🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၁ ] ♡ ••••••••••••
ဖြောင့်ဖြူးရှင်းလင်းနေသော Highwayလမ်းမကြီးထက် ပုံမှန်အရှိန်နှုန်းဖြင့်သာမောင်းနှင်လာသည့် အနက်ရောင်ကားလေးတစ်စီးရှိနေ၏။ အလင်းမှိန်မှိန်သာ ထွက်ပေါ်စပြုနေသည့်ကောင်းကင်ထက် ကြယ်ရောင်လေးတွေပင်မြင်နေရသေးသည်။မိုးလင်းခါစ ဆောင်းရာသီမနက်ခင်းလေးက အအေးဓာတ်လည်း ပိုကဲနေပြီး ဘေးပတ်ဝန်းကျင်ကလည်း မှုန်မှုန်ဝါးဝါးဖြင့်သာမို့ ကားကို ဂရုတစိုက်လေးမောင်းနှင်လာရ၏။
ကားပေါ်တွင်တော့ စကားတပြောပြောရှိနေသော ဇနီးမောင်နှံနဲ့နှစ်ဦးက ပြုံးလို့ရွှင်လို့ပင်။ ချစ်ဇနီးရဲ့ရင်ခွင်ထဲ အိပ်မောကျနေသည်က ချစ်ရတဲ့သမီးလေးပေါ့။အားလပ်ရက် မိသားစုအပျော်ခရီးထွက်လာခြင်းဖြစ်ပြီး ဆွေမျိုးတွေရှိရာမြို့ဆီအလည်အပတ်လာခဲ့ခြင်းဆိုလည်းမမှားပေ။
""သမီးက ပြန်အိပ်ပျော်သွားပြီ""
""အိပ်ပြီပေါ့...မနက်ကအစောကြီးထတယ်လေ""
""အဟင်း! ဟိုရောက်လို့အဖော်တွေတွေ့ရင် ဘယ်လောက်တောင်ဗြောင်းဆန်အောင်ဆော့မလဲမသိဘူး..အခုတော့အိပ်ပါစေ""
""အစ်ကို...ကားကိုသတိထားမောင်း""
ဇနီးက စိတ်ပူသလိုလေးကြည့်ကာပြောတော့ ဦးပြည့်စုံရှင် မျက်ခုံးတစ်ချက်ပင့်ပြကာ သဘောတကျရယ်နေသေးသည်။သဘောက သူကျွမ်းပါတယ်ဆိုတာမျိုး။ တဖြေးဖြေးနဲ့ highwayလမ်းဘက်မှ မြို့အဝင်ဘက်သို့ရောက်လာလေပြီ။ နေမြင့်မှခရီးသွားရတာပင်ပန်းတာမို့ မနက်စောစောကတည်းက ထလာခဲ့ခြင်းပါ။ နေရောင်မလင်းတလင်းလေးမြင်ရချိန်မှာ အချိန်ကိုက်တွေ့လိုက်သောစာသားလေးက `မွန်ပြည်နယ်မှ ကြိုဆိုပါ၏´တဲ့!
""မေမေ့ကိုဝင်ခေါ်ပြီးရင် သက်တို့ ကျိုက်ထီးရိုးဘုရားဖူးမယ်နော်...""
""အေးဆေးပေါ့ သက်ရယ်...အိမ်မှာခဏနားပါဦး
ကိုယ့်အလုပ်တွေလက်စသတ်ခဲ့ပါတယ်...ဒီမှာ၁ပတ် ၁၀ရက်နေလို့ရတယ်""
""ဟုတ်ပါပြီတဲ့ရှင်""
စကားတွေပြောလာရင်း ကားလေးကလည်း မြို့ထဲဘက်ဝင်လာခဲ့သည်။လမ်းတစ်လျှောက် အိမ်တွေ၊ဆိုင်တန်းတွေ စည်းစည်းကားကားဖြင့် သက်ဝင်နေသည့် ဆောင်းမနက်ခင်းမှာ လမ်းသွားလမ်းလာနဲ့စျေးသည်တွေလည်းမပါမဖြစ်။ ဇနီးသည်ရဲ့ဇာတိမွေးရပ်ဖြစ်ပြီး သူ့မိခင်ကဒီမြို့မှာနေထိုင်ပေမယ့် အမြဲတမ်းတော့မပြန်ဖြစ်ခဲ့ပါ။ အိမ်ထောင်ကျပြီးတော့တစ်ခါ၊ နောက် သမီးလေးမွေးစကတစ်ခါသာပြန်ဖြစ်ပြီး ထိုနောက်ပိုင်းမှာတော့ ဖုန်းနဲ့ပဲအဆက်အသွယ်လုပ်ဖြစ်ကာ အခုသမီးလေး၅နှစ်ရောက်မှတစ်ခေါက်လာဖြစ်တော့သည်။
အတွေးက ခေတ္တမျှပျံ့လွင့်သွားချိန် ကားကလည်းလမ်းကွေ့တစ်ခုသို့ ဖြတ်ကျော်စဥ်တွင်...
""ဟာ!""
""တီ..တီ!""
""ချလွမ်း!!""
ရုတ်တရက်ထွက်ပေါ်လာသောလူရိပ်ကို မြင်လိုက်၍ ဘရိတ်နင်းလိုက်သော်လည်း အချိန်မမီလိုက်ဘူးထင်ပါသည်။ ထိုလူကလဲကျသွားပြီး ပတ်ဝန်းကျင်မှာလည်းအသံတွေက စုံလင်နေအောင်ထွက်ပေါ်လာကာ ကားနားသို့လည်းလူတွေဝိုင်းအုံလာ၏။
မြန်ဆန်စွာပြောင်းလဲဖြစ်ပျက်မှုကြောင့် ကားပေါ်က မဆင်းမိသေးဘဲ လူကလည်းထိတ်ထိတ်ပျာပျာဖြစ်နေရသလို ဇနီးဖြစ်သူကလည်းကြောက်လန့်တကြားဖြင့်...
""အစ်ကို...တိုက်မိသွားပြီ ထင်တယ်
ဘယ်လိုလုပ်မလဲ""
""တောက် တောက်!""
""ဟေ့လူ...ဆင်းလာခဲ့""
ဘေးမှာဝိုင်းနေသူတွေက ကားမှန်တံခါးကိုခေါက်ကာ လူကိုလည်းဆွဲချမတတ်ပင် လာစုပြုံနေကြလေ၏။တစ်သက်နဲ့တစ်ကိုယ် ကားတိုက်မှုဆိုတာမကြုံဖူးခဲ့လေတော့ လူကထိတ်လန့်နေပေမယ့် ထွက်ပြေးခေါင်းရှောင်ဖို့လည်းမစဥ်းစားခဲ့တာအမှန်ပါ။ထို့ကြောင့် ကားတံခါးကိုဖွင့်ကာ ဆင်းလိုက်ရင်း ထိုလူတွေကိုလည်းအထပ်ထပ်အခါခါတောင်းပန်စကားဆိုမိ၏။ တိုက်မိသည်က အမျိုးသမီးတစ်ဦးဖြစ်ပြီး လမ်းပေါ်ပစ်စလတ်ခတ်လဲကျကာ သွေးများကလည်းလမ်းမပေါ်မြင်မကောင်းအောင်ပင်။
""အသက်ရှိသေးတယ်
မြန်မြန်ဆေးရုံပို့ဖို့ပြင်""
အခြေအနေတွေရှုပ်ထွေးနေသည့်ကြားထဲ သက်ထားကလည်း သမီးငယ်ကိုပွေ့လျက်ဖြင့်ကားပေါ်မှဆင်းလာတော့ အားလုံးကဝိုင်းအုံကြည့်နေသည်။လက်ရှိအခြေအနေမှာကိုယ့်ယောကျ်ားကတရားခံဖြစ်နေတာမဟုတ်လား။ဒဏ်ရာပြင်းထန်ပုံရသည့်လူနာက တစ်ခုခုများဖြစ်သွားခဲ့ရင် အစ်ကို ဒုက္ခတွေ့တော့မှာ။ဘုရားရေ! သူ ဘာမှမဖြစ်ပါစေနဲ့။သမီးလေးကလည်းအရမ်းငယ်သေးတာ...အစ်ကိုသာတစ်ခုခုဖြစ်သွားရင်...
""အဟင့်!""
တွေးရင်းမှပင် ဝမ်းနည်းစိတ်တို့ကြီးစိုးလျက် ငိုချမိတော့၏။ထိုစဥ် ရင်ခွင်ထဲပွေ့ချီထားသည့် သမီးငယ်က ကိုယ်လေးတစ်ချက်လူးလွန့်လာကာ...
""မေမေ...ဘာဖြစ်တာလဲ""
""ဟင်! ဘာမှမဖြစ်ဘူး သမီးလေး""
လူသံတွေဆူနေတာမို့အခုမှ အိပ်မှုန်စုံမွှားလေးဖြင့်နိုးလာသည့်သမီးက ခေါင်းလေးဟိုသည်လှည့်ကာ စူးစမ်းလေတော့ သက်က အတင်းဖက်လိုက်ပြီး သမီးမျက်နှာကိုတစ်ဖက်သို့လွှဲထားပေးလိုက်ရသည်။ဒီမြင်ကွင်းက ကလေးငယ်ငယ်လေးအတွက်ထိတ်လန့်စေမှာမဟုတ်လား...။
""မကြည့်နဲ့ မကြည့်နဲ့ သမီး
လာ..ကားထဲခဏပြန်ဝင်နေနော်""
သမီးကိုကားထဲပြန်နေခိုင်းလိုက်ပြီး ရှုပ်ထွေးလှသည့်ကိစ္စတွေကို ဖြေရှင်းကြရတော့သည်။အဆိုးဆုံးအခြေအနေတွေဖြစ်မလာဖို့ကိုလည်း အကြိမ်ကြိမ်ဆုတောင်းရင်းပေါ့..။
အပျော်သဘောဖြင့်ရည်ရွယ်လာခဲ့သော ဤခရီးမှာအပျက်သဘောတွေ ကြုံရမယ်မှန်း ဘယ်သူတွေးထင်ခဲ့ပါ့မလဲ?
ထိုနေ့မှာတော့ အေးစိမ့်စိမ့်ဖြင့်သာယာနေသည့် ဆောင်းရဲ့မနက်ခင်းလေး သွေးရောင်တွေလွှမ်းခဲ့လေတယ်။ လမ်းမထက်ဆီ စိမ့်အိုင်ရင်း ထင်ကျန်ခဲ့သည့်သွေးတွေက ရဲရဲနီလို့ပါပဲ။
~~~~ 🍬🍬🍬🍬 ~~~~
** (5)နှစ်ခန့်ကြာပြီးနောက် **
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလောမြို့ရဲ့ ညနေခင်းလေးက ကဗျာဆန်ဆန်လှပနေပါ၏။အေးချမ်းသည့်မြို့လေးဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးစုတို့၏ ရိုးရာဓလေ့များကြောင့်လည်း လူသိများထင်ရှားပြီး တောင်ယာလုပ်ငန်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအများအပြားကိုလုပ်ကိုင်၍ လှပသောရှုခင်းများစွာကလည်း မရိုးနိုင်အောင် ဆွဲဆောင်မှုရှိနေ၏။ထိုမြို့ရဲ့ တစ်ထောင့်တစ်နေရာရှိ တိုက်အိမ်ဖြူဖြူလေးတွင်တော့...
""ကိုကို! ဆိုးနဲ့ကစားရအောင်
လာခဲ့""
တိတ်ဆိတ်ငြိမ်သက်နေသောပတ်ဝန်းကျင်ကို ဖြိုခွဲလိုက်သည့် အသံလေးက ချစ်စဖွယ်။ စိမ်းစိုနေသည့် မြက်ခင်းပြင်ထက် ဆော့ကစားနေသော ကလေးလေးက အရုပ်မလေးသဖွယ်ချစ်စရာကောင်းလှပြီး အနားမှာရှိနေသည့် ကောင်လေးကလည်း ချောမောကာနှစ်လိုဖွယ်အသွင်နှင့်ဆိုလျှင်ပိုတိကျမည်သာ။
""ကိုကိုမအားသေးဘူး
ဒီမှာစာလုပ်နေတယ်လေ""
""ဟင့်!""
သူ့အလိုမကျတော့ ကလေးမကငိုမဲ့မဲ့ဖြစ်သွားပြန်လေပြီ။သို့သော်လည်း မတတ်နိုင်ဘူးလေ...။ကိုယ်ကသူ့လို ၆နှစ်ကလေးမဟုတ်တဲ့ ၆တန်းကျောင်းသားပါ။စာမေးပွဲကလည်း နီးနေတာကြောင့် စာလုပ်မှဖြစ်မှာလေ...။
""မမကလည်း စာကျက်နေတယ်
ကိုကိုကလည်း စာလုပ်နေတယ်
ဒီလိုဆို ဆိုးနဲ့ဘယ်သူ ကစားပေးမှာလဲ?""
""ဘယ်သူမှနင့်လိုအားမနေဘူး
သွား...ကိုယ့်ဘာသာကစားနေ""
""သူများက ကောင်းကောင်းခေါ်နေတာကို လာအော်တယ်...ကိုကိုတကယ်မလာဘူးလား""
""မလာဘူး""
""ရတယ် မလာနဲ့
ကဲဟာ! မလာချင်ဦး""
ဆုံးဖြတ်ချက်ပြတ်သားသည့်အသံကြီးဖြင့် လင်းညလက်ထဲရှိနေသည့်စာအုပ်ကို ဆောင့်ဆွဲတော့ ကျက်နေသည့်စာမျက်နှာက စုတ်ပြဲသွားလေ၏။စာမေးပွဲအတွက် အရေးကြီးပါတယ်ဆိုခါမှ ဒါဘယ်လိုတောင် ယဥ်ကျေးမှုမရှိလိုက်တဲ့လုပ်ရပ်လဲ?လူက ဒေါသစိတ်တွေလည်းမြင့်တက်ကုန်ရကာ မျက်ထောင့်နီဖြင့်ပြန်ကြည့်တော့ လျှာထုတ်လျက် ပြောင်ပြနေသေးသည့် လူဆိုးမ`ချစ်သည်းရှင်´။
""ချစ်သည်းရှင်...နင်ဘာလို့ငါ့စာအုပ်ကိုဖြဲပစ်တာလဲ...နင်တော့တွေ့မယ်""
မခေါ်စဖူး နာမည်အပြည့်စုံကို ထုတ်ခေါ်ကာ လက်ညှိုးကြီးထိုးလျက် ကြိမ်းဝါးလိုက်ပြီးနောက် နေရာမှထရပ်၍ ခပ်လှမ်းလှမ်း၌ပြန့်ကျဲနေသော ကစားစရာများထဲမှ ရွှေဝါရောင်ဆံပင်ရှည်နှင့် အရုပ်မလေးအားဆွဲယူကာ တစ်စစီလုပ်ပစ်လိုက်တော့၏။ဒီအခါမှ လူဆိုးမကအနားသို့အပြေးရောက်လာကာ...
""ကိုကို...အဲ့ဒါဘာလုပ်တာလဲ?""
""မမြင်ဘူးလား...ငါလည်းနင့်လိုလုပ်တတ်ကြောင်းပြတာလေ""
""အားး! မေမေရေ...မေလေးရေ...မမရေ
ဒီမှာ...ဒီမှာ ကိုကိုက သမီးအရုပ်ကိုဖျက်ဆီးပစ်တယ်။အဝတ်အစားတွေလည်းဆွဲချွတ်နေတယ် အီး! ဟီး!""
အခုတော့မျက်ရည်တွေဗူးသီးလောက်ကျကာ လက်ညှိုးလေးတဆတ်ဆတ်ထိုးလျက် ခုန်ဆွခုန်ဆွဖြစ်နေလေ၏။ချစ်သည်းရှင်တို့က သူ့ပစ္စည်းဆိုရင်တအားသိတတ်သည်။သူ့အသားထိမှနာတတ်ထင်တတ်တဲ့ တကယ့်ကလေးဆိုးမ။တခြားသူကို ရန်စရင် သူအကောင်း။အေး! ဟိုဘက်ကငြိမ်မခံနိုင်လို့နည်းနည်းလေးပြန်ချေပရင်ဖြင့် အာပြဲလျှာပြဲနဲ့ငိုယိုအော်ဟစ် တိုင်တန်းလို့ကိုမဆုံးတော့ပေ။ အခုလည်း တိုင်တန်းဖို့စစ်ကူခေါ်နေပြီဆိုပေမယ့် ဒါမျိုးတော့ လင်းညတို့ကရိုးနေပြီ။ရင်တောင်မခုန်ဘူး...အဟက်!
""ဟဲ့..ဟဲ့..သားနဲ့သမီးရေ
ဘာဖြစ်ကြပြန်ပြီလဲ""
ဟော! လာပါပြီ...လူဆိုးမရဲ့စစ်ကူတွေ။လူတွေမမြင်ရသေးခင် အသံတွေချည်းအရင်ရောက်လာပြီးမှ အနားသို့ကပျာကယာရောက်လာကြသော မိခင်နှစ်ယောက်က ဟိုဘက်မှာပဲဝန်းရံနေကြလေရဲ့။
""သမီးလေး...ဘာဖြစ်လဲ မေလေးကိုပြော
ကိုကိုက ဘာအနိုင်ကျင့်လဲ""
""ဟာ! သားကအရင်မစဘူးနော်
သူစတာ""
""အီး! ဟီး! ကိုကိုပေါ့
သမီးရဲ့အရုပ်မလေးကို အင်္ကျီဆွဲချွတ်တယ်။တစ်စစီလည်းဖြုတ်ပစ်တယ်""
""အဲ့ဒါနင်ငါ့စာအုပ်ကိုပြဲအောင်လုပ်လို့လေ""
""ဟယ်! အမလေး...သားစာအုပ်ကိုဖြဲပစ်တယ်ဟုတ်လား...ဒီကလေးတော့ငါလုပ်ရင်နာတော့မယ်...လာစမ်း ဒီကို!""
""လာဘူး...သမီးက ကိုကို့ကို ကောင်းကောင်းခေါ်တဲ့ဟာကို...သူအရင်အော်တာ မေမေရဲ့...။ အဲ့ဒါကြောင့်သမီးလည်း စိတ်တိုသွားလို့လုပ်မိတာပေါ့...ကိုကိုကအကြီးဖြစ်ပြီး ကလေးကိုဒီလိုလက်စားချေစရာလား""
အမလေး! လူကသာလက်တောက်လောက်နဲ့စကားလုံးကြီးတွေ ပစ်ပေါက်နေပြန်ပါပြီ။ ဒါက၆နှစ်သမီးပြောတဲ့စကားလား?သက်သက်လူကိုအမှုကြီးအောင်လုပ်နေတာ...
""သားရယ်..ဘာလို့ညီမလေးအရုပ်ကိုအဲ့လိုလုပ်ရတာလဲ...သားကအကြီးလေ ကိုယ့်ညီမလေးကိုညှာမှပေါ့""
""သားကိုပြောမနေပါနဲ့ ခင်လေးရယ်
သက်က ကိုယ့်သမီးအကြောင်းကိုယ်သိပြီးသား..နေရာတကာပြသာနာဆိုသူပဲစတာ""
""ဟင့်! မေမေကလည်း""
""မဟုတ်လို့လား""
သူ့အမေက ပိတ်အော်လိုက်တော့ ကလေးမခမျာမျက်နှာလေးငယ်သွားလေ၏။ဒီလိုမျိုးကျတော့လည်း လင်းည စိတ်မကောင်းနိုင်ပေ။ဆိုးလေးဘက်ကလွန်တဲ့ပြသာနာဆိုလည်းပဲ ကိုယ်ကအကြီးမို့ ကိုယ်ပဲလျှော့သင့်တာသိပါသည်။ ဘာမှကြီးမားလှသည့်ကိစ္စလည်းမဟုတ်တာမို့ မျက်နှာငယ်လေးကိုသနားမိသွားကာ ခေါင်းကိုငုံ့ချ၍...
""အန်တီသက်...ဆိုးကိုမဆူပါနဲ့တော့
သားမှားတာပါ...စာကပြန်ကူးလို့ရပါတယ်""
""ဟုတ်တယ်လေ...ကိုကိုမှားတာ""
ကြည့်! ဒီဘက်ကသူ့သနားလို့ စိတ်ပြေပေးရုံရှိသေး စကားသံကြားတာနဲ့ ချက်ချင်းဝင်ထောက်ခံပေးနေပြန်သည့် အဲ့ဒီ့လူဆိုးမလေးကသနားချင်စရာကိုမကောင်းတော့ပေ။
""လိလိမ္မာမ္မာနေလေ သမီးရယ်။ကိုကို့ပြောစကားလည်း နားထောင်။ သမီးရဲ့မမ စာမေးပွဲပြီးရင် မေမေတို့က အိမ်ပြောင်းကြတော့မှာ။အိမ်တင်မဟုတ်ဘူး မြို့ချင်း၊နယ်ချင်းပါကွဲကြမှာဆိုတော့ ထပ်ဆုံဖြစ်ဖို့သိပ်မလွယ်ဘူး""
""သားက ၁၂နှစ်တောင်ရှိနေပြီ။
ညီမလေးက၆နှစ်ပဲရှိသေးတာ ကိုယ့်ထက်အသက်ထက်ဝက်လောက်ငယ်တဲ့ကလေးကို အလျှော့ပေးမှပေါ့""
""ဟုတ်""
အမေနှစ်ယောက်လုံးကဝင်ဖြောင်းဖျလေတော့ နှစ်ယောက်သားငြိမ်သွားကြ၏။ဟုတ်ပါသည်...ဆိုးလေးတို့က မကြာခင် ရန်ကုန်ကိုပြောင်းကြတော့မည်လို့ လူကြီးတွေပြောတာ သူကြားမိပါ၏။မျက်နှာချင်းဆိုင်ရင် သိပ်ပြီးအဆင်ပြေလှတယ်မဟုတ်ပေမယ့် နွဲ့ဆိုးဆိုးသည့် ထိုကလေးမလေးကို သူကသိပ်ချစ်သည်။ခွဲလည်းမခွဲချင်ပေမယ့် ကံစီမံရာဖြစ်လာမှတော့ ဘယ်တတ်နိုင်ပါ့မလဲလေ။
လင်းညတို့က ဒီမြို့ကိုလွန်ခဲ့တဲ့ ၃နှစ်ကမှပြောင်းလာခဲ့ခြင်းဖြစ်ပြီး အဲ့ဒီ့တုန်းကဆို ဒီကလေးလေးအသက်၃နှစ်သာရှိသေးတာလေ။ လက်ပေါ်ပွေ့ချီလို့တောင်ရသေးတဲ့ အရွယ်လေးပေါ့။အခုတော့ ကတ်ကတ်လန် ရန်ပြန်တွေ့တတ်တဲ့အရွယ်တောင်ရောက်နေချေပြီ။ နေရာတကာမှာ အလိုမကျတိုင်းနှုတ်ခမ်းစူစူဖြင့် စိတ်ဆိုးစိတ်ကောက်တတ်သည့်ထိုကလေးလေးကို `နွဲ့ဆိုး´လို့နာမ်စားလေးသတ်မှတ်ပေးခဲ့သည်က လင်းညတစ်ဦးတည်းရဲ့မူပိုင်ဖြစ်ပြီး သူ့မိသားစုဝင်တွေအပြင် တခြားဘယ်သူကမှထိုနာမည်မခေါ်သလို `ဆိုး´ကလည်း လင်းညတစ်ဦးတည်းအတွက်သာ ထိုနာမည်လေးသုံး၍ပြောတတ်သည်က အကျင့်တစ်ခုလိုတောင်စွဲနေခဲ့ကြ၏။
""မေမေ...ဘာဖြစ်နေကြတာလဲ?""
""မမ!""
ရှင်ရှင်တို့ကတော့ အစ်မကိုတွေ့တာနဲ့ လှစ်ခနဲပြေးကပ်လေပြီ။ အားလုံးထဲမှာ သူ့ကိုအလိုအလိုက်ဆုံး၊သူ့ဒဏ်အခံနိုင်ဆုံးက ချစ်ကြိုးသွယ်တစ်ယောက်ပဲရှိလိမ့်မည်။အခုလည်းကြည့်! သူ့ညီမဘက်ပဲလိုက်ဦးမှာ..။
""ကြိုးလေးရော စာတွေရပြီလား""
""ဟုတ်...ကျက်နေတာပါပဲ မေလေးရယ်""
အမေးစကားကို ခေါင်းလေးငြိမ့်ကာ ရိုရိုကျိုးကျိုးပြန်ဖြေလိုက်သည့် ချစ်ကြိုးသွယ်က ချစ်သည်းရှင်နဲ့ညီအစ်မအရင်းလို့ပြောရင် ယုံနိုင်ဖွယ်တောင်မရှိ။လင်းညနဲ့အသက်ချင်းသိပ်မကွာပေမယ့် ကြိုးကလူကြီးဆန်ပြီး စာလည်းကြိုးစားသည်။စကားအပြောအဆိုကလည်း ယဥ်ကျေးတာမို့ လိမ္မာရေးခြားရှိတဲ့ သမီးလေးအဖြစ် အားလုံးရဲ့အချစ်ကိုခံရပြီး ချစ်သည်းရှင်ကတော့ ဂျစ်တိဂျစ်ကန် လူဆိုးမလေးမို့တစ်မျိုးအလိုလိုက်ကာချစ်ကြသည်။ဒီညီအစ်မနှစ်ယောက်က တကယ့်ကို မီးနဲ့ရေ၊အပူနဲ့အအေး ဆန့်ကျင်ဘက်တွေ။
""ဟော! ရှင်ရှင်လေးကြည့်ရတာငိုထားပြန်ပြီထင်တယ်...ပြော...မမရဲ့သည်းပေါက်လေးကိုဘယ်သူအနိုင်ကျင့်လဲ?""
တစ်ဖက်ကိုပြောရင်း လင်းညဘက်သို့မျက်လုံးလေးထောင့်ကပ်ကာ ကြည့်လာတာမို့ သူကနှုတ်ခမ်းမဲ့ရင်း ပခုံးတစ်ဖက်ကိုတွန့်ပြလိုက်သေး၏။ပြီးမှ...
""ငါ့ကို လာမကြည့်နဲ့
နင့်ညီမအကြောင်းနင်မသိလို့လား""
""ကဲ! တော်ကြတော့
ညနေစောင်းနေပြီ အိမ်ပေါ်တက်မယ်
ရှင်ရှင် သမီးရဲ့ကစားစရာတွေသိမ်း""
အမေတွေရဲ့ပွဲသိမ်းအမိန့်သံထွက်လာမှပဲ သုံးယောက်သား လူစုခွဲရတော့သည်။ သိမ်းဆိုလည်း စကားနားထောင်လှသည့် ကလေးမကအိမ်ထဲသို့ တစ်ချိုးတည်း လှည့်ပြေးလေ၏။ခြံချင်းကပ်လျက်နေကြတာမို့ ဆိုးက ဒီဘက်စည်းရိုးနားအထိလာဆော့တတ်သလို တစ်ခါတစ်လေလည်းအိမ်ပေါ်အထိတက်ဆော့သည်။ အခုလည်း သူဖွထားသည့် ကစားစရာတွေက ဒီဘက်အိမ်အထိတောင်ရောက်တော့မှာမို့ ကျန်နေခဲ့သည့် ချစ်ကြိုးကပဲအကုန်လုံးကို လိုက်သိမ်းဆည်းလေ၏။ သူနဲ့ကတော့ သူငယ်ချင်းပေါင်း ပေါင်းလို့ရကာ အနေအေးသည့်ကောင်မလေးမို့ စကားပြောလို့လည်းအဆင်ပြေ၍ တော်သေးသည်။ နွဲ့ဆိုးလိုအချိုးလေးပဲဖြစ်နေရင် မလွယ်ဘူးလေ...။
""ည...နင်ရောကျူရှင်မသွားဘူးလား""
""ငါက ဒီနေ့ပိတ်တယ်လေ""
""သြော်...ဟုတ်သား
ဒါနဲ့ ရှင်ရှင်ကဘာဖြစ်လို့ငိုတာ?
နင် ကလေးကိုဘာသွားစပြန်ပြီလဲ""
""သူ့အကြောင်းမသိတာမှတ်လို့
ငါ နင့်ညီမကိုတစ်ခါမှမစဘူး...""
""ဟီး!အဲ့ဒါတော့ ဟုတ်တယ်
သူကတကယ့်အမွှေလေး...ငါလည်းမနည်းထိန်းရတာ
မနိုင်ပါဘူးဟယ်...ကျောင်းတက်ရင်တော့ရန်ပွဲတွေတစ်သီကြီးလိုက်ရှင်းရမလားဘဲ...လက်ကလည်းမြန်မှမြန်""
""သိပါ့...ကြီးလာရင်မလွယ်ဘူး
သူယူမယ့်ယောကျ်ားအတွက် ငါရင်လေးတယ်""
""ဟဲ့...ကလေးကို ပေါက်ပေါက်ရှာရှာ""
လက်မောင်းကို ဖျတ်ခနဲရိုက်တော့ သူကရယ်နေလိုက်သေးသည်။ဒီလိုပါပဲ...ချစ်ကြိုးနဲ့ညကတော့ ငယ်သူငယ်ချင်းသံယောဇဥ်လေးဖြင့် ခိုင်ခိုင်မာမာရင်းနှီးနေခဲ့ကြသည့်အပြင်တစ်ခါမှလည်း စိတ်ဆိုး၊စိတ်ကောက်ခြင်းတောင် မရှိဖူးကြသည့်သူငယ်ချင်းတွေပေါ့။
~~~~ 🍬🍬🍬🍬 ~~~~
""ပစ္စည်းတွေကို ဖြေးဖြေးရွှေ့နော်
ပန်းအိုးကကွဲသွားမယ်..ဖြေးဖြေး""
နောက်ဆုံးတော့ သူ မရောက်ချင်သည့်နေ့ကို တကယ်ရောက်လာခဲ့ပြီ။ ဒီနေ့ ဆိုးလေးတို့တစ်မိသားစုလုံးရန်ကုန်သို့ပြောင်းကြတော့မည်တဲ့! ဒီမှာလည်း လုပ်ငန်းတွေရှိပေမယ့် ရန်ကုန်မှာပဲအခြေချတော့မှာမို့ ကျန်ခဲ့ရမယ့်သူအနေနဲ့ ဘယ်လောက်ကြာမှပြန်တွေ့နိုင်တော့မည် မသေချာပါ။ဖြစ်နိုင်တာက တစ်သက်လုံးပြန်မတွေ့ကြတော့ရင်ရော? ဆိုးကအရမ်းငယ်သေးတာဆိုတော့ အနားမှာမြင်တွေ့ဖန်မများတော့ရင် ကလေးလေးက ဒီအစ်ကိုကိုမေ့သွားတော့မှာပေါ့...။
""ဟင်း!""
တစ်ဖက်ခြံမှပစ္စည်းတွေ ရွှေ့ကာ ကားပေါ်တင်နေသည့်မြင်ကွင်းကိုကြည့်ရင်း အသက်နဲ့မလိုက်ဖက်အောင် သက်ပြင်းကြီးချမိသူက `လင်းညရိပ်´ရယ်ပါ။ သူများတွေအလုပ်ရှုပ်နေတာဆိုတော့ အနားသွားရင်လည်း အနှောင့်အယှက်ဖြစ်မှာစိုး၍ ခပ်လှမ်းလှမ်းကသာ ရပ်ကြည့်နေစဥ်...
""ကိုကို...အဟင့်! ဟင့်! ဟီး!
ဆိုး အိမ်မပြောင်းချင်ဘူး...မေမေတို့ကိုပြောပေး""
အနားသို့ပြေးလာကာ ပူဆာနေသည့် နွဲ့ဆိုးကြောင့် သူလည်းစိတ်မကောင်းနိုင်ပါ။နဂိုကတည်းကမှ ကိုယ်လည်းမခွဲချင်ပါဘူးဆိုနေ...အခုတော့ဒီကလေးက ဝမ်းနည်းပက်လက်လာငိုနေတော့တာ။သူ့ထက်အကြီးဆိုပေမယ့်လည်း တကယ်တော့ကိုယ်လည်း ကလေးပဲဟာ...ဘာများပြောနိုင်ပါ့မလဲ?
သို့ပေမဲ့ ငိုနေသူလေးစိတ်ကျေနပ်အောင်တော့ အနားမှာ ဒူးထောက်ထိုင်ချရင်း ပါးဖောင်းဖောင်းလေးတွေ ဖျစ်ညှစ်၍ ဖွဖွနမ်းလိုက်ပြီး...
""မငိုနဲ့နော်...တိတ်!
ဆိုးလေးကလိမ္မာရဲ့သားနဲ့""
""ကိုကိုက `ဆိုး´နဲ့ခွဲရမှာနည်းနည်းတောင်ဝမ်းမနည်းဘူးလား...ဘာမှန်းလဲမသိဘူး""
""ကလေးရယ်...ကိုကိုလည်းမခွဲချင်ပါဘူး
ပြီးတော့ `ဆိုး´လေးအခုလိုငိုနေတာကလည်း တကယ်မသွားကြည့်ရသေးလို့ပါ။ဟိုမှာကလေ ကစားကွင်းတွေလည်းအများကြီးရှိတယ်...ပြီးတော့`ဆိုး´ကကျောင်းလည်းတက်ရတော့မှာ အဲ့ခါကျ သူငယ်ချင်းအသစ်တွေလည်းအများကြီးရလာမှာ""
""တကယ်ပြောတာလား""
""အင်းပေါ့""
သူငယ်ချင်းရမယ်ဆိုခါမှ အငိုတိတ်ကာငြိမ်သက်သွားတော့၏။တစ်ဖက်မှာလည်း မိဘတွေချင်းနှုတ်ဆက်စကားဆိုနေကြလေပြီ။
""ရှင်ရှင်...ညီမလေးရေ
မေမေခေါ်နေပြီ""
အသံနဲ့အတူ အနားသို့ရောက်လာသည့် ချစ်ကြိုးက အဖြူရောင်ဂါဝန်အရှည်လေးဖြင့် သိမ်သိမ်မွေ့မွေ့လေးလျှောက်လာကာ သူ့ညီမကိုလာခေါ်သံလေးကအစ သာယာနွဲ့နှောင်းနေ၏။ထို့နောက် လင်းညဘက်သို့ အပြုံးလေးဖြင့်လှည့်ကြည့်လာကာ...
""ည...နင်လည်းစာကြိုးစားနော်""
""အင်းပါ...နင်ကလည်း
စာအကြောင်းကလွဲပြီးမပြောတတ်တော့ဘူးလား""
""ဒါဆိုလည်း ကျန်းမာရေးဂရုစိုက်""
""အင်း""
""မမပဲလိုက်သွား...ရှင်ရှင်တော့ ဒီမှာပဲနေခဲ့မှာ""
ရော်! ဒီကလေးငြိမ်နေရာက ထဖောက်ပြန်ပြီ။အနားမှာ အရုပ်လေးပိုက်လျက်ရပ်နေရင်းမှ မြေပြင်ပေါ်ဝုန်းခနဲထိုင်ချကာ ဆန္ဒပြလေတော့ မိဘတွေကပါ အနားသို့ရောက်လာ၏။
""သမီး...မြေကြီးပေါ်မထိုင်နဲ့လေ
အကုန်ပေတော့မယ်...ထ!""
""ဟင့်အင်း! သမီးဒီမှာပဲနေခဲ့တော့မှာ
မေမေတို့ပဲအိမ်ပြောင်း""
""ဟယ်! ဒီကလေးနဲ့တော့""
""အမလေး! သက်ရယ် ကြည့်ဦး ရုပ်လေးက
တကယ်နေခဲ့မယ့်ပုံနဲ့""
""တကယ်နေခဲ့မှာ...သမီးကို မေလေးတို့ခေါ်ထားလိုက်တော့...နော် နော်""
ကလေးပီပီ သူ့ဖြစ်ချင်သည့်ဆန္ဒကိုသာဇွတ်အတင်းပူဆာနေခြင်းမို့ လူကြီးတွေမှာ အသည်းတယားယားဖြင့်ရယ်ချင်နေရ၏။သူကတော့တကယ်ကို ဆုံးဖြတ်ထားသည့်မျက်နှာပေးဖြင့် ပေကပ်နေကာ ထိုနေရာမှမထတော့ပေ။
""မေလေးတို့လည်း ဒီသမီးလေးကိုချစ်လွန်းလို့အပြီးအပိုင်ခေါ်ထားချင်တာပါကွယ်...အခုတော့ခဏလေးလိုက်သွားဦးနော်""
""သမီးက ကိုကိုနဲ့မခွဲနိုင်လို့ပါ""
""သြော်! ငါ့သမီးကတော့ စံပဲဟေ့!
အဖေအမေတွေနဲ့ခွဲလည်းရတယ်ပေါ့ ဒီလိုလား""
""ဟင့်...အဲ့လိုလည်းဟုတ်ဘူး""
အဖေကပါဝင်ပြောလာတော့ အားလုံးကလည်းဝိုင်းရယ်ကြပေမယ့် အတွေးခက်နေသည့်ကလေးကတော့ မျက်နှာငယ်လေးနှင့်...။ဒီတော့သူကပဲ လက်သေးသေးလေးကို ဆွဲကာ အနားသို့သွားထိုင်၍ ချော့မော့ရပြန်သည်။အိမ်မပြောင်းချင်သည့် အကြောင်းအရင်းကြီးက ကိုယ်ဖြစ်နေပြီလေ...။
""ဆိုးရယ်...ကိုကိုတို့ကအပြီးခွဲရမှာမဟုတ်ဘူး
ပြန်တွေ့မှာ...အခုမှအသက်ငယ်ငယ်လေးပဲရှိသေးတာ...နောက်တော့ လူကြီးဖြစ်လာတဲ့အခါ ကိုကိုက ဟောဒီ့အဆိုးလေးရှိတဲ့နေရာကိုလာရှာမယ် ဟုတ်ပြီလား""
""တကယ်နော် ကိုကို""
""အင်း...ကတိ
လာ လက်ပေး""
လက်လေးတစ်ဖက်အား ဆွဲယူလျက် လက်သန်းလေး၌ သူ့လက်ကိုချိတ်တွယ်ပေးလိုက်တော့ သဘောတကျပြုံးလာသည့်မျက်နှာလေးမှာ မျက်လုံးလေးတွေကလည်းတလက်လက်တောက်လာ၏။ထိုစဥ် ချစ်ကြိုးကပါအနားသို့ရောက်လာ၍...
""နင်က ရှင်ရှင့်ကိုပဲရှာမှာလား
ငါ့ကိုရော??""
""နင်တို့ကညီအစ်မတွေပဲ
တစ်ယောက်ကိုတွေ့ရင် နောက်တစ်ယောက်လည်းတွေ့မှာပေါ့""
ထိုသို့ဖြေတော့ သူငယ်ချင်းမလေးရဲ့မျက်နှာက သိသိသာသာညိုးကျသွားတာကို လင်းညသတိထားမိလိုက်ပါ၏။ထို့ကြောင့် အနည်းငယ်အားနာသွားမိကာ နောက်လက်တစ်ဖက်ကိုကမ်းပေးလိုက်ရသည်။ ဒီတော့မှ ကြိုးရဲ့မျက်နှာလေးပြုံးလာပြီး လက်ချောင်းဖြူဖြူလေးက သူ့ရဲ့ညာဖက်လက်၌ထပ်၍ ချိတ်တွယ်လာပြန်သည်။
""ငါတို့ပြန်တွေ့ကြမယ် နော်""
သူ့ထံသို့ တည့်တည့်ကြည့်ရင်း ပြောလာသည့် ကြိုးကို အလိုက်သင့်ပြုံးပြ၍သာ ခေါင်းငြိမ့်လိုက်ရ၏။နွဲ့ဆိုးလေးကတော့ ဘာမှနားမလည်စွာ လိုက်ပြီးခေါင်းငြိမ့်နေပြန်သည်။သို့နှင့် သူ့ရဲ့လက်နှစ်ဖက်စလုံးမှာ ကလေးမလေးနှစ်ယောက်ရဲ့ လက်ချောင်းသေးသေးလေးတွေပြိုင်တူချိတ်ထားကြရင်း မိုးမြေမဆုံးသရွေ့ တစ်နေ့တစ်ချိန်ပြန်ဆုံတွေ့ဖို့ ကတိပြုခဲ့ကြသော ထိုနေ့ရက်လေးကိုကျော်လွန်ခဲ့ပြီးသည့်နောက်....။
~~~~ 🍬🍬🍬🍬 ~~~~
အခန်း - [ ၂ ]ဆက်ရန် ~~
Readers/Writersလေးတွေအားလုံးက VIPပါ
Writer - WineSatt Cho(🍋Lëmoñ🍋)