book

Index 6

အခန်း - ၆ ( အင်မော်တယ်လောကကြီးက အရမ်း သဘောကောင်းတာပဲ )

“ဟင်…”


လီနင်းဖန် ကျားသစ်ဘေးရှိ ရွှေရောင်ပုလဲလုံးလေးထံ လျှောက်လှမ်းသွားလိုက်သည်။ ထို ရွှေရောင်ပုလဲလုံးမှာ မကြီးမားသော်လည်း ၎င်းအား လက်ထဲ ကိုင်ကြည့်သော် လေးလေးပင်ပင် ရှိလှသည်။


“ဒါ ဘာများလဲ…”


“အဲ့ဒါက ကျားသစ်မကောင်းဆိုးဝါးရဲ့ မိစ္ဆာအမြူတေပဲ…” ပိုင်လျိုရှောင်း ပြန်ဖြေသည်။


“အိုး ငါသိပြီ…ဒါဆို ဒါက မိစ္ဆာအမြူတေပေါ့…” ထို အမြူတေအား ကြည့်ပြီးနောက်တွင် ပိုင်လျိုရှောင်းထံသို့ လက်ကမ်းလိုက်သည်။ “ မင်းတို့က မကောင်းဆိုးဝါးကို အနိုင်ယူခဲ့တာပဲ…မင်းတို့ ယူထားလိုက်ပါ…”


သို့သော်လည်း ပိုင်လျိုရှောင်း၏ မျက်နှာ တစ်ပြင်လုံး ရုတ်ချင်း ဖြူဖျော့သွားခဲ့ကာ အနောက်သို့ပင် ခြေတစ်လှမ်းဆုတ်မိလိုက်သည်။ 


“သခင်လေး လီ လိုချင်ရင် ဒါကို သိမ်းထားလိုက်ပါ…” သူမ ကြောက်လန့်တကြား အော်မိမတတ်ပင်…ဒီ ဆရာကြီးက သူမအား စမ်းသပ်နေသည်မှာ သေချာသည်။ သူမသာ ၎င်း အမြူတေအား သိမ်းထားလိုက်ပါက မည်သို့ သေသွားရမှန်း သိနိုင်မည်ပင် မဟုတ်ချေ။


“သခင်လေးလီ..ဒီမကောင်းဆိုးဝါးကို အနိုင်ယူနိုင်တာက ကံအရမ်းကောင်းလို့ပါ… ကျွန်တော်တို့ ဒီအမြူတေ ကို မသိမ်းထားပါဘူး…” လိုဟို က ထည့်ပေါင်းပြောလာသည်တွင် ချင်ကျူသည်လည်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။


လီနင်းဖန် သူတို့အား အထူးအဆန်းကြည့်လိုက်၏။ ထို ကျင့်ကြံသူများအား သူ အထင်ကြီးသွားမိသည်။ 


ဘာကြောင့် ကျင့်ကြံသူတွေက ဒီလောက် သဘောကောင်းရတာလဲ…သူ တွေးမိလိုက်၏။


သူ ပထမဆုံး တွေ့ခဲ့သည့် ကျင့်ကြံသူ လျိုရှီယူသည်လည်း အလွန်သဘောကောင်းလှသည်။ ယခု ထိုသုံးယောက်သည်လည်း ထို့နည်းလည်းကောင်းပင်…သူတို့က သူ့အား မိစ္ဆာအမြူတေကိုပင် ပေးနေသေးသည်။ မည်မျှ ရှားပါးလိုက်သည်နည်း…။


ဖြစ်နိုင်တာသည်မှာ သူ ကူးပြောင်းလာသည့် အင်မော်တယ်ကမ္ဘာကြီးက အလွန်ငြိမ်းချမ်းသည့် နေရာတစ်ခုပေလော…သူသည် ကျင့်ကြံသူ တစ်ယောက် မဟုတ်သော်လည်း ထိုမိစ္ဆာအမြူတေ မည်မျှ အဖိုးတန်ကြောင်း နားလည်သည်။ ၎င်းက မကောင်းဆိုးဝါး၏ ကျင့်ကြံခြင်း အဆီအနှစ်ပင်…။ အင်မော်တယ်ကျင့်ကြံသူများအတွက် မိစ္ဆာအမြူတေမှာ အလွန် အရေးပါသည်။ ထို ကျင့်ကြံသူ သုံးယောက်က မကောင်းဆိုးဝါး အား သတ်ပေးရုံသာမက ၎င်း အမြူတေကိုလည်း သူ့အား ပေးနေသေးသည်။ 


စိတ်ထားကောင်းလိုက်ကြတာ….


လီနင်းဖန် ခေါင်းခါယမ်းလိုက်သည်။


“မင်းတို့ သုံးယောက် အားနာလွန်းနေပါပြီ…ကျုပ်က သာမန်လူပါ… ဘာကြောင့် ဒီမိစ္ဆာအမြူတေကို လိုမှာလဲ.. မင်းတို့ပဲ သိမ်းထားလိုက်ပါ…” သူက ကျင့်ကြံနေခြင်း မဟုတ်သည့် အတွက် မိစ္ဆာအမြူတေ မှာ သူ့အပေါ် သက်ရောက်နိုင်ခြင်း မရှိပေ။ သူ စားလိုက်လျှင် ပေါက်ကွဲပြီး သေသွားနိုင်ပေသည်။


ပိုင်လျိုရှောင်း တုန်ရင်သွားသည်။ “ ဒါ…ဒါဆို…ကျွန်မတို့ ယူလို့ ရလို့လား…”


သူတို့ အတွေးလွန်နေခြင်းသာ ဖြစ်ရမည်။ မည်သို့ကြောင့်မို့ ထိုပုဂ္ဂိုလ်ကြီးက မကောင်းဆိုးဝါး ကျားသစ်၏ အမြူတေအား လိုအပ်မည်နည်း…။


“မင်းတို့ နဲ့ပဲ သက်ဆိုင်တာပါ…” လီနင်းဖန် တဖက်လူ အားနာလွန်းနေသည်ကြောင့် အနေရခက်လာသည်။


“ဒီလိုဆိုရင်ကော … မင်းတို့က အမြူတေ ယူလိုက်လေ… ငါကတော့ ကျားသစ်ခန္ဓာကိုယ်ကို ယူလိုက်မယ်…စိတ်မရှိဘူးမလား…”


လိုဟို ရုတ်ချင်း ပြောလာလေသည်။


“ ယူပါ…ယူပါ…သခင်လေးလီကို ကျားသစ် အသားက ကျေနပ်စေမှာပါ…”


လီနင်းဖန် ပြုံးလိုက်သည်။ “ ဘလက်ကီရေ…မင်း အဲ့ဒါကို သယ်ခဲ့လိုက်…”


သို့သော်လည်း ထိုသုံးယောက်မှာ ဘလက်ကီအား မည်သို့ သယ်ခိုင်းရဲမည်နည်း…။


ဒီဆရာကြီးက သေချာပေါက် ငါတို့ကို စမ်းသပ်နေတာပဲ…


ချင်ကျူ က အရှေ့သို့ အမြန်တိုးဝင်လာကာ ပြောသည်။


“သခင်လေးလီ…ကျုပ် က သန်မာပါတယ်…ခင်ဗျားအစား ဒါကို ကျုပ်ပဲ သယ်ခဲ့လိုက်တော့မယ်…ခင်ဗျားရဲ့အကောင်လေးကို မခိုင်းပါနဲ့…”


“မင်း သဘောပါပဲ…ကျေးဇူးပဲ…” လီနင်းဖန် ဝမ်းသာစွာ ပြန်ပြောသည်။ 


ဒီကျင့်ကြံသူ သုံးယောက်က သဘောကောင်းလိုက်ကြတာ…


လီနင်းဖန် မှာ နန်နန်းအား ချီရင်း ဘလက်ကီ နှင့်အတူ ကြွေလွင့်မြို့ဆီသို့ ဆင်းလာကြသည်။


နန်နန်း လုံခြုံသည်အား မြင်သည်တွင် အန်တီကျန်းမှာ အလွန်ကျေးဇူးတင်နေမိသည်။ သူမ မျက်ရည်အဝဲသားဖြင့်…


“ကျေးဇူးပါပဲ ကြီးမြတ်တဲ့ ကျင့်ကြံသူတို့…ကျေးဇူးပါပဲ သခင်လေးလီရယ်…”


“အန်တီကျန်း…ဒီကျင့်ကြံသူ သံုံးယောက်က မကောင်းဆိုးဝါးကို သတ်ပေးခဲ့တာ… ကျွန်တော် ဘာမှ မလုပ်လိုက်ရပါဘူး… ” လီနင်းဖန် ရှင်းပြသည်။


အတိအကျပင်…ကျင့်ကြံသူ သုံးယောက်မှာတော့ ခေါင်းနပန်းကြီးသွားကာ အမှတ်မယူရဲကြပေ။ သူတို့ ချက်ချင်း ပြန်ပြောလာကြသည်။


“သခင်လေးလီ…ခင်ဗျား အရမ်း ယဉ်ကျေးလွန်းနေပြီ…ဒါတွေအားလုံး ခင်ဗျား နဲ့ ထိုက်တန်တာပါ…”


“ဟုတ်တယ်…ငါတို့ ဒီနေ့ ကံကောင်းသွားတာ…မင်း လုပ်ခဲ့တာ နဲ့ ငါတို့ မယှဉ်နိုင်ပါဘူး…”


ကျင့်ကြံံသူ သုံးယောက်မှာ လီနင်းဖန် အား အလွန်လေးစားစွာ ဆက်ဆံနေသည်အား မြင်သော် ပတ်ဝန်းကျင်ရှိ လူများမှာ လီနင်းဖန်အား အံသြတကြီး ဝိုင်းကြည့်လာကြသည်။


“သခင်လေးလီက တကယ့် ဂန္တဝင်ပဲ…ကျင့်ကြံသူတွေကတောင် သူ့ကို လေးလေးစားစား ပြောရတယ်…အထင်ကြီးစရာပဲ…”


သို့သော်လည်း ကျင့်ကြံသူများ ထိုသို့ ပြောသည်တွင် လီနင်းဖန် တစ်ယောက် ရှက်သလို ခံစားလိုက်ရသည်။ တစ်ဖက်မှာ အလွန် အားနာလွန်းလှသည်ဟုလည်း သူ တွေးမိ၏။ သူ့ ခေါင်းထဲ အတွေးတစ်ခု ဝင်လာမိသည်။ သူ့ အိမ် အနောက် ရေကန်ထဲတွင် မကောင်းဆိုးဝါး ရှိနိုင်သည်ဆိုမှတော့ ထို ကျင့်ကြံသူ သုံးယောက်အား အဘယ်ကြောင့် မဖိတ်ခေါ်ရမည်နည်း…။ သူတို့က အားနာလွန်းသည်ကြောင့် သူသည်လည်း ဧည့်ခံသင့်ပေသည်။


ထိုသို့ တွေးမိသည် နှင့် သူ ဖိတ်ခေါ်လိုက်လေသည်။


“ခင်ဗျားတို့ သုံးယောက်လည်း ပင်ပန်းနေပြီ… ကျွန်တော့်အိမ်ကို လိုက်ခဲ့ပြီး ကျားသစ်  အသား လိုက်စားကြပါလား…”


ထိုသုံးယောက်သည်တော့ အတွေးလွန်သွားသည်။ သူတို့ မည်ကဲ့သို့ ဆရာကြီးဟု ဖိတ်ခေါ်မှုအား ငြင်းဆန်နိုင်မည်နည်း…။


ထိုသို့ နှင့် လီနင်းဖန် မှာ ကျင့်ကြံသူ သုံးယောက်အား ခေါ်လာပြီး ပုဇွန်ဆိတ်များ နှင့် လိပ်တစ်ကောင် လက်ထဲကိုင်ကာ ပြန်လာလေသည်။


အိမ်အရှေ့ရှိ လေးပိုင်းသော ဗိသုကာပညာရပ် နှင့် ရုပ်ထုများအား မြင်သည်တွင် ကျင့်ကြံသူသုံးယောက်မှာ အံသြတကြီး ဖြစ်သွားကြသည်။ ၎င်းမှာ တကယ့် ဆရာကြီး သိုသိုသိပ်သိပ် နေထိုင်သည့် နေရာ တစ်ခု ဖြစ်ရပေမည်။ ထို ဗိသုကာ ပညာ နှင့် ရုပ်ထို တို့မှာ ထူးခြားဆန်းကြယ်ပြီး စိတ်ဝိညာဉ်ချီတို့မှာလည်း နတ်ဘုံနတ်နန်းအလား ထူပြောနေလေသည်။

ရှောင်ပိုင် တံခါးဖွင့်လိုက်ကာ နှုတ်ဆက်သည်။ “ အိမ်က ကြိုဆိုပါတယ် သခင်…”


“စိတ်ဝိညာဉ် ရုပ်သေးလား…”


ထိုသုံးယောက်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပြူးကျယ်နေသည့် မျက်လုံးများက ရှောင်ပိုင် အား ကြည့်မိသည်တွင် အချိန်မရွေး ပြုတ်ကျတော့မည့်ဟန် ရသည်။


“ဒါက စိတ်ဝိညာဉ်ရုပ်သေး မဟုတ်ပါဘူး…လှည့်ကွက် အချို့ပါ…” လီနင်းဖန် ရှင်းပြရန် ငြီးငွေ့နေလေပြီ…။


ကျင့်ကြံသူ သုံးယောက်မှာ တစ်ယောက် နှင့် တစ်ယောက် လက်ကုတ်ပြီး တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်သည်။ 


သူက စိတ်ဝိညာဉ်ရုပ်သေးအား လှည့်ကွက်အချို့ဟု ခေါ်လိုက်သည်လော…ထိုသို့ဆိုလျှင် စိတ်ဝိညာဉ်အသိဉာဏ်ရှိသည့် ရုပ်သေးတစ်ခုမှာ ဆရာကြီး၏ မျက်လုံးထဲတွင် လှည့်ကွက်လေးသာ ဖြစ်နေနိုင်သည်။ 


သူတို့ သုံးယောက်မှာ ပြောစရာ စကားများ မဲ့ကုန်သည်။ သူတို့ လုပ်နိုင်သည်မှာ ခပ်ကုတ်ကုတ် နှင့် လီနင်းဖန် နောက်သို့ လိုက်သွားခြင်းပင်…။


လီနင်းဖန် သူတို့အား ဧည့်ခန်းထဲသို့ ခေါ်လာသည်။ အထဲသို့ ဝင်လိုက်သည်နှင့်ပင် ထိုသုံးယောက်လုံး နှုတ်ခမ်းများ တဆတ်ဆတ် တုန်သည်အထိပင် တုန်လှုပ်သွားကြသည်။


“ဒါ…ဒါက…” 


အခန်းအတွင်း ကြည့်ပြီးနောက် သူတို့ ဆွံအသွားကြသည်။ ဧည့်ခန်းအတွင်းရှိ ရောင်ပြန်ကြွေပြားများမှာ သူတို့ အရိပ်အား ထင်ဟပ်နေလေသည်။ နံရံ နှင့် ပရိဘောဂ တို့မှာလည်း နှင်းအလား ဖြူစွတ်၏။ ဆိုဖာ သို့မဟုတ် စားပွဲများသည် ကျင့်ကြံသူများ၏ မျက်လုံးထဲ ထူးဆန်းနေလေကာ အသစ်အဆန်းတစ်ခုအလားပင်…။ အင်မော်တယ်ကျင့်ကြံသူများ ဖြစ်ကြသည်တောင်မှ ထို အပြင်အဆင် နှင့် အတွေ့အကြုံတို့ကြောင့် မှင်သက်ရပေသည်။ 


အင်မော်တယ်ကမ္ဘာတွင် သာမန်လူများမှာ သစ်သားအိမ် သို့မဟုတ် ဓနိအိမ်ဖြင့်သာ နေထိုင်ကြသည်။ ကြွေပြားအစား ကြမ်းပြင်တွင် မြေဆီလွှာသာ ရှိသည်။ အင်မော်တယ်ကျင့်ကြံခြင်း ဂိုဏ်းများ၏ အဆောက်အဦးများမှာ ခမ်းနားလျှင်တောင် လီနင်းဖန် ၏ လေးပိုင်းသော ဗိသုကာ ပညာအား မမှီပေ။


“သခင်လေးလီ…ဒီအပြင်အဆင်က…” ပိုင်လျိုရှောင်းမှာ သူမ မြင်နေရသည့်အပေါ် အံအားသင့်မိသည်။ သူမအား အမြင်ကျယ်သွားစေသည့်အလား ခံစားလိုက်ရသည်။


“ဒါက ခေတ်သစ်ပုံစံလေးပါ…ပိုပြီး သက်တောင့်သက်သာ ခံစားရစေတယ်လေ…” လီနင်းဖန် တွေးလိုက်သည်။


ဟမ့်…မင်းတို့ အထင်ကြီးသွားပြီ မဟုတ်လား…ဒါက လူသားကမ္ဘာက ခေတ်ရှေ့ပြေး ဒီဇိုင်းတွေ… မင်းတို့ အင်မော်တယ်ကျင့်ကြံသူတွေ မမြင်ဖူးကြဘူး မဟုတ်လား…


“ဘယ်လို ဖြစ်နိုင်မှာလဲ…” လိုဟို၏ မျက်လုံးများမှာ မြူခိုးများ အဆတ်မပြတ်ထွက်နေသည့် ပစ္စည်းအား ကြောက်လန့်တကြား ကြည့်မိလိုက်သည်။

လီနင်းဖန် ကြည့်လိုက်ကာ ပြုံးလျက် ရှင်းပြလာသည်။


“အိုး…ဒါက လေသန့်စင်စက်လေ…ခေတ်ရှေ့ပြေး နည်းပညာ နဲ့ လေကို သန့်စင်ပေးတာ…” 


“ဒါက သန့်စင်တဲ့ လေ ဖြစ်ရုံ မဟုတ်ဘူးလေ…ဒါ…ဒါ…” လိုဟို အထစ်အငေါ့ငေါ့ ဖြစ်နေသည်တွင် ချင်ကျု ဆွဲဆိတ်ကာ အော်ငေါက်လိုက်သည်။ 


“မင်း ရူးနေပြီလား…သခင်ကြီး ခွေးက သူ သာမန်လူသား ဘဝ ကို အတွေ့အကြုံယူနေစဉ် အတွင်းမှာ သာမန်လူအတိုင်း ဆက်ဆံဖို့ ငါတို့ကို ပြောထားတယ်လေ…သူ လေသန့်စင်တာ လို့ ပြောလိုက်ရင် ဒီအတိုင်းထားလိုက်ပေါ့… အရူးရဲ့…”


လိုဟို စကားလုံးများကို ပြန်မြိုချလိုက်သည်။ သို့သော်လည်း သူ့နှလုံးသားများ တဒိုင်းဒိုင်း ခုန်နေပြီး မျက်လုံးထဲ ကြောက်လန့်မှုတို့ ပြည့်နှက်နေသည်။


ထို အတွင်းမှ သန့်စင်သည့် လေ တို့ ထွက်လာရုံသာ မကပေ။ ထွက်ပေါ်လာသည့် အရာတို့မှာ စိတ်ဝိညာဉ်ချီ ဖြစ်ပြီး အလွန်အမင်း သန့်စင်သည့် စိတ်ဝိညာဉ်စွမ်းအင်တို့ ဖြစ်ပေသည်။


ထိုမှ ထွက်လာသည့် စိတ်ဝိညာဉ်ချီမှာ စိတ်ဝိညာဉ်ကျောက်တုံး မှ ထွက်သည့် ချီထက်ပင် သန့်စင်နေသေးသည်။ ပိုမို အရေးကြီးသည်မှာ ထိုအရာသည် အဆက်မပြတ်ထွက်နေခြင်းပင်…၎င်းက စိတ်ဝိညာဉ်မိုင်းတွင်းထက်ပင် သက်ရောက်မှု ပိုများပြားလှပေသည်။


တစ်စုံတစ်ယောက်သာ ထို အခန်းထဲ ကျင့်ကြံမည်ဆိုပါက မည်သည့် ကောင်းချီးပေးသည့် ပစ္စည်းထက်မဆို ထိရောက်မှု ရှိလိမ့်မည် ဖြစ်၏။


 ဒီလေသန့်စင်စက်က လေကို ချီစွမ်းအင် ပြောင်းလု့ိရတာလား… ဒါ ဘာရတနာလဲ … စိတ်ဝိညာဉ်ယန္တာရားလား… ဒါမှာမဟုတ် အင်မော်တယ် ယန္တာရားလား…


ထို ပုဂ္ဂိုလ်ကြီးသည် ဧည့်ခန်း၌ ထို ပစ္စည်းအား ရိုးရိုးရှင်းရှင်း ထားခြင်းက သူ၏ အစွမ်းအစကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်သည်။ 

သူက ဒီလို ပစ္စည်းကိုတောင် ဂရုမစိုက်တာ သေချာတယ်…အခိုးခံရရင်တောင် စိတ်ဝင်စားမဲ့ပုံ မရဘူး…


အခန်း ၆ ပြီး



rate now: