book

Index 1

အခန်း - ၁ (စနစ်နှင့် လမ်းခွဲခြင်း)

( စမ်းသပ်မှု များ အရ ကျင့်ကြံသူမှာ ယခုတွင် ပြီးပြည့်စုံနေပြီး ဖြစ်တဲ့ အတွက် စနစ် မှ ထပ်မံ သင်ကြားရန် မရှိတော့ပါ ထိုကြောင့် စနစ် ဖြုတ်သိမ်းပါတယ် … နှုတ်ဆက်ခဲ့ပါတယ် )


စက်ယန္တရား အလား စကားသံ တစ်ခု မှာ သူ့အား တုန်လှုပ်သွားစေသည်။  ထို့နောက် သူက လှမ်းတားလိုက်သည်။ 


“ချီးထဲမှပဲ… မလုပ်…မလုပ် မသွားပါနဲ့ဟ…” 


လီနင်းဖန်က လှမ်းကာ အော်ဟစ်လိုက်သည်။ 


“ ငါက ဘယ်နေရာမှာ ပြည့်စုံနေလို့လဲ .. နောက်ထပ် ထပ်ပြီး လှည့်ကွက် နည်းနည်းလောက် သင်ပေးသွားလို့ မရဘူးလား … အနည်းဆုံးတော့ င့ါကို အင်မော်တယ် ဖြစ်အောင် သင်ပေးသွားမှာပေါ့ သောက်ချီးစနစ် ဘယ်ရောက်သွားတုန်း … ”


 စနစ်မှာ ဘာမှ ပြန်လည် တုံ့ပြန်ခြင်း မရှိချေ။ 


“မင်း တကယ်သွားပြီလား…အနည်းဆုံးတော့ ငါ လာခဲ့တဲ့ နေရာကို ပြန်ပို့ပေးခဲ့လေ…မင်း ခေါ်တုန်းက ခေါ်လာခဲ့ပြီးတော့ အခု မှ ငါ့ တစ်ယောက်တည်း ထားသွားရလား….ဟေ့ကောင် စနစ်…” 


လီနင်းဖန် လေထဲသို့ ကြည့်ကာ အော်ဟစ်နေသော်လည်း အဖြေတစ်ခု မလာခဲ့ချေ။


“ချီးထဲမှပဲ…သောက်ခွေး စနစ်…” 


 နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာဖြင့် စနစ် အား အော်ဆဲလိုက်တော့သည်။


လွန်ခဲ့သည့် ငါးနှစ်ခန့်တွင် လီနင်းဖန်သည် ဤနေရာသို့ ကူးပြောင်းခံခဲ့ရပြီး ရယ်စရာကောင်းသော အသံရှိသည့် “တန်ခိုးရှင် စနစ် ” ဟူသော  စနစ်တစ်ခု ပါလာခဲ့သည်။ အစတွင် လီနင်းဖန် မှာ အင်မော်တယ် ကျင့်ကြံခြင်း ပညာရပ်များ သင်ရလိမ့်မည်ဟု ယုံကြည်ခဲ့လေသည်။ သို့သော်ငြားလည်း စနစ်မှာ အသုံးမဝင်သည့် ဘာသာစကား ၊ အတွက်အချက် ၊ ဆေးပညာ ၊ ရုပ်ခန္ဓာပညာ ၊ ကဗျာ စာပေ ရေးသားခြင်း ၊ ပန်းချီဆွဲခြင်း တို့သာ သင်ကြားပေးခဲ့သည်။


လီနင်းဖန် မှာ ရွေးချယ်စရာ မရှိ၍ ၄င်းတို့အား သင်ယူခဲ့ရ၏။ နောက်ဆုံးတွင် စနစ်မှ ကမ်းလှမ်းသည့် ထို ပညာရပ်အားလုံး ကို အဆုံးစွန်အထိ သင်ကြားတက်မြောက်ခဲ့သည်။


အပြန်အလှန်အနေဖြင့် ကဗျာ သူတော်စင် ၊ အနုပညာ သူတော်စင် ၊ စစ်တုရင် သူတော်စင် ၊ ဗိသုကာ သူတော်စင် စသည့် ခပ်မိုက်မိုက် ဘွဲ့အမည်များသာ ရရှိခဲ့၏။


ထိုနောက် စနစ် မှ လမ်းခွဲသွားခဲ့သည်။


ကောင်းလေပြီ သာမန် လူသားကမ္ဘာတွင် ထိုပညာရပ်များမှာ အလွန်အသုံးဝင်မည်မှာ သေချာသည်။ သို့သော် ယခု၌ သူက မသေမျိုးတို့ နေထိုင်သည့် အခြားကမ္ဘာသို့ ရောက်နေပြီ မဟုတ်လား…ထို ပညာရပ်များမှာ အကူအညီ ပေးနိုင်ပုံ မရချေ။


ကောင်းကင်ထက်တွင် တစ်ခါတစ်ရံ ဖြတ်သန်းသွားလာကြသည့် ကျင့်ကြံသူများ ရှိပြီး လူသားလတ်လတ်ဆတ်ဆတ် စားသုံးတက်သည့် သားရဲများလည်း ရှိသည်ဟု ကောလဟာလ တို့ ရှိသည်။ ထိုအတတ်ပညာ များက ဒီကမ္ဘာတွင် သူ့အား အသက်ရှင်နိုင်ရန် မည်သို့ ကူညီနိုင်ပါမည်နည်း…သို့မဟုတ်…သားရဲများအား သွားပြီး တရားဟောနေရမည်လော…


သူ အတော်လေး စိတ်ပျက်ရသည်။ ငြိမ်းအေးသည့် လျိုဝှက်တောင်ပေါ်တွင် တစ်ကိုယ်ရေ နေထိုင်လိုကာ မသေမျိုးတို့၏ တိုက်ပွဲ အား ကြောက်ရွံသော်လည်း ကောင်းကင်ထက်တွင် မသေမျိုးများကဲ့သို့ ပျံသန်းလိုပေသည်။ ထိုသို့ ဖြစ်ရန်လည်း အစဉ်အမြဲ မျှော်လင့်ခဲ့ရ၏။


သို့ပေငြားလည်း စနစ်မှာ သူ့အား ဘာတစ်ခုမှ သင်ပေးခြင်း မရှိချေ။ အသုံးမကျသည့် အရာများ သင်ပေးထားခဲ့ပြီးနောက် မြူခိုးအလား ပျောက်ကွယ်သွားသည်။


သောက်သုံးမကျလိုက်တဲ့ စနစ်စုတ်…


ပြောရမည်ဆိုလျှင် လီနင်းဖန်သည်လည်း စနစ်အား အပြည့်အဝ အားမကိုးချေ။ ဤကမ္ဘာသို့ ရောက်လာစဉ်ကတည်းက မသေမျိုး ဖြစ်ရန် သို့မဟုတ် မသေမျိုးများထံ မှ တိုက်ရိုက် သင်ကြားနိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် သူ့ထံ၌ စိတ်ဝိညာဉ် ရေသောက်မြစ် မရှိချေ။ ၄င်းမှာ တစ်သက်လုံး သေမျိုးဘဝ နှင့်သာ အရိုးထုတ်သွားရမည်ဟု ဆိုလိုလိုက်ခြင်း ဖြစ်သည်။


“သခင်…နေ့လည်စာ စားချိန်ရောက်ပါပြီ ” ရုပ်သေးတစ်ရုပ်မှာ အခန်းထဲမှ ထွက်လာပြီး လီနှင်းဖန် အား နေ့လည်စာ စားရန် လာရောက်ခေါ်ဆိုသည်။


“အင်း…” လီနင်းဖန် ရိုးရိုးတန်းတန်း သာ အဖြေပေးလိုက်၏။


သို့သော်လည်း လက်ရှိတွင် လီနင်းဖန် မှာ နေ့လည်စာ စားချင်စိတ်မရှိချေ။  ထို စက်ရုပ် ရုပ်သေးမှာ ရုပ်ခန္ဓာ နည်းဥပဒေ ပညာရပ်များ အဆုံးစွန်တက်မြောက်ပြီးနောက် ဆုလာဒ်တစ်ခုအဖြစ် စနစ် မှ ရရှိခဲ့ခြင်း ဖြစ်သည်။ အစတွင် ထိုကဲ့သို့ ရုပ်သေး အစေခံ ရရှိထားခြင်းမှာ အလွန်လန်းလှသည်ဟု ထင်ခဲ့သေးသည်။ အချိန်ကြာလာခဲ့သော် ထို ရုပ်သေးမှာ ကျင့်ကြံခြင်း လောကမှ ယုန်တစ်ကောင် မျှသာ အသုံးဝင်ကြောင်း သူ နားလည်လိုက်ရသည်။


လီနင်းဖန် မှာ ဗိသုကာ ပညာရပ်များစွာ လေ့လာခဲ့ပြီး သူ၏ အိမ်အဆောင်များကို မြစ်အပေါ် ဖြတ်လျှောက်နိုင်သည့် တံတားငယ်များဖြင့် ချိတ်ဆက်ထားလိုက်သည်။ ဒါ့အပြင် တောင်တန်း အမြင့်တွင် တည်ရှိခြင်းကြောင့် နတ်ဘုံတစ်ခုအလား ခမ်းနားလှလေသည်။ ထို ဗိသုကာပညာ နှင့် ထူးခြားစွာ ဆောက်လုပ်ထားသော အိမ်လေးအား ဗိသုကာပညာရပ်များ၌ ကျွမ်းကျင့်သွားသည့် အခါ ရလာခဲ့ခြင်း ဖြစ်ပေသည်။ 


သူ၏ နေ့စဉ် ဘဝ အား စနစ်မှ သင်ယူခိုင်းသည့် အရာများနှင့် တာဝန်များ အား ဆောင်ရွက်ခြင်း ၊ ဆုလာဒ်များအား ရယူခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။ ဒါ့အပြင် သူ နေ့စဉ်စားသုံးရန် အသီးအပင်များ စိုက်ပျိုးခဲ့ခြင်းကြောင့်လည်း လယ်ယာသူတော်စင် ဟုသော ဂုဏ်ပုဒ်အား စနစ်မှ ပေးခဲ့သေးသည်။ ထိုကြောင့် လူအများ နှင့် ဝေးကွာသည့် နေရာတွင် သီးသန့် နေခဲ့လျှင်ပင် သူ့အတွက် အားလုံး လုံလောက်ခဲ့ပြီး ဖြစ်သည်။


“အဆိုးထဲက အကောင်းလို့ပဲ ခေါ်ရမလားပဲ…သာမန်သေမျိုး အဖြစ် တစ်သက်လုံး နေရရင်တောင် သိပ်ပြီး မဆိုးဝါးလောက်ပါဘူး…အနည်းဆုံး လတ်ဆတ်တဲ့ လေ နဲ့ မြင်ကွင်းကောင်းကောင်း ကြည့်နေရသေးတာပဲ…ငါ နေခဲ့တဲ့ သေမျိုးလောက နဲ့ ယှဉ်ရင် တော်တော်လေးကို ကောင်းနေပါပြီ ဘာပဲဖြစ်ဖြစ် ဖိအားလည်း မရှိ အလုပ်လည်း မရှိဘူး ” လီနင်းဖန် ကိုယ့်ကိုယ်ကိုယ် တွေးနေလိုက်သည်။


လိုအပ်ချက် တစ်ခုတော့ ရှိပေသည်။ ၄င်းမှာ ချစ်သူရည်းစားပင် ဖြစ်သည်။


“ဒီလို မသေမျိုး အင်မော်တယ် ကမ္ဘာမှာ နတ်သမီးလို လှတဲ့ အင်မော်တယ်အမျိုးသမီးလေးတွေ ရှိနေမှာပဲ…ထားလိုက်ပါ… သူတို့က ငါ့လို သေမျိုးကို လိုချင်မှာမှ မဟုတ်ပဲ…” သူ ခေါင်းခါယမ်းလိုက်ကာ နေ့ဘက် အိမ်မက် မက်နေခြင်းမှာ ရုန်းထလိုက်သည်။


“ဘလက်ကီ နေ့လယ်စာ စားမယ်…” သူ ခြံဝန်း ထောင့်တစ်နေရာ အား ကြည့်ကာ အော်လိုက်သည်။


အနက်ရောင် အဆင်းရှိသည့် လျှာတစ်လစ် နှင့် ခွေးလေး မှာ အပြေးအလွှား ရောက်လာသည်။ သူက တစ်ချိန်လံုံး စောင့်နေသည့်အလား လီနင်းဖန် အား ကြည့်၏။

“ မင်းက တကယ့် အစားပုတ်လေးပဲ…” လီနင်းဖန် မှာ ခွေးလေး အား အစာကျွေးနေရင်း နှင့် ပြုံးရယ်ကာ စကားဆိုသည်။


လွန်ခဲ့သည့် တစ်နှစ်ခန့်က လီနင်းဖန် က ဘလက်ကီအား တွေ့စဉ် ထိုအကောင်လေး မှာ သေလုမျောပါး ဆာလောင်နေသည်။ ထိုကြောင့် ဘလက်ကီအား ခေါ်မွေးရန် ဆုံးဖြတ်ခဲ့ပြီး တစ်နှစ်လုံးလုံး စောင့်ရှောက်ခဲ့သည်။ ထိုအကောင်လေး မှာ တော်တော်လေး နာခံမှုရှိကြောင်း သူသိခဲ့၏။ သူ စာပေ ၊ ကဗျာ ၊ ဂီတ တို့ သင်ယူနေစဉ်တွင်လည်း ဘလက်ကီလေး မှာ ငြိမ်သက်စွာဖြင့် ထိုင်စောင့်နေလေ့ ရှိသည်။ တကယ်ပင် အင်မော်တယ်ကမ္ဘာမှာ ခွေးတစ်ကောင်ပင်လျှင် ထူးခြားလှပေသည်။


……..


ထိုအချိန်၌ မိန်းမပျိုလေး နှစ်ဦးမှာ တောင်ခြေမှ လျှောက်လှမ်းကာ တက်လာလေသည်။


ထိုအထဲမှ တစ်ယောက်မှာ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး သူမ၏ လှပသေးငယ်သော မျက်နှာထက်တွင် နှုတ်ခမ်းလေးမှာ စိတ်ကောက်ဟန်ဖြင့် ဆူထွက်နေသည်။ ထို မိန်းမလှလေးမှာ တနည်းတဖုံ မပျော်ရွှင်နေကြောင်း သိသာလှ၏။


သူမက ဒေါသတကြီး လျှောက်လှမ်းနေကာ ခါးသီးစွာဖြင့် ရေရွတ်နေလေသည်။


“ ခမည်းတော် မကောင်းဘူး…တော်တော်လေးကို တုံးအတယ်… ဒီလောက် စက်ဆုပ်စရာကောင်းတဲ့ သူက လက်ထပ်ပွဲ ကမ်းလှမ်းတာကို ဘာလို့ စဉ်းစားနေသေးတာလဲ… ခွင့်မလွှတ်နိုင်စရာပဲ…” 


သူမ၏ အနောက်တွင် အစိမ်းရောင်ဝတ်စုံ နှင့် အစေခံမလေးမှာ တွန့်ဆုတ်စွာဖြင့် လိုက်ပါလာလေသည်။

“မင်းသမီးလေး ဒီလိုတွေ မပြောပါနဲ့ တကယ်လို့ တစ်ယောက်ယောက် ကြားသွားရင် ကျွန်မတို့ အသတ်ခံနေရမယ်…”  သူမ၏ မျက်နှာမှာ ကြောက်ရွံမှု ဖြင့် ဖြူဖျော့နေပြီး တုန်ရင်စွာ ပြောလာသည်။


“ငါ ဒွန်မုလီ နဲ့တောင် လက်ထပ်ပွဲ ဖျက်သိမ်းခဲ့တာပဲ… ဘာကို ကြောက်ရဦးမှာလဲ ” မင်းသမီးလေး မှာ ဆက်ပြောလာသည်။ “ သူ သဘောမတူရင် ငါ သေလိုက်ရုံပဲပေါ့…” 

ထိုစကားအား ကြားသည်တွင် အစေခံမလေး မှာ ကြောက်ရွံစွာဖြင့် ဒူးထောက်ချလိုက်သည်။

“ မင်းသမီးလေး ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့လား…ကျွန်မကို မခြောက်ပါနဲ့နော်… ” 


“သောက်ကျိုးနည်း…ငါ က စကားနဲ့ပဲ ပြောတာ ငါလည်း တကယ် မသေချင်သေးဘူး..”  အဖြူရောင်ဝတ်စုံ နှင့် မိန်းကလေး မှာ မျက်စောင်း ထိုးလိုက်ပြီး မကျေနပ်စွာ ပြောလေသည်။


“တကယ်တော့ ခမည်းတော်သာ ဒီလိုတွေ ဆက်လုပ်နေမယ်ဆိုရင် ငါလည်း ထွက်ပြေးဖို့ နေရာတစ်ခုခု ရှာရုံပဲပေါ့… ဒီတောကြီးလည်း မဆိုးပါဘူး.. လာ .. နေစရာ တစ်ခုခု ရှာကြည့်ရအောင်…” 


“အဟွတ်…သေလောက်အောင် လန့်သွားတာပဲ…နောက်ဒီလိုမျိုး စကားတွေ မပြောပါနဲ့လား..” အစေခံမလေး မှာ ရင်တုန်စွာဖြင့် မြေမှ ထရပ်လာသည်။ သူမ ပတ်ဝန်းကျင် အား လေ့လာကြည့်သည်တွင် ကြောက်ရွံစွာဖြင့် ဇက်လေး ပုသွား၏။

“ဒီတောနက်ထဲမှာ လူသူလည်း မရှိဘူး…ဆာလောင်နေတဲ့ သားရဲတွေပဲ ရှိလိမ့်မယ်… အန္တာရာယ်များလိုက်တာ…ကျွန်မတို့ အိမ်ပဲ ပြန်ရင်ကောင်းမလား…” 


“တော်စမ်း…ငါ့ ချီ က အခု ဖွဲ့စည်းလုနီးပါး ဖြစ်နေပြီ ပြီးတော့ ငါ နောက်တစ်ဆင့်ကိုလည်း အချိန်မရွေး ချိုးဖျက်နိုင်သေးတယ် ဘာကြောင့် သားရဲတွေကို ကြောက်နေရမှာလဲ…” ထို စကားပြောပြီးနောက်တွင် မင်းသမီးလေး မှာ စိတ်လှုပ်ရှားစွာဖြင့် တောင်ပေါ် ပြေးတက်သွားသည်။


“မင်းသမီး စောင့်ပါဦး.. ” 


တစ်ယောက်ပြေး ၊ တစ်ယောက်လိုက် နှင့် မကြာခင်တွင် ရှေးကျဟန်ရသော ဗိသုကာ ပညာရပ်များဖြင့် ဆောက်လုပ်ထားသည့် အိမ်တစ်ခုမှာ သူတို့၏ မြင်ကွင်းထဲ ပေါ်လာခဲ့လေသည်။ ၄င်းအပြင်တွင် ချုံနွယ်များစွာ ရှိသော်လည်း ကောင်းကင် နှင့် မြေနိမ့်တိမ်စိုင် တို့ကြားတွင် ရှိနေပုံမှာ အလွန် ခမ်းနားလှပေသည်။


အစေခံမလေးမှာ ထိုနေရာအား ကြည့်ပြီး မျက်လုံးတို့ ပြူးကျယ်သွားခဲ့သည်။

“ဒီလိုနေရာမျိုး မှာ တစ်ယောက်ယောက် နေနေတာလား….” 


“ဒီလိုမျိုး ထူးခြားတဲ့ ဗိသုကာပညာ…ဘဝရဲ့ အဓိပ္ပါယ်ကို ဖော်ကျူးထားသလိုမျိုး ထူးခြားလှပါလား…” မင်းသမီးလေးမှာ သူမ အရှေ့ရှိ အိမ်အား ကြည့်ကာ အံအားသင့်နေသည်။


၄င်းမှာ သူမ မြင်ခဲ့ဖူးသမျှ အထဲ အလွန် ထူးခြားကာ ကွဲထွက်နေပေသည်။ သူမ နေခဲ့သည့် နန်းတော် ကဲ့သို့ မခမ်းနားသော်လည်း ဗိသုကာ ပညာရပ်တို့မှ ထူးခြားသည့် အငွေ့အသက်တို့ ခံစားရသည်။ ၄င်းမှာ  ပတ်ဝန်းကျင် ရှူခင်း နှင့် အလွန် လိုက်ဖက်ညီပြီး ရင်သပ်ရှူမောဖွယ် ကောင်းလှပေသည်။


“ငါ မှားသွားတယ်…ဒီ အိမ်က နန်းတော်နဲ့တောင် မကွာဘူး…. ဒီနေရာမှာ ပညာရှင်ကြီး တစ်ယောက်ယောက်က သိုသိုသိပ်သိပ် လာနေနေတာလား…” မင်းသမီးလေးမှာ တွေးလိုက်သည်။ ထို့နောက် သူမ မျက်လုံးကို ပွတ်သပ်ကာ စိတ်လှုပ်ရှားစွာဖြင့်..

“လာ.. သွားကြည့်ကြရအောင်… ပြီးတော့ ငါ့ကို မင်းသမီး လို့ မခေါ်နဲ့ မိန်းကလေး လို့ ပဲ ခေါ်နော်…” 


အစေခံမလေးမှာ စိတ်ပူစွာဖြင့် အနောက်မှနေ၍ ပြောသည်။

“မင်းသမီး…သတိထားနော်..”


မင်းသမီးလေးမှာ ခြံရှေ့သို့ သွား၍ ပတ်ဝန်းကျင်အား သံသယကြီးစွာ လေ့လာလိုက်သည်။ ထိုနေရာတွင် အသီးအရွက် ဥယျာဉ်ငယ် တစ်ခု ၊ အနက်ရောင် ကုလားထိုင်တစ်လုံး နှင့် ကျောက်ထိုင်ခုံ လေးခု ပါသည့် ကျောက်စားပွဲ တစ်ခုသာ ရှိနေလေသည်။ 


အခန်း ၁ ပြီး



rate now: