book

Index 16

အခန်း [ ၁၆ ]

  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama, Fantasy

🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬

                          { My Queen , My Angel }


•••••••••••• ♡ အခန်း [ ၁၆ ] ♡ •••••••••••


ကောင်းကင်ယံ၌ တလက်လက်တောက်ပနေသည့် ကြယ်ပွင့်လေးတွေကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေမိ၏။ ညဥ့်နက်နက် ဆောင်းညရဲ့လေပြေလေးဟာလည်း အေးအေးစိမ့်စိမ့်ရှိလှသည်။ သို့သော်လည်း ဒီရင်မှာ ဘာကြောင့်မငြိမ်းချမ်းရသနည်း။ 


အဖြေကတော့ ရိုးရှင်းပါတယ်လေ...ရင်ခုန်သံတွေကိုသတိပြုမိတတ်စအရွယ်ကတည်းက အရိပ်တကြည့်ကြည့် ချစ်လာရပါသော ထိုမိန်းကလေးကို အပြီးတိုင်ဆုံးရှုံးရတော့မည်။ ကိုယ်နဲ့သူဟာ ဘယ်လိုရေရာတဲ့ပတ်သက်မှုမျိုးမှလည်းမရှိ။ ဒီအတိုင်း သူငယ်ချင်းတွေဆိုရုံလေးပါပဲ။ အဲ့ဒီ့ခေါင်းစဥ်အောက်ကနေမှ မရိုးသားစွာ ချစ်မိခဲ့လေသူပေါ့...။ပြောရရင် ချစ်သည်းရှင်ကို သူသိပ်ချစ်ခဲ့ပါ၏။တစ်ဘဝစာပိုင်ဆိုင်လိုသည့် အချစ်မျိုးနဲ့ကို ရည်ရွယ်ခဲ့ဖူးသည်။ မဟုတ်ဘူး...အခုချိန်ထိရည်ရွယ်ထားဆဲပါပဲ။


ဒါပေမဲ့ အခု သူမကလက်ထပ်တော့မည်တဲ့! ထပ်ပြီးသိလိုက်ရတာက ကိုယ့်အတွက်အဖြေတစ်ခုပေးဖို့ကိုလည်း ဆုံးဖြတ်ထားတယ်ဆိုပဲ။သည်လိုဆိုမှတော့ တခြားတစ်ပါးသူရဲ့လက်ထဲကို လွယ်လွယ်မပေးလိုခြင်းကြောင့် အတူထွက်ပြေးကြဖို့အထိ အရဲစွန့် ပြောထွက်ဖြစ်ခဲ့သေး၏။ထိုစဥ်က သူမ ခေါင်းငြိမ့်ခဲ့ပါသည်။ ဆတ်ခနဲခေါင်းငြိမ့်ပြပုံလေးကို မြင်ရစဥ်မှာဆို သူ့ရင်တွေတဒိတ်ဒိတ်ခုန်ပေါက်ကာ အပျော်လွန်သွားခဲ့သည်အထိ။ သို့ပေမယ့်...


""အင်း...ငါနင်နဲ့လိုက်ခဲ့မယ်

ရတယ်...အတူထွက်ပြေးမယ်။ ဒါပေမဲ့ အဲ့ဒီ့နောက်တော့ရော ငါတို့ဘာဆက်လုပ်မှာလဲ""


""ဟမ်...နင်ဘာကိုဆိုလိုတာလဲ""


""နင့်အတွေးက ခဏအတွက်ပဲ မင်းမိန့်

ငါ နင့်နောက်ကိုလိုက်ရင် ငါ့အတွက်ကတစ်ဘဝလုံးပဲ...အရာအားလုံးပဲ...နင်တာဝန်ယူနိုင်လား?""


""ရှင်ရှင်...ငါ...""


""ခဏနေဦး...အပြောမစောနဲ့

နင်ရော၊ငါရောက အခုထိ၁၀တန်းလေးတောင် ဖြစ်မြောက်အောင် မကျော်နိုင်သေးတဲ့လူတွေ...ဒီလိုလူနှစ်ယောက်ပေါင်းပြီး ဘာကိုဘယ်လိုလုပ်မှာလဲ...""


""......""


""ငါနင့်ကိုအဖြေပေးဖို့စဥ်းစားထားတယ်ဆိုတာကြောင့်လည်း စိတ်လှုပ်ရှားသွားတာပါမယ်ထင်တယ်...အဲ့ဒါက ဒီအတိုင်းသူငယ်ချင်းသံယောဇဥ်ကိုငဲ့ပြီး တွေးဖြစ်ရုံပါ။ အခုလည်းမဟုတ်ဘူး...စာမေးပွဲပြီးမှ။ အရှင်းဆုံးပြောရရင် ငါအခုအချိန်အထိနင့်အပေါ်သူငယ်ချင်းထက်မပိုဘူး...ပိုခဲ့ရင်တောင် ငါနင့်နောက်ကို မလိုက်နိုင်ဘူး မင်းမိန့်...ငါ့ကိုအရမ်းချစ်ပြီး၊အရမ်းအလိုလိုက်တဲ့ မိဘတွေအပေါ် ငါသစ္စာမဖောက်ဘူး။နောက်ပြီး အခုကိစ္စက ငါ့အပြစ်လည်းပါတယ်လေ""


""ဒါဆို နင်မချစ်တဲ့အဲ့ဒီလူကိုမျက်စိစုံမှိတ်လက်ထပ်မယ်ပေါ့...သူ့လက်ထဲကိုရောက်ပြီးမှတော့ ပြန်လွတ်ဖို့မလွယ်ဘူး ရှင်ရှင်""


""အဲ့ဒါ ငါ့အပိုင်းပါဟယ်

သူ့လက်ကနေပြန်ပြီးလွတ်အောင် ငါ့ဘာသာပဲကြိုးစားမယ်...အကူအညီမလိုဘူး""


""ဒါ မဖြစ်နိုင်တာပဲ""


""ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ် သူငယ်ချင်းရယ်...ဘာမှပူမနေနဲ့။ပြီးတော့ နင်ငါ့ကိုကူညီပေးချင်တဲ့စေတနာကိုပဲလက်ခံလိုက်ပါမယ်။ ပြောရရင် နင့်စကားက နည်းနည်းတော့ဘောင်ကျော်တယ်နော်..ငါတို့ကဘာမှလည်းမဟုတ်ဘဲနဲ့...ငါကဘာလို့နင့်နောက်လိုက်ရမှာလဲ""


""Sorry! ငါတောင်းပန်ပါတယ်""


""ရပါတယ်...စိတ်ထဲမထားနဲ့""


ဘာစကားတွေနဲ့မှ မချေပနိုင်ခဲ့သည့် သူမရဲ့အကြောင်းပြချက်တွေဟာ ခိုင်လုံခဲ့ပါ၏။ထိုစကားပြောခဲ့စဥ်က အားလုံးနဲ့ဝေးရာကို ခေါ်သွားပေးဖို့စိတ်ကူးကလွဲရင် နောက်ပိုင်းတွေ သူ မစဥ်းစားမိခဲ့ပေ။ သူမကတော့ ဒီနေရာမှာ လူကြီးလေးလို ချက်ကျလက်ကျပြောဆိုသွားတာများ အရင်က စွာတေးလန် ချစ်သည်းရှင်နဲ့တောင်မတူတော့သလိုနှယ်။ဟုတ်ပါတယ်..ဒါက အရဲကိုးလွန်းသည့်ကိစ္စပါပဲ။ သူမ ကိုယ့်နောက်မလိုက်နိုင်တာလည်း သဘာဝကျတယ်။ ကိုယ်တွေက ချစ်သူစုံတွဲတွေမှမဟုတ်တာလေ။ ဒီလိုပြောမိတာကို စိတ်မဆိုးသွားတာပင် ကံကောင်းသေးရဲ့မဟုတ်လား။


ဘာတွေဘယ်လို တွေးနေကြံနေတယ်တော့မသိ။သူမ စကားတွေက ထူးတော့ထူးဆန်းသည်။ခပ်ဆိုးဆိုး ဂျစ်တူးမလေးရဲ့အတွင်းစိတ်ကလည်း မှန်းရတော့ခက်သား။


ဘယ်လိုပဲဖြစ်ဖြစ်ပါလေ...။ကိုယ်သိပ်ချစ်ရတဲ့ သူမဘဝလေးအမြဲပျော်ရွှင်အဆင်ပြေနေဖို့ပဲ မျှော်လင့်ပါတယ်..။ပြီးတော့ အမြဲတမ်းလည်းချစ်သွားမယ်။


ဟုတ်တယ်...ငါနင့်ကို သိပ်ချစ်တယ် ရှင်ရှင်

နင်မချစ်တဲ့သူဆီမှာ ပျော်နေနိုင်ပါ့မလားလည်း စိုးရိမ်တယ်...။ နင့်အနားမှာ ငါရှိနေဦးမှာပါပဲ...။ငါ့ရင်ခွင်ကလည်း ဒီတစ်သက်လုံးနင့်အတွက်ပဲမို့ အချိန်မရွေးလာခဲ့နိုင်တယ်။


နင် သူ့ကိုမချစ်မိသွားသရွေ့ ငါလည်း နင့်ကိုမျှော်လင့်နေဦးမယ်။မျှော်လင့်နေဦးမှာပါပဲ~~


~~~~ 🍬🍬🍬🍬 ~~~~


ခြံထဲရှိ ဒန်းလေးပေါ်ထိုင်ကာ စိတ်ဝင်တစားလုပ်နေသည်က ဂိမ်းဆော့ခြင်း...။တဖြေးဖြေးနဲ့ လက်ထပ်ပွဲရက်ကလည်း နီးလာနေပါပြီ။ ကိုကိုတို့ပိုင်သည့် hotelမှာပဲ ပွဲလုပ်မှာမို့ dateက သူ့စိတ်တိုင်းကျကိုသတ်မှတ်ထားခဲ့ပြီး အရာရာလည်း သူတစ်ယောက်ပဲ တက်ကြွလှုပ်ရှားနေကာ ရှင်ရှင်ကတော့ သတို့သမီးမဟုတ်တဲ့အတိုင်း မသိချင်ယောင်သာဆောင်နေရင်း သွားမြဲတိုင်းသွား၊စားမြဲတိုင်း စားသလို ဂိမ်းဆော့လည်းမပျက်။အဲ! တွေးဖြစ်တာတစ်ခုရှိပါရဲ့ ...။သူစိတ်ပျက်၊စိတ်ကုန်သွားအောင် ဘယ်လိုတွေအနိုင်ကျင့်ရမလဲပေါ့။


""ဟင်...လာပြန်ပြီ""


သူ့အကြောင်းတွေးနေရင်းမှပင် ရင်းနှီးနေသောကိုယ်သင်းရနံ့က ရှူရှိုက်နေသည့် လေထုထဲပါလာခဲ့ပြန်တော့ မျက်လုံးက ဖုန်းကြည့်မပျက်ပေမယ့် သူလာပြီမှန်းတော့ သိနေရ၏။ တကယ်ပါပဲနော်...အားအားရှိ လာနေလိုက်ပုံများ ဟိုဘက်ခြံနဲ့ဒီဘက်ခြံ ချောင်းမကလို့ ပင်လယ်ကြီးတောင်ပေါက်တော့မယ်။


""ဆိုးလေး...စာကျက်ချိန်လေကွာ

ကိုယ့်ဆီဘာလို့မလာတာလဲ""


""အမလေး!...မလာပါဘူး

ရှင့်ဆီမှာ တသက်လုံးစာမသင်တော့ဘူး စိတ်နာလို့""


""စွာလှချည်လားကွာ

လာ...ကိုယ်ရောပူသေးလား စမ်းကြည့်မယ်""


နှာခေါင်းလေးကိုဖွဖွဆွဲညှစ်လျက် အနားလေးကပ်ထိုင်လျှင်ပဲ ချက်ချင်းတစ်ဖက်စွန်းသို့ရွှေ့သွားပြီး လက်နှစ်ဖက်ကိုလည်း ကြက်ခြေခတ်သဏ္ဌာန်ယှက်၍ ကာထားပုံက လူကိုပဲ အန္တရာယ်ကောင်ကြီးလိုလိုနှင့်...။သူကလည်း တမင်စချင်၍ အနားသို့လိုက်တိုးကပ်ရင်း ထိုလက်လေးတွေအား ဆွဲဖယ်ကာ သူမနဖူးလေးနဲ့ သူ့ပါးပြင်ကိုရအောင်ကပ်နေတာမို့ နှစ်ယောက်သား အခြေအနေက တွန်းတွန်းတိုက်တိုက်။


""လင်းညရိပ်...ရှင်ကြီး သိပ်တရားလွန်ပြီနော်""


""ဟေ့! လူကြီးကို နာမည်အပြည့်အစုံမခေါ်ရဘူးလေ...ငရဲကြီးမယ်""


""ကြီးကြီးပေါ့...လူကြီးက လူကြီးလိုမှမနေဘဲ""


""လာ...စာသင်ရအောင်

ဂိမ်းမဆော့နဲ့တော့""


""မသင်ဘူး...ရှင့်ကိုမကျေနပ်လို့စာမကျက်ဘဲ ဆော့နေတာ""


""ဟောဗျာ! ဒီလိုဆို ဂိမ်းတွေမဆော့ချင်ဘဲဆော့နေရတာ ကိုကို့ကြောင့်ပေါ့""


""လာမရွဲ့နဲ့ စကားကိုကောင်းကောင်းပြော""


တကယ်ကြီးကို နှုတ်ခမ်းထော်ကာပြောနေပုံကြောင့် သူ့မှာရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ရယ်ပြန်ရင်လည်း အမှုက တိုးဦးမှာမို့ အတတ်နိုင်ဆုံး ထိန်းကာ နဖူးလေးကိုလက်နဲ့ အသာလှမ်းစမ်းလိုက်ရင်းမှ...


""အဖျားရှိနေသေးတာပဲ

ပြော...ကိုကို့ကိုဘာမကျေနပ်တာလဲ""


""ဘာရမလဲ...ရှင့်အလုပ်ကဘာလဲ

ရှင့်companyရဲ့ main groupက hotelနဲ့ Tourismမဟုတ်ဘူးလား...ပြီးတော့ရှင့်ရာထူးက CEOဆို ""


""ဟုတ်ပါပြီကွာ...ပြောချင်တာကဘာလဲ""


""ဘယ်မလဲ Honeymoon plan

မင်္ဂလာဆောင်ပြီး honeymoonမသွားရတာ အဓိပ္ပာယ်ရှိရဲ့လား...ဆိုး ကမ်းခြေသွားချင်ပါတယ်ဆို""


""သြော်..အဲ့ဒါကလေ

ဆိုးရဲ့စာကျက်ချိန်တွေအနှောင့်အယှက်ဖြစ်မှာစိုးလို့ပါကွာ""


""ဟင်...ရှင်မင်္ဂလာဆောင်ချင်တော့ရတယ်

ဆိုးရဲ့honeymoonကျတော့မရဘူး...ဘယ်မှာလဲ ဆိုးအတွက် တရားမျှတမှု""


စကားလုံးကြီးနဲ့ပစ်ပေါက်တတ်ပုံကတော့ ငယ်ငယ်ကအတိုင်းပဲမို့ ဟက်ခနဲကိုရယ်ချမိတော့သည်။လူက အခုတောင်နေမကောင်းတဲ့ဟာ Honeymoonခရီးကထွက်ချင်လိုက်သေးရဲ့။စာတွေကလည်း ပျက်ကွက်လို့မရတော့ဘူးလေ..။နောက်နှစ်လနေရင်ပဲ စာမေးပွဲဖြေရတော့မှာ။ နဂိုကတည်းက အားနည်းနေသည့်ကလေးမက ခရီးပမ်းပြီး ထပ်နေမကောင်းဖြစ်နေရင် ကိုယ်ပဲရင်ပူရမည့်အဖြစ်။ ပြီးတော့ သွားချင်တဲ့နေရာဆိုတာကလည်း Local areaတောင်မဟုတ်...။Thailandက Phuket Patong beachတဲ့လေ...။ 


""ကလေးကနေလည်းမကောင်းသေးဘူးလေကွာ

စာမေးပွဲပြီးမှ ကိုကိုလိုက်ပို့ပေးမှာပေါ့""


""ဒါဆို နေမကောင်းလို့ မင်္ဂလာပွဲလည်းမတက်တော့ဘူး...ရှင်တစ်ယောက်တည်းသွားဆောင်တော့""


ဆူဆူဆောင့်ဆောင့်သာပြောလိုက်ရင်း လက်ထဲက ဂိမ်းကိုဆက်ဆော့နေလိုက်ပေမယ့် သူကတော့လူကို အကြည့်မပျက်။အငြိမ်မနေသည့်လက်တွေကလည်း ဆံပင်ကိုလာသပ်လိုက်၊ပါးကို ဖွဖွဆွဲလိုက်နဲ့ အလုပ်တွေလာရှုပ်နေလေရဲ့။ တကယ်တော့ Honeymoonကိစ္စကို ရှင်ရှင်လည်းသိပ်အာရုံရှိလှတယ်မဟုတ်ပါ။ တမင်သက်သက် သူစိတ်အနှောက်အယှက်ဖြစ်အောင် လိုက်ရစ်နေခြင်းသာ။သူကတော့ ဘယ်လိုပြောပြော၊ဘာလုပ်လုပ် စိတ်ဆိုးတဲ့ပုံတောင်မပြတော့ ခက်သား။ နေနှင့်ဦးပေါ့...ဒီတစ်ခုမအောင်မြင်ရင် နောက်တစ်ခု...။


""ဒါနဲ့ မင်္ဂလာပွဲအတွက် ကိုကိုရွေးပေးတဲ့ဝတ်စုံတွေ ဆိုးတစ်ခုမှမကြိုက်လို့ မဝတ်ဘူးနော်...ကိုယ်ကြိုက်တာပဲ ကိုယ်ဝတ်မှာ""


""ကိုကိုရွေးပေးတာ ဘာလို့မကြိုက်တာလဲ""


""ဆိုးက weddingနေ့မှာ အဖြူရောင်ဝတ်ပြီး၊Pre-weddingပုံရိုက်တဲ့အခါ အနီရောင်ဝတ်မှာ...ကိုကိုရွေးပေးတဲ့ပန်းရောင်တွေက ကလေးဆန်တယ်...မကြိုက်ဘူး""


""ကလေးရယ်..အနီရောင်က ရင့်တယ်လေ

ပြီးတော့ မျက်လုံးစူးတယ်...""


""ဒါဆို ပန်းရောင်ကရောဘာလှလို့လဲ""


""အင်း...ပန်းရောင်က innocence , child-like personality ,freshness ,purity ,love,good health & good lifeကို ကိုယ်စားပြုတယ်တဲ့! ကိုကို့အမြင်မှာ ဆိုးနဲ့အလိုက်ဖက်ဆုံးက ပန်းရောင်လေးပဲ။ကိုကိုတို့ ပြန်စတွေ့တဲ့နေ့တုန်းကလည်း ကိုယ့်အာရုံထဲ ပထမဆုံးဝင်လာတဲ့ မင်းရဲ့ပုံရိပ်လေးက ပန်းရောင်ပဲလေ""


စိတ်ရှည်လက်ရှည်ရှင်းပြသွားသည့် သူ့စကားသံကို နားထောင်ရင်း ခဏတာမျောပါသွားရပြန်သည်။ပထမဆုံးစတွေ့တဲ့နေ့က ရှင်ရှင်ဘာဝတ်ထားမှန်းတောင် သူမှတ်မိနေသည်ပဲ။ တကယ်တော့ ရှင်ရှင်လည်း ပန်းရောင်ကိုကြိုက်ပါတယ်။သူရွေးပေးတဲ့ ဝတ်စုံဟာလည်း တကယ်ကိုလှတယ်...။သက်သက်ညစ်ကာ မဝတ်ချင်ဘူးပြောတော့လည်း သူက လေသံအေးအေးဖြင့် ပန်းရောင်ရဲ့အဓိပ္ပာယ်ကိုတောင်ဖွင့်ဆိုရှင်းပြနေသေးရဲ့။ တကယ်မလွယ်ပါလား...စိတ်ရှည်ချက်က ဆွဲဆန့်ကြည့်ရင် ဘယ်နှမိုင်လောက်များရှိပါ့မလဲ...ဟူး!!


""အဟမ်း! ဒါဆိုဂိမ်းတစ်ပွဲဆော့""


""ဘာဆိုင်လို့လဲ""


""နိုင်ရင် ပန်းရောင်ဝတ်ပေးမယ်

ရှုံးရင် အနီ""


ဖုန်းကိုလက်ထဲထည့်ပေးကာ ဇွတ်တရွတ်ကိုပူဆာပြန်လေပြီမို့ သက်ပြင်းကြီးတစ်ချက်ချ၍သာ လှမ်းယူလိုက်ရသည်။နွဲ့ဆိုးရဲ့ ရစ်တတ်မှုကတော့ တကယ့်ကို Levelမြင့်ပါ၏။ အခုလည်း တထိုင်တည်းနဲ့ကို မျိုးစုံရစ်သွားတာ လူတောင်မူးချင်လာပါပြီ။ သို့သော် သူကလည်း စကားနဲ့တောင် အနိုင်မယူချင်သူမို့ အရာရာကို သူမသဘောအတိုင်းသာ နေပေးမိသည်ချည်းပင်။


""နောက်တစ်ပွဲမှစမယ်

အခုက ရှုံးတော့မှာလေ""


""ပြီးတာပဲ""


~~~~ 🍬 ~~~~


အပေါ်ထပ်ပြတင်းတံခါးဆီမှ မြင်ရသော ထိုမြင်ကွင်းလေးက ရင်ထဲတနုံ့နုံ့ဆွသော ဆူးလိုပင်။ဒန်းလေးပေါ်မှာ ဘေးချင်ယှဥ်လျက် ပူးကပ်ထိုင်ရင်း စကားပြောလိုက်၊ငြင်းခုံလိုက်နဲ့ သူတို့နှစ်ယောက်ထဲ တစ်ကမ္ဘာ။ တကယ်က ထိုနေရာမှာ ချစ်ကြိုးဖြစ်ခွင့်ရှိခဲ့ဖူးတာလေ။ကိုယ်ချစ်ခဲ့ရတဲ့ ထိုအမျိုးသားလေးက ကိုယ်တောင့်တခဲ့သော ကြင်နာခြင်းတို့ကို တစ်ပါးသူအပေါ် အစီအရီချခင်းပြနေလိုက်တာများ တစ်လောကလုံးကိုတောင်မေ့နေသည့်နှယ်။ တကယ်တော့ ရှင်ရှင်က သူ့အချစ်နဲ့မလိုက်ဖက်တဲ့ မိန်းကလေးပါ။ သူ့အချစ်အပေါ် အခွင့်အရေးရှာပြီးအမြဲ အနိုင်ယူနေတာ...တစ်ခါတစ်လေဆို ဘေးကကြည့်နေသူရဲ့ ရင်ထဲမှာတောင် အောင့်သက်သွားရသည်အထိ ရှင်ရှင် သူ့အပေါ်အနိုင်ယူလွန်းသည်။ သို့ပေမယ့် ဘယ်လိုအခြေအနေမဆို  သူ့ရဲ့ခွင့်လွှတ်နိုင်စွမ်းက ထုထည်ကြီးမားနေပါရဲ့။


နင်ပျော်ရင်ပြီးတာပဲလို့ ငါတွေးကြည့်ဖူးပါတယ်..ညရယ်။ဒါပေမဲ့ ပိုင်ဆိုင်လိုစိတ်ဟာလည်း အခုထိမလျှော့ချနိုင်သေးတာ ဘယ်လိုလုပ်ရမလဲ? ရှင်ရှင်ကလည်း ငါချစ်ခဲ့ရတဲ့သူပါပဲ...ဒါပေမဲ့ မထိုက်တန်တဲ့ ဆုလာဘ်ကို သိမ်းယူသွားတဲ့အတွက်လည်း ငါ့မှာမုန်းရတယ်။ မတန်ဘူး...သူကနင်နဲ့မတန်ဘူး...နင့်အချစ်နဲ့လည်းမတန်ဘူး...။သူ ငါတို့မိသားစုထဲရောက်မလာခဲ့ရင်ကို ကောင်းမှာ...။


""Ring Ring!""


အတွေးတို့ နယ်ချဲ့နေရင်းမှ ဖုန်းဝင်လာသံကြောင့် သတိကပ်သွားရကာ မှန်ပြတင်းရဲ့ ခန်းဆီးစလေးအား ဆွဲပိတ်လိုက်သည်။ Contact nameကိုဖတ်မိတော့ ထုံးစံအတိုင်း ဟိုလူထူးဆန်းရဲ့နာမည်ကနေရာယူလျက်...


'ကိုယ်မင်းရဲ့ Darksideဖြစ်ပေးမယ်'တဲ့...။သူပြောခဲ့သော ထူးဆန်းသည့်စကားတစ်ခွန်းကတော့ နားထဲမှတ်မှတ်ထင်ထင်ရှိခဲ့ပါရဲ့...။သို့သော်လည်း ထိုစကားကို နှလုံးသားကတော့ နာခံလိုခြင်းမရှိခဲ့။


တစ်ဖက်သတ်အချစ်ဟာ ပူလောင်ပါတယ်...

ဒါကိုခံစားဖူးနေတဲ့အတွက် သူ့ရဲ့စိတ်ကို ကြိုး သိတယ်၊နားလည်တယ်...။နားလည်ပေမယ့် တုံ့ပြန်မပေးနိုင်တာကလည်း ခက်သားပါပဲကွယ်။


~~~~ 🍬 ~~~~


""ဟာ! အဲ့လိုမညစ်နဲ့နော် ဆိုး""


""ဘာဖြစ်လဲ?""


ဖုန်းကိုင်ထားသည့်လက်အောက်သို့ ဇွတ်အတင်း ခေါင်းလျှိုဝင်ကာ လိုက်နှောင့်ယှက်နေတာမို့ ဂိမ်းကလည်း ရှုံးလုလုတောင်ဖြစ်လာရသည်။လက်တွေကလည်း အငြိမ်မနေဘဲ screenပေါ်လိုက်တို့ရင်း အော်ဟစ်နေပြန်၍...


""လူကြီးကိုအနိုင်မကျင့်နဲ့နော်

ငြိမ်ငြိမ်နေ""


""ကိုကိုရှုံးတော့မှာ အနီပဲ အနီ""


""အဟွန်း!အပြောမစောနဲ့ ကလေးမ""


""Victory!!""


စကားဆုံးပြီး ခဏအကြာတွင် နိုင်သွားသည့်အသံကိုကြားလိုက်ရ၍ မယုံသင်္ကာဖြင့်ပြန်ငုံ့ကြည့်တော့ တကယ်ကို ရှင်ရှင်တို့teamနိုင်သွားခြင်းမို့...


""ဘယ်လိုလုပ်နိုင်သွားတာလဲ?

ကိုကိုက ဆော့လေ့လည်းမရှိဘဲနဲ့ ကျွမ်းတယ်လား""


""ဘယ်သူပြောလဲ မဆော့တတ်ဘူးလို့

မင်း လျှောက်ထင်နေတာလေ""


""ကိုကိုကအလုပ်မအားဘဲနဲ့ ဘယ်အချိန်ကစားတာလဲ""


""ကိုယ့်ရှေ့မှာတစ်ချိန်လုံးကစားနေတဲ့ မင်းဆီကသင်ထားတာ...နည်းနည်းပါ။ကဲ! ဘယ်လိုလဲ အနီမမလေး""


""ထားပါတော့...နိုင်ရင်လည်းနိုင်တယ်ပေါ့။teamက တော်လို့ပါ...မဟုတ်ရင်ရှုံးမှာကိုများ""


""ကိုကိုတော်လို့ပါကွာ""


""ဒါနဲ့ ရှင်ကအရည်အချင်းဘယ်နှခုလောက်များ ဝှက်ထားသေးလဲ...ဂိမ်းလည်းဆော့တတ်တယ်၊သီချင်းဆိုတာလည်းကောင်းတယ်""


""ဒါဆို အဲ့နေ့ညက ကိုယ်ဆိုပြတာနားထောင်ခဲ့တယ်ပေါ့""


""ရှင်ပဲနားထောင်ဆို""


""ဟုတ်ပါပြီကွာ...အရည်အချင်းကိုပြောရရင် ကိုယ်ကအရာရာတော်ပြီးသားလေ""


ထိုစကားကြားသည်နှင့် ရှင်ရှင်ချက်ချင်းကို အဓိပ္ပာယ်ပြည့်ဝစွာပြုံးမိသွားရသည်။ပြောရရင် လူသတ်ခါနီး killerရဲ့ မသမာအပြုံးမျိုးပေါ့လေ..။ကိုယ်ကအရာရာတော်ပြီးသားတဲ့...အဟက်! ဒါဆို အရာရာမွှေတတ်တဲ့ ရှင်ရှင့်အပေါ်မှာရော သည်းခံနိုင်စွမ်းတွေတော်ရဲ့လားဆိုတာ ကြည့်ကြသေးတာပေါ့။လက်ထပ်မယ်မဟုတ်လား...ထပ်ကြည့်လိုက်လေ...မကြာခင်မှာ ရှင်ကိုယ်တိုင် ကွာရှင်းစာချုပ်လေးကိုင်ပြီး လက်မှတ်တောင်းရတဲ့ဘဝမျိုးရောက်စေရမယ်...။ချစ်သည်းရှင်ကို ဘာမှတ်!!


""လာ...စာသွားကြည့်မယ်

ထ!""


""အာ! ကိုကိုခဏလေး""


""ဘာဖြစ်လို့လဲ...ခေါင်းမူးလို့လား""


""မဟုတ်ပါဘူး ပြောစရာလေးရှိလို့""


""ပြောစရာတွေက ကုန်ရောကုန်ပါတော့မလား""


""ဒီတစ်ခုပဲကျန်တော့တာပါ

ပြီးတာနဲ့ စာကျက်မယ်""


""ကဲ! ပြောစေဗျာ""


""ဆိုးတို့လက်ထပ်ပြီးရင်လေ အိမ်ခွဲနေကြမယ်

ဒီအိမ်မှာမနေဘူး၊ဟိုဘက်အိမ်မှာလည်းမနေဘူးနော်""


ပခုံးပေါ်သို့ ခေါင်းလေးမီတင်လာကာ ရုတ်တရက်ပြောလိုက်သောစကားက သူလုံးဝမထင်မှတ်ခဲ့သည်မို့ အနည်းငယ်တော့အံ့သြသွားရပါ၏။နှစ်ဖက်မိဘအိမ်တွေ ဘယ်မှာနေနေ ဒီလောက်အဆင်ပြေနေပါလျက် တခြားမှာသွားနေမယ်လို့ပြောလာခြင်းက ထူးဆန်းသလိုလိုပင်။


""ဘာလို့လဲ ကလေးရဲ့

ကိုယ်တို့မိဘတွေဒီမှာအကုန်ရှိတယ်လေ...အပြင်မှာခွဲနေရင် ဆိုးလေးအတွက်အဆင်ပြေပါ့မလား...ပျင်းနေမှာပေါ့""


""မပျင်းပါဘူး ကိုကိုရှိတာပဲဟာ

ဆိုးက ကိုကိုနဲ့နှစ်ယောက်တည်းပဲနေချင်တာ""


သွားပါပြီ။အဲ့ဒီ့စကားလေးတစ်ခွန်းမှာတင် လူကနှလုံးရပ်ကာ သေဆုံးတော့မည့်အလား။ပခုံးပေါ်မီထားသည့် ခေါင်းလေးကလည်း ရင်ဘတ်ဆီရွေ့သွားကာ လက်သေးသေးလေးက သူ့ခါးဆီသိုင်းယှက်လာစဥ် ကြည်နူးစွာပြုံးမိလျက် အလိုက်သင့်လေး ပြန်ဖက်ထားမိရင်းမှ...


""အင်း...အဆိုးမလေးရဲ့သဘောပါပဲဗျာ""


သူ့ထံမှအဖြေစကားကြားရတော့ အကြံအစည်တစ်ခုအောင်မြင်ပြီမို့ ရှင်ရှင်ထပ်ပြီးကျေနပ်စွာပြုံးမိရပြန်သည်။ဒီမှာပဲနေရင် ဘာလုပ်လုပ်မျက်စိဒေါက်ထောက်ကြည့်နေမည့် မိဘတွေကြောင့် အဆင်ပြေနိုင်မှာမဟုတ်။ အရာရာတော်တဲ့လူကြီးကို Lessonတွေပေးရမှာမနည်းမနောရယ်...။သူ့ရဲ့အချုပ်အနှောင်ထဲ မရောက်ခင် အကျပ်ကိုင်ဖို့ကြံစည်ထားတဲ့ နည်းလမ်းတစ်ခုလည်းကျန်သေးတယ်လေ...။


အဟင်း! ရှင်နဲ့ကျမ အဝေးကွင်းမှာတွေ့ကြမယ်...။ရှင့်ရဲ့သည်းခံနိုင်စွမ်းဆိုတာလည်း အတိုင်းအတာတော့ရှိမှာပါ။ အဲ့ဒီ့ အတိုင်းအတာကို ကျော်လွန်သွားခဲ့ရင်တော့ အားလုံးပြီးဆုံးသွားမှာပဲ။


ရှင်ရှင်လေ ကိုကို့ဆီကနေ ပြန်လွတ်ကိုလွတ်ရမယ်...။


မင်း ကိုယ့်ဆီကနေထွက်သွားပါတော့လို့ တောင်းဆိုလာတဲ့အထိကို ပြသာနာရှာပြဦးမယ်...ဟွန့်!!


တွေ့ကြသေးတာပေါ့ အရာရာတော်သူကြီးရယ်...။


(တစ်ယောက်နဲ့တစ်ယောက်ကြံစည်နေလိုက်ကြ...အကြံသမားတွေရဲ့😅ကိုကို့ Missionတော့ အောင်မြင်ခဲ့တယ်။ဆိုးရဲ့Missionကတော့ အောင်ပါ့မလားပဲ😁)


~~~~ 🍬🍬🍬🍬 ~~~~


အခန်း - [ ၁၇ ]ဆက်ရန်


Readers/WritersလေးတွေအားလုံးကVIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: