book

Index 38

အခန်း [ ၃၈ ]

  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama, Fantasy

🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬

                          { My Queen , My Angel }


•••••••••••• ♡ အခန်း [ ၃၈ ]♡ ••••••••••••


""ကလေး!""


စိုးရိမ်မှုတွေများစွာနှင့် အိမ်ကိုအပြေးအလွှားပြန်ရောက်ခဲ့ရပါ၏။ အပေါ်ထပ်အခန်းမှာရှိမည်ထင်လိုက်၍ လှေကားထစ်ဘက်ခြေလှမ်းပြင်မိပြီးကာမှ ဧည့်ခန်းဆီအကြည့်ရောက်မိစဥ် အသည်းပေါက်စက ဆိုဖာထက်၌ ခွေခွေလေးလှဲနေလေရဲ့။သို့နှင့်သူလည်း ထိုအနားသို့ခပ်မြန်မြန်လျှောက်သွားလိုက်ကာ ဘေးနေရာလွတ်လေးတွင်ဝင်ထိုင်၍...


""ဆိုးလေး!""


ပါးပြင်နုနုဆီလက်ဖြင့်လှမ်းစမ်းကာ ခေါ်ကြည့်မိသော်ငြား သူမကမျက်လုံးဖွင့်မလာပေ။ထိုစဥ် အိမ်အကူမိန်းကလေးနှစ်ဦးက အနားသို့ပြေးလာလေ၏။


""မမလေးက အိပ်ပျော်နေတာပါ၊နည်းနည်းသက်သာသွားပြီထင်ပါတယ်""


တကယ်ပင် ငြိမ်သက်နေသည့်မျက်နှာလေးက အိပ်မောကျနေသည့်ပုံစံပါ။သို့သော် စိတ်ကလည်းစိုးရိမ်မှုအရှင်းမပျောက်သေး၍ မျက်နှာလေးထံငုံ့ကြည့်ကာ ဆံပင်လေးတွေသပ်တင်ပေးရင်း တစ်ဆက်တည်း လက်လေးထံအကြည့်ရောက်သွားခိုက် မျက်မှောင်တစ်ချက်ကျုံ့မိရပြန်သည်။


ဘေးတစောင်းလေးခွေအိပ်ကာ ဗိုက်နားကပ်ထားသည့်လက်ထဲရှိနေသည်က ရေခဲတွေအပြည့်နဲ့အိတ်ပါလား။ ဘုရား!ဒီကလေးဘာတွေလျှောက်လုပ်နေတာပါလိမ့်ကွာ...။


""ကျစ်!""


""အင့်! ဟင့်!""


လက်လေးကိုအသာဖယ်ကာ ရေခဲအိတ်ကိုထုတ်ယူတော့ ဆိုဖာကျဥ်းကျဥ်းလေးထက်လူးလိမ့်နေပြန်သည့် ကလေးမ...။ ဘေးမှာလူသာထိုင်မနေရင်ပြုတ်ကျတော့မှာပါ။အသေအချာကြည့်မိမှ ထိုရေခဲအိတ်ကပ်ထားသည့် ရင်ဘတ်အောက်ပိုင်းက အင်္ကျီစတွေမှာရေတွေလဲစိုရွှဲလို့။ နည်းနည်းလေးမျက်နှာလွှဲမိတာနဲ့ လုပ်ချင်တိုင်းကိုလုပ်နေတော့တာပါလား နွဲ့ဆိုးငယ်...။မင်းတကယ်ဆိုးတာပဲကွာ..။


အတွေးနှင့်အတူသက်ပြင်းလေးဖွဖွချမိရရင်း သူ့မျက်ဝန်းစူးစူးတို့ကလည်း ဘေးကနှစ်ယောက်ဆီဦးတည်သွားရကာ...


""ဒီနေ့ နွဲ့ဆိုးဘယ်သွားခဲ့လဲ?""


""မသွားပါဘူး အစ်ကိုလေး

မမလေးက ဒီနေ့အိမ်မှာပဲရှိနေတာပါ""


""ဒါဆို အဲ့ဒီ့ခေါက်ဆွဲကိုအိမ်မှာပဲစားလိုက်တယ်ပေါ့""


""ဟို! ဟုတ်...ဟုတ်ပါတယ်""


""မင်းတို့အလုပ်ကိုဘယ်လိုလုပ်နေကြတာလဲ?

မင်းတို့ဒီအိမ်မှာရှိနေတာ ဘာလုပ်ဖို့လဲ""


လေသံကအနည်းငယ်မာကျောလာရပြီမို့ ရှေ့ကလူတွေမှာ လှုပ်တောင်မလှုပ်ရဲတော့ပေ။ခေါင်းတွေသာငုံ့ထားကြရင်း မရဲတရဲဖြေလာသည်က...


""မမလေးကိုစောင့်ရှောက်ဖို့ပါ အစ်ကိုလေး""


""ဒါဖြင့် ကလေးက မတည့်တာတွေစားမှာကိုဘာလို့ဒီအတိုင်းကြည့်နေလဲ?အခုဒီမှာ သူ့သဘောနဲ့သူလုပ်ချင်ရာလုပ်ပြီးအိပ်ပျော်နေတယ်...မင်းတို့ဘယ်ရောက်နေလဲ?ကလေးနေမကောင်းဖြစ်နိုင်တယ် နားမလည်ဘူးလား""


""တောင်းပန်ပါတယ် အစ်ကိုလေးရယ်

ရွှေရည်တို့လည်းပြောကြည့်ပါသေးတယ်...မမလေးက စပ်တာကိုစားချင်လို့ဆိုပြီး...""


""စပ်တာကိုစားချင်တယ်ဟုတ်လား?

ကျစ်!ဒီကလေးက ထူးထူးဆန်းဆန်းကွာ""


""ကိုကို""


အလိုမကျစွာပြောနေစဥ်မှာပင် သူမမျက်လုံးလေးတွေဖျတ်ခနဲပွင့်လာကာ ခေါ်သံသဲ့သဲ့လေးထွက်လာ၏။အိပ်မှုန်စုံမွှားလေးဖြင့် နံဘေးကအခြေအနေကိုငဲ့ကြည့်ကာ ကိုယ့်မျက်နှာဆီလည်းမျက်လုံးပြူးလေးဖြင့်လာကြည့်၍...


""ကိုကိုဘာဖြစ်နေတာလဲဟင်

သူတို့ကို ဆူနေတာလား?""


"".....""


""မဆူပါနဲ့ကိုကိုရဲ့၊အဆိုးဘာသာ စားတာ သူတို့နဲ့မဆိုင်ဘူးလေ""


""လူကဖြင့်ဒီလိုပုံစံဖြစ်နေပြီ၊သူများဘက်လိုက်ပြောပေးနေသေးလား? ကိုကို့မှာ ဘယ်လောက်စိုးရိမ်သွားရတယ်မှတ်လဲ""


""စိတ်ပူအောင်လုပ်မိတာ တောင်းပန်ပါတယ်

အဆိုးနောက်တစ်ခါထပ်မစားတော့ဘူးလေ နော်...

ကိုကိုစိတ်မဆိုးပါနဲ့""


""မဟုတ်ဘူး ကလေး

ကိုကိုစိတ်ဆိုးလို့ပြောတာမဟုတ်ဘူး...မင်းတစ်ခုခုဖြစ်မှာကိုစိုးရိမ်တာ""


""....""


""ဒါနဲ့ အခုဗိုက်လေးကဘယ်လိုနေလဲ...သက်သာရဲ့လား?သိပ်ဆိုးနေရင် ကိုကိုတို့ဆေးခန်းသွားရအောင်လေ""


""ဟုတ်ဘူး၊ အခုနည်းနည်းသက်သာသွားပြီ

ဒီမှာရေခဲအိတ်...ဟင်!!အဆိုးရဲ့ရေခဲအိတ်ရော""


လက်ထဲမရှိတော့သည့်အရာကို လိုက်ရှာရင်းနှုတ်ခမ်းလေးစူနေပုံကြောင့် သူ့မှာအလိုမကျတော့ပြန်ကာ လက်လေးနှစ်ဖက်အား ဖမ်းဆုပ်ထားလိုက်၏။


""ဘယ်ရောက်သွားလဲလို့""


""ကိုကိုဖယ်လိုက်တာ၊ ဗိုက်အောင့်နေရင်အဲ့လိုမလုပ်ရဘူးလေ""


""ဟင့်! အောင့်တာထက်ဗိုက်ထဲမှာ အရမ်းပူထူနေတာ အဲ့ဒါကြောင့် အေးချင်လို့ကပ်ထားတာ...ပြန်ပေး၊ပြန်ပေးလို့...""


""မရဘူး သည်းငယ်၊အရမ်းဂျစ်မတိုက်နဲ့

ကိုကိုမကြိုက်တော့ဘူးနော်""


""ဟွန့်! ရှင်မပေးလည်းနေ...

ရွှေရည် ...ရှင်ရှင့်ကိုအသစ်သွားယူပေး""


""တစ်ယောက်မှမလှုပ်နဲ့""


တစ်ဖက်သို့မျက်နှာတည်ဖြင့်ပိတ်အော်လိုက်တော့ ဟိုမိန်းကလေးနှစ်ယောက်က ခြေမလှမ်းရဲတော့ပေ။ဒါကိုပင် သူမလေးကအလိုမကျသည့်ပုံစံဖြင့် ဂျစ်ကန်ကန်ကြည့်လာပြန်သည်မို့ လင်းညက ဆုပ်ကိုင်ထားသည့်လက်လေးကို အသည်းယားစွာဖျစ်ညှစ်ပစ်လိုက်ရင်း လက်ဖမိုးလေးပေါ်လည်း တစ်ချက်နမ်းရှိုက်၍...


""ကလေးလေး...မဆိုးနဲ့ကွာ

ဒီမှာကြည့်စမ်း! အင်္ကျီမှာလည်းစိုနေပြီ။ဗိုက်အောင့်တာအပြင် အအေးပတ်ပြီးဖျားပါဖျားတော့မယ်...ဘာလို့အဲ့လောက်ပြောရခက်လေးဖြစ်နေတာလဲ?ကိုကိုခဏလေးအနားမရှိတာနဲ့ လုပ်ချင်ရာတွေလုပ်နေတယ်၊မင်းဘယ်လို ကလေးလဲ?""


""ကိုကို့ကိုချစ်တဲ့ ကလေးပေါ့""


ကဲ!ကြည့်...အဲ့သလိုလည်း လူလည်ကျတတ်ပြန်တဲ့ ပေါက်စနကြောင့် ပြောလက်စ စကားပါအစအနပျောက်ရပြန်သည့်အဖြစ်။ ပန်းနုရောင်နှုတ်ခမ်းဖျားထက်မှ ချစ်စဖွယ်အဖြေစကားလေးခုန်ထွက်လာခြင်းနှင့်အတူ လူလေးကပါ ကိုယ့်ဘက်ယိမ်းလာပြီး လည်တိုင်ဆီလှမ်းဖက်သည်မို့ ခန္ဓာကိုယ်နွေးနွေးလေးအား အလိုက်သင့်ပြန်လည်ထွေးဖက်ကာ တစ်ခါတည်းမတ်တပ်ထရပ်လိုက်တော့ သူမကအလိုက်တသိဖြင့်ခြေထောက်လေးတွေကို ခါးပေါ်သို့ လာချိတ်တွယ်၏။


""ကိုကို့ကိုချစ်ရင်ပြောစကားနားထောင်မှပေါ့ သည်းငယ်လေးရဲ့...လာ!အဝတ်အစားတွေသွားလဲရအောင်""


""ဟုတ်""


""ဘာလို့ညနေခင်းကြီးအိပ်နေတာလဲကွာ...နေမကောင်းဖြစ်တော့မှာပဲ""


""ကိုကို့ကိုစောင့်ရင်းအိပ်ပျော်သွားတာ""


""စပ်တာကရော ဘာလို့စားလဲ

အရမ်းစပ်တာတွေ ကလေးမစားနိုင်ဘူးလေ""


""မသိပါဘူးကိုကိုရယ်၊အခုမှနည်းနည်းစားချင်လာလို့""


""ဒီလိုဆို မနက်ဖြန်သင်တန်းသွားနိုင်ပါ့မလား

မနက်ဖြန်စတက်ရမယ့်နေ့နော်""


""သွားနိုင်တယ်...သွားမှာ

အဆိုးchief cookဖြစ်ချင်လှပြီ၊အခုလည်းဘာမှမဖြစ်တော့ဘူး...သက်သာသွားပြီ""


""ဒါပေမဲ့...""


""လိုက်ပို့ပါကိုကိုရယ်...ချစ်တယ်လေ နော်...mwah! mwah!""


လူကိုအတင်းတိုးဖက်ကာ နှုတ်ခမ်းပေါ်ဖိနမ်းလာသည့် နွေးထွေးခြင်းလေး၌ တစ်ချက်ထဲကျရှုံးရပြန်သည့်နှလုံးသားနှင့်အတူ ခေါင်းကိုလည်းဆတ်ခနဲငြိမ့်ပြမိပါ၏။ထို့နောက် ချာတိတ်ဆိုးလေးကို ချီထားလျက်ဖြင့် ခြေလှမ်းတို့အား လှေကားဘက်ဆီ ဦးတည်လျှောက်လာခဲ့ရင်း...


""အဝတ်အစားအရင်လဲပေးမယ်...လာ""


""ဟင့်! ခေါင်းငြိမ့်ရုံနဲ့မရဘူးနော်

ပါးစပ်ကဖြေ""


""ပို့ပေးပါမယ် အဆိုးလေးရယ်

အရာရာမင်းသဘောပဲ""


""အဟီး! လိမ္မာယဥ်ကျေး ရှင်ရှင့်အသည်းလေး""


""မင်းကတော့လေ...လူကိုအသည်းယားပြီးသေအောင်သတ်နေတာ""


""အဆိုးကချစ်လို့ပါနော်""


""လူလည်မလေး! ကိုယ့်မှာဖြင့်စိုးရိမ်သွားတာပဲကွာ""


ပြောရင်းမှပင် မျက်နှာချင်းဆိုင်အနေအထားလေးအား အခွင့်အရေးယူသည့်သဘောဖြင့် ရယ်ပြုံးနေသောနှုတ်ခမ်းလှလှလေးထံ ဖျတ်ခနဲလှမ်းနမ်းလျှင် သူမကခေါင်းလေးငဲ့ရှောင်ကာ ပုခုံးပေါ်မီချလိုက်လေ၏။


""အိပ်ချင်သေးတယ်""


""စောသေးတယ်လေကွာ၊ညကျရင်အိပ်မပျော်ဘဲနေမှာပေါ့""


""ဒါပေမဲ့ အခုအိပ်ချင်တာပါဆို...အဟင့်!ကိုကိုနော်""


""အင်း..အင်း..ဟုတ်ပြီ၊ကိုကိုချော့သိပ်မယ်...မငိုရဘူးလေ""


အိပ်ချင်ရင်လည်း ဂျီကျ၊ စားချင်ရင်လည်း ဂျီကျ...တနေ့မှာ ၂၅နာရီလောက်ဂျီကျချင်နေသော နွဲ့ဆိုးရယ်ပါ။အခုလည်း ငိုမဲ့မဲ့ဖြစ်လာသည့်မျက်နှာလေးကြောင့် လမ်းတစ်လျှောက်တတွတ်တွတ်ချော့လာရင်း အခန်းထဲလည်းရောက်ပြီမို့ သူမကိုယ်လေးကို ခုတင်ထက်တင်ပေးကာ ဗီရိုဘက် ဆက်လျှောက်သွားလိုက်၏။ ထို့နောက် ရောင်စုံအဝတ်အစားလေးတွေထဲကမှ အပြာနုရောင်T-shirtပွပွလေးအားထုတ်ယူခဲ့ပြီး သူမအနားပြန်လျှောက်သွား၍...


""ဒါလေးလဲရအောင်""


ဘာမှပြောမနေတော့ပါ။ ခေါင်းလေးသာငြိမ့်ပြလိုက်စဥ် စောစောက ဝတ်ထားသည့်ခရမ်းရောင်အင်္ကျီလေးအစား Unicorn T-shirtအပြာနုရောင်လေးက ရှင်ရှင့်ကိုယ်ပေါ်ရောက်လာ၏။ဝန်ခံရရင် အစစအရာရာမှာ ဂရုစိုက်နွေးထွေးလွန်းသည့် သူ့ကို ရှင်ရှင်လည်းတနေ့တခြားပိုပြီးချစ်လာသလို ပိုပြီးလည်းမြတ်နိုးရပါသည်။ တစ်စတစ်စ ပိုတိုးလို့မှီခိုတွယ်တာလာမိသောဒီနှလုံးသားကို တစ်ချိန်မှာ သူချန်ထားရစ်ခဲ့ရင် ရှင်ရှင်ဘယ်လိုများအသက်ဆက်ရမည်နည်း။


တကယ်ကြောက်လိုက်တာ ကိုကိုရယ်...

ရှင်နဲ့ဝေးရမှာ အရမ်းပဲကြောက်တယ်။


""ရပြီ၊ လှဲလိုက်...လာ""


""ကိုကို""


လှဲလိုက်ဆိုကာမှ ရင်ခွင်ထဲသို့အရှိန်ဖြင့်တိုးဝင်လာပြန်သည့်ကလေးမ...။ကြည့်! ဂျစ်တူးလေးက ချွဲလို့ကိုမဝနိုင်သေးဘူးထင်ပါရဲ့။


""ဘာဖြစ်လို့လဲ ကလေးလေးရဲ့

အိပ်ချင်တယ်ဆို၊လှဲနေလေ""


""မလှဲချင်တော့ဘူး

ကိုကို့ရင်ခွင်ထဲအိပ်မယ်""


""အဟွန်း! ကိုယ့်အသည်းက ကြာလေလေပိုပြီးချွဲတတ်လာပါလား...ကဲ!အိပ်စေဗျာ...လာ ဒီကို""


ခန္ဓာကိုယ်လေးကိုခပ်လျော့လျော့မီစေကာ အသေအချာနေရာချပေးလိုက်တော့ ပေါက်စလေးက တကယ်ကိုအိပ်သည်။ လူကောင်သေးသေးလေးမို့ ကိုယ့်ရင်ခွင်ကျယ်ထဲ လုံလုံခြုံခြုံထည့်သိမ်းနိုင်ပါ၏။သို့သော် သူမလေးအနေကျပ်မည်စိုး၍ အားမသုံးဘဲခပ်ပြေပြေလေးသာထွေးဖက်ထားစဥ် သူမကတော့ လူကိုအတင်းတိုးဖက်ကာ ရင်အုပ်ကျယ်ကျယ်ထက် လက်ချောင်းသွယ်သွယ်လေးတွေဖြင့် ကျီစယ်ဆော့ကစားနေသေးရဲ့။


""အား!! ကိုကို့ရဲ့ကိုယ်သင်းနံ့လေးကမွှေးလိုက်တာ၊အလုပ်ကနေပြန်လာတာတောင် ခုထိမွှေးနေတုန်း""


""အချွဲလေး...မင်းကတကယ်ကိုချွဲလွန်းတဲ့ကလေးလေးပဲကွ""


""ဟွန့်!တကယ်ပြောတဲ့ဟာကို""


""အင်းပါကွာ

ဒါနဲ့ မီးပိတ်လိုက်မလား ကလေး၊ လင်းနေတာမျက်လုံးစူးလိမ့်မယ်""


""ရပါတယ်၊အဆိုးအိပ်တတ်တယ်""


ထိုစကားလေးပြောပြီးနောက် မျက်လုံးမှိတ်၍ငြိမ်သက်သွားလေတော့ လင်းညလည်း အသာငြိမ်နေပေးလိုက်၏။စိတ်ထဲစိုးရိမ်ခဲ့ရပေမယ့် ရွှင်ရွှင်ပျပျဖြစ်နေသည့်မျက်နှာလေးကြောင့် ကိုယ့်မှာအခုမှ စိတ်ချနိုင်ပါရဲ့။ သူတကယ် နေသာလို့ပဲ အခုလိုစကားတွေပြန်ပြောနိုင်သည်မဟုတ်လား။စောစောကအထိ စိုးရိမ်လွန်းလို့ ရင်ထဲပူလောင်ခဲ့ရသမျှ အခုမှပဲ အေးချမ်းသွားနိုင်တော့တာ။ 


ဟူးး! မင်းနဲ့ပတ်သက်ရင် ကိစ္စသေးသေးလေးကတောင် ကိုယ့်အတွက် ပူလောင်ရသောပါ နွဲ့ဆိုးရယ်...။


စိတ်ထင်တိုင်းလျှောက်လုပ်တတ်တဲ့ကလေးကို ခဏလေးတောင် မျက်နှာလွှဲထားဖို့စိတ်မချနိုင်တော့ဘူး တကယ်!!


မင်းသာ တစ်ခုခုဖြစ်ခဲ့ရင် ကိုယ်တကယ်ရူးသွားနိုင်တယ်။


သိပ်ချစ်တယ် ကလေးငယ်။

သိပ်ကိုချစ်ရပါတယ် ကိုယ့်အသည်းရယ်။


~~~~~ 🍬🍬🍬🍬🍬 ~~~~~


""မင်္ဂလာ နံနက်ခင်းပါရှင့်""


မြင့်မားခမ်းနားနေသည့် ဟိုတယ်ဝင်ပေါက်၌ ခြေစုံရပ်မိသည်နှင့် ဘေးတစ်ဖက်စီမှာနေရာယူကာ ညီညီညာညာဦးညွှတ်နှုတ်ဆက်လိုက်ကြသည့် ဝန်ထမ်းများကြောင့် ရှင်ရှင်က ပြူးတူးတူးလေးပြန်ကြည့်မိရ၏။ ဒီနေ့က ရှင်ရှင်chief cookသင်တန်းစတက်ရမယ့်နေ့...၊ဟိုတယ်ကလည်းတခြားမဟုတ်ပါ။ကိုကိုနဲ့လက်ထပ်ပွဲကျင်းပခဲ့သည့် ဟိုတယ်...။M.Light Groupရဲ့အပိုင်မို့ ကိုကို့အပိုင်ဆိုပါတော့။


""ကလေး! ဘာတွေကြည့်နေတာလဲ လာလေ""


""သြော်! သူတို့ကတန်းစီပြီးကြည့်နေတော့ ဘာပြန်ပြောရင်ကောင်းမလဲလို့စဥ်းစားနေတာ""


""အဟွန်း! ဘာများလဲလို့ကွာ

သူတို့က ဒီဟိုတယ်ရဲ့တာဝန်ရှိဝန်ထမ်းတွေလေ၊အခုဆိုးလေးလာမယ်ဆိုလို့စောင့်နေကြတာ""


""ဟမ်! စောင့်နေတာ?

အဆိုးသင်တန်းလာတက်တာ အဲ့လိုထွက်နှုတ်ဆက်ဖို့လိုလို့လား""


ဝန်ထမ်းတွေဘက် လက်ညိုးလေးထိုးလျက် မေးခွန်းထုတ်နေပုံလေးက ချစ်စဖွယ်။သူရောက်လာတာကို ဒီလိုဝန်ထမ်းတစ်ပုံကြီးထွက်ကြိုနေ၍ အလွန်တရာအံ့သြပုံပေါက်နေသည့် ရုပ်လေးက ယုန်ကောင်လေးလို ဖြူစင်လွန်းပါရဲ့။


ဒီလိုမျိုး မာယာတွေကင်းလွန်းတဲ့ အဖြူထည်လေးမို့လည်း ကိုယ့်မှာနေရာတကာစိတ်မချနိုင်တာပါ။ အခုလည်းပဲ အောင်စာရင်းမထွက်သေးခင် သူမဝါသနာပါသည့်chief cookသင်တန်းကိုလာပို့ပေးရခြင်းပင်။ Hotelမှာက အဆင့်အမြင့်ဆုံးစားဖိုမှူးတွေသာ ရွေးခန့်ထားတာမို့ အခြေခံကစပြီး အထူးဟင်းလျာတွေအထိ စနစ်တကျသင်ပေးနိုင်မည်လေ။ ကိုယ့်လက်အောက်ဝန်ထမ်းတွေမို့ သူစိမ်းထက်စာရင် ပိုလည်းစိတ်ချရတာပေါ့။


တကယ်က ဒီဟိုတယ်မှာဘာသင်တန်းမှမရှိတာ အရင်ကတည်းက...။အခုမှသာ ဆိုးလေးအတွက်ရည်ရွယ်ကာ hotelကအကောင်းဆုံးchiefတွေနဲ့တိုင်ပင်ပြီး classတစ်ခုလုပ်ခိုင်းဖြစ်ခဲ့ခြင်းပင်။


အပြင်မှာကတော့ သင်တန်းတွေအများသားပါ။ သို့သော် သူမလေးအား ကိုယ့်မျက်ဝန်း၊ကိုယ့်ရပ်ဝန်းအနီးကကိုအပျောက်မခံလို၍ ကိုယ်ပိုင်hotelမှာသာ သင်တန်းစီစဥ်ပေးခဲ့ပြီး တစ်ယောက်တည်းသင်ရင်ပျင်းနေမှာစိုးတာကြောင့် နောက်ထပ်သင်တန်းသူအနည်းငယ်ခေါ်ထားပေး၏။ နမော်နမဲ့နိုင်မှုကြောင့် မကြာခဏဒဏ်ရာရတတ်သောကလေးမို့ စိတ်မချနိုင်ပေမယ့်လည်း မတတ်သာပါ။ဒီမနက်တောင် သင်တန်းတက်ရပြီဆိုပြီး ပျော်နေရှာတာလေ။


""ဆိုးလေး ဒီကိုလာ""


လက်လေးမှဆွဲခေါ်တော့ ဖတ်ခနဲလူအနားပြေးကပ်လာပြီး လက်မောင်းပေါ်သို့ပါးလေးအပ်၍...


""ကိုကိုက သူတို့ကိုစောင့်ခိုင်းထားတာလား?""


""ဟုတ်တယ်၊ကလေးနဲ့ရင်းနှီးသွားအောင် အားလုံးကိုမိတ်ဆက်ပေးမလို့လေ၊မင်္ဂလာပွဲနောက်ပိုင်း ဆိုးလေးဒီကိုမရောက်ဖြစ်ဘူးမဟုတ်လား""


""ဟင့်အင်း""


""အေး! အဲ့ဒါကြောင့်""


သည်လိုဆိုတော့လည်း ရှင်ရှင်ဘာမှဆက်မပြောဖြစ်ပေ။ဝန်ထမ်းအားလုံးနဲ့မိတ်ဆက်ပြီးမှ အပေါ်ထပ် သူ့ရုံးခန်းဆီလိုက်ခဲ့ရ၏။


""ဆိုး...ဒီမှာခဏစောင့်နော်

ပြီးရင်သင်ပေးမယ့်chiefတွေဆီခေါ်သွားပေးမယ်""


""သင်တန်းလေးတက်တာများ...အဆိုးကိုယ့်ဘာသာကြည့်လုပ်နိုင်ပါတယ်၊ ကိုကိုကအဖေကြီးလို ကျောင်းလိုက်အပ်နေရအောင် အဆိုးကမူလတန်းအရွယ်လေးမှမဟုတ်တဲ့ဟာ""


ဆူဆူပူပူလေးပြောလာတော့ ကိုယ့်မှာဟက်ခနဲရယ်ချင်စိတ်ကိုမနည်းထိန်းလိုက်ရသည်။ ဟုတ်ပါသည်...၊ကိုယ်ကလည်းကိုယ်ရယ်လေ...သူမနဲ့ပတ်သက်ရင် စိတ်ပူတတ်တာ၊စိုးရိမ်လွန်းတာက အတိုင်းအတာတစ်ခုထက်ကို ကျော်လွန်နေပြီမှန်းခံစားလို့ရပါသည်။ သို့သော်လည်း ပြင်နိုင်ဖို့ရန်ခက်၏။အချိန်ကြာလေလေ ပိုပြီးကိုထားစရာမရှိအောင် ချစ်လေလေမို့ ဒီခံစားချက်တွေဟာ လျော့သွားရန်ကိုမရှိပါချေ။


""ကိုကို ဒီနေ့companyဘက်မသွားဘူးလား""


""ဒီနေ့တော့မသွားဘူး ကလေးရဲ့

ကိုကိုလည်းဒီကို လူကိုယ်တိုင်မရောက်ဖြစ်တာကြာပြီလေ၊အဲ့ဒါနဲ့ကလေးကိုစောင့်ပေးရင်း ဒီကလုပ်ငန်းလည်ပတ်မှုကို နည်းနည်းစစ်မယ်၊မကြာခင်ဆို နှစ်ကူးရုံးပိတ်ရက်လည်းရောက်တော့မှာမို့""


""သင်တန်းချိန်ကိုနေ့တိုင်းလာစောင့်မှာလို့တော့မပြောနဲ့နော်""


""အဟင်း!မပြောပါဘူးကွာ၊ ဒီနေ့ကအစဆုံးရက်လည်းဖြစ်ပြီး ကိုကိုလည်းရောက်ဖြစ်တုန်းအလုပ်လေးတွေရှိလို့ပါခင်ဗျာ""


""ပြီးရော! ဘာလုပ်လုပ်နေရာတကာမျက်စိဒေါက်ထောက်ကြည့်နေမှာကြီး မုန်းတယ်...မီဝေါ့""


""အင်းပါ၊အင်းပါ...ကလေးကို ကိုကိုဘယ်တုန်းကအတင်းအကျပ်ချုပ်ချယ်ဖူးလို့လဲ?ပြန်စဥ်းစားကြည့်ပါဦး ရှိလားလို့""


""အင်း...!!

မရှိပါဘူး အမြဲအလိုလိုက်တယ် ဟဲ! ဟဲ!""


""သိရင်ရပြီ၊ကလေးဆိုးလေး""


""ဒေါက် ဒေါက်""


""Come in!!""


နှစ်ဦးသားစကားပြောနေစဥ် တံခါးခေါက်သံနှစ်ချက်ထွက်ပေါ်လာ၏။ ဝင်ခွင့်ပြုလိုက်သည်နှင့် အခန်းထဲရောက်ရှိလာသည်က ရှင်ရှင်နဲ့မကြာသေးခင်ကမှ မိတ်ဆက်ခဲ့သည့်ဝန်ထမ်းတွေထဲကတစ်ယောက်။ ကိုကိုပြောတာတော့ Hotelရဲ့General managerဆိုလားပါပဲ။


""မင်္ဂလာပါ မမလေး""


""CEO ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ပါ""


""ဟုတ်တယ်၊ ဟိုတယ်ရဲ့၆လစာbudgetငွေအဝင်အထွက်စာရင်းချုပ်ကို အခုငါ့ဆီလာပို့ပေး၊Copyမဟုတ်ဘဲ မူရင်းနော်""


"'ဗျာ! ၆လစာလုံးကိုအခုချက်ချင်းလား?""


""ဘာဖြစ်လို့လဲ အဆင်မပြေတာရှိလား?""


""ဟို ဟို ကျွန်တော်တို့ရဲ့budgetစာရင်းအဝင်အထွက်ကို ရုံးချုပ်ဆီလတိုင်းတင်ပြထားပါတယ်ခင်ဗျ""


""ငါသိပါတယ်၊ ဒါပေမဲ့အခုကနှစ်ဝက်စာရှင်းတမ်းကို အတိအကျကြည့်ချင်တယ်""


""ဒါဆို ကျွန်တော်ပြင်ဆင်လိုက်ပါမယ်

အတိအကျပြန်လုပ်ပေးမှာမို့ အချိန်ခဏပေးပါခင်ဗျ""


""ဘာလို့ချက်ချင်းမပေးနိုင်တာလဲ

ဘာပြသာနာရှိလို့လဲ""


""ဟို! ကျွန်တော်လက်စသတ်စစ်ဆေးစရာလေးရှိနေသေးလို့ပါ""


""၂ရက်ပေးမယ်၊ပြောစရာရှိသေးလား?""


""မ..မရှိပါဘူး""


""သွားလို့ရပြီ၊ HRဌာနဘက်ကိုmeetingလုပ်ဖို့အကြောင်းကြားလိုက်...နောက်ထပ်နာရီဝက်မှာစမယ်""


""ဟုတ်ကဲ့""


ကိုကို့စကားဆုံးသည်နှင့် ထိုလူကခေါင်းငုံ့အရိုအသေပေးကာ ထွက်သွားလေ၏။အလုပ်ကိစ္စမို့ ရှင်ရှင်တစ်ခွန်းမှဝင်မပြောဘဲ ငြိမ်နေလိုက်ပေမယ့် စိတ်ထဲတော့သိပ်ဘဝင်မကျလှ။ ၆လစာ,စာရင်းချုပ်မူရင်းကိုတောင်းတဲ့အချိန်မှာ ထိုလူ့မျက်နှာက တစ်စုံတစ်ရာပြောင်းလဲသွားတာ ရှင်ရှင်သတိထားမိသည်။ စိုးရိမ်ထိတ်လန့်သွားတဲ့ မျက်နှာ၊ စိတ်မအေးတဲ့မျက်နှာ...ပြီးတော့သူ ကိုကို့ကိုလှမ်းမကြည့်ရဲတာ...အားလုံးကနည်းနည်းတော့မသင်္ကာစရာပါ။ ကိုကို့လက်အောက်မှာ လုပ်ငန်းတွေကအများကြီးမို့ တစ်ခုချင်းစီကိုအသေးစိတ်လိုက်ကြည့်နိုင်ဖို့က တကယ်မလွယ်တာ။ဒါကို အခွင့်အရေးယူပြီး သစ္စာမဲ့သူတွေနဲ့တွေ့ရင် ကိုကိုတော့ဒုက္ခပဲ...၊ခုနလူကရော ရိုးမှရိုးရဲ့လား?


""ဟိတ်! ဟိုကလေးလေး...ဘာတွေစဥ်းစားနေပြန်ပြီလဲ""


""ကိုကို ဒီကလုပ်ငန်းတွေလာမစစ်တာကြာပြီလား""


""ကြာတာမဟုတ်ဘူးကလေးရဲ့...ဒီဘက်လုပ်ငန်းတွေက ကိုကို့အပိုင်းမဟုတ်ဘူး။အရင်က ဖေဖေကြည့်တာလေ...ကိုကိုကစင်္ကာပူရုံးခွဲမှာပဲနေခဲ့တာ အဲ့ဒါကြောင့်""


""သြော်! ဟုတ်သားနော်...ကိုကိုပြန်ရောက်တာတစ်နှစ်တောင်မကြာသေးဘူး""


""အစက projectတစ်ခုအတွက် ခဏဆိုပြီးပြန်လာခဲ့တာလေ...ဒီမှာအမြဲနေဖို့လည်းမရည်ရွယ်ဘူး၊ဒါပေမဲ့ ဒီအဆိုးလေးကိုပြန်ရှာတွေ့ပြီး အိမ်ထောင်ကျသွားတော့...""


သူက စကားကိုပြောနေရင်းမှရပ်ထားလိုက်လျှင် မျက်စောင်းတစ်ပွင့်ကဒိုင်းခနဲရောက်လာပြီး နှုတ်ခမ်းဖူးဖူးလေးကိုလည်းတစ်ချက်မဲ့ကာဖြင့်...


""မကျချင်လည်းနေပေါ့ ဟွန့်!

ဘယ်သူကရော ကျပါ ကျပါ ပြောပြီးဆွဲထားနေလို့လဲ?""


""အဟက်!ဟုတ်ပါပြီ ကိုယ့်ကလေးကမဆွဲဘူး၊ကိုယ်ကသာချစ်လွန်းအားကြီးလို့အပိုင်သိမ်းခဲ့ရတာပါဗျာ"' 


""သိရင်ပြီးရော!"'


"'လာ ကိုကိုနဲ့လိုက်ခဲ့

သင်မယ့်အခန်းကိုလိုက်ပို့မယ်""


ဒီတစ်ခါတော့ ကလန်ကဆန်မလုပ်ဘဲ အသာတကြည်ထရပ်လိုက်ပါ၏။ နှစ်ယောက်အတူလက်တွဲ၍ အခန်းပြင်ထွက်လာခိုက် မလှမ်းမကမ်းမှ ဖြတ်လျှောက်သွားသည့်မန်နေဂျာဖြစ်သူအား သူမလေးက တလေးတနက်လှမ်းကြည့်ပြန်သည်။ ထို့နောက် မျက်နှာလေးမော့လာကာ...


""ကိုကို...သူ့နာမည်ဘယ်လိုခေါ်တာ?ခုနသိတယ်၊အခုမေ့သွားလို့""


""မိုးရိပ်တဲ့! မိုးရိပ်ကင်း

ကလေးဘာဖြစ်လို့လဲ?ခုနကတည်းကသူ့ကိုကြည့်နေတာ""


""ဟမ်!ဘာမှမဖြစ်ပါဘူး""


""ဒါနဲ့ဗိုက်ထဲမှာရောဘယ်လိုနေလဲ

အောင့်နေတာ၊နေရခက်တာမျိုးရှိလား?""


""ဟင့်အင်း""


ဆံသားအိအိလေးတွေဝဲခါသည်အထိ ခေါင်းလေးယမ်းပြလိုက်တော့ သူကလည်းချစ်စနိုးငုံ့ကြည့်ကာ နှစ်ယောက်အတူလက်တွဲ၍ ထွက်လာခဲ့သည်က ရှင်ရှင့်ရဲ့သင်တန်းနေရာဆီ...။


""ကလေးလေး! ကိုယ်ပြောမယ် နားထောင်

ပန်းကန်တွေ၊ဓားတွေကိုင်တဲ့အခါ သတိထားရမယ်နော်။လမ်းလျှောက်ရင် ဖြေးဖြေးလျှောက်၊ချော်မလဲစေနဲ့၊လက်တွေလည်း အပူမလောင်စေနဲ့နော်...တစ်ခုခုဆို ကိုကို့ဆီဖုန်းဆက်၊ဒီနေ့တော့ ကိုကိုကအပေါ်ထပ်ရုံးခန်းမှာပဲရှိမယ်""


""ဟုတ်""


ခေါင်းလေးတဆတ်ဆတ်ငြိမ့်ကာဖြေတော့ သူက ကျေနပ်စွာပြုံးလျက် ရှင်ရှင့်ခေါင်းလေးထံဖွဖွပုတ်ပေးပြီး သူ့ရင်ခွင်ထဲမီစေကာ အသင့်စောင့်နေကြသောchiefတွေဘက်သို့လှည့်၍...


""ကျွန်တော့်ကလေးကို အပ်ခဲ့မယ်နော်

Stepတစ်ခုချင်းစီသေချာဂရုတစိုက်သင်ပေးပါ...အကယ်လို့ ကလေးတစ်ခုခုထိခိုက်ဒဏ်ရာရခဲ့ရင် ဒီသင်တန်းအတွက်တာဝန်ယူထားတဲ့chiefအားလုံးကို အပြစ်ပေးမှာမို့ အဲ့လိုပဲသိထားပါ""


""ဟုတ်ကဲ့!CEOကတော်ကိုကျွန်တော်တို့သေချာဂရုစိုက်ပါမယ်""


ရိုရိုသေသေဦးညွှတ်ကာဖြေလိုက်ကြတော့ရှင်ရှင့်မှာ အားတောင်နာမိရသည်။သို့နှင့် သူတို့ဘက်ခေါင်းလေးပြန်ညွှတ်ပြကာ အားတုံ့အားနာလေးပြုံးနေလိုက်ရ၏။ တကယ်ပဲ၊ ကိုကိုတို့က ပြောလိုက်ရင်ရုပ်တည်ကြီးနဲ့...၊အိမ်မှာဆိုစစနောက်နောက်ပြောတတ်၊နေတတ်ပေမယ့် အပြင်သူစိမ်းတွေနဲ့ပတ်သက်ရင်...အထူးသဖြင့်အလုပ်ကိစ္စတွေနဲ့ပတ်သက်ရင် စကားပြောသည့်လေသံကအစ ယတိပြတ်ကြီးဖြစ်သွားတော့တာ။အခုလည်းကြည့်! သူပြောနေတဲ့ပုံက ချိန်းခြောက်သလိုကြီးတောင်ဖြစ်နေပြီလေ။တကယ်ဆို ရှင်ရှင်က ပညာသင်ဖို့လာတဲ့သူ...။အဲ့ဒါကို အလုပ်ရှင်ဆိုတိုင်းpowerနဲ့သွားဖိနေတော့ ဟိုလူတွေကစေတနာပါပါသင်ပေးရမယ့်အစား ရှင်ရှင့်ကိုကန်ထုတ်ချင်စိတ်တောင်ပေါက်ကုန်တော့မှာပါပဲ။


ဟင်း! ဒီကိုကိုတစ်ယောက်နဲ့တော့ခက်တယ်

ငါလေးစိတ်လေတယ်။


""ကိုကို အပေါ်မှာပဲစောင့်လေ၊meetingလုပ်ဖို့လည်းရှိတယ်မလား? သင်တန်းပြီးမှ အဆိုးပြန်တက်လာခဲ့မယ်၊အလုပ်လုပ်ရင်းစောင့်နော် လိမ္မာတယ်""


""အင်းပါကွာ။ဒါဆို ကိုကိုသွားပြီ

ဂရုစိုက်နော်""


""ဟုတ်""


နှုတ်ဆက်စကားပြောကာ သူထွက်သွားမှပဲ ရှင်ရှင့်မှာလေပူလေးတစ်ချက်မှုတ်ထုတ်မိရ၏။ သင်တန်းရဲ့ပထမဆုံးတစ်ရက်ကတော့ ဘာမှထူးထူးခြားခြားမရှိလှပါ။ရှင်ရှင်က သူတို့CEOရဲ့ဇနီးမို့ပဲထင့်၊ သင်ပေးတဲ့သူတွေက တရိုတသေဆက်ဆံကာ အရမ်းလည်းညှာတာနေသလိုပင်။ဒီနေ့ဆို ဟင်းပွဲနဲ့လိုက်ဖက်တဲ့ပန်းကန်ရွေးချယ်ပုံအကြောင်းရယ်၊ အခြေခံဟင်းချက်နည်း အနည်းငယ်လောက်ရယ်ကိုသာ ဆွေးနွေးရှင်းပြပြီး ရှင်ရှင့်သဘောကျ ဟင်းတစ်မယ်ချက်ခိုင်းသည်။


သို့နှင့် ရှင်ရှင်လည်းတစ်ပွဲတစ်လမ်းလက်စွမ်းပြကာ သင်တန်းချိန်အပြီးသတ်ခဲ့၏။ထို့နောက် ကိုကို့ရုံးခန်းဆီ Liftဖြင့်တက်လာပြီး တစ်နေရာသို့ဖြတ်အလျှောက်၌ နံရံထောင့်အကွယ်တစ်ခုဆီမှ ကြားလိုက်ရသောစကားသံခပ်သဲ့သဲ့ကြောင့် ဘာရယ်မှမရည်ရွယ်ပါဘဲ ခြေလှမ်းက တန့်ခနဲ။


""ဘာလို့ ခဏခဏဖုန်းဆက်နေတာလဲ?

ဒါ ငါ့အလုပ်ချိန်...မင်းနားမလည်ဘူးလား""


""......""


""ရတယ်၊အချိန်မရွေးပဲ

ဒါပေမဲ့လောလောဆယ် ငါ့လမ်းကြောင်းကကျပ်နေပြီ၊အရင်လောက်အဆင်မပြေနိုင်ဘူး""


"".......""


""အေး! အခု ရောက်လာတဲ့CEOကနည်းနည်းshockရှိတယ်၊ငါ့ကို ငွေစာရင်းတွေအတိအကျတောင်းပြီး ဒီဘက်အလုပ်တွေကိုစစ်ဖို့လုပ်နေတာ...အဲ့ကိစ္စကြောင့် ငါကွိုင်တက်နေပြီ""


ရှင်ရှင်လည်းသိလိုက်ပါပြီ။ ဒါ စောစောကလူရဲ့အသံပဲ၊

CEOတဲ့! သူ ကိုကို့အကြောင်းပြောနေတယ်၊ဒါပေမဲ့နောက်ပိုင်းကဘာပြောလိုက်တာလဲ?


လူကရပ်နေသော်လည်း ခပ်အုပ်အုပ်လေသံဖြင့်ပြောနေသည့် သူ့စကားကို ရှင်ရှင် သဲသဲကွဲကွဲမကြားလိုက်ရပေ။သို့နှင့် ခြေသံမပြင်းရအောင်ဖွနင်း၍ နံရံအနားသို့ထပ်တိုးသွားလိုက်ပြီး ငြိမ်ငြိမ်လေးကပ်ကာ ရပ်နေလိုက်သည်။ဒါဟာ privacyချိုးဖောက်ရာရောက်ပေမယ့်လည်း ကိုကိုနဲ့ပတ်သက်နေတာမို့ သိချင်စိတ်ကိုသာဦးစားပေးမိ၏။စောကတည်းက ရှင်ရှင်ဒီလူ့ပုံစံကိုမကြိုက်ခဲ့တာလေ...၊သေချာတယ်...ဒီလူဟာတစ်ခုခုပဲ။


""အေး!ငါနည်းလမ်းရှာကြည့်ဦးမယ်

ဒါပေမဲ့...ဟင်!!""


တစ်ဖက်သို့စကားဆက်ပြောရန်ပြင်လိုက်စဥ်မှာပင် နှာခေါင်းထဲတိုးဝင်လာသည့် ချိုအီအီမွှေးရနံ့တစ်ခုကြောင့် မိုးရိပ်လည်း စကားကိုချက်ချင်းရပ်ပစ်လိုက်၏။ သိပါသည်...၊ဒီအနားကိုလူတစ်ယောက်ယောက်ကပ်နေပြီ။ အဲ့ဒီ့လူဟာမိန်းကလေးဖြစ်နိုင်ချေရှိပြီး မကြာခင်နာရီပိုင်းလောက်ကပဲ ဒီရနံ့ကို သူရင်းနှီးခဲ့ဖူးသည်။ ထင်တာမမှားရင်...


""အေး! ငါအားလုံးအဆင်ပြေတယ်

ညနေကျမှတွေ့မယ်လေ ကွာ...""


တစ်ဖက်သို့စကားလမ်းကြောင်းကိုလွှဲပြောကာ ဖုန်းချလိုက်ပြီး စိတ်ထဲလည်းဇဝေဇဝါအတွေးတစ်ခုနှင့်အတူ ခြေလှမ်းကိုအပြင်ဘက်သို့ပြန်ဦးတည်လာခဲ့စဥ် နံရံဆီကျောကပ်မီကာငြိမ်သက်နေသည့်တစ်စုံတစ်ယောက်ကို တန်းခနဲမြင်လိုက်ရ၏။ပြီးတော့ ထင်သည့်အတိုင်းပင် တကယ်ပဲ သူမ...။


""မမလေး..ဒီမှာဘာလုပ်နေတာလဲ""


""ဟင်! သြော်...ဟိုလေ ရှင်ရှင် အောက်မှာသင်တန်းပြီးသွားလို့တက်လာတာ...အဲ့ဒါကိုကို့ရုံးခန်းဆီသွားမို့ အခန်းမမှတ်မိဘူးဖြစ်နေလို့""


""CEOရဲ့အခန်းက ဟိုးဘက်ထောင့်စွန်း ညာဘက်အခန်းပါ၊မမလေးက ဆန့်ကျင်ဘက်ကိုလျှောက်လာမိတာပဲ""


""သြော်!ဟုတ်လား။ကျေးဇူးနော် ကိုမိုးရိပ်ကင်း""


ယုတ္တိမဆန်သည့်အကြောင်းပြချက်ကိုပေးပြီး ခပ်သွက်သွက်ခြေလှမ်းများနှင့်ထွက်သွားလေတဲ့ မိန်းကလေးကြောင့် သူ မျက်မှောင်တစ်ချက်ကျုံ့မိရကာ စိတ်ထဲလည်းဘဝင်မကျလှ။ စောကတည်းက ဒီမိန်းကလေး ကိုယ့်အပေါ်မသင်္ကာတဲ့မျက်လုံးနဲ့ စူးစမ်းသလိုကြည့်နေတာ ကိုယ်လည်းမသိဘဲရှိမလား။အခုလည်းကြည့်! ဖုန်းပြောတာကို လာပြီးခိုးနားထောင်သေးတာ။


""ဟင်း! တော်တော်စပ်စုတတ်တဲ့ဟာလေးပဲ

ရှေ့လျှောက်မင်းကို သတိထားမှဖြစ်မယ်""


~~~~~ 🍬🍬🍬🍬🍬 ~~~~~


အခန်း (၃၉)ဆက်ရန်


Readers/WritersလေးတွေအားလုံးကVIPပါ


Writer - WineSatt Cho(🍋Lëmoñ🍋)


rate now: