🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၂ ] ♡ ••••••••••••
~~ ( 13 )years later ~~
""ဟဲ့ ဟဲ့! ဘယ်လိုဖြစ်တာလဲ
Lineကလည်းစုတ်လိုက်တာ...ဒီလိုနဲ့ငါရှုံးတော့မှာပဲ...ရားးး!""
ခရမ်းနုရောင် မွေ့ယာကျယ်ကြီးထက် လူးကာလိမ့်ကာဖြင့် gameတိုက်ပွဲဆင်နွှဲနေရင်း တစ်ချက်တစ်ချက် ထအော်မိ၍ တစ်ယောက်တည်းနဲ့ကိုဆူညံနေသည့်အဖြစ်။ညတောင်နက်နေပြီ...လိုင်းကကျကောင်းတုန်း! စိတ်တိုတိုင်းထထအော်နေရင် မေမေတို့တောင် နိုးကုန်တော့မှာပဲ...စိတ်ထိန်းထားရှင်ရှင်ရေ...ထိန်းထား!
ကိုယ့်စိတ်ကိုဖြေသိမ့်တွေးကာ ပြန်ငြိမ်သက်လိုက်ပြီး ခဏကြာတော့ လိုင်းအခြေအနေလေးပြန်ဟန်လာတာမို့...
""Victory!!""
""Arr! Yes ဒါပဲလေ
အဲ့လိုလုပ်စမ်းပါ lineရယ်
ငါ မဆဲချင်ဘူးနော်""
""ဒေါက် ဒေါက်!""
ဂုဏ်ယူစွာအောင်ပွဲခံနေတုန်း တံခါးခေါက်သံကြီးကြားလိုက်ရသည်။သိလိုက်ပါပြီ...အိမ်ကတစ်ယောက်ယောက်တော့ဆူဖို့ရောက်လာပြန်ပြီလေ...။ဟင်း! မပျော်တော့ပါဘူး...။
""ဘယ်သူလဲ...ရှင်ရှင် လက်မအားသေးဘူး""
""မမပါ...ညီမလေး ဂိမ်းဆော့နေပြန်ပြီလား
ညနက်နေပြီ အိပ်တော့လေ""
""မမတောင်အိပ်သေးလို့လား?""
""အမလေး! မမက တရေးတောင်နိုးလာပြီ
အချိန်ကိုလည်းကြည့်ဦး...၂နာရီတောင်ကျော်နေပြီ။အော်သံကြီးကလည်းကျယ်နေရော""
ဒီတစ်ခါတော့အခြေအနေမဟန်တော့တာမို့ အိပ်ယာပေါ်မှလှိမ့်ဆင်းကာ တံခါးဆီပြေးကပ်၍ မပွင့်တစ်ပွင့် ကြားလေးမှ မျက်နှာထုတ်လျက် အစွမ်းကုန် သွားဖြီးပြမိသည်။ ရှင်ရှင့်ရဲ့ မျက်နှာချိုသွေးခြင်းအနုပညာကို ဘယ်သူမှမခံနိုင်ဘူးလေ။ ချစ်ဖို့ကောင်းအောင်ပြုံးပြတာနဲ့ မာနေတဲ့အသည်းတွေအကုန်ပျော့...။သနားစရာမျက်နှာငယ်လေးလုပ်ပြရင်လည်း တင်းနေတဲ့မျက်နှာကြောတွေအကုန်လျော့...။ဒီလိုလေးနဲ့ ပါးနပ်စွာ ရှင်သန်လာခဲ့ရတာ အခုထိပဲဆိုပါတော့...။
""အဟီး!..ရှင်ရှင့်အော်သံကြောင့်နိုးတောင်သွားမယ်လို့မထင်ဘူးတော့...။sorry! sorryမမ...မအော်တော့ဘူးနော်...ပြန်အိပ်""
""ဟင်း! လာပြုံးပြမနေနဲ့
မေမေပါ လာမဆူခင်အိပ်တော့မြန်မြန်""
""ဟုတ်""
""တကယ်အိပ်နော်...
ဂိမ်းလည်းဆက်ဆော့မနေနဲ့
Idolလည်း မOCနဲ့...တစ်နေ့တစ်နေ့ဒါတွေပဲလုပ်နေတယ်""
""မမကလည်း ရှင်ရှင့်လုပ်ကွက်တွေအကုန်သိနေတာ...ဘယ်နားကများချောင်းကြည့်နေတာလဲ""
""ချောင်းစရာမလိုဘူး...အလိုလိုကိုသိတာ""
ဒီလောက်ပါပဲ။ဆူပူသံ မမည်တဲ့လေသံပျော့ပျော့နဲ့ မျက်စောင်းလေးတစ်ချက်မှာတင် အဆူခံရခြင်းပြီးမြောက်လေပြီ။ အိမ်ကလူတွေက ရှင်ရှင့်ကိုသိပ်အလိုလိုက်တယ်ပဲဆိုရမလား...။ဘာမဆို အလိုတကျဖြည့်ဆည်းပေးတတ်ကြပြီး ကိစ္စအကြီးကြီးမှားရင်တောင် အစမှာတော့ဆူပြောပေမယ့် နောက်တော့လည်း လိုအပ်သမျှအကုန်လိုက်ဖြည့်ပေးပြန်သည်။ဖေဖေဆိုရင် မျက်နှာတစ်ချက်အညှိုးမခံဘဲ ဂရုစိုက်သည်။မေမေကတော့ အပြောအဆိုဗျစ်တောက်တောက်ရှိလှပေမယ့် သူကလည်း လိုလေသေးမရှိအောင်ထားသည်။မမဆိုလည်း ရှင်ရှင်ဆိုးသမျှ ဘာဆိုဘာမှမငြူစူဘဲ သည်းခံခွင့်လွှတ် ချစ်ပေးတာပဲလေ။ဒီလိုတွေအလိုလိုက်ကြတော့ ချစ်သည်းရှင်က တနေ့တခြားလူဆိုးမကြီးများဖြစ်နေပြီလားမသိပါ။ပတ်ဝန်းကျင်ကလူတွေတွေ့တိုင်းတော့ပြောကြပါသည်။ အငယ်မလေးက အဆိုးနော်တဲ့!
""ဟွန့်! ငါဒီလောက်လိမ္မာအောင်နေတာကိုများ""
အခန်းဝမှာရပ်နေရင်းမှ စိတ်ထဲပေါ်လာသည့်အတွေးတစ်ချို့ကြောင့် အလိုမကျစွာရေရွတ်၍ တံခါးကိုဆောင့်ပိတ်ပစ်လိုက်တော့၏။
~~~~ 🍬🍬🍬🍬 ~~~~
""သမီးရေ...breakfastစားမယ်
အောက်ကိုဆင်းလာ""
မနက်ခင်းbreakfastဝိုင်းမှာ မိသားစု၃ယောက်စုံနေပေမယ့် ညဇီးကွက်မမကတော့ ဘယ်လောက်ခေါ်ခေါ် ပေါ်မလာသေးပေ။တကယ်ပဲ ဒီသမီးတစ်ယောက်ကြောင့် အာတွေလည်းပေါက်ရပါရဲ့။ နေ့တိုင်း နေ့တိုင်းသူ့ကြောင့် သွေးမတိုးရတဲ့နေ့ကိုမရှိဘူးလေ။ သူ့အဖေနဲ့အစ်မကတော့ ဘယ်လောက်ဆိုးဆိုး မျက်နှာတစ်ချက်မပျက်။ ပြုံးပြုံး၊ ပြုံးပြုံးနဲ့အလိုလိုက်ကောင်းလို့ ဒီကလေးကရောင့်တက်နေတာ။
""ဟဲ့! သမီးရေ...အငယ်လေးကိုခေါ်စမ်း
ငါမောလည်းမောလာပြီ...ကြာရင်ဆေးခန်းရောက်တော့မယ်""
""မေမေရယ်...ရှင်ရှင် နိုးနေပါပြီ
ခဏနေလာမယ်တဲ့""
""သူ့ခဏက တစ်ခါနေရင် ၂နာရီလောက်ကြာတယ်...ကျူရှင်လည်းသွားရဦးမယ့်ဟာကို...။ပြီးမှ မနက်စာမစား ဘာမစားနဲ့ ဝုန်းဒိုင်းကျဲ ပြေးဦးမယ်""
""အဟွန်း! မင်းလည်းဒီသမီးတစ်ယောက်နဲ့ပဲပြသာနာတက်နေတယ်...ကလေးသူ့ဘာသာနေပါစေ၊ သူ့အချိန် သူသိပါတယ်""
""ဟုတ်သားပဲ မေမေရယ်""
""အမလေး...နင်တို့သားအဖနှစ်ယောက်ကတော့လေ...အမြဲတစ်လေသံတည်းပဲ။ ဘာကိုသူ့ဘာသာနေပါစေလဲ။ သူ့အတိုင်းသာလွှတ်ထားရင် ဘယ်လောက်တောင်စည်းပျက်ကမ်းပျက်ဖြစ်နေလိုက်မလဲ...""
"".....""
""ငါတို့ကသူ့အနားမှာအမြဲနေနိုင်မှာမဟုတ်ဘူး
နောက်ဆိုတခြားလူတွေနဲ့ပတ်သတ်ရတဲ့အခါ သူ့ဒဏ်ကိုဘယ်သူ့မှခံနိုင်မှာမဟုတ်ဘူး...မိရှင်ရှင်အတွက်တော့ ငါရင်လေးတယ်""
မနက်ခင်းအစမှာတင် လေတစ်ကြောလွှတ်နေသည့် ဒေါ်သက်ထားချိုကြောင့် တစ်ဖက်ကအဖေနဲ့သမီးမှာတော့ နားထောင်သူသာလုပ်ရင်း ကော်ဖီတွေလှိမ့်သောက်နေမိသည်။တကယ်နားထောင်ရမယ့် ကာယကံရှင်ကဖြင့်မရှိပါဘဲ ဒီသားအဖက ဒိုင်ခံလေကြောင်းသင့်နေရတဲ့ ဘဝပါလားနော်...။
""Hi! Morning ဖေဖေ...မေမေ...မမ""
အောက်ထပ်က ဆူညံသံတွေကိုကြားနေတာမို့ တိတ်သွားမယ့် အချိန်ကိုစောင့်ဆိုင်းပြီးမှအောက်သို့ဆင်းလာခဲ့သည်။ လူကြီးတွေကိုတွေ့တာနဲ့ ရိုရိုသေသေပြုံးပြ၍ ကျောကလွယ်အိတ်ကလေးကို ပေါင်ပေါ်တင်ရင်း ခုံ၌ဝင်ထိုင်လိုက်လျှင်ပဲ...မေမေက မကြည်ကြည့်ကြီးပို့လွှတ်လာကာ...
""ဘာ မောနင်းလဲ
နင့်ကြောင့်မိုးလင်းတာနဲ့ဒေါသထွက်ရလို့ မောလဲမနင်းနိုင်တော့ဘူး...လာ ထိုင်! ဘာစားမှာလဲ...ကိတ်မုန့်ပဲ စားချင်စား...မဟုတ်ရင်ထမင်းကြော်ရှိတယ်""
""ထမင်းကြော်မစားချင်ဘူး
မုန့်ပဲစားတော့မယ်""
ခေါင်းလေးခါပြောရင်း လက်ကလည်းမုန့်ကိုကောက်ကိုင်ပြီးနေပါပြီ။ အမေဆိုသည်မှာလည်း အဲ့လိုပါ။စောစောကပဲ ဆူပူနေသလောက် လူတွေ့ရင်ဂရုမစိုက်ဘဲ နေနိုင်တာလည်းမဟုတ်ဘူးလေ။
""ချစ်ကြိုး...သမီး မနက်ဖြန် ပိတ်ရက်မှာအပြင်သွားစရာရှိလား""
""မရှိပါဘူး ဖေဖေ
ဘာဖြစ်လို့လဲ""
""မနက်ဖြန်ကျရင် ဖေဖေ့မိတ်ဆွေမိသားစုကိုထမင်းစားဖိတ်ထားတယ်...အဓိကကတော့ကွာ...သားရေးသမီးရေးကိစ္စပြောချင်တယ်ထင်တယ်။စကားလမ်းကတော့ အဲ့လိုကြောင်းတယ်...သမီးလည်းလေ့လာကြည့်ပေါ့""
""ဟုတ်ကဲ့ဖေဖေ""
သားရေးသမီးရေးဆိုတာနဲ့ ရှင်ရှင် ခေါင်းလေးဆတ်ခနဲထောင်ကာနားစွင့်မိသည်။မမကို ချွေးမလေးတော်ချင်ကြတဲ့ သားရှင်တွေအများကြီးရှိတာမို့ ဒီလိုကိစ္စကအဆန်းမဟုတ်သလို မမကလည်း အမြဲတမ်းအလိမ္မာသုံးကာငြင်းတတ်ပါသည်။မိဘပြောရင် ဘယ်တုန်းကမှပြန်အထွန့်မတက်သူပီပီ အခုလည်းပဲ လေ့လာပါမယ်လို့ခေါင်းငြိမ့်ပြန်၍ ရှင်ရှင်စိတ်ထဲ အလိုမကျတော့၍ မျက်နှာကလည်း စူပုပ်သွားရင်းမှ...
""အဲ့ဒီ့သားရှင်တွေကလည်း မမကိုတောင်းလို့ပဲမဆုံးနိုင်တော့ဘူး...""
""ရှင်ရှင်..ကိုယ့်ဘာသာမုန့်စားစမ်း
ကလေးက ဝင်ပြောစရာလား""
""ဟွန့်! မမက ရောင်းမထွက်တဲ့ကုန်ပစ္စည်းလည်းမဟုတ်ဘဲ ဘာလို့သူများဆီအတင်းထိုးထည့်နေကြတာလဲ...မမက ငယ်ငယ်လေးပဲရှိသေးတယ်။ရည်းစားတောင်ထားရသေးတာမဟုတ်ဘူး""
""သြော်! ဒီကလေးနှယ်
ဝင်မပြောနဲ့ဆိုနေ...နင် ဒီလိုသူများကိစ္စစပ်စုတတ်သလောက်သာ စာထဲစိတ်ဝင်စားရင်အခုလိုတောင်ဖြစ်နေမှာမဟုတ်ဘူး""
""မေမေနော်...ပညာရေးကိုမထိခိုက်နဲ့
ဒါနဲ့လေ မနက်ဖြန်ဧည့်သည်လာမှာဆိုတော့ သမီးဘာချက်ပေးရမလဲ...menuပေးမလား...ကိုယ့်ဘာသာစီစဥ်လိုက်ရမလား""
""အမလေးလေး! ဘာမှမစီစဥ်ပါနဲ့
ဧည့်သည်တွေပါထွက်ပြေးကုန်မယ်""
""ဟား..ဟား!
ဒါတော့ဟုတ်တယ် သမီးရယ်
ဖေဖေမျက်နှာမပျက်ပါရစေနဲ့""
ကြည့်စမ်း! ဒါလေးပြောမိတာနဲ့ လူကိုဝိုင်းလှောင်နေကြပြန်ပါပြီ။ ရှင်ရှင်က အခုချိန်မှာကြိုးစားဆဲအဆင့်သာရှိသေးပေမယ့် ဧည့်သည်တွေပြေးလောက်အောင်တော့လည်း မဆိုးတန်ပါဘူး။ ပြီးမှ ငါ့သမီးလေးလက်ရာကောင်းလှချည်ရဲ့ဆိုပြီးဖြစ်လာရင်တော့ စားရမယ်မမှတ်ကြနဲ့...ဟွန်း!
စိတ်ထဲမှာသာ မကျေမနပ်တွေးလိုက်ပြီး ပန်းသွေးရောင် နှုတ်ခမ်းပါးလေးကတော့ ခပ်မိန့်မိန့်အပြုံးတစ်ပွင့်ဖြစ်တည်လာကာ...
""ဘာပဲဖြစ်ဖြစ် သမီးရဲ့အနာဂါတ်ရည်မှန်းချက်က 5 stars levelရှိတဲ့ Hotelကြီးမှာ အတော်ဆုံးစားဖိုမှူးဖြစ်ဖို့ပဲ""
""ဟုတ်ပါပြီ...ရည်မှန်းချက်ရှိတာကောင်းပေမယ့် အခုကတော့စာကိုသာအာရုံစိုက်ပါ...နင်နဲ့အတန်းတူတက်ခဲ့တဲ့သူငယ်ချင်းတွေ ဘွဲ့ရတော့မယ်။နင်က အခုထိဒီအတိုင်းပဲ...မရှက်ဘူးလား""
""မရှက်ပါဘူး...လမ်းမှာတွေ့ရင်မခေါ်ရုံပဲပေါ့
လိုင်းပေါ်မှာလည်း blockထားတယ်...အေးဆေး""
""ဟဲ့...အမလေး
ပြောလေကဲလေ...နင်တော့နော်""
""ကဲ..တော်ပါတော့ ရှင်ရှင်ရယ်
မေမေ့ကိုစမနေနဲ့...ကျူရှင်သွားမယ်မလား
မြန်မြန်စား""
အစ်မကဝင်ပြောလေမှ ခေါင်းငုံ့လျက်ငြိမ်သက်သွားလေရဲ့။သမီးနှစ်ယောက်ရှိတာ တကယ်ကို အပူနဲ့အအေးပမာ ခြားနားချက်ပြင်းလွန်း၏။ အကြီးဖြစ်သူ ချစ်ကြိုးသွယ်က ပညာအရည်အချင်းပြည့်ဝသလို ရုပ်ရည်ကလည်းအပြစ်ပြောစရာမရှိ၊လူမှုဆက်ဆံရေးကလည်း ချောမွေ့တာမို့ သားရှင်တွေမျက်စိကျတဲ့ သမီးအလိမ္မာလေးပါ။ဒီသမီးကြောင့် မိဘတွေမျက်နှာငယ်ရတယ်ဆိုတာ ဘယ်သောအခါမှမရှိဖူးခဲ့။ အခုဆိုလည်း ကျောင်းပြီး ဘွဲ့ရလို့ အဖေဖြစ်သူရဲ့companyလုပ်ငန်းခွင်မှာတောင် ဝင်လေ့လာနေပြီ။
သမီးဦးဖြစ်သူက ဒီလိုလိမ္မာယဥ်ကျေးပြီး ပညာထူးချွန်သလောက် အငယ်မကဖြင့် ၁၀တန်းကို ဗုန်းဗုန်းကျ။ အခုဆို ၃နှစ်မြောက်ရှိနေပြီ...။သူနဲ့ရွယ်တူသူငယ်ချင်းတွေဆို ဘွဲ့တောင်ရတော့မယ်...သူကဖြင့် အခုထိ တက္ကသိုလ်ဝင်တန်းအပေါ် သစ္စာမပျက်သေးတော့ ခက်သား။ ငယ်ကတည်းကအလိုလိုက်ခံထားရတာနဲ့ ကြီးတဲ့အထိအကျင့်ကစွဲနေတော့တာ။နောင်ဆို ဘယ်လိုများလုပ်ရပါ့။
""ဟင်း!""
သမီးနှစ်ယောက်ကို တစ်လှည့်စီကြည့်ကာ တရှည်တလျားတွေးမိခြင်းရဲ့အဆုံး၌ သက်ပြင်းလေးသာကျိတ်ချမိပြန်၏။ဒါက အမြဲတမ်းပါပဲ...အကြီးဖြစ်သူကိုစိတ်ချရသလောက် အငယ်လေးကိုတော့စိတ်ပူရတာအမှန်။သူကိုယ်တိုင်လိမ္မာရင် လိမ္မာ...မဟုတ်ရင်တော့ သူဆိုးသလောက်အနွံတာခံနိုင်မယ့် ရပ်ဝန်းလေးက အမြဲရှိနေမှဖြစ်မှာ။
မိသားစုဝင်တွေအပြင် ဒီလိုအနစ်နာခံချစ်ပေးမယ့်သူက လက်တွေ့မှာရှိနိုင်ဖို့တော့ မလွယ်ပါဘူးလေ။
~~~~ 🍬🍬🍬🍬 ~~~~
~~ At Singapore ~~
မြင့်မားလှသည့် အဆောက်အဦးရဲ့အပေါ်ထပ် မှန်ချပ်တွေမှတစ်ဆင့် အောက်ဘက်၌မြင်နေရသော ရောင်စုံအလှအပများကို လှမ်းကြည့်နေမိ၏။ မိုးလင်းတာနဲ့ အလုပ်scheduleတွေပြည့်နှက်နေသော သူ့အတွက် အိပ်ချိန်နည်းပါးသလို၊အနားယူချိန်ဆိုတာလည်း ရှားပါးလွန်းသည်။ သူကိုယ်တိုင်ကလည်း အလုပ်မှအလုပ်၊ စီးပွားရေးနဲ့ပတ်သက်တာကလွဲရင် ဘာမှသိပ်စိတ်မဝင်စားလှပါ။မြန်မာပြည်မှာ ကျောင်းပြီးခဲ့သည့် နောက်ပိုင်းမှာတော့ စင်္ကာပူမှာကျောင်းဆက်တက်၍ businessဘွဲ့ကိုထပ်ယူကာ ဒီကcompanyမှာပဲ ဆက်လက်ဦးစီးဖြစ်သည်။
မြန်မာနိုင်ငံကို မပြန်ဖြစ်တာတောင် 5နှစ်ကျော်လောက်ရှိနေပြီပဲ။မာမီကတော့ ပြန်လာဖို့အမြဲတဖွဖွပြောတတ်ပါ၏။ဘာလို့ပြန်လာခိုင်းမှန်းလည်း သိနေတာမို့ အလုပ်ကိုအကြောင်းပြကာ မပြန်ဘဲပေကပ်နေရသည်။ဒါတောင် ဖုန်းဆက်ရင် 'ချစ်သူရနေပြီလား၊ အဲ့ဒီ့ဘက်ကလူမျိုးခြားမိန်းကလေးတွေ ခေါ်မလာနဲ့နော်'စသည့် စကားတွေကမပါမဖြစ်။ သူမျက်စိကျလို့ဆိုပြီး နေ့တိုင်း ပို့လာလိုက်တဲ့ မိန်းကလေးဓာတ်ပုံတွေများ တစ်သီတစ်တန်းကြီးပါပဲ။ တကယ်တော့ ဒီအသက်၂၅နှစ်ဆိုတာ အိမ်ထောင်ကျသင့်တဲ့အရွယ်လည်းမဟုတ်သေးပါဘူး။အခုလိုအချိန်က အလုပ်လုပ်ပြီးရှာဖွေစုဆောင်းရမယ့် အရွယ်ကောင်းလေးပဲရှိသေးတာမဟုတ်လား။
""ဒေါက် ဒေါက်!""
""Come in""
အားလပ်ချိန်လေးခဏမှာ အတွေးတို့ကြာရှည်စွာနစ်မျောနေရင်း တံခါးခေါက်သံကြားမှ လူကအသိပြန်ကပ်သွားရသည်။သို့နှင့် အပြင်ဘက်မှအကြည့်ကိုလွှဲကာ တစ်ဖက်သို့ပြန်လျှောက်လာစဥ် တံခါးကဖျတ်ခနဲ ပွင့်သွားလေ၏။
""အလုပ်သရဲ...ဒီအချိန်အထိcompanyမှာပဲရှိမယ်မှန်းထင်သားပဲ""
""မင်းက ဘာလာလုပ်ပြန်တာလဲ?""
""ငါလည်း မအားပါဘူး
ငါ့ babeလေးဆီသွားရဦးမယ်
မင်းရဲ့ချေချက်တွေကြောင့် scarletငါ့ကိုနားပူလှပြီ...အဲ့ဒါကြောင့်လာပြောရတာ...မင်းသူ့ကိုမတွဲသေးဘူးလားကွာ""
""Girlfriendထားဖို့ မင်းလို ငါအားမနေဘူး""
တစ်ခွန်းတည်းပဲ အပြတ်ပြောတော့ သူငယ်ချင်းဖြစ်သူက မျက်နှာကြီးမဲ့ကာ ပြုံးလေ၏။သို့သော်လည်း စိတ်တော့ဆိုးမှာမဟုတ်ပါ။လင်းညတို့က အပြောအဆိုအဲ့လိုပြတ်တာလေ...။Andyက ဒီမှာကျောင်းတက်ရင်း ခင်တဲ့သူငယ်ချင်းဖြစ်ပေမယ့် သူကလည်း မြန်မာလူမျိုးချင်းမို့ အရင်းနှီးဆုံးဖြစ်နေသည်။ဒါကြောင့်လည်း အားမနာတတ်တဲ့အပြောတွေကို ဘယ်လိုမှသဘောမထားတာပေါ့။လူမျိုးတူ ပညာတူပေမယ့် မတူတာကတော့ အကျင့်စရိုက်...လင်းညကတည်ငြိမ်သလောက် သူကplay boyဖြစ်ကာ အနားမှာလည်း ladyလေးတွေများလှရဲ့။ အခုလက်ရှိတွဲနေတဲ့ ကလေးတစ်ယောက်နဲ့သာ အတော်ခြေငြိမ်နေတယ်ဆိုရမှာ...။
စောစောကသူပြောတဲ့ scarletဆိုတာက ဒီနိုင်ငံသူဖြစ်ပြီး လင်းညကိုစိတ်ဝင်စားသူတွေထဲကတစ်ယောက်...။သို့ပေမယ့် အနေတည်တဲ့ cool guyအနားကို သိပ်မကပ်ရဲလေတော့ သူငယ်ချင်းမှတဆင့်လာချဥ်းကပ်နေခြင်းပင်။ Andyကတော့ ဆက်ဆံရေးပြေပြစ်လွန်းသူမို့ ဟိုကပြောသမျှမှတ်သားကာ အားတက်သရော်ကိုလာကူညီနေတော့၏။
""မင်းကလည်း scarletကအရမ်းလှတယ်နော်
မင်းကိုလိုက်နေတာလည်းကြာပြီ...သိရဲ့သားနဲ့ မင်းကမာလှချည်လား""
""မင်းကြိုက်ချင်ရင်သွားကြိုက်လေ""
""Noပါ..ငါအခုbabeလေးနဲ့အတည်တွဲတော့မှာ
မင်းတွေ့ဖူးတယ်မလား...2000bornလေး..ငါ့ကလေးတွေထဲ အငယ်ဆုံး""
""နှစ်ခါလောက်တွေ့ဖူးတယ်ထင်တယ်
မင်းကိုပြသာနာလာလာရှာတုန်းကလေ""
""အဟက်! သူလေးက bad girlလေး
ဆိုးတာလေးတွေခံရတာ ရင်ခုန်ဖို့တော့ကောင်းတယ်""
ထိုစကားကြောင့် လင်းညရဲ့မျက်ခုံးနှစ်ဖက် သိသိသာသာတွန့်ချိုးလိုက်ပုံက တကယ့်ကိုအလိုမကျသည့်အသွင်အပြည့်နဲ့မို့ ဒီဘက်ကလူမှာ ကြည်နူးနေတဲ့ feelingလေးတောင်ကြက်ပျောက်ငှက်ပျောက်။ သူ့အကြောင်းကတော့ သိနေတာမို့ ဘာဘာညာညာပြောမနေချင်တော့ပါ။`လင်းညရိပ်´က ရည်းစားထားတယ်ဆိုတာမျိုးကို အပိုအလုပ်ထင်တတ်တဲ့သူ...။အနားမှာမိန်းကလေးတွေဝိုင်းနေလည်း တစ်ယောက်ကိုမှ အဖက်မလုပ်ဘဲ ၂၄နာရီတည်တင်းနေတဲ့ မျက်နှာကြောက အိပ်နေချိန်တောင်လျော့ရဲ့လားမသိ။ ကောင်မလေးတွေကလည်း အဲ့လိုမျက်နှာချေကိုမှလာကြွေနေကြတာလေ...။christmasတို့ new yearတို့လိုရက်မှာဆို သူ့အိမ်ရှေ့အထိရောက်လာတဲ့ surprise giftတွေမှတစ်ပုံတစ်ပင်။
အင်းပေါ့လေ...။သူက ချေနိုင်တဲ့အနေအထားလည်းရှိတာကိုး...singaporeနိုင်ငံမှာနာမည်ကြီးစာရင်းဝင် companyကိုဦးဆောင်နိုင်တဲ့သူဖြစ်ပြီး styleကျမိမိုက်သည့်ပုံစံက မိန်းကလေးတွေကြားမှာနာမည်ကြီးလှ၏။ 187cmရှည်လျားသည့်အရပ်နဲ့ ခြေတစ်လှမ်းလှမ်းရင်ကိုပဲ အဲ့ဒီလမ်းလျှောက်တဲ့styleမှာနစ်မြောသွားရပြီး ခြေတစ်လှမ်းရဲ့နောက်မှာ နှလုံးသားလေးတွေများစွာပြိုဆင်းခဲ့ကြဖူးသည်။
အထူးခြားဆုံးကတော့မျက်ဝန်းအကြည့်...။ညိုရိပ်သမ်းနေတဲ့မျက်ဝန်းတွေက တစ်ချက်ကြည့်လိုက်တိုင်းညှို့ဓာတ်အပြည့်ရှိ၍ စူးရှတောက်ပလွန်းကာ တိုစိပ်စိပ်လေးဝန်းရံထားတဲ့ မျက်တောင်တွေရဲ့အထက်၌ ထူထဲနက်မှောင်သည့် မျက်ခုံးတန်းလေးတစ်စုံက ဆွဲဆောင်ရှိရှိ။ နှာတံစင်းစင်းလေးက ပေါ်လွင်ပြီး ထူပြည့်ပြည့်နှုတ်ခမ်းတစ်စုံကလည်း ပကတိသွေးရောင်လွှမ်းသည်။ ပြောရရင် ယောကျ်ားဆန်ဆန် ချောမောပြေပြစ်သည့် သူ့ရုပ်သွင်က ဘာဆိုဘာမှလိုအပ်ချက်မရှိသည်မှာ တကယ့်ကိုprofessional modelတစ်ယောက်အတိုင်းပင်။
""အမ်ဟမ်! ဘာလို့ငါ့ကိုလာကြည့်နေတာလဲ
သွားမယ်ဆို...မင်းရဲ့ဟိုကလေးမပြသာနာလာမရှာခင်သွား...ငါမျက်စိနောက်တာတွေမကြိုက်ဘူး""
""Ring Ring!""
ပြောလို့မှမဆုံးသေးခင် သူ့ဖုန်းကထမြည်တာမို့ ကပျာကယာထုတ်ကြည့်နေသည့် Andyကတဖြေးဖြေးနဲ့ ပျားရည်အိုးထဲပြုတ်ကျသွားသလို မျက်နှာကြီးကချိုအီလာ၏။ထို့နောက် လင်းညဘက်သို့လှည့်ကြည့်လာကာ...
""ငါ့ babeက သူ့ဆီလာရင်chocolateဝယ်ခဲ့ပါတဲ့...မှာနေတာ""
""အမ်...အဲ့ဒါဘာလို့ငါ့လာပြောနေတာလဲ
ပြီးတော့ မင်းgirlfriendက တရားလွန်တယ်နော်
ချောကလက်စားတာ သူ့ဘာသာဝယ်မစားဘူး...လာမှာနေသေးတယ်...မင်းဝယ်လာတာကိုစောင့်မယ့်အစား အနားကဆိုင်တစ်ခုမှာသူ့ဘာသာပြေးဝယ်တာပိုမမြန်ဘူးလား""
""အေး! မင်းလည်း ဒီတစ်သက်ရည်းစားရမှာမဟုတ်တော့ဘူးသိလား..အတွေးတွေကအဲ့လောက် straightမဖြစ်ပါနဲ့...roဆန်စမ်းပါ။မင်းရဲ့ စီးပွားရေးအမြင်တွေနဲ့လာမရောနဲ့...ဒါအချစ်ရေးကွ""
""ငါမြင်တာပြောတာပါ
မင်းအခုတွဲတဲ့တစ်ယောက်က မင်းအပေါ်ပြသာနာအရှာဆုံးပဲ...ငါမြင်တိုင်းမင်းကပဲအသည်းအသန်လိုက်ချော့နေရတာ..ဟိုကအမြဲစူပုပ်စိတ်ကောက်နေတာပဲ...ဘယ်လိုများသည်းခံနေလဲ မင်း?""
""ဟာ...negative comတွေချည်းလာပေးနေတော့တာပါလား...အဲ့လိုလေးကိုမှငါကတကယ်ကြွေသွားတာ""
""ငါ့စိတ်နဲ့သာဆို အဲ့ကလေးမ အမှုန့်ဖြစ်နေလောက်ပြီ""
""အမလေး...ပြောချက်ကတော့ကွာ
ဒါမျိုးပြောနိုင်တာ မင်းတကယ်အချစ်မတွေ့သေးလို့ပါ..မင်းအလှည့်ကျမှ ငါ့babeထက်ပိုဆိုးတာနဲ့တွေ့နေမယ်""
ချိန်းခြောက်သလိုအပြောကြောင့် လင်းညက မထိတထိမျက်ခုံးပင့်ကာ သူ့ဘက်သို့စိုက်ကြည့်၍..
""တွေ့စရာလား
အဲ့လိုမိန်းကလေးမျိုးကို ငါမရွေးရင်ပြီးရောပေါ့""
""မင်းမရွေးချင်လည်း မင်းနှလုံးသားကချစ်မိတယ်ဆိုရင်ရော""
""ဇွတ်တွေပဲ...
ငါ ကလေးဆန်တဲ့မိန်းကလေးတွေကိုသဘောမကျဘူး""
""အဟက်! ဟုတ်ပါပြီ
ကိုယ့်အကြိုက်နဲ့တစ်ထပ်တည်းကျတာလေးတွေ့ပါစေဗျာ...အခုတော့ ချောကလက်အဝယ်တော်လေးသွားလိုက်ပါဦးမယ်...သိနိုင်မလား ငါဝယ်ကျွေးမှပိုပြီး sweetဖြစ်လို့နေမှာပေါ့""
ထိုသို့ပြောကာ ပြုံးဖြီးနေတဲ့မျက်နှာဖြင့်အခန်းထဲမှထွက်သွားလေ၏။အခုအချိန်မှာ အချစ်မရှိသေးတာမို့ လင်းညအနေနဲ့ကတော့ ခေါင်းတခါခါပင်။သူ့ရည်းစားထက်ဆိုးတဲ့ babeတဲ့! အဲ့ကောင်မလေးထက်ပိုပြီး စိတ်ဆိုးစိတ်ကောက်နိုင်တဲ့သူ ဒီလောကမှာထပ်ရှိသေးရဲ့လားတောင်မသိတာကိုများ...။
ရှိခဲ့ရင်လည်း သိပ်စိတ်မရှည်တတ်တဲ့ လင်းညရိပ်နဲ့အဆင်ပြေမယ်မထင်။
တကယ်ပါ...သူက ကလေးဆန်တဲ့မိန်းကလေးတွေကို တကယ်မကြိုက်တာ ~~~
(ဟတ်လား..စိတ်တောင်မကောင်းဘူး ကိုကိုရာ☺)
~~~~ 🍬🍬🍬🍬 ~~~~
အခန်း - [ ၃ ]ဆက်ရန်
Readers/writersလေးတွေအားလုံးက VIPပါ
Writer- WineSatt Cho(🍋Lëmoñ🍋)