ဧကြည်ဖြူ
" ချူ "
- - - - - - - - - - - - - - - - -
"ရောင်းမှဖြစ်မယ်ဆိုတော့လဲ ..ရောင်းရမှာပေါ့ မမခင်ရယ်...ဒါနဲ့ ဘယ်လောက်နဲ့ရောင်းမှာလဲ......"
"အိမ်အပါ ဆယ့်ရှစ်သိန်းလောက် ရမယ်ထင်တယ်... လမ်းမတန်းဆိုတော့လေ..."
"ဪ....ဆယ့်ရှစ်သိန်းဆိုတော့ မဆိုးပါဘူး...မမခင်တို့က ခြံ ပြန်မ၀ယ်တော့ဘူးလား..."
"မဝယ်တော့ပါဘူး အေ...အကြီးကောင်ကိုဝယ်ပေးထားတဲ့ခြံမှာပဲ သွားနေတော့မယ် ... အသက်ကြီးလာလို့ ဒီအထည်ဟောင်း ရောင်းတဲ့ အလုပ်လည်း မလုပ်နိုင်တော့ပါဘူး အေ...ညည်းတို့သားအမိရော ခြံလေးဘာလေးဝယ်ဖို့ငွေမစုမိသေးဘူးလား..."
"ခြံဝယ်ဖို့ ငွေစုမိလိုက်...ခြံတွေက ဈေးတက်သွားလိုက်နဲ့ လိုက်လို့ကို မမီဘူး ဖြစ်နေတာ မမခင်ရဲ့.....စျေးလေတန်လို့ ဝယ်မယ်စိတ်ကူးလိုက် သူဋ္ဌေးတွေက ဝယ်သွားလိုက်နဲ့......"
*********************
" ဒါဆို သိပ်မကြာခင် ပြောင်းပေးရမှာပေါ့ ဟုတ်လား...အမေ..."
ငြိမ်း စိတ်ပျက်လက်ပျက်နှင့်မိခင်ကို မေးလိုက်မိသည်။
"အဲ့ဒီလိုပဲ ပြောရမှာပေါ့...လမ်းမတန်းဆိုတော့ လူကြိုက်လဲများတယ်လေ သမီးရဲ့..."
"ဒုက္ခပါပဲ အမေရယ်... ဒါနဲ့ ...ဒီလမ်းပေါ်မှာ ...ဆိုင်ခန်းငှါးဖို့ စုံစမ်းကြည့်မလား ဟင် အမေ ... သမီးဆီမှာ စုထားတဲ့ ငွေရှိတာပဲ...."
ငြိမ်းစကားကြောင့် မငြိမ်းဝေခေါင်းကို အသာခါယမ်းလိုက်မိလေ၏။
"တစ်လ တစ်သောင်းတဲ့ ...ပြီးတော့ ခြောက်လတစ်နှစ်စာ တင်ခိုင်းတာ သမီးရဲ့....ဒီပုံအတိုင်းသားငှားနေရရင်...အမေတို့ တော့ ဒီတစ်သက်
အိမ်ငှားဘ၀ကကျွတ်မှာ မဟုတ်ဘူး...အမေစဉ်းစားထားတာ ရှိတယ်...အမေတို့မှာရှိတဲ့ငွေနဲ့ ချောင်ကျကျ တစ်နေရာလောက်တော့ ဝယ်လို့ရလောက်တယ်... ဘယ်လိုသဘောရလဲ သမီး...အလုပ်တော့ ပြောင်းရမှာပေါ့....."
မငြိမ်းဝေ သည် ငြိမ်းကို တိုင်တိုင်ပင်ပင်နှင့့် ပြောလိုက်သည်။ငြိမ်းသည်လည်း အသက် ဆယ့်ငါးနှစ်ကျော် ဆယ်တန်းကျောင်းသူ အရွယ်ရောက်နေပြီဖြစ်သောကြောင့် မငြိမ်းဝေ အတွက် အားကို အားထားရနေလေပြီ ဖြစ်လေ၏။
" ကောင်းတယ်အမေ...သမီးတို့ကိုယ်ပိုင်အိမ်နဲ့ပဲ နေကြမယ်... အိမ်ပိုင်ရှင်တွေရဲ့ မျက်နှာကိုကြည့်နေရတဲ့ဘ၀မှာလဲ မနေချင်တော့ပါဘူး....ချောင်ကျတဲ့နေရာမို့ ဈေးရောင်းလို့ မရလဲ မနက်ခင်းစျေးထဲ နေရာတစ်နေရာငှားပြီး ရောင်းကြမယ်...သမီး အတန်းတင်စာမေးပွဲပြီးသွားရင် ဈေးထဲမှာ ဘေထုတ်ရောင်းမယ် အမေ...ယူတဲ့နေရာလည်းသမီးသိတယ် ... အမေဘာမှမပူနဲ့ ... မနက်ဖြန်ကစပြီး မြေကွက်သာအမြန်ရှာတော့ "
ပြောရင်း ငြိမ်းက သူ့ခေါင်းအုံးလေးထဲတွင် သပ်သပ်ရပ်ရပ် ခေါက်ထည့်ထားသော ငွေတစ်ထပ်ကို မိခင်ဖြစ်သူကိုလှမ်းပေးလိုက်သည်။
မငြိမ်းဝေကလည်း သင်ဖြူးဖျား အဟောင်းလေး၏ အလယ်ကြားတွင်ထည့်ထားသော ငွေစက္ကူများကို ထုတ်၍ ရေတွက်လိုက်၏။ ပြီးလျှင် အဖုံးပိန်ချိုင့်နေပြီဖြစ်သော သံသေတ္တာအဟောင်းလေးကို ဖွင့်လိုက်လေသည်။သေတ္တာထဲ၌ ထဘီ အဟောင်းများရှိ၏။မငြိမ်းဝေ သည် သေတ္တာ၏ ထောင့်တစ်နေရာကို နှိုက်၍ အထုတ်တစ်ထုတ်ကို ဆွဲယူလိုက်သည်။
ငြိမ်းက မိခင်လုပ်သမျှကို သေချာကြည့်နေမိပြီး "ဘာလဲ အမေ''ဟု မေးလိုက်သည်။
မငြိမ်းဝေက ငြိမ်းကို အနားသို့ ခေါ်ပြီး အထုတ်လေးကို ဖြည်ပြလိုက်ရာ ငြိမ်းသည်အထုတ်လေးထဲမှ အရာများကိုကြည့်ပြီး အံ့ဩဝမ်းသာစွာ မိခင်ကို ခပ်တိုးတိုးမေးလိုက်မိသည်။
"ရွှေ...ရွှေတွေပါလား...အမေ...."
"သမီးအဖေနဲ့ နေတုန်းက အမေစုထားခဲ့တာတွေလေ... သမီးလေး အရွယ်ရောက်မှပေးမလို့လုပ်ထားတာ...ခုတော့ရောင်းထုတ်ပြီး နိုင်သလောက် ခြံလေးဝယ်ကြတာပေါ့...ခုခေတ်ဈေးနဲ့ဆို ခြောက်သိန်းကျော်လောက်ရမယ်ထင်တယ်...အမေတို့ စုထားတဲ့ငွေ ငါးသိန်းကျော်နဲ့ဆို ရပ်ကွက်အနောက်ချောင်ထဲမှာ မြေတစ်ကွက်လောက်တော့ ၀ယ်နိုင်မှာပါ...."
"၀မ်းသာလိုက်တာအမေရယ်...အဲ့ဒါဆို သမီးတို့ အိမ်ပိုင်ခြံပိုင်နဲ့နေရင်တော့မှာပေါ့နော်... ခြံ၀ယ်ပြီးရင် အိမ်ကို ခပ်သေးသေးပဲဆောက်မယ် အမေ... မြေပိုချန်ထားပြီး သီးပင်စားပင်တွေစိုက်ကြမယ်... ဟင်းချက်စရာဖိုးသက်သာတာပေါ့ အမေရာ...ပြီးရင် တီဗွီလေးတစ်လုံးနဲ့အောက်စက်လေးတစ်လုံးလောက်ဝယ် ကြမယ်နော် ... ညဘက် စက်ချုပ်ရင်းအပျင်းပြေကြည့်လို့ရတာပေါ့..."
ငြိမ်းက သူလိုချင်တာတွေ မိခင်ကို ပြောလိုက်သည်။
မငြိမ်းဝေက စိတ်ကူးနှင့်ပျော်ရွှင်နေသော သမီးဖြစ်သူကို ကြည်နူးစွာ ကြည့်လိုက်မိပြီး
"အေးပါ သမီးရယ် ... သမီးသာ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ရင် အမေတို့အတွက် ...အားလုံးပြည့်စုံပါပြီကွယ်...ကဲ ခုတော့ အိပ်ကြစို့...သမီးလည်းမနက် စောစောထ စာကျက် ... အမလည်း မနက်လင်းတာနဲ့ မြေကွက်လိုက်ရှာမယ် ဟုတ်ပြီလား..."
**********************
"ဒီခြံပဲ...သမီးသဘောကျတယ်ဆိုရင် ... အမေတို့ ဝယ်လိုက်ကြမယ်လေ...ငါးသိန်းခွဲတဲ့...အိမ်ဆောက်တာနဲ့မီးလျှောက်ဖို့ပါဆိုရင် အမေတို့ရှိတဲ့ငွေနဲ့လောက်မှာပါ...ပေနှစ်ဆယ်ခြောက်ဆယ် ဆိုတော့ သစ်ပင်လည်းစိုက်လို့ရတာပေါ့..."
မိခင်ပြသော မြေကွက်ကိုငြိမ်းသေချာ ကြည့်လိုက်မိသည်။ မြေကွက်သည် ရပ်ကွက်၏ချောင်ကျသော နေရာတွင် ရှိသည်။ဈေးနင့်လည်း အလွန်ဝေးလေသည်။ချောင်ကျသောနေရာဟု ဆိုသော်လည်း အိမ်ခြေတော့ အတော်များများရှိ လေ၏။ ရှိသောအိမ်များမှာလည်း အတော်လေးပင်ဆင်းရဲကြဟန် ရှိလေသည်။
"မဆိုးပါဘူး အမေ...ဒီနေရာမှာ ကုန်ခြောက်ဆိုင်လေးဖွင့်ရင် အဆင်ပြေမယ်ထင်တယ်...."
မငြိမ်းဝေသည် ငြိမ်း၏အတွေးစိတ်ကူးကြောင့် အံ့သြသွားမိလေ၏။ အဘယ် ကြင့်ဆိုသော် မငြိမ်းဝေကိုယ်၌ကလည်း အိမ်ဆိုင်လေးဖွင့်ရန် စိတ်ကူးထားသောကြောင့် ဖြစ်လေသည်။
"ငွေပိုရင်တော့ ရေတုံကင်လေးဖြစ်ဖြစ် တူးရအောင် အမေ... သစ်ပင်စိုက်ရင် ရေလိုတယ်...ရေ၀ယ်သုံးရရင် ကြာရှည် ဆိုမလွယ်ဘူး....ဘာပဲဖြစ်ဖြစ် သမီးတို့တွေ သူများမျက်နှာကြည့်ပြီးနေရတဲ့ ဘ၀က လွတ်တော့မှာမို့ အရမ်းပျော်တာပဲ ...လူတန်းစေ့နေနိုင်အောင်တော့ သမီးကြိုးစားမှာပါ အမေ
*************************
"သမီးရေ တော်တော့...စာလာကျက်တော့ ...ကျန်တာ အမေဆက်လုပ်လိုက်မယ်..."
ငြိမ်းက မိခင်ကို ခေါင်းခါပြလိုက်မိသည်။
" မနက်ဖြန်မနက်မှ စောစောထကျက်မယ် အမေ...ဒီပစ္စည်းတွေ အမေတစ်ယောက်တည်း နေရာချနေရင် တစ်နေကုန်တောင် ပြီးမှာမဟုတ်ဘူး.."
ငြိမ်းက ပြောရင်း ဆိုက်ကားနှင့်သယ်လာပြီးအိမ်ရှေ့တွင် ပုံချထားသော ပစွည်းများကို အိမ်ပေါ်သို့ အမြန်သယ်တင်လိုက်သည် ။ငြိမ်းတို့အိမ်လေးသည် ပေနှစ်ဆယ်ခြောက်ဆယ်ခြံလေးထဲတွင် ခေါင်းရင်းဘက်ခြမ်းမှာ ကပ်ဆောက်ထားပြီးအိမ်ကိုခြံရှေ့သို့ တိုးကပ် ဆောက်ထားသော အုပ်ဖိနပ်နှင့် ဆောက်ထားသော သွပ်မိုးထရံကာ အိမ်လေး ဖြစ်သည်။ သွပ်မိုးထရံကာ ဟုဆိုသော်လည်း ဆင့်တန်းများသာ သစ်သားဖြစ်ပြီး အပေါ်မှ ဝါးကြမ်းများကို ခပ်စိပ်စိပ် ခင်းထားသည်။အိမ်အကျယ်မှာ အနံဆယ့်နှစ်ပေနှင့် အရှေ့အနောက်ပေသုံးဆယ် ဆောက်ထားသည်။ထို့ပြင် အိမ်ပြုပြင်သည့်အခါ၌ အဆင်ပြေစေရန် ခေါင်းရင်းဘက်တွင် မြေနှစ်ပေချန်ထားလိုက်သည်။ခြေရင်းဘက်၌မူ မြေပိုရထားသော မြေနှင့်ဆိုလျှင် မြေရှစ်ပေပိုလေ၏။အိမ်နောက်ဘက်၌လည်း ပေသုံးဆယ် ကျန်သေးသည်။ထိုမြေလွတ်များတွင် သစ်ပင်စိုက်ရန် ရည်ရွယ်ထားသောကြောင့် ခြံရှေ့ ခြေရင်းဘက်တွင် ရေတုံကင် တူးလိုက်သလို ခြံကိုလည်း ဝါးကပ်များဖြင့် ခပ်စိပ်စိပ် ကာလိုက်ရလေသည်။သို့မှသာ အိမ်နီးနားချင်းအိမ်များရှိ ကြက်၊ ဝက်၊ ဘဲများနှင့် ခွေးများ၏ရန်မှလွတ် ပေမည်။ပြီးလျှင် ဈေးဆိုင်ဖွင့်ရန်အတွက် အိမ်ကို ရှေ့သို့တိုးဆောက်ထားခြင်းကြောင့် ဈေးဆိုင်လေးလည်း အမြန်ဆုံးဖွင့်လို့ရနေပြီဖြစ်လေသည်။
"သမီး စာမေးပွဲ မပြီးမချင်း ...သစ်ပင်စိုက်တာ ...စျေးရောင်းတာတွေကို လုပ်ခွင့်မပြုဘူးနော်...စာမေးပွဲပြီးမှာ သမီးလုပ်ချင်တာတွေလုပ် .... တီ
ဗွီနဲ့ အောက်စက်လည်း စာမေးပွဲပြီးမှဝယ်ပေးမယ်...အခုတော့ အမေ ရှာလို့ရတဲ့ငွေရယ် ကျန်တဲ့ ငွေရယ်နဲ့ချွေတာသုံးကြတာပေါ့....."
"ဟုတ်ကဲ့ပါ အမေ... တစ်ခါတလေ စာကျက်ရင်း စျေးကူရောင်းခွင့်တော့ ပြုပါနော်...ရှေ့လဆိုကျောင်း ခေါ်ချိန်တွေပြည့်သွားလို့...ကျောင်းကိုနေ့တိုင်းတက်စရာလည်းမလိုတော့ဘူးလေ အမေရဲ့....."
************************
လမ်းထိပ် ကင်းတဲမှ သံချောင်းခေါက်သံကြောင့် မငြိမ်းဝေ ဖျတ်ခနဲ လန့်နိုးသွားသည်။သံချောင်း ခေါက်သံ နှစ်ချက်တိတိကြားလိုက်ရသည်။ မငြိမ်းဝေသည်ငြိမ်းကိုကြည်လိုက်သည်။သို့သော် ခြင်ထောင်ထဲတွင် ငြိမ်းက မရှိ။ မငြိမ်းဝေ ခြေကို ခပ်ဖွဖွနင်းပြီး အိမ်ရှေ့သို့အသာချောင်းကြည့်လိုက်သည်။ငြိမ်းသည် စာကြည့်စားပွဲခုံပုလေးတွင် အသံတိတ် စာကျက်နေလေသည်။ကြည့်ရသည်မှာ ရေးမှတ်၍ ကျက်နေပုံရလေ၏။စာကိုစိတ်ဝင်တစားကျက်မှတ်နေသောကြောင့် မငြိမ်းဝေကြည့်နေသည်ကို မသိဘဲ ရှိလေသည် ။ထိုမြင်ကွင်းကြောင့် မငြိမ်းဝေရင်ထဲ စိတ်ချမ်းသာမိလေ၏။မငြိမ်းဝေသည် ကိုယ်တိုင်က အလယ်တန်းအဆင့် အောင်ရုံသာ ပညာသင်ကြားခဲ့ရပြီး မိဘတွေ စီးပွာရေးမပြေလည်သောကြောင့် ရှစ်တန်းအောင်သောအခါ ကျောင်းမှထွက်ပြီး စက်ချုပ်သင်ခဲ့ရသည်။အိမ်၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ဝိုင်းကူခဲ့ရသည်။ထိုအချိန်မှစ၍ ပညာရေးနှင့့်ဝေးခဲ့ရသည်။သို့သော်လည်း မငြိမ်းဝေသည် အလုပ်တစ်ဖက်ကြားမှာ လက်လှမ်း မီရာ စာပေများကို လေ့လာမှတ်သားခဲ့သည်။ထိုသို့ စာပေများ လေ့လာဖတ်ရှုခဲ့၍ ထင်သည် ။ မငြိမ်းဝေလောကဓံကို မကြောက်မရွံ ရင်ဆိုင်နိုင်ခဲ့သည်။သမီးလေး ငြိမ်းကိုလည်း ထိုသို့ပင် မငြိမ်းဝေ ဖြစ်စေချင်မိ၏။ သမီးငြိမ်းကို ဆရာဝန် ၊ အင်ဂျင်နီယာ၊ ကျောင်းဆရာမ စသည်ဖြင့် ဘာဖြစ်ရမည်၊ ညာဖြစ်ရမည်ဟု ဖိအားမပေး။ မမျှော်လင့်ထားပါ။ မငြိမ်းဝေ မျှော်လင့်ထားသည်မှာ သမီးလေး ငြိမ်းကို အတွေးအခေါ်မှန်ကန်တဲ့သူ။ ကြုံလာသမျှ လောကဓံကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန်နှင့် ရင်ဆိုင်ကျော်ဖြတ်ရဲသောသူတစ်ယောက်သာ ဖြစ်စေချင်ရုံပင် ။ပြီးလျှင် ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို သည်း ခံသင့်ရင်သည်းခံ ခွင့်လွတ်သင့်ရင်ခွင့်လွတ်နိုင်သော စိတ်လေး ရှိစေချင်သည်။သည်ကိစ္စ၌မူ သမီးလေး ငြိမ်းသည် အနည်းငယ်စိတ်ဓါတ် မာကျောနေသည်ဟု မငြိမ်း ဝေ ထင်မိလေ၏။ မှတ်မှတ်ရရ မငြိမ်းဝေတို့ အဆင်ပြေလာသောအခါ အစ်ကိုကျော်ဦးတို့မိသားနှင့် ခေါ်ခေါ်ပြောပြောပြန် နေခဲ့သည်။သို့သော်လည်း သမီးလေး ငြိမ်းသည် သူ့အစ်မတစ်ဝမ်းကွဲမိုးမိုးနှင့် သူ့မောင်တစ် ဝမ်းကွဲတိုးတိုးကို လမ်းတွေ့လျှင် ပျူပျူငှာငှာနှုတ်ဆက်တတ် ၊ အိမ်သို့အလည်ခေါ်တတ်သော်လည်း သူတို့အိမ်သို့ လုံး၀ သွားလေ့မရှိပေ။တောင်းတောင်းပန်ပန်နှင့် ခေါ်လျှင်တောင်မလိုက် ။ သူ့ဘကြီးနှင့် ကြီးတော် မအေးခိုင်တို့နှင့် လမ်း၌ ဆုံမိလျှင်ပင် ခပ်ဝေးဝေးမှ ဦးအောင်ရှောင်လေ၏။သည်မျှမကသေး အိမ်ပြောင်း စဉ်အခါက မမခင်ကို တရိုတသေ ကန်တော့ခဲ့သော်လည်း မမခင်၏ယောက်ျား ဦးစိုးလွင်ကိုမူ လှည့်၍တောင်မကြည့်တာလည်း မငြိမ်းဝေ သတိပြုမိသည်။ သမီးလေး ငြိမံးကို ကြည့ပြီး မငြိမ်းဝေ တစ်ခါတစ်ရံတွေးမိသည်မှာ ငြိမ်းသည် သူ့ဖခင်နှင့် သူ့ဘွားအေအမျိုးများကိုမုန်းတီးနားကျည်းပြီး နေလေမလား။ငရဲငအုံကြီး စေမည့် အတွေးတွေ များ တွေးနေလေမလား ကို မငြိမ်းဝေ ပူပန်မိလေသည်။ သေချာသည်မှာ ငြိမ်းသည် ရန်ကုန်သို့ရောက်ကတည်း က သူ့ဖခင်အပါအဝင် ရွာမှ မည်သူ့အကြောင်း၊ မည်သည့်အရာကိုမှ ပြောဆိုခြင်းမရှိတော့ပါလေ။တစ်ခါတလေ "သမီး အဖေကို သတိမရဘူးလား"ဟုမေးလျှင် "မရဘူး''ဟု တုံးတိတိ ပြန်ဖြေလေ့ရှိ၏။"ဒါဆို ထူးထူးလေးကိုရော သတိမရဘူးလား သမီး... သူက သမီးဆိုးသမျှ အနိုင်ယူ သမျှ သည်းညည်းခံတယ်လေ " ဟု မငြိမ်းဝေ ပြောလျှင် "သတိမရပါဘူး..အ ကျင့်မကောင်းတဲ့မျိုးတွေ...သူလည်းအဒေါ်တူမှာပဲ ... မတော်တဆတောင် လမ်းမှာ ပြန်မဆုံချင်ဘူး" ဟု ငြိမ်း ပြောလေတိုင်း မငြိမ်းဝေ ရင်ထဲ စိုးရိမ်ပူပန်မိသည်။သတိထားမိသလောက် ငြိမ်းသည် သူ၏ငယ်သူငယ်ချင်း တင်ထူးအောင်တို့တိတ်တိတ်လေးအိမ်ပြောင်းသွားပြီးကတည်းက ရင်းနှီးခင်မင်သော သူငယ်ချင်းမထားသည်ကို မငြိမ်းဝေသတိထားမိလေ၏။
***********************
" ဖြစ်ပါ့မလား သမီးရယ် ... အမေစိတ်မချဘူး ...အိမ်မှာပဲ အမေ့ကိုစျေးကူရောင်းပေးပါလား...."
" စိတ်ချပါ အမေရဲ့...သမီးတစ်ယောက်တည်း လုပ်မှာမှမဟုတ်တာ...အေးသီတာကို အမေသိတယ်မဟုတ်လား...သမီးတို့အတန်းထဲကလေ သူလည်း အလုပ်ရှာ မယ် ပြောလို့ သမီးနဲ့ ဈေးကူရောင်းဖို့ ပြောလိုက်တယ်...ရောင်းရရင် ရောင်းရသလို နေ့တွက်ခပေးမယ်လို့ ပြောပြီးပြီ...."
" ဘေထုတ်ဆိုတာ ဘယ်ရပိုးရနဲ့ မတော်...အညံ့ထုတ်နဲ့မိရင် ဒုက္ခများလိမ့်မယ်... "
အတန်းတင် စာမေးပွဲကြီး ဖြေပြီးသွားသည်နှင့် ငြိမ်းက မိခင်ဖြစ်သူထံတွင် ဘေထုတ်ရောင်းရန်ခွင့်တောင်းနေခြင်း ဖြစ်လေသည်။ဘေထုတ် ရောင်းသော အလုပ်သည် မရှက်မကြောက်နှင့် ရောင်း ရဲဝယ်ရဲပြောရဲဆိုရဲလျှင် အမြတ်အသားတင်ကျန်သော အလုပ်မှန်း ငြိမ်းက ဒေါ်ခင်မာမြင့်ကိုကူညီလုပ်ကိုင်ပေးခဲ့ဖူးသောကြောင့်သိနေသည် ။လူဆိုသည်မှာလည်း အထည်များ အယားပြေ ဆိုသောစကားကဲ့သို့ လှသော | စျေးပေါသော အထည်များမြင်လျှင့် လိုချင်ကြလေသည်သာ။မကြာမီအချိန်၌ သင်္ကြန် လည်းရောက်တော့မည်ဖြစ်သောကြောင့် ဂျင်းဘောင်းဘီနှင့် သင်္ကြန်ဖက်ရှင်အတိုအပြတ်များအတွက် ဘေထုတ် သည်များ လက်မလည်အောင် ရောင်းချရတော့မည် ဖြစ်လေသည်။ငွေကြေးလည်း တတ်နိုင် ဆိုင်ခန်းနေရာရှိသူများဆိုလျှင် ခေါင်ထုတ်များကို ဈေးပို့ပေးဝယ်ပြီးလျှင် ဆိုင်ခန်း၌ အကျအန ချိတ်ပြီး ငါးရာတန်ကို သုံးလေးထောင်လောက်တင်ရောင်းပေလိမ့်မည်။ငြိမ်းသည် ဘ၀ကို့အိမ်ဆိုင်အသေးလေးထဲတွင် မြှုပ်နှံမထားချင်။ငွေရှာချင်သည်။အသက်ရလာပြီဖြစ်သော မိခင်ကို စက်မချုပ်စေဘဲ ချမ်းချမ်းသာသာထားချင်သည် ။တိုက်နှင့်ကားနှင့် မထားနိုင်လျှင်တောင် ငွေကြေးနဲ့ပတ်သက်လျှင် မပူမပင်ရအောင် ထားချင်သည်။မိမိတို့သားအမိကို နှိမ်ခဲ့သူများရှေ့တွင် ဝင့်ဝင့်ကြွားကြွားနေပြချင်သည်။ ထို့အတွက် ငြိမ်းသည် ငွေကို ကြိုးစားရှာရန် ဆုံးဖြတ်ထားပြီးပြီ ဖြစ်လေသည်။
"စိတ်မပူပါနဲ့ အမေရာ...ယူရမယ့်ဆိုင်တွေလည်း သမီး သိပါတယ်... ပြီးတော့ အစကို ငွေနည်းနည်းနဲ့ အထည်ရေတစ်ရာနှစ်ရာလောက်ပဲ စမ်းကြည့်မှာပါ..."
"သမီး ဒီလောက် စိတ်အားထက်သန်နေမှတော့ အမေမထားတော့ပါဘူးကွယ်...ဒါပေမဲ့ အလုပ်ဆိုတာဇွဲရှိရှိလုပ်ရတယ်... သည်းခံသင့်သလောက် သည်းခံရတယ်....ကိုယ်မျော်မှန်းတဲ့အတိုင်း ဖြစ်မလာရင်လဲလွယ်လွယ်နဲ့ စိတ်ဓါတ်ကျလို့မဖြစ်ဘူး..."
ငြိမ်းစိတ်အားထက်သန်နေသောကြောင့်သာ မငြိမ်းဝေ ခွင့်ပြုခဲ့ရသော်လည်း မတော်တဆ လုပ်ငန်းထဲ၌ အမှားအယွင်းဖြစ်သွားလျှင် သမီးလေးငြိမ်း စိတ်ဓာတ်ကျသွားမည့်အရေးကို သာ မငြိမ်းဝေတွေးပူနေမိလေ၏။
*****************************
ငွေငါးသောင်းထည့်ထားသော အိတ် လေးကို ငြိမ်းစလွယ်သိုင်းလွယ်ထားပြီး အေးသီတ နှင့်အတူ အဟောင်းထည်လက်ကားပေးသော ဆိုင်ထဲသို့ ဝင်ခဲ့သည်။ဆိုင်ထဲတွင် ဝယ်ယူသူများနှင့် ကြိတ်ကြိတ်တိုးနေ လေ၏။အများစုမှာ သိန်းကို ဆယ်ချီအထိ ဝယ်ယူသူများဖြစ်ပြီး ငြိမ်းတို့လို အထုတ်သေး ဝယ်ယူသူမှာရှားလှလေသည်။ပြီးလျှင် ဘေထုတ်ကလည်း စျေးအမျိုးမျိုးရှိသလို အထည်အမျိုးအစားလိုက် စျေးလည်း ကွာသည်။အစုံထုတ် (ကလေး၊လူကြီးဝတ်အစုံပါသော အထုတ်) |ကျားဝတ်သီးသန့်၊ မဝတ်သီးသန့် ၊ ဂျင်းထည် သီးသန့်၊ စကပ် ဂါဝန်ဟူ၍ အထုတ်မျိုးစုံရှိလေသည်။ထိုထဲမှ ငြိမ်းက သောင်းပြောင်းအရောထုတ်ကို ယူမည်ဖြစ်လေသည်။
ငြိမ်းလည်းကြိတ်ကြိတ်တိုးနေသော ဝယ်သူများကြား တိုးဝှေ့ဝင်ကြည့်လိုက်သည်။
"ထုံးစံအတိုင်းပဲ...အထည်တွေကတော့ ရွေးယူခွင့်မရှိဘူး...အားလုံးနိုင်ငံတကာကလာတဲ့ အထည်သန့်တွေချည်းပဲ...အထည်ရေအလိုက် နှစ်သောင်းတန် ကနေ သိန်းကျော်အထိ အစားစားရှိတယ်...ပြည်တွင်းဖြစ် အပေါင်ဆုံးတွေလည်းသက်သက်သာသာ နဲ့ရမယ်နော်..."
ရွေးခွင့် မရှိဟုဆိုသော်လည်း ငြိမ်းသည် ငါးသောင်းအောက် အထုတ်များကို အိတ်ပြင်မှ လက်နှင့် ထိစမ်းကြည့်နေမိသည်။
"ကလေးမ ယူမှာလား...မယူရင်လဲဖယ်.... "
ဆိုင်ရှိလူတစ်ယောက်သည် ငြိမ်းနှင့် အေးသီတာကိုကြည့်ပြီး လေသံမာမာနှင့် ပြောလေသည်။ဒါသည် ဈေးဝယ်သူ၏ ပုံပန်းသဏ္ဍန်ကို ကြည့်ပြီး အထင်သေးတတ်သော ဆိုင်ရှင်များနှင့် အလုပ်သမားများ ၏အကျင့်စရိုက်ပင်ဖြစ်လေသည်။ငြိမ်းကလည်း ငြိမ်မခံတတ်တော့ ခပ်မာမာပင် ပြန်ပြောပစ်လိုက်သည်။
" သင်္ကြန် ဝတ်ဖို့အများဆုံးပါတဲ့ အစုံထုတ် တစ်ထုတ်လောက် လိုချင်တယ်...ခုမှစရောင်းမှာမို့ သန်တာလေး ပေး ပါ ...အရင်ကလည်းဒီဆိုင်မှာ ဝယ်ဖူးပါတယ်...အဆင်ပြေရ င် နောက်လည်း အမြဲယူမှာပါ...."
ဦးလေးကြီးသည် ငြိမ်းစကားကိုနားထောင်ပြီး ငြိမ်းကို ခပ်တည်တည်နှင့်ကြည်နေလေသည်။အတန်ကြာသောခါမှ
"သုံးသောင်းတစ်ထုတ် ရှိတယ် ...အထည်နှစ်ရာကျော်ပါတယ်....အသန့်ထည်တွေ အများကြီးပါတယ်နော်....တစ်ထည်ငါးရားတော့ အေးအေးဆေးရတယ်...ယူမလား...."
"ဟုတ်ကဲ့ ယူမယ်....ဒါဆို လူကြီးဝတ်ဘောင်းဘီနဲစကပ်တွေချည်းပါတဲ့ အထုတ် နှစ်သောင်းတန်း ရှိလား....ရှိရင် တစ်ထုတ်ပေး..."
"ရှိတယ်...ရှိတယ်...ပေးမယ်"
ငြိမ်းသည် အေးသီတာနှင့်အတူ အထုတ်နှစ်ထုတ်ကို
ကားနှစ်ဆင့်စီးပြီး ဆိုက်ကား အဆင့ဆင့်စီး၍ အိမ်သို့ သယ်ယူခဲ့လေသည်။အိမ်၌ ဒေါ်ခင်မာမြင့်ပေးခဲ့သော အင်္ကျီချိတ်များလည်းရှိသလို ဈေးထဲတွင်လည်း တစ်နေ့ သုံးရာနှင့် နေရာ ငှါးထားပြီးပြီးဖြစ်လေသည် ။ပြီးလျှင် ဈေးအသွားအပြန်အတွက် တွန်းလှည်းအဟောင်း လေးတစ်စီးလည်းအဆင်သင့် ၀ယ်ယူထားပြီးပြီဖြစ်သည်။ငြိမ်းသည် ပျော်ရွှ တက်ကြွစွာ အိမ်သို့ ပြန်ခဲ့လေသည်။
***********************
"ဒီနေ့တော့ နားပါအုံးလား သမီးရယ်...ထမင်းအေးဆေးစားပြီးမှ လုပ်ပါကွယ်... ဟိုမယ် သီတာအေးလဲဆာရောပေါ့....ကဲလာ လာ သမီးသီတာအေးရေ ထမင်းလာစားအုံး..."
ငြိမ်းက ဈေးမှပြန်ရောက်သည်နှင့် အထည်ထုတ်ကို ဖွင့်ကြည့်ရန်ပြင်လိုက်သောကြောင့် မငြိမ်းဝေက တားမြစ်လိုက်ခြင်းဖြစ်လေသည်။
မိခင်ပြောမှ ငြိမ်းလည်း အပေါ်မှ ထပ်ဝတ်သွားသော ရှပ်အင်္ကျီကိုချွတ်ပြီးတန်းမှာ ချိတ်လိုက်သည်။ပြီးမှ ဝတ်ထားသော ဘောင်းဘီကို အိမ်နေရင်း ဘောင်းဘီနှင့်လဲဝတ်လိုက်ပြီး ထမင်းစားရန် ပြင်လိုက်သည်။
ထမင်းသာ ထိုင်စားနေရသော် လည်း ငြိမ်းစိတ်တွေက အထည်ထုတ်နှစ်ထုတ်ဆီသို့သာရောက်နေသည်။အထုတ်တွေကို ဖွင့်ပြီးအထဲမှအထည်တွေကို မြန်မြန်ကြည့်ချင်လှပြီဖြစ်လေသည်။
"ရေလေ ဘာလေး သောက်ပါအုံး သမီးရယ်..."
ထမင်းစားပြီးသည်နှင့် အထည်ထုတ်တွေနား ထိုင်ချလိုက်သော သမီးဖြစ်သူကို လှမ်းအော်လိုက်ရင်း မငြိမ်းဝေက ဈေးဝယ်သူလာသောကြောင့် ရောင်းနေလေသည်။သီတာအေး လည်း ထမင်းစားပြီးသည်နှင့် သူ့အိမ်ဘက်သို့ ပြန်သွားလေသည်။
ငြိမ်း တစ်ယောက်တည်း အိမ်ရှေ့ခန်းတွင် အထည်များအနီး ထိုင်ချလိုက်သည်။မိခင်ဖြစ်သူ မငြိမ်းဝေကမူ အိမ်ရှေ့ အဖီချထားသော ဈေးဆိုင်ထဲတွင် ဈေးဝယ်သူများကို ရောင်းနေ၏။ငြိမ်း စိတ်ထဲ ဘာရယ်မဟုတ် ခြေတုန်တုန်လက်တုန်တုန်နှင့် အထည်ထုတ်ကို ဖွင့်ကြည့်လိုက်သည်။ အထည်ထုတ်ကို ဖွင့်နေသော ငြိမ်း၏ လက်များသည် တဆတ်ဆတ်တုန်ယင်နေလေ၏။ဆယ်တန်း စာမေးပွဲဖြေစဉ်ကပင် ရင်မ တုန်ခဲ့သော်လည်း ယခုအခါ၌ ငြိမ်း ရင်တွေတထိတ်ထိတ် အခုန်မြန်နေလေသည်။နောက်ဆုံးတော့ အထည်ထုတ် ကပွင့်သွားလေပြီ။ အထုတ်ထဲမှ အထည်တွေကိုတစ်ထည်ချင်း ဆွဲထုတ်လိုက်သည်။
" အထည်တွေက ဘာလုပ်တာလဲ မငြိမ်းဝေ ..."
"ဘေထုတ်တွေလေ ...စျေးထဲ ရောင်းဖို့တဲ့ ငြိမ်းသွားဝယ်လာတာလေ..."
ဈေးဝယ်လာသူထံမှ မေးသံနှင့် မိခင်ဖြစ်သူ၏ပြန်ဖြေနေသံကို ငြိမ်းကြားနေရသည်။သို့သော် အသံများသည် ငြိမ်းနားထဲ၌ တိုးသွားလိုက် ကျယ်သွားလိုက်နှင့်ကြားနေရလေသည်။ငြိမ်းသည် အထုတ်ထဲမှအထည်များကို တစ်ထည်ချင်း ဆွဲထုတ်နေရင်းမှ ဝမ်းနည်းပက်လက်နှင့် ငိုချလိုက်မိလေတော့သည်။
"အဟင့်...ဟင့်...ဟီး...ဟီး....ဟီး..."
@@@@@@@@@@@@@@
အပိုင်း (၉) ဆက်ရန်
ဧကြည်ဖြူ