ထို အချိန်တွင် တောင်ပေါ်၌ တိုက်ပွဲတစ်ခု ဖြစ်ပွားနေလေသည်။
“မကောင်းဆိုးဝါးတစ်ကောင်က ဒီလောက်တောင် မောက်မာနေမယ်လို့ မထင်ထားဘူး..ဒါဆို ဒီကောင်က ကျားသစ် မကောင်းဆိုးဝါးပေါ့…”
“ကျားသစ်မကောင်းဆိုးဝါး ကလေးမလေးကို ငါတို့ လက်အပ်ပါ…ဒါဆိုရင် မင်းရဲ့ အလောင်းကို အကောင်းတိုင်း ဖြစ်စေရမယ်…”
မိန်းကလေး တစ်ဦး နှင့် အတူ လူငယ် နှစ်ယောက်မှာ တော်တော်လေး စိတ်အားတက်ကြွနေကြသည်။ သူတို့ သုံးယောက်က ကျားသစ်မကောင်းဆိုးဝါးအား တြိဂံ သဏ္ဍာန် ဝိုင်းထားပြီး အရှုံးပေးရန် ပြောနေလေသည်။
“ဟားဟားဟား…လူသေးသေးလေး သုံးယောက်က မကောင်းဆိုးဝါးကို သတ်ဖို့ ပြောနေကြတာလား…အားရား…ဘယ်လောက် သတ္တိကောင်းလိုက်လဲ…ဒီနေ့ ဒီ သခင်ကြီး ကျားသစ် က မင်းတို့ အားလုံးကို စားပစ်မယ်…” ကျားသစ်မကောင်းဆိုးဝါး မှာ ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်က လူသားသဏ္ဍာန် ရပ်နေသော်လည်း ခေါင်း နှင့် ခြေလက်များက ကျားသစ်အတိုင်းသာ ရှိနေသည်။
“ပေါက်ကရတွေ တော်စမ်း…ဒါကို ခံယူကြည့်…” ထို သုံးယောက်မှာ ဓားများကို မြောက်ကာ လေထဲ လက်ညှိုးဖြင့် ထိန်းညှိလိုက်ကြပြီး အော်လိုက်သည်။
“ယုကျန်းရှူ…”
ရုတ်ချင်းပင်…ဓား သုံးချောင်းမှာ အလင်းစီးကြောင်း နှင့် အတူ လေထဲ ပိရမစ် သဏ္ဍာန် ဖွဲ့တည်ပြီး အတွင်းရှိ မကောင်းဆိုးဝါး အား လှောင်ပိတ်သည်။
“ဂါး…”
ကျားသစ် မကောင်းဆိုးဝါး ကြိမ်းဝါးလိုက်ကာ သူ့ပါးစပ်မှ တဆင့် ရွှေရောင် အမြူတေအား အန်ထုတ်လိုက်လေသည်။ ထို အမြူတေ မှာ ဆန်းကြယ်သည့် အလင်းတို့ နှင့်အတူ မကောင်းဆိုးဝါးအား ဝန်းရံလိုက်၏။
ဝုန်း…
ဓားရှည်သုံးချောင်းမှာ အလင်းစက်ဝန်း အား မထွင်းဖောက်နိုင်ကြပေ။ ကျင့်ကြံသူ သုံးယောက်မှာ အံအားသင့်သွားကြသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ…”
သူတို့ ကျင့်ကြံပြီးနောက် တောင်အောက်ဆင်းလာကာ မကောင်းဆိုးဝါး နှင့် ပထမဆုံး အကြိမ် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူတို့ စိတ်ထဲ ထို မကောင်းဆိုးဝါး အား သတ်ဖြတ်ကာ နာမည်ကြီးလာစေရန် လုပ်ဆောင်မည်ဟု ရည်ရွယ်ထားသည်။ ကံမကောင်းသည်မှာ သူတို့ ရင်ဆိုင်နေရသည့် ပထမဆုံး မကောင်းဆိုးဝါးက ထင်ထားသည်ထက် ကျော်လွန်နေလေသည်။
“ဟမ့်…နှစ်အနည်းငယ်လောက် ကျင့်ကြံပြီးတာ နဲ့ သူရဲကောင်းလုပ်နိုင်ပြီ လို့ တွေးနေတာလား…ကျုပ် ဆိုတဲ့့ ကျားသစ်သခင်ကြီးက နှစ်နှစ်ရာ ကျင့်ကြံပြီးသွားပြီ…မင်းတို့ သုံးယောက်ကို လက်တစ်ချောင်း နဲ့ တင် သတ်လို့ရတယ်…” မကောင်းဆိုးဝါး မှာ ထက်ရှသည့် မျက်လုံးများ နှင့် အတူ ဝံကြွားစွာ ပြောလိုက်သည်။ သူ့ မျက်လုံးမှ အနီရောင်အလင်းတန်းများက ထို သုံးယောက်အား ချုပ်နှောင်လိုက်လေသည်။
ထို သုံးယောက်က ထွက်မပြေးနိုင်တော့ပေ။ သူတို့ မြေပြင်ထက် ဒူးထောက်လိုက်ရကာ ဓားများလည်း လွှတ်ကျသွားသည်။
မကောင်းဆိုးဝါး က အမြူတေအား သိမ်းလိုက်ပြီး ကျင့်ကြံသူ သုံးယောက်အား ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။ သူ့အကြည့်များက ကျင့်ကြံသူ မိန်းမငယ်လေး ထံ အဆုံးသတ်သွား၏။ သူ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းအား သပ်လိုက်ကာ
“အိုး ကြည့်စမ်းပါဦး…လူသားမိန်းကလေး ရဲ့ အရသာက အရမ်းကို ကောင်းမှာပဲ…မင်းရဲ့ အသားကို ငါ ဖြည်းဖြည်းချင်း မြည်းကြည့်မိမှာ သေချာတယ်…”
ယောက်ျားလေး နှစ်ယောက်မှာ တုန်လှုပ်သွားပြီး အော်ဟစ်လိုက်လေသည်။
“မကောင်းဆိုးဝါး မင်း ဂျူနီယာ ညီမလေးရဲ့ လက်ချောင်းတစ်ချောင်းကို ထိရဲရင် ငါ သတ်ပစ်မယ်…”
“ငါတို့က ဝမ်ကျင်း အင်မော်တယ် ကျောင်းတော်ရဲ့ တပည့်တွေ ပဲ ငါတို့ ကျောင်းတော်က မင်း သေတဲ့အထိ အမဲလိုက်ကြလိမ့်မယ်…”
“ဟားဟားဟား…မင်းရဲ့ ပတ်ဝန်းကျင်ကို ကြည့်စမ်းပါဦး…ငါ က ဘာကို ကြောက်နေရမှာလဲ…မင်းတို့ အရှေ့မှာတင် မင်းတို့ရဲ့ ဂျူနီယာ ညီမလေးကို တစ်ကိုက်ခြင်း စားပစ်မယ်…”
မကောင်းဆိုးဝါးမှာ လှောင်ပြောင်ရင်း ပြောလာသည်။
ထို သုံးယောက်လုံး ကြောက်လန့်သွားကြသည်။ သူတို့ မျက်နှာထက်တွင် တုန်လှုပ်မှု နှင့် စိတ်ပျက်မှုတို့က ပြည့်နှက်နေလေ၏။ ယောကျာ်းလေး နှစ်ယောက်မှာ သွေးပျက်စွာ အော်လိုက်ကြသည်။
“ငါတို့ ဂျူနီယာလေးကို လွှတ်လိုက်စမ်း…ဘာလို့ ငါတို့ကို အရင်မစားတာလဲ…”
မကောင်းဆိုးဝါးမှာ လစ်လျူရှူရင်း ကောင်မလေးထံ ချဉ်းကပ်သွားလေသည်။
ထိုစဉ် ရုတ်တရက် ကျယ်လောင်သည့် အသံတစ်ခုအား သူတို့ ကြားလိုက်ရသည်။
ထို သုံးယောက်၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်တို့ တောက်ပလာပြီး လာကယ်သည့် သူ ရောက်လာမလားဟု ကြည့်လိုက်သည်။
ကံမကောင်းစွာဖြင့် သူတို့ထံ လျှောက်လာသည့် သာမန် အနက်ရောင်ခွေး တစ်ကောင်ကိုသာ မြင်လိုက်မိသည်။ သူတို့ မျှော်လင့်ချက်များမှာ ကောင်းကင်မှ မြေပြင်ဆီသို့ ပြုတ်ကျသည့် အလား ကင်းမဲ့သွားလေ၏။
ကျားသစ်မကောင်းဆိုးဝါးက အေးစက်စွာ ပြောလိုက်သည်။
“သာမန် ခွေးတစ်ကောင်က ဒီနေရာကို ဘာလာလုပ်တာလဲ…ဒီနေ့ သခင်ကြီး ကျားသစ် စိတ်ကောင်းဝင်နေတယ်…မင်းကို မစားတော့ဘူး ထွက်သွားစမ်း…”
ဘလက်ကီ နည်းနည်းမျှပင် တုန်လှုပ်သွားခြင်း မရှိကာ နေရာတွင်သာ ရှိနေသည်။ ရုတ်ချင်း သူ့ပါးစပ် ဖွင့်ကာ အေးစက်စွာ ပြောလိုက်လေသည်။
“ကျားသစ် မကောင်းဆိုးဝါး … မင်း အခုမှ အရှုံးပေးနေလဲ အရမ်းနောက်ကျသွားပြီ…”
“ဟမ်…မင်းလို မကောင်းဆိုးဝါး သေးသေးလေးကလား…” ကျားသစ် မကောင်းဆိုးဝါးမှာ ကြောင်အသွားပြီးနောက် ရယ်မောလိုက်လေကာ ဆက်ပြောသည်။
“ဟေး ခွေးနက်လေး မင်း ကျင့်ကြံရင်း ရူးသွားပြီလား…မင်း ဘယ်သူ့ကို ပြောနေလည်း ဆိုတာ သိလား…”
ဘလက်ကီ ပြောလာသည့် စကားကြောင့် ကျင့်ကြံသူ သုံးယောက်လည်း ကြောင်အသွားကာ နားကြားမှားသည်လားဟု အချင်းချင်း ကြည့်မိလိုက်ကြ၏။
ဒီခွေးက ဘာကြောင့် ဒီလောက်ထိ ယုံကြည်မှု ရှိနေတာလဲ…သူက ကျားသစ် မကောင်းဆိုးဝါးကိုတောင် အရင်ဆုံး ဒီလို ပြောလာတယ်လား…
“ ဘာပဲဖြစ်ဖြစ် ငါ့သခင် ဒီကို ရောက်လာတော့မယ်…ငါ့မှာ မင်းအတွက် ဖြုန်းစရာ အချိန်မရှိဘူး…” ဘလက်ကီ မောက်မာစွာဖြင့် ခေါင်းခါယမ်းလိုက်လေသည်။ သူ၏ ပုံစံ မှာ သာမန်မဆန်လွန်းနေပါက တကယ့်ဆရာကြီးဟု သေချာပေါက် ထင်မိမှာ အမှန်ပင်…
“ဟားဟား…မင်းက ကိုယ့်ဒုက္ခကိုယ် ရှာတာပဲ..” ကျားသစ်မကောင်းဆိုးဝါးကြီးမှာ ရယ်မောလိုက်ပြီး ကိုက်စားရန် ဘလက်ကီထံ ပြေးဝင်လာတော့သည်။
သို့သော်လည်း ဘလက်ကီက နည်းနည်းမှပင် တုန်လှုပ်သွားခြင်းမရှိပေ။ ဒီအစား မလှုပ်ရှားပဲ လက်မြှောက်ကာ လက်သည်း ထုတ်လိုက်သည်။
ရုတ်ချင်း ပြင်းထန်သည့် လေတိုက်ခတ်ခြင်း နှင့် အတူ ကောင်းကင်မှာ မှောင်မဲသွားသည်။ အနက်ရောင်တိမ်စိုင်များက ကြီးများသည့် ခွေးတစ်ကောင်၏ လက်သည်းအသွင် ပေါ်လာခဲ့ကာ ကျားသစ်မကောင်းဆိုးဝါးထံ ဆင်းသက်သည်။ ထို လက်သည်းမှာ ဘလက်ကီ ၏ လက်သည်းနှင့် တစ်ပုံစံတည်းပင်…အလွန်ကြီးမားနေခြင်းသာ ကွာခြားသည်။ ၄င်းက ဗုဒ္ဓ၏ လက်ငါးချောင်းတောင် အလားပင်…
ကျားသစ်မကောင်းဆိုးဝါးမှာ ဖိအား တစ်ခု သက်ဆင်းလာမှုကြောင့် လှုပ်မရဖြစ်သွားကာ ကြောင်လေးတစ်ကောင်အလား မူလ ကျားသစ်အသွင် ပြောင်းလဲ သွား၏။ ထို ခွေးမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း နားလည်လိုက်ကာ သူ့ အပေါ် ရှိနေသော အနက်ရောင်တိမ်စိုင်များအား သွေးပျက်စွာ ကြည့်လိုက်မိသည်။
“ကျွန်တော်က သေးငယ်တဲ့ ကျားသစ် မကောင်းဆိုးဝါးလေး ပါ … တောင်းပန်ပါတယ် … သခင်ကြီးခွေး…ကျွန်တော့်ကို ခွင့်လွှတ်ပေးပြီး ထွက်သွားခွင့်ပြုပါနော်…”
ဘန်း…
ရုတ်ချင်း လက်သည်းချက်ကြီးမှာ ကျားသစ်မကောင်းဆိုးဝါးထံ သက်ဆင်းလာခဲ့၏။ ကျားသစ်မကောင်းဆိုးဝါးမှာ ဖိအားဒဏ် တောင့်ခံနိုင်ခြင်း မရှိပဲ ဦးခေါင်းပွင့်ထွက်သွားခဲ့သည်။ ထိုအဖြစ်ပြီးသည် နှင့် လက်သည်းကြီး ပျောက်ကွယ်သွားကာ ကောင်းကင်သည်လည်း ဘာမှမဖြစ်ခဲ့သည့်အလား ရှင်းလင်းသွားလေသည်။
အခြားတစ်ဖက်တွင်တော့ ကျင့်ကြံသူ သုံးယောက်မှာ ကျောက်ရုပ်ကြီးအလား အသက်ပင် မရှူနိုင်ပဲ တောင့်တောင့်ကြီး ရပ်နေခဲ့၏။
သို့သော်လည်း ဘလက်ကီက လှည့်ကွက်သေးသေးသာ ပြုလုပ်လိုက်သည့်အလား တည်ငြိမ်စွာဖြင့် ရှင်းပြလာလေသည်။
“ ကျုပ်သခင်က သာမန်ပုံစံ နဲ့ သေမျိုးလောက မှာ အတွေ့အကြုံယူချင်တယ်…ဒီမကောင်းဆိုးဝါး ကို မင်းတို့ သတ်လိုက်တာပါ လို့ ခေါင်းထဲ ထည့်ထား…ကျုပ် ဘာမှ မလုပ်ခဲ့ဘူး … သခင် ဒီကို ရောက်လာရင် ကျုပ်လုပ်ခဲ့တာ ဘာမှ မပြောရဘူး… ကျုပ်သခင်ကို သာမန်လူအတိုင်းသာ ဆက်ဆံ ကျုပ်ကိုလည်း သာမန်ခွေးလိုပဲ သိထား ဟုတ်ပြီလား…”
ကျင့်ကြံသူ သုံးယောက်မှာ ကြောင်အစွာ ခေါင်းညိတ်လိုက်လေသည်။ သူတို့စိတ်ထဲ အကြောက်တရားသာ စိုးမိုးနေ၏။ ထိုခွေးသာ ဒီလောက် စွမ်းအားကြီးနေပါက သူ့သခင်မှာ ဘယ်အဆင့်နည်း…ကြည့်ရသည်မှာ တကယ့် ဆရာကြီးတစ်ယောက်က သေမျိုးလောကတွင် အတွေ့အကြုံယူနေဟန် ရသည်။ ထိုသို့ဆိုလျှင် မကြာခင်၌ တကယ့် ပုဂ္ဂိုလ်ကြီး တကယ့်ဆရာကြီးအား တွေ့ရတော့မည်ဟု ဆိုလိုလိုက်ခြင်း မဟုတ်လော…
“ဘလက်ကီ…” လီနင်းဖန် အော်ခေါ်ကာ တောင်ပေါ်တက်လာလေသည်။ ထို့နောက် သူ ဘလက်ကီ၏ ခေါင်းအား ဒေါသတကြီး ခေါက်လိုက်ပြီး အောက်ငေါက်တော့၏။
“မင်း ငါ လိုက်ခေါ်နေတာ မကြားဘူးလား…ဘာလို့ ဒီလောက် မြန်မြန်ပြေးနေတာလဲ…မင်း အရှုပ်ထုတ်ပဲ…” သူ တွေးလေ ဒေါသဖြစ်လေ ဖြစ်သည်။ သူ ဘလက်ကီ၏ ခေါင်းအား ဒေါသတကြီး ထပ် ခေါက်လိုက်ပြန်သည်။
အခြားတစ်ဖက်တွင်တော့ ကျင့်ကြံသူ သုံးယောက်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး မူးနောက်နောက် ဖြစ်နေရကာ ခေါင်းမှ ဆံံပင်များ ဆွဲနှုတ်မိမတက် ဖြစ်နေသည်။ သူတို့ တစ်ကိုယ်လုံးရှိ အမွှေးများသည်လည်း ထောင်ထနေ၏။ ထို သခင်ကြီး ခွေး ထံ ကြီးမားသည့် လက်သည်းကြီး ရှိပေသည်။ ထိုလက်သည်းကြီးအား သူတို့ ဂိုဏ်းတစ်ခုလုံး ပေါင်းလျှင်ပင် ခုခံနိုင်မည် မဟုတ်ချေ။
ဒီမတိုင်ခင်က သခင်ကြီးခွေးက ထို ပုဂ္ဂိုလ်ကြီးအကြောင်း ပြောခဲ့သည်။ သခင်ကြီးခွေး ရူးသွပ်သွားမည်အား စိုးရိမ်သောကြောင့် ထို မြင်ကွင်းအား သူတို့ မကြည့်နိုင်တော့ကာ မျက်လုံးမှိတ်ထားမိလိုက်သည်။
ဘလက်ကြီးအား တခဏ ဆူပူပြီးနောက် ဘေးတွင် အခြားလူများလည်း ရှိကြောင်း လီနင်းဖန် သတိထားမိလိုက်သည်။ ကျင့်ကြံသူ သုံးယောက်၊ ဦးခေါင်းကွဲနေသည့် ကျားသစ်သေ တစ်ကောင် နှင့် သစ်ပင်ခြေရင်းထက် သတိလစ်နေသည့် နန်နန်းအား သူ မြင်လိုက်သည်။ ကြည့်ရသည်မှာ ကျားသစ်မကောင်းဆိုးဝါးအား ကျင့်ကြံသူ သုံးယောက်တို့ အနိုင်ယူလိုက်ဟန် ရသည်။ သူ ကံကောင်းသွားသည်။ နန်နန်းထံသို့ သွားပြီး စစ်ဆေးကြည့်လိုက်သည်တွင် သတိမေ့ရုံသာ ရှိကြောင်း သိလိုက်ရရွေ့ သက်ပြင်းချနိင်တော့သည်။
“ကျွန်တော် လီနင်းဖန် ပါ…ဒီက သူရဲကောင်းသုံးယောက်က မကောင်းဆိုးဝါးကို သတ်ပြီး နန်နန်းကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါပဲ…ခင်ဗျားတို့က ကြွေလွှင့်မြို့တော်အတွက် ငြိမ်းချမ်းမှု ဆောင်ယူပေးလိုက်တာပါ…” လီနင်းဖန် ကျေးဇူးတင်စကား ပြောလိုက်၏။
သို့သော်လည်း သူတို့သုံးယောက်မှာ ကို့ရိုးကားယား ဖြစ်သွားသည်။ သူတို့ထဲမှ တစ်ယောက် သာ တုန်ရင်သည့် လေသံဖြင့် ပြန်ဖြေလာနိုင်သည်။
“သခင်လေးလီ အရမ်း အားနာနေပါပြီ…တကယ်တမ်း ကျုပ်တို့ ဘာမှ မလုပ်လိုက်ရပါဘူး…”
လီနင်းဖန် ထံတွင် မည်သည့် စိတ်ဝိညာဉ်ချီမှ မရှိကြောင်း သူတို့ နားလည်သည်။ သူ က သာမန်လူတစ်ယောက် အတိုင်းပင်…သူတို့သုံးယောက် အလွန်အံအားသင့်သွားမိ၏။
တကယ့်ဆရာကြီး တွေသာ သူတို့ စိတ်ရှိသလို နေနိုင်ကြတာပဲ…
လီနင်းဖန်…နင်းဖန်…နင်းဖန် ဆိုတာ က အတိတ်ကို လွမ်းဆွတ်ခြင်း လို့ အဓိပ္ပါယ်ရတယ် မဟုတ်လား…သူ့ကိုယ်သူ သာမန်လူအဖြစ် နေနေတာ အံသြစရာ မရှိတော့ဘူး…ဖြစ်နိုင်တာက သူ့ရဲ့ သေမျိုးဘဝ ကို တမ်းတသတိရနေတာပဲ ဖြစ်မယ်…သူက တကယ့် ဆရာကြီး…တကယ့် ပုဂ္ဂိုလ်ကြီးပဲ…
ကျင့်ကြံသူ သုံးယောက်မှာ စိတ်ထဲတွင် သက်ပြင်းချလိုက်မိကြသည်။
ထို သုံးယောက်ထဲမှ အပြာရောင်ဝတ်စုံ လေး နှင့် မိန်းကလေးမှာ အရှေ့ထွက်လာသည်။
“တွေ့ရတာ ဝမ်းသာပါတယ်…ကျွန်မက ပိုင်လျိုရှောင်း ပါ…သူတို့က ကျွန်မ စီနီယာတွေ ဖြစ်တဲ့ လိုဟို နဲ့ ချင်ကျူပါ…”
“တွေ့ရတာ ဝမ်းသာမိပါတယ်…မိန်းကလေးပိုင် ၊ သူရဲကောင်းလို နဲ့ သူရဲကောင်းချင် ” လီနင်းဖန် ယဉ်ကျေးစွာ ဂါရဝ ပြုလိုက်သည်။ တဆက်တည်း အံအားသင့်စွာဖြင့် ကျားသစ် မကောင်းဆိုးဝါး အား ကြည့်လိုက်မိ၏။ ၄င်းက သာမန် ကျားသစ်များထက် တကယ်ပင် ကြီးမားပေသည်။
သူ့အတွက် အင်မော်တယ်ကမ္ဘာသို့ ရောက်လာစဉ်ကတည်းက မကောင်းဆိုးဝါး တစ်ကောင်ကို ပထမဆုံး မြင်ဖူးခြင်း နှင့် ထိုမျှ နီးနီးကပ်ကပ် မြင်ဖူးခြင်း ဖြစ်သည်။ ထို မကောင်းဆိုးဝါး အား မည်သို့ အနိုင်ယူလိုက်ကြောင်း မမြင်လိုက်ရခြင်းမှာ တကယ်ပင် နှမြောစရာ ကောင်းသည်။
အခန်း ၅ ပြီး