🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၃၆ ] ♡ •••••••••••
""ကလေး! ကိုကိုရှင်းပြမယ်
ဒါမတော်တဆဖြစ်တာနော်...ကိုကိုက...""
""အဟင့်!""
အနားသို့ပြေးသွားကာ ပျာပျာသလဲချော့လေမှ မျက်ရည်တွေကျလာ၍ သူ့မှာဘာကဘယ်လိုစပြောရမှန်းပင်မသိ။နှလုံးသွေးတွေဆောင့်တိုးလာရပြီး သူမကိုယ်လေးကို ရင်ခွင်ထဲထွေးဖက်ထားလိုက်တော့ လူးလွန့်ကာရုန်း၏။
""ဆိုးလေး...မငိုပါနဲ့ ကလေးရယ်
ကိုကို မင်းနောက်ကွယ်မှာဘာတစ်ခုမှမဟုတ်တာမလုပ်ဘူး၊အခုက တကယ်မတော်တဆဖြစ်သွားတာ""
""ဘာကိုမတော်တဆလဲ...ကိုကိုအဲ့ဒီမိန်းမနဲ့ဖက်တောင်ဖက်မိတော့မလိုပူးကပ်နေတာ မတော်တဆလား""
""ခွမ်း!!""
အသံစူးစူးလေးဖြင့်အော်ဟစ်၍ လက်ထဲကိုင်လာသည့်ထမင်းဗူးအိတ်ကိုလည်း လွှင့်ပစ်လိုက်တာမို့ အသံတွေညံသွားရကာ အခြေအနေကတော့ရှင်းရခက်မည့်ဘက်သို့ ဦးတည်လေပြီ။
""မဟုတ်ဘူး ကလေးရယ်
မင်းအထင်လွဲနေပြီကွာ...
ကိုကို့ကိုကြည့်ပါဦး""
နှုတ်ကတတွတ်တွတ်ပြောရင်း ရှင်ရှင့်မျက်နှာလေးအား သူ့လက်ဖဝါးနှစ်ဖက်ဖြင့် ပင့်ကိုင်ကာ မော့ကြည့်စေ၏။ စိုးရိမ်မှုတို့ရိုက်ခတ်နေသည့်အသံလှိုင်းက အဖျားခတ်တုန်ယင်နေသယောင်ရှိတာ ရှင်ရှင်သတိထားမိသည်။ သို့နှင့် သူ့မျက်နှာဆီပြန်မော့ကြည့်တော့ စိုးရိမ်တကြီးငုံ့ကြည့်နေသောမျက်ဝန်းများကအထင်းသား။
""အဟင်း! Darling ရှင့်ဘေဘီကအရမ်းsensitiveဖြစ်တာပဲနော်...အသည်းငယ်လိုက်တာ""
""တောက်! မင်းဘာမှဝင်မပြောတာကောင်းလိမ့်မယ် scarlet...အခုချက်ချင်းငါ့အခန်းကနေသွားလိုက်တော့""
ကိုကိုကဒေါသတကြီးလှည့်အော်လိုက်စဥ် ဟိုမိန်းကလေးက ခပ်မဲ့မဲ့ပြုံးကာပုခုံးတစ်ချက်တွန့်ပြ၏။ထိုမိန်းမကို ရှင်ရှင်သိပါသည်။ ပါတီပွဲမှာတုန်းကလည်း ကိုကို့အနားလာကပ်နေတာ သူပဲမဟုတ်လား?အခုလည်းကိုကို့ဆီရောက်နေပြန်ပြီ။ ဝတ်ထားသည်ကလည်း လျှပ်ပေါ်လော်လီသော sexyဆန်ဆန်ဒီဇိုင်းတွေနှင့်...ဆံပင်တွေကအစရဲရဲနီကာ မျက်နှာကလည်း မင်းသမီးရှုံးလောက်အောင်ပင် ခြယ်သထား၏။
တောက်! ရာရာစစ ဒီလိုပုံစံနဲ့ ဘယ်သူ့ကိုလာမြူဆွယ်ချင်ရတာလဲ?
တွေးရင်းမှပင် ရင်ထဲတလိပ်လိပ်တက်လာသည့်ဒေါသက ကိုကို့ဆီမဦးတည်တော့ဘဲ ထိုမိန်းမထံရောက်သွားကာ ဒေါသအရောင်တွေလက်နေသည့်မျက်ဝန်းတို့က စူးခနဲ။
""နင် ဘာလို့ ငါ့ကိုကိုအနားလာကပ်နေတာလဲ""
""အဟင်း! အရှင်းဆုံးပြောရရင် youနဲ့လက်မထပ်ခင်ကတည်းက သူ့ကို တို့အရင်ဦးခဲ့တာနော်...youသိဖို့ပြောပြတာ""
""ဘာ!""
"".....""
""ကိုကို...သူ...""
""မဟုတ်ဘူး၊မဟုတ်ဘူး ကလေး
ကိုကိုနဲ့သူ ဘာမှမပတ်သက်ခဲ့ဖူးဘူး""
""ဒါပေမဲ့ scarletကတော့ ရှင့်ကိုအရမ်းချစ်ခဲ့တာ""
""တောက်!""
သည်တစ်ကြိမ်မှာတော့ ရှင်ရှင့်ဒေါသစိတ်တွေဒီဂရီမြင့်တက်သွားရချေပြီ။`ဘာမှမပတ်သက်ခဲ့ဘူး´ဟူသည့်ကိုကို့စကားကိုလည်း အကြွင်းမဲ့ယုံကြည်လိုက်ပြီး တရားဝင်ဇနီးရဲ့ရှေ့မှာတောင် ချစ်ကြောင်း၊ကြိုက်ကြောင်းလာပြောရဲသည့် ထိုမိန်းကလေးကိုတော့စူးစူးရဲရဲစိုက်ကြည့်လိုက်၏။ထို့နောက် ခြေလှမ်းများကရှေ့ဆက်သွားကာ လက်နှစ်ဖက်ကလည်း ထိုမိန်းမရဲ့မျက်နှာဆီဦးတည်သွားရသည်။ `ချစ်သည်းရှင်´ဆိုတာ ဒီလိုမြင်ကွင်းမျိုးရှေ့ မျက်ရည်လေးလည်ပြီး နောက်ပြန်လှည့်ပြေးမည့်လူစားမျိုးတော့မဟုတ်ပါ။ ဒီလိုပြကွက်တွေDramaထဲပါရင်တောင် စိတ်မရှည်တတ်တာ။ အခုလိုကိုယ်တိုင်ကြုံတွေ့လာမှဖြင့် တစ်ပွဲတစ်လမ်းတွေ့ကြသေးတာပေါ့...ဟင်း!!
""အ! အား!!""
ရုတ်တရက်လျင်မြန်စွာလှုပ်ရှားလိုက်ခြင်းကို လင်းညမှာတားချိန်တောင်မရလိုက်ပေ။နွဲ့ဆိုးတစ်ယောက်ကဖြင့် scarletရဲ့ဆံပင်တွေကိုဆွဲကာ မျက်နှာကိုကုပ်ဆွဲပစ်လေ၏။ထိုမြင်ကွင်းကြောင့် သူ့မှာမျက်လုံးတွေပင် ပြာဝေရင်း ကိုယ့်ကလေးကိုယ် ပြန်ထိန်းရတော့သည့်အဖြစ်။
""ကလေး!...ကလေး!
အဲ့လိုမလုပ်ရဘူးလေ""
""အ! နင် ရိုင်းလှချည်လား
ငါ့ကိုလွှတ်စမ်း""
""မလွှတ်ဘူး၊ နင်ဘာလို့ ငါ့ယောကျ်ားကိုမြူဆွယ်သေးလဲ""
""ဟာကွာ! ကလေးရေ
လွှတ်လိုက်လို့ ကိုကိုပြောနေတယ်""
အဆက်မပြတ်လှုပ်ရှားနေသောလက်လေးတွေအား လိုက်၍ဖမ်းဆွဲပါသော်လည်း သူမကနည်းနည်းမှအလျှော့မပေး။ထို့အပြင် scarletကပါ ပြန်ခုခံရင်းလက်တွေက ဆိုးလေးဆီထိမိတော့မလိုဖြစ်နေတာကြောင့် လင်းညကအလယ်၌ ဝင်ရပ်လိုက်၏။ဒါတောင် နွဲ့ဆိုးကကျေနပ်မနေသေးပုံဖြင့်ခြေလှမ်းကိုရှေ့သို့ရွှေ့လာစဥ်...
""တော်တော့...တော်တော့လို့ ကိုကိုပြောနေတယ်
ချစ်သည်းရှင် မင်းအရမ်းကိုရိုင်းတတ်နေပါလား""
""ကိုကို!!""
အရှိန်တန့်သွားစေရန် ခပ်တည်တည်ပဲစူးစိုက်ကြည့်၍ အော်လိုက်မိပါသည်။လေသံတစ်ချက်မာကာဆူမိလိုက်သည်နှင့် ကိုယ့်အသည်းအသက်ရဲ့မျက်ဝန်းလေးက ပြိုမလိုမှိုင်းညို့လာပြီ။မဆူလို့လည်းမဖြစ်တော့ပါ။အပြင်ဘက်မှာ ဝန်ထမ်းတွေလည်းအများကြီးရှိနေပြီး ဆူညံနေသည့်အသံတွေကြောင့် ဒီနေရာကိုအာရုံစိုက်စောင့်ကြည့်နေမှာမလွဲ။လက်ရှိမှာ scarletကကိုယ့်ဆီလာတဲ့ဧည့်သည်ပဲမို့ ဒီလိုပြုမူဆက်ဆံခြင်းဟာလုံးဝမသင့်တော်သည့်အရာလေ။ ပြီးတော့ ကိုယ့်ကလေးအလွန်လို့သူများတွေဝိုင်းပြီး အပြစ်တင်မှာမျိုးကိုလည်းမလိုချင်။ဒီတော့ ကိုယ်ကပဲလူဆိုးအဖြစ်ခံရတော့မည်မဟုတ်လား။
""ကိုကို...အဆိုးကိုအော်တယ်ဟုတ်လား?
အဲ့ဒီ့မိန်းမကြောင့်နဲ့ ကိုကိုက...""
တကယ်ပင် သူ့လေသံခပ်စိမ်းစိမ်းကြောင့် ရှင်ရှင့်ရင်ထဲအကြီးအကျယ်ဝမ်းနည်းသွားရပါသည်။တစ်ကြိမ်တစ်ခါမှ ဒီလိုမအော်ငေါက်ခဲ့ဖူးပါဘဲ အခုကိုကိုက...ကိုကိုက...သူစိမ်းမိန်းမတစ်ယောက်ရှေ့မှာ ရှင်ရှင့်ကိုအော်လိုက်သည်ပဲ။
ရင်ထဲအောင့်သက်ဝမ်းနည်းခြင်းနဲ့အတူ မျက်ရည်တွေကပါအလိုလိုစီးကျ၏။ထို့နောက် ရှေ့မတိုးချင်တော့သောခြေလှမ်းများကို နောက်ပြန်ဆုတ်မိရကာ...
""အဟင့်!! ကိုကို့ကိုမချစ်တော့ဘူး""
""ကလေးဘယ်သွားမလို့လဲ၊မသွားရဘူး""
""လွှတ်!! အဆိုးဘာသာ ဘယ်သွားသွား...ရှင့်အပူမပါဘူး""
လှမ်းဆွဲထားသည့်လက်လေးကိုဆောင့်ရုန်းကာ ချာခနဲလှည့်ပြေးသွားလေတဲ့ ကလေးမ...။ သိပါတယ်၊သူ့အပေါ်လေသံမာမာနဲ့တောင်မပြောခဲ့ဖူးတဲ့ ကိုယ်က မျက်နှာတည်ဖြင့်အော်ငေါက်မိလိုက်ခြင်းအတွက် တော်တော်လေးဝမ်းနည်းသွားရှာမှာ။
""ရှင့်ladyက တအားရိုင်းတာပဲ
ဘယ်လိုမိန်းကလေးမျိုးလဲ?နည်းနည်းပါးပါးလူမှုရေးတောင်နားမလည်ဘူးလား""
""မင်းအခုထိငါ့ရှေ့ကနေမသွားသေးဘူးလား""
""ဒီမှာ...scarletရဲ့မျက်နှာကိုကြည့်ဦး
သူ့ကြောင့်သွေးတောင်ထွက်သွားပြီ""
""Sorryပဲ...ငါ့ကလေးအစား ငါတောင်းပန်တယ်
ဆေးကုစရိတ်လိုရင်ဆက်သွယ်လိုက်""
ထိုစကားကိုပြောပြီး နောက်လှည့်မကြည့်စတမ်းပြေးထွက်လာရင်း လျင်မြန်စွာဦးတည်ခဲ့သောခြေလှမ်းများရဲ့ဦးတည်ဘက်က နွဲ့ဆိုးရှိရာဆီ။ သို့သော် အရိပ်အယောင်ပင်မတွေ့ရတော့ပြီမို့ရင်ထဲပူလောင်ရပြန်၏။ ဖုန်းတွေဆက်တိုက်ခေါ်တော့လည်း စက်ပိတ်ပစ်လိုက်သည်မို့ လူမှာရူးတောင်သွားလိုက်ချင်သည်။
သေချာတယ်၊ဒီတစ်ခေါက်တော့ ကလေးလေးအရမ်းကိုစိတ်ဆိုးသွားချေပြီပဲ။
~~~~~ 🍬🍬🍬🍬🍬 ~~~~~
""အင့်! ဟင်း!""
ခပ်လေးလေးဖြစ်နေသောမျက်ခွံတို့ကိုဖြေးဖြေးချင်းအားယူဖွင့်ကြည့်လိုက်မိတော့ အရင်ဦးဆုံးမြင်လိုက်ရသည်က ဖြူဖွေးနေသည့်မျက်နှာကျက်တစ်ခု။ ထို့နောက်ကျောပြင်အောက်မှာ ထိတွေ့ခဲစားမိသည်က အိစက်ညက်ညောသည့်အရာ။
အလို! ဒါဘယ်နေရာကြီးလဲ?
ချစ်ကြိုးဘယ်ကိုရောက်နေတာလဲ?
စိမ်းသက်သက်နေရာကြောင့် မျက်ဝန်းလေးတွေဟိုသည်ရွှေ့ကြည့်ကာ အကဲခတ်နေစဥ် မျက်နှာစိမ်းယောကျ်ားတစ်ဦးက အခန်းထဲဝင်လာ၏။
""သြော်! မင်းသတိရလာပြီပဲ
သက်သာရဲ့လား""
""ရှင်ကဘယ်သူလဲ""
""မင်းကိုကူညီပေးတဲ့သူလေ
စောစောကမင်းအလုပ်ကိစ္စပြောဖို့လာတဲ့coffee barမှာ သတိလစ်သွားလို့...ကိုယ်ဆေးရုံခေါ်လာပေးတာ""
သူပြောပြမှပဲချစ်ကြိုး ကိုယ့်အခြေအနေကိုယ်ပြန်သတိရသည်။ ဟုတ်သည်။စောစောကတည်းက မူးနောက်နေသည့်အာရုံက coffeeဆိုင်ကိုအဝင်မှာလုံးဝသတိလွတ်သွားခဲ့သည်ပဲ။ဒါဆို ချစ်ကြိုးသူ့ကိုကျေးဇူးတင်ရမယ်။
""ဟို...ရှင့်ကိုကျေးဇူးတင်ပါတယ်နော်""
""မလိုပါဘူး၊ ကိုယ်ကလမ်းကြုံလို့ကူညီရုံ။
ဒါနဲ့မင်းရဲ့ကားက ခုနကဆိုင်မှာနော်၊ဘာမှတော့မဖြစ်ဘူး...အဲ့ဒါကိုယ့်သူငယ်ချင်းရဲ့ဆိုင်လေ...ခဏနေသူ့ကိုလာပို့ခိုင်းလိုက်မယ်၊မင်းသွားယူဖို့မလိုဘူး""
""သြော်! အင်း..အားနာလိုက်တာ
အဆင်မပြေရင်လည်းပြောပါ။ကျမသက်သာနေပြီ...ကိုယ့်ဘာသာပဲသွား...အ!""
ပြောလည်းပြောရင်းလူကချက်ချင်းထဟန်ပြင်လိုက်စဥ် ယိုင်ခနဲပြန်လဲကျတာမို့ `မိုးရိပ်´ကပင်အလျင်အမြန်ဖမ်းထိန်းပေးလိုက်ရသည်။ ဖြူဖျော့ဖျော့မျက်နှာလေးက သွေးရောင်ပြန်လွှမ်းလာသော်လည်း နှုတ်ခမ်းတွေကသွေ့ခြောက်နေဆဲ။ဒါတောင် အတော်လေးလှပချောမောသည့်မိန်းကလေးမှန်းသိသာစေရဲ့။ အထူးသဖြင့်အရှိန်အဝါအပြည့်ရှိသောမျက်လုံးများက ညို့ဓာတ်အပြည့်နဲ့။
လှတယ်...။ဒီမိန်းကလေးက ရက်ရက်စက်စက်လှသလောက် သိပ်လည်းခေါင်းမာတတ်ပုံပဲ။
အဟက်!ကြိုက်တယ်ကွာ။
""ဒီမှာ ရှင်ဘာတွေပြုံးနေတာလဲ""
""သြော်! မင်းကတော်တော်ခေါင်းမာတဲ့မိန်းကလေးလို့ တွေးမိလို့ပါ ချစ်ကြိုးသွယ်""
""ဟင်! ရှင်ကျမနာမည်ဘယ်လိုသိ""
""Sorry!မင်းရဲ့personalကို ကိုယ်နည်းနည်းစပ်စုမိလိုက်တယ်၊ဒီအတွက် ကိုယ့်personalကိုလည်းပြန်ပြောပြနိုင်ပါတယ်""
""ဟင့်အင်း!ကျမ မသိချင်ပါဘူး""
ထိုသို့ဖြေတော့သူက ဟက်ခနဲတစ်ချက်ရယ်သည်။ပြီးနောက် လေးကိုင်းသဏ္ဌာန်ကွေးညွှတ်သောနှုတ်ခမ်းလွှာတို့မှ ခပ်ပြေပြေပြုံး၏။
""ဒါပေမဲ့ ကိုယ်ကပြောပြချင်တယ်
ကိုယ့်နာမည်က `မိုးရိပ်ကင်း´တဲ့! မှတ်ထားနော်""
""မလိုဘူးထင်တာပဲ""
""ချစ်ကြိုးသွယ်က မာနခဲလေးပဲကွ
အဟွန်း! တကယ်ကို ကိုယ့်styleလေး""
""ရှင် အခုမှတွေ့တဲ့မိန်းကလေးတစ်ယောက်အပေါ်စကားပြောသိပ်ရဲတင်းလှချည်လား""
""အင်း!တွေ့ဆိုမှသတိရတယ်
ကိုယ်နဲ့မင်း အရင်ကတစ်နေရာမှာဆုံဖူးသေးလား?ကိုယ်မင်းကိုမြင်ဖူးလို့""
""ကျမ ရှင့်ကိုမသိပါဘူး""
နည်းနည်းလေးတောင်စဥ်းစားမပေးဘဲ ခပ်ပြတ်ပြတ်ငြင်းချလိုက်တဲ့ သူမ...။ကိုယ့်ကိုမသိဘူးပြောပေမယ့် ကိုယ်ကကျဘယ်နေရာမှာသိခဲ့ပါလိမ့်နော်။
""ကဲပါ...မင်းလည်းအနားယူလိုက်ဦး
အိမ်ကတစ်ယောက်ယောက်ကိုဆက်သွယ်လိုက်လေ၊ခဏနေရင်ပြန်လို့ရပြီတဲ့""
""မလိုဘူး။ကျမ ကိုယ့်ဘာသာ ပြန်နိုင်တယ်""
""မင်းမှာမိသားစုတွေမရှိတာတော့မဟုတ်ဘူးမလား? သနားဖို့ကောင်းအောင်မလုပ်ပါနဲ့ကွာ...ဒါဖြင့်ကိုယ်လိုက်ပို့ပေးရမလား""
""မလိုဘူးဆိုနေ""
""အင်းပါ၊ မင်းလည်းသက်သာနေပြီဆိုတော့ ကိုယ်ပြန်နှင့်မယ်နော်၊အလုပ်ကိစ္စလေးရှိသေးလို့ see you!""
""Ok!""
အခန်းထဲကနေ သူထွက်သွားမှ ချစ်ကြိုးကိုယ့်စကားကိုယ်ပြန်စဥ်းစားမိရသည်။ သူကနောက်တစ်ခါတွေ့မယ်ပြောတာကို ဘာလို့ချစ်ကြိုးက`ok´လို့ဖြေမိတာပါလိမ့်။ သူ့အပြောအဆိုတွေ၊အကြည့်နဲ့အမူအရာတွေက တအားရဲတင်းသည်။ ပါးနပ်သူမိန်းကလေးပီပီ ဘယ်ယောကျ်ားရဲ့အပြုအမူက ဘာခြေကိုလှမ်းမှန်း ချစ်ကြိုးမသိဘဲမနေပါ။ကြည့်ရတာ ဤလူနှင့်နောက်တစ်ကြိမ်ထပ်ဆုံရဦးမည်ထင်ရဲ့။
ကြည့်! ချစ်ကြိုးသွယ်ရဲ့ဘဝထဲကနေ မနက်ကတင်တစ်စုံတစ်ယောက်ထွက်ခွာသွားခဲ့ပြီး ညနေကျတော့ နောက်ထပ်တစ်စုံတစ်ယောက်က ခြေလှမ်းကျူးဖို့ပြင်သည်။
ပြောခဲ့သားပါပဲ။ချစ်ကြိုးရဲ့ဘေးမှာ ဝဲတဲ့လိပ်ပြာပေါင်းဆိုတာ ရေတွက်ဖို့တောင်ခက်တယ်။
သို့သော်လည်း တစ်ကောင်သောလိပ်ပြာလေးဟာတော့ ဘယ်တုန်းကမှမျက်စိလည်လမ်းမှားမလာခဲ့။
သူက သိပ်ကိုထူးဆန်းလွန်းတာပဲကွယ်...။
~~~~~ 🍬🍬🍬🍬🍬 ~~~~~
""အဟင့်! ဟင့်! ဟင့်! အီး! ဟီး!""
""ကိုကိုရက်စက်တယ်၊ ကိုကို့ကိုမချစ်တော့ဘူး အဟင့်! ဟင့်!""
အိမ်ကိုရောက်လာကတည်းက အိပ်ရာပေါ်ဝမ်းလျားမှောက်ကာ ခြေထောက်နှစ်ဖက်မိုးပေါ်ထောင်လွှဲရင်း အပီအပြင်ငိုနေတဲ့သမီးကြောင့် အမေနှစ်ယောက်မှာတော့ ရင်တထိတ်ထိတ်။ ကြည့်ရတာ လင်းညနဲ့စိတ်ကောက်လာတယ်ထင်ပါရဲ့။ဘာမှလည်းမေးမရဘဲ ငိုသာငိုနေသည်မို့ ဘယ်လိုချော့ရမှန်းတောင်မသိတော့ပေ။
""သမီး သူ့အိမ်ပေါ်ကနေအပြီးဆင်းလာတာ
မေမေတို့နဲ့ပဲနေတော့မယ်၊သူ့ဆီမပြန်ဘူး""
""ဟယ်! ဘုရားရေ
သမီးလေးရယ်၊ဘာတွေဖြစ်ခဲ့တာလဲ
မေလေးတို့ကိုပြောပါဦး""
""ဟုတ်သားပဲ သမီးရယ်
အဲ့လိုငိုပဲငိုနေရင် မေမေတို့ကဘာကိုဘယ်လိုဖြေရှင်းရမှာလဲ""
""ကဲ! သမီးကိုမမေးနေနဲ့တော့
ခင် သားဆီဖုန်းဆက်ကြည့်ဦးမယ်""
""ဟင့်အင်း! မဆက်နဲ့၊မဆက်နဲ့
အဲ့လူကြီးကိုမတွေ့ချင်ဘူး...အီး!ဟီး!""
""အေး! အေး! အဲ့လိုဆိုမေလေးမဆက်တော့ဘူးနော်...မငိုနဲ့တိတ်! တိတ်ပါ ကလေးရယ်""
""အဟင့်!""
""သက်...ကလေးကိုရေလေးနည်းနည်းတိုက်လိုက်ဦး""
အမေနှစ်ယောက်လုံးရဲ့ကြားထဲကနေ အငိုမတိတ်နိုင်အောင်တသိမ့်သိမ့်ရှိုက်နေသည်မို့ ဝိုင်းပြီးချော့မြူနေရင်းမှ ဒေါ်ခင်လေးမွန်လည်းဖုန်းလေးကိုင်ကာ အခန်းအပြင်ဘက်သို့လစ်ထွက်ခဲ့ရ၏။ထို့နောက်မှ သားရဲ့နံပါတ်အားနှိပ်လိုက်ကာ...
""Hello! သား
မင်း ကလေးနဲ့ဘာဖြစ်ခဲ့တာလဲ""
""......""
""ဒီမှာရောက်နေတယ်
ပြီးတော့ကလေးကအရမ်းငိုနေလို့၊ မင်းဘယ်လောက်တောင်ဆူလိုက်လဲ""
""......""
""အေး! မေမေတို့ချော့ထားမယ်
မင်း မြန်မြန်လာ""
~~~~ 🍬 ~~~~
ဖုန်းလေးချပြီးသည်နှင့် ကားရဲ့ဦးတည်ရာကို ဘက်ပြောင်းလိုက်ပြီး အရှိန်တင်ကာမောင်းထွက်ခဲ့သည်။ နွဲ့ဆိုးဘယ်နေရာမှာရှိနေမည်ကို ရှာဖွေရတာ တနေ့ခင်းလုံးပင်။သူငယ်ချင်းတွေဆီမှာလည်းရှိမနေ။ဖုန်းကလည်းမကိုင်သည်နှင့် လူမှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ တော်သေး၍ မိဘတွေဆီရောက်နေသည်တဲ့လေ!
""တီ! တီ!""
အမြန်ရောက်ချင်သည်ဆိုကာမှ မီးပွိုင့်အရောက်မှာ ကားကကျပ်နေရသေးသည်မို့ လင်းညစိတ်မရှည်နိုင်တော့ပေ။
သိနေပါသည်။အခုချိန်လောက်ဆို ကိုယ့်ကလေးလေးက အရမ်းငိုနေရှာရော့မည်။မေမေကလည်း ပြောပြသွားခဲ့သည်မဟုတ်လား။
ဟူး!!ကိုယ့်ရင်တွေပူလှပြီ ကလေးရယ်
မင်းဆီ မြန်မြန်ပဲရောက်ခဲ့ပါရစေတော့။
~~~~~ 🍬 ~~~~~ 🍬 ~~~~~
""ဆိုး...ကလေးရေ...""
သူမလေးအား အပူတပြင်းရှာဖွေကာ အိမ်ထဲသို့ခြေလှမ်းဝင်လိုက်သည်နှင့် အမေနှစ်ယောက်စလုံးရဲ့အကဲခတ်မျက်ဝန်းတွေက သူ့ထံတန်းခနဲရောက်လာ၏။
""မင်းတို့ဘယ်လိုဖြစ်ကြတာလဲ
ကလေးကလည်းဘာမေးမေး ပြန်မဖြေလို့မေမေတို့မှာစိတ်ပူနေရတာ""
""ကျွန်တော်ကနည်းနည်းဆူလိုက်မိတာပါ
ဒါနဲ့ကလေးရောဟင်""
""သူ့အခန်းထဲမှာ...စောစောကအထိငိုနေတုန်း!
ချော့လို့လည်းမရဘူး၊ သမီးလေးကဘာတွေများမှားလို့ မင်းဒီလောက်အထိဆူလိုက်ရတာလဲ""
""သားကိုအပြစ်တွေမပြောပါနဲ့တော့ခင်ရယ်
သမီးကလည်းဘာပြသာနာသွားရှာလဲမှမသိတာ""
""မဟုတ်ဘူး၊ဆိုးလေးအမှားမဟုတ်ပါဘူး""
""အေးကွယ်၊ဘာပဲဖြစ်ဖြစ်သူကတော့ရောက်ကတည်းက ငိုနေတာမရပ်မနားပဲ။တစ်အိမ်လုံးတောင် သူ့မျက်ရည်နဲ့မျောတော့မယ်""
ဆိုးလေးအမေရဲ့ စကားဆုံးသည်နှင့် သူ ချက်ချင်းကိုအပေါ်ထပ်သို့ပြေးတက်ခဲ့ပါ၏။အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ ကုတင်ကြီးထက်ကန့်လန့်ဖြတ်အနေအထားဖြင့် ဝမ်းလျားမှောက်ကာ ဖက်လုံးပေါ်မျက်နှာလေးအပ်၍ တသိမ့်သိမ့်ရှိုက်ငိုနေသည့် သူ့ကလေးလေးကိုတွေ့ရလေပြီ။ အခုဆိုပြသာနာဖြစ်ခဲ့တာနာရီအနည်းငယ်ကြာခဲ့ပြီပဲ။ဒါကိုတောင် သူမလေးကဆက်တိုက်ငိုနေခဲ့သည်လား။
""ကလေး!""
ခုတင်စွန်း၌ဝင်ထိုင်ကာ ပါးပြင်လေးဆီဖွဖွလှမ်းကိုင်ရင်း ညင်သာစွာခေါ်မိသော်လည်း သူမကဖြင့်လှည့်တောင်ကြည့်မလာသည့်အပြင် မျက်နှာလေးကိုပါ ဖက်လုံးပေါ်မှောက်ချလိုက်လေ၏။
""ကလေးလေး! မငိုပါနဲ့တော့ကွာ
လာ...ကိုကို့ဆီလာပါဦး""
ပါးစပ်ကတဖွဖွပြောရင်း မှောက်အိပ်နေသည့်ခန္ဓာကိုယ်လေးအား ပွေ့ထူကာရင်ခွင်ထဲဖက်ထားလိုက်တော့ ယက်ကန်ယက်ကန်ရုန်းလေရဲ့။သို့သော် သူကလုံးဝခွင့်မပြုဘဲ ခန္ဓာကိုယ်သေးသေးလေးအား ပိုလို့တင်းကျပ်စွာတိုးဖက်ထားလိုက်ပြီး...
""ကိုကိုတောင်းပန်ပါတယ် ကလေးလေးရယ်
မငိုနဲ့တော့နော်...တိတ်ပါကွာ။အကြာကြီးပဲငိုနေတာ...ကိုယ့်ကလေးမောနေပြီ""
""လွှတ်...လွှတ်နော်...ရှင် အဆိုးရဲ့အသားကိုထိစရာမလိုဘူး။ရှင်နဲ့အဆိုးနဲ့ပြတ်ပြီ၊ရှင့်အိမ်ကလည်း ဆင်းပြီ မနေဘူး...အဟင့်! ဟင့်!""
သည်းသည်းမဲမဲကိုရှိုက်ငိုကာ ပြတ်မည်၊စဲမည်တွေပင်ထည့်ပြောလာသော သူမစကားက ရင်ကိုအစိမ်းလိုက်ခွဲသည့်ပမာ။ သိပါတယ်၊ ဒါဟာခဏတဖြုတ်စိတ်ဆိုးလို့ အနိုင်ပိုင်းချင်သည့်စကားလေးတစ်ခွန်းပါပဲ။ တကယ်တမ်းမှာ နွဲ့ဆိုးလည်းကိုယ့်ကိုခွဲနိုင်မှာမဟုတ်သလို `ကိုယ်´ဆိုသည်က ဒီကလေးမရှိရင်အသက်မဆက်နိုင်မယ့်သူ...။သို့သော်လည်း ဘာမှမဟုတ်သည့်ကိစ္စလေးတစ်ခုအပေါ်အခြေခံပြီး ဒီလိုစကားမျိုးကိုလွယ်လင့်တကူပြောရက်ခြင်းအတွက် ရင်ထဲသိပ်နာတာလည်းအမှန်။
""တိတ်ပါဦးကလေးရယ်
ဒီမှာမျက်လုံးလေးတွေနီရဲပြီး မို့အစ်နေပြီ""
""သေပါစေ၊ အဲ့ဒီ့မျက်စိလည်း ကန်းချင်ကန်း...။လူရှေ့သူရှေ့မှာအော်ငေါက်ပြီး ကွယ်ရာကျမှလာချော့မနေနဲ့။ရှင်က မကောင်းတဲ့လူကြီး...အဆိုးရှင့်ကိုချစ်မိတာမှားပြီ အဟင့်!""
""အဲ့လိုမဟုတ်ရပါဘူးကွာ
ကိုကိုက ကလေးကိုအမှားမလုပ်မိစေချင်တာပါ။သူက ဧည့်သည်လေ...ဆိုးလေးအဲ့လိုကိုယ်ထိလက်ရောက်လုပ်ရင် မကောင်းတဲ့သတင်းတွေထွက်သွားတဲ့အခါ ကိုယ့်ကလေးနာမည်ပျက်မှာပေါ့...အဲ့ဒါကိုစိုးရိမ်လို့တားမိတာပါ။သူ့ဘက်ပါတာမဟုတ်ဘူးကလေး...လုံးဝမဟုတ်ဘူး""
""အဟင့်! ဒါပေမဲ့သူက ကိုကို့ကိုအတင်းလိုက်ကပ်နေတာ ဆိုးမြင်လျက်နဲ့တောင်ဒေါသမဖြစ်ရတော့ဘူးလား? အဲ့ဒါကိုကို့ကိုချစ်လို့ဖြစ်တာလေ၊သဝန်တိုလို့ဖြစ်တာလေ""
အသံသေးသေးလေးဖြင့် စွာစူးနေအောင်ပြန်အော်သော်လည်း ဒါဟာသူ့အတွက်တော့သာယာသံတစ်ခုပါပင်။`ကိုကို့ကိုချစ်လို့´တဲ့၊`သဝန်တိုလို့´တဲ့...ဘယ်လောက်တောင်နားထောင်ကောင်းလိုက်တဲ့စကားလေးတွေလဲ? ကိုယ်တကယ် ရူးသွားဖို့လုံလောက်နေပြီ ကလေးရယ်...၊မင်းလေးတစ်ယောက်ကိုသိပ်ချစ်လွန်းလို့ ရူးရတော့မယ်။
ရင်ထဲတသိမ့်သိမ့်နွေးထွေးလာသောခံစားချက်တို့နှင့်အတူ ရင်ခွင်ထဲပိုက်ထားသည့်ကလေးငယ်အား သိမ်းကျုံးပွေ့ဖက်ကာ မျက်ရည်စတို့စိုလူးသောပါးပြင်လေးထံ နှာတံချွန်ချွန်တို့နစ်ဝင်သည်အထိတိုးဝှေ့နမ်းပစ်လိုက်၏။ ထိုမှတစ်ဆင့် သူ့အနမ်းတို့က ရှိုက်ငိုရင်းတဆတ်ဆတ်တုန်ယင်နေသောနှုတ်ခမ်းလွှာလေးတွေထိတိုင် ကျူးကျူးကျော်ကျော်ဖြစ်ကုန်ရလျှင် အငြိမ်မနေသည့်ကလေးကလည်း ရင်ခွင်ကျယ်ကြီးအားတဘုန်းဘုန်းဖြင့် လာထုရိုက်ပြန်လေရဲ့။ ထိကပ်ထားသည့်မျက်နှာနှစ်ခုကြားမှ ခပ်နွေးနွေးစိုစွတ်မှုလေးကြောင့် အငိုမတိတ်သေးမှန်းလည်းသိရပြန်တယ်။
ဒီကလေးလေး အရမ်းကိုဝမ်းနည်းနေရှာတာပဲ။ဘယ်လိုများချော့ရပါတော့မလဲ။
""ကိုကိုက အဆိုးကိုမချစ်တော့ဘူးလားဟင်""
စက္ကန့်များစွာတိုင် သိမ်းပိုက်သောအနမ်းတို့အားဖယ်ခွာပေးလိုက်သည်နှင့် မျက်နှာလေးမော့၍မေးခွန်းထုတ်လာပုံက ဝမ်းပမ်းတနည်း။အငိုလွန်ထားသည့်မျက်ဝန်းလေးတွေက နီရဲပြီးမျက်ခွံလေးတွေလည်း ဖောင်းအစ်နေချေပြီ။သို့နှင့် သူ ထိုမျက်ဝန်းအစ်အစ်ကလေးတွေထံ ကြင်နာစွာ ငုံ့နမ်းလိုက်ပြီးမှ ခန္ဓာကိုယ်သေးသေးလေးကိုလည်း ရင်ခွင်ထဲနစ်မြုပ်အောင်ဆွဲဖက်ထားလိုက်၏။
""ဒီမေးခွန်းကို မင်းမမေးသင့်ပါဘူးကလေးရယ်
ကိုကို မင်းကိုဘယ်လောက်ချစ်မှန်းမင်းသိပါတယ်""
""ချစ်တဲ့ကလေးကို ဘယ်သူကအော်မှာလဲ
မချစ်လို့သာပေါ့၊ သိပါပြီ...ကိုကိုက ဒီကလေးကိုတကယ်မချစ်ခဲ့ဘူးပဲ""
""ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးလေးကိုမှမချစ်ရင် ဘယ်ကလေးကိုသွားချစ်ရတော့မှာလဲကွာ...ကိုကိုကဆိုးလေးကို အရမ်းချစ်တာ...အများကြီးချစ်တာ""
""ဒါဆို နောက်တစ်ခါကျရင် အဲ့လိုကြီးမအော်နဲ့
ကိုကိုကအဲ့လိုအော်ရင် အဆိုးကဝမ်းနည်းရတာပေါ့ ၊မသိဘူးလား အဲ့ဒါ""
""Sorryပါကလေးရယ်၊ Sorryပါကွာ
ကိုယ့်ကလေးလေး အရမ်းစိတ်မကောင်းဖြစ်သွားတာလား""
""ဟုတ်...အဟင့်! ဟင့်!""
မေးကာမှ ရင်ခွင်ထဲမျက်နှာလေးအတင်းဝှက်ရင်း ရှိုက်ငိုပြန်သည့် ကလေးကို ပေါင်ပေါ်ပွေ့တင်လိုက်ကာ မျက်ရည်လေးတွေတယုတယသုတ်ပေးနေမိ၏။အငိုသန်လေးကတော့ ဘယ်လိုချော့ချော့ကိုဝမ်းပန်းတနည်းငိုနေဆဲပင်။
""ကိုယ့်ကိုပြပါဦး! လက်လေးတွေနာသွားလား?""
ပြောရင်းဆိုရင်းမှပင် လက်ဖဝါးလေးနှစ်ဖက်အား ဆွဲယူကာ အသေအချာကြည့်နေမိတော့ ဆတ်ခနဲရုန်းသွားလေ၏။
""ဟင့်! မနာပါဘူး...အဆိုးကအဲ့လောက်အထိမပျော့ဘူး။ဘာပဲဖြစ်ဖြစ် ကိုကို့အနားလာကပ်တဲ့ စုန်းမကြီးကို တိုက်ထုတ်လိုက်နိုင်လို့ဝမ်းသာတယ်၊ ဒါပေမဲ့ကိုကို့ဆီကအဆူခံရလို့ ငိုချင်တယ်""
""တောင်းပန်ပါတယ်...ကိုယ့်ကလေးလေးကိုအရမ်းဝမ်းနည်းသွားစေမိပြီ။ကိုကိုက မကောင်းဘူးနော်၊အရမ်းဆိုးတာပဲ""
""ဟုတ်တယ်၊ကိုကိုက အရမ်းဆိုးတယ်""
""ဒီလိုဆိုရိုက်ပြီးဆုံးမချင်လား?
ရိုက်လေ၊ကိုယ့်ကိုနာအောင် ရိုက်လိုက်""
""ဟင့်!ရှင်နော်
အဆိုးမလုပ်ရက်တာသိလို့ အနိုင်ကျင့်ပြန်ပြီ""
ရန်စွာသလိုလေးပြောပေမယ့် ခေါင်းလေးကတော့ရင်ခွင်ထဲအတင်းတိုးဝင်လေတဲ့ ချာတိတ်မကြောင့် ကြည်ကြည်နူးနူးကြီးပြုံးမိရကာ ပါးပြင်နုနုလေးထက် အကြင်နာအနမ်းတို့ခြွေချခဲ့ပြန်၏။
""ချစ်လိုက်တာကွာ
ဒီကလေးလေးတစ်ယောက်ကို ဘယ်လိုချစ်မှန်းကိုမသိတာ""
""ဘာအခုမှ ချစ်တယ်လဲ
အဆိုးကဖြင့် ရှင့်အိမ်ကနေအပြီးဆင်းလာတာ""
""ဟာ!အဲ့လိုမလုပ်ရဘူးလေ""
""ရတယ်""
""ကိုကိုနဲ့ပြန်လိုက်ခဲ့ပါကွာ...နော်""
""လိုက်ဘူး""
""အင်းပါ! ဟုတ်ပြီလေ
ဆိုးလေးက ကိုကိုနဲ့ခွဲနိုင်ရင်လည်း ပျော်သလောက်နေခဲ့ပေါ့၊ရပါတယ်""
""ဟင်!""
တကယ်ပင် ရှင်ရှင့်ကိုယ်လေးအား ပွေ့ထားရာမှမွေ့ယာထက်ပြန်ချပေးကာ အခန်းထဲကထွက်သွားလေတဲ့သူ့ကြောင့် ဝမ်းနည်းစိတ်က ရင်ထဲတနင့်နင့်။
ကြည့်စမ်း!ကြည့်စမ်း! အရင်လိုမဟုတ်တော့ပါလား။အရင်က သူ့ကိုပြန်မချစ်တုန်းကကျ ရှင်ရှင် ဘယ်လောက်စိတ်ဆိုးပြပါစေ...မရမကချော့မြူတတ်တဲ့လူကြီးက အခုတော့ပြန်ချစ်လိုက်တာနဲ့ လူကို ဒီလိုတွေတောင်ဆက်ဆံနေပြီပေါ့။ ဥပေက္ခာပြုတတ်နေပြီပေါ့။ ဆိုလိုတာက ရှင်ရှင် သူ့အနားပြန်မလာလည်းဖြစ်တယ်ပေါ့။
""အဟင့်! မုန်းလိုက်တာ မီဝေါ့""
ပါးစပ်ကအော်လိုက်သော်လည်း လူကဖြင့်ခုတင်ပေါ်မှ ကတိုက်ကရိုက်ပြေးဆင်းမိလေပြီ။ထို့နောက်အခန်းတံခါးကိုဖွင့်ထွက်ကာ လှေကားလက်ရန်းလေးမှတစ်ဆင့် အောက်ထပ်ဧည့်ခန်းဆီချောင်းကြည့်သည်။သို့သော် ကိုကို့အရိပ်အယောင်အားမမြင်ရသည်နှင့်...
""မေမေ...ကိုကိုတကယ်ပြန်သွားတာလား?""
ဘယ်သူမှပြန်မဖြေပါ။ဖြေဖို့မပြောနဲ့၊ အောက်ထပ်မှာလူရိပ်လူယောင်ကိုမရှိတာ။
""ကိုကိုတကယ်ပြန်သွားတာလားလို့""
ငိုသံဝဲဝဲလေးဖြင့်လှမ်းအော်နေသည့် ကလေးငယ်အား အနောက်ကကြည့်နေသူမှာတော့ အသည်းယားလို့မဆုံးနိုင်။ စိတ်ဆိုးတယ်ပြောပြီး လူကိုမတွေ့တော့လည်းထွက်ရှာနေပြန်သည့် အဲ့ဒီ့ငတိမလေးကို ချစ်လွန်းလို့ဘယ်နားဝှက်ထားရပါ့။သူမထွက်လာစဥ်က အခန်းတံခါးဘေးနံရံမှာ အသာကပ်ပြီးပုန်းနေလိုက်တာမို့ မြင်မသွားရှာသည့်ကလေးမက အောက်ထပ်သို့မျှော်ကြည့်ကာ လူပျောက်ရှာနေလေရဲ့။
သို့နှင့် သူလည်းခြေသံကိုဖွနင်းကာ ကျောခိုင်းထားသည့်ခန္ဓာကိုယ်လေးအားအနောက်ဘက်မှ သိမ်းကျုံးပွေ့ဖက်ထားလိုက်ပြီး ဖြူဝင်းသည့်လည်တိုင်နုနုလေးထံ ဖိသိပ်နမ်းရှိုက်လိုက်၏။
""ဟင်!!""
အရှေ့သို့ပဲအာရုံတစိုက်ကြည့်နေစဥ် ခါးလေးကိုသိမ်းဖက်လိုက်သည့်လက်တစ်စုံနှင့် နောက်ကျောပြင်၏နွေးထွေးခြင်းအပြင် လည်တိုင်ပေါ်ထိတွေ့လာသည့် အနမ်းကြောင့် လူကတောင့်တောင့်လေးငြိမ်သက်သွားရပြီး တစ်ဆက်တည်းမှာ အသေအချာသိလိုက်ရသည်က ရှင်ရှင်အညာမိသွားပြီဟူ၍ပင်။
""ရှင်...ရှင်ပြောတော့ ပြန်သွားပြီဆို""
""အင်း ပြန်မလို့ပါပဲ
ဒါပေမဲ့ ဒီအိမ်မှာတစ်ခုခုမေ့ကျန်ခဲ့တာသတိရလို့ပြန်လာယူတာ""
""ဘာကျန်ခဲ့တာလဲ""
""ဟော့ဒီမှာ ကိုယ့်နှလုံးသားလေးကျန်နေခဲ့လို့လေဗျာ""
""အို! အမေ့!!""
ရယ်ကျဲကျဲကြီးပြောရင်းဖြင့် လူကိုလည်းစွေ့ခနဲပွေ့ချီလိုက်တာမို့ ရှင်ရှင့်မှာမျက်လုံးလေးဝိုင်းသွားရပြန်သည်။
""လင်းညရိပ် ရှင်ဘာလုပ်တာလဲ
လွှတ်နော်...ရှင်နဲ့ပြန်မလိုက်ဘူး၊စိတ်ဆိုးနေတယ်...စိတ်ဆိုးနေတယ်လို့""
""အရမ်းမလှုပ်နဲ့လေ ကလေးလေးရဲ့
ပြုတ်ကျသွားမယ်""
""အာ! ရှင်နဲ့ပြန်မလိုက်ဘူးဆိုနေ...မေမေရေ၊မေမေရေလို့...ဒီမှာသူများမလိုက်ချင်တာကိုအတင်းခေါ်နေပါတယ်""
""ဘာမှတိုင်မနေနဲ့
အမေနှစ်ယောက်လုံးဟိုဘက်အိမ်ရောက်သွားပြီ""
""ဘာလို့ရောက်သွားတာလဲ?စောစောကပဲရှိသေးတယ်""
""အင်း! ကိုကိုတို့ကိုရှောင်ပေးတာတဲ့""
""ဟင်!လူကြီးတွေကလည်းဆိုးတယ်
ကိုကိုလည်းဆိုးတယ်""
""ဒီကလေးနော်! ပြုတ်ကျမယ်ဆိုနေ""
""ကျပါစေ""
""ဆိုးလိုက်တဲ့ ပေါက်စလေး!!""
ခြေထောက်လေးတွေကိုလွှဲရမ်းရင်း ရုန်းကန်နေသည့် ချာတိတ်မအား မနည်းထိန်းပွေ့ကာ လှေကားထစ်တွေမှ ခပ်မြန်မြန်ဆင်းလာခဲ့လိုက်သည်။ ချော့ရခက်နေသောပြသာနာကို အိမ်ရောက်ရင်လည်းဆက်လက်၍ ရှင်းပြရပါဦးမည်။
နွဲ့ဆိုးက ဂျစ်သည်။ရစ်သည်။ ကလေးလေးလိုဆိုးချင်သည်။
ကိုယ်ကလည်း ချစ်သည်။ ပိုချစ်သည်။ အဆုံးအစမဲ့အောင်ချစ်ပါသည်။
ဒီလိုလိုက်ဖက်နေသရွေ့ နှစ်ယောက်ကြားကချစ်ခြင်းတို့သည်လည်း ဘယ်သောအခါမှ ပျက်ပြယ်ရန်မရှိ။
ထာဝရဆိုတာတွေကို မယုံကြည်ခဲ့ပေမယ့် ဒီကလေးလေးတစ်ယောက်ကို ရူးလောက်အောင်မြတ်နိုးမိပြီမို့ တစ်နေ့တစ်ချိန်မှာသာဝေးကွာဖို့ဖြစ်လာခဲ့ပါလျှင် ကိုယ့်ရဲ့ရှင်သန်ခြင်းဟာ ပျောက်ကွယ်သွားနိုင်သည်။
ဟုတ်ပါသည်။ `ချစ်သည်းရှင်´ဆိုတဲ့ဖြစ်တည်မှုလေးထံပါးသို့ လင်းညရိပ်က အဲ့သလိုလှလှပပကျရှုံးခဲ့မိ၏။
~~~~~ 🍬🍬🍬🍬🍬 ~~~~~
အခန်း (၃၇)ဆက်ရန်
Readers/WritersလေးတွေအားလုံးကVIPပါ
Writer -WineSatt Cho(🍋Lëmoñ🍋)