“အရသာ ရှိတဲ့ စားစရာတွေ နဲ့ ပက်သက်လာရင် မိန်းကလေးတွေ က တကယ်မနိုင်ပါလား…” ထို အမေ နှင့် သမီး တို့ အစားအတွက် လုယက်နေကြပုံအား ကြည့်ပြီး လီနင်းဖန် ပြုံးလိုက်သည်။
သူတို့က ကျင့်ကြံသူတွေ ဖြစ်နေရင်တောင် ဘာအရေးလဲ…ငါ့ အစားအသောက်တွေ အောက်မှာ လွှမ်းမိုးခံရတာပဲ… ကြည့်ရတာ ကျင့်ကြံသူတွေလည်း ဘဝကို ပျော်သလိ်ု နေတတ်ကြပုံရတယ်…
သူ အသားတစ်ဖဲ့ကောက်ကိုင်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ဖြည်းညင်းစွာ ဝါးလိုက်လေသည်။
“ဟင်…တော်တော်လေး နူးညံပြီး အရသာ ရှိတာပဲ…” သူ မျက်လုံးကို မှိတ်ကာ အရသာဖုလေးများ အပေါ် စီးဆင်းသွားသော အသား၏ ဆွဲဆောင်မှုအား လိုက်ပါ ခံစားနေလိုက်သည်။ အခြားတစ်ဖက်တွင် ရှောင်ပိုင်မှာ ကျားသစ်ပေါင်သားကို လှီးဖြတ်ကာ ဧည့်ခံရင်း ပျော်နေပုံရသည်။
ထို အသားက အမျိုးသမီးလေး နှစ်ယောက်အား အမြင်ကျယ်သွားစေသည်။ ကိုယ်တိုင် ကြုံတွေ့ရခြင်း မဟုတ်လျှင် ဒီကမ္ဘာ၌ ယခုကဲ့သို့ ကောင်းမွန်လှသော အစားအသောက်တစ်ခု ရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ နောက်ဆုံး သူတို့ ဗိုက်ထဲ ထပ်မထည့်နိုင်တော့မှသာ ရပ်လိုက်ကြသည်။ တစ်ချိန်လုံး ခံစားခဲ့ရသည့် အတွေ့အကြုံတို့အား ပြန်တမ်းတရင်း ကျေနပ်နေလေသည်။
“သခင်လေးလီ … အသားအတွက် ကျေးဇူးပါပဲ…” ကျောင်းရှူမှာ သူမ၏ အပြုအမူအား ထိန်းသိမ်းကာ ပထမဆုံး ဝင်လာစဉ်က ကဲ့သို့ သိမ်မွေ့စွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
လီနင်းဖန် လက်ဝှေ့ယမ်းလိုက်ကာ
“ဒါက အသားကင်တစ်ခုပါပဲ ထူးခြားတာ မဟုတ်ပါဘူး…”
“သခင်လေးလီ…ဒီအသားက ကောင်းကင်က အင်မော်တယ်တွေဆီမှာပဲ ရနိုင်တာ…ဟုတ်တယ်မလား…” လျိုရှီယူ မနေနိုင်ပဲ မေးလိုက်လေသည်။
လီနင်းဖန် ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကာ ခေါင်းခါယမ်းလိုက်သည်။
မိန်းကလေး နှစ်ယောက်မှာ ကြောက်ရွံစွာဖြင့် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်မိသည်။
အဲ့တာက အထင်အမြင်သေးနေတာ မဟုတ်ဘူးလား…
သူက အင်မော်တယ်တွေကိုတောင် အထင်မကြီးတာများလား…
ဒါမှမဟုတ် အင်မော်တယ်တွေက သူရဲ့ ဒီအသားကင်ကို စားခွင့်မရှိဘူးလို့ ဆိုလိုလိုက်တာပဲလား…
သူတို့၏ အတွေးအမြင် နှင့် ကမ္ဘာကြီးပင် ဗြောင်းဆန်ကုန်သည့်အလား ခံစားလိုက်ရကာ လီနင်းဖန်အား လေးစားရိုသေစွာဖြင့် ကြည့်မိလိုက်သည်။
ဒီဆရာကြီးက အားလုံးရဲ့ တွေးထားတာထက် ကျော်လွန်နေတာပဲ…
လျိုရှီယူက ကျောင်းရှူအား စိတ်ထဲ တစ်ခုခုရှိဟန်ဖြင့် ချက်ချင်း ကြည့်လိုက်သည်။ ထို့နောက် သူမစိတ်အား ပြင်ဆင်ပြီးဟန်ဖြင့် စိတ်လှုပ်ရှားစွာဖြင့် မေးလာခဲ့သည်။
“သခင်လေးလီ…ရှင်က တကယ်ကို ထူးခြားတဲ့ လူတစ်ယောက်ပါ…ကျွန်မကို တစ်ကြိမ်တစ်ခါလောက် မျက်နှာသာပေးလို့ရမလား…”
ဟင်…မင်းက ကျင့်ကြံသူပဲလေ… သာမန်လူတစ်ယောက်ဆီက အကူအညီ လိုအပ်လို့လား...
သူ တွေးလိုက်သည်။
ဟုတ်ပေသည် သူ ငြင်းလိုက်ချင်သည်။ ကျင့်ကြံသူများအကြား ပြဿနာများတွင် သူ ဝင်မပါလိုပေ။ မည်သို့ ဖြစ်စေ သူတို့ မည်မျှ စွမ်းအားကြီးသည်အား သူမသိထားဘူး မဟုတ်လော…သူ ပင် မသိလိုက်ပဲ သတ်သွားမည်ဆိုပါက ခက်လှပေသည်။
သို့သော်လည်း သူ လျိုရှီယူ အား အထင်ကောင်း အမြင်ကောင်း ရှိသည်။ သူမအား ချက်ချင်း ငြင်းပယ်လိုက်လျှင် ရိုင်းသည်ဟု ထင်သွားနိုင်ပေသည်။
လျိုရှီယူ က လီနင်းဖန်၏ အမူအရာများကို မရိပ်မိပေ။ သူမ တွန့်ဆုတ်စွာဖြင့် ပြောလာသည်။
“သခင်လေးလီ…အရင်နေ့က ကျွန်မ ရှင့်ကို လိမ်ခဲ့မိတယ်…တကယ်တော့ ကျွန်မက ကွန်းလောင် အင်မော်တယ် နန်းဆက် ရဲ့ မင်းသမီးလေး ပါ…ကျွန်မ ခမည်းတော်က အင်ပါယာ ဖြစ်တာ မကြာသေးဘူး…ဒါကြောင့် သူ့ရဲ့ ထီးနန်း နဲ့ အာဏာက မတည်မြဲသေးဘူး…အခု ခမည်းတော်က ကျွန်မကို သစ္စာမတည်တဲ့ အမတ်ချုပ်ကြီးရဲ့ သား နဲ့ လက်ထပ်ပေးစေချင်နေတယ်…”
သူမပြောပြီးသည့် နောက်တွင် လီနင်းဖန်၏ အမူအရာအား အကဲခတ်လိုက်သည်။ သူမ၏ လျိုဝှက်အမှန်စကား ကို ပြောသော်လည်း လီနင်းဖန် မှာ အံအားသင့်သွားခြင်း မရှိသည်အား သူမ တွေ့လိုက်လေသည်။
ဟင် ကြည့်ရတာ…သူ့ကို အမှန်တိုင်း ပြောလိုက်မိတာ သိပ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ…သူက အရင်ကတည်းက သိနေခဲ့ပြီးသားကိုး…
အခြားတစ်ဖက်တွင် လီနင်းဖန် တည်ငြိမ်နေသည့် အကြောင်းပြချက်မှာ တစ်ခုသာ ရှိသည်။ ၄င်းက သူ သေမျိုးလောကတွင် များစွာသော ဒရာမာ ဇာတ်လမ်းတွဲများအား ကြည့်ဖူးထားခြင်းကြောင့် ဖြစ်သည်။ ထို ဇာတ်လမ်းများထဲတွင် အင်ပါယာ ၊ မင်းသား မင်းသမီးတို့သည် သာမန်အတိုင်းဝတ်ဆင်ကာ အခြားနေရာများသို့့ လျှောက်သွားကြသည်။ သူတို့ ပထမဆုံး အကြိမ် တွေ့စဉ်ကတည်းက လျိုရှီယူမှာ သာမန်အမျိုးသမီး မဟုတ်ကြောင်း ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။
သူ့အတွက် ကိစ္စများအား ဆက်စပ်တွေးရန် အချိန်သိပ်မကြာလိုက်ပေ။ ထို အင်ပါယာမှာ နန်းတက်သည်မှာ သိပ်မကြာသေးချေ။ သူ့ထံ နန်းဆက်ကို ချုပ်ကိုင်ရန် နှင့် အခြားသော အရာရှိကြီးများကို ထိန်းချုပ်ရန် အာဏာ လုံလုံလောက်လောက် မရှိပေ။ ထို အထဲမှ တစ်ယောက် ဖြစ်သည့် အမတ်ချုပ်က သူ့ သား နှင့် မင်းသမီးလေး အား လက်ဆက်ပေးရန် တောင်းဆိုလာသည်တွင် အင်ပါယာ အနေဖြင့် ထို တောင်းဆိုချက်ကို ငြင်းပယ်ရန် ခွန်အားမဲ့ရသည်။
၄င်းမှာ အတွေ့ရအများဆုံး လူသားကမ္ဘာမှ ရုပ်ရှင်ဇာတ်လမ်းတို့ ဖြစ်ပေသည်။ လီနင်းဖန် အတွက် အံအားသင့်စေသည်မှာ အင်မော်တယ်ကမ္ဘာတွင်လည်း ဖြစ်နေခြင်းပင်…တကယ်ပင် စစ်ပွဲက နေရာတိုင်းတွင် ရှိနေသည် မဟုတ်ပါလော…
ကျင့်ကြံခြင်းကမ္ဘာတွင် အဓိက အင်အားစု အား အင်မော်တယ်မင်းဆက် နှင့် ကျင့်ကြံခြင်း ဂိုဏ်းများဟူ၍ နှစ်မျိုးခွဲခြားထားသည်။ အင်မော်တယ်မင်းဆက် ဆိုသည်မှာ အုပ်ချုပ်သည့် အင်ပါယာက ပိုင်နက်အတွင်းရှိ ကျင့်ကြံခြင်း အရင်းအမြစ်များကို ထိန်းချုပ်ကာ ကျင့်ကြံသူများအား ပျိုးထောင်ပေးခြင်း ဖြစ်သည်။ သူတို့ စစ်သည်များပင်လျှင် ကျင့်ကြံသူများ ဖြစ်ကြသည်။
ကျင့်ကြံခြင်း ဂိုဏ်းများသည်တော့ သူတို့ တည်နေရာအား စိတ်ဝိညာဉ်ချီ ပေါကြွယ်ဝသည့် တောင်တန်း ၊ မြစ်များ အပေါ်တွင် ထူထောင်ကြသည်။ ထိုဂိုဏ်းများမှ ကျင့်ကြံသူများသည်တော့ မြို့ထဲတွင် သွားလာခြင်း ရှားပါးပြီး လာလျှင်ပင် သိုသိုသိပ်သိပ် နေကြသည်။
အင်မော်တယ်ကမ္ဘာတွင် သာမန်လူများမှာ လူဦးရေ အများဆုံး ဖြစ်သည်။ သာမန်လူတစ်ရာထဲတွင် ကျင့်ကြံရန် လူတစ်ယောက်သာ ပါရမီ ပါလာကြသည်။ ကျင့်ကြံသူ တစ်ရာထဲတွင်ပင် ပါရမီရှိပြီး အထူးချွန်ဆုံးမှာ ယေဘုယျအားဖြင့် တစ်ယောက်သာ ရှိနိုင်သည်။ ထိုကြောင့် ပါရမီရှင်များထဲမှ အထူးခြားဆုံး ပါရမီရှင်မှာ အလွန်တရာ ရှားပါးလှပေသည်။
အခြားစကားအရ ဆိုလျှင် ဤကမ္ဘာမှ သာမန်လူများအား ကျင့်ကြံသူများက အုပ်ချုပ်သည်ဟု ဆိုနိုင်သည်။ အစွမ်းထက်လှသော မကောင်းဆိုးဝါး နှင့် မိစ္ဆာများအား ကျင့်ကြံသူများသာ ဖြေရှင်းနိုင်သည် မဟုတ်လား…
ထို့အပြင် လီနင်းဖန် ၏ အိမ်လေးမှာ ကွန်းလောင် အင်မော်တယ် မင်းဆက် ၏ ပိုင်နက်အတွင်း ရှိသည်ဟု ပြောနိုင်သည်။
လီနင်းဖန် တိတ်ဆိတ်နေသည်အား လျိုရှီယူ သတိထားမိလိုက်သည်။ သူမ စိုးရိမ်စွာဖြင့် တောင်းပန်လာကာ
“သခင်လေးလီ….ကျေးဇူးပြုပြီး ကျမကို ကူညီပေးပါ…”
“ငါ ဒီမှာ ရှိနေပြီပဲ ဘာကြောင့် စိတ်ပူနေတော့မှာလဲ…သေချာစဉ်းစားကြည့်ရင် ဒီကိစ္စ လွယ်လွယ်လေးပါ…” လီနင်းဖန် ပြုံးလိုက်သည်။ သူမက သူ့အား သတ်ဖြတ်ခြင်း ၊ တိုက်ခိုက်ခြင်း တို့တွင် အကူအညီတောင်းလာပါက သူ ထွက်ပြေးမိမည်မှာ သေချာသည်။ သို့သော် ထိုကဲ့သို့သော အခြေအနေ မျိုး၌ မကြိုးစားပဲနှင့် ဖြေရှင်းရန် သူ့ထံ နည်းလမ်းပေါင်း တစ်ရာ နှင့် ရှစ်မျိုးပင် ရှိနေသေးသည်။
“ရှင့်မှာ အဖြေရှိနေတာလား…” လျိုရှီယူ၏ မျက်လုံးအတွင်း၌ စိတ်လှုပ်ရှားမှုတို့ နှင့် ပြည့်နှက်သွားခဲ့သည်။
“ကျေးဇူးအများကြီးတင်ပါတယ်…”
ကျောင်းရှူ ပင်လျှင် အံသြမှုဖြင့် အနည်းငယ် မှင်သက်သွားသည်။
သူတို့၏ တုံပြန်မှု အား ကြည့်ပြီးနောက် လီနင်းဖန် ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။ ဤအင်မော်တယ်ကမ္ဘာတွင် ကျင့်ကြံသူများမှာ ကျင့်ကြံရန်သာ သိကြသည် ထင်သည်။ သူတို့က ကျန်သည့် အရာအားလုံးကို ရိုးရိုးရှင်းရှင်း ခေါင်းမသုံးပဲ တွေးကြသည်မဟုတ်လား…။
သူ ပြုံးလျက် ပြောလာလေသည်။
“အင်မော်တယ်နန်းဆက် အကြောင်း ကို ကျုပ်ကြားဖူးပါတယ်…ဝန်ကြီးချုပ်က အာဏာကြီးပြီး မောက်မာတဲ့ လူတစ်ယောက်ဆိုတာ ကျုပ် ကြားတယ်…မင်းတို့က အမတ်ချုပ် နဲ့ ဝန်ကြီးချုပ် တို့ကို ရန်တိုက်ပေးဖို့ ပဲ လိုအပ်တာ…”
ကွန်းလောင် အင်မော်တယ်မင်းဆက်၏ အဖြစ်မှာ သူ ကူးပြောင်းလာသည့် လူသားကမ္ဘာတွင် ရှိခဲ့သော ချင်မင်းဆက် နှင့် အလားသဏ္ဍာန်တူသည်။ ဧကရာဇ် ချင်ချူဟွမ် မှာ နန်းတက်စဉ် သူ့အမေ နှင့် လုပုဝေ တို့ ချုပ်ကိုင်ထားသည့်အတွက် အာဏာ နှင့် သြဇာ မရှိခဲ့ပေ။ နောက်ဆုံးတွင် ဧကရာဇ်က သူတို့ နှစ်ယောက်အား ရန်တိုက်ပေးခဲ့ပြီး ကိ်ုယ်ပိ်ုင် အာဏာ ရရှိရန် အခွင့်အရေးကို စောင့်ဆိုင်းခဲ့လေသည်။
ကျောင်းရှူ အနည်းငယ် မျက်မှောင်ကြုံမိသွားသည်။
“သခင်လေး လီ…ဝန်ကြီးချုပ်က အမတ်ချုပ်ကြီးထက် သြဇာ သက်ရောက်မှု နည်းနည်းလောက် နည်းပေမဲ့လည်း သူကလည်း မကောင်းတဲ့စိတ်ရှိတယ်…သူကလည်း ထီးနန်းကို မျက်စိကျနေတယ်…ကျမတို့ မင်းကြီးက သူ့ကို ဒီဘက်ပါအောင် ဆွဲထည့်ရင်တောင် အကူအညီနည်းနည်းပဲ ရနိုင်လောက်မယ်…”
ထို နည်းလမ်းမှာ အလုပ်မဖြစ်သည်ကို တွေးမိသည်ကြောင့် ကျောင်းရှူ စိတ်ထဲ စိတ်ပျက်မိသလို ဖြစ်သွားသည်။
“ကောင်းပြီ…ဒါက မင်းအပေါ် မူတည်သွားပြီ…” လီနင်းဖန် က လျိုရှီယူအား ကြည့်လိုက်သည်။
“ကျွန်မလား…” လျိုရှိယူ တွေဝေသွားလေသည်။
လီနင်းဖန် ပြုံးလိုက်ကာ ဆက်ပြောသည်။
“ဒါပေါ့…တွေးကြည့်စမ်းပါ…အင်ပါယာက အမတ်ချုပ်ကြီး သား နဲ့ မင်းသမီးလေးကို လက်ဆက်ပေးဖို့ ကြော်ငြာခဲ့ပေမဲ့လည်း မင်းသမီးလေးက ဝန်ကြီးချုပ်သားက ပိုသင့်တော်တယ်လို့ တွေးနေတာ သတင်းပြန့်သွားခဲ့ရင်… ဒါဆို ဘယ်လို ဆက်ဖြစ်မလဲဆိုတာ မင်းတွေးမိလား…”
လျိုရှီယူ နှင့် ကျောင်းရှူတို့မှာ ထို စကားအား ကြားမိသော် အံအားသင့်မှုကြောင့် ဆွံအသွားမိသည်။ သူ့ ရည်ရွယ်ချက်၏ အဓိပ္ပါယ်ကို လူတိုင်း အမြင်မကျယ်နိုင်ကြောင်း သူမတို့ နားလည်လိုက်သည်။
ကောင်းလိုက်တာ…ဒါ အရမ်းကို ကောင်းတဲ့ အကြံဉာဏ်ပဲ…
“အဲ့ဒီအခါကျရင် ဝန်ကြီးချုပ်က သူ့သားမှာ မင်းသမီးလေး နဲ့ လက်ဆက်ဖို့ အခွင့်အရေးရှိကြောင်း ရပ်တည်လာလိမ့်မယ်…ဒါဆိုရင် သူ သေချာပေါက် သူ့သား မင်းသမီးလေးကို လက်ဆက်ပြီး သြဇာအာဏာ တိုးအောင် အစွမ်းကုန်ကြိုးစားလာမယ်…ဒါပေမဲ့ အမတ်ချုပ်ကြီးက လုံးဝ လက်ခံမှာ မဟုတ်ဘူး…ဒါကြောင့်မို့ သူတို့ တစ်ယောက် နဲ့ တစ်ယောက် တိုက်ခိုက်ကြမှာပဲ…”
“သူတို့ နှစ်ယောက် တိုက်ခိုက်နေတဲ့အချိန်မှာ သူတို့ရဲ့ အာဏာက အဘက်ဘက်က လျော့ကျလာမှာပဲ…ဒါက အင်ပါယာရဲ့ အခွင့်အာဏာကို တိုးတက်စေလ်ိမ့်မယ်…”
မိန်းကလေး နှစ်ဦးမှာ လီနင်းဖန် အား အံသြလေးစားသည့် အကြည့်ဖြင့် ကြည့်နေရင်း စိတ်ထဲ တုန်လှုပ်နေကြသည်။
သူက တကယ့် ပါရမီအရှိဆုံး ပုဂ္ဂိုလ်ကြီးပဲ…
သူရဲ့ စွမ်းအားက အရမ်းကြီးလို့ ဝင်မပါပဲ ပေါ့ပေါ့ပါးပါး ထုတ်ပြောလိုက်တဲ့ နည်းဗျူဟာ တစ်ခုက ဒီလောက်တောင် နက်နဲတဲ့ အဓိပ္ပါယ်တွေနဲ့ ပြည့်နေတယ်…ဒါ မဖြစ်နိုင်တဲ့ ဘက်ကနေ အနိုင်ရအောင် လုပ်ပေးလိုက်တာပဲ…
တကယ့် ပုဂ္ဂိုလ်ကြီးတွေက လောကကြီးကို သူတို့ရဲ့ စစ်တုရင်ကစားပွဲလို သဘောထားကြပါလား… သူ့အတွက် ဒီပြဿနာက တကယ့် ကိစ္စ သေးသေးလေးပဲ…
အထင်ကြီးစရာပဲ…ကြောက်စရာကောင်းလောက်အောင်ကို အထင်ကြီးဖို့ ကောင်းတယ်…
လျိုရှီယူ၏ မျက်နှာလေးမှာ နီရဲနေပြီး စိတ်လှုပ်ရှားမှုတို့ နှင့် ပြည့်နှက်နေလေသည်။ သူမ ချက်ချင်း ထရပ်ကာ လီနင်းဖန် အား အရိုအသေပြုလိုက်သည်။
“သခင်လေးလီ…ကျေးဇူးအရမ်းတင်ပါတယ်…” သူမ မျက်ဝန်းမှ မျက်ရည်စ အချို့ပင် ဝဲတက်လာလေသည်။ သူမ ညစဉ် အိပ်မပျော်နိုင်သည့် ပြဿနာ တစ်ခုမှာ ထိုမျှ အထိ လွယ်ကူနေမည်ဟု မယုံကြည်နိုင်ချေ။
ကျောင်းရှူသည်လည်း ထရပ်လာသည်။
“သခင်လေးလီက တကယ်ကို အမြင်ကျယ်ပါပေတယ်…ရှင့်စကားက ကျွန်မရဲ့ အဆုံးမဲ့ လေးစားမှု ထိုက်တန်တယ်..ဒီစကားတွေက ကျွန်မတို့ကို ဉာဏ်အလင်းပွင့်သွားစေတယ်…ဒီမျက်နှာသာပေးမှုကို ကျွန်မတို့ ဘယ်တော့မှ မမေ့ပါဘူး…ဒီနေ့ အချိန်ကုန်စေမိတဲ့အတွက် တောင်းပန်ပါတယ်…”
“ကျုပ်က ရိုးရှင်းတဲ့ အကြံတစ်ခု ပေးလိုက်ရုံပါပဲ…ဒီလောက်ထိ အားနာမနေပါနဲ့…” လီနင်းဖန် ပြုံးသည်။ သူက ကွန်းလောင် အင်မော်တယ်မင်းဆက်မှ မင်းသမီးလေးအား လှိုက်လှိုက်လှဲလှဲ ကူညီလိုသည်။ ထိုသို့ဆိုလျှင် ဤအင်မော်တယ်ကမ္ဘာအတွင်း သူ့ လုံခြုံရေးမှာ ပိုကောင်းလာနိုင်သည် မဟုတ်လား…
မကြာခင်တွင် လျိုရှီယူ နှင့် ကျောင်းရှူမှာ ပြန်သွားကြသည်။ လမ်းတစ်လျှောက် စိတ်လှုပ်ရှားစွာဖြင့် သူတို့၏ ဗျူဟာအကြောင်း ဆွေးနွေးသွားကြ၏။ ကျောင်းရှူမှာ တကယ်ပင် အထင်ကြီးလေးစားနေမိသည်။ လီနင်းဖန် နှင့် တွေ့ရသည်မှာ အိမ်မက်တစ်ခုလိုပင်…
သူ၏ သဘောထားကြီးမှု ၊ ကျက်သရေနှင့် ပြည့်စုံမှု ၊ ဉာဏ်ပညာ ပြည့်စုံမှုတို့က မည်သည့် ပြဿနာမဆို ဖြေရှင်းနိုင်မည့်ဟန်ပင်…အဆုံးစွန်ပြောရလျှင် သူမ တို့ စားခဲ့သည့် အသားအချို့က အင်မော်တယ်များပင် တောင့်မခံနိုင်ဟု ယုံကြည်မိသည်။
သူမ လျိုရှီယူအား ထက်ရှစွာ ကြည့်ပြီး လေးနက်သည့်ဟန်ဖြင့် ပြောလာလေသည်။
“ရှီယူ…သခင်လေးလီ လို ပုဂ္ဂိုလ်ကြီး နဲ့ တွေ့ဆုံခဲ့တာက ကံကြမ္မာ မျက်နှာသာ ပေးလိုက်တာပဲ…ငါတို့ သူနဲ့ မိတ်ဆွေဖြစ်ဖို့ ဘာမဆို လုပ်ရမယ်…နန်းတော်ကို ပြန်ရောက်ရင် ရတနာစံအိမ်က တန်ဖိုးအရှိဆုံး ရတနာ ကို သွားယူမယ်…သခင်လေးလီက ဒါကို အထင်ကြီးမှာ မဟုတ်ပေမဲ့လည်း ငါတို့ရဲ့ လေးစားမှုကိုတော့ ပြရမယ်…”
အခန်း ၉ ပြီး