book

Index 13

အခန်း [ ၁၃ ]

  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama, Fantasy

🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬

                          { My Queen , My Angel }


•••••••••••• ♡ အခန်း [ ၁၃ ] ♡ ••••••••••••


အံ့အားသင့်မှုတွေကိုယ်စီဖြင့် အားလုံးရဲ့အကြည့်နဲ့ အာရုံဟာ သူတို့နှစ်ဦးသားထံ စုပြုံနေပြီမှန်းသိပေမယ့် လင်းညတစ်ယောက်ကဖြင့် ဟန်ဆောင်ကောင်းစွာပင် မျက်စိမှိတ်ထားလျက်...။ဆိုးကလည်း သူ့ကိုလာဖက်ထားရင်းမှ မလှုပ်မယှက် ဆက်အိပ်နေဆဲမို့ အခြေအနေဟာ သူ့မှန်းချက်အတိုင်းကွက်တိကို ဖြစ်နေလေ၏။ ဒါပဲလေ...အခုချိန်မှာ ကံကြမ္မာရော၊ ရာသီဥတုကပါ ကိုယ့်ဘက်အသာပဲ။


""ဟဲ့! အမလေးလေး...ဒါကဘယ်လိုဖြစ်နေကြတာလဲ...လင်းညရိပ်...ထစမ်း!!""


""မိရှင်ရှင်...""


ဒီတစ်ကြိမ်တော့ အမေနှစ်ယောက်ရဲ့ အသံတွေပိုကျယ်လာတာမို့ ထသင့်ပြီဟု ယူဆကာ မျက်လုံးကိုဖွင့်ကြည့်လိုက်ရင်း ထထိုင်ဖို့ပြင်တော့ လူကိုလည်ပင်းထိပါ လာသိုင်းဖက်နေသည့် လက်သေးသေးလေးရဲ့ အားပါမှုကြောင့် ရုတ်တရက်တောင် ထမရပေ။


""မေမေ!""


""သားရယ်...ဘယ်လိုဖြစ်ကြတာလဲ""


""ဟင့်...!""


အမေးကို ပြန်မဖြေနိုင်ခင်မှာပင် လူတကိုယ်လုံးလူးလွန့်ကာ အိပ်ကောင်းနေဆဲဖြစ်သည့် ဆိုးရဲ့လက်လေးအား သူ့လည်တိုင်မှ အသာဖြေချရင်း လူစုံ၊တက်စုံရောက်နေသော မိဘတွေကို ရင်ဆိုင်ဖို့သာကြိုးစားမိသည်။ဟုတ်တယ်...ဒါ သူလိုချင်တဲ့ အဓိကtargetကိုရောက်ပြီပဲလေ...။


""ဟဲ့...မိရှင်ရှင် နင်မထသေးဘူးလား""


""မေမေကလည်း ဘာလို့လာနှိုးနေတာလဲ

Alarmတောင် မမြည်သေးတဲ့ဟာ...""


""အမလေး...နင်တော့လေ

ငါ...ငါလုပ်လိုက်ရသေတော့မယ်""


သူ့အိမ်မှာ သူ့အမေလာနှိုးနေတယ်အထင်ဖြင့် အိပ်ချင်မူးတူးလေးပြန်ပြောနေတာမို့ အန်တီသက်ထားမှာတော့ ဒေါသူပုန်ထနေလေပြီ။ထို့နောက် လက်တစ်ဖက်က ဆိုးအပေါ် ရွယ်လိုက်သည်ကို လှမ်းမြင်လိုက်စဥ်...သူအမြန်ပဲ ထိုလက်အား လှမ်းတားထားမိ၏။


""အန်တီ...ခဏလေး""


တစ်ဖက်သို့ ပြောရင်း ဆိုးဘက်သို့လည်းလှည့်ကာ အနားမှာပြန်ထိုင်၍ ဆံနွယ်ပျော့ပျော့လေးတွေကို ဖွဖွသပ်တင်ပေးရင်းမှ...


""ဆိုးလေး...""


""အင်း""


""ခဏထဦး ကလေးလေး""


ကိုယ့်အိမ်မှာပဲဟုထင်မှတ်ထားကာ အရင်အတိုင်း ပေကပ်ကပ် ဆက်အိပ်နေစဥ် ရုတ်တရက်ကြီး နားထဲတိုးဝင်လာသည့် ကိုကို့အသံကြောင့် ခေါင်းနပမ်းကြီးသွားရလေပြီ။ သူက ငါ့အိမ်ကိုရောက်နေတာလား? မဟုတ်သေးဘူး...ညက ငါမပြန်ရသေးဘူးလေ...မနက်မိုးလင်းသွားပြီလား? ဒါဆို...ငါက သူ့အိမ်မှာ....


""အားးး!""


ခေါင်းထဲသို့ အတွေးတွေအစီအရီပြန်ရောက်လာသည်နှင့် ရှင်ရှင် အိပ်နေရာမှဆတ်ခနဲထထိုင်ကာ အော်သံကြီးကလည်း တပြိုင်နက်ထွက်ပေါ်သွားမိ၏။ ဒီထက်ပိုဆိုးသည်ကတော့ မျက်လုံးဖွင့်ကြည့်သည်နှင့် လူစုံ၊တက်စုံရှိနေသည့် နှစ်ဖက်မိဘတွေကြောင့်ပင်။


""မေမေ...ဖေဖေ မမ""


""အခုမှခေါ်မနေနဲ့...ပြောကြစမ်း ဒါကဘာအခြေအနေလဲ""


""ဟို...သားတို့ညကအတူတူရှိနေခဲ့ကြတာပါ

ဒီအခြေအနေက အမှန်ပါပဲ""


""ဟင်...ကိုကိုဘာတွေပြောနေတာလဲ

မမှန်ဘူးလေ...သမီး မနေ့ညက ကိုကို့ဆီ စာမေးဖို့လာခဲ့တာ...အဲ့ဒါ စာလုပ်နေရင်း အိပ်ချင်လာပြီး...နောက် နောက်တော့...""


ဖြေရှင်းရင်းမှ စကားတွေတောင်ထစ်အ ကုန်ရကာ ရှေ့မဆက်နိုင်တော့ပေ။ရင်ထဲမှာလည်း အံ့သြတာရော၊ကြောက်တာရောကြောင့် ကမ္ဘာပျက်သလိုထိတ်လန့်ကာ ဘယ်သူ့မျက်နှာမှလည်း သေချာမကြည့်ရဲတော့သည်မို့ စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းငုံ့လျက်သာ မျက်ရည်တွေစီးကျလာရတော့၏။ ထိုစဥ် ဘေးချထားသည့် လက်ဖဝါးတစ်ဖက်ဆီသို့ နွေးထွေးသောအထိအတွေ့တစ်ခုကျရောက်လာပြီး ရှင်ရှင့်လက်အား ထွေးဆုပ်လျက် သူ့အနားသို့ဆွဲခေါ်လိုက်ရင်း နှုတ်ဖျားမှပြတ်သားစွာ ထွက်ကျလာသည့်စကားတစ်ခွန်းက...


""ကျွန်တော့်ကို ဆိုးနဲ့လက်ထပ်ခွင့်ပြုပါ""


""ကိုကို!""


""ဒီကလေးတွေနဲ့တော့ ခက်တာပါပဲ""


""မိရှင်ရှင်...နင်ဘယ်လိုတောင်မိဘကိုအရှက်ခွဲရတာလဲ...ဒီအကြောင်းသာ ပတ်ဝန်းကျင်ကလူတွေသိကုန်ရင် ငါဘယ်လိုမျက်နှာပြရတော့မလဲ...နင့်ကြောင့် ငါသေသာသေလိုက်ချင်တယ်""


""ဟင့်အင်း...ပတ်ဝန်းကျင်ကလူတွေမြင်မှမမြင်တာ...အိမ်ကလူတွေပဲမြင်တာလေ...ဘာလို့လက်ထပ်ရမှာလဲ...သမီးက ခဏလေးအိပ်ပျော်သွားရုံပဲဟာ...""


""......""


""ပြီးတော့ ဆိုး အိပ်ပျော်သွားတာ ကိုကိုဘာလို့ဒီအတိုင်းထားတာလဲ...အဟီး...ဟင့်! မယူဘူး...မယူဘူး...ကိုကို့ကိုမယူဘူး""


""အမလေး! နင်ကလည်း သူများအိမ်ကအခန်းထဲ ရောက်နေသေးတယ်...နင်ကလည်းပြန်ငြင်းပြီး အော်ငိုသေးတယ်...လုပ်ပုံတွေကိုလေ...ငါတကယ်လက်ပါမိတော့မယ်""


""အ!""


ဘာမှဖြင့်မလုပ်ရသေးဘဲ လက်ရွယ်ရုံဖြင့် `အ´ခနဲအော်ကာ သူ့ဘက်ပဲ တိုးကပ်လာတာမို့ လင်းညက သဘောတကျပြုံးလျက် ပြန်ငုံ့ကြည့်ရင်း အင်္ကျီစကိုလာဆွဲသည့် လက်လေးအား ပြန်၍ထပ်ကိုင်ထားပေးလိုက်ရသည်။ ဒါတောင်မှ သူမလေးက ဆက်၍ ငိုကောင်းဆဲ...သူ့အမေကလည်း တကယ်ကိုရိုက်တော့မည့် ပုံစံဖြင့်ကြည့်နေလေတော့...


""ကဲ...ကဲ...တော်ကြပါတော့ကွာ

ဖြစ်ပြီးတာကပြီးနေပြီ။အခြေအနေကမြင်တဲ့အတိုင်းပဲ...သားကလည်းလက်ထပ်မယ်ပြောနေတဲ့ဟာ...ပြီးပြီပေါ့""


""ဟုတ်ပါတယ်...ဘယ်လိုပဲဖြစ်ဖြစ် ကိုပြည့်စုံနဲ့ကျွန်တော်တို့က ခမည်းခမက်တော်ရဖို့ ကံကိုပါတာပဲဗျ...အကြီးနဲ့အငယ်လွဲသွားရုံပေါ့ဗျာ...ဟား ဟား!""


အဖေနှစ်ယောက်က ပြေလည်အောင်ကြားဝင်ပြောပေးမှပဲ အားလုံးငြိမ်သက်သွားတော့၏။ အစကတည်းက တစ်ခွန်းမှဝင်မပြောဘဲ ငြိမ်နေသည့် ချစ်ကြိုးကတော့ မျက်မြင်တွေ့သည့်ဖြစ်ရပ်နှင့်ကြားနေရသည့်စကားတွေကို မယုံချင်စွာပင် မှင်သက်နေမိရသည်။ မြန်ဆန်လွန်းသည့်ပြောင်းလဲမှုကြောင့် ရင်တစ်ခုလုံးလည်း ပူလောင်နေရပါပြီ။ သူတို့ပြောနေပုံအရဆို ရှင်ရှင်နဲ့ညကိုသဘောတူပေးတော့မှာလား...။ဟင့်အင်း!...ဒီအခြေအနေကြီးကအိပ်မက်ဖြစ်ရင်ကောင်းမှာပါပဲ။


""အခုလိုဆိုမှတော့ မင်းတို့သဘောအတိုင်းပဲစီစဥ်ရမှာပေါ့...ကဲ! ခွင့်ပြုတယ်...လက်ထပ်ကြ""


""ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်""


အမေတွေဆီကပါ အကြာချင်ဆုံးစကားကို ကြားလိုက်ရပြီမို့ လင်းညမျက်နှာက ပြုံးရွှင်သွားသလောက် ဆိုးကတော့ထပ်၍သာ ငိုချလာပြန်ရင်း...


""ဘာကိုကျေးဇူးတင်တာလဲ...ရှင့်ကိုမယူဘူးဆိုနေ...အဟင့်!""


""ဟာ...မငိုနဲ့လေ ကလေးရယ်

ဒါ ငိုစရာမှမဟုတ်တာ""


""မသိဘူး...မယူဘူး""


""ဆိုး!""


လုံးဝကိုအပြတ်အသတ်ငြင်းဆန်ကာ အားလုံးအရှေ့မှပြေးထွက်သွားလေပြီမို့ သူ့မှာ အပြေးလိုက်ရပြန်သည်။ဟုတ်ပါတယ်...ဒီကိစ္စအတွက် နှစ်ယောက်ထဲစကားပြောဖို့ လိုအပ်နေပြီပဲ။အခုတောင် ဒီလောက်ထိငိုယိုပေါက်ကွဲနေတာကို မနည်းချော့ရဦးမှာ...။တမင်ဖန်တီးယူထားတဲ့အခြေအနေမှန်းသာသိသွားခဲ့ရင်တော့ လင်းညရိပ်တစ်ယောက် အသတ်ခံရနိုင်ချေတောင်ရှိပါ၏။


""......""


မျက်ဝန်း၌ မျက်ရည်တွေအပြည့်ဖြင့် ရီဝေမှုန်ဝါးနေသည့်ကြားမှ ကိုယ့်အိမ်ဘက်သို့အတင်းပြန်ပြေးလာခဲ့သည်မှာ အနောက်တောင်လှည့်မကြည့်စတမ်း။ရုတ်တရက်နေ့ချင်း၊ညချင်း လောကကြီးပြောင်းပြန်လည်သလားမှတ်ရအောင် မမရဲ့သတို့သားအဖြစ် လျာထားသူက ကိုယ်နဲ့လက်ထပ်ရမည့်အခြေအနေတွေဖြစ်လာပြီး သူကိုယ်တိုင်ကလည်း အားလုံးရှေ့ လက်ထပ်ဖို့ခွင့်တောင်းခဲ့သည်တဲ့! ဒါဘယ်လို ကပြောင်းကပြန်ဖြစ်ရပ်တွေလဲ။ဘယ်နေရာကနေ စပြီးမှားယွင်းခဲ့တာလဲ။ အားလုံးက ရှင်ရှင့်အမှားတွေပါပဲ...မနေ့ကသူ့ဆီမသွားခဲ့သင့်တာကို...အခုတော့...


""အဟင့်...ဟင့်!""


""ဆိုး...""


ရှေ့ကနေ မရပ်မနားအတင်းပြေးနေသည့် ကလေးကို သူ မီလာချိန်မှာတော့ သူမတို့ခြံဝန်းထဲတောင်ရောက်ခဲ့လေပြီ။ လှည့်မကြည့်စတမ်းပြေးနေရင်းမှလွှဲလာသည့် လက်ကလေးအား အမိအရဖမ်းဆွဲကာ အရှိန်တန့်သွားသည့် ခန္ဓာကိုယ်လေးကိုလည်း သူ့ဘက်သို့ဆွဲလှည့်၍ ရင်ခွင်ထဲဖက်ထားလိုက်မိ၏။ ဒီတော့လည်း ကိုယ်လေးတွန့်ကာ ရုန်းနေပေမယ့် လွှတ်ပေးဖို့ ဆန္ဒမရှိပါချေ။


""ကိုကိုပြောတာ နားထောင်ပါဦးကွာ""


""မနားထောင်ဘူး

ကိုကိုကသာ ဘာတွေလျှောက်ပြောနေတာလဲ

ခဏလေးပဲအိပ်ပျော်ရုံကို လက်ထပ်စရာလိုမှမလိုတာ""


""ကိုကို့အတွက်တော့ လိုတယ်""


""လူကြီးတွေကရော ဘာတွေဖြစ်ကုန်ကြတာလဲ

ကိုကိုနဲ့လက်ထပ်ရမှာ မမလေ...ဆိုးမှမဟုတ်တာ""


""ခဏလေး!! ဒီမှာ ကိုယ့်ကိုကြည့်...""


ပါးစပ်ကပြောကာ ဖက်ထားသည့်လက်ကို အနည်းငယ်ဖြေလျော့ပြီး အငိုလွန်၍ နီရဲနေသည့် ပါးမို့မို့လေးတွေပေါ်သို့ လက်ဖဝါးနှစ်ဖက်ဖြင့်ကပ်ကာ ခေါင်းလေးမော့စေလိုက်သည်။ထို့နောက် သူမနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်လိုက်တော့ မျက်ရည်အဝိုင်းသား မျက်ဝန်းတို့ဖြင့် ဆုံရစဥ်ခဏ၌ ဖွင့်ဟချင်သော ချစ်စကားတို့သည်လည်း အစီအရီထွက်ကျကုန်လေ၏။


""သေချာနားထောင်...ကိုယ့်အတွက်တခြားသူဆိုတာ မလိုအပ်ဘူး...။မင်း မမြင်ဘူးလား...ကိုယ်အမြဲမင်းတစ်ယောက်ကိုပဲ ကြည့်နေခဲ့တာ။ အထိအခိုက်မခံနိုင်အောင် ဂရုစိုက်ခဲ့တာ၊အလိုလိုက်ခဲ့တာ အားလုံးက မင်းကိုချစ်လို့ပါ ကလေးရယ်...မင်းဘာကြောင့်နားမလည်တာလဲ""


""ဟမ်! ""


""ဟုတ်တယ်...ကိုကို မင်းကိုချစ်တယ်""


တိကျစွာ ပြန်ဖြေလာသည့် အဖြေစကားအောက် ရှင်ရှင် ခေတ္တမျှ ဆွံ့အသွားရပေမယ့် ခဏအကြာမှာတော့ သတိပြန်ဝင်လာကာ...


""ကိုကို ချစ်တာသိတယ်။ဒါပေမဲ့ အဲ့ဒီ့အချစ်က ဟိုလို...ဟိုလို လက်ထပ်ရမယ့်အချစ်မဟုတ်ဘူးလေ...ဆိုးတို့က ဒီအတိုင်း...""


စကားသံလေး ထစ်အအဖြင့် ဟိုတွေ၊ဒီတွေဖြစ်နေသည့် ချာတိတ်မကိုကြည့်ရင်း အသည်းတွေကိုယားနေရပါပြီ။ပြောရရင်လည်း ဒီကိစ္စကအတော်ကိုရှင်းရခက်ပါ၏။ ကိုယ်ချစ်တာကိုသိတယ်ပြောပေမယ့် သူမလေးထင်နေတဲ့ အချစ်ကအယူလွဲနေပြီလေ။အချစ်တော့အချစ်ပေမယ့် ဒီကလေးကအမျိုးအစားမကွဲပြားဘူးဖြစ်နေတာကိုး။ ငယ်ကတည်းကရင်းနှီးလာရတာလည်း သိပ်အဆင်မပြေလှပါလားနော်။ ဒီချာတိတ်မနဲ့တော့ ခက်လိုက်တာ...။


""ဟို...ဆိုးပြောချင်တာကလေ...""


""stop! ဆက်မပြောနဲ့။ ချစ်တာသိရင် ရပြီ

လက်ထပ်တော့...""


""ဟာ...အဲ့လိုမဟုတ်ဘူးဆိုနေမှ

အင့်!""


ပြူးပြူးပျာပျာဖြင့်ကို ငြင်းနေစဥ်မှာပင် သူကရှေ့သို့ ထပ်တိုးကပ်လာကာ ရှင်ရှင့်ကိုယ်လေးကိုလည်း ခါးမှလှမ်းဆွဲ၍ ဖက်လိုက်ပြန်၏။ နှစ်ယောက်သားကြား နေရာလပ်မရှိစွာ ပူးကပ်သွားရသည့်အနေအထား၌ ရှင်ရှင့်ထက်များစွာ မြင့်မားသောအရပ်က တဖြေးဖြေးညွှတ်ကိုင်းလာကာ သူ့မျက်လုံးအကြည့်တွေကလည်း နက်နဲသည့်အဓိပ္ပာယ်ပေါင်းများစွာပျော်ဝင်နေသယောင်နှင့်...။ 


""ကိုကိုတို့ကြားမှာရှိနေတဲ့ ပတ်သက်မှုကို မင်းဘက်က ဘယ်လိုယူဆနေလဲ ကိုယ်မသိချင်ဘူး...ဒါပေမဲ့ကိုယ့်ဘက်ကမင်းကို ဘယ်လိုသဘောထားလဲ ဆိုတော့...


မျက်လုံးလေးဝိုင်းလျက် ပြောစကားကိုနားထောင်နေစဥ်မှာပင် သူကစကားကို ခဏရပ်ထားလိုက်ပြီးနောက် သူ့မျက်နှာက ထပ်၍ငုံ့ကျလာပြန်ကာ မျက်လုံးများသည်လည်း မှေးစင်းလျက်...ရှင်ရှင့်နှုတ်ခမ်းလေးပေါ်သို့ စိုက်ကြည့်ရင်း လေသံတိုးရှရှဖြင့် ဆက်ပြောလာသော စကားတစ်ခွန်းက...


""ထာဝရလက်တွဲဖော်""တဲ့!


""အွန့်!""


အနားသို့တိုးကပ်ပြောပြလာသည့် သူ့စကားကို ခေါင်းခါငြင်းဆန်ဖို့ကြိုးစားဆဲမှာပင် နီးကပ်နေသော မျက်နှာနှစ်ခုက လုံးဝထိကပ်သွားခဲ့စဥ် နှုတ်ခမ်းထက်၌ ဆန်းကြယ်သောအထိအတွေ့တစ်ခုက ရောက်ရှိလာခဲ့လေ၏။ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့၊မခံစားဖူးခဲ့သော ထိုအတွေ့ကြောင့် ရှင်ရှင်လန့်ဖျပ်ကာ ခန္ဓာကိုယ်က ဆဲလ်တွေလည်း ကပြောင်းကပြန်ဖြစ်သွားသလိုပင်။ သူကတော့ မျက်လုံးအစုံကို မှိတ်ထားကာ အနမ်းတစ်ပွင့်ကိုလွယ်လင့်တကူဖန်ဆင်းနေသလောက် ရှင်ရှင့်မှာသာ မျက်လုံးပြူးကြောင်ဖြင့် တောင့်တောင့်ကြီးဖြစ်နေကာ ခြေထောက်တွေပင် ညွတ်ခွေချင်သွားရပါ၏။ ရင်ထဲမှာလည်း ဘာတွေဖြစ်လို့ဖြစ်ကုန်တယ်မသိစွာ ခံစားချက်တွေ ထုံနေရင်း...လက်လေးတစ်ဖက်ကလည်း ဝတ်ထားသောဂါဝန်အစလေးကို ပြန်၍ ဆုပ်ကိုင်ထားမိသည်က တင်းတင်းကျပ်ကျပ်။


!စိတ်တွေလည်း လေပါတယ်

ငါက မျက်နှာမသစ်ရသေးဘူးလေဟာ..

ငါ့ရဲ့first kissကဒီလိုကြီးလား...!


ကိုယ့်အပူနဲ့ကိုယ် ရှက်အမ်းအမ်းဖြင့် အင်အားရှိသလောက် ရုန်းကြည့်သော်လည်း ခါးပေါ်၌ မြဲမြံစွာဖက်တွယ်ထားသည့်လက်တို့မှ လွတ်မြောက်ရန်မရှိ။ မဟုတ်ဘူးလို့ အကြိမ်ကြိမ်အခါခါငြင်းဆန်အော်ဟစ်ချင်ပေမယ့် သူ့အနမ်းတို့အောက်မှ မလွတ်မြောက်ခဲ့သော နှုတ်ခမ်းလွှာလေးများမှ အငြင်းစကားလည်းပြောခွင့်မသာနိုင်။ ထို့နောက် ခါးလေးကိုဖက်လျက်မှပင် ဆွဲမြှောက်ပွေ့ချီလိုက်ပြန်တော့ ရှင်ရှင့်ခြေထောက်လေးတွေ မြေပေါ်မှလွတ်တက်သွားကာ ပြန်ကျသောအထိအတွေ့က မြေပြင်မဟုတ်တော့ပေ။ ထင်တာတော့ သူ့ခြေထောက်ပေါ် ထပ်၍တင်လိုက်တာဖြစ်နိုင်၏။


"".....""


အိမ်မှအလောတကြီး ပြေးထွက်လာလာမို့ ခြေဖဝါးလေးတွေအောက် ဖိနပ်မပါခဲ့တာသိနေ၍ ခါးလေးမှပွေ့ကာ သူ့ခြေထောက်ပေါ် တင်ပြီး ရပ်စေလိုက်တော့ ပိုလို့ပင်နီးကပ်လာသော အနေအထားလေးက ရင်ခုန်သံတွေကိုတောင် မှားယွင်းစေပါ၏။လင်းညအတွက်တော့ အခုအချိန်စက္ကန့်လေးတွေကိုတောင် မရွေ့လျားစေချင်တော့သလိုပါ။အကြိမ်ကြိမ်ရင်ခုန်ခဲ့ဖူးသော ၊ ရင်ခုန်ရသလောက်လည်း အကြိမ်ကြိမ်စည်းစောင့်စွာ ထိန်းသိမ်းပေးခဲ့သော ပထမဆုံးအနမ်းကို အသက်သွင်းခွင့်ရခဲ့သည့် ဤမိနစ်၊စက္ကန့်လေးတွေက တန်ဖိုးသတ်မှတ်လို့တောင် မရနိုင်အောင်ပါပင်။ သို့သော်လည်း အကြာကြီး အခွင့်အရေးယူပြန်ရင် ငိုသွားမှာစိုးရိမ်၍ မခွဲရက်အောင် ဆွဲဆောင်နေသော နှုတ်ခမ်းဖူးလေးကို အမြတ်တနိုးနမ်းရှိုက်နေရင်းမှ အလိုက်သိစွာပင် လွှတ်ပေးလိုက်ရတော့ ငိုမဲ့မဲ့ဖြင့် ရန်လိုစွာမော့ကြည့်လာလေ၏။


""အဟက်!...မကျေနပ်ဘူးလား""


""ဟင်..မဟုတ်...ရှင်...ရှင်!""


""ဟေ့...မဆင်းနဲ့လေ

ဖိနပ်လည်းမပါဘဲနဲ့""


ဘာစကားမှကိုပြောထွက်မလာတော့ဘဲ အတင်းထွက်ပြေးရန်ပြင်လေတော့ လက်တစ်ဖက်မှပြန်ဆွဲထားရပြန်သည်။ ပြောသာပြောပေမယ့် တကယ်က သူလည်းဒီအတိုင်း ပြေးလိုက်လာခဲ့၍ ဖိနပ်စီးဖို့တောင်သတိမရခဲ့ပေ။နှစ်ယောက်လုံး ဖိနပ်ဗလာဖြစ်နေသည့်တိုင် သူမခြေထောက်လေးကတော့ နုနုနယ်နယ်မို့ မြေပြင်ပေါ် မနင်းစေလိုခြင်းပါ။ ဒီကလေးကို သူက လေစိမ်းစိမ်းနဲ့တောင် အတိုက်မခံချင်တာ။ထားစရာမရှိအောင်ကို ချစ်နေရတာလေ။


""ဆိုးရဲ့ ဖိနပ်ကဘယ်နားရောက်သွားတာလဲ

ပြန်ပေး""


""မသိဘူးလေ...ထားခဲ့တဲ့နေရာမှာမရှိမှတော့ ပျောက်သွားပြီနေမှာပေါ့...ကိုယ့်ဇနီးလောင်းက ကပ်စေးနည်းလေးပဲကွာ ဖိနပ်လေးတစ်ရံတောင် နှမြောနေလိုက်တာ""


""ဘယ်ကရှင့်ဇနီးလောင်းလဲ

ဘယ်သူက ယူမယ်ပြောလို့လဲ

ရှင့်ကို မချစ်ပါဘူးလို့ ပြောထားတယ်လေ နားမလည်ဘူးလား""


""လူကြီးတွေက သဘောတူတယ်လက်ထပ်တော့တဲ့

ပြောစကားနားထောင်မှပေါ့""


""အဲ့လူကြီးတွေက လျှောက်ပြောနေတာ

ဆိုး ကိုကို့ကိုမယူဘူး""


""ယူပါကွာ...""


""ဟင့်! အရှက်လည်းမရှိဘူး

ရှင့်ကို တခြားယူမယ့်သူမရှိတော့ဘူးလား

ဆိုးသိပါတယ်...ကိုကို့ကိုကြိုက်တဲ့မိန်းကလေးတစ်ပုံကြီးရှိတာကို...""


""ရှိလည်း ကိုကိုမှမကြိုက်တာ

ကိုယ်က ဟောဒီ့ကလေးဆိုးလေးကိုပဲချစ်တာ""


""အပိုတွေ...မယုံဘူး

ဒီအတိုင်းမတော်တဆဖြစ်သွားတာကို မတတ်သာလို့တာဝန်ယူမယ်ပြောတာမဟုတ်လား...အဟင့်...ဟင့်...ဟီး!!""


""ဟာ...မဟုတ်ပါဘူးဆိုကွာ

မငိုနဲ့ မငိုနဲ့...တိတ်!

လာ...အိမ်ထဲလိုက်ပို့မယ်""


""မလိုဘူး..ကိုယ့်ဘာသာသွားမယ်""


ပြောလည်းမရပါ။ ရှင်ရှင့်ကိုယ်လေးက ဆတ်ခနဲလေပေါ်မြောက်သွားကာ သူ့ရင်ခွင်ထဲပွေ့ချီထားလျက်သားဖြစ်နေလေပြီ။ 


""ဒီမနက် လူစကားတွေနားမလည်တော့တာလား...ရှင်က""


""ခြေဗလာနဲ့မြေကြီးပေါ်လမ်းလျှောက်ချင်လို့လား

ခြေထောက်နာမှာပေါ့""


""အိမ်ထဲပဲရောက်တော့မယ်

စောစောကလည်း ပြေးလာခဲ့ပြီးပြီကို""


""ငြိမ်ငြိမ်နေကွာ..""


အော်ငိုလိုက်၊ရန်တွေ့လိုက်ဖြင့် မျိုးစုံဖြစ်နေသော ချာတိတ်မကို သူကလည်း ချော့ပြောလိုက်၊ဆူလိုက်ဖြင့် ပြန်ဖြေရှင်းရင်း အခြေအနေကတော်တော်နဲ့အဆုံးမသတ်နိုင်တော့ပေ။


ဘယ်လိုပဲဖြစ်ဖြစ် ဒီမနက်ခင်းလေးကတော့ သူ နိုးထခဲ့ဖူးသမျှ မနက်တွေထဲ အပျော်ရွှင်ရဆုံးသာဖြစ်လိမ့်မည်။ ဒီဖြစ်ရပ်တစ်ခုလုံးမှာ မရိုးသားတဲ့ကြံစည်မှုတစ်ရပ်ပါဝင်ခဲ့သော်လည်း သူ့လုပ်ရပ်ဟာ အကြွင်းမရှိအောင်မြင်ခဲ့ပါ၏။ ဒါကိုမိဆိုးမလေးသိအောင်အခုတော့ ပြောမပြဖြစ်ခဲ့ပေမယ့် တနေ့နေ့တော့ဝန်ခံဦးမှာပါလေ...။


~~~~ 🍬 ~~~~


တစ်ဖက်ခြံ၌ တွေ့လိုက်ရသော မြင်ကွင်းလေးသည် တခြားသူတွေအတွက်တော့ လှပသည့်ချစ်သူစုံတွဲလေးရဲ့ ကြည်နူးဖွယ်အနေအထားဖြစ်နေပေမယ့် ကြိုးအတွက်တော့ မီးတမျှပူပြင်းစေပါ၏။ပါးပြင်တစ်လျှောက် မျက်ရည်ပူတွေ စီးကျနေပြီး လက်သီးနှစ်ဖက်ကိုလည်း ကျစ်ကျစ်ပါအောင်ဖိဆုပ်ထားမိသည်မှာ သွေးကြောစိမ်းစိမ်းလေးတွေပင်  ပြတ်ထွက်တော့မည့်အလား...။


သူတို့နှစ်ယောက်ကြည့်ရတာလည်း ထူးထူးခြားခြားပြသာနာရှိမလာဘဲ အဆင်ပြေနေလျက်ဖြင့်သာ...။ဒီလိုဆို မနေ့တနေ့ကအထိ ကြိုးနဲ့သက်ဆိုင်နေတဲ့၊မျှော်လင့်ခွင့်ရှိနေတဲ့ လင်းညရဲ့သတို့သမီးလောင်းနေရာဟာ ရှင်ရှင့်အတွက်ဖြစ်သွားပြီပေါ့။ M.Light Groupတစ်ခုလုံးရဲ့ ချွေးမနေရာကိုလည်း ချစ်သည်းရှင်ရတော့မှာ...။ ဒါဆိုသူက ကြိုးထက်ပိုပြီး သာလွန်သွားပြီပေါ့။ သူ့လိုဘာမှမဟုတ်တဲ့ ကလေးသာသာက အဲ့ဒီနေရာနဲ့ထိုက်တန်လို့လား? လိုက်ဖက်လို့လား? လောကကြီးကတကယ်ကို မတရားလိုက်တာ...။


အမြဲတမ်း အနေမှန်မှန်နဲ့ အစစအရာရာမှာ လိုအပ်ချက်မရှိအောင် ကြီးပြင်းလာခဲ့သူက ချစ်ကြိုးပါ။ ရှင်ရှင်ကတော့ ငယ်ကတည်းက မိဘတွေအပေါ်၊ကြိုးအပေါ် ရသမျှနည်းနဲ့ဆိုးသွမ်းအနိုင်ယူခဲ့ပြီး ဘာကိုမှအလေးအနက်မရှိဘဲ ပေါ့ပေါ့ပျက်ပျက် လူလားမြောက်ခဲ့သူလေ...။ဒါကိုတောင် ကောင်းမွန်တဲ့အရာတွေမှန်သမျှ ကြိုးဆီကနေလွဲချော်ပြီး ဘာကြောင့်သူ့ဆီပဲရောက်ကုန်ရတာလဲ?


ဖေဖေ၊မေမေတို့ဆိုလည်း ကြိုးဘယ်လောက်ပဲ ကောင်းတာပြောပြော၊ကောင်းတာ လုပ်လုပ် ရှင်ရှင့်ကိုမှအချစ်ပိုကြတာ..။ ကြိုးမှာ ကောင်းကွက်၁၀ခုလောက်ရှိခဲ့ရင်တောင်မှ ရံဖန်ရံခါ ရှင်ရှင် ယောင်ရမ်းလုပ်မိတဲ့ ကောင်းကွက်လေးတစ်ခုကို မမီနိုင်ခဲ့ဘူးလေ...။ ချစ်ကြိုးသွယ်ဆိုတာ ဒီမိသားစုရဲ့သမီးအကြီးတစ်ယောက်အနေနဲ့ ပထမနေရာမှာရှိရပေမယ့်လည်း အမြဲတမ်းဒုတိယလူပါပဲ။


အားလုံးရဲ့ဦးစားပေးချစ်ခင်မှုကို ချစ်သည်းရှင်တစ်ယောက်ပဲ ရနေခဲ့တာ။ လင်းညလည်း အတူတူပေါ့...။အရင်ဆုံးရပိုင်ခွင့်မှာ ကိုယ့်နာမည်အတပ်ခံခဲ့ရပေမယ့် နောက်ဆုံးတော့ ထုံးစံအတိုင်းပါပဲ။ လူကြီးတွေကရော ကြိုးကိုဘယ်လိုသဘောထားနေကြတာလဲ? သူတို့ပဲ သဘောတူတုန်းကတူခဲ့တယ်...အခု ရှင်ရှင်ဖြစ်သွားတော့လည်း သူတို့ချက်ချင်းလက်ခံတာပဲ။ ကြိုးရဲ့ခံစားချက်ကရော ဘယ်မှာလဲ? ဘယ်သူကထည့်တွက်ခဲ့ကြသလဲ...


ကြာလာတော့လည်း နာကျည်းမိပါတယ်...

နာကျည်းဖို့ အကြောင်းအရင်းဟာလည်း ခိုင်လုံတယ်။ ကြိုး သူ့ကို မုန်းသင့်ပါတယ်...ဒါပေမဲ့ ကိုယ့်ညီမလေးပဲမို့ ချစ်လည်းချစ်တယ်...။


ထားပါတော့လေ...။မကြာခင်မှာ လင်းညလည်း နင့်အကြောင်းတွေသိလာမှာပါ ရှင်ရှင်။ မိသားစုဝင်မဟုတ်ဘဲ သူစိမ်းလူတွေလက်ခံဖို့ ခက်ခဲတဲ့ နင့်ရဲ့ခပ်ရိုင်းရိုင်းအပြုအမူတွေအောက်မှာ သူ့ခံနိုင်ရည်တွေ ကုန်သွားမှာပါ။ သူက နင့်ကိုဘယ်လောက်ပဲချစ်တယ်ပြောပြော သူစိမ်းတွေပဲမဟုတ်လား...။


သူစိမ်းတွေ...။အဟင်း! စဥ်းစားကြည့်တော့လည်း သိပ်မကွာခြားပါဘူးလေ။ 


~~~~ 🍬🍬🍬🍬 ~~~~


အခန်း [ ၁၄ ]ဆက်ရန်


Readers/Writersလေးတွေအားလုံးက VIPပါ


Writer -WineSatt Cho(🍋Lëmoñ🍋)


rate now: