လီနင်းဖန် စကားတစ်ဝက် တစ်ပျက် နှင့် ရပ်တန့်သွားသော လိုဟိုအား ကြည့်လိုက်သည်။ သူ သံသယ ဝင်စွာဖြင့်…
“ ခင်ဗျား ဘာပြောလိုက်တာလဲ…”
လိုဟို တောင်းပန်သည့် ဟန်ဖြင့် ကိုးရို့ကားယား ပြုံးလိုက်ကာ
“ဘာမှမဟုတ်ပါဘူး… ကျွန်တော်ပြောချင်တာက ဒီနေရာက လေက အရမ်းလတ်ဆတ်တာပဲလို့…ဒါကို ရှင်းပြချင်တာပါ…”
လီနင်းဖန် ပြုံးလိုက်သည်။
“ကျေးဇူးပြုပြီး ထိုင်ပါဦး…”
ထို သုံးယောက်လုံးမှာ ရိုသေစွာဖြင့် ထိုင်လိုက်လေသည်။
“ ငါ စိုက်ထားတဲ့ လက်ဖက်ရွက်တွေကို အခုထိ မခူးရသေးဘူး… ဒါကြောင့် ခင်ဗျားတို့ကို သာမန်ရေ နဲ့ပဲ ဧည့်ခံရတာ စိတ်မရှိပါနဲ့…” လီနင်းဖန် ပြောသည်။
ပိုင်လျိုရှောင်း ယဉ်ကျေးစွာဖြင့် ပြန်ပြောလာလေသည်။
“သခင်လေးလီ ရှင် အရမ်း ယဉ်ကျေးလွန်းနေပါပြီ … ကျွန်မတို့ ဘယ်လိုမှ သဘောမထားပါဘူး…”
လီနင်းဖန် ပြုံးလိုက်ကာ ရေသန့်စင်စက်ထဲမှ ရေသုံးခွက် ထည့်ပေးလိုက်သည်။
“ကျေးဇူးပါပဲ သခင်လေးလီ…” ပိုင်လျိုရှောင်း ယဉ်ကျေးစွာဖြင့် လက်ခံလိုက်လေသည်။ သို့သော်လည်း သူမ အမှတ်တမဲ့ ဖြင့် ရေသန့်စင်စက်အား ကြည့်မိလိုက်ကာ မျက်လုံးတို့ ပြူးကျယ်သွားသည်။
“ကျွန်…ကျွန်မ အဲ့ဒါ ဘာလဲ ဆိုတာ မေးလို့ရမလား…”
“အိုး…အဲ့ဒါက ရေ သန့်စင်ပေးတဲ့ ပစ္စည်းလေ…ဘာမှမဟုတ်ပါဘူး… ” လီနင်းဖန် သာမန်သာ ပြောလိုက်သည်။
နောက်ထပ် အဖိုးတန်ပစ္စည်းတစ်ခု…
ထိုသုံးယောက်လုံး တုန်လှုပ်မှုကြောင့် ထုံအသွားသည်။ ထို ဖန်ခွက်ထဲရှိ ရေတို့မှာ သာမန်ရေမဟုတ်ပေ။ ၄င်းက စိတ်ဝိညာဉ်ရေ ပင် ဖြစ်သည်။ ထို ရေတစ်ခွက်က တန်ဖိုးရှိသည့် မှော်ဆေးရည် နှင့် ညီမျှနေလေသည်။
ဒီ ရေသန့်စင်စက်က ထိပ်တန်းအဆင့် အင်မော်တယ်ရတနာပဲ ဖြစ်ရမယ်…ဒါက သာမန်ရေကိုတောင် စိတ်ဝိညာဉ်ရေ အဖြစ် ပြောင်းလဲနိုင်တယ် မယုံနိုင်စရာပဲ…
လီနင်းဖန် သူတို့မျက်နှာထက်ရှိ အမူအရာတို့မှာ ထူးခြားဆန်းကြယ်နေကြောင်း သတိမထားမိပေ။ သူ တည်ငြိမ်စွာဖြင့်…
“ငါ အနောက်ခြံထဲကို သွားလိုက်ဦးမယ်…ရေဆာသေးရင် လိုသလောက် ထပ်ယူနော်…” ထိုသို့ပြောပြီးနောက် ပုဇွန်ဆိတ် နှင့် လိပ်အား အနောက်ခြံသို့ ယူသွားလိုက်သည်။
“ရှောင်ပိုင် ဒီ ကျားသစ်ကို နေ့လည်စာ အတွက် ပြင်ဆင်ထားလိုက်တော့…”
ဧည့်ခံထဲတွင်တော့ ကျင့်ကြံသူ သုံးယောက်မှာ စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးတို့ ပြူးကျယ်ကာ ထိုင်နေခဲ့သည်။ သူတို့အရှေ့တွင် ရေသန့်စင်စက် နှင့် လေသန့်စင်စက် တို့ ရှိသော်လည်း လောဘတက်သည့် အမူအရာ တစ်ခုပင် မပေါ်ရဲချေ။
လိုဟို တံတွေးတစ်လုတ် မြိုချလိုက်ကာ အက်ကွဲသည့် လေသံ ဖြင့်…
“ငါ…ငါ..ငါတို့ တကယ့် ဆရာကြီး တစ်ယောက်နဲ့ တွေ့လိုက်ရပြီ ထင်တယ်…”
ပိုင်လျိုရှောင်း ခေါင်းညိတ်သည်။ သူမ သည်လည်း လေးနက်သည့် လေသံ ဖြင့် သဘောတူလိုက်လေသည်။
“ဒီ ဆရာကြီးက ငါတို့ တွေ့ခဲ့ဖူးသမျှ ပုဂ္ဂိုလ်ကြီးတွေထဲမှာ အကြီးကျယ်ဆုံးပဲ…”
“ပြီးတော့ ကြည့်ရတာ ဒီဆရာကြီးက သဘောကောင်းမဲ့ပုံပဲ..ဒါပေမဲ့ ငါတို့ သူ့ကို နည်းနည်းလေးတောင် အပြစ်ပြုမိလို့ မဖြစ်ဘူး.. ငါတို့သာ သူ နဲ့ သိကျွမ်းခွင့်ရရင် ဒါ ငါတို့ တစ်ဘဝလုံးအတွက် အကောင်းဆုံး ကောင်းချီးတစ်ခုပဲ…”
ချင်ကျူလည်း သဘောတူသည်။
“မစိုးရိမ်နဲ့ ငါတို့ ဂရုစိုက်ပါမယ်…”
ထိုအချိန်တွင် လိုဟိုမှာ သူ့ခြေထောက်အနားရှိ အမှိုက်ပုံးထဲသို့ ကြည့်လိုက်သည်။ သူ မှင်သက်သွားပုံရသည်။ အမှိုက်ပုံးထဲ၌ည ပုံတစ်ပုံပါသည့် စာလိပ်တစ်ခုမှာ ရှိနေလေသည်။
“လိုဟို မင်းဘာလုပ်နေတာလဲ…ခွင့်ပြုချက်မရှိပဲ ဆရာကြီးရဲ့ ပစ္စည်းတွေကို မထိနဲ့…” ပိုင်လျိုရှောင်း ချက်ချင်း သတိပေးလာလေသည်။
“ဒါ အမှိုက်တစ်ခု ဖြစ်ပုံရတယ်…” လျိုဟို ထို စာလိပ်အား ဂရုတစိုက်ဖြင့် ဖြန့်ကြည့်လိုက်လေသည်။ သူ သိချင်နေမိ၏။
ဒီဆရာကြီး ပစ်လိုက်တာ ဘာများလဲ…
စာရွက်တွင် ပုံတစ်ပုံ ပေါ်လာသည်။ ၄င်းမှာ သာမန် ဝတ်စုံ နှင့် ဝါးဦးထုတ် ဆောင်းထားသော အသွင်အပြင် ရှိသည့် လူတစ်ယောက် ပုံ ဖြစ်ပြီး အထီးကျန်စွာ လက်ထဲ ဓားရှည်တစ်ယောက် ကိုင်စွဲထားသည်။ ထို ပုံမှာ ရိုးရိုးရှင်းရှင်း ရေးဆွဲထားခြင်း ဖြစ်ပြီး အကြမ်းထည်ဖြစ်မှန်း သိသာသည်။
သို့သော်လည်း လိုဟို ၏ အကြည့်များက ထို ပုံ အား သေချာကြည့်မိလိုက်သော် လန့်အော်မိမတတ် ဖြစ်သွားခဲ့သည်။ သူ ထခုန်လုနီးပါး ဖြစ်သွားကာ
“ဒါ ဒါ ဓားတရား…ဒီပုံထဲမှာ ဓားတရား ရှိနေတယ်…”
ပိုင်လျိုရှောင်း နှင့် ချင်ကျူ တို့၏ အကြည့်များက ချက်ချင်း ရုပ်ပုံထံသို့ ရောက်လာကြသည်။ တစ်ချက် ကြည့်ရုံ နှင့်ပင် သူတို့ ကြက်သီးမွှေးညှင်းများ ထသွားလေသည်။ အထီးကျန်ခြင်း ၊ မာနကြီးခြင်း ၊ ကြောက်ရွံမှု ကင်းမှုခြင်း ၊ လောကကြီးအား စိတ်ပျက်ခြင်း စသည့် ခံစားချက်တို့အား သူတို့ထံ ကူးစပ်လာသည်။ သူတို့ စိတ်အတွေးတို့မှာ ထို ဓားသမား၏ လောကကြီးထဲ ဝင်ရောက်သွားရသည့် ဟန် ရသည်။ ထို ဓားသမား ထံမှ ဓားတရား တစ်ခု မှာ ကောင်းကင်ထိတိုင် ထိုးတက်နေလေပြီး သူတို့အား အသက်ရှူရခက်ခဲနေစေသည်။
သာမန်လူများ အနေဖြင့် ထိုပုံ နှင့် ပက်သက်ပြီး လေးလေးနက်နက် ခံစားမိလိမ့်မည် မဟုတ်ပေ။ သို့သော် သူတို့ သုံးယောက်မှာ ဝမ်ကျင်းအင်မော်တယ်ဂိုဏ်းမှာ တပည့်များ ဖြစ်ကြသည်။
သူတို့က ပုံထဲတွင် ရှိသော လူ နှင့် ထပ်တူ ဓားရှည်အား လေ့့ကျင့်ကြပေသည်။
သူတို့ ထို ရုပ်ပုံ နှင့် ပက်သက်ပြီး အနည်းငယ် နားလည်မိသည်။ ထို ဓားရှည်ကိုင်စွဲထားသော လူမှာ မြစ်တစ်ဖက်ကမ်းရှိ အခြားတစ်ယောက်နှင့် ရင်ဆိုင်တော့မည့် ဟန် ရပေသည်။
“ရှူး..”
လိုဟို ချက်ချင်း ပုံအား လိပ်သိမ်းလိုက်၏။ ထိုမှသာ သူတို့ သုံးယောက်မှာ တကယ့်လောကကြီးဆီသို့ ပြန်ရောက်လာတော့သည်။ သို့သော်လည်း သူတို့ တစ်ကိုယ်လုံး ချွေးများ နှင့် ရွဲနစ်နေလေ၏။
“ဒီပုံထဲက ဓားသမား က ဘယ်သူလဲ…သူ့ ပုံရိပ်ထဲမှာတောင် ဒီလောက်များတဲ့ ဓားတရားတွေ ကိန်းဝပ်နေတယ်…သူ့ ဓားတရားက ဂိုဏ်းခေါင်းဆောင်ထက်တောင် သာသေးတယ်…အရမ်းကြောက်ဖို့ကောင်းတာပဲ…” ချင်ကျူ ကြောက်ရွံစွာ ပြောသည်။
ပိုင်လျိုရှောင်းသည်လည်း ယခုထိတိုင် စိတ်မတည်ငြိမ်သေးပေ။
“ဒါ အဓိက မဟုတ်ဘူး…” သူ တုန်လှုပ်စွာဖြင့်… “ အဓိက က ဒီလို အရာမျိုးကို ဘယ်သူက ရေးဆွဲနိုင်မှာလဲ…ပြီးတော့ အမှိုက်တစ်ခုလို အမှိုက်ပုံးထဲ ပစ်ထားတယ်…”
“ဒီ ပုံက ငါတို့လို ဓားသမားတွေအတွက် တန်ဖိုးမဖြတ်နိုင်ဘူး…”
ထိုအချိန်တွင် လီနင်းဖန် မှာ ရှောင်ပိုင်အား ကျားသစ်ကင်ထားခိုင်းပြီး အနောက်ခြံမှ ပြန်လာလေသည်။
ကျင့်ကြံသူ သုံးယောက်၏ ထူးဆန်းသည့် အမူအရာများအား ကြည့်ပြီး မနေနိုင်ပဲ မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ…”
ပိုင်လျိုရှောင်းမှာ ထိုစာလိပ်အား ကိုင်ထားလျက်ရှိပြီး ကိုးရို့ကားယားဖြင့်…
“ရှင့်ရဲ့ ပစ္စည်းကို ယူကြည့်မိလိုက်တဲ့အတွက် တောင်းပန်ပါတယ်…”
“ရပါတယ်…ဒါက ကျွန်တော် မကြိုက်လို့ လွှင့်ပစ်ထားတဲ့ ပုံကြမ်းတစ်ခုပဲ… ဘာမှ မဖြစ်ပါဘူး…” လီနင်းဖန် နားလည်သွားသည့် ဟန်ဖြင့် ပြုံးလိုက်သည်။
ထို စကားလုံးများက ထိုသုံးယောက်အား နှလုံးခုန်နှုန်း မြန်သွားစေခဲ့သည်။
“ ပုံကြမ်းတစ်ခု” မှာတောင် ဒီလောက်များတဲ့ ဓားတရားတွေ ပါနေသေးတာလား…သူက ဂန္တဝင် အင်မော်တယ်ကြီး တစ်ယောက်လား…
ချင်ကျူ က လီနင်းဖန် အား မျှော်လင့်တကြီး ကြည့်လိုက်သည်။ သူ စိုးရိမ်တကြီး မေးလာခဲ့သည်။
“သခင်လေးလီ…ဒီလိုမေးရတဲ့အတွက် ခွင့်လွှတ်ပါ…ဒါကို ကျွန်တော်တို့ သိမ်းထားလို့ရမလား…”
လိုဟို နှင့် ပိုင်လျိုရှောင်းတို့ တပြိုင်နက်တည်း အသက်အောင့်မိလိုက်ကြသည်။ စာမေးပွဲ ရလာဒ်ကို စောင့်နေကြသည့် ကျောင်းသားနှစ်ယောက်အလား လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကာ လီနင်းဖန် ၏ တုံ့ပြန်မှုအပေါ် စောင့်နေလေသည်။
လီနင်းဖန် သူတို့၏ စိုးရိမ်နေသည့် အမူအရာ အား ကြည့်ကာ ပြုံးလိုက်လေသည်။ ထို ကျင့်ကြံသူ သုံးယောက်က ထိုမျှ အထိ အနုပညာကို မြတ်နိူးလိမ့်မည်ဟု မထင်ထားပေ။ သူ လက်ခါယမ်းလိုက်ကာ
“ဒါက ပုံကြမ်းတစ်ခုပဲ မဟုတ်လား…ယူထားလိုက်ပါ…”
“ကျေးဇူးပါပဲ သခင်လေးလီ…” ထို သုံးယောက်မှာ ထခုန်မိမတက် ဝမ်းသာသွားသည်။
သူတို့ ဂိုဏ်းဆီသို့ ဒီပုံကြမ်းအား ယူသွားရမည်။ ၄င်းမှာ မည်မျှ အရေးကြီးသည်မှန်း သိသောကြောင့် တစ်စက္ကန့်လေးပင် မဖြုန်းတီးရဲတော့ပေ။
ပိုင်လျိုရှောင်း လီနင်းဖန် အား ဂါရဝ ပြုလိုက်ကာ
“သခင်လေးလီ…ဒီ ပုံအတွက် ကျေးဇူးပါပဲ… ကျွန်မတို့ ဂိုဏ်းကို ပြန်လိုက်ပါဦးမယ်…ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…”
“ဘာကြောင့် လောနေတာလဲ… နေ့လည်စာ မစားသွားတော့ဘူးလား…”
“သခင်လေးလီ…ဒါက အရေးပေါ်ကိစ္စ ဟုတ်လို့ပါ…ကျွန်မ တို့ နောက်မှ ဒီအတွက် တောင်းပန်မှုကို ပြပါတော့မယ်…” ပိုင်လျိုရှောင်း ပြောလေသည်။
လီနင်းဖန် ခေါင်းညိတ်လိုက်ကာ
“ဒါဆိုလည်း ကောင်းပြီလေ…နောက်မှ တွေ့ကြတာပေါ့…”
“နှုတ်ဆက်ပါတယ် သခင်လေးလီ… ”
ထို သုံးယောက် မှာ ပုံကြမ်းအား ဂရုတစိုက် သိမ်းဆည်းကာ တောင်အောက်သို့ အလောတကြီး ဆင်းလာကြသည်။ သူတို့၏ ပုံရိပ်များ ပျောက်ကွယ်သွားပြီးနောက် လီနင်းဖန် ခေါင်းခါယမ်းလိုက်လေသည်။ ကျားသစ်ကင်မှာ ရနေပြီ ဖြစ်သည်။ ထို သုံးယောက်မှာ ဒီနေ့ ထို အကင်အား စားရမည့် ကံ မပါဟန် တူသည်။
……
အခြားတစ်ဖက်တွင်လည်း…တောင်ခြေ၌…
မိန်းမလှလေး နှစ်ယောက်မှာ တောင်ပေါ်သို့ လှမ်းတက်လာကြသည်။ သူတို့က တောနက်ထဲမှ ထွက်လာကြသည့် နတ်သမီးများအလားပင်…တစ်ယောက်မှာ လျိုရှီယူ ဖြစ်ပြီး အခြားတစ်ယောက်သည်တော့ ကျက်သရေအဆင်း နှင့် ပြည့်စုံသည့် ခရမ်းရောင်အဝတ်အစား နှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ အစိမ်းရောင်ဆံနွယ်များမှာ ခါးအောက်ထိ ကျဆင်းနေပြီး ရတနာ ခုနှစ်ပါး စီခြယ်ထားသည့် ဆံထိုးတစ်ခုဖြင့် ဆင်မြန်းထားသည်။ သူမ အနီးရှိ လေထုမှာ ကျက်သရေတို့ နှင့် ညင်သာနေပြီး မြင့်မြတ်သည့် ဘုရင်မတစ်ဦးအလားပင်…
လျိုရှီယူ နှင့် ယှဉ်ရသော် ထို အမျိုးသမီးမှာ ရင့်မြည့်နေသည့် သစ်တော်သီး တစ်လုံးအလားပင်..လာရာလမ်းတစ်လျှောက် သူမမှာ လျိုရှီယူ ပြောသမျှအား နားထောင်ပြီးနောက် အဆုံးသတ်၌ စပြောလာခဲ့သည်။
“ရှီယူ.. မင်း အိမ်မက်မက်နေတာ မဟုတ်တာ သေချာရဲ့လား…”
ဆန်းကြယ်တဲ့ စိတ်ဝိညာဉ် ရုပ်သေး ၊ ဉာဏ်အလင်းပါဝင်တဲ့ ဖရဲသီး ပြီးတော့ လျိုဝှက်ပညာရှင်ကြီး တစ်ဦး….ဒါ တကယ့် အဖြစ်မှန်ထက် အိမ်မက်ဆန်မနေဘူးလား…
အခန်း ၇ ပြီး