book

Index 4

အခန်း - ၄ ( မကောင်းဆိုးဝါး တစ်ကောင် )

ပူပန်ခြင်းအပြည့် နှင့် လျိုရှီယု ထွက်သွားပြီးနောက်ပိုင်းတွင် လီနင်းဖန်မှာ သူ့ ငြိမ်းအေးသည့် ဘဝ အား ပြန်ဆက်သည်။ ဂီတဖန်တီးခြင်း ၊ သစ်ပင်စိုက် ၊ ပန်းပင်ပျိုး ၊ ငါးမျှား ခြင်း တို့ ပြုကာ တစ်ခါတစ်ရံ စိတ်ပါသည်တွင် ပန်းချီ နှင့် ကဗျာတို့ ရေးစပ်သည်။ 


တစ်ရက်၌…အနောက်ခြံထဲ သူ ငါးမျှားနေကာ ဘလက်ကီမှာ သူ့ခြေရင်း လှဲလျောင်းရင်း ငြိမ်းချမ်းစွာ သူ့အား ကြည့်နေသည်။


“ထူးဆန်းတယ်…ငါ လတိုင်း ငါးစာတွေ အများကြီး ထည့်ပါတယ်…ဘာကြောင့် ငါ ငါးမရတာလဲ…”  လီနင်းဖန် ငါးမျှားတံ ကိုင်ရင်း မျက်မှောင်ကြုံနေမိသည်။ ဘလက်ကီအား သံသယဝင်စွာ ကြည့်လိုက်ကာ 


“မင်းများ အကုန်စားလိုက်တာလား…ငါ ရွှေငါးတွေ ထည့်ထားတာ မှတ်မိပါတယ်… အခုတော့ တစ်ကောင်မှ မတွေ့တော့ဘူး…” 


ဘလက်ကီ ထခုန်မိလိုက်ကာ မျက်ဝန်းကျယ်ကြီးများဖြင့် လူသားတစ်ယောက်အလား အသည်းအသန် ခေါင်းခါယမ်းလိုက်သည်။


“ထားပါတော့…ငါတို့ မြို့ထဲသွားပြီး ငါးစာ ပုဇွန်ပေါက်လေးတွေ သွားဝယ်ရတော့မယ် ထင်တယ်…” လီနင်းဖန် ဆက်မစဉ်းစားတော့ပေ…ငါး မမိသည်ကြောင့် ငါးမျှားတံ သိမ်းကာ အိမ်မှ ထွက်ရန် ပြင်ဆင်လိုက်သည်။


ငါးမျှားခြင်းမှာ အတွင်းစိတ်ကို ငြိမ်းအေးစေပြီး သက်တောင့်သက်သာ ဖြစ်စေသည်။ လီနင်းဖန် ထို ခံစားချက်လေးအား နှစ်သက်ပြီး ဖမ်းမိသည့် ငါးများကိုလည်း လတ်ဆတ်သည့် အသားဟင်း လုပ်စားရသည်အား ကြိုက်သည်။ အကြောင်းမတိုက်ဆိုင်စွာဖြင့် သူ ယနေ့ ကံမကောင်းပေ။


“ရှောင်ပိုင် … နေခဲ့ပြီး အိမ်စောင့်ထားလိ်ုက်…”


“ချစ်ရသော သခင်ရေ…စိတ်သာချလိုက်ပါ…” 


ထို့နောက်တွင် သူ ဘလက်ကီလေး အား ခေါ်ကာ တောင်အောက် ဆင်းလာလိုက်သည်။


ထို တောင်ပေါ်တွင် ငါးနှစ်တာလုံး နေခဲ့ပြီး ကျင့်ကြံသူတစ်ယောက် မဟုတ်သောကြောင့် ကမ္ဘာကြီး နှင့် ထိတွေ့မှု ပျောက်ဆုံးသည်ဟု သူ တွေးမိသည်။ လူသားများ နှင့် ထိုမျှ ကြာသည်အထိ အဆက်အသွယ် မရှိလျှင် ရူးသွားလောက်ပေသည်။ သူ နေထိုင်သည့် နေရာ နှင့် မနီးမဝေး တောင်အောက်တွင် ကြွေလွှင့်မြို့တော် ဆိုသည့် မြို့လေး တစ်မြို့ရှိသည်။ ထိုနေရာတွင် သာမန်လူများသာ နေထိုင်၍ တခါတလေ မှ သာ ကျင့်ကြံသူများ ဖြတ်သွားတက်သည်။ ကောလဟာလများအရ ကျင့်ကြံသူများအရ ကံအကြောင်းတိုက်ဆိုင်သည့် လူများကို သူတို့၏ တပည့်များအဖြစ် လက်ခံတတ်သည်ဟု ဆိုကြသည်။


“အိုး..သခင်လေးလီက ဒီမှာပဲ…”


“ဟေး သခင်လေးလီ…ကျွန်တော့်ရဲ့ လတ်ဆတ်သည့် ပေါင်မုန့်တွေကို လာကြည့်ပါဦး အလကားနော်….”


“သခင်လေးလီ … အချိန်ရရဲ့လား…နည်းနည်း ကြာကြ နေသွားပါဦး…”


“ဟုတ်သား …သခင်လေးလီ…ကျွန်တော် ခင်ဗျားဆီက အကြံဉာဏ်လေးတွေ တောင်းစရာ ရှိတယ်…”


သူ မြို့ထဲဝင်သည် နှင့် ရင်းနှီးသည့် လူများက နှုတ်ဆက်ကြသည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း မြို့ထဲသို့ မကြာခဏ လာတက်သည်။ သူသည် ကျင့်ကြံသူ မဟုတ်သော်လည်း စနစ် မှ သင်ပေးခဲ့သည့် အံသြလောက်စရာ ပညာရပ်များ ရှိသည်။ တစ်ခါတစ်ရံ မြို့ထဲရှိ လူများအား အမြင်ကျယ်သွားအောင် မျှဝေပေးတတ်သေးသည်။ သူ့အသိပညာ များ ဖြင့် လည်း နေမကောင်းသည့် လူများအား ကုသပေးသေး၏။ များစွာသော လူများမှာ သူ့အား ကောင်းမွန်လေးစားစွာ ဆက်ဆံကြပေသည်။


လီနင်းဖန် ပြုံးလျက် လေးစားစွာ ပြန်လည် နှုတ်ဆက်လိုက်သည်။ စျေးနေရာ တော်တော်များများကို သွားပြီးနောက် ငါးစာဆိုင်အရှေ့တွင် ရပ်လိုက်လေသည်။


“သခင်လေးလီ … ငါးစာ လာဝယ်ပြန်တာလား…” ဆိုင်ပိုင်ရှင်မှာ သူ့အား အပြုံးဖြင့် ကြိုဆိုလာ၏။ သူ လီနင်းဖန် အား ကောင်းကောင်းသိလေသည်။


လီနင်းဖန် ခေါင်းညိတ်လိုက်ပြီး…“ အင်း…ဒီ တစ်ခါ များများ ဝယ်သွားမယ်…ဝယ်နေကျထက် နှစ်ဆ ပေးပါ…”


“ရတာပေါ့…” ပိုင်ရှင်မှာ ထုတ်ပိုးပြီးနောက် မေးလာလေသည်။


“သခင်လေးလီ…အရင်တစ်ခေါက်က အများကြီး ဝယ်သွားခဲ့တာ မဟုတ်လား…ဘာလို့ ဒီလောက်အများကြီး လိုနေသေးတာလဲ…”


လီနင်းဖန် သက်ပြင်းချလိုက်ကာ


“မပြောချင်တော့ပါဘူးဗျာ…ကန်ထဲကို ငါးစာ (ပုဇွန်ဆိတ်) လေးတွေ အများကြီး ထည့်ခဲ့တာ မှတ်မိပါတယ်…ဒါပေမဲ့ ငါး တစ်ကောင်မှ မဖမ်းမိဘူးလေ…”


ပိုင်ရှင်မှာ တံု့ဆိုင်းသွားပြီး လေးနက်သည့် လေသံဖြင့် သတိပေးသည်။


“သခင်လေး လီ …ဒါတော့ ထူးဆန်းတယ်…”


“ကျွန်တော်လည်း ဒီလို ထင်နေတာ…”


ပိုင်ရှင်က နောက်တစ်ကြိမ် သတိပေး ပြောသည်။


“သခင်လေး လီ ကို ကျွန်တော် ဂရုစိုက်ဖို့ ပြောချင်တယ်…ကန်ထဲမှာ မကောင်းဆိုးဝါး ဘာညာ ရှိနိုင်တယ်…ခင်ဗျားရဲ့ လုံခြုံရေးကို ဂရုစိုက်ဦး…”


လီနင်းဖန် လန့်ဖြပ်သွားမိသည်။ 


ကန်ထဲမှာများ တကယ်ပဲ မကောင်းဆိုးဝါး ရှိနေတာလား….မကောင်းဆိုးဝါး တစ်ကောင်ကောင်က ငါးတွေကို စားပစ်လိုက်တာလား…


သူ လန့်သော်လည်း ထိုနေရာတွင် ငါးနှစ်နီးပါး နေခဲ့သည်ကြောင့် ပြောင်းဖို့ ခက်သည်။ သူ ပြောင်းချင်လျှင်တောင် မည်သည့် နေရာသို့ သွားနေရမည်မှန်း မသိချေ။


“သခင်လေး လီ… ဒီမှာ လိပ်တစ်ကောင်ရှိတယ်…ဒီလိပ်က ညနေတိုင်း ရေပြင် နဲ့ ကမ်းပေါ်တက်ပြီး နေပူစာလှုံတက်တဲ့ အမျိုးအစားဗျ…ခင်ဗျား ဒါကို ကန်ထဲ ထည့်ထားလိုက်…ရှိနေသေးရင်တော့ ခင်ဗျား ရေကန် လုံခြုံပြီပဲ…” ပိုင်ရှင်က အကြံပေးလာလေသည်။


လိပ်ကို အသုံးချပြီး ကန်အား စစ်ဆေးသည့် နည်းပင်..၄င်းသာ ကန်ထဲ မရှိတော့ဘူး ဆိုလျှင်တော့ မကောင်းဆိုးဝါး စားခံလိုက်ရသည့် သဘောပင်…


လီနင်းဖန် ၏ မျက်လုံးများ အရောင်တောက်သွား၏။ 


“ဟုတ်သား…ဒါဆို ကျွန်တော် ဒီလိပ် ဝယ်သွားလိုက်မယ်…”


“သခင်လေးလီ…ခင်ဗျားကြောင့်သာ မဟုတ်ရင် ကျွန်တော့်ဆိုင် ပိတ်လိုက်ရတာ ကြာပါပြီ…ဒီ လိပ်က ငယ်သေးပြီး အဖိုးတန်တာလည်း မဟုတ်ဘူး…အလကားသာ ယူသွားလိုက်ပါ…”


နောက်ဆုံးတွင် ငါးစာဝယ်ရင်း လိပ်အား အလကားရလိုက်လေသည်။ လီနင်းဖန် က ငါးစာ နှင့် လိပ်အား လက်ထဲတွင် ကိုင်ကာ ကန်ထဲ ရှိ မကောင်းဆိုးဝါးအား စစ်ဆေးရန် အသင့်ရှိနေလေသည်။


သူ မြို့အဝင်ဝ သို့ ပြန်ရောက်ချိန်တွင် လူများ စုရုံးနေကြောင်း သတိထားမိလိုက်သည်။ လူအုပ်အလယ်တွင်တော့ အမျိုးသမီးကြီးတစ်ယောက်မှာ မြေပြင်၌ သောကရီဝေစွာ ထိုင်နေခဲ့လေသည်။


လီနင်းဖန် အနားသွားကာ မေးလိုက်လေသည်။


“ဒေါ်လေးကျန်း..ဘာဖြစ်လို့လဲ…”


ဒေါ်လေးကျန်းမှာ စိတ်ထားကောင်းသည့် အမျိုးသမီးတစ်ဦးပင်…လီနင်းဖန် ကျင့်ကြံခြင်းကမ္ဘာသို့ ရောက်ပြီးနောက် သူမက သူ့အား တော်တော်များများ ကူညီပေးခဲ့သည်။


သူမ လီနင်းဖန်အား မြင်သည်တွင် မျက်ဝန်းများထဲ မျှော်လင့်ချက် ရောင်ခြည်တို့ တောက်ပလာသည်။


“သခင်လေးလီ…သခင်လေးက အရည်အချင်းရှိတဲ့ လူပါ..ကျေးဇူးပြုပြီး နန်နန်းကို ကယ်ပေးပါဦး…သူ့ကို မကောင်းဆိုးဝါး ဖမ်းခေါ်သွားတယ်…” 


“နန်နန်းကို မကောင်းဆိုးဝါး ဖမ်းသွားတယ် ဟုတ်လား… ” လီနင်းဖန် တုန်လှုပ်သွားကာ စိုးရိမ်စွာ မေးလိုက်လေသည်။


သူ့စိတ်ထဲ ချစ်စရာ ကောင်းပြီး အမြဲတစ်စေ တက်ကြွနေသည့် ကောင်မလေး တစ်ဦးအား တွေးမိလိုက်သည်။ သူမ၏ ကျစ်ဆံမြီး နှစ်ခုအား သူ ကောင်းစွာ မှတ်မိသည်။ သူ့အား မြင်တိုင်း အစ်ကိုကြီး ဟု ခေါ်တက်ပြီး ချစ်စဖွယ် ကောင်မလေး တစ်ဦးပင်…


“ဒေါ်လေးကျန်း ခင်ဗျား အကြောက်လွန်နေပြီ…သခင်လေးလီက အမြင်ကျယ်ပေမဲ့လည်း သူက သာမန်လူပဲလေ… အဲ့ဒီကို လွှတ်ဖို့က သူ့အတွက် အရမ်း အန္တာရာယ်များတယ်…”


“ဟုတ်တယ်…ဒေါ်လေး အရမ်း အစိုးရိမ်လွန်နေပြီ ထင်တယ်…. ကျင့်ကြံသူ သုံးယောက်က တောင်ပေါ်တက်သွားတယ် မဟုတ်လား…သူတို့က နန်နန်းကို သေချာပေါက် ကယ်မှာပါ…”


“သူတို့က သာမန်လူတွေ မဟုတ်ဘူး နန်နန်း အဆင်ပြေမှာပါ…”


“အား…ဘယ်လို လောကကြီးလဲ… ဘာကြောင့် မကောင်းဆိုးဝါးတွေက ကြွေလွှင့်မြို့ကို ဒုက္ခပေးနေရတာလဲ…”


လူအုပ်ကြီးမှာ စကားကိုယ်စီ နှင့် ကြွတ်ကြွတ်ညံသွားခဲ့သည်။ သူတို့မှာ ကူညီချင်သော်လည်း မတက်နိုင်ပေ။


လီနင်းဖန် ခဏတာ တွေးလိုက်ပြီးနောက် သူမအား နှစ်သ်ိမ့်လာလေသည်။


“အန်တီကျန်း…မကြောက်ပါနဲ့…ကျွန်တော်သွားပြီး ကြည့်လိုက်မယ်…နန်နန်းကို ဒီနေ့ ပြန်ခေါ်လာမယ် လို့ ကတိပေးပါတယ်…”


“ကျေးဇူးပါပဲ..သခင်လေးလီရယ်…ကျေးဇူးပါပဲ… ” အန်တီကျန်းမှာ သူ့အား ယုံကြည်သည်။ သူမက ကျင့်ကြံသူ သုံးယောက်ထက် လီနင်းဖန် အား ပိုမို ယုံကြည်ဟန်ပင် ရလေသည်။ 


“သခင်လေး လီ…မကောင်းဆိုးဝါးတွေ က မိစ္ဆာဆန်တယ်..အရမ်း အန္တာရာယ်များတယ်…”


“ဟုတ်တယ်…ငါတို့က သာမန်လူတွေပဲလေ…ဒီကိစ္စ အင်မော်တယ်ရုံးတော်ကို တင်ပြလိုက်ရအောင်…ဒါမှ သူတို့လည်း ဖြေရှင်းဖို့ ကျင့်ကြံသူတွေ လွှတ်ပေးလို့ရမှာ…”


အများစုမှာ လီနင်းဖန်၏ လုံခြုံရေးအတွက် ပြောလာသည်။


လီနင်းဖန် ပြုံးပြလိုက်ကာ


“ခုနက ကျင့်ကြံသူ သုံးယောက် ထွက်သွားတယ်မလား…ကျွန်တော် ကူညီနိုင်မလားလို့ သူတို့နောက်လိုက်သွား ကြည့်လိုက်ရုံပါ…စိတ်ပူပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်…” လီနင်းဖန် သူ့စိတ်အား ပြင်ဆင်ပြီးလေပြီ…တည်နေရာအား မေးပြီးနောက် ထိုနေရာမှ ထွက်လာခဲ့၏။


မကောင်းဆိုးဝါးမှာ ထိုတောင်မှ ဝေးဝေးမပြေးချေ။ လီနင်းဖန် ဖြတ်လမ်းရှာကာ တောင်ပေါ်တက်လိုက်သည်။ အများအားဖြင့် ကျင့်ကြံသူ သုံးယောက်က မကောင်းဆိုးဝါးအား ရင်ဆိုင်ပြီး သူ ဘေးမှ စောင့်ကြည့်ရုံသာ လိုမည့်ဟန်ပင်..သို့သော်လည်း ကျင့်ကြံသူ သုံးယောက်သာ မကောင်းဆိုးဝါးအား မယှဉ်နိုင်ပါက လျိုရှီယူ ပေးခဲ့သည့် ကျောက်စိမ်းပြားလေးအား အားကိုးရုံသာ ရှိသည်။ လျိုရှီယူက အဆင့်မြင့်သည့် ကျင့်ကြံသူ ဖြစ်မှန်း သိသည့်အတွက် ၄င်းက လိုအပ်လာလျှင် ကူညီနိုင်မည်ဟုသာ မျှော်လင့်ရုံသာ တက်နိုင်ပေသည်။


လီနင်းဖန် ကြောက်စိတ်ကို ဘေးဖယ်ကာ လျှင်မြန်စွာ ပြေးသွားသည်။ မကောင်းဆိုးဝါးများက လူသားများအား စားသောက်ကြောင်း သူကြားဖူးသည်။ သူသာ စက္ကန့့်အနည်းငယ် နောက်ကျသွားပါက နန်နန်းအား မကောင်းဆိုးဝါး စားသွားနိုင်သည်။


“နန်နန်း အသက်ရှင်အောင် နေနေပါ…” လီနင်းဖန် ရေရွှတ်လိုက်လေသည်။


ထိုစဉ် ရုတ်တရက် ဘလက်ကီမှာ သူ့အား ကျော်တက်သွားပြီး အနက်ရောင် အရိပ်တစ်ခုအလား လျှင်မြန်စွာ ပြေးထွက်သွားလေသည်။


“ဘလက်ကီ မင်းဘာလုပ်တာလဲ…အခု ဝင်ရှုပ်ရမယ့် အချိန်မဟုတ်ဘူး..ရပ်စမ်း…” မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည့် ဘလက်ကီအား လီနင်းဖန် စိုးရိမ်စွာ လှမ်းအော်လိုက်သည်။ တစ်ဆက်တည်း သူ စိတ်ပူ ဒေါသထွက်သွားရ၏။


“သောက်ခွေးငတုံး… ဒီအကောင် အရင် အသတ်ခံဖို့ ပြေးသွားတာလား…”


အခန်း ၄ ပြီး



rate now: