🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၁၁ ] ♡ ••••••••••••
သားဆီက ထိုစကားကြားရတော့ ဒေါ်ခင်လေးမွန်လည်း အံ့သြမနေခဲ့ပါ။ ဒီလောက်မြန်မြန်ကြီးပြောထွက်လာမယ်မထင်ခဲ့၍သာ မျက်ခုံးတစ်ချက်ပင့်မိရ၏။ သားရဲ့အပြုအမူတွေ၊အပြောအဆိုတွေဟာ ဘယ်သူ့အပေါ်သာနေမှန်း အမေကမရိပ်မိပဲရှိပါ့မလား။ ညနေကလိုကိစ္စမျိုးပဲကြည့်...လုံးဝကိုအပြောမခံ၊အထိမခံ ကာကွယ်နေလိုက်တာများ လူကြီးတွေကိုတောင် မျက်စိထဲမမြင်တော့သလိုပင်။
ရှင်ရှင်လေးကို မချစ်လို့မဟုတ်ပေမယ့် သားအတွက်တော့ ချစ်ကြိုးကသာပိုပြီးသင့်တော်သည်မဟုတ်လား။ စိတ်ထင်ရာလုပ်ပြီး ဆိုးချင်တိုင်းဆိုးနေတဲ့ ရှင်ရှင်ဟာ မိသားစုအတွက်၊အားလုံးအတွက် ချစ်ဖို့ကောင်းတဲ့သမီးလေးဖြစ်ပေမယ့် တခြားမိသားစုအတွက်တော့ တာဝန်ကျေပွန်တဲ့ချွေးမတစ်ယောက်ဖြစ်လာဖို့ဆိုတာ မလွယ်ကူဘူးလေ။ကြိုးလို အစစအရာရာပြည့်စုံတဲ့သူရှိနေပါလျက် သားက ဘာကြောင့်များ ထိုကလေးကိုမှသွားပြီး ငြိတွယ်ရပါလိမ့်နော်။
ကိုယ်ကသာ အတွေးတွေများသွားရသလောက် သားကတော့ ခပ်တည်တည်ဖြင့်ငြိမ်နေကာ သူ့နှုတ်ထွက်စကားအတွက် လုံးဝကိုသေချာနေသည့်ပုံစံနှင့်မို့ သက်ပြင်းလေးဖွဖွချလိုက်ရင်းမှ...
""အင်း...မေမေရိပ်မိပါတယ်
ဒါပေမဲ့ အဲ့ဒါကမဖြစ်နိုင်ဘူး သား
ရှင်ရှင်လေးကသိပ်ငယ်သေးတယ်...ပြီးတော့သားလည်းသိတဲ့အတိုင်း သူ့စိတ်က ကလေးသာသာရယ်...ဘယ်လိုလုပ်ဒါတွေစိတ်ဝင်စားမှာလဲ""
""ဒါဆိုလည်း သူစိတ်ဝင်စားတဲ့အချိန်အထိကျွန်တော်စောင့်ပေးမယ်""
""မေမေလည်း သူ့ကိုသမီးအရင်းလေးလိုချစ်ပါတယ်။ဒါပေမဲ့ သားရဲ့ဇနီး၊မေမေ့ချွေးမအဖြစ်တော့ တစ်ခါမှမမြင်ကြည့်ခဲ့ဖူးဘူး။ သားလည်းအဲ့ဒီ့ကလေးကိုသွားပြီးစိတ်ဝင်စားလိမ့်မယ်မထင်ခဲ့ဘူး""
""အခုကစပြီး အဲ့လိုပဲမြင်ကြည့်ပေးပါ မေမေ
ကျွန်တော့်ဇနီးက ကျိန်းသေ ဆိုးပဲဖြစ်လာမှာမို့""
""သားဘက်ကအဲ့လောက်သေချာနေတာ
သူနဲ့ကဘယ်လိုအခြေအနေမို့လို့လဲ...မေမေမြင်သလောက်တော့ သူကသားအပေါ်အကိုတစ်ယောက်လိုပဲ ရင်းနှီးပြောဆိုနေတာ""
""ကျွန်တော်ဖွင့်မပြောရသေးတာပါ
သူ့အတွက် အရေးကြီးတဲ့အချိန်မို့ အနှောင့်အယှက်မပေးချင်လို့...ပြောခဲ့လို့သူငြင်းရင်လည်း ကျွန်တော့်ဘက်က နောက်ဆုတ်ဖို့မရှိဘူး""
""မေမေကတော့ စိတ်မအေးဘူး သားရယ်
ရှင်ရှင်က ကြိုးလေးနဲ့မတူဘူး... သိပ်ကလေးဆန်တယ်။သားအတွက် ဇနီးကောင်းတစ်ယောက်ဖြစ်လာဖို့ဆိုတာ...""
""ကလေးကို တခြားသူနဲ့မနှိုင်းယှဥ်ပါနဲ့ မေမေ။လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိပြီးသားပါ။ အချစ်ခံရဖို့အရည်အချင်းကို ချစ်ပေးတဲ့သူကပဲသတ်မှတ်တာမို့ ဆိုးရဲ့တန်ဖိုးကို ကျွန်တော်မြင်ရင်ရပါပြီ""
ကိုယ်မွေးထားတဲ့သားဆိုပေမယ့် အဲ့လိုဇွတ်တရွတ် တယူသန်လာရင် ဘယ်သူမှပြိုင်မငြင်းနိုင်အောင်ပါပင်။ လောလောဆယ်ဆက်ပြောနေလည်း မထူးမှာမို့ စကားရပ်ပြီးတော့သာ အခန်းဆီပြန်ခဲ့ရတော့၏။ ဒီကိစ္စ သက်တို့ကိုဘယ်လိုပြောရပါ့မလဲ?မဖြစ်သေးဘူး...သားစိတ်ပြောင်းအောင် နည်းနည်းတော့ ထပ်ကြိုးစားကြည့်ရမှာပါပဲ။
~~~~ 🍬🍬🍬🍬 ~~~~
""ဟယ်...မမတကယ်ပြောတာလား""
""အင်း...ဒါပေမဲ့မသေချာသေးပါဘူး
လူကြီးတွေဆန္ဒရှိတာကိုပြောရုံပဲ...သူက...""
""အမလေး! မမရယ်...စိုးရိမ်မကင်းမျက်နှာကြီးနဲ့ဘာဖြစ်နေတာလဲ...မမကိုဘယ်သူကငြင်းရဲလဲပြော...ရှင်ရှင်နဲ့တွေ့သွားမယ်...ဟွန်း""
ကြိုး ထင်မှတ်မထားလောက်အောင်ပင် ညနဲ့ကိစ္စကိုပြောပြတော့ ရှင်ရှင်ကလက်ခုပ်လက်ဝါးတီးကာပျော်နေလေရဲ့။ ဒီလိုဆိုတော့ ဘာမှတောင်ပြောဖို့မလိုတော့တဲ့ သဘောလား။ရှင်ရှင်ကတကယ် ညကိုလုံးဝစိတ်မဝင်စားဘူးပဲ။
""ဒီလောက်ကောင်းတဲ့ကိစ္စကို စောစောလည်းမပြောပြကြဘူး""
""မသေချာသေးလို့ပါ ညီမလေးရယ်
သူတောင်သိသေးရဲ့လားပဲ""
""သိပြီလားလို့ မေးကြည့်လိုက်မယ်လေ
ဘယ်တော့ပွဲတက်ရမလဲ ရှင်ရှင်သိချင်နေပြီ..ဟီး ဟီး!""
""မလုပ်နဲ့လေ...ညီမလေးရဲ့
မမတို့ဘက်ကမိန်းကလေး...အဲ့လိုမမေးရဘူးလေ""
ဖုန်းနံပါတ်တွေကို နှိပ်နေသောလက်အားအတင်းဖမ်းဆွဲထားလေတော့ ရှင်ရှင်လည်းငြိမ်နေလိုက်ရသည်။ဟုတ်သားပဲ...ကိုယ့်အစ်မကမိန်းကလေးလေ။ဒီလိုစဆက်တာ သိက္ခာကျတာပေါ့။ဘာပဲဖြစ်ဖြစ် ကိုကိုနဲ့မမလက်ထပ်တော့မယ်ဆိုတော့ တကယ်အမျိုးတွေတော်ရမှာပဲ။ ကောင်းလိုက်တာ...အခုဘာမှမတော်ဘဲနဲ့တောင် အလိုလိုက်တဲ့ကိုကို။ ငါ့အစ်မကိုယူပြီးရင်တော့...ပိုပြီးကိုဆိုးပစ်ရမယ် ဟင်း ဟင်း!!
ခေါင်းလေးတဆတ်ဆတ်ငြိမ့်ကာ အတွေးဆိုးတွေထုတ်နေရင်းမှ ကျေနပ်စွာပြုံးလိုက်မိ၏။ ကိုကိုနဲ့ပတ်သက်ရင် ရှင်ရှင့်အတွေးထဲရှိတဲ့ တစ်ခုတည်းသောအရာက အလိုလိုက်တတ်လွန်းတဲ့သူ့အပေါ် ဘယ်လိုဆိုးရမလဲ ဆိုတာတွေချည်းပင်။
ဟုတ်တယ်...။မမ မကလို့ဘယ်သူနဲ့ပဲယူယူ ဆိုးကတော့ ကိုကို့အပေါ်တသက်လုံးအနိုင်ကျင့်နေမှာပဲ။
~~~~ 🍬 ~~~~
""ဒေါက်...ဒေါက်""
""မမ...ဧည့်သည်ရောက်နေပါတယ်""
""ဟမ်...ဒီနေ့ချိန်းထားတဲ့pointမကျန်တော့ဘူးမဟုတ်လား""
""ဟုတ်ကဲ့...အခုလာတာ Moonlightက CEOလင်းညရိပ်ပါ""
ရောက်လာတာ လင်းညဆိုသည်နှင့် ကြိုး ခြေဖျား၊လက်ဖျားတွေတောင် အေးစက်လာရသည်။အိမ်ရောက်မှ ပြောလည်းရပါလျက် companyအထိရောက်လာတာက အနည်းငယ်တော့ထူးဆန်းနေပြီ။သူ ဘာများပြောချင်တာလဲ? မဟုတ်မှလွဲရော...ဟိုကိစ္စကိုများ...
""ဖျောက်!""
အတွေးစတို့မဆုံးသေးခင်မှာပင် အခန်းထဲရောက်လာခဲ့သော လင်းညက လက်ဖျောက်တစ်ချက်တီးကာ အသိပေးလိုက်မှ ကြိုးလည်းယောင်နနဖြင့်ပြန်မော့ကြည့်မိ၏။
""ည...နင် ဒီအထိလာတာအရေးကြီးကိစ္စရှိလို့လား""
""အရေးတော့မကြီးပါဘူး...ဒါပေမဲ့နင်နဲ့နှစ်ယောက်တည်းပဲပြောချင်လို့""
""အင်း ပြောလေ
ငါ နားထောင်နေတယ်""
""ငါတို့ တခြားတနေရာသွားမလား
ဒီမှာပဲပြောမလား""
""ရတယ် ဒီမှာပဲပြောလေ""
""နင်နဲ့ငါ့ကို လူကြီးတွေကသဘောတူနေတယ်ဆိုတာ...သိထားလား?""
တကယ်ပဲ ထင်နေသည့်အကြောင်းကိုထုတ်ပြောလာပြီမို့ ကြိုးရင်တွေတဒိတ်ဒိတ်ဖြစ်လာရသော်လည်း အတတ်နိုင်ဆုံးတော့ တညိငြိမ်အောင်ကြိုးစား၍ ခေါင်းကိုငြိမ့်ပြလိုက်မိသည်။သူ့ပုံစံကြည့်ရတာလည်း တကယ်ကိုခန့်မှန်းရခက်လိုက်တာ။သူ...သူဘာများပြောလာမှာပါလိမ့်။
""ငါပြောချင်တာက ဒီကိစ္စနဲ့ပတ်သက်ပြီးနင်လည်း အရမ်းအာရုံမထားပါနဲ့...ငါတို့က မိဘသဘောတူစီစဥ်တယ်ဆိုတိုင်း အင်း၊အမ်းလုပ် ခေါင်းငြိမ့်ရမယ့်အရွယ်လည်းမဟုတ်တော့ဘူးလေ...သူတို့ကလည်း အတင်းအကျပ်သဘောမျိုးနဲ့တိုက်တွန်းတာ မဟုတ်လို့ အရမ်းစဥ်းစားစရာမလိုဘူး""
""အင်း...ဒါတော့ဟုတ်ပါတယ်
ဒါဆို နင်က ခေါင်းမငြိမ့်ဘူးဆိုတဲ့သဘောပေါ့""
""ငါထင်တာတော့ နင်လည်းအတူတူပဲမဟုတ်လား""
အတူတူပဲမဟုတ်လားတဲ့! ဘယ်လိုများမေးလိုက်ပါလိမ့်ကွယ်။ ကြိုးကသူ့အပေါ်ဘယ်လိုမှသဘောမထားဘူးလို့ သူထင်နေသည်ပဲ။ရပါပြီ...ဒီလောက်ဆိုသိလိုက်ပြီ။သူ ဒီကိစ္စကိုလက်ခံဖို့ဆန္ဒလုံးဝမရှိဘူးပဲ။
""ငါကတော့ ဘာမှသိပ်ပြီးထူးထူးခြားခြားမရှိပါဘူး""
""အင်း ငါရောပဲ""
ပေါ့ပေါ့ပါးပါးသာပြောနေသည့် သူ့စကားအောက် နှလုံးသားတစ်ခုလုံးကျွမ်းမြေ့ရသလိုပါ။ ကိုယ်ဘယ်လိုပင်ချစ်နေနေ သူကတော့နည်းနည်းလေးမှတောင် စိတ်ဝင်တစားမရှိလေတော့ ဘာစကားတွေများဆက်ပြောရမည်နည်း။ ငါကလက်ခံပြီးပါပြီ။ နင်လည်းလက်ခံပေးပါလို့ အတင်းအကျပ်တောင်းဆိုဖို့ရန်ကလည်း မိန်းကလေးမာနကြောင့်မဝံ့ရဲခဲ့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို ကြိုးဘက်ကငြင်းလိုက်မှာမဟုတ်သလို သူ့ကိုစိတ်ဝင်စားမှုမရှိတဲ့ ရှင်ရှင့်အတွက်လည်း အနည်းငယ်တော့စိတ်ချရပါသေး၏။ မိဘတွေသဘောက ဒီထက်ပိုပြီးတင်းကျပ်လာရင်ရော သူဘာလုပ်မှာလဲ?
ဟင့်အင်း...လွယ်လွယ်နဲ့တော့မပြီးသေးဘူး လင်းည။ ပြတ်သားတဲ့အခြေအနေတစ်ခုမရောက်မချင်း ငါ့မှာလည်း အခွင့်အရေးရှိတယ်။ ငါ့ကိုတခြားသူနဲ့ယှဥ်ရွေးနေတဲ့သူဟာ နင်ဖြစ်နေလို့သာ ငါသည်းခံပေးနေတာ...။
အထူးသဖြင့် ချစ်သည်းရှင်လို နုံချာတဲ့လူမျိုးနဲ့ယှဥ်ရွေးခံရတာ ပိုပြီးအသည်းနာတယ်။ငါ ဘယ်တုန်းကမှ ရှင်ရှင့်ကိုမမုန်းခဲ့ဖူးဘူး။ဒါပေမယ့် အခုနင့်ကြောင့်...သူ့ကိုမှချစ်တဲ့နင့်ကြောင့် ငါ သူ့ကိုမုန်းချင်နေမိပြီ...သိရဲ့လား။ နင့်ကိုသာ သူလုယူသွားခဲ့ရင်တော့ သေချာတယ်...။ငါ တကယ် သူ့ကိုမုန်းမိတော့မှာ...။
~~~~ 🍬🍬🍬🍬 ~~~~
""ဟဲ့..ဟဲ့..ဟိုမှာ နင့်ဘေးအိမ်ကလူကြီးလာကြိုတယ်""
""ဟယ်...ကိုကို!""
ဒီနေ့တော့ ဘယ်လိုဖြစ်တယ်မသိ။လူကိုမြင်သည်နှင့် ပြုံးရယ်ကာ လက်လေးတပြပြဖြင့်ပြေးလာလေ၏။
""ကိုကို ဒီနေ့လာမယ်လည်းမပြောဘူး""
""အင်း ဒီနေ့ကလမ်းကြုံလို့ပါ
အရှုပ်ထုပ်လေးကျူရှင်ဆင်းချိန်နဲ့လည်းတိုက်ဆိုင်လို့""
""ဟင်း...ပြုံးတောင်မပြချင်တော့ဘူး""
""ဟဲ့...မမတို့ ငါသွားပြီနော်
ဒါနဲ့ မင်းမိန့်ရောပြန်သွားပြီလား""
""အေး..ပြန်သွားပြီနဲ့တူတယ်""
""မပြန်ရင်ဘာလုပ်မလို့လဲ""
""အမေ့!""
ကိုယ့်ဘာသာသူငယ်ချင်းတွေနဲ့ ပြောရင်းမှ အနားကပ်ကာ လာပြောသံကြောင့်လန့်တောင်သွားရပါသည်။သူ့မျက်နှာကြီးကလည်း တည်သွားပြန်သည်မို့...
""စာ...စာအုပ်ငှားမယ်ဆိုလို့ပါ ကိုကိုရဲ့
ဘာလို့လဲဟင်""
""စာအုပ်ကစာကျက်ဖို့လေ
သူများကိုငှားဖို့မှမဟုတ်တာ...ကိုကိုမကြိုက်ဘူး""
""အမ်!...အဟမ်း...ဟုတ်သားပဲ
နင်ကလည်း စာမေးပွဲကနီးနေပြီ လျှောက်ငှားမနေနဲ့...ဟင်း...ဟင်း...အဟိ!""
ကြည့်စမ်း! အလကားနေအာဏာလာပြနေတာနဲ့ပဲ သူငယ်ချင်းတွေကတောင် ဝိုင်းစကုန်လေပြီမို့ ရှင်ရှင်သူ့ကို မကျေမချမ်းဖြင့်လှည့်ကြည့်လိုက်ရင်း ကားပေါ်ပဲတက်ထိုင်လိုက်တော့သည်။ သူလည်းတစ်ဖက်မှဝင်ထိုင်ကာ ပါးလေးကိုဖွဖွလာဆွဲနေပြန်ရင်းမှ...
""ကလေး...ကိုကိုတို့မုန့်သွားစားကြမလား""
""မသိဘူး""
""ဟုတ်ပြီ...ရေခဲမုန့်သွားစားကြမယ်
Vanilla flavourလေ...ဆိုးကြိုက်တယ်မဟုတ်လား""
""ဟင်...ကိုကိုဘယ်လိုသိတာ?""
""အင်း...ဘယ်သူလဲ မသိဘူး
Vanilla ice-creamကိုတစ်ခါတည်းနဲ့ ၇ဗူးကုန်အောင်စားနိုင်ကြောင်း ပို့စ်တင်ထားတာ...20.5.20တုန်းက""
""ကိုကို...ဆိုးအကောင့်ထဲမှာဝင်မွှေတာလား?
ဘေးအိမ်ကဦးလေးကြီး အရမ်းအားနေတယ်ပေါ့ဟုတ်လား...unပစ်လိုက်ရ၊blockပစ်လိုက်ရ""
""ဒါဆို မစားဘူးပေါ့""
""စားမယ်""
ဟော! အခုတော့လည်း စိတ်ဆိုးပြေသွားရပြန်လေပြီ။ကလေးဆန်တဲ့မိန်းကလေးတွေဆို စိတ်ကုန်လွန်းလှသည့်လင်းညကတော့ ကိုယ့်typeနဲ့ဆန့်ကျင်ဘက်ဖြစ်သူ ဒီအဆိုးလေးကြောင့် လူကြားထဲလည်းငြင်းခုန်ရ၊ နေရင်းထိုင်ရင်းရယ်မိရနဲ့ အမျိုးမျိုးကိုဖြစ်နေတော့တာပါပဲ။ `ကလေး´ဆိုသည့်နာမ်စားကိုလည်း နှုတ်မှမချစတမ်းတဖွဖွခေါ်မိရင်း ကလေးစိတ်ကောက်တိုင်းလည်း ပျာပျာသလဲချော့ရပြန်သည်။ အများရဲ့ အဆိုအရတော့ ကလေးကို မုန့်ပေးကြိုက်ရတဲ့ အဖြစ်ရယ်ပေါ့။
""Wow! အရမ်းကောင်းတယ်
ကိုကိုမစားဘူးလား...စားကြည့်!""
""ဟင့်အင်း...ကိုကိုမစားချင်ဘူး""
""ကိုကိုကလိုက်လာပြီး ဒီအတိုင်းကြည့်နေတော့စိတ်တောင်မကောင်းဘူး...""
""မြန်မြန်စား
အိမ်ရောက်ရင် စာကျက်ရဦးမယ်""
""ဟုတ်ကဲ့
ဒါပေမဲ့ မပြီးသေးဘူး...နောက်ထပ်နှစ်ခွက်လောက်စားနိုင်သေးတယ်...ဒီလိုကောင်းတာလေးတွေစားနေရရင်သိပ်ပျော်တာပဲ...ဆိုး ပိုက်ဆံမကုန်ဘဲ တစ်သက်လုံးအလကား ဝယ်ကျွေးမယ့်သူရှိရင်ကောင်းမယ်""
""ဒါဆိုလည်း လူကိုလက်ထပ်လိုက်ပေါ့""
နှုတ်ခမ်းထောင့်လေး၌ ice-creamပေနေ၍လားမသိ...ရှေ့သို့တိုးကပ်လျက် လက်လှမ်းလာကာ နှုတ်ခမ်းလေးပေါ်သို့ ညင်သာစွာသုတ်ပေးရင်းမှ ပြောလာသည့်ထိုစကား...။ရေခဲမုန့်ကို တစ်သက်လုံး အလကားစားရဖို့အရေး လက်ထပ်ရမယ်ဆိုတာကြောင့် နားမလည်နိုင်ဖြစ်သွားရကာ သူ့ကိုလှမ်းကြည့်တော့ ခပ်ပြုံးပြုံးဖြင့်သာပြန်ကြည့်နေလေ၏။
""ဟမ်!...လက်ထပ်ရမယ် ဘယ်သူနဲ့လဲ""
""ကိုကိုနဲ့လေ""
""ရူးနေလား...၁၀ခါပြန်လာပေးရင်တောင် ပြန်အမ်းလိုက်ဦးမှာ""
""ဆိုး ဒါတော့မင်းလွန်သွားပြီနော်
ကိုယ့်လို အရမ်းချော၊အရမ်းတော်တဲ့ခင်ပွန်းမျိုးရတာ မင်းအတွက်ဘာနစ်နာစရာရှိလို့လဲ""
""အမလေး...နစ်နာတာပေါ့။အစစအရာရာနစ်နာတယ်။ဆိုးက ငယ်ငယ်လေးပဲရှိသေးတာ...ပြီးတော့ ဆိုး ကိုကို့ကိုမချစ်ဘူး။ဒီအတိုင်းအလိုလိုက်လို့သဘောကျရုံပဲ""
ကဲ! လင်းညတို့ရဲ့အဖြစ်ကတော့ ဖြတ်ကူးဖို့မကြိုးစားရသေးခင် မီးနီပြခံထိလေပြီ။ ထိုစကားကို သူမကတော့ လွယ်လင့်တကူသာပြောလာခဲ့ပေမယ့် တကယ်တမ်းအပြောခံရသူမှာတော့ ရင်ဘတ်ထဲအောင့်သက်သွားရပါ၏။ ဒီလိုအငြင်းခံရမှာသိနေလို့ပဲ ကိုယ့်မှာပြောထွက်ဖို့မဝံ့ရဲရသည့်အထဲ အခုတော့ အတိအလင်းကိုပြောချသွားလေတဲ့ ဤချာတိတ်မရဲ့ မသိတတ်မှုက တဆိတ်တော့ လွန်ချေပြီလေ။
ကလေးရယ်...မင်းအတွက်ဆို အရာရာအသင့်ရှိပေးတဲ့ကိုယ့်ကို မင်းစိတ်ထဲနည်းနည်းလေးတောင်မရှိဘူးပဲနော်။ မောင်နှမလိုရင်းနှီးခဲ့တယ်ဆိုတိုင်း တသက်လုံး ဒီလိုပဲနေသွားဖို့ဆိုတာ မဖြစ်မနေမလိုဘူးလေကွာ...။အစ်ကိုတစ်ယောက်လိုထက်ပိုပြီး နည်းနည်းလေး တွေးပါတော့လား။
""ပြီးတော့ ကိုကိုနဲ့မမကို လူကြီးတွေကသဘောတူလိုက်ပြီဆို...ဒီတော့ဆိုးတို့က တကယ်ဆွေမျိုးတွေတော်ရတော့မှာ""
""ဟင်!...ဆိုး အဲ့ဒီကိစ္စကိုသိတယ်လား""
""မသိဘဲနေမလား...ဆိုးကအရူးမှမဟုတ်တာ
ကြည့်ရသလောက် မမနဲ့ကိုကိုကလိုက်ဖက်ပါတယ်။ဆိုးကလေ မမကိုဘယ်သူနဲ့မှသဘောတူတာမဟုတ်ဘူး...ကိုကိုမို့လို့မနှောင့်ယှက်တော့တာ""
ဒီစကားကတော့ သူ့ကိုပိုလို့ပင်ကြေကွဲသွားစေပါသည်။ ကိုကိုမို့မနှောင့်ယှက်တာတဲ့လား။ဒါဖြင့် သူမလေးသဘောက သူ့အစ်မနဲ့ကိုယ့်ကို...
""မဟုတ်ဘူး ဆိုး
အဲ့ကိစ္စက လူကြီးတွေသဘောတူရုံပဲ
ကိုကိုတို့လက်မခံရင်ဖြစ်တယ်""
""ဟယ်...လက်ခံလိုက်လေ ကိုကိုရဲ့
ဆိုးရဲ့မမကအဖိုးတန်လေးနော်...မြင်ခဲ့ရသမျှမှာလေ မမကိုသဘောကျတဲ့သတို့သားလောင်းတွေချည်းပဲ...မမကငြင်းနေခဲ့လို့၊ပြီးတော့ ဆိုးရဲ့လက်စလက်နတွေကြောင့်လန့်ပြေးကုန်တာတွေရောပေါ့...ကိုကိုနဲ့သာဆို...""
""ခဏလေး...ကိုကိုပြောတာနားထောင်ဦး""
ဘာတွေဆက်ပြောမယ်မှန်းသိနေ၍ နားမထောင်တော့ဘဲ ဟန့်တားလိုက်တော့ `ပြော´ဟူသည့်သဘောဖြင့် မေးလေးဆတ်ပြလေ၏။
""ကိုယ်တို့က အရွယ်ရောက်ပြီးသားလူတွေလေ
မိဘသဘောကျစီစဥ်တဲ့အိမ်ထောင်ရေးအပေါ်မှာ အတင်းခေါင်းငြိမ့်ရမယ့်အရွယ်မဟုတ်တော့ဘူး...ဆိုးရဲ့မမလည်းဒီအတိုင်းပဲ""
""ဒါပေမဲ့...""
""ကိုကိုနဲ့ကြိုး စကားပြောပြီးပြီ
မိဘတွေကလည်းအတင်းအကျပ်ပြောနေတာမဟုတ်သလို ကိုကိုကလည်း ကိုယ့်ဖူးစာဖက်ကို ကိုယ်တိုင်ရှာဖွေနိုင်တယ်၊လက်ထပ်နိုင်တယ်...အောင်သွယ်မလိုဘူး""
မျက်လုံးချင်းဆုံအောင်ကြည့်လျက် တလေးတနက်ပြောလာပုံကြောင့် ရှင်ရှင့်မှာ မျက်လုံးအဝိုင်းသားဖြင့်ငြိမ်သက်သွားရသည်။ ကိုကိုဆိုလိုတာက မမကိုသူ မချစ်ဘူးဆိုတဲ့သဘောလား? ဟင့်အင်း...မဖြစ်နိုင်တာ...မမကဒီလောက်လှပြီးတော်တာကို ဘယ်လိုယောကျ်ားမျိုးက ငြင်းမှာလဲ?ပြီးတော့ သူတို့က ငယ်သံယောဇဥ်လည်းရှိနေတဲ့ဟာ...။
""ပြောရရင် ကိုကိုတို့ကလိုက်ဖက်ပါတယ်
သက်တူရွယ်တူ ငယ်သူငယ်ချင်းလည်းဖြစ်၊ကိုယ်ပိုင်အလုပ်ကိုယ်စီနဲ့...ဆိုးကတော့လေ အဲ့လိုစုံတွဲလေးတွေကိုသဘောကျတယ်""
""ကလေးက ဘယ်လိုလူမျိုးကိုလက်တွဲဖော်အဖြစ်ရွေးဖို့စဥ်းစားထားလဲ ကိုကို့ကိုပြောပြပါလား""
""ဆိုးမှာ အနာဂါတ်အတွက်ရွေးထားတဲ့ကောင်လေးရှိပြီးသား ကိုကိုရဲ့""
""ဟင်...ဟုတ်လား။
အဲ့ဒါဘယ်သူလဲ""
""မင်းမိန့်ပိုင်ရှင်လေ...သူက ဆိုးကို အရမ်းအလျှော့ပေးလို့တမင်အနိုင်ယူပေမယ့် စာမေးပွဲအောင်ပြီးရင်boy friendထားတဲ့အခါ သူ့ကိုအဖြေပေးဖို့စဥ်းစားထားတယ်...ဆိုးတို့ကငယ်သူငယ်ချင်းတွေလေ...သူကဆိုးအပေါ်အရမ်းအနွံတာခံပြီး ချစ်လည်းချစ်တယ်...အဟင်း ကိုကို့မို့ပြောပြတာနော်...မမတောင်မသိသေးဘူး""
""သြော်...အင်း
ကျေးဇူးပဲ...သိခွင့်ပေးလို့""
ပြန်ဖြေလိုက်သည့်စကားသံမှာ အသက်မပါတော့သလို နှလုံးသွေးတွေပင် ပြောင်းပြန်စီးကုန်ပြီထင်ရ၏။ ကိုယ့်အချစ်ကိုတော့ မြင်အောင်မကြည့်နိုင်ဘဲ တစ်ပါးသူရဲ့အချစ်ကိုတော့ယုံကြည်ပေးနေလိုက်တာ...စဥ်းစားပေးနေလိုက်တာ။တနေ့ကျရင် အဖြေပေးဖို့တောင် ရည်ရွယ်ထားတယ်ဆိုပဲ။ဒါကြောင့်လည်း ဟိုအရင်က သူနဲ့အမျိုးတော်ခိုင်းသည့်စကားမျိုးကို အလွယ်တကူပြောထွက်လာတာကိုး...။
မင်းမှားသွားပြီ ကလေး။ ကိုယ်ကမင်းရဲ့ယုံကြည်မှုနဲ့ မထိုက်တန်ဘူးလို့ပဲသတ်မှတ်ချင်ရင် ခွင့်ပြုတယ်။ဒီစကား ကိုယ့်ကိုဖွင့်ဟလိုက်တဲ့အတွက် မင်းအပေါ်သက်ညှာနေတဲ့ ကိုယ့်အတွေးတွေအားလုံး ပယ်ဖျက်လိုက်ပြီ။
မင်းလို တွေးချင်ရာတွေး၊ထင်ချင်ရာထင်နေတဲ့ ကလေးဆိုးလေးဟာ လွတ်လပ်ခွင့်ပေးထားဖို့ မသင့်တော်တော့ဘူးပဲ။ စိတ်မချခြင်းဥပဒေသနဲ့ မူပိုင်ခွင့်တံဆိပ်ကပ်ပြီး ကိုယ့်ရင်ခွင်ထဲမှာ ထာဝရထည့်သိမ်းထားမှဖြစ်တော့မယ်...။
ကိုယ့်ကိုမချစ်ဘူးတဲ့လား...
ရတယ်...။အဲ့ဒီ့စကားလေးရဲ့အဓိပ္ပာယ်မှာ အငြင်းဝါကျပျောက်သွားစေဖို့ ကိုယ်ကတစ်သက်စာတာဝန်ယူလိုက်မယ်...။
မင်း ကိုယ့်ဆီ လာခဲ့တော့ ကလေးငယ်။
~~~~ 🍬🍬🍬🍬 ~~~~
အခန်း - [ ၁၂ ]ဆက်ရန်
Readers/WritersလေးတွေအားလုံးကVIPပါ
Writer-WineSatt Cho(🍋Lëmoñ🍋)