🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
••••••••••• ♡ အခန်း [ ၁၅ ] ♡ •••••••••••
လေးနက်စွာ ပြောနေသည့် သူ့စကားလုံးများအောက် ကြိုး ခေတ္တမျှ မှင်သက် ဆွံ့အသွားမိပေမယ့် ချက်ချင်းပဲ အကြည့်ကိုပြန်ရုတ်သိမ်းကာ ဆုပ်ကိုင်ထားသည့် လက်ကိုလည်း ဆတ်ခနဲရုန်းလွှတ်ပစ်လိုက်သည်။ မဟုတ်သေးဘူး...ဒီအခြေအနေက တစ်ခုခုတော့မှားယွင်းနေပါပြီ။ ကြိုးရင်ထဲက ခံစားချက်ကိုသူသိနေတယ်၊ ကြိုးရဲ့စိတ်ကို သူနားလည်နေတယ်...။ဒါပေမဲ့ ကြိုးဖြစ်စေချင်တာက သူမဟုတ်ဘူး...၊သူ မဟုတ်ဘူး...
""ချစ်ကြိုး...ကိုယ့်ကိုစိတ်ဆိုးသွားတာလား
ကိုယ်က...""
""တော်ပါတော့
ကျမရဲ့အကြောင်းကို တစေ့တစောင်းနည်းနည်းလေးမြင်နိုင်ရုံနဲ့ အရာရာကိုသိတယ်ထင်ရင် ရှင်မှားနေပြီ""
""စိတ်ဆိုးသွားပြီပဲ
ကိုယ်တောင်းပန်ပါတယ်""
ကြိုးက ဒေါသအလျောက် အသံဆတ်ဆတ်လေးဖြင့် အော်လိုက်သော်လည်း သူ့မျက်နှာကတော့ ပြောင်းလဲခြင်းတစ်စုံတစ်ရာမရှိခဲ့ဘဲ တောင်းပန်စကားဆိုလာ၏။ ဒီလိုလေးနက်တဲ့ အကြည့်မျိုး၊နွေးထွေးတဲ့စကားမျိုးကို လင်းညဆီကသာ ကြားရရင် ကြိုးတကယ် ပျော်မိမှာပါ။သို့ပေမယ့် တကယ်တမ်းပေးအပ်လာသူနဲ့ ရင်ထဲက တောင်းတသူကတော့ လွဲမှားစွာ...။ဒါ ဘယ်လိုကံတရားပါလဲ?
"".....""
ဘာစကားတွေမှဆက်ပြောမလာဘဲ ငြိမ်သက်နေသည့် မိန်းကလေးအား သူလည်း ခပ်ငေးငေးသာ ပြန်စိုက်ကြည့်နေမိသည်။ သူမရင်ထဲ ဘာတွေရှိမှန်း တကယ့်ကို အရင်ကတည်းကသိတာပါ။ အများရှေ့မှာ တည်ငြိမ်သလောက် လင်းညနဲ့အတူတွဲရှိချိန်ဆို သူမမျက်လုံးလေးတွေ မသိမသာရွေ့လျားတတ်တာ၊လိုအပ်တာထက်ပိုပြီး စကားတွေပြောလာတာ သတိထားမိခဲ့သားပါပဲ။ပြီးတော့ သူတို့က ငယ်ကတည်းကရင်းနှီးခဲ့ကြသူတွေလေ..။သံယောဇဥ်တွေပိုမိတာလည်း မဆန်းဘူးပေါ့။ကိုယ်ကသာ သူမဘေးကို နောက်ကျမှရောက်ခဲ့ရတာ။
""တောင်းပန်ဖို့မလိုပါဘူး
ကျမစိတ်ကဘယ်မှာရှိတယ်ဆိုတာသိရင် ရှင်အခုကတည်းကနောက်ဆုတ်သင့်တယ်""
""ကိုယ်စောင့်နိုင်ပါတယ်""
""ရှင့်ကိုစောင့်ခိုင်းနေတာမဟုတ်ဘူး
ငြင်းနေတာ...ရှင်နားလည်လျက်နဲ့ ဘာလို့ဇွတ်တိုးနေတာလဲ""
""ချစ်လို့ပေါ့ကွာ
ကိုယ်မင်းကိုချစ်လို့""
သူမ စိတ်ထိခိုက်နေမှန်း သိတာမို့ ဒီစကားအထိထုတ်မပြောမိအောင် ထိန်းချုပ်ထားပေမယ့် ရည်ရွယ်ထားသလိုလည်း မဖြစ်နိုင်တော့ပါ။ မသက်မညှာပြောထွက်လာသော အငြင်းစကားကို မကြားလိုစွာပင် သူမအသံလေးကို ဖုံးလွှမ်းသည်အထိ ချစ်တဲ့အကြောင်း အော်ပြောဖွင့်ဟမိရင်း ခန္ဓာကိုယ်သွယ်သွယ်လေးကိုပါ ရင်ခွင်ထဲဆွဲဖက်ထားလိုက်သည်။ အငြင်းခံချင် ခံရပါစေ၊ဆယ်ခါမက ထပ်၍ ဖွင့်ပြောနိုင်သည်။ သူ့ပါးကို ရက်ရက်စက်စက်ရိုက်ပစ်လိုက်ပါစေ၊ ခဏတာလေးဖြစ်ဖြစ် ထွေးဖက်ထားလိုက်ချင်၏။ ဘာတွေပဲဖြစ်ဖြစ် ဒီမိန်းကလေးကို သူချစ်သည်။ဒီခံစားချက်အတွက်လည်း ရှေ့ဆက်တိုးဖို့ဆုံးဖြတ်ခဲ့ပါပြီ။
""ရှင်...ရှင် လွှတ်နော်""
"".....""
ရုတ်တရက်ကြီး တင်းတင်းကျပ်ကျပ်ပွေ့ဖက်ခံလိုက်ရတာကြောင့် ကြိုး တစ်ကိုယ်လုံးပူထူကာ ကြောက်လန့်တကြားရုန်းထွက်နေမိ၏။ ဒီတော့လည်း သူက ဖက်ထားသည့်လက်တွေကို အသာအယာ ဖြေလျော့ပေးလိုက်ကာ ပခုံးနှစ်ဖက်ကိုတော့ လာရောက်ဆုပ်ကိုင်ထားပြန်ရင်းမှ...
""သူ့စိတ်က တခြားသူဆီမှာပဲရှိတာ...မင်းသိရဲ့သားနဲ့...ပြီးတော့အဲ့တခြားသူကလည်း မင်းရဲ့ညီမလေ...မင်းဘယ်လိုရှေ့ဆက်မှာလဲ""
""ဒါတွေ ရှင်ပြောစရာမလိုပါဘူး
မျက်စိရှေ့မြင်နေရတိုင်းလည်း အမှန်မဟုတ်ဘူး
ရှင်သိနေတာတွေကလည်း အရာအားလုံးမဖြစ်နိုင်ဘူး...ချွင်းချက်ဆိုတာရှိစမြဲပဲ ဘုန်းနေလ။ ရှင်ကိုယ့်နေရာ ကိုယ်နေပါ""
""ဒါဆို မင်းကလက်မလျှော့ဘူးဆိုတဲ့သဘောလား""
""ဒါ ကမွကိစျစပါ""
""ချစ်ကြိုး..""
""ရှင်နဲ့ကျမအလုပ်ကိစ္စကလွဲပြီး တခြားဘာအကန့်မှပတ်သက်စရာမရှိဘူး...ဒီနေ့ပြောခဲ့တာတွေကိုလည်း မကြားခဲ့ဘူးလို့ပဲမှတ်လိုက်မယ်..သွားခွင့်ပြုပါဦး""
ဒီတစ်ခါထွက်ခွာခြင်းကိုတော့ သူမတားမိတော့ပါ။ကျောခိုင်းလှည့်ထွက်သွားသည့် ခြေလှမ်းလေးတွေထံ ဆွေးဆွေးမြေ့မြေ့ငေးကြည့်ရင်းသာ ကျန်နေခဲ့ရ၏။မင်း ရင်ထဲမှာ လင်းညတစ်ယောက်ပဲရှိတာကိုး...။လင်းည ရင်ထဲမှာက ချစ်သည်းရှင်တစ်ယောက်ပဲရှိတာ...။အဲ့လိုပဲ ကိုယ့်ရင်ထဲမှာကလည်း မင်းတစ်ယောက်ပဲရှိတာ...။
ဒီဆက်နွယ်မှုတွေက သိပ်ကိုရှုပ်ထွေးလှပါလား မိန်းကလေးရယ်...
ဒါပေမဲ့ ကိုယ့်အချစ်သာ စစ်မှန်ရင် မင်းတစ်နေ့နေ့တော့ ဒီရင်ခွင်ကိုမြင်နိုင်ကောင်းပါရဲ့။
ကိုယ်စောင့်နေမယ်။
ကိုယ်စောင့်နိုင်ပါတယ်~~
~~~~ 🍬🍬🍬🍬 ~~~~
""ရှင်ရှင်""
Classထဲဝင်သည်နှင့် အနားသို့အပြေးအလွှားရောက်လာသည့် မင်းမိန့်က တစ်စုံတစ်ရာကိုမေးချင်နေဟန်နှင့်...။ သူ့ပါးစပ်ကမထွက်သေးလည်း ဘာမေးချင်မှန်း ရှင်ရှင်သိပြီးသားပါလေ...။မလွှဲမသွေ လက်ထပ်တဲ့ကိစ္စက အမှန်ဟုတ်သလား၊မဟုတ်ဘူးလား၊ဘယ်လိုဖြစ်တာလဲ ဘာညာစသဖြင့်ပေါ့။
""ပြော..မြန်မြန်
ဆရာလာတော့မယ်""
""ငါ စန္ဒီတို့ဆီကကြားတယ်
နင် လက်ထပ်တော့မယ်ဆိုတာ အမှန်ပဲလား""
""အင်း""
""နင့်ကို လာကြိုနေကျဟိုလူမဟုတ်လား""
အစက ဆွေးမြေ့မြေ့အကြည့်ဖြင့်ပြောနေပြီး ကိုကို့အကြောင်းပါလာခါမှ ရုတ်တရက်ကြီး တင်းမာလာတဲ့မျက်နှာထားကြောင့် ရှင်ရှင်မျက်မှောင်လေးကျုံ့ကာ ပြန်ကြည့်လိုက်မိ၏။
""နင်ကများ ငါ့ကိုကိုကို ဟိုလူ၊ဒီလူပြောရတယ်ရှိသေး...ဘာကောင်လဲ နင်...ရိုင်းလှချည်လား""
""ငါထင်သားပဲ
အဲ့လူကနင့်ကိုကြိုက်နေတာအသိသာကြီး
ဒီကိုလာရင်လည်း ငါနဲ့တွေ့တိုင်းရန်လိုပြီး သဝန်တိုပြနေတာ...အခုတော့""
""သိပ်လည်းနာကျည်းမနေပါနဲ့ဟာ
ဒီကိစ္စကမတော်တဆဖြစ်သွားတာပါ...ဟိုလေ...ငါတို့ဘာမှမဖြစ်ခဲ့ဘူးနော်...စန္ဒီတို့ပြောပြတယ်မဟုတ်လား""
""သိတယ်...ဒါဘယ်နည်းနဲ့မှမတော်တဆမဖြစ်နိုင်ဘူး...ငါ မယုံဘူးရှင်ရှင်...သူကငါတို့ထက်အသက်ကြီးတယ်၊ပိုရင့်ကျက်တယ်၊အကွက်လည်း ရွှေ့တတ်တယ်...ဒီကိစ္စမရိုးသားဘူး""
""အများကြီးမတွေးပါနဲ့တော့ဟာ
သူလည်းဒီအတိုင်းအိပ်ပျော်သွားရုံပါ...လူကြီးတွေမျက်စိထဲအထင်လွဲစရာဖြစ်ကုန်တော့ တန်းပြီးပေးစားတော့တာပဲ ငါ့မှာငြင်းလို့ကိုမရဘူး...အမှန်ဆို ငါက စာမေးပွဲပြီးရင် နင့်ကိုအဖြေပေးတော့မလို့""
""ဘယ်လို...နင်...နင်ကငါ့ကို...အဖြေ?
ဒါဆို သူနဲ့လက်ထပ်ဖို့က မိဘတွေသဘောကိုငြင်းမရလို့ ခေါင်းငြိမ့်တာလား""
""အင်း""
""နင်သူ့ကိုမကြိုက်ဘူးပေါ့""
""ဟင့်အင်း...""
""ဟာ...ဒါဆိုဘာလို့လက်ထပ်ရမှာလဲ
နင့်တစ်ဘဝလုံးနစ်နာတာပေါ့""
""ဒါပေမဲ့ ပြောလို့မှမရကြတာ
ကူညီမယ့်သူလည်းမရှိဘူး...ငါ့ဘဝရေစုန်မျောတော့မှာ""
""ငါ ကူညီမယ်ဆိုရင်ရော""
""ဟမ်!""
""ငါ နင့်ကိုအားလုံးနဲ့ဝေးရာခေါ်သွားပေးမယ်""
ရုတ်တရက်ပြောထွက်လာသည့်စကားကြောင့် ရှင်ရှင် အံ့သြသွားရသည်။သူ့စကားကတော့ လွယ်လင့်တကူ ထွက်လာခြင်းဖြစ်ဟန်မတူပါ။တကယ်ကိုဆုံးဖြတ်ချက်ပြတ်သားနေသည့် ပုံစံ...။ပြောရရင် သူငယ်ချင်းဖြစ်လာစဥ်တစ်လျှောက် မင်းမိန့်ဆီမှာ ဤမျှအထိလေးနက်နေသည့်မျက်နှာမျိုး မတွေ့ခဲ့ဖူးပေ။
မင်းမိန့်ပိုင်ရှင်ရဲ့ မျက်နှာထံ ခပ်ငေးငေးလေးစိုက်ကြည့်နေရင်းမှ ဘယ်စိတ်ကဘယ်လို လှုံ့ဆော်တယ်မသိ။ပြတ်သားသော ဆုံးဖြတ်ချက်အဖြေတစ်ခုက ရင်ထဲရောက်ရှိလာကာ ခေါင်းလေးဆတ်ခနဲညိတ်ပြလိုက်မိ၏။
ထို့နောက် ဆက်ပြောတိုင်ပင်ဖြစ်ခဲ့သော စကားလုံးတချို့က ဤရွေ့ဤသို့...
~~~~ 🍬🍬🍬🍬 ~~~~
""တီ!""
""CEOရဲ့ VIP list ဧည့်သည်ရောက်ပါတယ်ရှင့်""
""Ok! Come in""
Intercomမှ အကြောင်းကြားမှုကိုပြန်ဖြေပြီးသည်နှင့် ခဏအကြာမှာအခန်းတံခါးပွင့်လာခြင်းနဲ့အတူ စိတ်ပျက်လက်ပျက်သက်ပြင်းကြီးက လူပါ လွင့်ထွက်မတတ်ပင်။ မျက်နှာကလည်းမသာမယာနဲ့ ဒီကောင်ဘာဖြစ်လာပြန်တယ်မသိ။ ဒီကိုလာရင် သူ့ကိုတခြား appointmentတွေနဲ့ယှဥ်ထားတဲ့အခါ အလိုမကျပြောဆိုတတ်လွန်းလို့ အချိန်မရွေးတွေ့နိုင်အောင် VIP listပါသွင်းပေးထားရတာကို...လာတဲ့ရုပ်က သေမလိုပါပဲလား။
""နေလ...မင်း ငါ့ဆီလာတာ ကိုယ့်သဘောနဲ့ကိုယ်နော်...ဘယ်သူမှရိုက်ခေါ်မနေဘူး။မျက်နှာက သေတော့မယ့်ရုပ်နဲ့""
""ရင်တွေပူနေလို့ပါကွာ""
""ရင်တွေပူတာနဲ့ ငါ့ဆီလာရအောင် ငါကမင်းရည်းစားမှမဟုတ်တာ""
""ဟူးး""
""ဘာဖြစ်နေတာလဲ
ဘာလဲ...ချစ်ကြိုးနဲ့အဆင်မပြေလို့လား""
""ဆိုပါတော့
ငါ ဖွင့်ပြောတာ...အငြင်းခံရတယ်""
""ကြိုးက အရမ်းအနေတည်ပြီးအေးတယ်ကွ
သူ့ကိုလိုက်ရင် စိတ်ရှည်ဖို့တော့လိုမှာပေါ့...သူက ငါ့ဘေဘီလိုမဟုတ်ဘူး...တော်တော်လေးကွဲလွဲတယ်...အရမ်းလည်းမျိုသိပ်တတ်တယ်""
""မင်း သူ့အကြောင်းသိတော့သိသားပဲ
ငါက သူနဲ့ပတ်သက်ပြီးမင်းဘာမှစိတ်မဝင်စားဘူး ထင်နေတာ""
""သူနဲ့ငါက သူငယ်ချင်းတွေပဲကွာ
ငါလည်း သိသင့်သလောက်တော့သိပါတယ်""
""မင်းက ကိုယ်သိချင်တာကိုပဲ ရွေးသိတတ်တာကိုး""
""ဟမ်..မင်းဘာကိုပြောတာလဲ""
အမေးကို ထပ်ပြီးမဖြေမိတော့ဘဲ ပြုံးလျက်သာခေါင်းညိတ်ပြမိ၏။ လင်းညက သူမအကြောင်းတွေသိပေမယ့် အချစ်ကိုတော့မမြင်ခဲ့ဘူးပဲ။မမြင်တာလား တမင်မမြင်ဟန်ဆောင်ခဲ့တာလား။တစ်ဖက်မှာ ချစ်ကြိုးဘယ်လောက်ခံစားနေရလဲ သူသိရောသိရဲ့လား။ သိမယ်လည်းမထင်ပါဘူးလေ...သူ့ရဲ့စိတ်အာရုံမှာ တစ်ချိန်လုံးနေရာယူနေတာ ဟိုကလေးတစ်ယောက်ပဲမဟုတ်လား...
နေလကတော့ နှစ်ဖက်စလုံးကိုမြင်နေရတဲ့ အလယ်လူမို့ အခြေအနေအရပ်ရပ်ကိုနားလည်ပါသော်လည်း တစ်ဖက်ကိုမှ တားပိုင်ခွင့်မရှိ။ လင်းညကလည်း အပြောင်းအလဲမလွယ်တတ်တဲ့ တယူသန်သမားပါ။တစ်ယောက်ကို ရွေးချယ်ပြီးရင် တစ်သက်လုံး အဲ့ဒီ့မိန်းကလေးမျက်နှာကိုပဲကြည့်နေတော့မှာ။ ချစ်ကြိုးအတွက်က အစကတည်းကနေရာမရှိခဲ့တာပါ။ ဒါကို ချစ်ကြိုးက မှားယွင်းတဲ့မျှော်လင့်ချက်တွေနဲ့ အသက်ဆက်နေတာ...။တကယ်ကို ရူးချင်လိုက်သည့်ဖြစ်ခြင်းပါပဲ...လင်းညကိုလည်း ဖွင့်ထုတ်ပြောမပြနိုင်သလို၊ ချစ်ကြိုးကိုလည်း ဖြောင်းဖြလို့မရပြန်။ သူ့နေရာကတကယ်ကို အသက်ရှူခက်ဖွယ်ပင်။
ဟောကြည့်! ဒီကရင်တွေဗလောင်ဆူကာ အတွေးများနေသလောက် ဟိုကိုကိုကဖြင့် ဖုန်းwallpaperကိုကြည့်လျက် ပြုံးတုံ့လှယ်နေပြန်ပြီ။
""ဒါနဲ့ မင်းတို့ကိစ္စကရော ဆိုင်းမဆင့် ဗုံမဆင့်နဲ့ဘယ်လိုဖြစ်ကြတာလဲ""
""အင်း...အဟမ်း!
အဲ့ဒါက အဲ့လိုပဲဖြစ်သွားတယ်
မင်္ဂလာပွဲကို တစ်ခါတည်းဖိတ်တယ်နော်""
""မင်းတော့ အမွှေစိန်မီးမွှေးလို့ တစ်ကိုယ်လုံးပြာကျမှာ မြင်ယောင်သေးတယ်။ငါ့တုန်းက အချိုရည်ထက် ပိုဆိုးမယ်""
""အဟင်း! ဆိုးပါစေကွာ
ကလေးလေးပဲရှိသေးတာ""
""အေး...ရယ်နေပါ
အဲ့ဒီ့ဟာလေးကို လက်ထပ်တာ မင်းမကြောက်ဘူးလား""
""ဘာလို့ကြောက်ရမှာလဲ
ဒီလောက်ချစ်စရာလေးကိုများ""
""သူကရော မင်းကိုလက်ခံရဲ့လား""
""အဲ့ကိစ္စကတော့နက်နဲတယ်ကွ
ငါ့ရဲ့ပူတူးပိစိလေးက လူသာသေးတာ...စိတ်ကကြီးတယ်...အခုထိကိုငိုလို့ကောင်းတုန်း၊ငါ့မှာချော့လိုက်ရတာဆိုတာ...မုန့်စားရင်းလည်း ငို၊စာကျက်ရင်းလည်း ငို၊ လမ်းလျှောက်ရင်းလည်း ငိုတာပဲ...အဟက်! တကယ့်ကလေးဆိုးလေး""
""သြော်...သြော်..အရမ်းတွေချစ်နေတယ်ပေါ့
သေမလိုကြီးကို ရောဂါတက်နေတယ်ပေါ့""
""Sorry!ပါကွာ
မင်းလည်း နောက်တော့အဆင်ပြေလာမှာပါ""
ပခုံးကိုခပ်ဖွဖွပုတ်ပေးရင်း အားပေးစကားပြောလာတော့ ခပ်ယဲ့ယဲ့သာပြုံးလိုက်မိ၏။သူလည်း ဒီလိုပဲမျှော်လင့်တာပဲလေ...။
""ခဏနော်
ငါ့ကလေးဆီ ဖုန်းဆက်ရဦးမယ်""
""Rsတွေများပိုကိုပိုတယ်
မျက်စိကိုနောက်နေတာပဲကွာ""
သူ့အချစ်ရေးအဆင်မပြေတိုင်း မျက်နှာကြီးမဲ့ရွဲ့ကာပြောနေတာမို့ ရယ်နေလိုက်ပြီး လက်ကတော့ဖုန်းနံပါတ်လေးကို နှိပ်လိုက်လေပြီ။ callဝင်သွားပေမယ့် တစ်ဖက်က တော်ရုံနဲ့ဖုန်းမကိုင်ပဲ ခဏလောက်ကြာခါမှ ပြန်ဖြေသံကြားရတော့သည်။
""Hello!""
ကြားသာကြားရပေမယ့် ထိုအသံပိုင်ရှင်က ဆိုးမဟုတ်ဘဲ တခြားသူဖြစ်နေပြန်၍...
""ဆိုးက စာကျက်နေလို့လား အန်တီ""
""မဟုတ်ဘူး သားရေ
သားညီမက..အဲ!..ဟိုဟာ...သားရဲ့...
သြော်...ဘယ်လိုပြောရမှန်းကိုမသိတော့ပါဘူး...အသားမကျသေးလို့ပါကွယ်...sorryနော်""
""ရပါတယ်...အရင်လိုပဲပြောပါဗျ""
""အေး! ရှင်ရှင်ကလေ ဖျားနေလို့သားရဲ့
ဒီမနက်ကျူရှင်တောင်မသွားနိုင်ဘူး...ရာသီဥတုကအေးနေတာကို မနေ့က ခေါင်းလျှာ်ပြီးအိပ်တော့...ဖျားပြီ။ အခုဆေးတိုက်ပြီး သိပ်ထားတယ်""
တစ်ဖက်က ဘာပြောလိုက်တယ်မသိ...လင်းညရဲ့မျက်နှာကတော့ စောစောကလိုပြုံးမနေတော့ဘဲ တစ်မျိုးတစ်ဖုံပြောင်းလဲသွားပြန်သည်။ ဒီမျက်နှာအနေအထားအရ အမွှေစိန်လေးတစ်ခုခုပြသာနာရှာပြန်ပြီထင်ပါရဲ့။ ဒီကောင်ကလည်း တစ်ခုခုဆို သည်းတတ်လွန်းလို့ အမြင်တောင်ကပ်ချင်စရာလေ...။ပိုကိုပိုတယ်...။
ရင်ထဲကဝေဖန်သလောက် မသာယာတော့တဲ့ထိုမျက်နှာကြောင့် သူလည်းဘေးက ကြည့်၍မနေသာတော့စွာပင် မေးလေးတစ်ချက်ဆက်ပြလိုက်ကာ...
""ဘာဖြစ်ပြန်ပြီလဲ""
""နေမကောင်းလို့တဲ့
ငါ မနေ့ညကပြောသားပဲ
အချိန်နောက်ကျမှ ခေါင်းမလျှော်ပါနဲ့တော့ဆို...ဒီကလေးကပြောစကားမှနားမထောင်တာ""
""မနေ့ညက...
မင်းဘယ်နားကနေပြောလိုက်တာလဲ""
""ဖုန်းထဲကပေါ့ကွာ
မင်းကလည်း ဘာတွေလာမေးနေတာလဲ""
""ဟောဗျာ..မင်းရဲ့ဆက်ဆံရေးတွေကလည်းအပြောင်းအလဲမြန်ချက်နော်...အခုတမျိုး၊တော်ကြာတစ်မျိုး""
""ဒါက စိတ်အခြေအနေအပေါ်မူတည်တယ်
အခု ငါ့ကလေး ဖျားနေလို့..ငါလည်းစိတ်ညစ်သွားပြီ။မင်းရဲ့ရင်တွင်းအရှုပ်တော်ပုံတွေကို သိမ်းပြီး ပြန်တော့""
""ဟာ!...မင်းကလေ ငါ့ရဲ့သူငယ်ချင်းအစစ်မဟုတ်ဘူး...အတုကောင်""
ပြောရင်းဆိုရင်းနှင့်ပင် နေလ တကယ်ကိုပြန်သွားရှာပါသည်။ သူ့စိတ်ကလည်း အိမ်သို့အလီလီအခါခါ ပြေးချင်နေပြီ။
စကားနားမထောင်တဲ့ ကလေးမ...အိမ်ရောက်မှတွေ့ဦးမယ်။
~~~~ 🍬🍬🍬🍬 ~~~~
""ဒေါက် ဒေါက်!""
""ရှင်ရှင်..ငါတို့ဝင်လာပြီနော်""
""အင်း!""
ပါးစပ်ကပြန်ဖြေပေမယ့် လူက မထနိုင်၍ ဒီအတိုင်းသာလှဲနေလိုက်ရသည်။လတ်တလောမှာ စိတ်ညစ်၊စိတ်ရှုပ်စရာတွေများနေတာမို့ စာကျက်လည်းခေါင်းထဲမဝင်သည်နှင့် ညကနည်းနည်းနောက်ကျမှ ခေါင်းလျှော်မိတော့ အခု နေမကောင်းဖြစ်ရပြီ။ အရင်ဆို ရှင်ရှင်က ဒီလောက်ပျော့တဲ့သူမဟုတ်။ အခုကျ စာမေးပွဲနီးတာကတစ်ကြောင်း၊လတ်တလော ရှုပ်ထွေးနေသည့်ကိစ္စတွေရောကြောင့် စိတ်ဖိစီးမှုဒဏ်တွေစုပုံနေ၍ပဲလားမပြောတတ်...လူကချက်ချင်းကို အိပ်ရာထဲလဲသွားရသည့်အဖြစ်ပါပင်။
""ရှင်ရှင်တို့များဟေ့...ယောကျ်ားယူရမှာကြောက်ပြီး လန့်ဖျားကြီးတောင်ဖျားနေပြီ""
""မဟုတ်ပါဘူးဟာ
ညက ငါ အအေးမိသွားလို့ပါ""
""ဟယ်..ချက်ချင်းကြီးကိုလူမမာရုပ်ပေါက်သွားတာပါလား မိရှင်ရယ်...နင်သက်ရောသက်သာရဲ့လား""
""အင်း""
""ကိုယ်တွေပူနေတာပဲ""
""ဒါနဲ့ နင်မနေ့က ကျူရှင်မှာ မင်းမိန့်နဲ့ခေါင်းချင်းဆိုင်ပြီး ဘာတွေပြောနေတာလဲ""
""အမ်...ဟိုဟာ..
သူက အကျိုးအကြောင်းလာမေးတာပါ။ပြီးတော့ စကားနည်းနည်းပြောရုံပဲ""
""အင်းပါ...ပြီးရော
ဒီနေ့သင်တဲ့ စာတွေပြမယ်...လာ
သိပ်တော့မများဘူး...မနေ့က...........""
ဒီလိုနှင့် သူငယ်ချင်းတွေနဲ့စာပြန်ကြည့်ရင်း အချိန်အနည်းငယ်ကြာသွားလေ၏။ ခေါင်းက မကြည်လင်ပေမယ့် အရေးကြီးသည့်အချိန်မို့ စာတွေမလုပ်လို့ကလည်း မဖြစ်တော့ဘူးလေ...။နေရတဲ့ဘဝက အရင်ထက်တော့အနည်းငယ် ကျဥ်းကျပ်လာသလိုပါပဲ...ဘာမှန်းမရေရာတဲ့ခံစားချက်တွေကလည်း ဖမ်းဆုပ်မရစွာပျံ့လွင့်နေဆဲ...။သို့ပေမယ့် ရေရာတဲ့ဆုံးဖြတ်ချက်တစ်ခုတော့ ချထားတယ်...အဲ့ဒါက...
""ဒေါက်...ဒေါက်""
အတွေးမှမဆုံးသေး... ဖွင့်ထားသည့် အခန်းတံခါးကို အသိပေးသည့်သဘောဖြင့်သာ နှစ်ချက်ဆင့်ခေါက်လိုက်သံကြောင့် အားလုံးရဲ့အကြည့်က အခန်းဝဆီရောက်သွားရလျှင်...
""ကိုလင်းည...ရှင်ရှင့်ကိုလာကြည့်တာလား""
""စာလုပ်နေတယ်ဆိုရင်..ဆက်လုပ်ပါ
ကိုယ်အပြင်မှာစောင့်ပေးမယ်""
""ရတယ်...ရတယ်.. စန္ဒီတို့အခုပဲပြန်တော့မှာ""
""ရှင်ရှင်..ငါတို့ပြန်တော့မယ်
ကျန်တာကို ညကျgp chatမှာဆက်ပြောမယ်နော်""
""အင်း""
သူငယ်ချင်းတွေပြန်သွားတော့မှ စာအုပ်လေးတွေကိုကောက်သိမ်းလျက် အလုပ်ရှုပ်နေပြန်သည့် ကလေးမဆီသို့ လျှောက်သွားကာ ဘေးမှာဝင်ထိုင်သည်အထိ လူကိုတစ်ချက်တောင်ကြည့်မလာသေးပေ။ မျက်နှာလေးကြည့်ရတာတော့ အတော်ညိုးနေကာ အဖျားတက်နေတာကြောင့် ခပ်ရဲရဲလေးတောင်ဖြစ်နေသေး၏။
""ဆိုးလေး...ဘယ်လိုနေသေးလဲ
သက်သာရဲ့လား""
""ဘာလာလုပ်တာလဲ""
""ကိုယ့်ရဲ့ဇနီးလောင်းလေးဆီ ခင်ပွန်းလောင်းက လာကြည့်တာ အပြစ်ရှိလို့လား""
""အားနေ ဒါပဲပြောနေလိုက်
အိပ်တော့မယ်...ရှင်လည်းပြန်တော့""
ပြောရင်းမှ တကယ်ကိုပြန်လှဲချသွားကာ စောင်ကိုတောင် ခေါင်းအထိဆွဲခြုံသွားသေးသည်။ဒီကောင်မလေးကလေ အရာရာမှာ သူ့စိတ်ချည်းပဲ။
""သမီးရေ..ထ
ဆန်ပြုတ်လေးသောက်လိုက်ဦး""
""အာ! မသောက်ချင်သေးဘူး
သမီးမှ ဆန်ပြုတ်ကြီးမကြိုက်တာ""
""ဟဲ့..နင်ဟာလေ
ကျန်တဲ့အချိန်ဆို အစားကိုနင်းကန်စားပြီး နေမကောင်းရင် ဂျီကျပြီ။ခက်တာပဲ...ထ...မြန် မြန်""
""အန်တီ ထားခဲ့လိုက်နော်
ကျွန်တော်ချော့ပြီးပြောလိုက်ပါမယ်""
ဒီတော့လည်း အန်တီသက်ထားကဘာမှဆက်မပြောတော့ဘဲ ခေါင်းငြိမ့်ပြကာ ဆန်ပြုတ်ပန်းကန်နဲ့ဆေးကိုထားပေးခဲ့လေ၏။
""ဆိုးရယ်...ခဏလေးထပါဦးကွာ""
""မထချင်ဘူး
ခေါင်းကိုက်နေတယ်""
""အင်းလေ...အဲ့ဒါပျောက်သွားအောင် ဆေးသောက်ရမယ်...ထ""
""ထဘူး""
""အ!""
အငြင်းစကားပြောနေစဥ်မှာပင် ကျောအောက်သို့ လက်တစ်ဖက်လျှိုဝင်လာပြီး ရှင်ရှင့်ကိုယ်လေးကို ဆတ်ခနဲ ဆွဲပွေ့ကာ သူ့ရင်ဘတ်ပေါ်သို့ ခေါင်းလေးမီထားပေးရင်း လက်တစ်ဖက်ကလည်း ဆံနွယ်လေးတွေကို ဖွဖွသပ်တင်ပေးနေ၏။ ဒီလိုဆိုတော့လည်း ရှင်ရှင် မရုန်းမိဘဲ အလိုက်သင့်လေးသာ သူ့ရင်ခွင်ထဲငြိမ်နေလိုက်တော့သည်။
""ကိုကို့ကိုစိတ်ဆိုးလည်း အစာတော့စားရမယ်လေ
ဆေးလည်းသောက်ရဦးမှာ""
""စားပါတယ်..ရှင့်ကိုစိတ်ဆိုးတာနဲ့ဘာမှမဆိုင်ဘူး
ဆန်ပြုတ်ကြီးက မကြိုက်လို့""
ဖက်ထားသည်ကို ရုန်းမထွက်ဘဲ ပခုံးနားသို့ မေးစေ့လေးလှမ်းတင်ကာ ပြန်ပြောလာပုံလေးက ချစ်စဖွယ်။ခန္ဓာကိုယ်လေးကလည်း ခပ်ငွေ့ငွေ့နွေးရုံထက် ပိုပြီးပူနေသလိုမို့ သူ မျက်မှောင်လေးတစ်ချက်ကျုံ့မိပြန်၍...
""အဖျားကဘယ်လောက်တောင်ရှိနေတာလဲကွာ""
""ဟင်!""
ပြောရင်းဖြင့် သူ့မျက်နှာကတဖြေးဖြေးငုံ့ကျလာကာ ရှင်ရှင့်နဖူးဆီသို့ လာရောက်ထိကပ်သည်က သူ့ပါးပြင်နှင့်...။အလို! အဖျားစမ်းတာလည်း လူကိုအသားယူတတ်ပြန်ရောလား..။လူလည်ကြီး...ဆိုးသွမ်းလိုက်တာ...အကျင့်ကိုမကောင်းဘူး။
""တော်တော်လေးပူနေတာပဲ
ခေါင်းရော အရမ်းကိုက်နေလား""
""ဒီမယ် ရှင့်မှာလက်မပါဘူးလား""
""သြော်..လက်က ဒီမှာဖက်ထားတယ်လေ မအားလို့...ပါးနဲ့စမ်းလိုက်တာ""
""အကျင့်ကိုက...""
""ကိုယ်ကမင်းရဲ့သတို့သားပါကွာ
တွန့်တိုနေလိုက်တာ""
""ဟင့်..အဲ့ဒါကလေ...
တကယ်ကြီးလက်ထပ်ရတော့မှာလား""
""အင်း...""
""မထပ်လို့မရဘူးလား""
""ဟောဗျာ...မင်္ဂလာရက်တောင်ရွေးပြီးပြီလေ ကလေးရယ်""
""ရှင်ပြောတော့ ကိုယ်လက်ထပ်မယ့်ဖူးစာဖက်ကို ကိုယ်တိုင်ရှာနိုင်တယ်၊လက်ထပ်နိုင်တယ်ဆို...အခုမတော်တဆလေးဖြစ်တာနဲ့ ဆိုးကိုယူလိုက်တော့...ရှင့်ဖူးစာဖက်ကြီးရောက်လာရင်ဘယ်လိုလုပ်မှာလဲလို့...""
""ကိုယ်ပြောတာတွေ မှတ်ထားတာပဲ
အင်း အဲ့ဒါက ဒီလိုရှိတယ်ကွာ...ကိုကိုကအခုရက်ပိုင်း အလုပ်တွေများနေတာ...ဖူးစာဖက်ထွက်ရှာဖို့အချိန်သိပ်မရဘူးလေ...အဲ့ဒါနဲ့အကြောင်းတိုက်ဆိုင်တဲ့ ဇနီးလောင်းကိုပဲလက်သင့်ခံလိုက်ရတော့တာ""
""ဟင့်!..တွေ့လား...အကြောင်းတိုက်ဆိုင်လို့တဲ့
လူကို လမ်းကြုံလို့ယူတာ...ဟင်းရွက်ကန်စွန်းကြီးလို့မှတ်တာ...အီး! ဟီး!""
ကြည့်! စလို့စမှန်းလည်းမသိတဲ့ ချာတိတ်မက ချက်ချင်းပဲအော်ငိုပြန်လေပြီမို့ သူ့မှာ ကိုယ်သေးသေးလေးကိုဖက်ထားရင်းမှပင် ကျောပြင်လေးကိုဖွဖွပွတ်ပေးကာ...
""Sorry! Sorry! ကိုကိုက ချစ်လို့စတာပါ ကလေးရယ်
မမှတ်ဘူးနော်...ဟင်းရွက်ကန်စွန်းကြီးလို့မမှတ်ဘူး၊လမ်းကြုံလို့ယူတာလည်း မဟုတ်ရပါဘူးကွာ...မငိုနဲ့တော့...တိတ်! ခေါင်းတွေကိုက်လိမ့်မယ်""
""ပထမဆုံးပြောတဲ့စကားကစိတ်ရင်းအမှန်ပဲတဲ့
အဟင့်!..ငါ့ဘဝတော့ရေစုန်မျောပါပြီ""
""မဟုတ်ပါဘူးဆိုကွာ...ရေစုန်လည်းမမျောစေရဘူး...ကိုကို ဆယ်ထားမယ်ဟုတ်ပြီလား။လာ...ဆန်ပြုတ်လေးလည်းသောက်..လိမ္မာတယ်""
နဖူးပြင်နွေးနွေးလေးကို ဖွဖွထပ်နမ်းကာ ရင်ခွင်ထဲပြန်ဖက်၍ တစ်ဖက်မှလည်း ဆန်ပြုတ်ကိုတစ်ဇွန်းချင်းစီခွံ့ပေးရင်း ပါးစပ်က ဖြေရှင်းချက်တွေတစ်သီကြီးထုတ်ရလေတော့၏။
"".....""
တဖွဖွပြောပြနေသည့် စကားများကိုနားထောင်ရင်း ဆန်ပြုတ်ကိုလည်း နည်းနည်းစီဝင်အောင်သောက်နေရသည်။ ကိုကိုဟာ ရှင်ရှင့်အပေါ်အမြဲဂရုတစိုက်ရှိလှသလို စိတ်လည်းရှည်ပါသည်။သို့ပေမယ့် ရှင်ရှင်က လွတ်လပ်တဲ့ဘဝကိုသာနှစ်သက်တာမို့ သူ့လှောင်အိမ်ထဲမရောက်ခင် လွတ်လမ်းတစ်ခုခုတော့ ရအောင်ရှာဦးမှာပါ။
နည်းလမ်းကလည်း ကျိန်းသေရှိပြီးသား။
~~~~ 🍬🍬🍬🍬 ~~~~
အခန်း [ ၁၆ ]ဆက်ရန်
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)