🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၃၇ ] ♡ ••••••••••••
""ဆိုး...ကလေးလေး
ကိုကို ဒီနေ့ကျန်တဲ့ အလုပ်scheduleအားလုံးရှင်းလိုက်ပြီသိလား...ဒီတော့ကိုယ့်ကလေးဘယ်သွားချင်လဲ၊ဘာလုပ်ချင်လဲ ပြော""
""အိမ်ပြန်မှာ""
ဟောကြည့်! လင်းညရိပ်တို့ပိုးစိုးပက်စက်အချေခံရပါပြီ။ ချာတိတ်မက အိမ်အပြန်လမ်းတစ်လျှောက်လုံး ငြိမ်နေကာ ဖုန်းပဲသုံးနေတာမို့ ကိုယ့်မှာဖြင့်နေမရထိုင်မရနဲ့ မျက်နှာလေးထံတကြည့်ကြည့်။ အရဲစွန့်ကာ စကားလေးစပြောတော့လည်း လူကိုတစ်ချက်မှမကြည့်ပါဘဲ ဆောင့်အောင့်ဖြေသည်။သို့သော် အငိုတော့တိတ်သွားတာမို့ တကယ်တော်ပါသေး၏။
""ကိုယ့်ကလေးဗိုက်ဆာနေလား
နေ့လည်စာရောစားထားရဲ့လားကွာ""
""ဟင့်အင်းလေ၊ ကိုကို့ဆီလာရင်းအတူတူစားဖို့ယူလာတာ...အဲ့မှာမှောက်သွားပြီ အကုန်""
""ဟာ!ဒါဆို ကလေးဗိုက်ဆာနေမှာပေါ့
ဘာလို့စောစောမပြောတာလဲ ကလေးရဲ့""
""ကိုကိုမှမမေးဘဲနဲ့""
ကဲ! ဒါလည်းပဲကိုယ့်အပြစ်ပေါ့လေ။ စူစူပုပ်ပုပ်လုပ်နေတဲ့ရုပ်လေးကိုက ဘယ်လိုဖျစ်ညှစ်ပစ်ချင်စရာကောင်းမှန်းမသိ။ စူထော်ထားသည့်နှုတ်ခမ်းလေးဟာလည်း လူကိုနမ်းချင်လာအောင် ဖြားယောင်းနေပြန်ပြီ။
ဟင်း!အခုတော့စိတ်ထိန်းလိုက်ဦး လင်းညရေ!!
တစ်မှုအပေါ် နောက်ထပ်တစ်မှုမဆင့်စေချင်ရင်ပေါ့။
ကိုယ့်ကိုယ်ပဲသတိပေးလျက် သက်ပြင်းလေးအသာချကာ ဆိုးရဲ့ခေါင်းလေးထံဖွဖွလေးလှမ်းပုတ်၍...
""ထမင်းသွားစားရအောင်နော်
ကလေးဘာစားချင်လဲ""
""မစားဘူး""
""မစားလို့တော့ဘယ်ရမလဲကွာ
အဲ့လိုမဆိုးရဘူးလေ""
""ထမင်းမစားချင်ဘူး
မုန့်စားမှာ..မုန့်စားမှာလို့...အဟင့်""
""အေး! အေး! ဟုတ်ပါပြီကွာ
ကလေးစားချင်တာဝယ်ကျွေးမယ်နော်...ထပ်ပြီးမျက်ရည်တွေမကျပါနဲ့၊ခုနလည်းအများကြီးငိုထားတာလေ""
""ဒါဆိုမုန့်ဝယ်ကျွေး၊ မုန့်စားချင်လို့ စိတ်တိုနေပြီနော်""
""ဟုတ်ပြီ၊ဟုတ်ပြီ ခဏလေးစောင့်ပါခင်ဗျာ""
သည်လိုဖြေမှပဲ တစ်ဖက်သို့မျက်နှာလွှဲကာ ငြိမ်သွားပြန်လေရဲ့။ကားလေးအနည်းငယ်ဆက်မောင်းလာပြီးတစ်နေရာအရောက်တွင်တော့ ချာတိတ်မကအပြင်ဘက်ကိုလက်ညှိုးလေးထိုးလျက်ဖြင့်...
""ကိုကို ဟိုမှာကြည့် ဟိုမှာကြည့်""
""ဘာလဲ ကလေးရဲ့""
""အာ! ဟိုနားမှာ မဏ္ဏပ်ဆောက်နေကြတာလေ
ရှေ့တစ်ပါတ်ဆို သင်္ကြန်ကျတော့မှာ...အဟီး!ပျော်လိုက်တာ""
ချက်ချင်းပင်ပြောင်းလဲသွားသည့် အမူအရာကတကယ့်ကလေးလေးနှယ်။ လက်ဖဝါးလေးနှစ်ဖက်ကိုပွတ်၍ အပြင်ဘက်သို့ ဝမ်းပန်းတသာမျှော်ကြည့်နေပုံလေးက ကစားစရာတွေ့သွားသည့် ၃နှစ်သမီးလေးပမာပင်။ သူလည်း ထိုကလေးငယ်အား အမြတ်တနိုးလေးငေးကြည့်ရင်းမှ အသည်းယားလွန်းသည့်စိတ်ကြောင့် ကားကိုပါလမ်းတစ်နေရာတွင်ခဏရပ်လိုက်ပြီး ခန္ဓာကိုယ်သေးသေးလေးကိုရင်ခွင်ထဲထည့်ထားလိုက်ပြန်သည်။
""အ! ဘာလဲ
ဘာဖြစ်ရပြန်ပြီလဲ""
အပြင်ကိုကြည့်နေရင်းမှပင် ရုတ်တရက်ဆန်စွာအနောက်ဘက်ကနေသိုင်းဖက်ခံလိုက်ရ၍ ကိုယ်လေးကျုံ့လျက် ရုန်းဟန်ပြင်သော်လည်း ထုံးစံအတိုင်းသူ့လက်အားကိုမယှဥ်နိုင်ခဲ့သည်နှင့် သူ့ရင်ခွင်ထဲပဲ ရှင်ရှင့်ကျောပြင်လေးမြုပ်သွားရ၏။ထို့နောက် ပုခုံးပေါ် မေးလေးလာတင်ထားကာ ဆံနွယ်လေးတွေကို လေငွေ့နွေးနွေးဖြင့်မှုတ်နေပြန်တော့...
""ဘာဖြစ်ရတာလဲ အဲ့ဒါ
လာပြီးချွဲပြမနေနဲ့နော်...ရှင့်ကိုမသနားဘူး""
""အဟက်! မရတော့ဘူးကွာ
ဒီပေါက်စနလေးကိုအသည်းယားလွန်းလို့ ခဏလောက်ဖက်ထားမှဖြစ်မယ်""
""ဖယ်ပါ""
""မဖယ်ဘူး၊ကလေးပြောတော့ နောက်တစ်ပါတ်ဆိုသင်္ကြန်ကျပြီဆို""
""အင်း!ဟုတ်တယ်လေ""
""ဒါဆို ကိုကို့ကိုစိတ်ကောက်ပြေတော့""
""ဟမ်! ဒီလူကြီးနော်...ဆိုင်ဖြင့်မဆိုင်ဘဲ""
""ဆိုင်တာပေါ့ကွာ၊သင်္ကြန်ဆိုတာ မြန်မာနှစ်ကူးမဟုတ်လား?ဒီတော့ နှစ်ဟောင်းမှာစိတ်ကောက်ခဲ့တာတွေ နှစ်သစ်ကိုသယ်မသွားရဘူး၊ လူကြီးကိုအကြာကြီးစိတ်ကောက်ရင် ကလေးငရဲရလိမ့်မယ်""
""ဟုတ်တော့ဟုတ်တယ်နော်
နှစ်သစ်ကိုစိတ်ကြည်ကြည်လင်လင်လေးထားပြီးဖြတ်သန်းရမယ်""
""အေးကွ! ကိုကိုလည်းအဲ့လိုပဲထင်တယ်""
ကဲ!နှစ်ယောက်သားရဲ့ တလေးတနက်ဆွေးနွေးနေမှုကြီးက ဤတွင်အပြီးသတ်၏။ စကားဆုံးသည်နှင့် ကိုယ့်ဘက်သို့လှည့်လာကာ ရင်ခွင်ထဲ အလိုတူအလိုပါတိုးဝင်လေပြီဖြစ်သော ချာတိတ်မလေးက ထုံးစံအတိုင်းပင် နှလုံးသားရပ်ဝန်းပေါ် နှုတ်ခမ်းနွေးနွေးလေးဖြင့် ဖိကပ်ထားကာ ငြိမ်သက်နေပြန်သည်။သို့သော် ဒီအခြေအနေက စိတ်ကောက်မုန်တိုင်းလေးပြီးမြောက်ကြောင်းကြေညာချက်လို့တော့ ထင်ရပါ၏။ တော်ပါသေးရဲ့! သင်္ကြန်ကယ်ပေလို့။
""ကလေး...ကလေးလေး
ကိုယ့်ကိုစကားပြောပါဦးကွာ""
""မပြောချင်ဘူး၊ ငြိမ်ငြိမ်နေ""
""မဟုတ်ဘူးကလေးရယ်
ကလေးက ကိုကို့ကိုအဲ့လိုစကားမပြောဘဲနေရင် ကိုကိုဘယ်လိုနေရမှာလဲ? ဒီမှာရင်တွေအရမ်းပူတယ် သိရဲ့လား""
""စကားမပြောနဲ့ဆိုနေ""
""မပြောလို့မရဘူးလေ...ကိုကိုက....""
စကားသံကိုဆက်ချိန်မရတော့ပေ။ရင်ခွင်ထဲမှနေ၍ချက်ချင်းဆိုသလိုမော့ကြည့်လာသည့်မျက်နှာလေးနှင့်အတူ နှုတ်ခမ်းဖျားထက် လာရောက်ထိကပ်သော အနမ်းလေးက မထင်မှတ်ဖွယ်ရောက်ရှိလာ၏။ ချိုအီနွေးမြသည့်အနမ်းနုနုက ဒီအတိုင်းလေးထိကပ်ရုံမျှသာကျူးကျော်ပေမယ့် ကိုယ်ကဖြင့် လွန်လွန်ကဲကဲတွေ တုံ့ပြန်မိကာ ထိုခဏ၌စကားသံတို့လည်းတိတ်ဆိတ်သွားခဲ့သည်။ ခဏကြာမှ သူမကဆတ်ခနဲခေါင်းလေးငဲ့ရှောင်သွားကာ မျက်စောင်းလေးချီ၍ ပြောလာသည်က...
""နမ်းချင်လို့နမ်းတာမဟုတ်ဘူးနော်
နားငြီးလို့ နှုတ်ပိတ်လိုက်တာ""
""အဟင်း!ဒါဆို ကိုကိုက ခင်ဗျားလေးနားငြီးလောက်အောင် စကားပြောတော့မယ်ဗျာ""
""ဘာလို့?""
""နှုတ်ပိတ်ခံချင်လို့လေ""
ဒီစကားကြားတော့ သူမက ခေါင်းလေးငုံ့ကာပြုံးနေ၏။ ထို့နောက်ကိုယ့်ရင်ခွင်ဆီပြန်တိုးဝင်၍ မျက်လုံးလေးတွေမှိတ်ကာငြိမ်နေပြန်သည်။
""ကိုကို!""
""ဗျာ!""
""အဆိုးလေ...""
""အင်း!ကိုယ့်ကလေးလေးကဘာဖြစ်လဲ..ပြော""
""အဆိုး တောင်းပန်ပါတယ်""
တိုးတိမ်သွားသည့်လေသံလေးက သနားစဖွယ်မို့ ရင်ထဲထိတ်ရပြန်ကာ ငုံ့ကြည့်မိလျှင်ပဲ သူမက မျက်နှာလေးကို ကိုယ့်ရင်ဘတ်ထဲအတင်းတိုးကာဝှက်လေ၏။
""မကြည့်နဲ့၊မျက်နှာကို...အဆိုးကအတည်ပြောနေတာ""
""ဘာကိုတောင်းပန်တာလဲ ကလေးလေးရဲ့
ဘာအတွက်လဲ""
""ကိုကိုကနည်းနည်းလေးဆူလိုက်ရုံနဲ့ အဆိုးကအကြောင်းရှာပြီး တမင်စိတ်ကောက်တာ၊ရစ်နေတာပါ...တကယ်က ဒီကိစ္စမှာအဆိုးလွန်သွားတာ...သိတယ်""
"".......""
""အဲ့လိုမျိုးကြီးမြင်လိုက်ရတဲ့အချိန်မှာလေ အဆိုးတကယ်ဒေါသဖြစ်သွားတာ...မလုပ်သင့်မှန်းသိတာတောင် ကိုယ့်စိတ်ကိုယ်မထိန်းလိုက်နိုင်ခဲ့ဘူး...အဆိုးကတကယ်အဆင်အခြင်မဲ့လိုက်တာနော်၊ကိုကို့အတွက်လည်း မစဥ်းစားပေးခဲ့ဘူး...ကိုကို ရှက်သွားလားဟင်""
မျက်နှာငယ်လေးဖြင့်မော့ကြည့်ကာ ဆိုလာသည့်အမေးက ရင်ထဲတသိမ့်သိမ့်နွေးထွေးလွန်းစေရဲ့ ...။
သွားပါပြီ။ကိုယ့်အသည်းတွေ ကြွေပါပြီ ကလေးရယ်...။ဒီအဆိုးမလေးက အရာရာမှာကိုယ့်အတွက်တွေးပေး၊စဥ်းစားပေးတတ်နေပြီပဲ။ ဒီအသိလေးတစ်ခုကတင် ရင်ထဲလဆယ်စင်းသာသည့်နှယ်...။အေးမြကြည်နူးလိုက်တာ လွန်ပါရောကွယ်။
""ဆိုးမေးတာ ဖြေဦးလေ""
ကြည်နူးမဆုံးတပြုံးပြုံးဖြစ်နေစဥ် သူသိချင်တာ မဖြေမချင်းကို ပူဆာနေသည့်ကလေးကြောင့် သဘောတကျထပ်ပြုံးမိရပြန်ရင်း နဖူးလေးထံဖွဖွငုံ့နမ်းလိုက်ရင်းမှ သူမရဲ့မျက်ဝန်းလေးအားရင်ဆိုင်ကြည့်ကာ...
""ချစ်သည်းရှင်လေးတစ်ယောက်ကလွဲရင် ကိုကိုဘာမှဂရုမစိုက်ဘူး""
""ဒါပေမဲ့ အခုကကိုကို့ချစ်သည်းရှင်လေးမှားသွားတယ်""
""မဟုတ်ဘူး၊မဟုတ်ဘူး...ကိုယ့်ကလေးလေးမမှားပါဘူး။ကိုကိုကသာ ကလေးရှေ့အထင်လွဲစရာမြင်ကွင်းမျိုးမြင်စေခဲ့တာ...ကိုကိုကသတိထားသင့်တာပါ...ဆိုးလေးတောင်းပန်ဖို့မလိုဘူး..နော်၊ဝမ်းမနည်းရဘူး""
""ဒီလူကြီးနော်...လူကိုအဲ့လောက်အထိအလိုမလိုက်နဲ့။နည်းနည်းလောက်ထပ်ပြီး ဆူချင်ရင်ဆူလိုက်ပါ""
""မဆူရက်ပါဘူးဗျာ!
တော်ကြာဒီအချွဲလေးက ငိုသွားမှဖြင့်""
""မအော်ဘဲနဲ့...ဖြေးဖြေးပြောတဲ့အသံနဲ့ ဆူလေ
အော်တာကြီးမကြိုက်ဘူး""
""အေး! အေး! ဟုတ်ပါပြီကွာ
ကိုကိုက ဒီကလေးကိုအော်လည်းမအော်ရက်ဘူး၊ဆူလည်းမဆူရက်ပါဘူး၊ဒါပေမဲ့ နောက်ဆိုအဲ့လိုမျိုးကိုယ့်စိတ်ကိုယ်အလိုမလိုက်ရဘူး...ကိုယ့်ဘက်က မမှားစေရအောင်ဂရုစိုက်ရမယ်နော်...ကြားလား...နောက်တစ်ခါရန်ဖြစ်ဦးမလား အဲ့လို""
""ဟင့်အင်း! ကိုကို့စကားနားထောင်မှာ""
""အဟင်း!လိမ္မာတဲ့ချစ်သည်းရှင်လေးပဲကွ""
အခုတော့နှစ်ယောက်သားရဲ့ရာသီဥတုကကြည်လင်သွားခဲ့လေပြီ။ပွေ့ဖက်လျက်လေးငြိမ်နေရင်းမှ အပြင်ဘက်သို့နှစ်ယောက်အတူငေးမိသွားရသည့်အခိုက် သူမက သဘောတကျလေးပြုံးရယ်ကာ အပြင်ဘက်တစ်နေရာဆီလက်ညိုးလေးထိုး၍...
""အဆိုးလေ...အဲ့နားမှာချော်လဲဖူးတယ်သိလား...မနှစ်သင်္ကြန်တုန်းက""
""ဟုတ်လား?ကိုယ့်ကလေးသနားပါတယ်ကွာ""
""အမလေး! အသနားမစောနဲ့...ကောင်လေးတွေမှအများကြီးလာကူညီပေးကြတာ ဘာမှတ်!""
""ဟေ! ဟုတ်လား?
အေးနော်...အဲ့ဒါကိုကိုမရှိသေးလို့၊အခုသာအဲ့ကောင်တွေရောက်လာကြည့် လင်းညရိပ်နဲ့တွေ့သွားမယ်ဘာမှတ်!! ဒီမှာမူပိုင်တံဆိပ်နဲ့""
""ခစ် ခစ်! ဒီလူကြီးက ကြွားတတ်လိုက်တာရှင်""
""ကြွားတတ်တာမဟုတ်ဘူး၊ချစ်တတ်တာ""
""သြော်!..သြော်!""
""ဟိုမှာကြည့်...ဟိုဘက်မှာလည်း မဏ္ဏပ်တစ်ခုရှိတယ်နော်""
""အယ်! ဟုတ်တယ်
ဒီနားတွေမှာက မဏ္ဏပ်တွေအများကြီးကိုကိုရဲ့
အခုတောင်နည်းသေးတယ်၊ စောသေးလို့နေမယ်...ဒီနေ့ဘယ်နှရက်လဲ""
""7ရက်""
""နည်းနည်းတော့လိုပါသေးတယ်။ကိုကို မြန်မာသင်္ကြန်ကိုမကြုံဖူးတာ ၅နှစ်ကျော်လောက်ရှိပြီမလား""
""အင်းပေါ့ကလေးရဲ့၊ ကိုကိုကဒီမှာမှအမြဲမနေခဲ့တာ...ဒါပေမဲ့အရင်ကလည်း သင်္ကြန်ရက်တွေဆို အိမ်မှာပဲနေတာ""
""ဟယ်!ဗုဒ္ဓေါ...သင်္ကြန်ရက်ကိုအိမ်မှာဘာလုပ်နေတာလဲ ကိုကိုရယ်...ပျင်းဖို့ကောင်းလိုက်တာ""
""ကိုကိုကအရမ်းဆူညံတာတွေ၊မျက်စိရှုပ်တာတွေသိပ်မကြိုက်ဘူး၊ ဆိုးလေးလည်း ငယ်ငယ်ကရေတွေဆော့ရတာမကြိုက်ပါဘူး...ရေထိတာနဲ့ကိုအော်ငိုတာ...ကိုကိုမှတ်မိတယ်""
""ဟမ်! အဲ့ဒါငယ်သေးလို့ပါ ၃နှစ်၊၄နှစ်ပဲရှိသေးတာလေ...အခုသင်္ကြန်ရေဆော့ရတာကြိုက်သွားပြီ။သင်္ကြန်မှာကြားရတဲ့သီချင်းတွေလည်းအရမ်းကြိုက်တယ်""
""ဟုတ်လား""
""ဟုတ်! ကိုကိုဟိုသီချင်းမှတ်မိလား
`နွေဦးကဗျာ´ဆိုတာလေး...အဲ့ဒါအဆိုးကြိုက်တဲ့သီချင်း""
""အဲ! အရင်ကတော့သိဖူးတယ်
အခုမကြားတာကြာလို့၊နည်းနည်းရောနေပြီ...နှစ်ကြောင်းလောက်ဆိုပြကြည့်""
""ဟိုလိုလေ!
🎶ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူကစဥ်
လက်ခုပ်သံစည်းချက်လိုက်မှာလား🎶
🎶ညီညီညာ ညှင်းသွဲ့သွဲ့
အတာရေသဘင်ပွဲရက်မှာ...ယှဥ်ပြိုင်ရင်းကကွက်မျိုးစုံတယ်🎶
အဲ့သီချင်းလေ ကိုကိုရဲ့""
ကိုယ့်စကားဆုံးသည်နှင့် ချက်ချင်းပင်ပျံ့လွင့်လာသည့် သီချင်းသံလေးက သာယာလွန်းသည်မို့ နံဘေးကပုံရိပ်လေးထံ ငေးခနဲကြည့်မိသွားရပြန်ပါသည်။
ဆိုလို့ပြောသည်နှင့် ခေါင်းလေးငြိမ့်ကာစည်းချက်လိုက်ရင်း တကယ်ပင်ဆိုပြလိုက်သော ပေါက်စန။ချစ်စဖွယ်အသံသေးသေးလေးကလည်း ချိုသာလိုက်ပါပေ့။ နွဲ့ဆိုးကလေ ဘာဆိုဘာမှဟန်ဆောင်ခြင်းတွေရှိမနေသည့် အဖြူရောင်လေး...။တကယ်ကိုကြည်စင်တဲ့crystalလေးပါပဲ။ချစ်ရခြင်းတွေများစွာနဲ့ ဘယ်လောက်တောင်ထိုက်တန်လိုက်သလဲ။ဖြစ်နိုင်ရင် အချစ်ထက်မကပေးချင်တယ်။လိုအပ်ရင် အသက်ကိုလည်း ပေးဝံ့တယ်။ မင်းဘာကြောင့်ဒီလောက်အထိချစ်ဖို့ကောင်းနေတာလဲ ကလေးရယ်...။
""ဟယ်!ကိုကိုဘာလို့အဲ့လိုငြိမ်သွားတာလဲ
အဆိုးရဲ့အသံကမကောင်းလို့ လန့်ပြီးငုတ်တုတ်မေ့သွားတာလား ဟုတ်လား? အဟက်!!""
ရယ်ကျဲကျဲလေးဖြင့်ပြောလာစဥ် ပါးပြင်မို့မို့လေးအား ဖျတ်ခနဲငုံ့မွှေး၍ နဖူးပေါ်ဝေ့ဝဲကျနေသည့်ဆံနွယ်ပျော့ပျော့လေးကိုပါ တိုးဝှေ့နမ်းလိုက်၏။
""ဒီလောက်ချစ်ဖို့ကောင်းတဲ့အသံလေးကိုများ လန့်စရာလားကွာ...ကိုကိုက အရမ်း အရမ်းချစ်လို့ငေးနေမိတာ""
""ပြီးရော...ဒါနဲ့သိသွားပြီလား သီချင်းကို""
""အင်း..ကိုယ်တို့ငယ်ငယ်ကတည်းကကြားဖူးတဲ့သီချင်းပဲ...သိပြီ""
""ဟင့်! ဒါဆိုဗိုက်ဆာတယ်
မုန့်လေ""
""အာ! ကိုယ့်ကလေးလေးဗိုက်ဆာနေပြီ
ခဏ!""
ပါးစပ်ကပြောရင်းမှ လက်ကလည်းကားအံဝှက်ထဲမှ တစ်စုံတစ်ရာကိုထုတ်ယူလေ၏။
""ရော့! ဒါလေးစားနှင့်""
အပြောနှင့်အတူရှင်ရှင့်ဆီကမ်းပေးလာသည်က ချစ်စဖွယ်အထုပ်လေးတွေဖြစ်နေကာ ကိုယ့်အကြိုက်လေးတွေလည်းဖြစ်နေပြန်တော့ မျက်ဝန်းလေးတွေက လက်ခနဲ။
""ဟယ်!ချောကလက်လေးတွေပဲ
ဒါလေးအဆိုးကြိုက်တယ်""
""သိတာပေါ့၊အဲ့ဒါကြောင့် ကိုယ့်အနားမှာအမြဲဆောင်ထားတာ...ကားထဲမှာလည်းရှိတယ်၊ရုံးခန်းမှာလည်းရှိတယ်၊အခုလိုခဏတိုင်းမုန့်ဆာတတ်တဲ့ကိုယ့်ကလေးအတွက်""
""အမလေး! အမလေး! ချစ်လို့သေပြီ""
""ကိုယ့်ကိုလား""
""ဟုတ်ဘူး၊ချောကလက်လေးကို""
""ဟာကွာ!""
""အဟဲ! စတာ...ချောကလက်လေးပေးတဲ့ရှင်ရှင့်ခင်ပွန်းလေးကိုချစ်တာ mwah!""
ပြောရင်းမှပင် နှုတ်ခမ်းလေးချွန်ကာ ပါးတစ်ဖက်ကိုလာနမ်းသွားသည်မို့ ကျေကျေနပ်နပ်ကြီးပြုံးမိရပြန်သည်။
""အဟင်း! ခြွေနေပါ..ဒီမှာလည်းရစရာမရှိအောင်ကြွေနေတာသိရဲ့လား""
""သိသားပဲ။ ချစ်သည်းရှင်လေးက ဒီလောက်ချစ်ဖို့ကောင်းတာ ဘယ်သူမကြွေဘဲနေမလဲ""
""အပြောလေးကတော့ကွာ...""
""တော်ပြီ၊မစနဲ့တော့
မုန့်စားပြီ""
""အင်းပါ၊အင်းပါ""
""ကားမောင်းတော့လေ
ဒီချောကလက်တွေကုန်လို့မှ မုန့်ဆိုင်မရောက်သေးရင် ပြသာနာရှာမှာနော်""
""အဟွန်း! ကြောက်လိုက်တာဗျာ""
ထိုသို့ စစနောက်နောက်ပြောနေရင်းမှပင် အချိန်အတော်ကြာရပ်နေမိသောကားလေးက နေရာမှပြန်ရွေ့ဖြစ်ခဲ့တော့သည်။
~~~~~ 🍬🍬🍬🍬🍬 ~~~~~
""Ring Ring!""
ကုတင်ထက်ခပ်လျော့လျော့လေးမီကာ Laptopတစ်လုံးနှင့်အလုပ်ရှုပ်နေစဥ် ဖုန်းမြည်သံကြောင့် ဖျတ်ခနဲယူကြည့်မိတော့ နံပါတ်ကခပ်စိမ်းစိမ်း။ သို့သော်အလုပ်ကိစ္စကမ်းလှမ်းမှုလည်းဖြစ်နေနိုင်၍ ဖုန်းကိုဖွင့်ကိုင်လိုက်ကာ...
""Hello! ချစ်ကြိုးသွယ်ပါ""
""Hi!ကိုယ်က မင်းရဲ့ကျေးဇူးရှင်ပါ
မင်းနေကောင်းရဲ့လားလို့ အခြေအနေလေးမေးချင်တာ""
""ကျမရဲ့ဖုန်းနံပါတ်ဘယ်လိုသိတာလဲ""
""အဲ့နေ့ကကိုယ်ပြောတယ်လေ၊ မင်းရဲ့personalကိုနည်းနည်းစပ်စုမိတယ်လို့""
""ဟုတ်ပြီ။ကျမနေကောင်းပါတယ် ကိုမိုးရိပ်ကင်း""
""Wow! ကိုယ့်နာမည်ကိုမှတ်မိတယ်လား""
""တစ်ခါဆုံဖူးတဲ့သူပဲဖြစ်ပါစေ၊ချစ်ကြိုးလွယ်လွယ်မမေ့တတ်ပါဘူး""
""သြော်!ဝမ်းသာရမှာပေါ့""
""ရှင့်သဘောပါ""
""မင်းကလေ...စကားပြောတာလေးကအစ ဆတ်တောက်တောက်လေး...ဘယ်လိုမှန်းကိုမသိတာ။ဒါနဲ့အခုနေကောင်းရဲ့လား""
""အင်း! အိမ်မှာတစ်ရက်၊နှစ်ရက်နားနေတာမို့အများကြီးသက်သာနေပါပြီ""
""ဒါဆို ကိုယ့်ကိုကျေးဇူးဆပ်လို့ရပြီလား""
""ရှင်!""
""Sorryကွာ!ကိုယ်ပြောချင်တာက ကိုယ်တို့တစ်ခါလောက်ထပ်ဆုံပြီး နေ့လည်စာပဲဖြစ်ဖြစ်အတူစားရအောင်လေ...ကိုယ့်ကိုကျေးဇူးဆပ်တဲ့အနေနဲ့ပေါ့""
""ရပါတယ်၊မခက်ဘူး
နေရာကိုရှင်ရွေးလိုက်ပါ..ကျမအလုပ်လုပ်နေလို့ဖုန်းချပြီနော်""
ခပ်ဆတ်ဆတ်လေးသာပြန်ပြောပြီး ဖုန်းကိုချပစ်ကာ ကိုယ့်အလုပ်ကိုပြန်လုပ်နေလိုက်စဥ် မေမေကအခန်းထဲဝင်လာကာ လက်ထဲကပန်းကန်လေးအားစားပွဲပေါ်လှမ်းတင်၍...
""သမီး...နေလို့မကောင်းဘဲအလုပ်တွေသိပ်မလုပ်ပါနဲ့၊နားနားနေနေလေးရှိမှ သက်သာမှာပေါ့၊ဒီမှာ သစ်သီးလေးနည်းနည်းစားဦး""
""ဟုတ်၊မေမေ...သမီးသက်သာနေပါပြီ""
""ဒါနဲ့သမီးနဲ့မောင်နေလကြားမှာပြသာတစ်ခုခုရှိခဲ့လား""
""ဘာလို့မေးတာလဲ မေမေ""
""သူက မကြာခင် Americaမှာရှိတဲ့company projcetတစ်ခုကိုတာဝန်ယူဖို့ ထွက်တော့မယ်တဲ့၊သမီးရောသိပြီးသားလား?""
ဒီအမေးကိုကြားရတော့ laptop keyပေါ်ရွေ့လျားနေသည့်လက်ချောင်းသွယ်သွယ်လေးများ တုံ့ခနဲရပ်ဆိုင်းသွား၏။ မပိုင်ပါဘဲ...၊ဆိုင်လည်းမဆိုင်တော့ပါဘဲ ရင်ထဲတစ်မျိုးတစ်မည်ဖြစ်သွားရသည့်ခံစားချက်ကဘာများပါလိမ့်!
သူ...။သူ ချစ်ကြိုးကိုများစိတ်နာသွားလေသလားကွယ်။အဲ့လိုဆိုရင်တောင် ဒီလောက်အဝေးကြီးအထိထွက်သွားဖို့မှမလိုအပ်ဘဲ...။
""သမီးတို့ကအရွယ်လည်းရောက်နေပြီမို့ မေမေတို့လူကြီးတွေအတင်းအကျပ်မစီစဥ်တိုင်း၊မမေးတိုင်း ဘာမှမသိဘူးလို့တော့မထင်နဲ့နော်...သမီးနဲ့သူတစ်ခုခုပြသာနာဖြစ်ခဲ့ပြီမလား..အရင်ရက်တွေကပဲအကောင်း၊အခုမှကောက်ကာငင်ကာ သွားမယ်ဖြစ်တာ အကြောင်းတော့ရှိမှာပေါ့""
"'သမီးတို့ပြသာနာကြီးကြီးမားမားမဖြစ်ခဲ့ပါဘူး""
""ဒါဆို သူကမိဘတွေစီစဥ်တဲ့ကိစ္စကိုအနုနည်းနဲ့ဆန့်ကျင်ပြတဲ့သဘောလား""
""သူ မဟုတ်ဘူးမေမေ
သမီးပါ...သမီးသူ့ကိုငြင်းလိုက်တာ၊သူက သမီးအပြစ်လိုမဖြစ်စေချင်လို့ တမင်ရှောင်ထွက်ပေးလိုက်တာနေမှာပါ""
""အဟင်း! ထင်ပါတယ်၊ငါ့သမီးရဲ့စိတ်အစွဲအလမ်းကိုဖျောက်ရခက်မှန်းမေမေသိတယ်...ငယ်ငယ်ကတည်းက တစ်ခုခုကိုကြိုက်ပြီဆို အဲ့တစ်ခုမှမရင် နေမကောင်းဖြစ်တဲ့အထိပဲ။တခြားတစ်ခုကိုလည်း အစားမထိုးဘူး...။တကယ်လို့ အစားထိုးစရာရခဲ့ရင်တောင် တန်ဖိုးမထားတတ်တာ...မေမေ့သမီးရဲ့အကျင့်""
"".....""
""ဒါပေမဲ့သမီး အခုကိစ္စကအရင်နဲ့မတူဘူး။ဒါကြောင့် လင်းညအပေါ်ထားနေတဲ့စိတ်ကိုရုတ်သိမ်းလိုက်ပါ...သမီးညီမလေးကိုမသနားဘူးလား?လင်းည သူ့ကိုဘယ်လောက်ချစ်လဲရော သမီးမမြင်ဘူးလား...ဒါတောင်လက်မလျှော့နိုင်သေးရင် မေမေ့သမီးလေး ပင်ပန်းမှာပေါ့""
ဒီစကားကြားတော့ ချစ်ကြိုးဖြင့် ဟက်ခနဲတောင်ရယ်လိုက်ချင်သည်။ အစကတည်းက အားလုံးကိုသိနေလျက်နဲ့များ ဘာလို့ရှင်ရှင့်ဆီအလွယ်တကူပေးလိုက်သေးလဲ?တကယ်ဆိုအဲ့ဒီကိစ္စဟာမတော်တဆပဲ။ တခြားဘယ်သူမှလည်းသိတာမဟုတ်လို့ မိသားစုနှစ်ဖက်ညှိနှိုင်းလျှို့ဝှက်လိုက်ရင်ရနေတာပဲ။ ဇွတ်အတင်းချဲ့ကားပြောတဲ့လူကြီးတွေကြောင့်သာ အခုလိုတွေဖြစ်ကုန်ရတာလေ။
အခုမှပင်ပန်းမှာစိုးရိမ်သတဲ့လား...။ ဟင့်အင်း! မပင်ပန်းပါဘူးမေမေ။ မျှော်လင့်ချက်တစ်ခုနဲ့အသက်ရှင်တဲ့သူဆိုတာ အမြဲတမ်းတောက်ပနေမှာပဲလေ...။ သူတို့ကြားထဲမှာဘာကန့်သတ်ချက်တွေရှိလဲဆိုတာ မေမေသိရဲ့လား။
ချစ်သည်းရှင်ဟာ တနေ့ကျရင် လင်းညရဲ့ဘေးကနေ ပျောက်ကိုပျောက်ကွယ်သွားမှာ။
ကံဆိုတာ အမြဲတမ်းတသမတ်တည်းကောင်းမနေဘူးမဟုတ်လား။ပြီးတော့ အတုအယောင်တွေဆင်မြန်းတဲ့ ကံကြမ္မာဟာ ပိုပြီးတော့တောင်ကွဲကြေလွယ်သေးတာ။
""အဟင်း!!""
~~~~~ 🍬🍬🍬🍬 ~~~~~
""မင်း ဘာပြောတယ် နေလ""
""ဟုတ်တယ်၊ငါ့အတွက်နည်းနည်းလောက်အချိန်လိုတယ်""
""ဘာဖြစ်တာလဲ..မင်းနဲ့ချစ်ကြိုးအဆင်ပြေနေတာပဲမဟုတ်လား?မိဘတွေချင်းလည်းပြောစရာမလိုအောင်အဆင်ပြေပြီးသားလေ""
""မင်းသိသလောက်မလွယ်ပါဘူး လင်းညရာ""
ညည်းညူသလိုလေသံဖြင့် သက်ပြင်းချကာပြောနေသည့် နေလကြောင့် သူလည်းစိတ်မကောင်းနိုင်ပါ။ဘာတွေဘယ်လိုဖြစ်တယ်မသိ၊နေလက နိုင်ငံခြားကိုအပြီးအပိုင်ထွက်သွားဖို့အထိရည်ရွယ်နေပြီမို့ သက်ပြင်းလေးသာဖွဖွချမိလျက်မှ...
""နည်းနည်းလေးတောင်ညှိနှိုင်းဖို့မစဥ်းစားတော့ဘူးလား...မင်းတို့နှစ်ယောက်လုံးက ငါ့သူငယ်ချင်းတွေဆိုတော့ ဘက်လိုက်ရလည်းခက်သား""
""စိတ်ညစ်မခံပါနဲ့တော့ကွာ
ငါတစ်ယောက်တည်းနဲ့တင်လုံလောက်ပြီ။ငါတို့ဇာတ်လမ်းကပြီးပြီ""
""ဟိုကလေးလေးသိရင်စိတ်မကောင်းကဖြစ်ဦးမယ်၊သူက မင်းနဲ့အပြောအဆိုသာမတည့်တာ မင်းကိုသူ့ခဲအိုနေရာပေးပြီးသား""
""ချစ်သူရည်းစားလမ်းခွဲခြင်းလေးတစ်ခုပါပဲကွာ
ဒီအတိုင်းငါတို့ကသဘောထားချင်းမတိုက်ဆိုင်လို့ နားလည်မှုနဲ့လမ်းခွဲတာ၊သူလည်း ခေတ်လူငယ်ပဲ...နားလည်မှာပါ""
""ငါက မင်းတို့မကြာခင်လက်ထပ်ဖြစ်မယ်တောင်ထင်တာ""
""အဟက်!""
လင်းညရဲ့စကားကြောင့် သူ ဟက်ခနဲကိုရယ်မိသည်။နာကျင်မှုကိုအံတုကာ အားတင်းပြုံးလိုက်ခြင်းမို့ထိုအပြုံးက မချိပြုံးတော့ဖြစ်သွားမည်ထင်ပါ၏။
ရိုးသားနေတာလား လင်းညရိပ်!ဒါမှမဟုတ် လုံးဝကိုစိတ်မဝင်စားလို့မြင်အောင်မကြည့်ဖြစ်တာလား...။ချစ်ကြိုးသွယ်နဲ့ဘုန်းနေလ မနီးစပ်နိုင်ရတဲ့အကြောင်းအရင်းဟာ `မင်း´ပါလို့ ငါပြောခဲ့ရင် မင်းဘာများပြောလာမှာလဲ? ဒီအတွက်ကြောင့်နဲ့ ချစ်ကြိုးကမင်းရဲ့ကလေးလေးအပေါ် အမြဲချောက်တွန်းဖို့စဥ်းစားနေခဲ့တာ။မုန်းစိတ်တွေထားနေခဲ့တာ...။ဒါတွေငါသိပေမယ့် မပြောနိုင်ခဲ့လို့အားနာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါချစ်ကြိုးကို ကာကွယ်ခဲ့ချင်တယ်။ သူ့ရဲ့darksideကို စောင့်စည်းဖို့လည်းကတိပေးထားတာမို့ ဒါဟာလွဲမှားတဲ့ ကာကွယ်မှုဆိုလည်းပဲ ငါ့နှုတ်ကနေတော့ပြောမထွက်နိုင်လို့ပါ သူငယ်ချင်းရယ်...တောင်းပန်ပါတယ်။
ပြီးတော့ မင်းကိုလည်းယုံကြည်တယ်။
""ဟင်း!""
စိတ်ထဲကစကားတို့အထပ်ထပ်ဆိုပြီးနောက် ရှိုက်မိသောသက်ပြင်းက ခပ်ဖွဖွ။ထို့နောက်လင်းညရဲ့ပခုံးအား လှမ်း၍ဆုပ်ကိုင်လိုက်ကာ...
""နောက်နှစ်ပါတ်နေရင် ငါသွားတော့မယ်
မင်းရဲ့ကလေးကို ခေါ်လာခဲ့ဦး၊ပြန်ဆုံရဖို့မသေချာတော့နှုတ်ဆက်ခဲ့ချင်တယ်""
""ပြန်မလာတော့မယ့်သူလိုမပြောပါနဲ့ကွာ
ခဏတဖြုတ်သွားပြီး သေချာစဥ်းစားဆုံးဖြတ်ကြည့်!""
""သူ့အကြောင်းကိုငါသိတယ်
သူကအသည်းမာတယ်၊အစွဲကြီးတယ်
သူ့စိတ်ကိုပြောင်းလဲနိုင်ဖို့ခက်လိမ့်မယ်""
""Ring Ring!""
စကားပြောနေစဥ်မှာပင် ဖုန်းသံလေးကမြည်လာ၏။မကိုင်ဘဲနေလို့မရသည့် ကိုယ့်အသည်းကျော်လေးရဲ့နံပါတ်မို့ ရင်ဖွင့်ညည်းညူနေသည့် သူငယ်ချင်းဖြစ်သူထံ အားတုံ့အားနာလေးကြည့်၍...
""ခဏလေးနော်! ဒီဖုန်းကမကိုင်လို့မရဘူး""
""သိပါတယ်ကွာ
အမွှေစိန်မဟုတ်လား""
""အေး!
Hello!""
""အဟင့်! ဟင့်! ကိုကိုဘယ်မှာလဲ""
နေလဘက်ကိုခပ်ပြုံးပြုံးလေးဖြင့်ခေါင်းငြိမ့်ပြနိုင်သော်လည်း ဒီဘက်ကကြားလိုက်ရသည့်ငိုသံသဲ့သဲ့လေးကြောင့် အပြုံးကပျက်ရချေပြီ။စိတ်ထဲလည်း တုန်လှုပ်စိုးရိမ်ခြင်းများစွာဖြင့် ချက်ချင်းပင် ထိုင်နေရာမှထရပ်မိကာ...
""ကလေးလေး ဘာဖြစ်လို့လဲ
ဘာဖြစ်လို့ငိုနေတာလဲ ကိုကို့ကိုပြောစမ်း""
""ဗိုက်အောင့်လို့...အဟင့်!
အဆိုးသေတော့မယ်နဲ့တူတယ်""
""တစ်ခုခုအစားမှားသွားလားကလေးရယ်
ဘယ်လောက်ထိတောင်အောင့်နေလဲ""
""မသိဘူး၊အရမ်းပဲအောင့်တယ်
ဗိုက်ထဲမှာ ပူထူပြီးနေလို့မရတော့ဘူး""
""အစပ်တွေစားလိုက်တာလား ဟုတ်လား""
""ဟုတ်!Spicyခေါက်ဆွဲ
Levelအမြင့်ဆုံး""
""ကျစ်! အရမ်းစပ်တာတွေမစားရဘူးလို့ ကိုကိုပြောထားတယ်လေကွာ...ခဏလေးနော်! ကိုကိုအခုပြန်လာမယ်၊ခဏလေးပဲစောင့်""
ဖုန်းချပြီးသည်နှင့် လူမှာအပြေးအလွှားတွေ ခြေလှမ်းပြင်မိရတော့ သူငယ်ချင်းကိုပါမေ့သည်။ပြောလက်စအကြောင်းအရာကိုလည်း မေ့ကာ စိတ်ကအိမ်ကိုတန်းရောက်သွား၏။ ဒါကိုနေလကလည်း သဘောပေါက်သည်။ ထို့ကြောင့်သူလည်း နေရာမှထရပ်၍...
""ပြသာနာများတဲ့ကလေး...
ဘာဖြစ်ပြန်ပြီတဲ့လဲ""
""မတည့်တာတွေစားတယ်လေ
အစပ်တွေစားနိုင်တာလည်းမဟုတ်ဘဲ လက်ဆော့ထားပြန်ပြီ၊ဗိုက်အောင့်နေလို့တဲ့...ငါသွားမှဖြစ်တော့မယ်""
""အေးပါ..သိတယ် မီးခဲဖင်ခုဖြစ်နေပြီမှန်း""
""သွားတော့မယ်
မနက်ဖြန်ကျရင် မင်းတို့ကိစ္စဆက်ပြောမယ်နော်..စိတ်မရှိပါနဲ့ကွာ၊sorry""
""ရတယ်၊မင်းသွားမှာဖြင့် သွား""
စကားဆုံးသည်နှင့် ကိုယ့်ရှေ့မှလှစ်ခနဲပျောက်သွားသည့်လင်းညက လေအလျင်ထက်ပင်မြန်ဦးမည်ထင်ရဲ့။ သူ့ကလေးမတစ်ခုခုဖြစ်တာနဲ့ နေမရ၊ထိုင်မရ ပျာယာခတ်တတ်သော လင်းညကြောင့် နေလကတော့ ပြုံးယောင်လေးသာပြုမိတယ်။
မင်း ဘယ်လိုဆက်လုပ်မလဲ ချစ်ကြိုးသွယ်...
အဲ့ဒီ့ချစ်ခြင်းရေစက်ရဲ့ခိုင်မြဲမှုကို ဘယ်လိုနည်းလမ်းနဲ့ဖြတ်တောက်မလဲ?ဘယ်အရာက လင်းညရဲ့အချစ်စိတ်ကို ပျက်ယွင်းသွားစေမှာလဲ?
မင်းက လင်းညရိပ်ရဲ့အချစ်ကိုလျှော့တွက်နေတာလား?မင်းကိုယ်မင်း အထင်ကြီးနေတာလားမသိပေမယ့် ဒီပွဲမှာ သေချာပေါက်မင်းရှုံးလိမ့်မယ်...။
မင်းရှုံးရလိမ့်မယ် ချစ်ကြိုးသွယ်။
အဲ့ဒီ့တနေ့ကိုကြုံလာခဲ့ရင် မင်းမငိုရစေဖို့ကိုယ်ဆုတောင်းပေးခဲ့ချင်တယ်။
ကံကောင်းပါစေ ချစ်သူရယ်...။
~~~~~ 🍬🍬🍬🍬🍬 ~~~~
အခန်း (၃၈)ဆက်ရန်
Readers/Writersလေးတွေအားလုံးက VIPပါ
Writer -WineSatt Cho(🍋Lëmon🍋)