🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၁၄ ] ♡ ••••••••••••
""အဟင့်...ဟင့်..ဟီး!!
ယောကျ်ားမယူဘူး...အိမ်ထောင်ကြီးမပြုချင်ဘူး..အီး! ဟီး!""
""ဟဲ့...တိတ်စမ်း
အခုပါးစပ်ပိတ်...နင်ကဘာတွေများကောင်းလို့အော်ငိုနေရတာလဲ...ဟမ်!!""
""တော်ပါတော့ မိန်းမရယ်
ကလေးကို ဆူမနေပါနဲ့။တစ်ဖက် ကောင်လေးကလည်းကိုယ်တို့နဲ့သူစိမ်းတွေမှမဟုတ်တာကို""
""ဘာပဲဖြစ်ဖြစ်လေ...သူက ယောကျ်ားလေးရဲ့အခန်းထဲကို ကျူးကျော်ဝင်ရောက်နေတာ...ရှင့်သမီးလုပ်ပုံကောင်းသေးရဲ့လား...ခင်တို့ကိုတောင်မျက်နှာမပြရဲတော့ဘူး""
""သမီးက စာပဲသွားမေးတာကို""
""မှန်မှန်ပြောစမ်း...နင်သူနဲ့တွဲသွားတွဲလာလုပ်ရင်း ဘယ်အချိန်ကတည်းက ကြိုက်နေကြတာလဲ""
""ဟာ...မကြိုက်ပါဘူးဆို
အခုလည်းဘာမှမဖြစ်ဘူး ဒီအတိုင်းပဲအိပ်ပျော်တာ""
မပြီးပြတ်သေးတဲ့ ပြသာနာတွေက အိမ်ထဲမှာ တငွေ့ငွေ့လောင်မြိုက်ကာ ဆူညံနေလေ၏။ထိုအသံတွေ ကြားနေရပေမယ့် ကိုယ်တိုင်တောင် အားမရှိသလိုမို့ ကြိုး ဝင်ကိုမပါတော့ဘဲ ခပ်လှမ်းလှမ်းကနေသာငေးကြည့်နေလိုက်သည်။ သူတို့ဘယ်လိုပဲ ဆူနေ၊ပြောနေကြပါစေ...နောက်ဆုံးတော့လည်း အစစအရာရာလိုလေသေးမရှိတဲ့ မင်္ဂလာပွဲကြီးကျင်းပပေးဦးမှာပါ။ ဒါကို ကြိုးကမသိလို့လား? ဝင်ပါစရာရော လိုပါရဲ့လား။ ဒီအတိုင်းဘေးလူသက်သက်ဖြစ်ရုံပေါ့။
""မမ""
""အမ်!
အင်း ပြောလေ...ညီမလေး""
အတွေးတွေလွန်သွားစဥ် ထိုင်နေရာမှဆတ်ခနဲထကာ လက်လေးနှစ်ဖက်ကမ်းလျက် ကြိုးဆီပြေးလာသည့် ရှင်ရှင်...။အနားရောက်တော့ လူကိုအတင်းဖက်ထားကာ ရင်ခွင်ထဲခေါင်းလေးတိုးဝင်လျက် တရှုံ့ရှုံ့ငိုနေပြန်၏။ ဒီတော့လည်း ကြိုး အလိုက်သင့်လေးပြန်ဖက်ထားပေးကာ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်မိသည်။ တစ်သက်လုံးချစ်လာရတဲ့ကလေးပါပဲ...သူ့အပေါ်မလိုလားမှုတွေ ကြိုးရင်ထဲရှိသည်မှန်သော်လည်း ပစ်ပစ်ခါခါတော့မဆက်ဆံရက်ပေ။ချစ်တာလည်းတစ်သက် ၊ မုန်းတာကလည်း တစ်ဝက်...တကယ်တော့ ကြိုးရဲ့အဖြစ်ကလည်း လွယ်ကူမနေပါဘူးလေ။
""အိမ်ထောင်ပဲပြုတော့မယ်
ချွဲတာတွေလျှော့တော့လေ...ကလေးရဲ့""
""မပြုချင်ဘူး...မမတောင်ဒီအတိုင်းနေသေးတဲ့ဟာ...မရဘူး...မမ မေမေတို့ကို ကူပြောပေး...အဟင့်!""
""မိရှင်ရှင် နင်ဘယ်လိုတွေပြောနေတာလဲ
အစ်မကိုလည်းစစ်ကူတောင်းမနေနဲ့...နင့်အပြစ်နဲ့နင်ပဲ...အခုလိုဖြစ်တာ မိန်းကလေးဘက်ကဘယ်လောက်သိက္ခာကျလဲ နင်စဥ်းစားမိရဲ့လား""
""မေမေတို့ကလည်း သမီးနဲ့ကိုကိုကရိုးရိုးသားသားပါဆို""
""ရိုးသားလို့ပဲ အိပ်ယာပေါ်မှာ အဲ့လို...
အင်း...ငါလေ ရှက်လွန်းလို့ပြောကိုမပြောချင်တော့ဘူး""
""အဲ့ဒါဘယ်လိုဖြစ်သွားတာလဲ သမီးလည်းမသိဘူး
သမီးကစောစောအိပ်တတ်တဲ့သူမဟုတ်ဘူး...ဒါပေမဲ့ သူ့ဆီရောက်မှ စာလုပ်နေရင်း ခဏလေးအိပ်ပျော်သွားတာ...""
""ခဏကလည်းမိုးပါလင်းရော
နင်ဟာလေ လူကြီးတွေမရှိရင်မရှိသလို လုပ်ချင်ရာလုပ်နေတဲ့ဟာ...မဖြစ်ဘူး ဒီအဆင့်အထိရောက်ပြီးမှတော့ နင် သူနဲ့လက်ထပ်ကိုထပ်ရမယ်""
""အဟင့်...အဲ့ဒါကိုကိုမကောင်းလို့ဖြစ်တာ""
""သူ မကောင်းတာလား၊နင်အနေအထိုင်မတတ်တာလား...ပြော...ငါတို့မြင်တာတော့လေ နင်ကပဲသူ့ကိုကျစ်ကျစ်ပါအောင်သွားဖက်ထားတာ...ငါ့နှယ် ရှက်လိုက်တာအေ!""
""အဟမျ့! ဟမျ့! အီး!...ဟီး..!
ငါ့ဘဝတော့ပျက်ပါပြီ""
ဘာတွေဘယ်လိုပြောင်းလဲကုန်တယ်မသိပေမယ့် အခြေအနေတွေက ရှင်းလေလေ ပိုရှုပ်ကုန်လေပြီ။ ကြားရသမျှမှာလည်း ရှင်ရှင့်အပြစ်တွေနဲ့သာ အမှုကကြီးကုန်တာမို့ ဘာမှဆက်မပြောနိုင်ဘဲ အော် အော်ပြီးသာ ငိုနေရသည့်အဖြစ်။ ရှင်းလို့လည်းရမှာမဟုတ်တော့ပါ။ ကိုကိုကလည်း လက်ထပ်ပါမယ်ပြောတော့ အခြေအနေတွေကပိုမဆိုးဘဲနေမလား? ဒီကိုကိုလည်း ဘာဖြစ်သွားတယ်မသိပါ...မတော်တဆဖြစ်တာလေးကို ပုံကြီးချဲ့ပြီး လက်ထပ်ပါမယ်ပြောလိုပြော၊ ကောက်ကာငင်ကာချစ်တယ်ပြောလိုပြောနဲ့...။လူကို အထင်သေးလိုက်တာများ ဟင်းရွက်ကန်စွန်းကြီးကျလို့...။
""အဟင့်...!""
ရှေ့ဆက်ပြီးဘာတွေဖြစ်မယ်မသိပေမယ့် တစ်ခုတော့ သေသေချာချာသိနေပါပြီ။
ချစ်သည်းရှင်ဘဝတော့ ရေစုန်မှာမျောပြီး ရေတိမ်မှာနစ်ပြီ။
အဲ့ဒါအားလုံး ရှင့်ကြောင့်...။အစုတ်ပလုပ် ကိုကို
မကောင်းတဲ့ လူကြီး...။
~~~~ 🍬🍬🍬🍬 ~~~~
""ကဲ..ငါ့ကို ရှင်းပြစမ်းပါဦး
ပြောတော့ကလေးက အသက်ငယ်သေးတယ်၊သား ဖွင့်တောင်မပြောရသေးပါဘူးဆို...အခုအတူအိပ်တဲ့အဆင့်အထိရောက်တာ ဘာအခြေအနေလဲ""
""ပြောစရာမရှိပါဘူး မေမေ
ကျွန်တော် ဆိုးလေးကိုချစ်တယ်လို့ပြောပြီးပြီပဲ""
""ဟယ်...ကြည့်စမ်း
ရှင့်သား ဘယ်လောက်တောင်ထင်ရာတွေစိုင်းနေလဲဆိုတာ""
""စိတ်ကိုလျှော့ပါ မိန်းမရယ်
ဖြစ်ပြီးတာကပြီးနေပြီ။မိဘတွေချင်းလည်း မျက်နှာနာစရာသူစိမ်းတွေမှမဟုတ်တဲ့ဟာ""
""အို! ဘယ်လိုပဲဖြစ်ဖြစ်လေ
သူသာ အငယ်မနဲ့ဒီအဆင့်အထိရောက်နေတယ်လို့ အစကတည်းက ပွင့်ပွင့်လင်းလင်းပြောခဲ့ရင် ခင်လည်း ကြိုးလေးနဲ့ကိစ္စကိုစကားကျွံခဲ့မှာမဟုတ်ဘူး..အခုတော့ ကလေးကိုဘယ်လောက်အားနာဖို့ကောင်းလဲ""
ကိုယ်လုပ်ချင်တာ လုပ်ပစ်ခဲ့ပြီးပြီမို့ နောက်ဆက်တွဲအနေနဲ့ မရပ်မနားပြစ်တင်ပြောဆိုနေသော မေမေ့စကားများကို သူပြန်မချေပမိဘဲ ငြိမ်သက်လျက်သာနားထောင်နေရသည်။ တစ်ဆက်တည်းမှာပဲ ဆိုးတို့ဘက်မှာဘယ်လိုဖြစ်နေမလဲသိချင်နေ၍ တစ်ချက်တစ်ချက်စိတ်က ဟိုဘက်အိမ်ကိုရောက်ရောက်သွားရသေး၏။ အိမ်ကိုလိုက်ပို့ပေးပြီး သူပြန်လာတဲ့အထိ အခန်းတံခါးပိတ်ကာငိုယိုနေရင်း လူကိုလည်းနှင်ထုတ်လိုက်သေးတာလေ။ စောကတည်းက ဒေါသထွက်နေသည့် အန်တီသက်ထားကလည်း ထပ်ပြီးဆူပူနေဦးမှာ...။ဒီလိုသာဆို ဟိုကလေးကလည်း ထပ်ငိုနေဦးမှာပါပဲ။
""ကဲ! ဖေဖေ့အနေနဲ့ကတော့ ဘာမှပြောစရာမရှိဘူး။ နှစ်ဖက်မိဘညှိနှိုင်းပြီး လုပ်သင့်တာလုပ်၊စီစဥ်စရာရှိတာ စီစဥ်ရမှာပေါ့""
""ရှင်ရှင်က ငယ်ငယ်လေးပဲရှိသေးတယ် သားရယ်
ဒီလောက်ကလေးသာသာလေးက ဘယ်လိုလုပ်...""
""ခင်ရယ် တော်ပါတော့ဆိုကွာ...""
""အချိန်နည်းနည်းစောင့်ပြီးမှ တဆင့်ချင်းသွားလည်းရသားနဲ့...အခုကချက်ချင်းကြီးဆိုတော့ ကျမဘာပြောရမှန်းတောင်မသိဘူး..သွေးတက်ပြီးသေတော့မှာပဲ""
""သေတော့မသေပါနဲ့ဦး မေမေရယ်
သားကို မိန်းမတောင်းပေးရဦးမယ်လေ""
""အဟက်! အရင်ကဘယ်လိုပြောပြော မိန်းမယူဖို့နားမဝင်တဲ့ငါ့သား...ဘယ်တုန်းကဒီလောက်အသည်းအသန်လက်ထပ်ချင်သွားရတာလဲကွာ""
ဖေဖေက ရယ်ကာမောကာ ပြောလာတော့လည်း သူ့မှာ ရှက်အမ်းအမ်းနှင့်ပင် လိုက်ရယ်ရင်း မေမေ့ကိုလည်းတစ်ချက်ကြည့်မိစဥ် မျက်စောင်းတစ်ချက်ဝင့်ကာပြန်ကြည့်လာသေး၏။ထို့နောက်တော့လည်း ပြောမနိုင်တော့ဘူးဟူသည့်သဘောဖြင့် သက်ပြင်းကြီးချရင်း မေမေပါ ပြုံးပြုံးရွှင်ရွှင်ဖြစ်လာတော့ အခြေအနေကငြိမ်းချမ်းစပြုသွားလေရဲ့။ မေမေ့ကိုလည်း သူနားလည်ပါတယ်...သားဖြစ်သူကို အစစအရာရာပြည့်စုံပြီးလိမ္မာယဥ်ကျေးတဲ့မိန်းကလေးမျိုးနဲ့သာ လက်ထပ်စေချင်တာမိခင်တို့ရဲ့သဘာဝပါ။ သို့ပေမယ့် အဲ့ဒီ့ပြည့်စုံမှုတွေအားလုံးဟာ လင်းညရိပ်အတွက် ဘောင်မှမဝင်ဘဲ...။
နွဲ့ဆိုးက ကလေးဆန်တယ်၊ဆိုးတယ်၊အရာရာမှာ ဇွတ်တရွတ်လုပ်တတ်တယ်၊ ပြောရရင်ဒီကလေးမှာ လိုအပ်ချက်လေးတွေရှိတာ သူလည်းသိပါတယ်။သိပေမယ့် စဥ်းစားဖို့မလိုအပ်ဘူးလေ...။သူချစ်ခဲ့တာက အဲ့ဒီ့မိန်းကလေးပဲမဟုတ်လား။ `လင်းညရိပ်က ဆိုးကိုချစ်တယ်´...ဒီအမှန်တရားတစ်ခုကလွဲရင် ဘာဆိုဘာမှငဲ့ကြည့်စရာမရှိသလို၊သိလည်းမသိချင်။ အားနည်းချက်၊အားသာချက် ဘာတစ်ခုမှကိုအရေးမစိုက်ဘဲ ဒီအတိုင်း ချစ်သည်းရှင်ဆိုတဲ့ဖြစ်တည်မှုလေး သူ့ဘေးမှာရှိနေရုံ၊မြင်နေရုံနဲ့တင် ချစ်ခြင်းက တစ်သက်စာပြည့်စုံနေပြီပဲ။ ဒီခံစားချက်ကိုကိုယ်တိုင်ပဲ သိတယ် နားလည်တယ်။
ဒီလောကကြီးထဲမှာ နှစ်ယောက်မရှိနိုင်တဲ့ `မင်း´မို့လို့ပါ ကလေးရယ်...။ ချစ်တယ်...မင်းနဲ့မှမဟုတ်ရင် ကိုယ့်ရင်ခုန်သံတွေဟာ အသက်မဲ့နေခဲ့မှာပါပဲ။မင်းကြောင့်သာ ရှင်သန်လာတဲ့ ကိုယ့်ချစ်ခြင်းတွေကို ထာဝရတစ်သက်စာအတွက် မင်းဆီအပ်နှင်းမယ်...။
ယုံပါ...ကိုယ်က မင်းအပိုင်ရယ်...
~~~~ 🍬🍬🍬🍬 ~~~~
မှန်လုံတံခါးချပ်ကို ဆွဲဖွင့်လိုက်သည်နှင့် အထဲမှ အအေးဓာတ်ခပ်စိမ့်စိမ့်ကို ခံစားလို့ရနေ၏။အပြင်မှာကလည်း ဆောင်းရာသီရောက်နေပြီမို့ ညနေခင်းရာသီဥတုက ခပ်အေးအေးရှိလှသော်လည်း အပူမီးတွေတောက်လောင်နေသူတစ်ယောက်မှာတော့ ငိုကာယိုကာဖြင့်ဖုန်းဆက်လာပြီး သူပြောပြသမျှလည်း ဘာမှသိပ်နားမလည်တာကြောင့် မုန့်ဆိုင်မှာတွေ့ဖို့ချိန်းလိုက်ကြခြင်းပင်။
""ဟဲ့...ဘယ်မှာတုန်း ရှင်ရှင်က
ရောက်နေပြီဆို""
""အေး..ပြောတာပဲ""
သူငယ်ချင်းနှစ်ယောက်သား ပါးစပ်ကပြောနေရင်း ဆိုင်ထဲလည်းမျက်လုံးဝေ့အကြည့်၌...တွေ့ရပါပြီ...အပူကြီးနေသူတစ်ယောက်။Hoodieအနက်ရောင်ဝတ်ထားတာကိုမှ ခေါင်းစွပ်ပါစွပ်ထားလိုက်သေးကာ မျက်နှာကြီးစူပုပ်လျက် သူ့ရှေ့မှာ ရှိနေသည့် စားစရာတွေကလည်း စားပွဲတစ်ခုလုံးပြည့်တော့မတတ်ပင်။ မူမမှန်သော ထိုအခြေအနေတွေကြောင့် စန္ဒီတို့မျက်လုံးပြူးသွားကာ အနားသို့ ခပ်မြန်မြန်ပြေးသွားလိုက်ရ၏။
""ရှင်ရှင်...နင်လုပ်ပြန်ပြီ
မုန့်တွေအများကြီးမှာပြီး ကုန်ပါ့မလား""
""နင်တို့ကလည်း မုန့်မှာတာ စားမလို့ပေါ့
ကုန်အောင်ကိုစားမယ်""
""ဟဲ့ နင့်မျက်နှာကြီးကဘာဖြစ်နေတာလဲ
ပြီးတော့ ဖုန်းထဲမှာပြောတဲ့ အိမ်ထောင်ကျတော့မယ်ဆိုတာ ဘာကြီးလဲ""
""နင်ယောကျ်ားယူတော့မလို့လား မိရှင်
ဘယ်သူနဲ့လဲ""
""ကိုကိုနဲ့""
""ဟယ်...ဝမ်းသာလိုက်တာ ဝမ်းသာလိုက်တာ
နင်ဘာလို့ငိုတာလဲ ဒါကောင်းတဲ့ကိစ္စပဲ...ကိုကို့လိုလူမျိုးကို နှစ်ခါပြန်စဥ်းစားစရာတောင်မလိုဘူး""
""ဘာရယ်
နင်တို့...နင်တို့ဟာ...ကိုယ့်သူငယ်ချင်းငယ်ငယ်လေးကို အိမ်ထောင်ကြီးကျတာပျော်စရာလား..ပြီးတော့ ဒါက မတော်တဆဖြစ်သွားတာ...အဟင့်...ဟင့်! ဟီး!""
လက်ညိုးကြီးတငေါက်ငေါက်ထိုးလျက် ပါးစပ်ကပြောရင်း ဟီးချပြီးငိုပြန်ကာ လက်ကလည်း မုန့်တွေလှမ်းယူ၍ ပလုပ်ပလောင်းစားနေတာမို့ သူငယ်ချင်းတွေမှာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ ရှင်ရှင့်မှာက နဂိုကတည်းကဒီအကျင့်ရှိတာ သူတို့အသိဆုံးလေ...။ရစရာမရှိအောင် စိတ်ညစ်၊စိတ်ရှုပ်တဲ့အခါမျိုးမှာ အခုလိုပဲ အစားကြီးစားတော့သည်။ အရင်နှစ်တွေက စာမေးပွဲကျတဲ့နေ့မှာလည်း သူဒီလိုစားနေကျပင်။ဒါကိုကြည့်ခြင်းဖြင့် မိရှင်တစ်ယောက်အတော်လေးကို စိတ်ညစ်နေရှာပြီ ထင်ပါရဲ့။
""မနေ့က နင်စာမေးပွဲလာမဖြေလို့ မင်းမိန့်စိတ်ပူနေတယ်...ဆရာကလည်းမေးတယ်""
""ကဲ...စာမေးပွဲကထားလိုက်ဦး ပန်းနု...
မိရှင်...နင်မငိုဘဲနဲ့ ငါတို့ကိုရှင်းပြလို့ရမလား..ဘာကဘယ်လိုတွေဖြစ်ကုန်တယ်ဆိုတာ""
""နင်တို့လည်း သိတယ်လေ
ကိုကိုက ငါ့ကိုစာသင်ပေးနေတာ""
""အေးလေ""
""အဲ့ဒီ့မှာဟာ ငါသူ့ဆီစာသွားမေးရင်းကနေ.......""
ရှင်ရှင်တို့ရဲ့ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလေတော့ စန္ဒီတို့မှာလည်း ပါးစပ်ဟောင်းလောင်းဖြင့်ငြိမ်သက်ကုန်လေ၏။
""ဒါဆို ကိုကို့ကိုနင့်အစ်မနဲ့သဘောတူထားတာပေါ့
ဒီလိုဖြစ်သွားတော့ သူကရောစိတ်မဆိုးဘူးလား
ဘာမှမပြောဘူးလား""
""ဟင့်အင်း""
""ဒါဆိုလည်း ပြီးပြီပေါ့ဟာ
ဘယ်သူနဲ့ပဲရည်ရွယ်ပါစေ နင်နဲ့မှတိုက်ဆိုင်အကြောင်းပါတာ...အဲ့ဒါ ဖူးစာဟ""
""ဘာဖူးစာလဲ...ငါ့မှာရည်းစားလေးတောင်မထားရသေးဘူး...တန်းပြီးအိမ်ထောင်ကျရတာ..ငါ့ဘဝတော့ရေစုန်မျောပါပြီ""
""ရည်းစားထားလည်း အချိန်တန်ပြတ်မှာပဲဟာ
နင်က ရှာစရာတောင်မလိုဘူး...ပြီးပြည့်စုံတဲ့အမိုက်စား သတို့သားကိုတန်းရလိုက်တာပဲ ကံကောင်းချက်""
""ဘာကံကောင်းတာလဲ..ငါကစာမေးပွဲတောင်မဖြေရသေးဘူး...တက္ကသိုလ်လည်းမတက်ရသေးဘူးလေ...ပြီးတော့ ငါ့ရဲ့chief cookအိပ်မက်တွေကရော....ဟင့်...ဟင့်!""
""မငိုပါနဲ့ဟာ...အဲ့ဒါတွေကအိမ်ထောင်ကျပြီးလည်းဆက်လုပ်လို့ရတာပဲ""
""အေးလေ...အိမ်ထောင်လေးပြုရတာများ
သူ့ကိုသတ်ကွင်းဆွဲခေါ်နေတဲ့အတိုင်းပဲ ငိုနေလိုက်တာ...ကိုကိုကလေ နင်ကြိုက်တဲ့ ဟိုoppa Krisလိုပဲ အမိုက်စားပါဟ...မသိရင်မင်းသားလိုပဲ အရမ်းချောတာကို""
""ပြီးတော့ နင့်ကိုလည်းချစ်ပုံပေါ်ပါတယ်
ငါတို့ရှေ့မှာတောင် ဒီလောက်သဝန်တိုနေတဲ့ဟာ""
သြော်! သူငယ်ချင်းတွေဆိုသည်မှာလည်း အဲ့လိုပါ။ကိုယ့်ဘက်ပါမယ်ကိုမရှိကြဘူးလေ...အားလုံးကဟိုဘက်ကိုပဲstanနေကြတာ။ကိုကို ရုပ်ချောတာတော့ သိတာပေါ့။ အဲ့လိုချောလို့လည်းဘေးမှာ မိန်းကလေးတွေမှအများကြီး။ ဒါကိုတောင် သူက အဲ့ဒါတွေအားလုံးကိုကျော်ပြီး ရှင်ရှင့်လိုချာတိတ်လေးတစ်ယောက်ကိုမှ ချစ်ပါတယ်တဲ့။ဒါ ယုံချင်စရာရော ကောင်းလို့လား?
ပြီးတော့ အချစ်ဆိုတဲ့ ထိုအရာဟာ ဘယ်လိုခံစားချက်မျိုးမှန်း ရှင်ရှင်နားမလည်ပါ။ကိုကို့အပေါ်ထားခဲ့တဲ့ ခံစားချက်ကလည်း အလိုလိုက်တဲ့သူအပေါ် ဆိုးချင်ရုံသက်သက်။မင်းမိန့်ကိုအဖြေပေးဖို့ ဆုံးဖြတ်ခဲ့ဖူးတာကကျတော့ ငယ်သူငယ်ချင်းတွေကြားရှိနေတဲ့ ရင်းနှီးမှုနဲ့သံယောဇဥ်အတိမ်အနက်ကြောင့် လွယ်လင့်တကူချစ်သူတွေအဖြစ် အဆင့်တက်ကြည့်ဖို့ စိတ်ကူးခဲ့ရုံကလွဲရင် ကျန်တဲ့ရေရေရာရာခံစားချက် ဘာမှမရှိ။
ပြောရရင် သူစိမ်းယောကျ်ားတစ်ယောက်အပေါ် ချစ်တယ်ဆိုတဲ့ခံစားချက်ဆိုတာကို ရှင်ရှင်လုံးဝမသိခဲ့ဖူးပေ။ မတတ်ကျွမ်းသေးတဲ့ ဘာသာရပ်ကို အခုမှရှာဖွေရမယ့်အဆင့်ရောက်ရုံရှိသေး...ဒီအခွင့်အရေးကလုံးဝဆုံးရှုံးရတော့မှာလေ။ ရှင်ရှင်ဝမ်းမနည်းဘဲနေပါ့မလား...
""Ring Ring!""
""ဟဲ့ ရှင်ရှင် နင့်ဖုန်းလာနေတယ်""
စားပွဲထက်တင်ထားသော ဖုန်းအား ကောက်ကိုင်ကြည့်ကာ သူငယ်ချင်းတွေက ရယ်နေပြန်တာမို့ မုန့်စားနေရင်းကပင် မျက်စောင်းချီ၍ လှမ်းကြည့်လိုက်ရင်းမှ...
""နင်တို့ ဘာရယ်နေပြန်တာလဲ""
""ဒီမှာလေ contact nameက ဘေးအိမ်ကလူကြီးတဲ့""
""အဟိ...နင့်ရဲ့အမိုက်စားသတို့သားဆက်နေတာ...ရော့! ""
""လာမပေးနဲ့...မကိုင်ဘူး
ပြောစရာလည်းမရှိဘူး"""
နှုတ်ခမ်းကြီးစူချိတ်ကာ ပြန်အော်ရင်း မျက်ရည်တွေပွတ်သုတ်၍ ဘာဂါတစ်ခုလုံးကို ပါးစပ်ထဲထိုးထည့်ရင်း အပီအပြင်ကို ဝမ်းနည်းခန်းဖွင့်နေတာမို့ ပြောမရသည့်အဆုံး သူတို့ကပဲ ဖုန်းကိုဖွင့်ကာ နားသို့သွားကပ်ပေးလေတော့...
""ဘာလဲ...မပြောပါဘူးဆို
အ..အဟွတ်!""
တစ်ဖက်က Helloထူးသံလေးတောင်မကြားရခင် အော်သံတွေဖြင့်သာ ကသောင်းကနင်းဆူညံနေသည်ကို စိတ်ရှည်စွာထိုင်စောင့်ပေးနေရ၏။ဒီကလေးက ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေပြန်ပါလိမ့်!
""ဆိုး...အခုဘယ်မှာလဲ""
""မုန့်ဆိုင်မှာ""
""ဝမ်းနည်းခန်းဖွင့်နေတယ်...ကိုလင်းညရေ
ဝမ်းနည်းပက်လက်အော်ငိုနေတာ..ချော့လို့တောင်မရဘူး""
""နင်တို့နော်...အင့်!""
""အ..နာတယ်..မိရှင်မရဲ့""
သူငယ်ချင်းတွေက ဖုန်းနားအတင်းကပ်လာကာ ဘေးကလိုက်အော်နေလေတော့ သူတို့ကိုပြန်ရိုက်ပုတ်ရင်းနှင့်ပင် တစ်ဖက်သို့စကားမပြောအားတော့ပေ။ အစကတည်းက ငိုထားသည့်အသံက ရှိုက်သံတစ်ဝက်၊ ပါးစပ်ထဲ မုန့်တွေကလည်းရှိနေပြန်၍ အသံက တအင့်အင့်သာထွက်နိုင်တော့၏။
""ဆိုးလေး..အဆင်ပြေရဲ့လား""
""အင်း""
""အခုထိ ငိုနေတုန်းလား ကလေးရယ်
ငိုချင်ရင် ကိုကို့ဆီလာမှပေါ့...ဘာလို့မုန့်ဆိုင်မှာသွားငိုနေတာလဲ""
""အယ်တော့!...ကိုကို့ဆီလာငိုတဲ့
ကလေး...သွား..သွား...ကိုကိုခေါ်နေပြီ""
""ဟာ..နင်တို့မစနဲ့တော့နော်""
"".....""
""တွေ့လား...ရှင့်ကြောင့်ဒီမှာ သူများတွေဝိုင်းရယ်ကုန်ပြီ...နေရာတကာအရှက်ခွဲနေတာပဲ...မကောင်းတဲ့လူ...အဟင့်! ဟင့်! ဟီး""
""ဟုတ်ပါပြီကွာ...မငိုနဲ့တော့နော်
တိတ်! ကိုကိုပြောတာက ချော့မယ့်သူအနားလာငိုစေချင်ရုံပါ""
""မလိုဘူး..မုန့်တွေရှိရင်ရပြီ
ဒါပဲ""
ပြတ်သားစွာပြောလျက် ဖုန်းကိုတောင်ချပစ်လေပြီမို့ တစ်ဖက်မှာတော့ သဘောတကျရယ်နေရင်းသာကျန်ရစ်ခဲ့ရသည်။ ဒါ သူလက်ထပ်တော့မယ့် ဇနီးလောင်းလေးတဲ့!
အဟက်! ဆိုးလိုက်တဲ့ ပေါက်စလေး~~
~~~~ 🍬🍬🍬🍬 ~~~~
ဒီရက်ပိုင်းမှာတော့ ရှင်ရှင်တို့ရဲ့ လက်ထပ်ရေးကိစ္စတွေကိုသာ အများဆုံးကြားနေရပါ၏။ ရှင်ရှင်ကတော့ ညကို ကောင်းကောင်းစကားမပြောသေးဘဲ စိတ်ကောက်လို့ကောင်းနေဆဲ..။ဟိုကလည်း မငြီးမငြူချော့လို့ကောင်းနေဆဲ...။လူကြီးတွေကလည်း အဆင်ပြေစွာညှိနှိုင်းရင်း မင်္ဂလာရက်တောင်သတ်မှတ်ကြတော့မည်တဲ့! သူတို့ဘဝတွေကတော့ အဆင်ကိုပြေလို့ပါ...။ရှင်ရှင်ဟာ ဘယ်ဘဝရေစက်ကြောင့်များ ဤမျှအထိကုသိုလ်ကံ ကောင်းရပါလိမ့်! ဘဝဆိုတာ တသမတ်တည်းမရှိဘူးပဲ...ကံတရားကသိပ်ကိုဆန်းကြယ်လှပါဘိကွယ်။
""ဒေါက်...ဒေါက်""
""မမ...""
""အင်း""
""ဒီနေ့Hotel siteကိုသွားကြည့်ပြီး decorationအတွက် ပန်းအလှဆင်ကုမ္ပဏီကလူတွေနဲ့ ချိန်းထားပါတယ်...၁၀နာရီပါရှင့်""
""ဒါဆို အခုသွားဖို့အချိန်ကျပြီပဲ
သွားစို့""
""မမကိုကြည့်ရတာ အားနည်းနေသလိုပဲ
နေမကောင်းလို့လား မမ""
ကြိုးရဲ့မျက်နှာက အဲ့လောက်တောင်ပဲသိသာနေပြီထင်ပါရဲ့။အိမ်မှာတော့ ဘာမှမဖြစ်သလို ဟန်မပျက် သွားလာနေပေမယ့် ရင်ထဲမှာတော့ ဘယ်လိုမှမနေသာတာ အမှန်ပါ။ ဘယ်သူ့ကိုမှဖွင့်ဟမပြောနိုင်တဲ့ စကားလုံးတွေ ပိတ်ဆို့မွန်းကြပ်နေတာ တစ်ခါတစ်ရံ အသက်ရှူရတောင်ခက်လာသည်အထိ။ ရင်ထဲမှာကမ္ဘာပျက်နေခြင်းအတွက် ဘယ်သူမှနားမလည်ကြသလို ကြိုးကိုယ်တိုင်ကလည်းဘယ်သူ့ကိုမှမပြောပြဖြစ်ပေ။အမြဲလည်း ဒီအတိုင်းပါပဲ..ခံစားချက်အစစ်အမှန်ဆိုတာကို ပိတ်လှောင်ထားရတာ အကျင့်တစ်ခုလိုတောင်စွဲနေတော့တာ...။
ကြိုးကိုယ်တိုင်ဖွင့်ဟမပြောသရွေ့ ကြိုးဘာဖြစ်ချင်တယ်၊ဘာလုပ်ချင်တယ်ဆိုတာကို အတပ်နားလည်နိုင်သူဆိုတာ သိပ်ကိုရှားပါ၏။ တွေ့ဖူးချင်ပါတယ်...အားလုံးထဲကမှ ကိုယ့်တစ်ယောက်ကိုသာ မြင်နိုင်မယ့်သူမျိုး၊ ကိုယ့်ကိုမှ ဦးစားပေးတဲ့ ရွေးချယ်မှုမျိုး...။လောဘကြီးစွာဆိုရရင် အဲ့ဒီ့လူဟာလည်း လင်းညကိုပဲ ဖြစ်စေချင်ခဲ့တဲ့တာအမှန်ပါပဲ။
~~~~ 🍬 ~~~~
""Ok...ဒါဆို အားလုံးပြီးတဲ့ ကျမစောင့်ကြည့်သွားလိုက်မယ်...""
အလုပ်ကိုတော့ မပျက်မယွင်းအာရုံစိုက်ကာ hotel siteကိုလာကြည့်ရင်း decorationပြင်ဆင်မှုအပိုင်းတွေကို ဝင်စစ်ဆေးနေ၍ အချိန်ကပိုကြာနေခဲ့သည်။အလုပ်ကိုပဲ အာရုံစိုက်ထားတာ တစ်မျိုးလည်း ကောင်းတယ်မဟုတ်လား။
""ဒီက ပန်းချီကားကို နည်းနည်းရွှေ့ပေးပါ
အလှပန်းပင်ရဲ့ ဧရိယာက.....""
အလုပ်အပေါ်ကို အာရုံစူးစိုက်မှုရှိစွာ သေချာညွှန်ကြားနေသည့် ချစ်ကြိုးရဲ့ပုံစံလေးက တကယ့်ကိုsmartကျကျလှပနေ၏။ အရောင်အရင့်တွေဝတ်လေ့သိပ်မရှိသည့် သူမ...ဒီနေ့မှာတော့ အနီရောင် ကိုယ်ကျပ်dressလေးဖြင့်တောက်တောက်ပပလှနေသလို နှုတ်ခမ်းထက်မှာလည်း အနီရောင်လေးခြယ်လို့...။အဝေးမှ လှမ်းကြည့်ရုံနဲ့တင် အရှိန်အဝါအပြည့်ရှိတဲ့ မိန်းကလေးပါပဲ။
အံ့သြစရာက ဒီလိုလှပပြည့်စုံတဲ့မိန်းမသားကို လင်းညရိပ်က ရင်မခုန်ခဲ့ခြင်းပင်။သူငယ်ချင်းတွေပဲဆိုပေမယ့် ဒီကောင့်အမြင်တွေကို သူလည်းနားမလည်နိုင်တော့ပါ။ ချစ်ဖို့ကောင်းရုံကလွဲပြီး ဘာမှထူးထူးခြားခြားမရှိလှတဲ့အပြင် ပြသာနာတွေပါ အပိုဆောင်းရှာတတ်တဲ့ အမွှေစိန်မမကိုတော့ အသည်းအသက်မကချစ်ပါတယ်ဆိုပြီး အချိန်တိုအတွင်း ဘာတွေဘယ်လိုဖြစ်ကုန်တယ်မသိ...အခုဆိုလက်တောင်ထပ်ကြတော့မည်တဲ့...။ဒါလည်းကောင်းပါတယ်လေ...ချစ်ကြိုးကို စိတ်မပူရတော့ဘူးပေါ့။
အလှလေးကို ခပ်လှမ်းလှမ်းမှငေးကြည့်နေဆဲမှာပင် သူမက ပန်းအလှဆင်ဖို့အတွက် ပန်းချီကားအရွှေ့အပြောင်းနဲ့အလုပ်ရှုပ်နေကာ ဘာကိုစိတ်တိုင်းမကျနေတယ်မသိ...staffကိုဖယ်ခိုင်းလိုက်ပြီး လှေကားပေါ်သို့ နှစ်ထစ်လောက်တက်လိုက်လေ၏။ စီးထားတဲ့ဖိနပ်ကအမြင့်နဲ့မို့ သူ့မှာစိတ်ပူစွာလှမ်းကြည့်ရင်း ခြေလှမ်းတွေကလည်း တဖြေးဖြေးတိုးကပ်သွားနေစဥ်...စိုးရိမ်နေသည့်အတိုင်း သူ့ရဲ့မင်းသမီးလေးက ခြေချော်ကျလေပြီမို့...
""ချစ်ကြိုး..""
""အို့!""
စိုးရိမ်စွာခေါ်လိုက်သံကို ရင်းနှီးပါသည်။ နဂိုကတည်းက မကြည်လင်နေသည့်အာရုံနဲ့မို့ အလုပ်မှာပါစိတ်တိုင်းမကျတာတွေများနေပြီး ကိုယ်တိုင်ဝင်ပါမိတော့ အလွဲအချော်ဖြစ်ရပြန်တာပင်။လှေကားပေါ်က တစ်ပတ်လည်ကာ ပြုတ်ကျစဥ် ကြမ်းပေါ်ပစ်စလတ်ခတ်ကျတော့မယ်ပဲ ထင်လိုက်ပေမယ့် နာမည်ကိုအော်ခေါ်သံကြားရခြင်းနဲ့အတူ ကြိုးတကယ်တမ်းရောက်ခဲ့တာသည် ရင်ခွင်တစ်ခုထဲသို့...။ပြီးတော့ ခါးကိုမြဲမြံစွာဆွဲဖက်ထားသည့်လက်တွေကလည်း တင်းတင်းကျပ်ကျပ်မို့ မျက်နှာတွေတောင် ပူထူသွားရကာ ကပျာကယာ ပြန်ထလိုက်မိ၏။ဘေးမှာလည်း ဝန်ထမ်းတွေကပြုံးစေ့စေ့ဖြင့်ကြည့်နေကြပြီလေ...။
""ရရဲ့လား..ဘာဖြစ်သွားသေးလဲ
ခြေထောက်နာသွားလား""
ပြောရင်းဆိုရင်းဖြင့် ကြိုးရှေ့၌ ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ပြီး ခြေကျင်းဝတ်ကိုစမ်းကြည့်နေတာမို့ အမြန်ပဲနောက်ဆုတ်ရပ်လိုက်ကာ...
""ရတယ်...ကိုဘုန်းနေလ
ကြိုး ဘာမှမဖြစ်ပါဘူး""
""သေချာလို့လား""
""ဟုတ်...ရှင်ဒီနေ့လာမယ်လည်းမပြောထားဘဲ...""
""သြော်..ကိုယ်ကလမ်းကြုံလို့ ခဏဝင်စစ်ကြည့်တာပါ...ဒါနဲ့ချစ်ကြိုးကိုကြည့်ရတာ တစ်ခုခုကိုစိတ်တိုင်းမကျဖြစ်နေသလိုပဲ...ဒါကဝန်ထမ်းတွေရဲ့အလုပ်လေ။ဘာလို့ကိုယ်တိုင်ဝင်ပါတာလဲ...တစ်ခုခုထိခိုက်သွားရင်ဘယ်လိုလုပ်မလဲ""
""ရှင်!""
""လာ...ကိုယ်တို့အပြင်မှာစကားပြောရအောင်""
ခပ်တည်တည်ဖြင့်ပင် လက်ကနေဆွဲခေါ်လာတော့ကြိုးလည်း သူ့နောက်ပါလာရသည်။Hotelရဲ့ အပေါ်ဆုံးထပ်မှာလည်း စိမ်းစိုနေသည့်အလှပန်းပင်လေးတွေဖြင့် တစ်မျိုးလေးလှပါ၏။ဒီကိုအလုပ်ကိစ္စကြောင့် မကြာခဏရောက်ဖြစ်ပေမယ့် ဒီနေရာကိုတော့ တစ်ခါမှမရောက်သေးပါချေ။ လေတွေလည်း တဖြူးဖြူးတိုက်ခတ်နေတာမို့ စိတ်ကိုအနည်းငယ်ပေါ့ပါးသွားစေတာလည်းအမှန်ပင်။
""ချစ်ကြိုး...လင်းညကြောင့်ခံစားနေရတာမဟုတ်လား""
ငြိမ်သက်စွာ ကျောခိုင်းထားရင်းမှ ရုတ်တရက်ထွက်ပေါ်လာသည့် စကားသံကြောင့် ကြိုးအံ့အားသင့်သွားမိရသည်။သူ...သူ ဒါကိုဘယ်လိုလုပ်ပြီး...
""ကိုယ်သိပါတယ်
စတွေ့ကတည်းက သိတာ...ဒါပေမဲ့ဘယ်သူ့ကိုမှပြန်မပြောပြဖူးဘူး""
""ရှင်..ရှင်ဘယ်လိုလုပ်""
""ကိုယ်ကအမြဲတမ်းမင်းကို ကြည့်နေတဲ့သူပါ
ဒါကြောင့် မင်းဘယ်သူ့ကိုကြည့်မှန်းလည်း ကိုယ်မြင်တာ ဆန်းလို့လား""
ကြိုးဘက်သို့လှည့်လာကာ ပြောလိုက်သည့်ထိုစကားသံက တည်ငြိမ်လွန်းနေသလို သူ့မျက်နှာကလည်းအရင်နဲ့မတူစွာ ထူးခြားလေးနက်နေ၏။အံ့သြစရာလည်းကောင်းပါရဲ့...ကြိုးရဲ့ခံစားချက်ကိုမပြောပြဘဲ သတိထားမိတဲ့ သူစိမ်းတစ်ယောက်ရှိနေပြီပဲကိုး...။
""သူက ညီမလေးနဲ့လက်ထပ်တော့မှာပါ""
""အင်း...ကိုယ်သိပါတယ်
ဒါကြောင့် မင်းနည်းနည်းတော့စိတ်ထိခိုက်နေတယ်မဟုတ်လား...""
""ဟင့်အင်း..မဟုတ်ဘူး
ကျမ အဆင်ပြေပါတယ်""
""ဘာကြောင့်သူများတွေရှေ့မှာအဆင်ပြေသလိုဟန်ဆောင်နေတာလဲ...မင်းလည်းမိန်းကလေးပါ...အပြည့်အဝဝမ်းနည်းတတ်တယ်၊အားငယ်တတ်တယ်...ငိုချင်ငိုလို့ရပါတယ်...""
"".......""
""ချစ်သည်းရှင်နဲ့မင်းမတူတာ အဲ့ဒါပဲ...သူကဆတ်ဆတ်ကျဲ...စိတ်ထင်ရာတွေလျှောက်လုပ်တတ်တယ်...တစ်ခုခုအမှားအယွင်းဖြစ်သွားတာနဲ့...ကလေးဆန်ဆန်အော်ငိုလိုက်တယ်...စိတ်ထဲမှာဘာမှမကျန်ဘူး...မင်းကကျ မျိုသိပ်တယ်။အစစ်အမှန်ကိုဘယ်တော့မှထုတ်မပြဘူး...ဒါ မင်းအတွက်ပင်ပန်းလွန်းတယ်မထင်ဘူးလား""
နဂိုကတည်းက ဝမ်းနည်းနေသည့်စိတ်ကို သူ့စကားတွေက လာဆွပေးနေသလိုမို့ ကြိုး စိတ်ထိန်းထားသည့်ကြားမှပင် ဝမ်းနည်းစိတ်တွေလျှံတက်လာရသည်။ဘယ်သူ့ရှေ့မှာမှ အလွယ်တကူမကျချင်သောမျက်ရည်တို့ ဒီယောကျ်ားရဲ့ရှေ့ပြိုဆင်းကုန်တော့မှာမို့ ခြေလှမ်းကို နောက်ဆုတ်ကာ လှည့်အထွက်...လက်ကောက်ဝတ်၌ မြဲမြံသည့်ဆုပ်ကိုင်ခြင်းအထိအတွေ့က ကျရောက်လာကာ...
""မသွားနဲ့...ချစ်ကြိုး
ကိုယ့်ရှေ့မှာမျက်ရည်ကျလို့ရပါတယ်
မကျေနပ်တာရှိရင်ပေါက်ကွဲလို့ရတယ်..မင်းရဲ့အစစ်အမှန်အတိုင်းကိုယ့်ကိုပြပေးပါ..""
""အင့်..အဟင့်!!
ကျမကိုလွှတ်ပါ""
""ကိုယ်မင်းအပေါ် ဘယ်လိုခံစားချက်ရှိနေမှန်း မင်း သိပါတယ်ကွာ...ဒါပေမဲ့အခုလိုအချိန်မှာ ကိုယ်ကအခွင့်အရေးသမားမဖြစ်ချင်တာမို့ ထပ်မပြောတော့ဘူး...တစ်ခုပဲ...""
ပြောနေရင်းမှ သူ့စကားကရပ်သွားလေတော့ ကြိုးသူ့မျက်နှာကို မော့ကြည့်လိုက်မိစဥ် လေးနက်မှုတို့ပြည့်ဝသော ခပ်နွေးနွေးအကြည့်တစ်စုံနှင့် ရင်ဆိုင်ရလေ၏။
""ကိုယ် မင်းရဲ့ Darksideဖြစ်ပေးမယ်
ဒီအခွင့်အရေးကိုတော့ တောင်းဆိုခွင့်ရှိတယ်မဟုတ်လား...""
""ရှင်!""
""မင်းဘယ်သူ့ကိုမှချမပြချင်တဲ့ ဝမ်းနည်းမှု၊နာကျင်မှုနဲ့မျက်ရည်တွေအားလုံးရဲ့ သိုဝှက်ရာ Darkside...ကိုယ်ဖြစ်ချင်တယ်""
ဘယ်တုန်းကမှမကြားခဲ့ဖူးသော စကားပါပဲ။ကြိုးကိုလည်း ချစ်သူ၊ကြိုက်သူ၊စိတ်ဝင်စားသူတွေအများသားပေမယ့် ချစ်ခွင့်ကလွဲရင်ဘယ်သူမှမတောင်းခဲ့ဖူးသော အခွင့်ကို သူက တောင်းနေသည်တဲ့! နှုတ်မှတော့ ဘာမှပြန်မဖြေနိုင်စွာ သူ့မျက်နှာကိုသာမယုံမရဲလှမ်းကြည့်မိတော့ သူကလည်းပြုံးပြလို့...
ရုတ်တရက်ကြီး ဒါက ဘယ်လိုအခြေအနေပါလိမ့်နော်။
(စာရေးသူ FAကြီးရဲ့ဝမ်းနည်းမှုတွေကိုရော ဘယ်နားဖွက်ရပါ့😌စာရေးရင်းစိတ်ဓာတ်တောင်ကျလာပြီ😕)
~~~~ 🍬🍬🍬🍬 ~~~~
အခန်း [ ၁၅ ]ဆက်ရန်
Readers/WritersလေးတွေအားလုံးကVIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)