တောင်ချောင်
----------------
" အ မယ် လေး "
" မ လုပ် ပါ နဲ့ "
" သေ ပါ ပြီ " ဆိုတဲ့ အသံကြားတော့မှ ကျွန်မတို့လည်း အိပ်ရာကလန့်နိုးရော…
ကျွန်မတို့ရောက်ပြီး သိပ်မကြာပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့ကောင်းတုန်း နောက်ဘက်အိမ်က စူးစူးဝါးဝါး အော်သံတွေ ကြားရတယ်။ ဆက်အိပ်လို့မရတဲ့အတူတူ နားစွင့်နေလိုက်တယ်။
ဘာများ ဖြစ်သလဲ ပေါ့။
သွားလေသူ ထားခဲ့တဲ့ အိုးခွက် ပန်းကန်လေးတွေ လေပေါ် ပျံတက်သွားတယ် ထင်ပ။ ဂလုံ ဂလွံနဲ့ ထရံပေါက်ကနေ ကျွန်မတို့အိပ်ရာထဲ လွင့်ပျံကျလာမလားတောင် စိုးရတယ်။
ကျွန်မတို့အိမ်က သူတို့အိမ်ရဲ့ အနိမ့်ပိုင်းမှာ။ တောင်တွေကို ညီညာအောင် ညှိရင်း တဝိုင်းနဲ့တဝိုင်း တအိမ်နဲ့ တအိမ် အရှေ့ကအနောက် တောင်မှမြောက် မသိမသာလေး နိမ့်ဆင်းသွားတယ်။ အရပ်မျက်နှာနဲ့ ကြည့်မယ်ဆိုရင် ကျွန်မတို့အိမ်က သူတို့တို့အိမ်ရဲ့ မြောက်ဘက်မှာ။
သူတို့အိမ်ရဲ့ အနောက်ဘက်က သူတို့နဲ့ ဘဝတူ ရဲဘော်ရဲဘက်တွေ အပြေးချီတက်လာပြီး ဆွဲသူက ဆွဲ။ ချုပ်တဲ့သူက ချုပ်။ ထုံးစံအတိုင်း မကြားဝံ့ မနာသာတွေပေါ့။
သြော် ရန်သတ်ကြပြန်တာကိုး …
သူတို့ အဲ့လိုသတ်နေတော့ ပူပူနွေးနွေး မိတဆိုးသားလေးလည်း မျက်စိသူငယ် နားသူငယ်နဲ့ ဘယ်ချောင်မှာ ကပ်နေတုန်း မသိ။
သူတို့ ရန်သတ်တာ သံစုံ တီးဝိုင်းလည်းပါတော့ ပိုမြိုင်တယ်။ အိမ်မှာရှိတဲ့ သွားလေသူအမရဲ့ အမွေပစ္စည်း တခုမှ အကောင်းတိုင်း မတွေ့ရ။ ထုရိုက် ကိုင်ပေါက်ထားတာ အကုန်ပိန်လိန် ရွဲ့စောင်းပြီး ချိုကျိုး နဲ့ နားရွက်ပဲ့။
ညအချိန်မတော် လူသူလေးပါး အိပ်လို့ကောင်းတုန်းအချိန် လက်ပံပင် ဆက်ရက်ကျတယ် ဆိုတာထက် အပြန်တစ်ရာမကအောင် ဆူညံလို့နေပါတယ်။
အုတ်နီခဲစာ တုတ်စာပါ ကျွေးလိုက်တော့ မိန်းမဖြစ်သူခမျာ ထိပ်ပေါက် ခေါင်းကွဲ သွေးသံ တရဲရဲ ။
" နင့် ငါ မပေါင်းနိုင်ဘူး "
" ပြန်မယ် " ဆိုပြီး
မိန်းမဖြစ်သူ အချိန်မတော် အိမ်ပေါ်က ဆင်းသွားတော့ နောက်က လိုက်ခေါ်တဲ့သူက ခေါ်။ ခနဏကြာတော့ ပြန်ပါလာရော။ သူ့ဇာတိက မင်းဘူးနားက ကျောင်းတော်ရာ။
ယောက်ျားဖြစ်သူက သူပေးခဲ့တဲ့ ဒဏ်ရာတွေကို ကိုယ်ဖိရင်ဖိ ပြုစုပေးလိုက်တာ လာဆွဲတဲ့သူတွေမှ အိမ်ပြန်မရောက်သေးခင် နဂို အခြေအနေမှန်ကို ပြန်ရောက်သွားကြတယ်။
သူတို့က နဂို အခြေအနေမှန် ပြန်ရောက်သွားကြပေမယ့် ကျွန်မတို့မှာ ပြန်မရောက်နိုင်သေး။
မျက်လုံးဖွင့်ပြီးတော့ပဲ အိပ်ကြည့်ရတော့ မလိုလို ။
တို့တော့ အိမ်ငှားတာ နေရာအရွေး မှားပြီလို့ တွေးရင်း ပြန်အိပ်ပျော်သွားတာ မိုးလင်းလို့လင်းမှန်းပင် မသိ။
ဝန်ထမ်းဘဝ အခြေမကျလို့ မကြာခဏ ပြောင်းနေရတဲ့ကြားထဲ။ ရောက်လို့ဖြင့် မကြာသေး ဒုက္ခ နဲ့လှလှက လာမိတ်ဆက်နေလေရဲ့။
ပစ္စည်းတွေ နေရာချပြီးမှ နောက်တနေရာလဲ ထပ်မပြောင်းချင်။ အိမ်ပြောင်းရွှေ့ရတဲ့ ဒုက္ခသုက္ခ အခက်အခဲပေါင်း သောင်းခြောက်ထောင် ပြောင်းဖူးတဲ့သူတိုင်း သိကြမယ် ထင်ပါတယ်။
ကျွန်မ မနက်အိပ်ရာနိုးတဲ့အခါ သူတို့အိမ်ဘက် လှမ်းကြည့်မိတော့ မီးခိုးရယ်မှ တလူလူ။
သူတို့မဟုတ်တဲ့အတိုင်း။
ရေနွေးအိုးတည် ထမင်း ဟင်း ချက်ပြုတ်ပြီး လင်မယား နှစ်ယောက်သား တောထဲ ထင်းခွေသွားကြရော။
###
သူတို့လင်မယား ရန်သတ်ပုံကတမျိုး။
ရန်သတ်တာနဲ့မတူပဲ အချစ်စမ်းတာနဲ့တောင် တူနေပြန်သေး။
သူတို့ အချစ်စမ်းတာကလည်း စမ်းပဲ စမ်းနိုင်ကြလွန်းတယ်။
နေ့စဉ်ရက်ဆက် မကြာ မကြာဆိုသလို။
တခါတခါ နေ့ဘက်။ တခါတရံ ညဘက်။
ကျွန်မတို့ညအိပ်ရာဝင်ချိန် ဘာသံမှမကြားရပဲ တိတ်ဆိတ်နေတတ်ရင်
" တို့တော့ ခုည အေးဆေး အိပ်ရေးဝဝ အိပ်ရပြီ " လို့
ကျွန်မမှာ ပြောရင်းနဲ့ပျော်။
ပျော်ရင်းနဲ့ပြောပြီး ဝမ်းသာအားရ စောင်ခြုံကွေးပလိုက်တယ်။
ဒါပေမယ့် တချို့ညတွေ ကျွန်မဆုတောင်းမပြည့်ခဲ့။
အော်သံကြားလို့ လန့်နိုးပြီး တော်တော်နဲ့ အိပ်မရ။ မျက်လုံးကြောင်ပြီး ဟိုဘက်စောင်းလိုက် ဒီဘက်လှည့်လိုက်နဲ့ သက်ပြင်းသာ အခါခါ ချနေရတော့တယ်။
တခါတလေ လက်ထဲမှာ ဓါးတဝင့်ဝင့်။
လက်ထဲကဓါးနဲ့ မိန်းမဖြစ်သူကို ထိုးတော့မလား …ထိုးချလိုက်တော့မှာလားနဲ့…ဘေးက ကြည့်ရတဲ့သူမှာ သည်းတထိတ်ထိတ် ရင်တဖိုဖို။ လျှို့ဝှက်သည်းဖို ရုပ်ရှင်ဇာတ်ဝင်ခန်း ကြည့်နေရသလို။
ဒါပေမယ့် လူရှိန်ကောင်းအောင် ဖိန့်ရုံသာ။ တခါမှ ဓါးနဲ့ ထိုးတာ မတွေ့ခဲ့ရ။
နေ့ဘက်ဆိုရင် ဆွဲတဲ့သူတွေရော ရပ်ကြည့်တဲ့သူတွေပါ ရန်ပွဲနဲ့ ဇာတ်ပွဲ မှားရောက်လာသလား မှတ်ရတယ်။
ကျွန်မသမီးကလည်း မကြောက်မလန့်အိမ်နောက်ဖေး စိန်မျက်ခုံးပင်တွေကြားမှ ကျောက်တုံးကြီးပေါ်မယ် အထူးတန်းက နေရာယူပြီး သွားအားပေးနေတာ။ ရန်ပွဲပြီးရင် အိမ်ထဲ ပြန်ဝင်လာပြီး သူမြင်သမျှ တွေ့သမျှကို ဖြစ်ကြောင်းကုန်စင် ပြန်ဖောက်သည်ချ။ ဟိုကပစ်လိုက်တဲ့ တုတ်တွေ ဓါးတွေ သူ့မှန်မှာစိုးလို့ နောက်သွားမကြည့်ဖို့ မှာထားရတယ်။
###
မတ်လကုန်ခါနီး နွေရာသီ အညာဘုရားဖူး ထွက်လာကြတဲ့ ကျွန်မမွေးဇာတိက အမျိုးတွေ ပုပ္ပါးကိုဝင်မယ့်အကြောင်း ဖုန်းဆက် အကြောင်းကြားလာပါတယ်။ တနယ်တကျေးမှာ အနေကြာလာပြီး အမျိုးငတ်နေတဲ့ ကျွန်မ။ အမျိုးတွေနဲ့ ပြန်တွေ့ရတော့မယ်ဆိုတော့ ပျော်တာပေါ့။ အနောက်စျေးတန်းမှာ သွားစောင့်နေခဲ့ပြီး သူတို့ကားလေးနဲ့ တောင်ကလပ်လိုက်ပို့ပြန်ဆင်းလာတော့ နေအတော်စောင်းနေပြီ။ သူတို့က ပုဂံညောင်ဦးထိ ခရီးဆက်မယ်လုပ်နေလို့ ပုပ္ပါးမှာညအိပ်ပြီးမှ မနက်စောစောထသွားဖို့ ပြောရတယ်။
ကျွန်မအိမ်က ကျဉ်းလည်းကျဉ်းတာကြောင့် ခရီးဝေးကလာရတဲ့ သူတို့မိသားစု လွတ်လွတ်လပ်လပ် သက်တောင့်သက်သာမဖြစ်မှာ အားနာတယ်။
လူကြီးလည်း ပါလာတဲ့အတွက် ကျွန်မတို့အိမ်ထက် ပိုကောင်းမယ်ထင်တဲ့နေရာမှာ တည်းခိုစေချင်တဲ့ စေတနာနဲ့ ပြောကြည့်တယ်။ ရွာအဝင် ကျွန်မတို့အိမ်နဲ့လည်းနီးတဲ့ ပြည်အောင်စံ ဘုန်းကြီးကျောင်းမှာ လုံးချင်း တိုက်ကလေးတွေရှိတယ်။ ဆရာတော်နဲ့ ကျွန်မခင်ပွန်းကလည်း ရင်းနှီးတဲ့အတွက် အဲဒီမှာ စီစဉ်ပေးမယ့် အကြောင်းပြောတာ သူတို့က လက်မခံ။
" ကျဉ်းပစေ "
" နင်တို့အိမ်မှာ ဘယ်လို နေရ နေရ "
" ဒီလိုပဲ ပြားလျား တိုးခွေ့ပြီး အိပ်ကြတာပေါ့ " ဆိုပြီး
ကျွန်မတို့အိမ်မှာပဲ တစ်ည တည်းခို ခဲ့ပါတယ်။
###
အဲဒီ အရပ်ဒေသမှာ သစ် ဝါး ရှားပါတယ်။ ခြေတံရှည် အိမ်မြင့်မြင့်လေးတွေ ဆောက်ထားတတ်ပြီး သွပ်မိုး ပျဉ်ကာထက် ဝါးထရံကာတာ ပိုများတယ်။
သစ်ပင်ကြီးကြီးမားတွေ ရှိရင်လည်း နွေခါ အရိပ်ကောင်းရအောင် မခုတ်ပဲ ထားတတ်ကြတယ်။ မဖြစ်မနေ ခုတ်ရပြီဆိုရင်တောင် ကိုယ်တိုင်မခုတ်ပဲ ဘုန်းကြီးကျောင်းအတွက် ထင်းအဖြစ်သုံးရအောင်ဆိုပြီး ပေးလှူတတ်ကြပါတယ်။
ရွာထဲက လူတချို့ ပြောကြတာကတော့ သစ်ပင်ခုတ်ရင်
" နတ်ကိုင်မှာ " ကြောက်ကြသတဲ့လေ
လူတွေက နတ်ကိုင်မှာ ကြောက်ရှာတော့ ကျောင်းက ကိုယ်တော်တွေခမျာ သင်္ကန်းတလွှားလွှားနဲ့ ဓါးကိုင်သူကိုင် လွှကိုင်တဲ့သူကိုင်နဲ့။ သင်္ကန်းခံတောင်းကျိုက်ပြီး ကိုယ်တိုင်တက်ခုတ်။ ဖြတ်ကြ တောက်ကြ ခုတ်ကြထစ်ကြနဲ့ပေါ့။
ကျွန်မတို့ဝိုင်းထဲမှာလည်း ရွေးပင်နဲ့ပိန္နဲပင် အပင်ကြီး နှစ်ပင်ရှိတယ်။ ရွေးပင်က အတော်ကြီးပြီး လူနှစ်ကိုယ်စာ ဖက်လို့တောင် မီမယ်မထင်။
မိုးသက်လေပြင်းကျရင် ကျွန်မ နဲနဲတော့ ကြောက်မိသား။ အိပ်ပျော်နေတုန်း အဲဒီအပင်ကြီးသာ ကျွန်မတို့ အိမ်လေးပေါ် ကျိုးကျလိုက်ရင်ဖြင့် အသက်နဲ့ကိုယ် အိုးစားကွဲပြီမှတ်။
ကျွန်မတို့အိမ်လေးက တခြားအိမ်တွေလို ခြေတံရှည် အမြင့်မဟုတ်ပဲ တထပ်နိမ့် သုံးပင်အိမ်လေး။
အိမ်ရှေ့ အလယ်ဝင်ပေါက် တခန်းကို ဖိနပ်ချွတ်သဘောမျိုး လှပ်ထားတယ်။ အဲဒီ ဖိနပ်ချွတ်ရဲ့နောက်ကအခန်းကို ကျွန်မက ထမင်းစားခန်းအဖြစ်သုံးပြီး ခြေရင်းဘက် နှစ်ခန်းကို အိပ်ခန်းအဖြစ်သုံးတယ်။ ခေါင်းရင်းဘက် သုံးခန်းတွဲမှာ တီဗွီစင် ဘုရားကျောင်းဆောင်နဲ့ ညအိပ်ဧည့်သည် လာတဲ့အခါ သိပ်ပါတယ်။
ဆရာမတို့မိသားစု ကျွန်မအိမ်မှာ တစ်ညတည်းတော့ ခေါင်းရင်းနှစ်ခန်းအပြည့် အိပ်ရာတဆက်ထဲ ပြင်ပေးလိုက်တယ်။ အားလုံးပေါင်း ခြောက်ယောက်။ သူတို့ပြောသလိုပဲ ပြားအိပ်ကြရတာပေါ့။
ကျွန်မ သေတ္တာထဲက စောင်တွေ အကုန်ထုတ်လာတော့ သူတို့က
" နေပစေ ရတယ်...မချမ်းဘူး " လုပ်နေသေးတယ်
ပုပ္ပါးနွေ စောင်ခြုံ မလွတ်တာ သူတို့ မသိကြလို့။
ကျွန်မပြောင်းတုန်းက စောင်တွေ သေတ္တာ တလုံးစာလောက်ပဲ ပါသွားတာ။ ပုပ္ပါးရောက်မှ သေတ္တာနှစ်လုံးတောင် မဆန့်ချင်တော့။ ပုဂံမှာ အာနန္ဒာပွဲစျေး လျှောက်တဲ့အခါတိုင်း ကျွန်မ စောင်ဝယ်ပြန်တာ။
နွေရာသီတောင် စောင်ခြုံ မလွတ်မှတော့
ဆောင်းလဆိုရင် ကျွန်မ ဝယ်ထားတဲ့ ဂွမ်းကပ်တွေရော စောင်တွေပါ သေတ္တာထဲကနေ အိပ်ရာထဲ အကုန်ခုန်ထွက်ရတာဘဲ။
တောင်ကလပ်ကနေ ကျွန်မတို့အိမ်ရောက်တော့ နဲနဲ မှောင်ရီပျိုးနေပြီ။ ရေချိုး ညစာ စားသောက်ပြီးကတည်းက ကျွန်မ ဆရာမက တီဗွီစင်နားကပ်ပြီး ကွေးကွေးလေး နေရာယူတော့တာပဲ။
အိပ်ရင်းကနေ တချက် တချက် ခေါင်းထောင်ပြီး မေးလိုက်သေးတယ်။
" ဘယ်သူ ဘယ်သူ ရသွားလဲ ဟေ " ဆိုပြီး
ကျွန်မက ပြန်ဖြေလိုက်။ သူက ပြန်အိပ်လိုက်။
ခဏကြာ ခေါင်းထောင်လာလိုက်။ မေးလိုက် ဖြေလိုက် ပြန်အိပ်လိုက်။
အဲဒီညက အကယ်ဒမီပေးပွဲည။
သက်မွန်မြင့် အကယ်ဒမီရတဲ့ နှစ်ပေါ့။
လူက ခရီးပမ်းလာလို့ အိပ်ချင်နေတာတောင် ဖြောင့်ဖြောင့်တန်းတန်း မအိပ်နိုင်။ အနုပညာမြတ်နိုးသူကြီးက စောင်ခြုံထဲက အားပေးဖော်အရသား။
ဆရာမ ညီမ မဦးတို့ဇနီးမောင်နှံနဲ့ ကျွန်မက တီဗွီကြည့်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလိုက် ရယ်လိုက်နဲ့ ညဉ့်လည်း အတော်နက်လာပြီ။
သူတို့ မနက်နေမပူခင် ပုဂံညောင်ဦးဘက် ခရီးဆက်ရမှာမို့ တီဗွီလည်း ပိတ် မီးတွေလည်း မှိတ်။
ကျွန်မ စိတ်ထဲမတော့
" ဒီည ဧည့်သည်တွေ အေးအေး ဆေးဆေး နားရပြီပေါ့ " လို့ တွေးရင်း
ကျွန်မလည်း စိတ် အေး ချမ်းသာစွာ နဲ့ အိပ်ရာ ဝင်လိုက်တယ်……
K.M.H
( 23.9.2020 )
photo # credit