ဧကြည်ဖြူ
" ချူ "
- - - - - - - - - - - - - - - -
" ဘာဖြစ်လို့လဲ သမီး...ဘာလို့ငိုတာလဲ...လန့်လိုက်တာ..."
ငြိမ်းငိုသံကြောင့် မငြိမ်းဝေက ထိတ်ထိတ်ပျာပျာ နှင့်မေးရင်း ငြိမ်း ရှိရာ အိမ်အပေါ်ဆင့်သို့လှမ်းတက်လိုက်သည်။
ငြိမ်းကငိုနေရင်းမှ မိခင်ဖြစ်သူကိုအဝတ်ပုံကို မေးငေါ့ပြလိုက်သည်။
"အထည်တွေက တအားညံ့တဲ့ အထည်တွေပဲပါတယ် အမေ...ရတဲ့စျေးနဲ့ပြန်ရောင်းရင်တောင် တစ်သောင်းကျော်လောက်ရဖို့တောင် မနည်းပြန်ရောင်းရမှာ..."
ငြိမ်းကမိခင်ကိုပြောရင်း စိတ်တို ဝမ်းနည်းလွန်းသဖြင့် ထပ်မံငိုချလိုက်မိသည်။ငွေသုံးသောင်းဆိုသည်မှာ မိခင်ကြီး နေ့စဉ်နေကုန်နေခန်းစက်ချုပ်၍ ရထားရသောငွေဖြစ်သည်။ထိုမျှတန်ဖိုးရှိသောငွေကို ငြိမ်းဖြုန်းမိသဖြင့် ပို၍ဝမ်းနည်းရလေသည်။
"ဆိုင်ကို ပြန်ပြောလို့မရဘူးလား သမီး...နောက်တစ်ထုတ်ကရော ကြည့်ပြီးပြီလား"
"မကြည့်ရသေးဘူး အမေ...ဆိုင်ကို ပြန်ပြောရင်လည်း ... သူတို့လည်း အထုတ်ပြရောင်းရတာမို့ မသိဘူးပဲပြောမှာ...ဒါပေမဲ့ သိအောင်တော့မနက်ဖြန်သွားပြောရမယ်...အညံ့ထုတ်လား အသန့်ထုတ်လား သူတို့မသိဘူးဆိုတာ အလကားပြောတာ အမေ...."
ငြိမ်းငိုရင်းနှင့့်ပင် ဒေါသထွက်လာမိလေ၏။စျေးရောင်းသောသူအများစု၏ အကျင့်သည် မိမိ၏ မကောင်းမကန်းပစွည်းများကို မသိနားမလည်သူများကို ထိုးရောင်းတတ်သော အကျင့်ရှိကြလေ၏။ထိုပြင် အနာအဆာ ပစ္စည်းများကို အရင်ဆုံးရောင်းထွက်အောင် လိမ်ညာလှည့်ဖြား ရောင်းတတ်ကြသည်။ထိုလုပ်ရပ်များသည် လွန်စွာ ယုတ်ညံ့သော လုပ်ရပ်များ ဖြစ်သည်ဟု ငြိမ်းထင်မိသည်။ငြိမ်းသည် ဈေး စရေးဖူးကတည်းက ထိုသို့အလုပ်များကို ရှောင်ရှားခဲ့သည်။ ကျိုးလုနီးနီး ၊ ပြတ်လုနီးနီးကလစ်များ ၊ ခေါင်းစည်းကြိုးများကို ပြုပြင်ပြီးမှသာရောင်းခဲ့သည်။ ပြုပြင်၍ မရတော့လျှင် စွန့်ပစ်လိုက်သည်ပင်။ကိုယ့်ရဲ့ ထမင်းရှင် ဈေးဝယ်သူများကို စိတ်ဒုက္ခမပေး။ ကြီးကြီးခင်နှင့် ဘေထုတ်ထည်များလိုက် ရောင်းပေးစဉ်ကလည်း အစွန်းပါလျှင်ပါသည်။အပြဲပါလျှင် ပါသည်ဟု ပြောရောင်းခဲ့သည်သာ။မကောင်းမကန်းပစွည်းများကို ၀ယ်သူထံ အတင်းထိုးရောင်းလေ့မရှိပါ။
"ကဲပါ သမီးရယ် ဖြစ်လာမှတော့ ငိုမနေနဲ့တော့ ... ဒါက သင်ခန်းစာပေါ့...နောက်ဆို အလုပ်ကို အလောတကြီးမလုပ်နဲ့ပေါ့...ဒီအထည်တွေ ပြန်ထည့်ထားလိုက်..ကျန်တဲ့ အထုတ်ဖောက်ကြည့်ဦး....."
ပြေရင်း မငြိမ်းဝေက အထည်များကို အိတ်ထဲသို့ ပြန်ကောက်ထည့်ပေးလိုက်သည်။ ပါလာသော အထည်များမှာ ငြိမ်းငိုမည်ဆိုလျှင်လည်း ငိုချင်စရာပေ။အများစုမှာ ကလေးဝတ် အထည်များဖြစ်ပြီး လူကြီးဝတ်များမှာ အစွန်းအပေများနှင့် အနာအဆာများပါသော အထည်များ ဖြစ်လေသည်။
ငြိမ်းက ကျန်သော တစ်ထုတ်ကို ဖောက်ကြည့်လိုက်သည်။ ပြီးလျှင် အိတ်ထဲမှ အထည်များကို တစ်ထည်ချင်းထုတ်ကြည်လိုက်သည်။ သည်အထုတ်က အထည်ရေးမများလှပေ။
" ဒီအထုတ်ကတော့ မဆိုးဘူးပဲ သမီးရဲ့.."
အထည်များကိုကြည့်ပြီး မငြိမ်းဝေပြောလိုက်သည်။
ငြိမ်းက တစ်ထည်ချင်း ကြည့်ရင်း စိတ်တွက် တွက်နေမိသည်။ ပြီးလျှင် မိခင်ဖြစ်သူကို ခေါင်းခါပြလိုက်မိသည်။
"ဒီအထုတ်လည်း ပြန်ရောင်းရင် အရင်းလောက်ပဲ ရမှာ အမေ...."
"ဘာပဲဖြစ်ဖြစ် စိတ်မပျက်ပါနဲ့သမီးရယ်...အစမို့ပါ နောက်ဆိုရင် သမီးပိုကျွမ်းကျင်လာပြီး အဆင်ပြေသွားမှာ ပါ...."
***********************
ငြိမ်း စိတ်ညစ်ညစ် နှင့် ခြံထဲသို့ ဆင်းလာပြီး သစ်ပင်တွေကြား လမ်းလျှောက်နေမိသည်။ခြံထဲတွင် စိုက်ထားသော ချဉ်ပေါင်ပင်လေးများသည် အညွှန့် တလူလူနှင့်ဖြာဝေနေသည်။ခြံနောက်ဘက်မှသရက်ပင်လေးများလည်း သိသိသာသာ ရှင်သန်ကြီးထွားလာလေသည်။ကန်စွန်းပင်နှင့် ငရုတ်ပင်များသည်လည်း အားယူ၍ရှင်သန်နေကြ လေ၏ ။ဆောင်းဦးပေါက်က စိုက်ထားသော ဗူးပင် သုံးလေးပင်သည်ပင် စင်ပေါ်တွင် အညွှန့်များ ဖြာဝေလျက် သီးကောင်းနေဆဲပင်။ဆောင်းရာသီလက်ကျန် ပဲပုစွန်များနှင့် ပဲတောင့် ရှည်သီးများသည်လည်းသူတို့၏ နောက်ဆုံး သက်တမ်းလေးတွင် အားကုန်သီးပွင့်နေကြဆဲပင်။ တယူတယနှင့် မနည်းစိုက်ပျိုးခဲ့ရသော နှင်းဆီပင်များသည်လည်း ယခုအခါ၌ အဖူးအငုံလေးများစတင်ဖူးပွင့်နေပြီ ဖြစ်လေသည်။ငြိမ်းသည် သစ်ပင်များကို လျှောက်ကြည်နေရင်းမှ အိမ်ရှေ့ ခြံဆောင့်ရှိ ရေတုံကင်ဆီသို့သွားပြီး တုံကင်ကို အားပါးတရ နှိပ်ရင်း မိမိအဖြစ် ကိုစဉ်းစားသုံးသပ်နေမိလေသည်။အမေသည် သူပင်ပင် ပန်းပန်း ရှာထားသော ငွေများ ဆုံးရှုံးသွားသည်အတွက် နှမြောတသဖြစ်မည်မှာ မလွဲချေ။သို့သော် အမေက သူ.ခံစစားချက်ကို တစ်စွန်းတစ်စလေးမျှမပေါ်ရအောင်ထိန်းချုပ်ထားနိုင်ပေသည်။မိခင်က သည်မျှ မိမိကို နားလည်ပေးထားပါလျက် ငြိမ်းအနေနှင့် သည်တစ်ခါ၌ စိတ်ဓါတ်ကျပြီး စွန့်လွှတ်လိုက်ရင် နောင်ဘယ်သောအခါမှ အမေက ငြိမ်းကို ယုံကြည်တော့မည်မဟုတ်ဟု တွေးမိလိုက်ပြန်သည်။အမေ မယုံတာထက် အမေ့ကို ချမ်းချမ်းသာသာနှင့်ထားချင်သော ငြိမ်း၏ စိတ်ကူးများသည် တစ်သက်လုံးလေထဲ တိုက်အိမ်ဆောက်နေသကဲ့သို့သာ ဖြစ်လိမ့်မည်ထင်သည်။ကျောက်စည်ထဲတွင် ရေများပြည်လျှံသွားပေပြီ။ ငြိမ်းသည်လည်း အတွေးစများကိုရပ်ပြီး အိမ်ပေါ်သို့ ပြန်တက်ခဲ့လိုက်သည်။
အိမ်ပေါ်သို့ရောက်လျှင် အညံ့များသာပါသော အထုတ်ကို သေချာပြန်ထုတ်ပိုးလိုက်သည်။ ပြီးလျှင် အမေ့စက်ခုံပေါ်မှ ကပ်ကြေးနှင့်ပေကြိုးကို ယူလိုက်ပြီး ဂျင်းဘောင်းဘီနှင့်စကပ်များသာပါသောအထုတ်ဘေးတွင် ထိုင်ချပြီး အနာအဆာများကို တစ်ထည်ချင်းသေချာစစ်ဆေးကြည့်လိုက်သည်။ညှပ်သင့်တာညှပ်သည်။ဖြတ်သင့်တာဖြတ်သည်။အစွန်းချွတ်ဆေး သုံး၍ လျှော်ရမည့်အထည်ကို အမှတ်အသားလုပ်ပြီး သက်သက် ဖယ်ထားလိုက်သည်။နောက်ဆုံးပြီးသောအခါ အသန့်ထည် အချို့သာ ကျန်တော့သည်။ပြန်ချုပ်ရမည့်အထည်များကို ပုံထားလိုက်ပြီး လျှော်ရမည့် အထည်များကို ယူလျက် ရေချိုးသော နေရာဆီသို့ငြိမ်းသယ်ခဲ့လိုက်သည်။
မငြိမ်းဝေသည် နောက်ဖေးတွင် ညနေစာ ချက်နေရင်းမှ ငြိမ်းကို တိတ်တဆိတ်လှမ်းကြည့်နေရင်းပြုံးလိုက်မိသည်။ပြီးနောက် ငြိမ်းဆီသို့လျှောက်သွားလိုက်ပြီး ချီးကျူးစကားဆိုလိုက်မိသည်။
"အမေ့ သမီးကတော့ တော်လိုက်တာနော်...ဒီပုံအတိုင်းသာဆို အမေတို့ မကြာခင် ချမ်းသာမှာပါအေ...ဒါနဲ့ အထည်တွေက လျှော်မလို့လားသမီး...မှောင်တော့မယ်လေ မနက်မှလျှော်ပါလား..."
"ရတယ် အမေ ... မနက်ကျရင် ဆိုင်ကို ပြန်သွားမလို့လေ...ပြန်ရရမရရ သွားတော့ ပြောရမယ် အမေ..."
*********************
ဆိုက်ကားပေါ်က အထုတ်ကို ဆွဲယူလိုက်ပြီး မြေပြင်ပေါ်သို့ အသာချလိုက်သည် ။ငြိမ်းတို့ရပ်ကွက်မှနေ ဘေထုတ်ရောင်းသောဆိုင်သို့ကား နှစ်ဆင့် စီးရမည် ဖြစ်လေသည်။ကား ထိုးဆိုက်လာသည်နှင့် မိခင်ဖြစ်သူထက် ဦးအောင် ငြိမ်းက အထုတ်ကို သယ်ပြီး ကားပေါ်သို့တက်လိုက်သည်။ငြိမ်းသည် ဆယ့်ခုနှစ် မပြည့်သေးသော်လည်း မိခင်ထက် အရပ်အမောင်းရော အားအင်ပါ သန်မာနေပြီဖြစ်လေ၏။
"အမေ ဝိုင်းမမှာပေါ့ သမီးရယ်....."
"ရပါတယ် အမေရဲ့ ...သမီးနိုင်ပါတယ်..."
စီးလာသောကားဂိတ်ဆုံးသွားသောအခါ နောက်တစ်ဆင့် စီးရပြန်လေသည်။
"အထုတ်ကလေးလှချည်လား ... အထုတ်ခပေးရမယ်..."
ကားစပါယ်ယာက အထုတ်ကို ဝိုင်းကူဆွဲရင်း အသံပြတ်နှင့် ပြောလေ၏။ပေါက်တဲ့နဖူး မထူးပြီမို့ ငြိမ်းတို့သားအမိမှာ လူခနှင့်အထုတ်ခကိုပါ ပေးလိုက်ရသည်။ရပ်ကွက်ထဲကထွက်သည့်ကားတွင်လည်း အထုတ်ခရော လူခပါ ပေးရသည်။ယခင်နေ့က ကားခနှင့် ယနေ့ ကားခပါပေါင်းလျှင် ခရီးစရိတ်က မနည်းလှ။ကုန်ကျငွေများကို စိတ်ထဲမှ တွက်ကြည့်လိုက်ရင်း ငြိမ်း ရင်ထဲပူလောင်လာသည်။
"ဟာ ...အရေးထဲ ...တောက်..."
နောက်တွင်ရပ်နေသောလူ၏ အပြုအမှုကြောင့် စိတ်တိုပြီး ငြိမ်းခပ်တိုတိုးရေရွတ်ရင်း နောက်သို့ လှည့်ကြည့်လိုက်သည်။အသက်က သုံးဆယ်ကျော်။အမြင်ကပ်စရာရုပ်နှင့် လူကြီး။ငြိမ်းနောက် တည့်တည့်တွင် ရပ်နေပြီး အတင်းကိုတိုးကပ်နေသည်။ကားဘရိတ်အုပ်၍ ယိုင်သလိုနှင့် ငြိမ်းကို သူ့ကိုယ်နှင့်အတင်းဖိကပ်သည်။ပြီးလျှင် တစ်ချက်တစ်ချက် သူ့လက်သည် လက်တန်းကို ကိုင်ထားသော ငြိမ်း၏ လက်ကို လာ၍ထိကိုင်ပြန်လေသည် ။ငြိမ်းက ခြေထောက်နှစ်ဘက်ကို နောက်ဘက်မှ အသာကြွလိုက်ပြီးလျှင် သူ၏ခြေထောက်ရှိရာသို့မှန်း၍ကပ်လိုက်သည်။ ပြီးလျှင် သူကတိုးကပ်နေသည်ကို ငြိမ်နေလိုက်သည်။ငြိမ်းအပြုအမူကြောင့် ထိုသူအတော်ပျော်သွားပုံရလ၏။ငြိမ်းလည်း အားလုံးအသင့်ပြင် ထိုလူအငိုက်မိပြီဆိုမှ ကော်ဖိနပ်မာမာကို စီးထားသော ခြေထောက်နှစ်ဖက်ကို ထိုသူ၏ခြေထောက်ပေါ်တွင် အားပါတရ စုံနင်းချပစ်လိုက်သည်။
"အား" ထိုသူ့ထံမှ အသံသဲ့သဲ့ထွက်လာသည်။ငြိမ်းမသိချင်ယောင်ဆောင်ပြီး ခြေထောက်များကို အားယူပြီးဆောင့်၍ထပ်မံ နင်းချလိုက်သည်။သည်တစ်ခါ၌ ထိုလူအတော် နာကျင်သွားပုံရလေသည်။ငြိမ်းခြေထောက် အောက်မှ အတင်းရုန်းထွက်သွားပြီး ကား၏တံခါးဝနားသို့ အတင်းတိုးဝှေ့ ထွက်သွားလေသည်။ငြိမ်းအားပါးတရပြုံးလိုက်သည်။
********************* ****
"ခင်ဗျားတို့ကြိုက်လို့ ဝယ်သွားတာပဲ...ခုမှလာလဲလို့ရမလားဗျ...ကျွန်တော်တို့လဲ အများနဲ့ လုပ်စားနေရတာ ဒီလိုလာပြန်လဲတိုင်း လဲမပေးနိုင်ဘူး......"
ဘေထုတ်ဆိုင်သို့ ရောက်သောအခါ ဆိုင်ရှင်ကအသံခပ်မာမာနှင့် ပြောလေသည်။
"ကျွန်မသမီးက ကလေးပဲရှိသေးတယ်ရှင့်....သူကျောင်းစရိတ်ရှာဖို့ အလုပ်လုပ်မယ်ဆိုပြီး ဒီဆိုင်ကို ယုံယုံကြည်ကြည်နဲ့ လာခဲ့တာပါ....ကျွန်မတို့ကလဲ ကိုယ်ပေးတဲ့ပိုက်ဆံနဲ့ညီတဲ့ ပစ္စည်းကိုပဲလိုချင်တာပါ .. အခုတော့ အစ်ကိုကြီးတို့ဆိုင်က သန့်ပါတယ် ဆိုပြီးထည့်ပေးလိုက်တဲ့ အထုတ်ကို ကိုယ်တိုင်ကြည့်ကြည့်ပါဦးရှင်.... "
ဆိုင်ရှင်ကို မငြိမ်းဝေက လေသံအေးအေးနှင့်ပင် ရှင်းပြလိုက်သည်။ငြိမ်းကမူ ဝယ်သူများရှုပ်ထွေးနေသောကြားမှာ အထည်ထုတ်ကို မသိမသာ ဖွင့်ချလိုက်ပြီး တမင်ပင် အထည်ထုတ်ကို ဘေးသို့လဲကျအောင်လုပ်ပစ်လိုက်သည်။ အထည်ထုတ်ကဘေးသို့ လဲကျသွားသည်။ငြိမ်းက လဲကျသွားသော အထုတ်ကို ပြန်မရင်း အထည်များကို ဘေးသို့ ထွက်ကျအောင်လုပ်ပစ်လိုက်သည်။အဝတ်ဟောင်းများက အောက်သို့ ပြုတ်ကျလာသည်။ စျေးဝယ်သူများက ငြိမ်း၏ အထည်ထုတ် ကိုစိတ်ဝင်စားသွားကြလေပြီ။
"သမီးမှာ ဘောက်ချာလည်းပါတယ်...အသန့်တွေဆိုလို့ ဒီအထုတ်ကို သုံးသောင်းနဲ့ ယုံကြည်ပြီးဝယ်ခဲ့တာပါ...ဒါတွေကို သမီးကဘယ်လိုရောင်းရမှာလဲ..ပြီးတော့ ဒီငွေသုံးသောင်းက သမီးအမေစက်ချုပ်ပြီး ပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေတွေပါ ..."
၀ယ်သူအများစုက ငြိမ်း အသံကြောင့် ငြိမ်းကို စိတ်ဝင်တစား လှည့်ကြည့်လာကြလေသည်။ပြီးလျှင် ငြိမ်း၏ခြေထောက်နားတွင် ကျနေသော အထည်များကိုကြည့်ပြီး ဆိုင်ရှင်များကို ပါလှမ်းကြည့်ကြလေသည်။တစ်ချို့ဆိုင်ထဲသို့ဝင်လာစသူများဆိုလျှင် မသိမသာနှင့် နောက်သို့ ခြေလှမ်းများပြန်ဆုတ်သွားကြလေသည်။ဆိုင်ရှင်သည် ပါးနပ်လှစွာပင် ထိုသို့ အခြေအနေကို အမြန်ပင် ထိန်းလိုက်လေသည်။
"ဦးလေး ကောင်းပန်ပါတယ်ကွယ် ... မနေ့က လူကျတော့ အလုပ်သမားတွေနဲ့ လွှဲထားမိတာ အပယ်ထုတ်နဲ့ မှားရောင်းမိတာနေမယ်...အသစ်တစ်ထုတ်နဲ့ပြန်ချိန်းပေးပါ့မယ် ကွယ်....."
*********************
"ပေးလေ သမီး ...အမေလည်း ဝိုင်းသယ်မယ်..."
"ရပါတယ်...အမေရဲ့..."
ငြိမ်းက အထည်ထုတ်ကို မနိုင်မနင်းသယ်ရင်းမှ မိခင်ကို ပြန်ဖြေလိုက်သည်။အထည်ထုတ်သည် လေးပင်လှသော်လည်း ငြိမ်းမမှု။ဆိုင်က အထည်ထုတ်ချင်းပြန် ချိန်းပေးလိုက်သောကြောင့် ငြိမ်း အပျော်ကြီး ပျော်နေမိသည်။
မငြိမ်းဝေ သည် ငြိမ်းနောက်မှကပ်လျှောက်လာရင်း သက်ပြင်းကို မသိမသာချလိုက်မိသည်။ငြိမ်းသည် အကျင့်စာရိတ္တအရည်အချင်း၊ ဇွဲလုံ့လနှင့် မိခင်ကို သိတတ်မှု၌ အပြစ်ပြောစရာတစ်ကွက်မှ မရှိသော်လည်း ငြိမ်း၏စိတ်၌ အမှတ်ကြီးလွန်းသောစိတ်နှင့် လက်စားချေတတ်သောစိတ်လေးရှိသည်ကို တစ်စွန်းတစ မြင်နေရလေသည်။ထို့ စိတ်ကိုမူ မငြိမ်းဝေမနှစ်သက်ပါ ။
"သမီး ခုနက အထည်ထုတ်က သူ့ဘာသာလဲကျတာလား...သမီးလုပ်လိုက်တာလား..."
" တမင်လုပ်ပစ်လိုက်တာ အမေ...သမီးတို့ကို အထင်သေးနေလို့လုပ်ပစ်လိုက်တာ...."
ငြိမ်းက မလိမ်တတ်သူပီပီ မိခင်ကို အမှန်တိုင်းပြောလိုက်သည်။
"နောက်ဆို အဲ့ဒီလို မလုပ်ရဘူးနော် သမီး... ကိုယ့်အတွက်အန္တရာယ်များသလို သူများစီးပွားရေးကို ထိခိုက်ရင်လည်း မကောင်းဘူးလေ သမီး..."
" ဟုတ်ကဲ့ အမေ...နောက်ဆို သမီးမလုပ်တော့ပါဘူး ..."
ငြိမ်း၏တုံ့ပြန်စကားကြောင့် မငြိမ်းဝေ သက်ပြင်းကို မသိမသာချလိုက်မိဖြစ်သည်။ငြိမ်းသည် မည်သည့်အခါမျှ မငြိမ်းဝေ စကားကို ငြင်းပယ်ရိုးထုံးစံမရှိခဲ့။ မငြိမ်းဝေ ပြောသမျှခေါင်းငြိမ့်သည်။လက်ခံသည်။ မငြိမ်းဝေ မျက်ရည်ကျတာမြင်လျှင် ငြိမ်း အထူးတလည် ဝမ်းနည်းတတ်မှန်း မငြိမ်းဝေရိပ်စားမိသည်မှာ ကြာပြီဖြစ်လေသည်။အရွယ်နှင့်မလိုက်အောင် ငွေကို ရှာချင်နေသောစိတ်ကိုလည်း မငြိမ်းဝေ ပူပန်မိလေသည်။သို့သော် စိတ်အေးရသည်မှာ ငြိမ်းသည် ယောက်ျားများနှင့် ပတ်သက်ချင်သော စိတ်ရှိသည်ကို မတွေ့ရသောကြောင့် ဖြစ်ပါလေသည်။
**********************
စျေးသည် ဈေးဝယ်များနှင့်ရှုပ်ထွေးစည်ကားနေသောစျေးထဲတွင် ငြိမ်း၏ အထည်ဟောင်းဆိုင်လေးက ဈေးကွဲလုသည့်တိုင် ၀ယ်သူမပြတ်ရှိလေသည်။
"ဒါလေးက မမနဲ့ဆိုကွက်တိပဲ...အသားကိုကိုင်ကြည့် တကယ်ကောင်းတာ...ချုပ်ခဖိုးတောင်မရှိပါဘူး မမရယ်..."
"ညီမရေ ... အလုပ်လုပ်ရင်း ဝတ်ဖို ဘောင်းဘီအတိုတွေ ရှိလား ... ဈေးသက်သာတဲ့ထဲကပဲ ပြနော်..."
"စိတ်ချပါရှင်... စျေးလည်းသက်သာစေရမယ် ...အထည်လည်း သန့်စေရမယ်..."
နံနက်ဆယ်နာရီထိုးပြီးချိန်၌ နံနက်ခင်းဈေးက ၀ယ်သူများ မရှိတော့ဘဲ တစ်စျေးလုံး၌ ဆိုင်များသိမ်းနေကြသော ဈေးသည်များသာ ကျန်ခဲ့လေတော့သည်။ ငြိမ်းလည်း အထည်များကို ခေါက်ပြီး အိတ်ထဲ ထည့်သိမ်းလိုက်သည်။ ယခင်က အေးသီတာ နှင့့်အတူ ရောင်းခဲ့သော်လည်း နောက်ပိုင်း၌ အေးသိတာကို အထည်စားနှင့် ရောင်းခိုင်းလိုက်သည်။သူ့ဘာသာ ကြိုက်တဲ့ ဈေးသွားရောင်း။ကြိုက်သလောက်တင် ။ ငြိမ်းက တစ်ထည်ကို အမြတ်ဘယ်လောက်ဆိုပြီး သတ်မှတ်ယူလိုက်သည်။အေးသီတာတို့ကမိသားစုဦးရေများသောကြောင့် ငွေကြေးအဆင်မပြေ။ ငြိမ်းကတော့ တတ်နိုင်သမျှ ကူညီလိုက်သည်သာ။ အေးသီတာရော ငြိမ်းရော ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ခဲ့ ကြသည်မှာ ယခုနှစ်ဆိုလျှင် သုံးနှစ်ပင်ရှိပြီလေ။ ဆယ်တန်းမှာ ငြိမ်းက ဂုဏ်ထူးတွေ တောင်ပါလိုက်သေးသည်။အင်ဂျင်နီယာလိုင်းလည်း မီသည်ဆိုရုံမီလိုက်သေး၏။သို့သော် အင်ဂျင်နီယာလိုင်းကိုလည်း ငြိမ်းမလျှောက်ခဲ့။အဝေးသင် စီးပွားရေး ပဲတက်လိုက်သည်။ ငြိမ်းအနေနှင့်လေးငါးခြောက်နှစ်မျှ အမေ့ကို ဒုက္ခမပေးရက်ပါလေ။ အမေဖြစ်စေချင်တဲ့အတိုင်း ဘွဲ့လက်မှတ်တစ်ခုကို ယူပေးဖို့ငြိမ်းဆုံးဖြတ်ပြီးသား ဖြစ်လေသည်။ကျန်သည်မှာ မိခင်ကြီး ချမ်းချမ်းသာသာနေရဖို့အရေးသာ ငြိမ်းအတွက် အရေးကြီးလှပါလေသည်။
"ဒီက သိမ်းပြီးရင် အိမ်မှာ နားရဲ့လား ငြိမ်း...ရပ်ကွက်ထဲကဆိုင်မှာတန်းထွက်တာလား...."
ဘေးဆိုင်မှ မမညို၏ အမေးကြောင့် ငြိမ်းက အထည်များ သိပ်ရင်းမှ ပြန်ဖြေလိုက်သည်။
"အိမ်မှာ ပြန်နားသေးတယ် မမညို .. ဆိုင်က ညနေ သုံးနာရီကျော်လောက်မှ ထွက်တာ ညကိုးနာရီ အလုပ်သမားတွေ ပြန်ချိန်လောက်အထိဖွင့်တာ...တစ်ခါတစ်လေ အထည်သွားတိုက်ရတဲ့ရက်တွေတော့ မနားရဘူးပေါ့ မမညို..."
"ငြိမ်းလဲနော် အရွယ်နဲ့မလိုက်အောင် ကြိုးစားလိုက်တာများ မမငြိမ်းဝေတို့ သားသမီးရ ကံကောင်းပါ့အေ...."
မမညို့အပြောကြောင့် ငြိမ်းက ကျေနပ်စွာပြုံးလိုက်မိသည်။ မမ ညိုပြောမည်ဆိုလျှင်လည်း ပြောချင်စရာပေ မဟုတ်လား။ငြိမ်းကစျေးထဲမှာဆိုင်သိမ်းပြီးလျှင် ညနေခင်းတွင် ရပ်ကွက်လမ်းမတန်းလမ်းဘေးတစ်နေရာတွင် ညနေဘက်ဆိုင်ဖွင့်ရောင်းသည်။အဝေးသင် စာမေးပွဲဖြေခါနီးရက်များမှလွှဲ၍ ငြိမ်းနေ့စဉ်တိုင်းရောင်းသည်။ဆိုင်ခန်းတော့မငှားနိုင်သေး။လမ်းဘေးတစ်နေရာတွင် ချိတ်များ တန်းများဖြင့်ရောင်းချခြင်းဖြစ်သည်။ငြိမ်းရှာသော ငွေနှင့် ဆိုင်ခန်းတစ်ခန်းလောက်ငှားလို့ရသော်လည်း ငြိမ်းမငှားခဲ့။ ငြိမ်းက ဆိုင်ခန်းကို မငှါးဘဲ အပိုင်လိုချင်တာဖြစ်သည်။လူဆိုသည်မှာလည်း အခက်သားလား နေစရာ အိမ်ပိုင်ရာပိုင်မရှိခင်က နေစရာလေးတစ်နေရာ ရရင်ကျေနပ်ပါပြီဟုထင်ခဲ့မိသည်။သို့သော်သည်သို့ မဟုတ် နေစရာရသောအခါ အိမ်လှလှလေးဆောက်ချင်ပြန်သည်။အိမ်ဆောက်ပြီးရုံမျှနှင့် မကျေနပ်နိုင်သေး ကားလေး၀ယ်စီးချင်ပြန်သည်။ငြိမ်းသည်လည်း ထိုကဲ့သို့ပင် ယခုလက်ရှိနေနေသော ချောင်လေးထဲမှ လမ်းမတန်းက တစ်နေရာကို ပြောင်းချင်လိုချင်မီလေသည်။ငြိမ်း၏ အဓိကရည်ရွယ်ချက်မှာ အမေ့ကို စက်ချုပ်နားခိုင်းပြီး တိုက်နှင့်တာနှင့် စတိုးဆိုင်ပိုင်ရှင်ကြီးအဖြစ်ထားပေးချင်မိလေသည်။ ထို့ကြောင့် ငြိမ်းကြိုးစားနေပါလေသည်။ငြိမ်းရောက်စကထက် များစွာ စည်ကားလာသော ရပ်ကွက်လမ်းမတန်းတစ်နေရာတွင် ဆိုင်ကြီး တစ်ဆိုင်ပိုင်ဆိုင်နိုင်ဖို့အရေး ငြိမ်းကြိုးစားနေပါလေသည်။
***********************
"ငြိမ်းဝေ ညည်းသမီးကဘာလဲ...ငါတို့ကို တွေ့ရင် မသိချင်ယောင်ဆောင်နေတယ်......ငါတို့အိမ်ကနေ အစပြုခဲ့တဲ့ညည်းတို့ဘဝပါ အေ... အစုတ်အပြတ်တွေ ရောင်းပြီး ဘ၀မမေ့ဖို့ပြောလိုက်ပါဦး...ပြီးတော့ ညနေဘက် စျေးရောင်းရင်လမ်းထိပ်ကွမ်းယာဆိုင်က ကောင်လေးတွေနဲ့ တရုန်းရုန်းနဲ့...တော်ကြာ သူ့ဘကြီးနဲ့တွေ့ပြီး အရိုက်ခံနေရမှာစိုးလို့ ပြောတာ....နင်ကလဲနည်းနည်းပါးပါး ပြောအုံးဆူအုံးလေ...တော်ကြာနေ ကျော်မကောင်းကြားမကောင်းတွေဖြစ်နေမယ်.....အိမ်က ငါ့သမီး ညည်းတူမဆို ငါသေဆိုသေရှင်ဆိုရှင်ပဲ မလှုပ် ရဲဘူး..."
ဒေါ်အေးခိုင်က ဒေါ်ငြိမ်းဝေကို ဇွတ်ပြောနေလေည်။ဒေါ်ငြိမ်းဝေမှာ သမီးဖြစ်သူ ငြိမ်းစျေးရောင်းရာမှ ပြန်လာခါနီးပြီဖြစ်သောကြောင့် ယောင်းမဖြစ်သူကို အမြန်ပြန်စေချင်နေမိပြီ ဖြစ်လေသည်။
" ဒုန်း"
"အမယ်လေး ဟဲ့ ငုတ်တုတ် "
ဒေါ်ငြိမ်းဝေ စိတ်ပူနေသည့်အတိုင်းပါပင် ငြိမ်းသည် စျေးသိမ်း၍ပြန်လာပြီဖြစ်လေသည်။ငြိမ်းက အထည်လှည်းကို လမ်းထိပ်မှညီညီတို့ ကွမ်းယာဆိုင်ဘေးတွင် ဈေးမှ အပြန်ကတည်းက ဝင်ထားခဲ့မြဲ ဖြစ်သည်။ထို့ကြောင့်ပင် အသက်အရွယ်လည်း မကွာလှသော ညီညီတို့ အုပ်စုနှင့် ငြိမ်း ခင် မင်နေခြင်းဖြစ်လေသည် ။ ညီညီတို့သူငယ်ချင်းတတွေနှင့် ခင်မင်ရသောကြောင့် ငြိမ်းအတွက်လည်းအကျိုးယုတ်ခြင်းမရှိပါချေ။ငြိမ်း၏ ဘေထုတ်ဆိုင်လေး လူကျပြီးဆို ညီညီတို့တတွေက ဝိုင်းကူရောင်းပေးတတ်ကြသည်။သည်မျှမကသေး ဆိုင်ခင်းဆိုင်သိမ်းလျှင် အမြင်မတော်သူက ၀င်ကူ တတ်သည်သာ ။ငြိမ်းတို့ အချင်းချင်း ကြားတွင် ဘာစိတ်ညာစိတ်များလည်းမရှိကြ။ငြိမ်းတို့အုပ်စုထဲမှာ ငြိမ်းလို အဝေးသင် တက္ကသိုလ် တက်နေသူရှိသလို ဘွဲ့ရပြီးသားလည်းပါသည်။ဆယ်တန်း အလီလီကျသူများလည်းပါသည်။လိမ္မာသော ကောင်လေးတွေပါသလို ခပ်ဆိုးဆိုး ကောင်လေးတွေလည်းပါသည်။သို့သော်လည်း ဒေါ်အေးခိုင် အထင်အမြင်သေးနေသကဲ့သို့ ငြိမ်းတို့ တတွေ လိုတာထက်ပိုပြီး ရောရောနှောနှောနေခြင်းမျိုး မရှိခဲ့။သည်လိုမျိုးတွေ ကိုလည်း ငြိမ်းကိုယ်တိုင်က သဘောမကျပါ။ယခုတော့ ငြိမ်းသည် အိမ်ထဲသို့ ၀င်လိုက်သည်နှင့် ကြားလိုက်ရသော ဒေါ်အေးခိုင်စကားများကြောင့် စိတ်တိုပြီးအိမ်ရှေ့မှ ခုံကို ကန်ချလိုက်ခြင်းဖြစ်သည်။ထိုထက်တော့ ငြိမ်းပိုမလုပ်ပါ ။ကြားထဲမှ မိခင်ဖြစ်သူစိတ်ဆင်းရဲမည်စိုးသောကြောင့် ဖြစ်ပါလေသည်။
"ဟဲ့ ငြိမ်းဝေ ငါပြန်ပြီ...ငါပြောတာကို မမေ့နဲ့....."
"ဟုတ်ကဲ့ ... အစ်မ "
ဒေါ်ငြိမ်းဝေက ဟုတ်ကဲ့ တစ်ခွန်းပြောပြီးငြိမ်း မျက်နှာကို လှမ်းကြည့်လိုက်မိပြန်သည်။
"ပြန်တော့မလို့လား ကြီးကြီး ...ကြီးကြီးကိုပြောစရာရှိလို့..."
ငြိမ်း ပြောလိုက်သံကြောင့် ဒေါ်အေးခိုင်က လှမ်းလက်စခြေလှမ်းကိုရပ်တန့်ပြီး ငြိမ်းကိုကြည့်လိုက်သည်။ငြိမ်းက သူ့ကို နှုတ်ဆက်လေ့မရှိသောကြောင့် အံ့သြသွားခြင်းလည်း ဖြစ်၏။
"မမမိုးလေ သီဟထွန်းနဲ့ကြိုက်နေတယ်တဲ့...သိတယ်မဟုတ်လားသီဟထွန်းကို အလုပ်မရှိအကိုင်မရှိနဲ့ လေ...ဒီကြားထဲအရက်နဲ့ လောင်းကစားဆိုရှေ့ဆုံးကပါတဲ့သူလေ ကြည့်ရတာ ရုပ်လေးက ချောတော့ မမမိုးလည်းပါသွားတယ်ထင်ပါရဲ့...မဖြစ်သင့်တာမဖြစ်ရအောင် ငြိမ်းကသတိပေးတာပါ ကြီးကြီး..."
"ဘာ..ဘာပြောတယ်....တကယ်လား...တကယ်ဆို အိမ်က ဟာမကို ငါကိုယ်တိုင်သတ်ပြမယ် ကြည့်နေ ..."
ဒေါ်အေးခိုင်သည် ထဘီကိုမလျက်စိတ်ဆိုးမာန်ဆိုးနှင့် ပြန်သွားလေ၏။ငြိမ်းက ဒေါ်အေးခိုင်ကို ကြည့်ပြီး သဘောကျစွာ ရယ်လိုက်မိလေသည်။
"တကယ် ...တကယ်လား သမီး...မိုးမိုးက တကယ်ပဲသီဟထွန်းနဲ့ ကြိုက်နေတာလား...."
ဒေါ်ငြိမ်းဝေက ငြိမ်းကို အလန့်တကြားမေးလိုက်မိသည်။သီဟထွန်း ဆိုသော ကောင်လေးသည် ခပ်ဆိုးဆိုး ခပ်ပေပေ ကောင်လေးမှန်း ရပ်ကွက်ကလူတိုင်းနီးပါး သိကြသည်လေ။
"တကယ်ပေါ့ အမေရဲ့...သမီးကိုယ်တိုင်ပဲ အောင်သွယ်ပေးခဲ့တဲ့ဟာ... ကြီးကြီးက သမီးကို သွားပုပ်လေလွင့်တွေလျှောက်ပြောနေလို့ အမြင်ကပ်ပြီး အောင်သွယ်ပေးခဲ့တာလေ...."
"ဘာ...ဘယ်လို ငြိမ်း...သမီး ဘာပြောလိုက်တယ်..."
@@@@@@@@@@@@@@@@@@@
အပိုင်း (၁၀ ) ဆက်ရန်
ဧကြည်ဖြူ