book

Index 1

အပိုင်း (၁)

တောင်ချောင်  

----------------


ကျွန်မကတော့ အနေကြာလာလို့ပဲလား  မသိ။ 


အသံ ကြားလိုက်ရုံနဲ့ ခန့်မှန်းတတ်နေပြီ။ ဒါဘယ်သူ့အိမ်က အသံဆိုတာ။   အဖေဖြစ်သူနဲ့ သူ့သမီး အပျိုမတွေ ရန်သတ်နေကြတာ။ အမေဖြစ်သူက တားမရတော့ ကြားကဝင်အော်တဲ့ အသံတွေ။ 


(သူတို့အရပ်မှာ ရန်ဖြစ်တာကို ရန်သတ်တယ်လို့ခေါ်ပါတယ်)


တခါတရံ သေသွားတဲ့သမီးက မွေးထားခဲ့တဲ့ မြေးဖြစ်သူနဲ့အော်။ တခါတလေကျတော့လည်း အိမ်ထောင်ကျသွားတဲ့ သမီးအကြီးမနဲ့အော်တဲ့အခါ အော်။ 


သူ့သမီးအကြီးမက သူတို့နဲ့ဘေးချင်းကပ်မှာ သပ်သပ်အိမ်ခွဲနေတာ။ အဲဒီသမီးနဲ့ မူးလာတဲ့သမက် ရန်သတ်တော့လဲ သူက သမီးဘက်ကနေ သမက်ကို ကူအော်ပေးရှာတယ်။ လင် နဲ့မယား လျှာနဲ့သွားပဲ။ ရန်သတ်ကြတာဆိုတော့ ငယ်ကျိုးငယ်နာ ဖော်တဲ့ အသံတွေက မကြားဝံ့ မနာသာပေါ့။ 


ဆဲသံ ဆိုသံ ငိုသံတွေနဲ့ အမယ်လေးတော်  အော်လိုက်သမှ ကြွက်ကြွက်ကို  ညံပါလေရော။


အဲဒီ အမေဆိုတဲ့သူက လူကြည့်တော့ ပိန်ညောင်ရိုး။ ဆေးလိပ်မီးခိုးငွေ့က သောက်လိုက်သမှ ထောင်းထောင်းထ။ သွားလေရာ လက်ကြားကမချ။ 


ပါးနှစ်ဘက်က ခွက်လို့။ ဆေးလိပ်သောက်တဲ့အခါ ပါးစောင်နှစ်ဘက်နဲ့ အားယူပြီး ဖွာရ ရှိူက်ရဖန် များလာလို့ပဲလား မသိ။ 


ရုပ်ရှင်သရုပ်ဆောင်ထဲက အတင်းပြောတဲ့အခန်းမှာ အမြဲပါတဲ့ ဟို ပါးခွက်လေးနဲ့ ဒေါ်ဂွက်ထော်နဲ့ ဗိန်မသာ လိန်မသာ။ 


အသံကလည်း ကျိုးနေတဲ့ ရှေ့သွားကြားက  လေထွက်နေလို ့သာ။ မဟုတ်ရင် အဆိုတော် ဒေါ်မာမာအေးတို့ ဒေါ်တင်တင်မြတို့နဲ့ နင်လား ငါလား။ ဓါတ်ပြား တချပ်စာလောက်တော့ အေးဆေးရယ်။ 


###


 နောက်ပြီး သူက ပြောသေးတယ်။ 


" ကျုပ်သေရင် ဒီမှာ မသေဘူး " 


"  ချောက် ပြန်သေမှာ  " တဲ့ 


" ဒီမှာသေရင် သေတာမှန်းမသိ မြောတာမှန်းမသိနဲ့ နာရေးကားကြီးက တန်းလာတင်ပြီး တန်းသဂြိုဟ်တာ " တဲ့ 


ကျွန်မမှာ သူပြောတာ နားထောင်ပြီး ပြုံးနေရတယ်။ သူပြောတာလည်း ဟုတ်တော့ ဟုတ်ပေသား။ 


နာရေး လူမှူကူညီရေးအသင်းက ဦးဆောင်သူနဲ့ နောက်လိုက် လူငယ်လေးတွေကလည်း  ခြေသွက် လက်သွက်တွေ။  ဦးဆောင်သူကိုယ်တိုင် မရွံမရှာ ကိုင်တွယ်ပြီး မညီးမညူ အပင်ပန်းခံ ကူညီကြတာ  တကယ်တော်ပါပေတယ်။ 


အိမ်တအိမ်မှာ နာရေးဖြစ်ပြီဆိုရင် အဲ့မသာ သူ့အိမ်မှာ အလွန်ဆုံးနေရ တနေ့သာ။ မသာကလည်း သူ့အိမ်မှာ တနေကုန်တဲ့အထိ  နေခွင့်မရသလို ကျန်ရစ်သူ မိသားစုမှာလည်း မသာမျက်နှာ ဝအောင်မကြည့်ရ။ 


ကျွန်မနေခဲ့စဉ် လေးနှစ်တာမှာ ညဉ့်သိပ်တဲ့ မသာရယ်လို့ မတွေ့မိသလောက် ခပ်ရှားရှားရယ်။ ဒီနေ့သေ  ဒီနေ့ တန်းမြေမြုပ်တော့တာ။ 


အဲ့တော့ သူ တွေးကြောက်မယ်ဆိုလဲ ကြောက်ချင်စရာပဲလေ။ သေတာမှန်းမသိ မြောတာမှန်းမသိ။ 


ကျင်းထဲထည့် မြေမြုပ်ခါနီးမှ  


" ငါ့ကို ရေ ပေးကြပါဦး " ဆိုရင် ဘယ့်နဲ့လုပ်မလဲ 


သူ့ဓလေ့ နဲ့ သူပဲ ကိုး... 


သူ့ဇာတိက ချောက်မြို့။ 

ပုပ္ပါးသားနဲ့အကြောင်းပါပြီး ပုပ္ပါးမှာအခြေချ ။ 


သူ့ခင်ပွန်းကိုယ်တိုင် အပင်ပေါ်တက် စကားဝါပန်းခူးတာ။ အသက်လား။ အိုး...ဘယ်ငယ်တော့မတုံး။ ခြောက်ဆယ်ကျော် ခုနှစ်ဆယ် တပတ်လည်လောက်ရှိရောပေါ့။ သူနဲ့သမီးတွေ မြေးတွေက တလှည့်စီကောက်။ ရလာတဲ့ပန်းတွေကို သူ့ဇာတိဆီ ဆိုင်ကယ်လေးနဲ့ လင်မယားနှစ်ယောက် သွားရောင်း။ 


စကားဝါပန်း ရှားချိန်ရောက်တော့လဲ ပုပ္ပါးဒေသထွက်လေးတွေ တမျိုးမဟုတ်တမျိုး သွားရောင်းနေကြတာပဲ။


သူတို့အိမ်ပြန်ရောက်ချိန်ဆိုရင် ရန်သတ်တဲ့အသံတွေ ကြားရပြန်တာပေါ့။ 


သူတို့အိမ်မှာ မရှိတဲ့အချိန်လဲ သူတို့အိမ် အနီးအနား တအိမ်မဟုတ် တအိမ်ကတော့ အမြဲသတ်နေတာပဲ။ 


သူတို့အိမ်နားပါတ်ဝန်းကျင်မှာ ပြည်တွင်းဖြစ် ကုမ္ပဏီတွေကလည်း အများသားရယ်။ 


made in children တို့။ 

made in dog တို့။


ရန်မသတ်လဲ အဲဒီ မိတ်အင် ကလေးသံ နဲ့ မိတ်အင် ခွေးသံတွေ တညံညံ။ 


ကျွန်မတို့အိမ်ဘက် ရောက် ရောက်လာတတ်တဲ့ မိတ်အင် ခွေးတသိုက်ကလည်း မောင်းလို့မနိုင်။ ကျွန်မတို့နေတဲ့ဝိုင်းက ခြံစည်းရိုးမရှိ။ အဲတော့ သူတို့ကလည်း တံခါးမရှိ ဓါးမရှိ ဝင်ထွက်နေကြတော့တာပေါ့။


ကျွန်မတို့နေတဲ့ အိမ် ခြံဝိုင်းဘေး ပတ်ပတ်လည်မှာ ရင်စို့လောက်ရှိတဲ့ စိန်မျက်ခုံးပင်တွေကို ခရိုးတန်းအဖြစ် စိုက်ထားကြတာ။ 


###


အိမ်ဝိုင်း တဝိုင်းနဲ့တဝိုင်းကြားမှာ စိန်မျက်ခုံးပင်တွေကို ခရိုးတန်းအဖြစ် စိုက်ထားတတ်ကြတာ သူတို့ရွာ ဓလေ့။ တတ်နိုင်တဲ့သူတွေကတော့ အုတ်တိုင်စိုက်ပြီး သွပ်နန်းကြိုး ကွက်ကြားလေးတွေနဲ့ အကျအန ကာရံထားတယ်။ တချို ့အိမ်ဝိုင်းတွေဆိုရင် စိန်မျက်ခုံးပင်တောင် မမြင်မိ။ 


ဘာပင်မှမစိုက် ဘာမှ ကာရံမထားလဲ  ဘာမှ မပျောက်။ တရွာလုံးကလည်း  အမျိုးတွေချည်း ပတ်တော်နေတော့ အတင်းတောင် ကျယ်ကျယ်မပြောရဲ။ 


သူတို့ပြောစကားအရ ညီအကို ကိုးယောက်က ပေါက်ဖွားလာတဲ့ မွေးချင်းတွေနဲ့ ရွာတည်ထားခဲ့တယ် ဆိုလားပဲ။ ကိုးယောက်လား ဆယ့်တစ်ယောက်လား နဲနဲတော့ မေ့နေပြီ။ 


ကျွန်မတို့ အပြင် စျေးဝယ်တွေ ဘာတွေ ထွက်ရင် အိမ်တံခါးတွေ မပိတ်ဘဲ ထားခဲ့တာ။ ပြန်လာ ဘာပစ္စည်းမှ မပျောက်။ အိမ်အပြင် ခြံဝိုင်းထဲမှာထားတဲ့ ပစ္စည်းတွေနဲ့ ညအိပ်ခါနီး မရုပ်ပဲထားမိတဲ့ အဝတ်လှမ်းလက်စတွေ မနက်ကြီးလင်း တခုချင်း လိုက်ကြည့်။ တခုမှ ခြေရာ လက်ရာမပျက်။ 


အိမ်ခေါင်းရင်း လိုင်ချီးပင်ပေါ်က အသီးကင်းလေးတွေ ကလေးသဘာဝ မရင့်ခင် လက်ကမြင်းတာက လွဲရင်ပေါ့။ 


အနောက်စျေးတန်းက ဆိုင်တွေလည်း ဆိုင်ပေါ် မိုးကာစလေး ကပိုကရိုနဲ့ အဖြစ်လောက်သာ အုပ်ပြီး ညဘက် ဒီတိုင်းထားခဲ့တာ။ ဘာမှ ပျောက်ရိုး ထုံးစံမရှိ။ မသကာ လူငယ်ချင်း စကားများ ရန်သတ်တဲ့အခါ အလွယ်ဆွဲယူလိုက်တဲ့ စကားဝါပန်းပုလင်း တလုံး နှစ်လုံးလောက်သာ လျော့တာ။ 


ဘယ်အရပ်မှာမှ မတွေ့ဖူး မကြားဖူးခဲ့တဲ့ ချစ်စရာ ဓလေ့ ထုံးစံလေးတွေ။ 


မီးတောင် ပေါက်ကွဲခဲ့တဲ့အရှိန်ကြောင့် ဧရာမကျောက်တုံးကြီးတွေ အိမ်ဝိုင်းတိုင်းမှာ အနဲနဲ့အများ ရှိကြတယ်။ ပုပ္ပါးနယ်တဝိုက်က ပတ်ဝန်းကျင်တလျှောက်လုံး ကျောက်တုံး ကျောက်ခဲတွေချည်း။ 


ပုပ္ပါးမြို့အဝိုင်းဆိုင်းဘုတ်နားက သစ်သီးတွေရောင်းတဲ့ စျေးတန်းလေးနဲ့ အနားတဝိုက် ကုန်းစိမ်း ကုန်ခြောက် လ္ဘက်ရည် ကွမ်းယာ အစရှိတဲ့ဆိုင်တွေကို အနောက်စျေးတန်းလို့ခေါ်ပါတယ်။ အဲ့အနောက်စျေးတန်းနဲ့ကပ်ရက်ကို ပုပ္ပါးအနောက်ရွာလို့ခေါ်ပြီး စျေးတန်းအရှေ့ဘက် တောင်ကလပ်သို့တက်မယ့် လမ်းမကြီးရဲ့ ဘယ်ဘက်အခြမ်းကို အရှေ့ရွာ ( တောဇ ) လို့ ခေါ်ပါတယ်။ 


အရှေ့ရွာရော အနောက်ရွာပါ  မိုးအခါဆို လမ်းမပေါ်မှာ ကျောက်တုံး ကျောက်ခဲတွေအပြည့်။ ဆိုင်ကယ်လည်း စီးမဖြစ်။ ရွာထဲ ကားမောင်းတော့လဲ ဂလုံးဂလုနဲ့ အောက်မှာ တိုက်ချင်သာနဲ့ တိုက်။ 


သူတို့ရွာသားတွေကတော့ ဆိုင်ကယ်ကို လေယာဉ်အမှတ်နဲ့ မောင်းနေသလား အောက်မေ့ရတယ်။ သူတို့က  ဒီရွာမှာ မွေး ဒီလမ်းပေါ်ကြီးခဲ့တာ ဆိုတော့  ကျောက်ခဲ ကောက်ဝါးလဲ အစာကြေပြီးသား။ 


ကျွန်မတို့မှာသာ ဆိုင်ကယ်လည်း စီးလို့မဖြစ်။ အကြောင်းရှိလို့ အပြင်ထွက်တဲ့အခါ ဆိုင်ကယ်နောက်ကနေ ရှေ့ကမောင်းတဲ့သူခါးကို ကျစ်ကျစ်ပါအောင် ဖက်ထားပြီး အသက်ပဲ အောင့်ထားရမလို။ ဆင်းပဲ လမ်းလျှောက်ရတော့ မလိုလို။ လမ်းလျှောက်တော့လည်း  ကျောက်တုံး ကျောက်ခဲတွေ ကျော်ခွပြီး လျှောက်နေရတော့ မမူးဘဲ သိုင်းကွက်နင်းနေရသလို။


မိုးကုန်တဲ့အခါ မြေနီတွေဖို့ထားတော့ မြေနီလမ်းကလေးပေါ့။ မိုးလည်း ရွာချလိုက်ရော တောင်ကျချောင်းရေတွေ တိုက်စားသွားတာ ခင်းထားသမျှ ကုန်ပါလေရော။  


နောင်နှစ်ခါ မိုးကုန်တော့ နောက်တခါ ပြန်ခင်းလိုက်။ ဒီလိုနဲ့ ရာသီတွအလီလီ သံသရာ စက်ဝိုင်း လည်နေတော့တာ။ 


ကွန်ကရစ်လမ်းလေး ဖြစ်နေပြီဆိုပြီး အိမ်နားက ညီမတွေ မနှစ်က ဖုန်းဆက်ပြောလို့သူတို့အစား ဝမ်းသာခဲ့ရတယ်။   


# K.M.H

(19.9.2020)


rate now: