book

Index 10

အခန်း [ ၁၀ ]

  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama, Fantasy

🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬

                          { My Queen , My Angel }


•••••••••••• ♡ အခန်း [ ၁၀ ] ♡ ••••••••••••


""ကဲ! ပြောပါဦး...နင့်ရဲ့အသစ်စက်စက် guideဆရာအကြောင်း""


နေရာမှာ ဝင်ထိုင်သည်နှင့် စမေးလာသောစကားကြောင့် ရှင်ရှင် နှာခေါင်းလေးရှုံ့ပြကာ မုန့်စားဖို့ပဲပြင်လိုက်တော့၏။ ဒီအကြောင်းပြောရရင်လည်း တကယ်စိတ်ညစ်ပါသည်။ ဒီလောက်ကျူရှင်ချိန်မအားမလပ်နဲ့ guideဆရာမအချိန်လည်းရှိပါတယ်ဆိုမှ ဇွတ်ကိုစာသင်ပေးချင်နေသူတစ်ယောက်က လာပြီးပညာဒါနပြုနေသေးရဲ့ ။အဲ့လောက်စာသင်တာ ဝါသနာပါနေလည်း အစကတည်းက ကျောင်းဆရာလုပ်ခဲ့ရောပေါ့။စီးပွားရေးသမားလုပ်နေရတယ်လို့...။


""ဟဲ့...ဒါလေးမေးတာကို မျက်နှာကြီးကစူပုပ်နေရော..ငါတို့သူငယ်ချင်းက သိပ်ပညာလိုလားတာနော်...အဟီး!""


""လိုလားတာလည်းတော်ရုံပေါ့

အခုက ၂၄နာရီလုံးစာကျက်စေချင်နေကြတယ်...မပျော်တော့ပါဘူး""


""နင်ကလည်း ကိုကို့လိုလူမျိုးက စာသင်ပေးမှာကို...ငါတို့ဆိုလေ ကပြီးကိုသင်လိုက်မယ်""


""အေး...ကောင်းသားပဲ

ငါတစ်ယောက်တည်းပျင်းလို့ နင်တို့ပါလာသင်ကြပါလား...တစ်ပါတ်မှာ၃ရက်ပဲသင်တာ..ငါ ကိုကို့ကိုပြောလိုက်မယ်လေ""


""ငါတို့ကကိစ္စမရှိပါဘူး သူကသာ...ဟင်း ဟင်း!""


ထိုစကားကိုပြောလျက် သူငယ်ချင်းမတွေက ပြုံးဖြီးဖြီးတွေလုပ်နေကြသည်မို့ ရှင်ရှင် မျက်မှောင်လေးတစ်ချက်ကျုံ့လိုက်ရင်းမှ...


""ဟဲ့...အဲ့ ဟင်းဟင်းကဘာတွေတုန်း

သူကဘာဖြစ်လဲ...ဆက်ပြောလေ""


""သူကကြိုက်မှာမဟုတ်ဘူးထင်တယ်

ငါတို့က ကိုကိုလို့ခေါ်မိတာကိုတောင် တခြားတစ်ခုပြောင်းခေါ်ဆိုပြီး ချေသွားသေးတယ်""


""ဟယ်...ဟုတ်လား""


""အေးဟေ့...ကြည့်ရတာ သူ့ကို ကိုကိုခေါ်ဖို့မူပိုင်ခွင့်က နင့်တစ်ယောက်ပဲပေးထားတာထင်တယ်...ပြီးတော့ အဲ့နေ့ကလည်းaccသာပြသွားတယ် addတော့လည်းလက်ခံတာမဟုတ်""


""ငါ့ကိုကိုက အဲ့လောက်ကြီးလည်းမချေတတ်ပါဘူး။သူ မတွေ့သေးလို့ နေမှာပါ""


""ကဲ...မုန့်မြန်မြန်စား

အိမ်ပြန်ပြီးစာကျက်ရဦးမယ်""


""ဟီး!...ငါတို့လမ်းလျှောက်ပြန်ကြစို့

နင်တို့အိမ်ကကားတွေပြန်လွှတ်လိုက်...လမ်းထိပ်လေး မုန့်ထွက်စားတာကို ကားနဲ့လာကြတယ် သူဌေးမတွေပဲ...ဆီဖိုးတွေမနှမြောဘူးလား""


""အမလေး...ငါတို့ကနင့်လိုကပ်စေးနည်းမဟုတ်ဘူးဟေ့...နင့်အိမ်ကကားမပါရင်လည်းငါတို့လိုက်ပို့ပါ့မယ်""


""မရဘူး...လမ်းလျှောက်ပြန်မယ်

နင်တို့ပဲစဥ်းစားကြည့်...ငါတို့ကစာမေးပွဲအတွက်နေ့နေ့ညညကြိုးစားရုန်းကန်နေရတာ ကိုယ်လက်လှုပ်ရှားလုပ်ဖို့ သီးသန့်အချိန်တောင်မရှိဘူးရယ်...ဒါကြောင့်ငါက စေတနာနဲ့exerciseလုပ်ဖို့အချိန်ပေးတာ..ဟွန်းး!""


""အေးပါ..မနိုင်စိန်ရယ်

အပြောကတော့ ကြွေလောက်တယ်""


နောက်ဆုံးတော့လည်း သူငယ်ချင်းတွေ ထုံးစံအတိုင်းပင်လမ်းလျှောက်ပြန်သည်။ ရှင်ရှင်စက်ဘီးမစီးတော့တဲ့နောက် သူတို့လည်း စက်ဘီးမယူဖြစ်ကြတော့ဘဲ လမ်းလျှောက်ပြန် ဒါမှမဟုတ် အိမ်ကကားတွေပဲလာကြိုတော့သည်။ အဲ! ရှင်ရှင့်ကိုလာကြိုတဲ့အထဲမှာတော့ အိမ်ကကားအပြင်တစ်ခါတစ်လေဆို ဘေးအိမ်ကလူကြီးလည်း ပါသည်လေ။


""ရှင်ရှင်...နင် ဒီနေ့စာသင်ရမှာမလား""


""အေး...ဒါပေမဲ့စောသေးတယ်

ဒီအချိန် သူအလုပ်ကပြန်မလာသေးဘူး""


""ဒါဆို ငါတို့နင့်အိမ်လိုက်ခဲ့မယ်လေ

အတူတူစာကျက်ရအောင်""


""အင်း...ရတယ်လေ""


သုံးယောက်သား စကားပြော၍ အတူယှဥ်လျှောက်လာရင်း တစ်နေရာအရောက်တွင် မျက်လုံးထဲဝင်လာသော မြင်ကွင်းကြောင့် ရှင်ရှင့်ခြေလှမ်းလေးရပ်တန့်သွားမိကာ ခေါင်းလေးမော့လျက် ငေးကြည့်နေလျှင်...သူငယ်ချင်းတွေကပါလိုက်ကြည့်၍...


""ရှင်ရှင်တစ်ယောက်တော့အကြိုက်တွေ့ပြီဟေ့""


""မိုက်လိုက်တာ...ငါစားချင်တယ်""


""စားချင်ရင်အိမ်ရောက်မှစားလေဟယ်

ဝယ်စားလို့ရပါတယ်...သူများအိမ်ကအသီးကိုမပစ်မှားနဲ့...ငရဲကြီးမယ်""


သူတို့ဘယ်လိုပင်ပြောပြော တစ်ထပ်တိုက်အိမ်ရဲ့ခြံဝန်းကျယ်လေးထဲမှ စည်းရိုးအနားကပ်လျက်တွင်ရှိနေသော မာလကာပင်မှအသီးများသည် တကယ့်ကို ချစ်စဖွယ်လေးဆွဲဆောင်နေတာမို့ ရှင်ရှင်ထိုအနားမှ မျက်လုံးမခွာနိုင်အောင် ငေးမော့ကြည့်နေဆဲပင်။ ခြံစည်းရိုးနဲ့ကပ်နေ၍ အပြင်ဘက်သို့ရောက်နေသည့် ကိုင်းတွေက အသီးတွေကို လက်လှမ်းရုံဖြင့် မီလောက်သည်မို့ ခြေလှမ်းလေးအနည်းငယ်ဆက်တိုးမိလျှင် သူငယ်ချင်းတွေက လက်တစ်ဖက်ဆီမှ ပြန်ဆွဲထားလေ၏။


""ရှင်ရှင်...ဘာလုပ်မလို့လဲ""


""ဟီး..ဟီး...ငါတို့စာကျက်ရင်းစားဖို့နည်းနည်းခူးသွားရအောင်""


""ဟယ်...မလုပ်ပါနဲ့

မိသွားရင်ဘယ်လိုလုပ်မလဲ...ဟိုမှာတံခါးကပွင့်နေတယ်""


""ဘာမှမဖြစ်ပါဘူး...ငါတို့ကတရပ်ကွက်ထဲသားချင်းတွေပဲဟာ...ပြီးတော့တစ်လုံး၊နှစ်လုံးလောက်ခူးရုံနဲ့ တစ်ပင်လုံးကုန်မှာလည်းမဟုတ်ဘူး...အပြင်မှာဝယ်စားတာထက်လေ ကိုယ့်အင်အားနဲ့ခူးရတဲ့အသီးက ပိုအရသာရှိမှာ...""


""ဒါပေမဲ့...ဟဲ့...ဟဲ့!""


တားမရ၊ဆီးမရ မိရှင်ရှင်မကတော့ လက်ကိုအတင်းရုန်း၍ မာလကာပင်ဆီ ချီတက်လေပြီ။သူငယ်ချင်းတွေမှာတော့ ကျီးကန်းတောင်းမှောက် မျက်လုံးလေးတွေဖြင့် ဟိုဟိုသည်သည် ပြူးကြည့်ကာ ကျန်နေခဲ့လေ၏။


ရှင်ရှင်ကတော့ အရပ်လေးမမီ့တမီဖြင့် ခြေဖျားထောက်ကာ အသီးတွေကိုလှမ်းခူးရင်း လက်က မထိတထိဖြစ်နေ၍ တဖြေးဖြေးနဲ့ ခြံစည်းရိုးပေါ်ပါ တွယ်တက်မိရသည့်အဖြစ်။ စိတ်က အသီးဆီသာရောက်နေတော့ ကျန်တာတွေလည်းသတိမရမိဘဲ လက်ထဲမှာသာအသီးတွေတစ်ဖက်ဆီကိုင်ထားစဥ် အိမ်ထဲဘက်မှ ပြေးထွက်လာသော ခပ်မည်းမည်းသဏ္ဌာန်ရွေ့လျားမှုတစ်ခုသည် ပွင့်ဟနေသည့်တံခါးမှထွက်၍ ရှင်ရှင့်ဘက်သို့ ဦးတည်လာလျှင်....


""အား! ခွေး...ခွေး""


အခုမှပဲ လူကခေါင်းမွှေးထောင်သွားကာ ခြံစည်းရိုးပေါ်မှ ဖတ်ခနဲခုန်ချ၍ တစ်ချိုးတည်းလစ်ရတော့၏။ သူငယ်ချင်းတွေမှာလည်း ပျာပျာပြူးပြူးဖြစ်ကာ လိုက်ပြေးပေမယ့် ခွေးစုတ်လေးက ရှင်ရှင့်အနောက်သို့သာ သဲသဲမဲမဲလိုက်လေ၏။ 


""ဝုတ်...ဝုတ်!""


""အားး...အမေရေ""


""Oscar...သား...""


ထိုခွေးနာမည်လားတော့ မသိ။အနောက်မှခေါ်သံကြားလိုက်ပေမယ့် ရှင်ရှင့်မှာ လှည့်မကြည့်နိုင်။ပြေးရင်းဖြင့်သူငယ်ချင်းတွေနဲ့လည်း ကွဲသွားကာ လမ်းပေါ်မှာတော့ ရှေ့ဆုံးက ရှင်ရှင်၊ အလယ်မှာ သစ္စာရှင် ခွေးစုတ်နှင့် နောက်ဆုံးကခွေးပိုင်ရှင်တို့ အစဥ်လိုက် ရုန်းရင်းဆန်ခတ်ပြေးလွှားနေကြရ၏။တဖြေးဖြေးနဲ့ အိမ်နားတောင်နီးလာပြီမို့ စိတ်မလျှော့ဘဲ အားတင်း ပြေးလာကာ လက်ထဲမှာလည်းအသီးတွေကိုင်လျက်သားကို လုံးဝမလွှတ်စတမ်း။


~~~~ 🍬 ~~~~


ပွင့်လျက်သားရှိနေသည့် ခြံတံခါးမှတစ်ဆင့် အိမ်ထဲသို့ကားမောင်းဝင်လာတော့ အထဲမှာ လူကြီးတွေရဲ့စကားပြောသံတစ်ချို့ကို ခပ်လွင့်လွင့်ကြားနေရသည်။နှစ်ဖက်အိမ်က တအားရင်းနှီးနေကြတာမို့ အမေတွေချင်းကတော့ ဟိုဘက်၊သည်ဘက်ကူး၍ စကားပြောတတ်ကြသည်မှာ အဆန်းတော့မဟုတ်ပါလေ။အခုလည်း အန်တီသက်ထားက အိမ်ကိုရောက်နေပုံရပါသည်။ ဒီရက်ပိုင်းလူကြီးတွေ ခေါင်းချင်းတဆိုင်ဆိုင်နဲ့ ဘာတွေတိုင်ပင်နေကြတယ်တော့ မသိသလို စိတ်ဝင်တစားမေးလည်းမမေးဖြစ်။ သူသိဖို့လိုရင်ပြောလာမှာပဲလေ...။လင်းညရိပ်ကို စိတ်ဝင်စားအောင်လုပ်နိုင်ဖို့ ဟိုကလေးဆိုးလေးတစ်ယောက်သာ စွမ်းရဲ့မဟုတ်လား။


""သား...ဒီနေ့ပြန်လာတာစောတယ်နော်""


""ဟုတ်...အပြင်မှာချိန်းထားတဲ့အလုပ်ကိစ္စသွားတွေ့ရင်း တစ်ခါတည်းပြန်လာလိုက်တာမို့ပါ အန်တီ။ဒါနဲ့ ဆိုးရော... ဒီနေ့ကျူရှင်ပိတ်ရက်ဆိုတော့ ဂိမ်းဆော့နေပြန်ပြီလား""


""သားညီမလေးက သူ့သူငယ်ချင်းတွေနဲ့မုန့်သွားစားတယ်""


""သြော်!""


ပါးစပ်က သြော်တစ်လုံးသာထွက်လိုက်ပေမယ့် လက်ကတော့ဖုန်းနံပါတ်တွေကို နှိပ်နေပြီ။ရင်ထဲဆက်၍ပြောချင်သော စကားများကတော့ ဘယ်နားကဆိုင်မှာစားသလဲ? ပြန်လာတော့မလား?အခုဘယ်ရောက်နေလဲ? အိမ်ကကားရောပါရဲ့လား?စက်ဘီးစီးသွားပြန်တာလား? ကိုကိုလာခေါ်ပေးရမလား? ဆိုသည့်မေးခွန်းများပင်။


အပြင်သွားတယ်လို့ ကြားလိုက်သည့်စကားလေးတစ်ခွန်းမှာ သူ့အတွေးတွေက တသီကြီးကို စီးမျောသွားလေ၏။ ထိုစဥ်...


""အား! မေမေရေ...ကိုကိုရေ""


""ဝုတ်!""


""ဒုန်း!""


စူးခနဲအော်လိုက်သည့် အသံလေးနဲ့အတူ ခြံရှေ့မှ စုံနေအောင် ကြားလိုက်ရသည့်အသံများကြောင့် စိုးရိမ်သွားကာ အပြင်ဘက်သို့ပြေးထွက်ခဲ့ရပြန်တော့ တွေ့ရပါပြီ...ကသောင်းကနင်းအခြေအနေတွေ...။ လက်ထဲမှာ အသီးတစ်ချို့ကိုင်ထားသည့်ဆိုးက ဝရုန်းသုန်းကားဖြင့် အိမ်ထဲပြေးဝင်လာကာ နောက်မှပါလာသည့် ခွေးက ခြေထောက်ထော့နဲ့နဲ့နှင့်...။ကြည့်စမ်း...ဒီကလေးလေး ဘာတွေဖြစ်လာပြန်ပါလိမ့်!


""ကိုကိုရေ...ကယ်ပါဦး!""


""ဆိုး""


စိုးရိမ်တကြီးခေါ်လိုက်သံနဲ့အတူ ကိုကိုပြေးထွက်လာတာ မြင်သည်နှင့် ရှင်ရှင်သူ့ဆီသို့ဦးတည်ပြေးသွားလိုက်သည်။ လမ်းပေါ်မှပြေးလာရင်း အိမ်ရောက်တော့ ကိုယ့်ခြံတံခါးကပိတ်ထားသည်လေ။ဖွင့်နေရင်ကြာမှာစိုး၍ အဆင်သင့်ပွင့်နေသော အိမ်ကိုသာပြေးဝင်ရင်း လက်ထဲကိုင်ထားသည့် မာလကာသီးတွေထဲမှ တစ်လုံးကိုလည်း နောက်ပြန်ပစ်ပေါက်လိုက်တော့ နောက်ကလိုက်လာသည့် သစ္စာရှင်ရဲ့ခြေထောက်ကို တည့်တည့်ထိမှန်၍ တအီအီအော်ရင်း ဆက်လိုက်လာလေရဲ့။


""ကိုကို...ကိုကို""


""ဆိုး...ဘာဖြစ်လာလဲ""


""ခွေး..ခွေးက...""


လက်ညှိုးလေးထိုးလျက်ပြောနေပေမယ့် အတော်လေးမောနေတာကြောင့် အသံကိုမထွက်နိုင်တော့ပေ။နဖူးမှာလည်း ချွေးလေးတွေစို့ကာ ဆံစလေးတွေက ပါးပြင်ပေါ်စိုကပ်လျက်...။သူမလက်ညွှန်ပြရာဆီကြည့်တော့လည်း ပြောင်မြောက်လှသည့်လက်သံကြောင့် ခွေးမှာသိပ်တောင်မပြေးနိုင်တော့သလို နောက်မှာကလည်းပိုင်ရှင်ဖြစ်ဟန်တူသော အမျိုးသမီးတစ်ဦးပါလာလေ၏။


""သမီး ဘာဖြစ်လာတာလဲ

အလန့်တကြားနဲ့""


""ဟို...ဟို...အဲ့ဒါက""


""ဒီကောင်မလေးက ကျမအိမ်က မာလကာသီးကိုခိုးခူးတယ်...အဲ့ဒါကြောင့်သားလေးကမြင်ပြီးလိုက်ဆွဲတော့တာ""


""ဟယ်...သမီးရယ်

နင်ကတော့...""


""အသီးက ပြသာနာမဟုတ်ပါဘူး..

သားကမသိဘဲလိုက်မိတယ်ဆိုပေမယ့် အခုသူ့လုပ်ရပ်ကြောင့် ကလေးခြေထောက်နာသွားရပြီ...ဒါကိုတော့မကျေနပ်နိုင်ဘူး""


""Okလေ...ကျွန်တော်ဖြေရှင်းပေးမယ်""


ပြတ်သားစွာထွက်ပေါ်လာသည့် အသံနဲ့အတူ ရှင်ရှင့် အရှေ့မှကာရပ်လိုက်သည့် ကိုကိုကြောင့် အံ့တောင်သြမိရသည်။ ဘာပဲဖြစ်ဖြစ် ဤအရေးမှာတော့ ချစ်သည်းရှင် နုပ်နုပ်စင်းခံရပြီထင်ခဲ့တာကို...အခုတော့သူကအပြစ်စကားတစ်ခွန်းမဆိုသည့်အပြင် အလိုမကျသည့်အကြည့်တစ်ချက်တောင်မပေးဘဲ ကာကွယ်ဖြေရှင်းပေးမည်တဲ့! 


""အရင်ဆုံး ဒီcardကိုယူထားလိုက်ပါ

ကျွန်တော့် bankအကောင့်နဲ့ချိတ်ပြီးသားမို့ လိုသလောက်သုံးနိုင်တယ် ပြန်ပေးဖို့မလိုဘူး...ok!""


""ဟမ်!""


ခွေးပိုင်ရှင်အား လှမ်းပေးလိုက်သောcardကိုကြည့်ကာ ရှင်ရှင် မျက်လုံးအပြူးသားဖြင့်တံတွေးတောင်မျိုချမိသွားရသည်။Platinum card? ဘုရားရေ...မာလကာသီးသုံးလုံးနဲ့ခွေးအတွက်ဆေးဖိုးကို cardတောင်ထုတ်ပေးစရာမလိုဘူးလေ...။


""ကိုကို..ကိုကို..အဲ့ဒါ...ဟို...""


ကိုကို့အင်္ကျီစကိုအနောက်မှဆွဲလျက် မျက်လုံးလေးပြူးကာ တားဟန်ပြင်စဥ်မှာပင် ဟိုက cardကိုဖျတ်ခနဲဆွဲယူသွားလေပြီ။ဒီတော့ ရှင်ရှင်လည်း မကျေနပ်ဖြစ်သွားရပြီး ဆူဆူအောင့်အောင့်ဖြင့် ခါးပေါ်လက်နှစ်ဖက်ထောက်လျက် ရှေ့ထွက်ရပ်လိုက်ကာ...


""ဒီမှာ...ရှင့်ခွေးကခြေထောက်လေးထိရုံကို အဲ့လောက်ယူဖို့လိုသလား...ရော့! ရှင့်အသီးတွေမယူတော့ဘူး...cardပြန်ပေး""


""ညီမလေးစားချင်လို့ယူတာပဲ

ယူလိုက်ပါ...သားလေးကတော့ဆေးဖိုးဝါးခဘယ်လောက်ကျမလဲမသိလို့လေ...အဟင်း""


""ဟင်...ရှင်..ရှင်...""


လျော်ကြေးရတော့ စူထော်နေသည့်မျက်နှာကြောကလျော့သွားကာ ချိုအီနေသောလေသံဖြင့် စေတနာတွေရှိနေပြန်၏။ထို့ကြောင့်ပင် ရှင်ရှင်ဒေါသတွေဖြစ်လာကာ ပြောမည့်စကားတောင်မဆက်နိုင်ဘဲရှိနေစဥ် ကိုကိုကလက်မှပြန်ဆွဲခေါ်၍...


""ထားလိုက်ပါတော့ ကလေးရယ်

ပြေးလာရတာမောနေပြီမဟုတ်လား...

လာ...ရေသောက်ရအောင်""


""......""


""အစ်မဘက်က ထပ်ပြီး လိုအပ်တဲ့ကိစ္စကိုကျွန်တော်နဲ့ပဲတိုက်ရိုက်ပြောပါ""


ရှင်ရှင့်လက်ကိုတော့ ဆွဲထားကာ တစ်ဖက်ကိုလည်းသူ့ရဲ့ visiting cardထုတ်ပေးလိုက်ပြန်သည်မို့...


""မဟုတ်ဘူး...ကိုကို

ဟိုcardက...နှမြောစရာကြီး အဟင့်!""


""ဘာမှမဖြစ်ဘူး...ဆိုး ဒါကိုလိုချင်တယ်မဟုတ်လား""


""ဟွန့်!...တန်မှမတန်တာမလိုချင်တော့ဘူး

စိတ်နာတယ်""


""အဟက်! ကလေးလေးကွာ...

နောက်ဆို သူများပစ္စည်းအလကားမယူရဘူး...မှတ်ထား...လိုချင်တာအားလုံး ကိုကိုဝယ်ပေးမှာပေါ့""


""ဟုတ်ပါပြီ...sugarကိုကိုကြီးရဲ့""


""လမ်းမှာချော်လဲကျခဲ့သေးလား""


""ဟင့်အင်း!""


တစ်ယောက်တစ်ခွန်းပြောရင်း အိမ်ထဲဝင်သွားပြီဖြစ်သော နှစ်ယောက်ကိုကြည့်ကာ အမေနှစ်ယောက်လည်း ဆွံ့အစွာကျန်နေခဲ့ရ၏။ ဖြစ်စဥ်တစ်ခုလုံးကို လင်းညကပဲ စိတ်တိုင်းကျဖြေရှင်းပြီး ရှင်ရှင့်ကိုပါ လူကြီးတွေအနားမှခေါ်ထုတ်သွားခဲ့တာက အဆူခံရမှာစိုး၍လေ။ သူ့ညီမအပေါ်ကာကွယ်တတ်နေမှုကတော့ တော်တော်လေးကို အတိုင်းထက်လွန်နေပြီပဲ။


""ဒါဆို ညီမလည်းပြန်လိုက်ပါဦးမယ်

သားလေးကိုဆေးခန်းပြရဦးမှာမို့""


""သြော်...ဟုတ်ကဲ့

အားနာလိုက်တာ ညီမရယ်။သမီးအစား အစ်မတောင်းပန်ပါတယ်နော်""


""မလိုတော့ပါဘူး အစ်မရယ်...တစ်ရပ်ကွက်ထဲသားချင်းတွေပဲဟာ...ကိစ္စတွေလည်းပြေလည်သွားပြီပဲ...အဟင်း!""


တစ်ဖက်ကလည်းကျေနပ်သွားပြီမို့ ပြသာနာကတော့ ဤတွင်အဆုံးသတ်လေ၏။သို့သော်လည်း မိမိတို့စီစဥ်ထားသော အရေးနှင့်အနည်းငယ်လွဲချော်နေသော အနေအထားအတွက် နှစ်ယောက်သား ဘာပြောရမှန်းမသိအောင်ပင် နှုတ်ဆိတ်သွားခဲ့ရလေရဲ့။


~~~~ 🍬🍬🍬🍬 ~~~~


""ဆိုး...ဖုန်းမသုံးနဲ့တော့ ပိတ်လိုက်""


""ဘာလို့လဲ...၆နာရီမှမထိုးသေးတာ""


ကြည့်! ဤကလေးမက စာကျက်ချိန်ဆိုမရမက စျေးဆစ်သည်။ ဒီကသင်ပေးချင်ပါတယ်ဆိုတာတောင် အသင်ခံမယ့်သူကထွက်ပြေးနေလို့ မနည်းကိုအကြွေးကိစ္စနဲ့ ခြိမ်းခြောက်ထားရ၏။တခြားစာသင်ချိန်တွေနဲ့ခွဲကာ ကိုယ်လည်းအလုပ်ဆင်းချိန် ညနေပိုင်းမှ စာကူကြည့်ပေးခွင့်ရသည်။ဒါတောင် မနည်းပြောထား၍သာ တစ်ပါတ်ကို၃ရက် အိမ်မှာစာလာကျက်လေ၏။


""လာ...ဖုန်း ကိုကိုခဏသိမ်းထားမယ်

မနေ့က physicဆက်တွက်ရအောင်လေ""


""သူငယ်ချင်းတွေကို စောစောကအကြောင်းပြောပြနေတာ...သူတို့နဲ့လမ်းမှာကွဲခဲ့လို့စိတ်ပူနေတယ်""


""တော်တော့...နောက်မှဆက်ပြော""


""ဟုတ်""


မျက်နှာကတော့ စူပုပ်သွားရပေမယ့် မတတ်နိုင်ပါ။ဒါကို အကြွေးဆပ်တယ်ပဲသဘောထား၍စာကိုသာအာရုံစိုက်ရတော့၏။ ကိုယ့်အတွက်လည်းအကျိုးရှိတာပဲမဟုတ်လား။ဒီစာမေးပွဲလည်း မြန်မြန်အောင်မှပါပဲ...။ဟိုမသွားရ၊ဒီမသွားရနဲ့ လူကိုချုပ်ချယ်ကြလွန်းလို့လည်း ရူးတော့မယ်...ဟူး!


""ကလေးရယ်...စာလုပ်ချိန်မှာအဲ့လိုမျက်နှာကြီးစူပုပ်နေတော့ သင်တဲ့သူတောင်ကြောက်လာပြီ""


""၃နှစ်လုံးဒီစာတွေလုပ်ရတာ ငြီးငွေ့တယ်ကိုကိုရဲ့""


""နောက်နှစ်ဆိုမလုပ်ရတော့ဘူး...အခုပဲကြိုးစားလိုက်...လိမ္မာတယ်""


""ကိုကို...စာအရမ်းသင်ပေးချင်တယ်ဆိုရင်လေ ဆိုးသူငယ်ချင်းတွေကိုရော သင်မလားဟင်...သူတို့ကိုခေါ်လိုက်မယ်လေ""


စာတွက်နေရင်းမှ မှန်စားပွဲပေါ်လက်နှစ်ဖက်ထောက်ကာ မော့ကြည့်၍မေးလာပုံကြောင့် သူ့မှာအဖြေခက်သွားရပါ၏။ဘယ်လိုတောင် အရိပ်အကဲမသိလိုက်တဲ့ ကလေးပါလိမ့်နော်...ခက်လိုက်တာ။


""အင်း...ဟိုဟာ...အဲ့ဒါက..

မသင်ဘူး""


""ဟမ်!""


""ကိုကိုက ဆိုးတစ်ယောက်ကိုပဲလက်ခံတာ""


""ဆရာ့စေတနာက ကွက်ကျားပဲနော်""


""ဟေ့...စကားများရင်းနဲ့တွက်နေတာ

ဟိုမှာကြည့်ဦး...တလွဲဖြစ်နေပြီ""


""အာ! ဟုတ်သား

powerမှားနေတာ""


အရင်နှစ်တွေက ဘယ်လိုပေါ့ဆပြီးလွဲချော်ခဲ့တယ်မသိပေမယ့် သူကြည့်ရသလောက် ဆိုးက ဉာဏ်ကောင်းတဲ့ကလေးဖြစ်သလို စာကိုအာရုံစိုက်ရင်လည်း အတော်လေး တလေးတနက်ရှိပါ၏။အခုက Novလဆိုတော့ စာမေးပွဲတောင်နီးနေပြီပဲ...။စာသင်ချိန်ကို ထပ်တိုးမှဖြစ်မယ်...။

(ဆရာက စေတနာတွေသိပ်ပိုနေရှာ😅)


""ဆိုး...နောက်နေ့ကျရင် ကျက်စာတွေပါယူလာခဲ့နော်""


ပြောလိုက်သောစကားကြောင့် စာရေးလက်စ လက်တွေပင်ရပ်တန့်သွားရကာ နှုတ်ခမ်းတွေမဲ့ရွဲ့လာရင်းမှ သူ့မျက်နှာကိုပြန်မော့ကြည့်၍...


""အိမ်ပါပြောင်းလာခဲ့ရတော့မလား""


မျက်နှာလေးမဲ့ကာ ရွဲ့ပြောခြင်းမှန်းသိပေမယ့် ထိုစကားကြောင့် သူ့မှာဟက်ခနဲရယ်မိပြန်သည်။ `မင်းသာလာခဲ့ရင် ကိုယ်ကတံခါးဖွင့်ပြီးသားပါ ကလေးရယ်´လို့ပြန်ဖြေချင်သည့် နှုတ်ဖျားကို မဖွင့်ဟဖြစ်အောင် အသာလေးစေ့ပိတ်ထားရင်း ခေါင်းလေးကိုသာ ခပ်ဖွဖွလှမ်းပုတ်လိုက်တော့ မျက်စောင်းကြီးထိုးသွားလေရဲ့။


""အိမ်မှာတစ်ယောက်တည်းကျက်တာမပျင်းဘူးလား""


""မပျင်းပါဘူး...မမရှိသားပဲ""


""စာမေးပွဲကနီးနေပြီ ကလေးရဲ့""


""အဲ့ဒါဘာဖြစ်တုန်း""


""ကိုကိုနဲ့fbမှာ friလုပ်ရအောင်""


""ဟယ်...ဘာမှလည်းမဆိုင်ဘူး""


""နာမည်အရင်းနဲ့သုံးတာမဟုတ်ဘူးလား

ကိုကိုaddထားတယ်လေ""


""ဆိုးမှာ accတွေအများကြီး ကိုကိုရဲ့

နာမည်အရင်းနဲ့ဟာက မသုံးတော့ဘူး...လက်ရှိအများဆုံး သုံးတဲ့accက Wu Xin Xinတဲ့...ရှာကြည့်လိုက်""


""ဟမ်...ဘာနာမည်""


""Wu Xin Xinလေ...တရုတ် pinyinအသံထွက်နဲ့ပေါင်းတာ...။ဆိုးရဲ့idolနာမည်က Wu Yifanတဲ့...အရမ်းချောတာ...။အဲ့ဒါသူနဲ့coupleဖြစ်အောင်သူ့မျိုးရိုးယူထားတာ ဝူရိဖန်နဲ့ဝူရှင်ရှင် စုံတွဲတွေလေ""


 စိတ်လိုလက်ရရှင်းပြနေသည့် အထူးအဆန်းစကားတွေကို နားထောင်ရင်း ထပ်၍သာပြုံးမိရပြန်သည်။ ကြည့်ပါဦး...ဘယ်လောက်တောင်ကလေးဆန်တဲ့အတွေးလေးတွေလဲ? ဒီကောင်မလေးကတော့ တစ်မျိုးပြီးတစ်မျိုးအံ့သြစရာတွေပေးနေတော့တာပါပဲ။


""ကိုကို့ accကရောဘာလဲ""


""ဒီမှာလေ...Mr.Galaxy""


""အံမယ်...နာမည်ကအမြင့်စားဟ""


""ကိုကိုက Galaxyကိုသဘောကျလို့လေ""


""ခဏပေးနော်..ကိုကို

လုပ်စရာရှိလို့""


သူပြသည့် accကိုကြည့်နေရင်းမှ ရှင်ရှင်တစ်စုံတစ်ရာကိုသတိရသွားကာ ဖုန်းကိုဆတ်ခနဲဆွဲယူ၍ စန္ဒီမတို့ရဲ့accတွေကို ရှာကာ confirmပေးပစ်လိုက်၏။လုပ်ချင်ရာလုပ်ပြီးမှ မျက်နှာချိုလေးသွေးလိုက်ကာ...


""ဟီး..ဟီး...သူငယ်ချင်းတွေကကိုကိုနဲ့friဖြစ်ချင်တယ်ဆိုလို့""


""လုပ်ပါ...အရာရာမင်းသဘောချည်းပဲ

ဆိုးကိုဆိုးတယ်""


""ပြန်မunနဲ့နော်""


""အင်းပါကွာ!""


ဒီလိုနဲ့ပဲ နှစ်ယောက်သားရဲ့စာသင်ချိန်ဟာလည်း ဆူညံလျက်နှင့်သာ...။


~~~~ 🍬🍬🍬🍬 ~~~~


""ဒေါက်...ဒေါက်""


""သား...အိပ်နေပြီလား""


""မအိပ်သေးပါဘူး""


""ဒါဆို မေမေဝင်လာပြီနော်""


ညနက်လည်းအလုပ်တွေမပြီးသေးရင် မအိပ်တတ်သူမို့ အခုလည်းlaptopတစ်လုံးနှင့်အလုပ်ရှုပ်နေဆဲပင်။ မေမေကတော့ ဘာလို့မအိပ်သေးတယ်မသိပါ။ဒီအချိန်ကြီးမှ ပြောစရာရှိတယ်ဆိုလာတော့ သူလည်း ခေါင်းကိုငြိမ့်ပြလိုက်ရသည်။


""မေမေဘာလို့မအိပ်သေးတာလဲ

ညနက်နေပြီကို""


""သားကိုမေးကြည့်စရာလေးရှိလို့""


""ဟုတ်ကဲ့""


""သား ကြိုးလေးအပေါ်ဘယ်လိုသဘောထားလဲ""


ရုတ်တရက်မေးလာသည့်အမေးက ထူးဆန်းသလို သူထင်ထားတာနဲ့လည်းကွဲလွဲပါ၏။ သို့သော်လည်းအထူးတလည်စဥ်းစားဖြေနေစရာမလိုသည့်အမေးမို့ စာရင်းတွေကိုဆက်ကြည့်နေရင်းမှ...


""ကြိုးနဲ့ကငယ်သူငယ်ချင်းတွေလေ...""


""အဲ့ထက်မပိုတော့ဘူးလား သားရယ်

သမီးလေးက လိမ္မာယဥ်ကျေးပြီး သိမ်မွေ့တဲ့မိန်းကလေးပါ""


""ဟုတ်...သားသိပါတယ်""


""ရှင်းရှင်းပြောရရင်သားနဲ့သမီး ချစ်ကြိုးကိုစေ့စပ်လက်ထပ်ပေးဖို့ မေမေတို့လူကြီးချင်းသဘောတူပြောဆိုထားတယ်""


ဒီစကားကြားရချိန်မှာတော့ laptop keyပေါ် လှုပ်ရှားနေသည့် သူ့လက်တွေငြိမ်သက်သွားရသည်။ မေမေ့ဆီက ဒီလိုစကားမျိုးကြားရတာဟာ အထူးအဆန်းတော့မဟုတ်ပါ။မေမေကသူ့ကို အမြဲလက်တွဲဖော်ရှာပေးချင်နေတာလေ။ ဒီတစ်ခါလည်း အရင်လိုလုပ်ထုံးလုပ်နည်းဆိုပေမယ့် တစ်ဖက်မိန်းကလေးဟာ ချစ်ကြိုးသွယ်ဖြစ်နေခဲ့လေတော့...


""ကျွန်တော် ဆန္ဒမရှိဘူး""


""သား...ဘာလို့ချက်ချင်းကြီးပြတ်သားရတာလဲ

သမီးလေးက ဘာများငြင်းစရာရှိလို့လဲ""


""အားနည်းချက်၊အားသာချက်ဆိုတာထက် ကျွန်တော့်မှာ ချစ်မိနေပြီးသား မိန်းကလေးရှိလို့ပါ...""


""......""


""မေမေတို့လည်း ရိပ်မိလောက်မယ်ထင်ပါတယ်...ကျွန်တော်ချစ်တာ `ဆိုး´ကိုပါ""


(ကိုကိုတို့ကပြတ်ပြတ်သားသားပဲ😎)


~~~~ 🍬🍬🍬🍬 ~~~~


အခန်း [ ၁၁ ]ဆက်ရန်


Readers/Writersလေးတွေအားလုံးက VIPပါ


Writer- WineSatt Cho(🍋Lëmoñ🍋)


rate now: