book

Index 2

အခန်း - ၂ (သံသယဖြစ်စရာ ကျင့်ကြံသူကြီးလား…)

ထို တဲ လေးမှာ ရိုးရှင်းပြီး သာမန်ဆန်လွန်းလှသည်။


“ဟေး…ဒီမှာ တစ်ယောက်ယောက်များ ရှိလား…”  မင်းသမီးလေးမှာ တံခါးဆီသို့ ကြည့်၍ လှမ်းအော်လိုက်သည်။


ခလက်…


တံခါးမှာ လှစ်ဟလာလေသည်။ ၄င်းမှာ ငါးနှစ်တာ အတွင်း ပထမဆုံး အကြိမ် အဖြစ် ဧည့်သည်ရောက်လာခြင်း ဖြစ်သောကြောင့် လီနင်းဖန် တံခါးဆီမှ ချောင်းကြည့်လိုက်သည်။ တံခါးအရှေ့တွင် မိန်းမလှလေး တစ်ဦး ရပ်နေသည်အား မြင်သည်တွင် သူ့မျက်ခုံးများ ပင့်မိသည်အထိ အံအားသင့်သွားခဲ့၏။


“ဖြစ်နိုင်တာက ဘုရားသခင်က ငါ့ဆုတောင်းကို ပြန်ဖြေလိုက်တာလား… ချစ်သူ လိုချင်တယ်လို့ ပြောလိုက်တော့ သူ တစ်ယောက် လွှတ်လိုက်တာများလား…” သို့သော်လည်း ခေါင်းခါရမ်းကာ အတွေးတို့အား ပယ်ဖျက်လိုက်သည်။`


ထိုမိန်းကလေး ထံတွင် ချီစွမ်းအင် အငွေ့အသက် ရှိသည်ကြောင့် သေချာပေါက် ကျင့်ကြံသူ ဖြစ်ရပေမည်။ သူမ၏ အပြုအမူ နှင့် သိမ်မွေ့ပုံအရ မြင့်မြတ်သည့် မိသားစု မှ လာကြောင်း သိနိုင်သည်။ ထိုကဲ့သို့သော မိန်းကလေး မျိုး က သူကဲ့သို့သော လူတစ်ယောက်အား မည်သို့ အလိုရှိပါမည်နည်း…


တစ်ချိန်တည်းတွင် မင်းသမီးလေး သည်လည်း လီနင်းဖန် နှင့် ထပ်တူ အကဲခတ်နေလေသည်။ သူက သာမန်လူတစ်ယောက်သာ ဖြစ်ကြောင်း သိလိုက်ရသည်တွင် သူမ မျက်လုံးအတွင်း စိတ်ပျက်မှု အချို့ ဖြတ်ပြေးသွားသည်။ ယခု သူမ ရင်ဆိုင်နေရသည့် အခြေအနေ အား ဖြေရှင်းနိုင်ရေးအတွက် သိုသိုသိပ်သိပ်နေသည့် ပညာရှင်ကြီး နှင့်များ တွေ့မိမလားဟု မျှော်လင့်ခဲ့မိသည်။


မတတ်နိုင်ပေ။ သူမ ဒီသို့ ရောက်ရှိနေပြီ ဆိုမှတော့ အခြေအနေ ကြည့်ရန် လိုပေသည်။ ထိုကြောင့် သူမလေး ယဉ်ကျေးပြုငြာသည့် လေသံဖြင့် ပြောလာလေသည်။

“တွေ့ရတာ ဝမ်းသာပါတယ်ရှင့် …ကျွန်မ က လျိုရှီယူ ပါ အထဲ ဝင်လာလို့ရမလား…”


“ဒါပေါ့…ရပါတယ်…” လီနင်းဖန် တံခါးကို ဖွင့်ကာ အိမ်ထဲ ဖိတ်ခေါ်လိုက်သည်။


ထို လှလွန်းသည့် ကျင့်ကြံသူ မိန်းမလှလေးအား ငြင်းဆန်ရန်တွင် သူ့တွင် အကြောင်းပြချက် မရှိပေ။ မည်သို့ပင်ဖြစ်စေ မိတ်ဆွေ ဖြစ်သွားလည်း ကောင်းပေသည်။


“ကျေးဇူးပါ… ” လျိုရှီယူမှာ သူမ၏ အစေခံမလေး နှင့်အတူ အိမ်ထဲ ဝင်လိုက်သည်။


အိမ်ထဲသို့ မဝင်ခင်တွင် ခြံထဲရှိ လမ်းငယ်လေး အား ဖြတ်ကျော်ရသေးသည်။ ထို ခြံထဲတွင် အမျိုးမျိုးသော အပင် နှင့် ရောင်စုံပန်းများ စိုက်ပျိုးထားပြီး မွှေးပျံသည့် ရနံမှာ လှိုင်သင်းနေလေသည်။ ၄င်းက မျက်လုံး နှင့် အနံ့အာရုံကို အစာကျွေးနေလိုပင်…ထို ခြံဝင်း၏ အလယ်တွင်တော့ အိပ်ခန်း နှင့် ဧည့်ခန်းပါရှိသည့် လှပသည့် စံအိမ်ငယ်လေးတစ်လုံး ရှိသည်။


လျိုရှီယူ ခြံထဲသို့ လှမ်းဝင်လိုက်သည်တွင် ငြိမ်းအေးပြီး အပူအပင်ကင်းမဲ့သည့် ခံစားချက်မျိုး ရရှိလိုက်မိသည်။ ၄င်းက ဝိညာဉ်ကိုပင် တည်ငြိမ်အေးချမ်းစေနိုင်သလိုပင်..

ထိုစဉ် ရုပ်သေးရုပ်တစ်ခုမှာ အခန်းထဲမှ ထွက်လာပြီး ယဉ်ကျေးပြုငြာသည့် စကား ဆိုသည်။

“အိမ်မှ ကြိုဆိုပါတယ်…”


အစေခံမိန်းမငယ်လေးမှာ ရုပ်သေးအား တွေ့သည်တွင် မင်းသမီးလေးအရှေ့သွားကာ ချက်ချင်း ကာကွယ်လိုက်သည်။

“အာ…မင်းသမီး သတိထား…” 


“မိန်းကလေး…မလန့်သွားပါနဲ့ … ဒါက ကျုပ်ရဲ့ ရုပ်သေးအိမ်စေ ရှောင်ပိုင်ပါ…” လီနင်းဖန် ဝင်ပြောကာ ရုပ်သေးဆီသို့ လှည့်၍ အမိန့်ပေးလိုက်သည်။

“ရှောင်ပိုင် မိန်းကလေး နှစ်ယောက်ကို တောင်းပန်လိုက်ပါ…”


“လန့်သွားစေတဲ့ အတွက် ကျုပ် တောင်းပန်ပါတယ် မိန်းကလေးတို့… ” ရှောင်ပိုင်မှာ ခါးညွှတ်ကာ လူကြီးလူကောင်းဆန်စွာ တောင်းပန်လိုက်သည်။


လျိုရှီယူ မှာ ရှောင်ပိုင်အား မယုံကြည်နိုင်စွာ ကြည့်မိလိုက်သည်။ 

“ရုပ်သေးတစ်ရုပ်လား…သူ့ကို ကြည့်ရတာ စိတ်ဝိညာဉ် အသိဉာဏ် ရှိနေသလိုပဲ… သူက စိတ်ဝိညာဉ်ရုပ်သေးလား…” 


စိတ်ဝိညာဉ် ရုပ်သေးက ဒဏ္ဍာရီလာ ရတနာပဲ….ဒဏ္ဍာရီတွေ အရဆိုရင် ထိပ်တန်းအရည်အသွေး ရှိတဲ့ စိတ်ဝိညာဉ်ဆိုင်ရာ ယန္တာရားတွေ နဲ့ မှ စိတ်ဝိညာဉ်ရုပ်သေး ဖန်တီးနိုင်တယ်တဲ့ ပြီးတော့ ပိုပြီး အရေးကြီးတာက ဒီရုပ်သေးမှာ မြင့်မားတဲ့ အသိဉာဏ်ရှိနေတယ်…သူသာ တကယ်ကြီး အင်မော်တယ်ရုပ်သေး ဖြစ်နေရင်တော့ အံအားသင့်စရာ မရှိဘူး….

 ထိုသို့ တွေးလိုက်မိသည်တွင် သူမ၏ မျက်နှာထက်၌ ကြောက်ရွံမှု အချို့ ဖြတ်ပြေးသွားခဲ့သည်။


လီနင်းဖန် သူမ မျက်နှာအား ကြည့်ကာ သက်တောင့်သက်သာ ပြုံးလိုက်သည်။

“မိန်းကလေး မင်းမှားနေပြီ… ရှောင်ပိုင်က တိုးတက်တဲ့ နည်းပညာတွေ နဲ့ တည်ဆောက်ထားတဲ့ အတုအယောင် အသိဉာဏ်ရှိတဲ့ ရုပ်သေးပါ…သူက စိတ်ဝိညာဉ် ရုပ်သေး နဲ့ နည်းနည်းတောင် မနီးစပ်ပါဘူး…” 


“အတုအယောင် အသိဉာဏ်…တိုးတက်တဲ့ နည်းပညာတဲ့လား….” လိ်ျုရှီယု ပထမဆုံး အကြိမ် အဖြစ် ထို စကားလုံးများအား နားမလည်နိုင်ပေ။


“လှည့်ကွက်အချို့ပါ… ဘာမှ မဟုတ်ပါဘူး…” လီနင်းဖန် ဆွံအရသည်။ သူသည်လည်း ရှင်းပြရန် ပျင်းလွန်းသောကြောင့် ရုပ်သေးဘက်သို့ လှည့်ကာ

“ရှောင်ပိုင် အနောက်ခြံထဲမှာ ဧည့်သည်တွေအတွက် ဖရဲသီးတစ်လုံး သွားယူစမ်း…”


“ကောင်းပါပြီ သခင်…” 


ဒီ လီနင်းဖန် ဆိုတဲ့ လူက စိတ်ဝိညာဉ် နဲ့ အသိဉာဏ် ရှိတဲ့ ရုပ်သေးကို လှည့်ကွက် အချို့ပါလို့ ပြောလိုက်တာလား…


လျိုရှီယူ သူမ၏ စိတ်လှုပ်ရှားနေမှုကို ဖုံးကွယ်ရန် အသက်ပြင်းတစ်ရှိုက် ရှူသွင်းလိုက်ရသည်။ အလွန်ကြီးကျယ်သည့် စီနီယာ ကျင့်ကြံသူများသည် သာမန်ဘဝတွင်သာ ဟန်ဆောင် သိုသိပ်စွာ နေထိုင်ကြကြောင်း သူမ များစွာ ကြားဖူးထားပြီး ဖြစ်သည်။ 


ဒီယနေ့ သူမ နှင့် တိုက်ဆိုင်စွာ တွေ့ဆုံမိသည်လော…


ထို အတွေးအား တွေးမိချိန်တွင် သူမ အသက်အောင့်ထားမိပြီး စိတ်ပူပန်ခြင်း နှင့် စိတ်လှုပ်ရှားခြင်း စသည့် နှစ်မျိုးလုံး ခံစားမိလိုက်ရသည်။


လီနင်းဖန် သူမတို့အား စံအိမ်ထဲသို့ ခေါ်ကာ ယဉ်ကျေးစွာ ပြုံးလိုက်ပြီး

“ကြွပါ မိန်းကလေးတို့…”


“အို ကျေးဇူးပါပဲ… ” လျိုရှီယူ အတွေးထဲမှ ရုန်းထွက်လိုက်သည်။


သူမ ပတ်ဝန်းကျင်အား ကြည့်မိလိုက်သည်တွင် ထောင့်တစ်နေရာ၌ ရှိနေသော ကုချင်းတစ်လက်အား မြင်မိလိုက်သည်။

“သခင်လေး က ဂီတကို မြတ်နိူးတာလား…”


“ဒါက အချိန်ဖြုန်းလို့ ကောင်းတယ်လေ... ” လီ သာမန်အတိုင်း ပြန်ဖြေလိုက်သည်။


လျိုရှီယူ သူမ သံသယဝင်လာမိကာ ထို ပညာရှင်ကြီး နှင့် မိတ်ဆွေဖြစ်လို သွားသည်။ သူမ ထပ်ပြောလာလေသည်။

“ကျွန်မရဲ့ သူငယ်ချင်း တစ်ယောက်ကလည်း အရမ်းကို တော်တဲ့ ဂီတပညာရှင်တစ်ယောက်ပဲ ကျွန်မတို့ နောက်တစ်ကြိမ် တွေ့ရင် မိတ်ဆက်ပေးမယ်လေ…”


“ထားလိုက်ပါ…ကျုပ်လည်း ဂီတ နဲ့ ပက်သက်ပြီး များများစားစား မသိထားပါဘူး…” လီနင်းဖန်း လက်ဝှေ့ယမ်းကာ အပြုံးဖြင့် ခေါင်းခါယမ်းလိုက်သည်။


ဒီလျိုရှီယု က အင်မော်တယ်ကျင့်ကြံသူ ဆိုမှတော့ သူ့သူငယ်ချင်းလည်း ဒီအတိုင်းပဲ ဖြစ်မှာပဲ…ငါ့မှာ သူတို့နဲ့ ဂီတ အကြောင်း ဆွေးနွေးဖို့ နည်းလမ်း မရှိဘူး…သူတို့က သံစဉ်လှိုင်းတွေ မထုတ်ပဲ လျှပ်စစ်သံလိုက်လှိုင်းတို့ ဘာတို့ ထုတ်မှ မတော်တဆ ငါ သေနေဦးမယ်… ဂီတသူတော်စင် ဆိုသည့် ဘွဲ့အမည် ရရှိထားသော်လည်း လီနင်းဖန် ခါးသက်စွာ တွေးလိုက်သည်။ 


ထိုအတွေးများက ရှောင်ပိုင် ဖရဲသီး ယူလာပြီး ခွဲခြမ်း ပြင်ဆင်ပြီး ချိန်တွင် လွှင့်ပျယ်သွားလေသည်။

“မင်းတို့ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်…”


လျိုရှီယူ မှာ ထို စိတ်ဝိညာဉ်ရုပ်သေး နှင့် ပက်သက်ပြီး နောက်တစ်ကြိမ် အထင်ကြီးသွားပြန်သည်။ ၄င်းအား အပြင်ပန်း အရ ကြည့်မည် ဆိုလျှင် တကယ့် လူတစ်ယောက်အတိုင်းပင်…အခြားသော စိတ်ဝိညာဉ်ရုပ်သေးများ နှင့် နှိုင်းယှဉ်မည်ဆိုလျှင်တောင် ပိုင်ရှောင်မှာ အကောင်းဆုံး ဖြစ်လောက်သည်။


“ကျေးဇူးပြုပြီး နှစ်သက်ရာ ယူကြပါ…” လီနင်းဖန် က ဖော်ရွေစွာ ပြောသည်။


သူ့အတွက်လည်း ယခုအချိန်မှာ နေ့လည်စာ စားပြီး ရေငတ်ချိန် ဖြစ်သောကြောင့် ဖရဲသီးစား အချိုတည်းခြင်းမှာ အကောင်းဆုံး ဖြစ်သည်။


လျိုရှီယူ သူမအတွက် အဆင်ပြေမည့် ဖရဲသီးတစ်စိတ် ယူလိုက်သည်။ ထို ဖရဲသီးမှာ သာမန် ဆန်လွန်းလှသည်။ သူမ ကဲ့သို့ မင်းသမီးတစ်ပါးအတွက် အင်မော်တယ်သစ်သီးများ နှင့် စိတ်ဝိညာဉ်အသီးဖျော်ရည်များပင် သုံးဆောင်ဖူးသည်။ ဖရဲသီးကဲ့သို့ သာမန်လူများအတွက် သစ်သီးကိုတော့ သူမ ကြိုက်နှစ်သက်ခြင်း မရှိချေ။ သို့သော်လည်း လီနင်းဖန်ကဲ့သို့ သံသယဝင်စရာ ကောင်းသည့် ပုဂ္ဂိုလ်ကြီးအတွက် မျက်နှာသာ ပေးရလိမ့်မည်။ ဒါ့အပြင် ထိုဖရဲသီးက တစ်ခုခု ကွဲပြားကြောင်း သူမ သတိထားမိ၏။


ဟင်…ဒါ အရမ်းလှတာပဲ…အနီရောင် ပတ္တမြားလိုပဲ… ဒီလို ဖရဲသီးမျိုး တစ်ခါမှ မစားခဲ့ဖူးဘူး…

သူမ တစ်ကိုက် ကိုက်လိုက်၏။


အရမ်း အရသာရှိတယ်… အရမ်း ချိုတာပဲ…ပါးစပ်ထဲ ရောက်တာနဲ့ အသီးဖျော်ရည်တစ်ခု လို အရည်ပျော်သွားတယ်…

သူမလေး ကလေးတစ်ယောက်အလား တွေးမိလိုက်သည်။


အရမ်းအရသာရှိတယ်…အရမ်းပဲ…


ဘာကြောင့် ဖရဲသီး တစ်လုံးက ဒီလောက် အရသာရှိနေနိုင်တာလဲ…ဒါက သာမန် ဖရဲသီး မဟုတ်နိုင်ဘူး…


လျိုရှီယု တွေးနေမိသည်။


ဂလု…

သူမ မျိုချလိုက်သည်တွင် ဖရဲရည်များမှာ လည်ချောင်းတစ်လျှောက် စီးဆင်းသန့်စင်သွားလေသည်။ သို့သော်လည်း ထို့နောက်တွင် မှော်ဆန်သည့် အရာ ဖြစ်လာသည်။ သူမ ခန္ဓာကိုယ်အတွင်း အရည်စီးကြောင်း တစ်ခုအား ခံစားလိုက်ရ၏။


“ဒါ..ဒါက…စိတ်ဝိညာဉ်ချီလား…”


သူမ ကူကယ်ရာမဲ့စွာဖြင့် နောက်တစ်ကိုက် ကိုက်လိုက်ပြန်သည်။


နောက်ထပ်ပဲ…

အလွန်အေးမြပြီး လန်းဆန်းသည့် ခံစားချက်မှာ တိုးဝင်လာပြန်သည်။ တစ်ချိန်တည်း အားကောင်းသည့် ချီစီးကြောင်းတစ်ခုက သူမ ကိုယ်တွင်း ဖြတ်စီးသွားလေသည်။


ချီ… ဒါ တကယ့် စိတ်ဝိညာဉ် ချီစွမ်းအင်ပဲ… ဒီဖရဲသီးတစ်ကိုက် က စိတ်ဝိညာဉ်သစ်သီး တစ်လုံးလုံး ထက် ပိုကောင်းပြီး သာလွန်နေပါလား…


ရှလွှတ်…ရှလွှတ်…


လျိုရှီယူ အခြားမသိတော့ချေ ။ ချိုမြိန် အရသာ ရှိခြင်း ၊ သိပ်သည်းသည့် ချီစွမ်းအားကြောင့် လန်းဆန်းခြင်း စသည့် ခံစားချက်တို့သာ လျိုရှီယူ ခံစားနေရသည်။ ယခု သူမ ခေါင်းထဲ အတွေးတစ်ခုသာ ရှိတော့သည်။ 


၄င်းမှာ စားရန်သာ ဖြစ်၏။


လျှင်မြန်စွာဖြင့် သူမ တစ်ခု နှင့် မတင်းတိမ်နိုင်ကာ နှစ်ခု … ထိုနောက် သုံးခု…


လီနင်းဖန် နောက်တစ်စိတ်အား စားနေခြင်းကို ရပ်တန့်ပြီး မထိန်းချုပ်နိုင်စွာ စားနေသည့် လျိုရှီယူအား ကြည့်လိုက်သည်။ သူ့မျက်ခုံးများအား သံသယအချို့ နှင့် ပင့်တင်မိလိုက်သည်။ 


သူမက တကယ်ပဲ ကျင့်ကြံသူလား…ဒါက ဖရဲသီး တစ်လုံး သာပဲ မဟုတ်ဘူးလား…


လျိုရှီယူ ဖရဲသီးစိတ် ခြောက်စိတ် စားပြီးသည့်တိုင် မရပ်တန့်သေးချေ။ နောက်ဆုံး သတိဝင်လာပြီး ရှက်သွားမိမှ ရပ်လိုက်သည်။ သူမ ခေါင်းလေး ငုံ့ကာ ရှက်ရွံစွာဖြင့် လီနင်းဖန် အား မခို့တရို့ ကြည့်လိုက်၏။


ဒီမတိုင်ခင်တွင် သူမ ဝမ်းဗိုက်အောက်မှ အကန့်အသတ်မရှိသည့် ချီစွမ်းအင်တို့ တစ်ကိုယ်လုံးသို့ စီးဆင်း ပြန့်နှံလာကြောင်း သူမ သိလိုက်လေသည်။ 


အခန်း ၂ ပြီး



rate now: