book

Index 12

အခန်း [ ၁၂ ]

  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama, Fantasy

🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬

                          { My Queen , My Angel }


•••••••••••• ♡ အခန်း [ ၁၂ ] ♡ ••••••••••••


လူဆိုးမလေးဆီက ရင်ဖွင့်စကားကြားရပြီးသည့်နောက်မှာတော့ လင်းညအမြဲတွေးဖြစ်နေသော အရာသည် အရင်လောက်မရိုးရှင်းနိုင်တော့ပေ။ကလေးက အသက်ငယ်သေးလို့ ၊ ပညာရေးကိုအနှောင့်အယှက်ဖြစ်မှာစိုးလို့ စတဲ့စိုးရိမ်အတွေးတွေကိုလည်းခေါက်ထားလိုက်ပြီ။ သူမကတောင် ကိုယ့်အတွက်မစဥ်းစားပေးဘဲ တခြားသူနဲ့အနာဂါတ်အစီအစဥ်ရေးဆွဲနေသေးတာလေ...။ကိုယ်ကရော ဘာလို့ဘေးဖယ်ပေးနေရမှာလဲ...။


ဟက်!! ဘာတဲ့...အနာဂါတ်အတွက်ရွေးထားတဲ့ ကောင်လေးက မင်းမိန့်ပိုင်ရှင်ဆိုပဲ။ သူမအမြင်မှာ ကိုယ်က အဲ့ကလေးသာသာချာတိတ်လောက်တောင် အရာမရောက်ဘူးပေါ့လေ။ ဒါမှမဟုတ် လုံးဝကို ရင်ခုန်ရမယ့်သူအဖြစ်၊ ယောကျ်ားတစ်ယောက်အဖြစ် မမြင်တဲ့သဘောမျိုးလား။


""ကျစ်!..."" 


တွေးရင်း တွေးရင်းမှ အဖြေက မရနိုင်တော့ဘဲ စိတ်တွေတောင် မွန်းကြပ်လာရပါ၏။'ကိုကို့ကိုမချစ်ဘူး'လို့ပြောလိုက်သည့်စကားလေးက သူမအတွက် ဘာမှမဟုတ်ခဲ့ပေမယ့် ကိုယ်ကတော့ ပြန်ကြားယောင်လေတိုင်း ရင်နာရသည့်အဖြစ်။ ဒီတစ်ခုကတော့ မင်းစိတ်တိုင်းကျ ဖြစ်လာမဟုတ်ဘူးဆိုတာ ကိုကို့ဘက်ကသေချာတယ် ဆိုး...။ ကိုယ်မဟုတ်တဲ့ တခြားသူကိုရွေးချယ်ဖို့ မင်းကိုဘယ်နည်းနဲ့မှ ခွင့်မပြုနိုင်ဘူး ကလေးရယ်...ကိုယ် အတ္တဆန်မိတော့မယ်ထင်တယ်။


""ဒေါက်...ဒေါက်""


အလုပ်ချိန်မှာတောင် အတွေးထဲရှည်လျားစွာနစ်မျောနေရင်းမှ တံခါးခေါက်သံကြားမှသာ အသိပြန်ဝင်သွားရ၏။


""ချိန်းထားတဲ့ဧည့်သည်ရောက်ပါပြီ Boss""


""အင်း လွှတ်လိုက်""


"".......""


""မင်းနဲ့တွေ့ဖို့ကလည်းမလွယ်လိုက်တာကွာ

သူငယ်ချင်းအရင်းကြီးကိုတောင် စည်းကမ်းကြီးတယ်နော်""


""သူငယ်ချင်းက သူငယ်ချင်း

စည်းကမ်းက စည်းကမ်းပဲ။ဒါနဲ့ ငါ့ကိုတွေ့ချင်တာဘာကိစ္စလဲ? ဖုန်းထဲမှာတော့ တော်တာ်အရေးကြီးနေတဲ့ လေသံပဲ""


""အရေးကြီးတာပေါ့...ငါ မင်းကိုမေးချင်တာရှိလို့""


""အင်း...ဘာလဲ""


""ငါ ချစ်ကြိုးဆီကကြားခဲ့တယ်

မင်းနဲ့သူ့ကို...""


""ဟမ်...သူကမင်းကိုအဲ့ကိစ္စအထိတောင်ပြောလား?""


""တမင်တော့မပြောပါဘူး

မင်းအကြောင်းပြောရင်း တိုက်ဆိုင်လို့""


ပြောနေသည့် မျက်နှာကအနည်းငယ် မူပျက်နေပြီမို့ လင်းညကလည်း ပါးနပ်သူပီပီ နေလဘာဖြစ်မှန်းကောင်းကောင်းရိပ်မိပါ၏။စတွေ့ကတည်းက ဒီကောင့်မျက်လုံးတွေ ချစ်ကြိုးအပေါ်မရိုးသားဘူးလို့လည်း ထင်မိသား။အခုတော့ မိဘချင်းသဘောတူတယ်ကြားရုံနဲ့ အပြေးအလွှားရောက်လာပြီး မေးမြန်းနေတယ်ဆိုတော့ သူ့အထင်မှားနိုင်စရာအကြောင်းကို မရှိတော့ပေ။


""ကြိုးနဲ့ငါက သူငယ်ချင်းတွေပါကွာ

မင်းကလည်း သိသာလိုက်တာ""


""ဟင်...ဒါဆို""


""ဘာမှပူမနေနဲ့...သူရော၊ငါရော ဒီကိစ္စအတွက်အေးဆေးပဲ။ပြီးတော့ ငါ့မှာက ကလေးလေးရှိပြီးသားကွ""


""ဘာရယ်...မင်းကလက်တောင်မထပ်ရသေးဘဲနဲ့ ဘယ်က ကလေးရတာလဲ?""


""အဟက်! အေး...လက်တော့မထပ်ရသေးပေမယ့် ငါ လက်ထပ်ချင်နေတဲ့ ကလေး...ငါ့ရဲ့ပူတူးပိစိလေး""


""ဟေ့ကောင်! မဟုတ်မှ အဲ့ပူတူးပိစိက ကြိုးရဲ့ညီမ ဟိုအမွှေစိန်လို့တော့မပြောနဲ့နော်""


""ဘာလို့မပြောရမှာလဲ...ဟုတ်တာပဲလေ""


ချက်ချင်းကို မဆိုင်းမတွပြန်ဖြေလာသည့်စကားမှာ နေလတစ်ယောက် ဆွံ့အသွားရသည်။ သွားပြီ...လင်းညရိပ်က ပုံမှန်မှဟုတ်သေးရဲ့လားပဲ။ သူ့မှာတော့ ထိုအမွှေစိန်လေးအကြောင်းကြားသည်နှင့် cola-ငံပြာရည်အရသာကို အမှတ်ရမိပြန်ပြီး ခေါင်းတွေတောင်မူးချင်လာသလိုပင်။ ဒီလောက် ဆိုးတဲ့ ဟာလေးကို ချစ်စနိုးလေးခေါ်ဝေါ်ပြောဆိုကာ ပြုံးနေလိုက်တာများ ချိုလို့။ ကြည့်ရတာ ဒီကောင်မလေးရဲ့လက်သံကို မခံစားဖူးသေးဘူးနေမယ်...။


""အမ်ဟမ်! ငါ့ကိုဘာပြူးကြည့်နေတာလဲ""


""မင်း ပုံမှန်မှဟုတ်ရဲ့လားလို့တွေးနေတာ

ထင်တော့ထင်ပါတယ်...ဟိုတစ်ခါ သူဒဏ်ရာရတယ်ကြားတုန်းက မင်း ပြာယာခတ်နေခဲ့တာ အကြောင်းမဲ့တော့မဟုတ်ဘူးကိုး""


""အင်း..ငါက အဲ့ဒီ့ကလေးလေးကိုသိပ်ချစ်တာ""


""ဘုရားရေ! မင်းတော့ အသက်နဲ့ခန္ဓာတခြားစီဖြစ်တော့မယ်ထင်တယ်...မင်းသူ့အကြောင်းဘာသိလို့လဲ...သူ့ဆိုးချက်က တော်ရုံမဟုတ်ဘူးနော်""


""သူ့အသက်၃နှစ်ကတည်းက ငါထိန်းလာတဲ့ကလေးပါကွာ...မင်းကသာ ငါ့ကလေးအကြောင်းဘာသိလို့လဲ""


""သူ့အကြောင်းတော့သိပ်မသိဘူး..သူ့လက်သံကိုတော့ ခံစားဖူးတယ်။ငါ သူတို့အိမ်ကိုသွားတုန်းကကွာ.........""


ထိုမှ အစချီလို့ နေလတစ်ယောက်ကတော့ ရှုံ့ကာမဲ့ကာဖြင့် သူ့ကို ဆိုးက တံခါးမဖွင့်ပေးဘဲ တရားခံလိုစစ်ဆေးကြောင်း၊ ဧည့်ခံရာမှာလည်း Coca Colaထဲ ငံပြာရည်ရောတိုက်ကြောင်းတွေကို တစ်သီကြီး ရှင်းတမ်းထုတ်လေတော့၏။ သူ့မှာတော့ ထိုစကားတွေကို နားထောင်ရင်းမှ အသည်းယားကာရယ်ချင်မိရသည်။ ကြည့်ဦး! ဘယ်လိုတောင် ပေါက်ကရတွေးတတ်သလဲဆိုတာ...ကိုယ့်အိမ်လာတဲ့ဧည့်သည်ကိုလည်း မကျေနပ်ရင်ဒီလို ပညာပြတတ်သေးတာပေါ့လေ။ အဟွန်း! ကလေးဆိုးလေး ဉာဏ်ကောင်းတာပဲ။


""တော်ပြီ..တော်ပြီ

ဆက်နားထောင်ရင် ငါရယ်မိတော့မယ်""


""အခုလည်းရယ်နေပါပြီ ပါးစပ်တောင်ပြဲထွက်တော့မယ်""


""အဟက်...ဟား...ဟား!!

သူက မင်းကို အချိုရည်အသစ်မိတ်ဆက်ပေးတာပါကွာ""


""အေး...ရယ်နေ

မင်းကိုလည်း နောက်ဆိုအဲ့ထက်ပိုဆိုးတာသောက်ခိုင်းလိမ့်မယ်""


""အချိန်မရွေးပဲ

ငါက သူ့စိတ်တိုင်းကျနေပေးမှာ""


""ဆိုးပေလေးကိုများ တော်တော်သည်းနေ

ဘယ်လိုပဲ မင်းနဲ့ရင်းနှီးခဲ့တဲ့ကလေးဆိုဆို ကြားထဲမှာတော့ ဝေးခဲ့ကြသေးတာပဲမဟုတ်လား...သူမင်းကိုစိမ်းမသွားဘူးလား""


""ဟင့်အင်း...အရင်းနှီးလွန်လို့ခက်နေတာ

သူငါ့ကိုကြည့်တဲ့အမြင်က အရင်အတိုင်းပဲ။အစ်ကိုလိုခင်တယ်ဆိုတာကြီးနဲ့ ဘောင်ခတ်ထားတယ်။ကျန်တဲ့အကန့်ကို စာရင်းတောင်မဖွင့်ပေးဘူး""


""ဟာ...ဒါဆိုမင်းအချေခံရပြီပေါ့

လင်းညတို့တော့ ရာဇဝင်ရိုင်းပြီကွာ...ကျောင်းတုန်းကဆို တော်ရုံအလှကိုလှည့်ကြည့်တာတောင်မဟုတ်ဘူး...ဒီကလေးပေါက်စနကျမှပဲ...""


အင်း...။ပြောရင်လည်း ခံရတော့မှာပါပဲ။သူ့အဖြစ်က ဒီလိုဖြစ်နေတာကိုး။ တခြားသူကိုအဖြေပေးလိုက်မယ်ပြောရုံနဲ့ကို သူ့မှာပျာယာခတ်ပြီး အနားမှာအပြီးအပိုင်ခေါ်ထားဖို့ကြံစည်နေရတာ။ တကယ် အဲ့ကလေးမလေးကို ဘယ်သူမှမမြင်အောင် ဝှက်ထားလိုက်ချင်တာ...။ 


မင်းသေချာမကြည့်လို့သာ မသိတာပါ။ကိုယ်ကတော့ မင်းကို ချစ်လွန်းလို့ရူးချင်နေပြီ ချာတိတ်ပေါက်စရေ...


~~~~ 🍬🍬🍬🍬 ~~~~


ကိုယ်လုံးပေါ်မှန်ချပ်ကြီးရဲ့ရှေ့၌ အရောင်တလက်လက်အဝတ်အစားတို့ဖြင့် လှပနေသော မေမေ့ကို ကုတင်ပေါ်မှ ငုတ်တုတ်လေးထိုင်ကာ လှမ်းငေးနေမိသူက ရှင်ရှင်...။စောစောကလည်း မမအခန်းဆီ သွားမွှေခဲ့ပြီးပြီ။ မမကလည်း ငွေရောင်dressလှလှလေးနဲ့ နတ်သမီးလေးလိုလှလို့...။ဖေဖေကတော့ အစောကြီးကတည်းကဝတ်စုံပြည့်နှင့်...။အခုလည်း မေမေကအလှကြီးလှအောင်ပြင်နေပြန်၏။ ကိုယ့်အမေမို့ပြောတာမဟုတ်ပေမယ့် မေမေဟာ အသက်၅၀ကျော်အရွယ်နဲ့မလိုက်အောင် လှပကျော့ရှင်းကာ ကိုယ်ဟန်ကလည်း သွယ်လျနေဆဲပင်။ အားလုံးအဆင်ပြေပြေ ပြင်ဆင်နေကြသည့်အထဲ မျက်နှာပြောင်နဲ့ ငုတ်တုတ်ဖြစ်နေသူက ရှင်ရှင်တစ်ယောက်သာမို့ သိပ်တော့မကျေနပ်ချင်တော့ကာ မျက်နှာက မဲ့ရွဲ့လာရလေပြီ။


""အန်တီဒေစီတို့ပွဲကိုအဲ့လောက်လှအောင်ပြင်သွားကြဖို့လိုလို့လား?""


""အင်းလေ...သမီးရဲ့

ဒါသူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း၂၅နှစ်ပြည့် Anni Party""


""သမီးလည်းလိုက်ချင်တာပေါ့လို့""


""ကလေးကလိုက်စရာလား...

ပြီးတော့ မနက်ဖြန်ကျူရှင်မှာစာမေးပွဲရှိတယ်ဆို...အိမ်မှာစာကျက်""


""ဟင့်...မမကိုကျခေါ်ပြီးတော့""


ကဲ! သူအလိုမကျတိုင်း နှုတ်ခမ်းကြီးက တစ်တောင်လောက်စူထော်လာပြန်ပြီမို့ အမေဖြစ်သူကသဘောကျစွာပဲ ရယ်ကာ ပါးလေးကိုမနာအောင် ဆွဲညှစ်လိုက်ရင်းမှ...


""မမက အရွယ်ရောက်နေပြီလေ သမီးရယ်""


""သမီးလည်း ၁၉နှစ်ပြည့်တော့မှာပါနော်""


""အဟင်း...သမီးလေးကတော့လေ တကယ့်ကလေးလေးပဲ...ဒီတစ်ခါတော့မလိုက်နဲ့...နောက်တစ်ခါကျခေါ်မယ်ဟုတ်ပြီလား...dinnerနဲ့ပါတီပွဲဆိုတော့နည်းနည်းညနက်မှာ...မေမေတို့ရဲ့ငယ်သူချင်းတွေနဲ့လည်းဆုံမှာဆိုတော့ ကြာနေရင်မကောင်းဘူးလေ...သမီးလေးကမနက်ဖြန်စာမေးပွဲအတွက်စာလည်းကျက်ရဦးမှာ"" 


""တော်ပါပြီ...မခေါ်ချင်လည်းနေ

မေမေတို့ ဖေဖေတို့ မမတို့ပဲ ပျော်ပျော်ကြီးသွားလိုက်ကြ...ရှင်ရှင့်ကိုလာမခေါ်နဲ့...ဟွန်းး!""


""သမီး အိမ်မှာ စာသေချာကျက်နော်

ဂိမ်းပဲဆော့မနေနဲ့...စာမေးပွဲကနီးနေပြီ။အိပ်ရေးပျက်မခံနဲ့တော့...ခေါင်းတွေဘာတွေမူးမယ်""


""ဟုတ်ကဲ့ပါ...စာတွေကရနေပါပြီ""


""ရှင်ရှင်...ညီမလေး ခဏလာဦး""


မေမေ့အခန်းထဲရှိနေရင်းမှ မမရဲ့လှမ်းခေါ်သံကြောင့် အမြန်လေးပြေးထွက်သွားရပြန်၏။မမကတော့ ဝတ်စုံပြည့်ဖြင့် အဆင်သင့်တောင်ဖြစ်လို့နေပြီ...။


""Wow! မမအရမ်းလှ""


""မေမေ့ဆီကပ်ပြီး ဘာတွေပူဆာနေပြန်တာလဲ ပြောပါဦး""


""အဟီး...ရှင်ရှင့်ကို ဘယ်သူမှမခေါ်ကြလို့ ဂျီကျနေတာ""


""မမကို ဒါလေးကြည့်ပေးဦး

ဒီနှစ်ခုက ဘယ်ဟာပိုလိုက်လဲ""


ရှင်ရှင်လည်း မမရဲ့လက်တစ်ဖက်ဆီမှာရှိနေသည့်လည်ဆွဲလေးတွေကို သေချာကြည့်လိုက်ပြီးနောက်...


""ညာဘက်ကဟာလေး""


""အင်း...ဟုတ်ပြီ""


""မမ ဟိုမှာကောင်လေးတွေ အနားအကပ်မခံနဲ့နော်""


""အင်းပါ...ညီမလေးလည်းစာကျက်ထား

ဟိုဘက်အိမ်ကိုမသွားနဲ့နော်""


""ဒီနေ့က ကိုကိုနဲ့စာသင်ရမယ့်ရက်မဟုတ်ပါဘူး မမရဲ့""


""မမအမြင်ပြောရရင် သူနဲ့စာသင်တာမသင့်တော်ဘူး...ညီမလေးကမိန်းကလေးလေ...သူစိမ်းယောကျ်ားလေးတစ်ယောက်ရှိတဲ့အိမ်ကို အဝင်အထွက်လုပ်နေတာ ပတ်ဝန်းကျင်အမြင် ဘယ်သင့်တော်မလဲ...မမပြောတာသဘောပေါက်လား""


""ဟုတ်...ရှင်ရှင်လည်းမသင်ခိုင်းပါဘူး။သူပဲအတင်းသင်နေတာ...ဒါပေမဲ့ နောက်ဆိုရှင်ရှင်တို့ကအမျိုးတော်ရမှာပဲဟာ ကိစ္စတော့မရှိပါဘူး""


သူ့အတွေးနဲ့သူတော့ အဆင်ကိုပြေနေတဲ့ ကလေးမရယ်ပါ။ လင်းညက လက်ထပ်ဖို့ကိုသွယ်ဝိုက်သောနည်းနဲ့ငြင်းဆိုချင်တာဟာ ဘယ်သူ့ကြောင့်မို့လို့လဲ? ဒါကိုတောင် အခုထိသဘောမပေါက်နိုင်သေးတဲ့ ရှင်ရှင်က နုံအလွန်း၍ပဲလား။ကလေးဆန်လွန်းလို့ပဲ ဉာဏ်မီအောင်မတွေးတတ်တာလား...။သေချာတာကတော့ သူ့ရင်ထဲမှာ ညနဲ့ပတ်သတ်ပြီးယခုအချိန်အထိရိုးရှင်းနေဆဲပါ။ဒါကြောင့်လည်း တော်သေးတယ် ပြောရမှာပေါ့လေ။ လင်းည ဘက်ကသာ ဇွတ်အတင်းမတိုးဝင်ရင်ကောင်းမှာပါပဲ။


~~~~ 🍬🍬🍬🍬 ~~~~


""Ring Ring!""


""Hello!""


""ဆိုးလေး ဘာလုပ်နေလဲ""


""စာတွက်နေပါတယ် မနှောင့်ယှက်ပါနဲ့

ဒီမှာ အဖြေမရလို့စိတ်တိုနေရကြားထဲ""


""ဟင်...ဘာလို့အဖြေမရတာလဲ""


""မသိဘူး ကိုကိုရေ

တစ်ခုခုတော့မှားနေပြီ...မမတို့ကလည်း အပြင်သွားနေလို့...နေဦး gp chatမှာ မင်းမိန့်ကိုမေးကြည့်လိုက်ဦးမယ်""


""ဟမ်...မမေးနဲ့ မမေးနဲ့

ကိုကို့ဆီလာခဲ့""


သူမစကားထဲ မင်းမိန့်ဆိုတာ ပါလာသည်နှင့် သူ့မှာအလိုမကျမှုတွေများစွာက ဖြစ်ရလေပြီ။ဒီကောင်မလေးကလည်း သူ့ရှေ့မှာ မင်းမိန့်နာမည်ကိုမကြာခဏပြောပဲပြောနိုင်လွန်းပါ၏။


""မလာပါဘူး...ဒီနေ့ကိုကို့ဆီ စာသင်ရက်မှမဟုတ်တာ""


""တစ်ပုဒ်တစ်လေပဲမဟုတ်လား

ကိုကိုရှင်းပြမယ်...စာအုပ်ယူလာ""


""ပုစ္ဆာပို့လိုက်မယ်...တွက်ပြီးပြန်ပို့""


""ဟာ...အဲ့လိုမရဘူးလေကွာ

တွက်စာကသေချာရှင်းပြမှရမှာ...ဒီဘက်ခြံလေးကူးရုံပဲကို...လာခဲ့""


ရှင်းပြမယ့်သူက အတင်းခေါ်တာတောင် နားထောင်မယ့်သူက မလာဘူးဆိုလည်း မကောင်းတာကြောင့် တစ်ပုဒ်ပဲသွားမေးဖို့ဆုံးဖြတ်လိုက်ကာ တွက်လက်စစာအုပ်တွေကို ကောက်သိမ်း၍ ထထွက်လာခဲ့လိုက်သည်။ မမပြောခဲ့တာကအမှန်ပဲမို့ အမျိုးမတော်ရသေးခင်အချိန်အတွင်းတော့ စာလာမသင်သေးဘူးလို့လည်း တစ်ခါတည်းပြောခဲ့ဖို့ပါ စိတ်ကူးရင်းဖြင့်....။


~~~~ 🍬 ~~~~


စာအုပ်လေးတွေပိုက်လျက် တစ်ဖက်ခြံသို့ကူးလာကာ ဖွင့်ထားပြီးသား တံခါးလေးကို အသာဟ၍ဝင်လာတော့ မေလေးနဲ့အန်ကယ်ကဧည့်ခန်းမှာထိုင်လျက်...။ကိုကို့ကိုတော့ မတွေ့မိသေးပေ။


""မေလေးနဲ့အန်ကယ် ညစာစားပြီးပြီလား""


""အင်း..စားပြီးပြီ

သမီးလေးရော""


""ဟုတ်...ဒါနဲ့ကိုကိုရော""


""သမီးအစ်ကိုက အပေါ်ထပ် သူ့အလုပ်ခန်းထဲမှာ

သမီးလေးကစာလာကျက်တာလား""


""မဟုတ်ဘူး...တွက်စာတစ်ပုဒ်မရလို့လာမေးတာ

အခုပဲပြန်မှာ""


""သြော်...အေး အေး

အပေါ်တက်သွား သမီး""


အပြုံးချိုချိုဖြင့် ခေါင်းလေးငြိမ့်ပြကာ အပေါ်ထပ်သို့ပြေးတက်သွားလေတဲ့ ကလေးမအား လှမ်းကြည့်နေရင်းမှ...


""ရှင်ရှင်လေးက သားနဲ့အတော်ရင်းနှီးနေတာပဲနော်""


""အမလေး...ကလေးကရိုးရိုးသားသား

ရှင့်သားကမရိုးတာ""


""ဟေ...ဟုတ်လား""


""ဟုတ်ပါ့...ကျမကသားကို ချစ်ကြိုးလေးနဲ့ရည်ရွယ်ထားတာ...ရှင့်သားကလက်မခံချင်ဘူး။ဒီကိစ္စကိုဘယ်လိုဆက်စီစဥ်ရမလဲတောင် မသိတော့ဘူး""


""ဘယ်သူပဲဖြစ်ဖြစ် သားစိတ်ချမ်းသာသလိုရွေးပါစေကွာ""


""သူက ရှင်ရှင့်ပညာရေးထိခိုက်မှာစိုးလို့အချိန်စောင့်ပေးနေတာတဲ့လေ""


""ကဲပါ...ကလေးတွေကိစ္စကိုပူမနေနဲ့

ဘုရားဝတ်ပြုချိန်ရောက်ပြီ...သွားမယ်..လာ""


သို့နှင့်စကားစပြတ်သွားခဲ့ရင်း လင်မယားနှစ်ယောက် ဘုရားခန်းဘက်ထွက်လာခဲ့လိုက်တော့သည်။ အိမ်ကို ရှင်ရှင် လာတာ၊ပြန်သွားတာက ဆန်းတဲ့ကိစ္စလည်းမဟုတ်တာမို့ ထူးခြားစွာဂရုမပြုမိတော့ပေ...။ခဏနေရင် ပြန်သွားလိမ့်မှာပေါ့လေ။


~~~~ 🍬 ~~~~


""ဒီနေရာမှာ equationမှားနေတာလေကွာ

နားလည်ပြီလား...ပြန်တွက်ကြည့်""


""ဟုတ်...""


""တခြားတွက်ထားတဲ့ပုစ္ဆာတွေပေး..

စစ်ကြည့်မယ်""


""ဒါနဲ့လေ...မမကပြောတယ်

ဆိုး ကိုကို့ဆီမှာစာသင်တာ မသင့်တော်ဘူးတဲ့

ဒါကြောင့် ဆိုးနောက်ရက်တွေ ဒီမှာစာလာမကျက်တော့ဘူးနော်""


ရုတ်တရက်ကြားလိုက်ရသော စကားလေးကြောင့် စာရွက်ပေါ်ရွေ့လျားနေသည့် လက်ချောင်းတို့ရပ်တန့်သွားရသလို မျက်လုံးတွေလည်း တည်ငြိမ်သွားခဲ့၏။ဒီတော့လည်း ဆိုးက မျက်နှာကိုအတင်းလိုက်ကြည့်ပြန်၍...


""ကိုကို...ဆိုးပြောတာ ကြားလား""


""အင်း...ရတယ်လေ

မလာချင်ရင် မလာနဲ့ပေါ့""


""ဟယ်...ကိုကိုစိတ်ဆိုးသွားတာလား""


သူပဲ ပြောချင်ရာပြောပြီးမှ စိတ်ဆိုးသွားမှာလည်း အဲ့လိုစိုးရိမ်တတ်ပါရဲ့။ စိတ်ဆိုးတာတော့မဟုတ်ပေမယ့် အခုလို နီးစပ်ခွင့်လေးတောင် ရုပ်သိမ်းတော့မည်ဆိုတာကြောင့် ရင်ထဲပူလောင်သွားရတာက ပိုပါသည်။ တပြိုင်နက်တည်းမှာပဲ အတွေးနဲ့ဆုံးဖြတ်ချက်တစ်ချို့ကလည်း တိကျစွာအဖြေထွက်ခဲ့လေပြီ။


""ဒီနေ့ အန်တီသက်ထားတို့ဘယ်သွားကြတာလဲ""


""Dinner partyလေ...မမလည်းပါသွားတယ်

ညတော်တော်နက်မှပြန်လာမယ်ထင်တယ်...ဘာလို့လဲဟင်""


""ဟင့်အင်း...ဘာမှမဖြစ်ပါဘူး

နောက်ရက်တွေမလာချင်ဘူးဆိုတော့ ဒီနေ့များများသင်ပေးလိုက်မယ်...အိမ်မှာတစ်ယောက်တည်းဆို ဂိမ်းဆော့နေမှာမလား...စိတ်မချဘူး...ဒီမှာနေ""


""9နာရီတောင်ထိုးတော့မယ် ကိုကိုကလည်း...""


""ဒါဆိုနောက်ရက်တွေမလာဘဲမနေရဘူး""


""ဟာ...ရစ်ပြီ""


""You can choice,baby!""


""အင်း...ဒီchapterပြီးအောင်တွက်ပေးမယ်""


""Ok!""


ပြောပြီးသည်နှင့် သူလည်းအခန်းထဲမှထွက်သွားလေ၏။ ခါတိုင်းဆို အပြင်ဘက်ဧည့်ခန်းမှာပဲ သင်နေကျပေမယ့် ဒီနေ့ကတော့ သူအလုပ်လုပ်တဲ့အခန်းမှာပဲ စာထိုင်ကြည့်ဖြစ်တော့သည်။အလုပ်လုပ်တဲ့ အခန်းသာဆိုတယ်...ကုတင်လည်းရှိတယ်ဆိုတော့ ဒီအခန်းမှာလည်း ကိုကို အနားယူရင်း အိပ်တဲ့ ပုံပါပဲ။ အခန်းကတော့ သန့်ရှင်းသပ်ရပ်နေတာမို့ ကြည့်လိုက်ရုံနဲ့ သူဘယ်လောက်စည်းကမ်းရှိရှိနေမှန်း သိသာစေပါ၏။ 


""အို...တော်ပါပြီ။

ဒါ မြန်မြန်ပြီးမှ ငါပြန်ပြီး ဂိမ်းဆော့ရမှာ""


အခန်းထဲ မျက်စိကစားကာ ဟိုဟိုသည်သည်လျှောက်ကြည့်နေရင်းမှ ခေါင်းလေးခါးရမ်းထုတ်ပစ်ကာ စာကိုသာအာရုံစိုက်ကြည့်နေစဥ်...


""ဆိုး...ကော်ဖီသောက်ရအောင်""


""အံမယ်...ဆရာက ဝန်ဆောင်မှုတွေကောင်းနေပြန်ပြီ...ကော်ဖီပဲလား...မုန့်ရော?""


""အိပ်ငိုက်မှာစိုးလို့ ကော်ဖီပဲတိုက်တာ

မုန့်မစားနဲ့တော့""


""ဟင့်!""


ကော်ဖီခွက်ကို ချက်ချင်းပဲကောက်ကိုင်ကာ နှာခေါင်းလေးတစ်ချက် ရှုံ့ပြသွားပြီးမှ ကော်ဖီကိုတစ်ငုံသောက်လိုက်လေ၏။အိပ်ငိုက်မှာစိုးလို့ ကော်ဖီသောက်ခိုင်းတယ်ပြောပေမယ့် တကယ်တမ်းတော့ အိပ်ငိုက်မှာစိုး၍လား၊အိပ်ပျော်သွားစေချင်၍လားဆိုတာ လင်းညတစ်ယောက်ပဲ သိနိုင်မည်လေ...။


ကော်ဖီလည်းကုန်သွားပြီး အချိန်အနည်းငယ်ကြာလာတော့ စကားတွေတတွတ်တွတ်ပြောနေသည့် ချာတိတ်မ တဖြေးဖြေးငြိမ်သက်လာကာ မျက်လုံးလေးတွေမှေးစင်းလာလေ၏။သို့ပေမယ့် စာပြီးရင်အိမ်ပြန်မယ်ဟူသော ရည်ရွယ်ချက်ဖြင့် လက်မလျှော့စတမ်း စာကိုတွက်နေဆဲ။ သူကလည်း မသိတာကိုရှင်းပြပေးရင်း တစ်ဖက်မှလည်းကိုယ့်အလုပ်ကိုယ်လုပ်ရင်းဖြင့် နောက်ထပ်မိနစ်အနည်းငယ်အကြာမှာတော့ စာရေးနေသည့်လက်လေးတွေရပ်တန့်သွားကာ ခေါင်းလေးက စားပွဲပေါ်မှောက်ကျလာတာမို့ သူ့လက်ဖဝါးတစ်ဖက်ဖြင့် လှမ်း၍ ခံထားပေးလိုက်တော့ လက်ပေါ်အပ်ကျလာသည့် မျက်နှာသေးသေးလေးက ချစ်စဖွယ်အတိ။


""ဆိုး!

ဆိုးလေး...""


ဆေးအရှိန်ဖြင့် စကားမေးတောင်မရစွာအိပ်ပျော်သွားပြီမို့ သူနေရာမှထ၍ ခန္ဓာကိုယ်သေးသေးလေးကို တယုတယပွေ့ချီရင်း ကုတင်ထက်တင်ပေးကာ စောင်လေးခြုံထားပေးလိုက်သည်။ညဘက်တွေဆို မေမေတို့ကအပေါ်တက်လာလေ့သိပ်မရှိတာမို့ ဒီလိုအခွင့်အရေးယူနိုင်တာပင်။ 


သူမကတော့ လောကကြီးကိုတောင် မေ့သွားသယောင်ဖြင့် အေးအေးဆေးဆေးကိုအိပ်ပျော်နေတော့ပါ။ ပိတ်ယှက်ထားသည့်မျက်တောင်လေးတွေ ကော့ညွတ်နေကာ နှုတ်ခမ်းဖူးဖူးလေးကလည်း ဘာဆေးသားမှ မကူသည့်တိုင် ပန်းသွေးရောင်သမ်းနေဆဲ။ ကိုယ့်မှာတော့ လက်ဖျားလေးနဲ့တောင်မထိရက်စွာ အနားမှာဒီအတိုင်းလေးထိုင်ကြည့်နေခါမှ အလိုက်မသိသော ရင်ခုန်သံတို့က အဆမတန်မြန်ဆန်လာကာ အသက်ရှူနှုန်းတွေတောင် မှားယွင်းလာသလိုလိုနှင့်မို့ စိတ်တွေလွတ်မထွက်အောင် မနည်းကိုထိန်းချုပ်ထားခဲ့ရ၏။


အခုချိန်မှာ သူမလေးက ကိုယ့်အပိုင်မှမဟုတ်သေးတာလေ။ မရိုးသားတဲ့နည်းနဲ့ ကိုယ့်လက်ထဲထည့်ထားပြီးတာကိုမှ ဒီထက်ပိုသည့် အခွင့်အရေးမျိုး မယူဝံ့သလို၊ ယူလည်းမယူရက်ပါ။ ဒီအတိုင်းလေးကြည့်နေရရင် လုံလောက်ပြီမဟုတ်လား။


တကယ်ကိုပဲ ဘေးနားလေးမှာထိုင်ရင်း ကလေးပေါက်စနရဲ့ အိပ်စက်ပုံအဆင့်ဆင့်ကို တစ်ညလုံးထိုင်ကြည့်နေမိတာ အချိန်ဘယ်လောက်ကြာတယ်မသိ။ နာရီတွေကတော့ တရွေ့ရွေ့ကုန်ဆုံးနေသည်မှာ မိုးတောင်လင်းတော့မည်။ 


ကောင်းသောညပါ baby! ကိုယ်နဲ့နီးခြင်း၊ဝေးခြင်းတွေဟာ မင်းအတွက်ဘာမှမဟုတ်ပေမယ့် ကိုယ်ကတော့ မတူဘူး ဆိုး...။ဒါကြောင့် မင်းရဲ့ဆုံးဖြတ်ချက်အတိုင်း မလိုက်လျောနိုင်တော့ဘူး ကလေးရယ်...။ကိုယ်တောင်းပန်ပါတယ်။


ပြီးတော့....သိပ်ချစ်တယ်။


~~~~ 🍬🍬🍬🍬 ~~~~


""သမီးရေ...အငယ်လေးကိုသွားနှိုးတော့လေ

ကျူရှင်သွားရဦးမယ်""


""ဟုတ် မေမေ""


ချစ်ကြိုး ထွက်သွားပြီးခဏကြာတော့ ရေးကြီးသုတ်ပျာဟန်ဖြင့်ပြန်ရောက်လာကာ...


""မေမေ...ရှင်ရှင်ကအခန်းထဲမှာမရှိဘူး""


""ဟမ်...မရှိလို့ဘယ်ရောက်သွားတာလဲ

စောစောထတတ်တဲ့ကလေးလည်းမဟုတ်ဘူး""


"".....""


""မနွယ်...မနွယ် ခဏလာဦး

သမီးငယ် ညကဘယ်သွားသေးလဲ""


""ရှင်...ဘယ်မှသွားတာမမြင်ပါဘူး

အပေါ်ထပ်ကနေဆင်းလာတာတောင် မမြင်မိလို့ နွယ်လည်းအပေါ်မှာပဲ စာလုပ်နေတယ်အမှတ်နဲ့အိပ်ပျော်သွားမိတာ...အခုဘာဖြစ်လို့လဲဟင်""


""ဘာဖြစ်ရမလဲ...ကလေးကအိမ်မှာမရှိဘူး

ပျောက်နေတယ်...""


""သမီး အပေါ်ထပ်မှာနှံ့အောင်ရှာပြီးပြီ မေမေ

ဘယ်အခန်းမှာမှမရှိဘူး...ဖုန်းကလည်းအခန်းထဲမှာပဲ""


""ဒါဆို ဝေးဝေးသွားတာတော့မဟုတ်လောက်ဘူး""


ခဏချင်းမှာပဲ အိမ်ထဲဆူညံသွားကာ အမေဖြစ်သူမှာလည်း စိုးရိမ်သောကနဲ့ ရင်တွေပူလာရ၏။ ညက ပါတီပွဲကနေအတော်လေးနောက်ကျမှပြန်ရောက်သည်နှင့် ရှင်ရှင်လည်းအိပ်ပျော်နေလောက်ပြီထင်ကာ သွားမကြည့်ဖြစ်တော့သည်က အမှားကြီးတစ်ခုပါပဲ။ ဘယ်လိုဖြစ်ရတာလဲ...သမီးကညဘက်အပြင်ထွက်တတ်တဲ့ကလေးလည်း မဟုတ်ပါဘဲ ဘယ်ကိုရောက်သွားရပါလိမ့်!


""မေမေ...မဟုတ်မှ

ရှင်ရှင် ဟိုဘက်ခြံကိုများ...""


ပြောသာပြောလိုက်ရပေမယ့် ကြိုးလည်းရင်တွေပူလာရပါပြီ။ ထင်သလိုများသာဖြစ်ခဲ့ရင်...


""လာခဲ့..သွားကြည့်ရအောင်""


တစ်ဖက်အိမ်ကိုထွက်ခဲ့ရာမှာ ချစ်ကြိုးအပါအဝင် ဖေဖေရော၊မေမေပါ စိုးရိမ်သောကကိုယ်စီနှင့်...။


""ဟင်! သက်နဲ့ကိုပြည့်စုံတို့ ဘာဖြစ်လာကြတာလဲ""


""ခင်...မနေ့ညကလေ ဒီကိုအိမ်ကအငယ်မ လာသေးလားဟင်""


""သြော်...လာတယ် သက်ရဲ့

သူ့အစ်ကိုကို စာလာမေးတာတဲ့...ခဏနေတော့ပြန်သွားပါတယ်။ဘာဖြစ်လို့လဲ""


""သမီးကို အိမ်မှာမတွေ့လို့ မနေ့ညကလည်း သူအခန်းထဲအိပ်နေပြီထင်ပြီး သွားမကြည့်ဖြစ်တာ၊အခုမနက်ကျ အိမ်မှာမတွေ့လို့""


""ဟယ်!...ဒုက္ခပါပဲ

ခင်တို့အိမ်ကနေတော့ ပြန်သွားပါတယ်

ဒီမှာလည်း သမီးလေးဖိနပ်ကမရှိ...

အဲ!...သားလည်းဒီမနက်အောက်ထပ်ဆင်းလာတာမမြင်သေးဘူးရော်""


တဖြေးဖြေးနဲ့လူကြီးတွေ မျက်လုံးကပြူးသထက်ပြူးကုန်ကာ သို့လော၊သို့လောတွေဖြစ်ကုန်ကြလေ၏။မနေ့ညက လာတာလည်းဟုတ်တယ်၊ ဖိနပ်မတွေ့တော့လို့ ပြန်သွားပြီထင်တာက ကိုယ့်အထင်သက်သက်...။ဒါဖြင့်....


""လာ...လာ ခင်တို့သွားကြည့်ရအောင်""


နှစ်ဖက်မိသားစုတွေအကုန်လုံး ဆူညံမှုကိုယ်စီဖြင့်လှေကားပေါ်တက်လာနေကြသည်ကို လင်းညကြားနေရပါ၏။ တကယ်ဆို ကလေးနိုးမလာခင် မြန်မြန်လာကြပါစေလို့ သူ့မှာဆုတောင်းနေရတာလေ။ ဒါမှအခြေအနေက ကွက်တိဖြစ်မှာ။ဆိုးသာ ကြိုပြီးနိုးလာရင် သူဖြစ်ချင်သလိုမဖြစ်ဘဲ အကွက်ချော်ရတော့မည် မဟုတ်လား။


အခုတော့ လူကြီးတွေလာနေကြပြီမို့ သူအခန်းတံခါးအနား အသာကပ်သွားကာ lockကိုပွင့်လွယ်အောင် ခပ်ဟဟစေ့ခဲ့ပြီးမှ ဆိုးရဲ့ဘေးနားလေးသို့ဝင်လှဲအိပ်နေလိုက်သည်။ မေမေတို့ကသူ့အခန်းကို အရင်သွားရှာနေမှာ အသေအချာမို့ ခဏကြာမှသူတို့ရှိရာအခန်းဆီရောက်မှာကိုလည်း သိပါ၏။


""အင်း..ဟင့်!...""


အနားမှာဝင်လှဲလိုက်ခါမှ ချာတိတ်မက ကိုယ်လေးတစ်ချက်လူးလွန့်လာကာ သူ့ဘက်သို့စောင်းလှည့်လာလေ၏။ ထို့နောက် လူကို ဖက်လုံးနဲ့များမှားသလားမသိ အတင်းကျုံးဖက်နေတာမို့ ကလေးပေါက်စရဲ့မျက်နှာကို ချစ်မဝစွာကြည့်လိုက်ရင်း ခေါင်းလေးကိုဖွဖွပွတ်ပေးကာ အလိုက်သင့်လေးပြန်၍ ပွေ့ဖက်ထားစဥ်...


""ဒေါက်...ဒေါက်""


""သား အထဲမှာရှိလား

သားရေ...""


""ဟင်...တံခါးကပွင့်နေတယ်""


ထိလိုက်သည်နှင့် ပွင့်ယောင်ယောင်ဖြစ်သွားတာမို့ အသာလေးတွန်းဖွင့်ကြည့်လိုက်စဥ် အတွင်း၌မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံးအံ့အားသင့်သွားခဲ့ရသည့်အဖြစ်ပါပင်။ ဟိုဘက်အိမ်ကပျောက်နေသည့် ကလေးက လင်းညရိပ်ရဲ့ရင်ခွင်ထဲရှိနေသလို နှစ်ယောက်သားကလည်း ဖက်လျက်အနေအထားနှင့် အိပ်ပျော်နေလေတော့...


""အို...မြတ်စွာဘုရား!""


""သမီးငယ်""


""သား!!""


(မခေါ်ကြနဲ့...အိပ်ချင်ယောင်ဆောင်နေတယ်😅)


~~~~ 🍬🍬🍬🍬 ~~~~


အခန်း [ ၁၃ ]ဆက်ရန်


Readers/WritersလေးတွေအားလုံးကVIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: