book

Index 7

အပိုင်း ( ၇ )

ဧကြည် ဖြူ


   "ချူ "


-- - - - - - - - - - - - - - - - - 


   မငြိမ်းဝေနှင့် ငြိမ်းတို့ကြုံရမည့် ပြဿနာမှာ ရေချိုး ၊ အိမ်သာသုံးလျှင် အနောက်ဘက် ဒေါ်ခင်မာမြင်တို့ အိမ်ခြံထဲသို့ ၀င်၍သုံးရမည် ဖြစ်လေသည်။ နေ့ခင်းဆိုလျှင် အရေး အကြောင်း မဟုတ်သော်လည်း ညရေးညတာ၌ ဒုက္ခများလောက်ပေမည်။ပြီးလျှင် ဒေါ်ခင်မာမြင့်၏ ယောကျာ်းအရက်သမားကိုလည်းထည့် တွက်ရမည်ဖြစ်သည်။


     မငြိမ်းဝေနှင့် ငြိမ်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သက်ပြင်းပြိုင်တူချလိုက်မိကြသည်။


"သမီး ရေချိုးရင် တစ်ယောက်တည်းသွားမချိုးနဲ့နော်.."


"အမေ.နောက်ထဲကို တစ်ယောက်တည်းမသွားနဲ့နော် သမီးနဲ့တူတူသွားမယ်..."


    ထိုစကားကိုသားအမိနှစ်ယောက် ပြိုင်တူပြောမိကြခြင်းဖြစ်ပါလေသည်။မငြိမ်းဝေက ငြိမ်း၏ ခေါင်းထက်မှ ဆံနွယ်ရှည်လေးများကို လက်ဖဝါးနှင့် ခပ်ဖွဖွပွတ်ပေးလိုက်ရင်း ခပ်တိုးတိုးပြောလိုက်မိသည်။


"တစ်နှစ်လောက်ပဲ သည်းခံပြီးနေကြရအောင် သမီး ... ဒီကြားထဲ အမေတို့အရင်ကထက် ပိုကြိုးစားကြမယ်...အနေအထိုင်ကိုလည်း ဆင်ခြင်နော် သမီး ... အမေတို့ ဘ၀တွေက နေတတ်ထိုင်တတ်မှ သူများအပြောလွတ်မှာ..."


    ငြိမ်းက ခေါင်းကို အသာငြိမ့်ပြလိုက်ရင်း "ဟုတ်ကဲ့ပါ အမေ" ဟုပြန်ပြောလိုက်သည် ။ငြိမ်းအသက်အရွယ် ငြိမ်းဖတ်သောစာအုပ်များထဲမှ အသိများအရ ငြိမ်းသည်လည်း သိသင့်သလောက် အရာများကိုသိနေပြီဖြစ်လေသည်။


***********************


  "အလှကုန်ပစ္စည်းလေးတွေ ရောင်းတာ မဆိုးဘူး သမီးရေ ...အမေလည်း စက်ချုပ် မပျက် ၀င်ငွေ လည်းကောင်းသားပဲ...ငါးခြောက်ရောင်းတာကို ဖြုတ်လိုက်မလားလို့ အမေ တွေးနေတာ..."


    မငြိမ်းဝေက အပ်ထည်လေးများကို ချုပ်ရင်းမှ ငြိမ်းကို လှမ်းပြောလိုက်သည်။


   ငြိမ်းက လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး မိခင်ဖြစ်သူကို ပြန်ပြောလိုက်၏။


"သမီးလည်း ...အမေ့ကိုပြောမလိုပဲ...အခုဆို သမီးက ကျောင်းတက်နေရတော့ မနက်ပိုင်းဆို ဆိုင်ပိတ်ထားရတာမဟုတ်လား ....မနက်ဘက်မှာအလုပ်သမားတွေအလုပ်သွားတာနဲ့စျေးသွားစျေးပြန်တွေရှိတော့ ဆိုင်က ရောင်းရတယ် အမေရဲ့....ပြီးတော့ လေ ကြီးကြီးခင်ကပြောတယ်... စနေ  တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ သူက ဈေးတွေထဲ အထည်သွားရောင်းမလို့ သမီးကို လိုက်ကူးရောင်းပေးဖို့ပြောနေတယ်...ရောင်းရတဲ့ အမြတ်ငွေထဲကနေ သမီးကိုလည်း ခွဲပေးမယ်တဲ့...."


     ငြိမ်းစကားကြောင့် မငြိမ်းဝေလှမ်းကြည့်လိုက်မိသည်။ငြိမ်းသည် အသက်ဆယ့်လေးနှစ်ပင်မပြည့်သော်လည်း သွက်၏။ချက်ချာ၏။လောကဓံ ရိုက်ချက်များကြောင့် ထင်သည် ငွေကို အရွယ်နှင့်မလိုက်အောင် တစ်ပြားနှစ်ပြားမှအစ ရှာဖွေသည်။ချွေတာသည်။ကျောင်းတက်နေသော်လည်း ကျောင်းမှပြန်ရောက်သည်နှင့် စာအုပ်ကိုလက်တစ်ဖက်မှ ကိုင်လျက် စာကျက်ရင်း အလှကုန်ဆိုင်လေးမှာစျေးကူရောင်းသည်။ မငြိမ်းဝေ ခဏတဖြုတ် စက်ချုပ်နားချိန်တွင် စက်ပါတက်ချုပ်၍ကူသေးသည်။ဒါတင်မဟုတ် ခေါင်းရင်းခြမ်းမှ အိမ်ရှင် ဒေါ်ခင်မာမြင့်၏ အထည်ဟောင်းဆိုင်ကိုပါ ပြေး၍ဝိုင်းကူရောင်းချပေးတတ်ပြန်သေးသည်။ဒေါ်ခင်မာမြင့်သည် သားတစ်ယောက်သာရှိပြီး သားက အိမ်ထောင်ကျကာအဝေးတွင် နေလေသည်။အိမ်တွင် လင်မယားနှစ်ယောက်တည်းရှိပြီး လင်ဖြစ်သူက အမြဲမူးနေသောကြောင့် စီးပွားကို ကိုယ်တိုင် ရှာနေရခြင်းဖြစ်လေသည်။သည်ကြားထဲ၌ အိမ်ထောင်ခွဲသားကိုလည်း ထောက်ပံ့ပေးရသောကြောင့် ဒေါ်ခင်မာမြင့်မှာ ငွေရှာသမျှ လောက်ငှသည် မရှိခဲ့ပါချေ။ဒေါ်ခင်မာမြင့်၏ ယောက်ျား ဦးစိုးလွင်မှာမူ အပူအပင်ကင်းလှပေသည်။ အရက်မသောက်ထားလျှင် ဒေါ်ခင်မာမြင့်ပြောသကဲ့သို့ပင် လူရှိရမှန်းပင်မသိရ။အရက်သောက်ထားသောအခါ၌မူ လူတကာကိုစိန်ခေါ်သည်။ရစ်သည်။ရမ်းချင်သည်။သတ္တိရှိ၍ တော့မဟုတ်ချေ။တစ်ယောက်ယောက်ကများ အောက်ငေါက်လိုက်လျှင်ငြိမ်ကုပ်သွားတတ်သည် ။ ကံကောင်းသည်မှာ ဦးစိုးလွင်သည် မိန်းမကိစ္စကိုစိတ်မ၀င်စားဘဲ အရက်နှင့်လောင်းကစား ကိစ္စကိုသာ စိတ်ဝင်စားတတ်သောကြောင့် မငြိမ်းဝေတို့ သားအမိမှာ အနေအထိုင် ချောင်နေခြင်းဖြစ်လေသည်။


" ဖြစ်ပါ့မလား သမီးရယ်..ကျောင်းပိတ်ရင် အိမ်စာတွေ လုပ်ရမှာကရှိသေးတယ် မဟုတ်လား.....ပြီးတော့ သမီးကစျေးထဲမှာ အော်ဟစ် ရောင်းရဲလို့လား...စျေးထဲ ရောင်းတယ်ဆိုတာ အိမ်ဆိုင်တွေလို ထိုင်နေလို့မရဘူး သမီးရဲ့ အော်ဟစ် ရောင်းမှ ...ရောင်းရတာ..."


"ဒါများ အမေရယ်...ဟော့ဒီမှာကြည့် ...သမီးရောင်းပြမယ်..လာနော်...လာထား...တစ်ထည်မှ ငါးဆယ်...သုံးထည်ယူတစ်ရာပဲ....ဂါဝန်လား ... စကပ်လား...ဘောင်းဘီလား....တီရှပ်လား  အကြိုက်ရှာ.....အကြိုက်မွှေနော်...."


    ငြိမ်းကိုကြည့်ပြီး မငြိမ်းဝေ သဘောကျစွာရယ်မီ ပြန်သည်။


"ငါ့သမီးက မဆိုးဘူး ...ရောင်းတတ်သားပဲ..."


"ဟုတ်တယ် ငြိမ်းဝေရေ ....ညည်း သမီးရောင်းတတ်ပုံတော့ ကြာရင် ငါ့စီးပွားကို လုတော့မယ်ပုံပဲ...စံပြဈေးက ဘေထုတ်တန်းများ ခေါ်သွားမိရင် အထည် တောင်ပုံရာပုံထဲကနေ ကောင်းပေ့ဆိုတဲ့ အထည်ကို သူ့ပဲရွေးတတ်တာအေ့ ... "


    ငြိမ်းတို့သားအမိနှစ်ယောက် စကားပြောနေစဉ် ၀င်ရောက် ပြောဆိုလိုက်သူမှာ ဒေါ်ခင်မာမြင့်ပင်ဖြစ်ပါလေသည်။


"ဒါနဲ့ ငြိမ်းဝေ နင့်ကို ပြောစရာရှိလို့လာတာ...."


"ဟုတ်ကဲ့ ... ပြောလေ...မမခင် ...."


"ဒီလို အေ...ပြောရမှာလည်း ....အားနာပါတယ်...ခုဆိုညည်းတို့သားအမိလည်း အဆင်ပြေနေပြီ ဆိုတော့ ... အိမ်လခလေး ငါးရာ တစ်ထောင်လောက် တိုးပေးပါလားဟယ်...မမခင်လည်းအဆင်မပြေလို့ပါ...နင်တို့သိတဲ့တိုင်း အတိုင်း...အိမ်က အမူးသမားကိုဆေးကုနေရတယ်လေ....ဒီကြားထဲ ဖဲကြွေးနဲ့ နှစ်လုံး သုံးလုံးကြွေးကရှိသေးတယ်..."


    ဒေါ်ခင်မာမြင့်စကားကြောင့် မငြိမ်းဝေနှင့်ငြိမ်းတို့ တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်ပြီး သက်ပြင်း ကိုယ်စီ ချလိုက်မိကြလေသည်။


************************


"အမေ...မအိပ်သေးဘူးလား...."


    အချိန်က ညဆယ့်တစ်နာရီကျော်နေပြီ။ ငြိမ်း လက်ထဲမှ စာအုပ်ကို ချပြီး စက်ချုပ်နေဆဲဖြစ်သော မိခင်ကို မေးလိုက်သည်။ငြိမ်းသည် ကျူရှင်လည်း မတက်နိုင်သလို နေ့လယ်နေ့ခင်း၌ ဈေးဆိုင် ထိုင်ပေးပြီး မိခင်ကို အထည်ဝိုင်းကူ ချုပ်ပေးရသေးသောကြောင့် ညဘက်မှသာ စာကို ကောင်းကောင်းကျက်ရလေသည်။


"သိမ်းတော့ မှာပါ သမီးရဲ့...သမီးတစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ အမေ စက်ချုပ်ရင်း စောင့်ပေးနေတာ..."


  

    ပြောရင်း မငြိမ်းဝေက ချုပ်ထားသောအထည်များကို ခေါက်ပြီး ခုံပေါ်တင်လိုက်သည်။

    ငြိမ်းက စက်နားတစ်ဝိုက်မှ ပိတ်စညှပ်စများနှင့် အပ်ချည်မျှင်များကို တံမြက်စည်းနှင့် သေချာလေး လှည်းလိုက်ပြီး အိပ်ရာခင်းလိုက်သည်။အခန်းလေးသည် ကျဉ်းလွန်းလှသောကြောင့် သည်နေရာမှာပဲ အလုပ်လုပ် ။ သည်နေရာမှာပဲထမင်းစားပြီး သည်နေရာတွင်ပင် အိပ်ရလေသည်။


****************************


    နွေရာသီ ကျောင်းများ ပိတ်လေပြီ။ငြိမ်းသည် စာမေးပွဲ ပြီးသည်နှင့်ဆိုင်၏ တာဝန်များကို အကုန်ယူလိုက်လေသည် ။ယုတ်စွအဆုံး ကားနှစ်ဆင့်စီး၍ သွားရသော သိမ်ကြီးဈေးသို့ပင် တစ်ယောက်တည်း သွားတတ်နေပြီဖြစ်လေသည်။ပြီးလျှင် ငြိမ်သည်  ဈေးထဲတွင် ဒေါ်ခင်မာမြင့်နှင့်အတူ ဘေထုတ်ထည်များလိုက် ရောင်းပြန်လေသည် ။ မငြိမ်းဝေ တားသော်လည်း မရပါချေ။ငြိမ်းစိတ်ထဲ၌ ကိုယ်ပိုင်အိမ်ခြံလေး ပိုင်ဆိုင်ရဖို့အရေးသည် အဓိကဖြစ်နေလေသည်။ငြိမ်းသည် ယခုအခါ၌အသက်ဆယ့်် ငါးနှစ်ထဲဝင်လာပြီးဖြစ်သောကြောင့် လူကောင်လည်း ထွားလာသလို့ လှလည်းလှ လာလေည်။ဆံပင်ညှပ်ခ နှပြောသည်ဟုဆိုပြီး မညှပ်ဘဲထားသော ဆံပင်များသည်လည်း တင်ပါးထိ အောင်ပင် ရှည်လျားကာ အသားမဖြူမညိုနှင့် လိုက်ဖက် ကြည့်ကောင်းလှပေသည်။သို့သော် ငြိမ်းသည် ဆံပင်ကို ဖားလျားချထားလေ့မရှိဘဲ ခပ်မြင့်မြင့် စီးထားတတ်လေသည်။ပြီးလျှင် ငြိမ်းသည် အလှကြိုက်ပင်ကြိုက်သောငြား မိန်းမဆန်ဆန် ဝတ်လေ့ဝတ်ထသိပ်မရှိဘဲ သူရောင်းသော ဘေထုတ်ထည်များထဲမှ ဘောင်းဘီရှည်များနှင့် တီရှပ် ၊ ရှပ်အင်္ကျီများကိုသာ ဝတ်ဆင်တတ်လေ၏။


"ကိုယ်လုပ်နေတဲ့ အလုပ် ...ကိုယ့်ထမင်းအိုးကိုမှ ကိုယ်တိုင်က အထင်သေးသလို သိမ်ငယ်သလို ထင်နေလို့မဖြစ်ဘူးလေ အမေရယ်...ဘာပဲဖြစ်ဖြစ် သမီးတော့ ဘေထုတ်ထည်တွေ ဝတ်ရလို့မရှက်ပါဘူး...အသက်ကြီးတဲ့အထိကိုဝတ်နေမှာပဲ..." ငြိမ်း ထိုသို့ ပြောလေတိုင်း မငြိမ်းဝေမှာ ရင်ထဲ အမျိုးအမည်ဖော်ရခက်သော ဝေဒနာကို ခံစားရစမြဲဖြစ်လေသည်။


"အမေ့ဆိုင်မှာ ကလေး ကစားစရာတွေတင်ရောင်မလား အမေ ... (၂၄) လမ်းကဝယ်ရောင်းကြမယ်..."


" အမေလည်း စဉ်းစားနေတာ...ဒါပေမဲ့  သမီးက ဒီနှစ် ကိုးတန်းတက်ရမှာလေ.... စာတွေလည်း များလာပြီမဟုတ်လား...ပြီးတော့ သမီးကို ကျူရှင်တက်ခိုင်းမလားလို့...."


   ငြိမ်းက ဘေထုတ်ထည်များကို အသန့်နှင့် အညံ့ရွေးထုတ်နေရင်းမှ မိခင်ကိုလှမ်းကြည့်လိုက်သည်။


"စိတ်မပူပါ နဲ့ အမေရဲ့ ... မြန်မာစာတွေကို သမီးကြိုကျက်ထားပါတယ်....ကျူရှင်ကတော့ ကျောင်းတက်မှပဲ စာမလိုက်နိုင်ရင်တက်မှာပေါ့...ခုတော့ ကျောင်းစရိတ်ရအောင် ငွေရှာလိုက်အုံးမယ်...အမေလည်း အမေ့ဆိုင်က ငွေ အမေ့ဘာသာစု...သမီးလည်း အထည်ကူရောင်းလို့ရတဲ့ငွေကို သမီးဘာသာ စုမယ်...သမီး ဆယ်တန်းအောင်ရင် ခြံလေး တစ်ကွက်ဝယ်ရအောင် နော် အမေ..."


*************************


" ( ..... ) ဟာမတွေ...မနေ့တစ်နေ့ကမှ တောကတက်လာပြီး လူပါး၀တယ်ပေါ့လေ... နေစရာမရှိလို့ ပေးနေတာကို လူပါး၀ကြတယ်...စိုးလွင်ကို ဘာထင်နေလဲ....(...) ဆံလေး တစ်ပြားနှစ်ပြားချေးတာကို မယုံသလိုနဲ့....သွားကြ ခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်း....."


"တော့် ပါးစပ်ပိတ်ထားစမ်း ...အသက်က ဖင်ဆောင့်နေပြီး...မရှက်ဘူးလား..."


"ဟဲ့ ...ဂန်နာမရဲ့ ငါ့ပါးစပ်ကိုဘာလို့ လိုက်ပိတ်နေရတာလဲ...ဘာလဲ ငါက သူတို့လူပါး၀သမျှ ငြိမ်ခံနေရအောင် သူတို့က ငါ့မယားတွေလား ပြောလေ...."


  အိမ်ရှင် ဒေါ်ခင်မာမြင်တို့လင်မယားစကားများနေကြခြင်းဖြစ်လေသည်။ ဦးစိုးလွင်သည် နေ့ခင်းက မငြိမ်းဝေဆီ ဖဲရိုက်ဖို့အတွက် ငွေလာချေးရာ မငြိမ်းဝေကမချေးလိုက်သောကြောင့် ညရောက်သောအခါ မူးရူးပြီး ဆဲဆိုပြောနေခြင်းဖြစ်လေသည်။ မငြိမ်းဝေက စက်ချုပ်ရင်း မသိချင်ယောင်ဆောင်နေသော်လည်း ငြိမ်းကစာကျက်နေရင်းမှ ဆတ်ခနဲထရပ်လိုက်သည်။


"ဒီလူကြီး အရမ်းမိုက်ရိုင်းနေပြီ အမေ...ငြိမ်းသည်းမခံနိုင်တော့ဘူး...သူဆဲဆိုနေတာကို သည်းခံနေခဲ့တာ နှစ်ချီနေပြီ...သည်းခံမှန်းသိလို့ သူက သားဆဲမယားဆဲပါဆဲလာ ပြောလာပြီ...ငြိမ်းသည်းမခံနိုင်တော့ဘူး..."


"အို...ဟဲ့...ဟဲ့ သမီး...စိတ်ကို ထိန်းစမ်း...သူက အမူးသမား....သူနဲ့ဖက် ဖြစ်လို့ဘာအကျိုးရှိမှာလဲ...ပြီးတော့ မမခင် မျက်နှာကို ထောက်ရမယ်လေ...ဘာပဲဖြစ်ဖြစ် လခပေးနေရတယ်ဆိုပေမဲ့ ကိုယ့် ကျေးဇူးရှင်တွေလေ..သည်းခံသင့်သလောက် သည်းခံရမယ် သမီး ... ဒီထက် အမေတို့ သိက္ခာကို ထိပါးလာရင်တော့ အမေတို့ ဒီကပြောင်းကြတာပေါ့ကွယ်...ခုတော့ မသိချင်ယောင်ဆောင်နေလိုက်ပါ သမီးရယ်..."


   မိခင်၏ တားမြစ်မူကြောင့် ငြိမ်းသည် လက်ထဲ တွင် တင်းတင်းဆုပ်ထားမိသော ထောက်ချွန်ကို စားပွဲခုံပေါ်ပြန်ချလိုက်သည်။


************************


" သေချာစဉ်းစားဦး ငြိမ်းဝေရဲ့...အချိန်တန်တော့ နင့်သမီးက လင်ယူမှာ အဲ့ကျမှ နင်တစ်ယောက်တည်း ဒုက္ခရောက်နေမယ်...ဦးချိုတူးက အိမ်ထောင်ရှိတယ်ဆိုပေမဲ့ မိန်းမက မန္တလေးမှာနေတာ ဒါပေမဲ့ ရောဂါသည် ပါတဲ့အေ.... ညည်းကို သေချာတောင်းရမ်းယူပါမယ်တဲ့...ညည်းသာ ခေါင်းငြိမ့်ရင် ဒီရပ်ကွက်မှာခြံတစ်ခြံဝယ်ပေးမယ်တဲ့....ဘယ်လိုသဘောရလဲ....."


     ငြိမ်း ကျောင်းကပြန်ရောက် ရောက်ခြင်း ဒေါ်ခင်မာမြင့်၏ ဘေထုတ်ဆိုင်ထဲသို့ ဝင်ပြီး အထည်များ နေရာပြန်ချနေစဉ်မှာပင် အခန်းဘက်မှ ကြားလိုက်ရသော စကားသံများကြောင့် ငြိမ်းတစ်ကိုယ်လုံး သွေးများ ပွက်ပွက်ဆူလာလေသည်။ငြိမ်း ဒေါသကို မထိန်းနိုင်ဘဲ အိမ်ခြံပွဲစားတစ်ဖြစ်လဲ လူပွဲစားဒေါ်မြသောင်းကို ရန်တွေ့ရန် တစ်ဘက်ရှိ မိမိတို့ ဆိုင်ခန်းဘက်သို့ ကူးသွားရန်ဟန် ပြင်လိုက်ရာ မိခင်ဖြစ်သူ၏ ပြန်ပြော သောအသံကိုကြားလိုက်ရလေသည်။


"မဟုတ်တာတွေ ဒေါ်မြသောင်းရယ်....ကျွန်မကိုယ်ပိုင်အိမ်နဲ့ နေဖို့ သူများအသိုက်အမြုံကို ဖျက်ဆီးရမှာတဲ့လား ...ဒီလိုအလုပ်မျိုးကို ဒီတစ်သက် မပြောနဲ့ နောက်တစ် သက်တောင် မလုပ်ဘူး အဒေါ်ရေ ...ပြီးတော့ ကျွန်မမှာ သမီးလေးရှိတယ် ... နောက်အိမ်ထောင်လည်း ပြုဖို့  အစီအစဉ်မရှိပါဘူး...."


"အေးပါဟဲ့ ....ငါက ညည်း တို့သားအမိ မတော်တဆ အရက်သမား စားမိသွားမှာ စိုးလို့ပါ အေ...ညည်း သမီးကလည်း အချောလေး မဟုတ်လား ....သတင်းတွေ ပေါင်းစုံထွက်နေလို့ပါ အေ..."


"ဒီမှာ ...ဒေါ်မြသောင်း"


"ဟင် ... သမီး ငြိမ်း.... ဒေါ်မြသောင်း ပြန်ပါတော့နော် ..."


    မငြိမ်းဝေမှာ  ဒေါသတကြီး အော်လိုက်သော ငြိမ်းအသံကြောင့် ထိတ်လန့် သွားမိပြီး ဒေါ်မြသောင်းကို အတင်းပြန်လွှတ်လိုက်ရလေသည်။


      ငြိမ်း စိတ်တိုတိုနှင့် ဒေါ်မြသောင်းရှေ့မှ ပိတ်ရပ်လိုက်သည်။


"ကျွန်မအမေကိုတော့ သူများအငယ်အနှောင်အဖြစ်မခံဘူး.... နေစရာ စားစရာမရှိရင် ကျွန်မကိုယ်တိုင် ဈေးတောင်းခေါင်းရွက်ပြီးရှာကျွေးလိုက်မယ်... ပြီးတော့ ကျွန်မတို့ သားအမိ အမူးသမားစာ မဖြစ်ခင် အဒေါ်ကြီး သမီးအလုပ်သွားအလုပ် ပြန်ကိုသာ သေချာ လိုက်ကြိုပါနော်.....တော်ကြာ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေမှာစိုးလို့..."


"သမီး ငြိမ်း.... အဲ့ဒီလို မပြောရဘူးလေ....ပြန်ပါတော့ ဒေါ်မြသောင်းရယ် ပြန်ပါတော့နော်...."


    ဒေါ်မြသောင်းက ဆူဆူအောင့် အောင့်နှင့်ထွက်သွားသလို ငြိမ်းလည်း စိတ်တိုတိုနှင့် မိခင်ဘေးမှဝင်ထိုင်လိုက်သည်။


"အမေရယ်... ဒီလိုလူမျိုးတွေနဲ့ အပေါင်းအသင်းမလုပ်ပါနဲ့ဆို..."


"ဘယ်ဟုတ်မလဲသမီးရယ် ... မခေါ်ချင်ပေမဲ့ သူ့အရပ်နဲ့ သူ့ဇာတ် မေးထူးခေါ် ပြောလေးတော့ လုပ်ရတာပေါ့..."


"ဒါနဲ့ သမီးမရှိတဲ့အချိန်မှာ ဘဘစိုးလွင်က အမြဲပြောဆိုနေတာလား အမေ..."


"မူးမှ ပြောတာပါ သမီးရယ်...ခုတလော မမခင်လည်း စီးပွားရေးအဆင်မပြေဘူးသမီးရဲ့ ..အဲ့ဒါကြောင့် ...မမခင် ကိုသနားလို့ အမေလည်း တောရုံဆို မသိချင်ယောင်ပဲဆောင်နေလိုက်တယ် ...."


    မငြိမ်းဝေ ခပ်တိုးတိုးပြောရင်း ဒေါ်ခင်မာမြင်တို့အိမ်ဘက်သို့လှမ်းကြည့်လိုက်မိသည်။မိမိတို့သားအမိက အဆင်ပြေပြီး ဒေါ်ခင်မာမြင့်အဆင်မပြေတော့လည်း မငြိမ်းဝေမှာ စိတ်မကောင်းဖြစ်ရလေသည်။ ယခုဆိုလျှင် မငြိမ်းဝေတို့ဆီမှ ဒေါ်ခင်မာမြင့် တတိတိနှင့် ချေးယူထားသောငွေမှာလည်း မနည်းလှပါတော့ချေ။


"စီးပွားရေးက ဘယ်အဆင်ပြေမလဲ အမေရယ်...ကြီးကြီးခင်တစ်ယောက်တည်းရှာတဲ့ ငွေကို ...

ယောကျ်ားနဲ့ သားက ထိုင်ဖြုန်းနေတာကို...အခုဆို သမီးက ဆိုင်မှာသိပ်မကူပေးနိုင်တော့ ဆိုင်မှာလည်း ဖြစ်ချင်တိုင်း ဖြစ်နေတယ်...သမီးဆယ်တန်းဖြေပြီးတာနဲ့ ကြီးကြီးခင်ကို အရင်လို စျေးကူရောင်းပေးမှာပါ...ပြီးရင်...သမီးကိုယ်တိုင် ကိုယ်ပိုင်ဆိုင်လည်း ဖွင့်မှာ..."


  အားမာန်အပြည့်နှင့် ပြောနေသော ငြိမ်းကိုကြည့်ပြီး မငြိမ်းဝေကျေနပ်စွာပြုံးမိလေသည်။ မငြိမ်းဝေ ဘ၀တစ်လျှောက်၌ မိဘကံ |ဆွေမျိုးသားချင်းကံနည်းလှသော်လည်း သားသမီးကံကောင်းသည့်အတွက် မငြိမ်းဝေကြည်နူးကျေနပ်မိလေသည်။ယခုဆိုလျှင် ငြိမ်းသည် ဆယ်တန်းကျောင်းသူကြီး ဖြစ်နေပြီ ဖြစ်သောကြောင့် မငြိမ်းဝေအတွက် လွန်စွာအားကို နေရပြီဖြစ်သည်။


*********************


" ငြိမ်းဝေရယ် ... ပြောရမှာတော့ အားနားတယ်ဟယ်... သမီးလေး ငြိမ်းကလည်း ကျောင်းတက်နေတော့ ဘယ်လို တောင် ပြောရမလဲ မသိပါဘူး ငြိမ်းဝေ ရယ်..."


"..ဘာ...ဘာဖြစ်လို့ များလဲ မမခင်ရယ် ... မထိတ်သာ မလန့်သာနဲ့...."


    မငြိမ်းဝေ မှာ မျက်နှာညှိုးညှိုးနှင့့်ရောက်လာပြီး ပြောလိုက်သော ဒေါ်ခင်မာမြင့်၏ စကားကြောင့် ချုပ်လက်စ စက်ကို ရပ်ပြီး ထိတ်ထိတ်လန့်လန့်နှင့် မေးလိုက်မိသည်။


"အစ်မတို့ အိမ်ရောင်းရတော့မယ် ငြိမ်းဝေရဲ့...အိမ်က အမူးသမား ကိုဆေးကုဖို့ ချေးငှားထားတဲ့ငွေတွေရယ်...သားကြီးအတွက် ချေးငှားပေးထားတဲ့ ငွေတွေ ရော အကြွေး ကပတ်လည် ဝိုင်းနေပြီလေ...ဒီကြားထဲ သားတော်မောင်က အမွေတောင်းနေတယ်လေ... နေစရာမရှိသူ့ အိမ်လာနေတဲ့ ဒီအိမ်ကို ရောင်းလိုက်တဲ့လေ... အဲ့ဒါ ငြိမ်းဝေ တို့သားအမိ ကြိုကြိုတင်တင် အိမ်ရှာထားရအောင် မမခင်က ပြောတာ....အိမ်က ရောင်းမယ်ဆို ဝယ်မယ်သူကအဆင်သင့်ပဲ......"


"ရှင်....ဒါ...ဒါဆို....ကျွန်မတို့သားအမိကချက်ချင်းပြောင်းရမှာပေါ့...ဟို...သမီးလေးဆယ်တန်းပြီးတဲ့အထိ တောင်နေလို့မရတော့ဘူးပေါ့..."


"အေးဟယ်...ငြိမ်းဝေရယ်...မမခင် တကယ်စိတ်မကောင်းပါဘူးအေ...."


@@@@@@@@@@@@@


 အပိုင်း(၈)ဆက်ရန်


ဧကြည်ဖြူ


rate now: