book

Index 2

အပိုင်း (၂ )

တောင်ချောင် 

----------------


" ဟီး  " 


"  ဟီး  "


ပုပ္ပါး တောဇရွာထဲက ကျွန်မတို့နေထိုင်မယ့်အိမ်လေးဆီ စပြောင်းလာတဲ့ ည...


အချိန်က နေဝင်ဖြိုးဖျ။ 

အနောက်ဘက်အိမ်မှ ကလေးတစ်ယောက်ရဲ့ ငိုရှိူက်သံ  တိုးတိုးလေး ကြားနေရတယ် …


လူတွေ ရုတ်စု ရုတ်စု ဝင်လိုက်ထွက်လိုက်နဲ့ သွားလာ လှူပ်ရှားနေကြတဲ့ အသံတွေပါ ကြားနေရတယ်။


"  ဘာသံတွေပါလိမ့်  "


"  ဘာဖြစ်လို့ပါလိမ့်  "  တွေးရင်း 


နယ်မြေအသစ်ကို စူးစမ်းချင်စိတ်နဲ့ ကျွန်မ အိမ်အနောက်ဘက်  ပြတင်းတံခါးကို အသာဖွင့်ကြည့်လိုက်တယ်။ ဟိုတစု သည်တစုထိုင်ပြီး တီးတိုးပြောနေကြတဲ့ မိန်းမတသိုက်ကို ရေးတေးတေးမြင်ရတယ်။ သူတို့ပြောတဲ့စကားသံတော့ သဲသဲကွဲကွဲ မကြားရ။ 


သူတို့အားလုံး အမှောင်ထဲမှာ။ 

အဲဒီအိမ်မှာ လျှပ်စစ်မီးအလင်းရောင် မတွေ့ရ။ 


ကျွန်မအပြင်ထွက်ပြီး သိချင်စိတ်နဲ့ ဘေးအိမ်ကို စနည်းနာကြည့်တဲ့အခါ 


"  လူသေတာ  "  တဲ့ …


###


ကျွန်မခင်ပွန်းက ကြိုးတစ လှမ်းပေးပြီး မီးတပွင့် သွယ်ပေးလိုက်တော့ သူတို့မျက်နှာပေါ်မယ် ပြုံးပန်းတွေ ဝင်းထိန်သွားကြတယ်။ ဖွင့်မပြောပေမယ်လို့ ညှိူးငယ်တဲ့ မျက်ဝန်းတွေထဲမှာ ကျေးဇူးတင်တဲ့ အရိပ်လက္ခဏာ လှစ်ခနဲ မြင်လိုက်ရပါတယ်။ 


ကျွန်မတို့ ခြံဝိုင်းအစပ် အိမ်နောက်ဖေးဘက် သြဇာပင်မှာ ချိတ်ဆွဲထားတဲ့ မီးအလင်းရောင်ကြောင့် သူတို့ဘက်က လှူပ်ရှား သွားလာနေတာတွေ ကျွန်မတို့ အိမ်လေးပေါ်ကနေ  အတိုင်းသား မြင်နေရတော့တယ်။


ခဏကြာတော့ လူမှူကူညီရေးအသင်းမှ  နာရေးကားတစီး ကျွန်မတို့အိမ်ရှေ့လမ်းထောင့်မှာ ထိုးရပ်သံ ကြားရပြန်တယ်။ 


ကျွန်မတို့အိမ်ခေါင်းရင်းဘက်မှာ လူနှစ်ကိုယ်စာလောက်သာရှိတဲ့ ခပ်ကျဉ်းကျဉ်း လမ်းကြားကလေး တခုရှိတယ်။ အိမ်ရှေ့လမ်းမကနေ ကျွန်မတို့အိမ်ရဲ့ အနောက်ဘက်က အိမ်တွေဆီ အဲဒီ လမ်းကြားလေးအတိုင်း ဝင်သွားရတယ်။ 


"  ဓါတ်မီးလေး တလက်လောက် ငှားပါ  "  ဆိုတော့ 


ဝန်ထမ်းဘဝ သိတဲ့အတိုင်း ပစ္စည်းတွေက နေရာမချရသေး။ ဘယ်ပစ္စည်း ဘယ်ထဲ ထည့်မိမှန်း မမှတ်မိ။ ဟိုတပုံ သည်တပုံ ပွစာကျဲနေတဲ့ ပစ္စည်းတွေ ကျော်ခွပြီး လှန်လှောရှာရတယ်။ ကျွန်မခင်ပွန်းရဲ့ စာကြည့်မီးအိမ်လေး ထွက်လာတာနဲ့ အနောက်ဘက်အိမ်က လာငှားတဲ့လူဆီ ပေးလိုက်ပါတယ်။ 


နာရေးကားရောက်လာပြီး အဖွဲ့မှလူတွေ သူတို့လုပ်စရာရှိတာ လုပ်ပြီး ခဏနေတော့  ကားပြန်ထွက်သံ ကြားရပါတယ်။ အဲဒီ ကားနောက်ကလိုက်မယ့် ဆိုင်ကယ်တချို့ရဲ့ စက်နှိူးသံမှအပ နောက်ထပ်ဘာသံမှမကြားရ။ အချိန်က ည ၈ နာရီဝန်းကျင်ခန့်။ 


သူတို့ကိုလည်း ကျွန်မတို့မသိ။ ကျွန်မတို့ကိုလည်း သူတို့မသိသေး။ 


ဒါပေမယ့် ကျွန်မတို့ စပြောင်းလာတဲ့ညမှာ သေသူကို မမြင်ဖူးလိုက်ရပဲ စိတ်မကောင်းဖြစ် ကျန်နေခဲ့ရတယ်။ 


ကျွန်မခင်ပွန်းရဲ့ စာကြည့်မီးအိမ်လေးလည်း ညအချိန်မတော် ဘာမသိ ညာမသိနဲ့ ပုပ္ပါးသင်္ချိုင်းဆီ အလည်တခေါက် ပါသွားခဲ့လေရဲ့။ 


###


"  မေ မေ  "  လို့ ခေါ်ပြီး 


ကလေးတယောက်ရဲ့ တိုးတိုးလေး ငိုရှိူက်သံ ကျွန်မနားထဲမှာ စွဲကျန်နေခဲ့တယ်။ 


အဲဒီ ကလေးတယောက်ရဲ့ငိုကြွေးသံက လွဲပြီး တခြား ငိုကြွေးသံ မကြားမိ။ ဝမ်းနည်း ပူဆွေးမယ့်သူ နတ္ထိ။ 


အိမ်နီးချင်း သံယောဇဉ်ကြောင့် စိတ်မကောင်းတော့ ဖြစ်ကြမှာပေါ့လေ။ 


လူ့ လောကထဲက အပြီးတိုင်ထွက်သွားတဲ့ လူတယောက်ရဲ့ နောက်ဆုံးခရီး၊ နာရေးအခမ်းအနားက ခုသေ ခုမြေမြုပ် မြန်ဆန်လိုက်ပါဘိ။ ဒီလိုပုံစံမျိုး ပြီးဆုံးသွားရတာ ရင်နာစရာကောင်းလှသလို တရားကျဖို့ မကောင်းပေဘူးလား။  


ညအမှောင်ထဲမှာ တိုးတိုးတိတ်တိတ် 

ခြောက်တီးခြောက်ကပ်နဲ့ လူမသိ သူမသိ ပြီးဆုံးသွားရတာ။ 


သေဆုံးသူက လှလို့ပလို့ကောင်းတုန်း အသက် ၃၀ ခန့် အရွယ်။ နုပျို သွက်လက် ဖျတ်လတ်နေခဲ့တဲ့ အမျိုးသမီးတဦးလို့ သိရပါတယ်။ သူ့ရောဂါအမည်ကိုတော့ ကျန်ခဲ့တဲ့ကလေး အနာဂါတ်ကိုငဲ့ကွက်ပြီး ချန်ထားခဲ့ပါရစေ။ 


ယောက်ျားက စွန့်ပစ်သွားလို့ လူမမယ်သားလေးတယောက်နဲ့သူ ကျန်းမာနေစဉ်အခါက တောင်ကလပ်မှာ မျောက်စာရောင်းတယ်လို့ ပြောကြတယ်။  


နာမကျန်းဖြစ်လို့ အိပ်ရာထဲလဲနေတော့ သူ့နားမှာ  သားတယောက်ကလွဲပြီး ဆေးပေးမီးယူမရှိ။ အဲဒီ သားလူမမယ်ကပဲ တနေ့လုပ်မှ တနေ့စားရတဲ့ အိမ်နီးချင်း ပတ်ဝန်းကျင်က ကျွေးတဲ့ပေးတဲ့ ထမင်းဟင်းလေးတွေ စားသောက်ပြီး အမေနားမှာ စောင့်ရှောက်ပေးနေတာ။ 


မောင်တယောက်နဲ့ အဖေဖြစ်သူကလည်း အဝေးမှာ။ သူ့အဖေ အလုပ်အားတဲ့အခါ လာကြည့်ပြီး သမီးဖြစ်သူရဲ့အင်္ကျီ လုံချည်ကစ သူကိုယ်တိုင် လျှော်ဖွတ်ပေးတတ်ပါတယ်တဲ့။


အဲဒီကလေးနဲ့ အတူနေပေးဖို့ သူ့ ဦးလေး ( အမေရဲ့မောင် ) လင်မယားလည်း ရောက်လာကြပြီ။ 


အပိုင်း (၃) ဆက်တင်ပေးပါမည်...


      K.M.H

( 21.9.2020 )


photo # credit


rate now: