့် သူတို့မျက်လုံးတွေက ရှင်ရှင့်အပေါ်အထင်သေးသလို...၊အံ့သြစက်ဆုပ်သလို အဓိပ္ပာယ်တွေနှင့်...။ဟိုမိန်းကလေးကလည်း နီရဲသွားသောပါးပြင်တစ်ဖက်ဆီ လက်ဖြင့်အုပ်ကိုင်ကာ ရှေ့သို့ထပ်တိုးလာပြီး...


""ရှင်သိပ်တရားလွန်သွားပြီနော်

ကျမက ရှင်မှားနေလို့ကောင်းစေချင်တဲ့စိတ်နဲ့အကြံပေးတာ..ဒါကိုလက်မခံချင်ဘဲ ရှင့်မှာနောက်ခံအင်အားရှိတယ်ဆိုတိုင်း...ကျမကို အဟင့်!!""


ကြည့်စမ်း! ဝန်ထမ်းအားလုံးရဲ့ရှေ့ အင့်ခနဲရှိုက်ငိုကာ သူပြောလိုက်သည့်သဘောက ရှင်ရှင်ကပဲ သူ့ကိုအနိုင်ကျင့်လိုက်သလိုနှယ်။


""မဟုတ်ဘူး၊နင်ပြောတာအဲ့လိုမဟုတ်မှန်း ငါသိတယ်""


ပါးစပ်ကဒေါသတကြီးအော်ရင်း လက်တွေက ထိုမိန်းကလေးဆီ တစ်ဖန်ထပ်ဦးတည်သွားရလျှင် အခြေအနေတွေကလည်း နောက်တစ်ကြိမ်ရှုပ်ထွေးကုန်လေ၏။


""ဟဲ့!ဟိုမှာရန်ဖြစ်ကုန်ပြီ

ဆွဲကြလေ...ဘာကြည့်နေတာလဲ""


""အပေါ်ထပ်မှာmeetingပြီးပြီလား

CEOဆီအကြောင်းကြားတော့...မြန်မြန်""


~~~~ 🍬 ~~~~


""တောက်! တောက်!""


Meetingမပြီးသေးခင် မှန်ချပ်တံခါးကိုနှစ်ချက်ဆင့်ခေါက်လိုက်ပြီး ရေးကြီးသုတ်ပျာဖြင့်ပြေးဝင်လာသည့်ဝန်ထမ်းကြောင့် လင်းညက မျက်မှောင်တစ်ချက်ကျုံ့မိရသည်။ အစည်းအဝေးလုပ်ချိန်မှာ မဆင်မခြင်ဝင်ထွက်တာမကြိုက်မှန်းသိပါလျက် စည်းကမ်းဖောက်တာမို့ ခပ်တည်တည်ပဲလှမ်းကြည့်နေလိုက်၏။သို့သော် ထိုလူကတော့ အတော်လေးမျက်စိမျက်နှာပျက်နေကာ အနားသို့လာရပ်လိုက်လေ၏။


""ဘာကိစ်စလဲ""


""အောက်ထပ်မှာ မမလေးရောက်နေပါတယ်၊ပြီးတော့ ပြီးတော့...""


""ကျစ်!ငါ့ကလေးရောက်တာဘာဖြစ်လို့လဲ""


""မမလေးက ဝန်ထမ်းတွေနဲ့ရန်ဖြစ်နေလို့ပါ""


""ဘာ!!""


~~~~~ 🍬🍬🍬🍬🍬 ~~~~~


အခန်း (၄၀)ဆက်ရန်


Readers/WritersလေးတွေအားလုံးကVIPပါ


Writer -WineSatt Cho(🍋Lëmoñ🍋)


rate now: