book

Index 6

အပိုင်း ( ၆ )

ဧကြည်ဖြူ


   "  ချူ "


- - - - - - - - - - - - - - - - 


        မငြိမ်းဝေသည် ခေါင်းပေါ်မှဆွဲခြင်းကို ဘုတ်ခနဲ ပစ်ချလိုက်ပြီး ငြိမ်းကို အထိတ်တလန်မေးလိုက်မိ၏။သည်နေ့ မငြိမ်းဝေက သီရိမင်္ဂလာဈေးမှာငါးခြောက်များ သွားဝယ်နေသောကြောင့် အိမ်မှာ တစ်နေကုန်မရှိ။ယခုမှပြန်ရောက်ခြင်းပင်ဖြစ်ပါလေသည်။


 " သမီး.... ဘာဖြစ်တာလဲ...ဘာလို့ငိုနေတာလဲ ... ကျောင်းမှာဘာဖြစ်ခဲ့လို့လဲ "


"ဟင်...အ...အမေ ပြန်လာပြီးလား...အပြင်ကနေ သမီးကို လှမ်းအော်လိုက်တာ မဟုတ်ဘူး..."


   ငြိမ်းသည် မိခင်ဖြစ်သူ၏ အသံကိုကြားလိုက်ရသောကြာင့် ပါးပြင်ပေါ် မှ မျက်ရည်များကို လက်ခုံနှင့် ပွတ်သုတ် လိုက်ပြီး မိခင်ကို ခရီးဦးကြိုပြုလိုက်သည် ။


"သမီးဘာဖြစ်တာလဲ  ပြောဦး... အမေရင် တွေပူလိုက်တာ....."


"အဟင့်...အီး.....ဟီး...ဟီး...ဟီး "


    မငြိမ်းဝေ မေးလိုက်မှ ငြိမ်းသည် ဝမ်းနည်းပက်လက်နှင့် ထပ်မံ ငိုချလိုက်ပြန်လေ၏။ မငြိမ်းဝေမှာ ငြိမ်းကိုကြည့်ပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားရလေသည်။


"ဘာ...ဘာဖြစ်တာလဲသမီးရယ်...မြန်မြန်ပြောစမ်းပါ အမေ့ကို "


"ကြီးကြီးကလေ... သမီးကို သူခိုးတဲ့ ...သမီးသူငယ်ချင်းတွေရှေ့မှာ ပြောတာ"


"ဘာ...ဘယ်လို ..."


   ငြိမ်း၏စကားကြောင့် မငြိမ်းဝေ အစ်ကိုဖြစ်သူ အိမ်ကို ကြည့်လိုက်မိ၏။ ကိုကျော်ဦးတို့ တစ်အိမ်လုံးတိတ်ဆိတ်နေသည်။ မငြိမ်းဝေတို့ အခန်းနှင့်ဆက်ထားသော ပြတင်းပေါက်ကိုလည်း ပိတ်ထားလေ၏။


"သမီး သူငယ်ချင်းတွေက ...သမီးဆီ စာလာမေးတာကို နားငြီးလို့ဆိုပြီးမောင်းထုတ်တယ်...ပြီးတော့ မုန့်ထုတ်နဲ့ ကောဖိမစ်ထုတ်တွေ ပျောက်လို့တဲ့...သမီးခိုးတာတဲ့ ...အီး...ဟီး..ဟီး...သမီးမခိုးစားပါဘူးအမေ...သူတို့က ဘာလို့ သမီးကိုပဲသူခိုး စွပ်စွဲနေကြတာလဲ..."


     ပြောရင်းငိုနေသော ငြိမံးကို ကြည့်ပြီး မငြိမ်းဝေ ရင်ထဲ တဆစ်ဆစ်နာကျင်မိလေ၏။ မငြိမ်းဝေတို့စရောက်သည့်နေ့ကတည်းက ယောင်းမဖြစ်သူ မအေးခိုင်က  မကြည်တာလည်းသိပါသည်။မငြိမ်းဝေတို့သားအမိကို မခေါ်မပြောတာလည်း သိသည်။ စောင်းလားမြောင်းလား ပြောနေ့တာလည်းသိသည်။ယုတ်စွအဆုံး မီးကိုညနက်ထိဖွင့်ထားမိလျှင်ပင် ဆူအောင့်ပြီး ပြတင်းတံခါးကိုလာဆောင့် ပိတ်တာလည်းသိပါသည်။ သို့သော်လည်း မငြိမ်းဝေ မာန်ကိုချိုးထားရ၏။ ယခုအချိန်န် မငြိမ်းဝေတို့သားအမိသည် သူတို့အိမ်၌ကပ်နေရသည် မဟုတ်ပါလား။ပြီးလျှင် ယခုခြံသည် မိဘတွေရှိစဉ်ကတည်းက အပေါင်ဆုံးလုနီးနီးဖြစ်ခဲ့သည်ကိုလည်း မငြိမ်းဝေသိပါသည်။ ထို့အတွက် ခြံ ကိစ္စနဲ့ပတ်သက်ပြီး စောဒကလည်း မတက်ခဲ့။သည်အိမ်၌ မငြိမ်းဝေတို့သားအမိလာနေရခြင်းသည် ခြံကိစ္စကြောင့် မဟုတ်ဘဲ နေစရာမရှိ၍ခဏ တဖြုတ် သာနေမည့်အကြောင်းကိုလည်း မကြာခဏရှင်းပြခဲ့ပါလျက်နှင့်ယောင်းမဖြစ်သူသည် အမြင်မကြည်နိုင် ဖြစ်နေမှန်းလည်းသိပါလေ၏။မငြိမ်းဝေအံကိုတင်းတင်းကြိတ်ထားမိ လေ၏။ မငြိမ်းဝေ တို့ သားအမိအဖြစ်က "ကျားကြောက်လို့ရှင်ကြီးကိုးရှင်ကြီးက ကျားထက်ဆိုး"ဆိုသော ဘ၀မျိုးဖြစ်နေလေ၏။


"သူတို့တွေ ဘယ်သွားကြလဲ သမီး...အသံမကြားဘူး..."


"တိုးတိုးနဲ့မိုးမိုးကကျူရှင်သွားတယ်..ဘဘက လမ်းထိပ် ဆိုင်မှာ ...ကြီးကြီးကတော့ မြေကွက် အ၀ယ်လာလို့ လိုက်ပြတယ်..."


    ငြိမ်းသည် မျက်ရည်စအကျန်များကို လက်နှင့် ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်ပြီး မိခင်ကို ပြန်ဖြေလိုက်သည်။


"ခဏလေးပဲ သည်းခံပါသမီးရယ် ... ဒီနှစ်ကျောင်းပိတ်ရက်နွေရာသီလောက်ဆို အမေတို့ ကိုယ့်အိမ်နဲ့ ကိုယ်နေနိုင်တော့မှာပါ..."


"တ.တကယ်လား အမေ...တကယ်နော်ပျော်လိုက်တာ...ဒီနှစ်ကျောင်းပိတ်ရင်တော့ ကိုယ့်အိမ်နဲ့ ကိုယ်နေရမှာပေါ့နော်...."


" တကယ်ပေါ့ သမီးရယ် အမေကြိုးစားနေတယ်...သမီးလေးခဏပဲ စောင့်ပါနော်..."


"အဲ့ဒါဆို သမီးလည်း အစားလျှော့စားမယ် အမေ...ကျောင်းသွားရင် မုန့်ဖိုးလည်းမယူတော့ဘူး "


   ငြိမ်း၏ စကားကြောင့် မငြိမ်းဝေ သည် မျက်ရည်ဝဲမိပြန်လေ၏။ငြိမ်းသည် မိခင်အပေါ်သိတတ်လွန်းလှသလို ဘ၀ကို အရွယ်နှင့် မလိုက်အောင် နေတတ်စားတတ်သူလည်းဖြစ်၏။


"မဟုတ်တာ သမီးရယ် ...အစား လျှော့စားစရာ မလိုပါဘူး..တော်ကြာ အစား လျှော့စားလို့ကျန်းမာရေးမကောင်းရင် အမေတို့ စိတ်ကူးထားသလို ဘယ်ဖြစ်နိုင်တော့မလဲ..အဓိကက လိုအပ်တာကိုစားရသုံးရမယ် ....အပိုမသုံးရဘူး...ပြီးတော့သမီးလုပ်ရမှာက ပညာကို တစ်နှစ်တစ်တန်းမှန်မှန်အောင်ဖို့ပဲကြိုးစား..."

  

     မိခင်ဖြစ်သူ၏ စကားကြောင့် ငြိမ်းကျေနပ်ပျော်ရွှင်သွားမိပြီး လက်ရှိခံစားနေရသော သောကများကိုပါမေ့ပျောက်သွားမိလေသည်။


"အမေရေချိုးတော့လေ ...သမီး ထမင်းခူးထားလိုက်မယ် "


    မငြိမ်းဝေက ငြိမ်းကိုခေါင်းငြိမ့်ပြလိုက်ပြီး ရေချိုးဖို့ပြင်လိုက်သည်။ငြိမ်းက လက်ထဲမှ စာအုပ်ကိုချပြီး  ရေလဲထဘီ ဟောင်းလေးကို ယူပေးလေ၏။ငြိမ်း၏အပြုအမူကြောင့် မငြိမ်းဝေ ရင်ထဲကျေနပ်ပီတိဖြစ်ရလေ၏။


******************* 


"ရပါတယ် သမီးရဲ့ ...အမေ့ဘာသာဆွဲပါ့မယ်....တော်ကြာ ကျောင်း အင်္ကျီတွေ ပေကုန် မယ် "


    မငြိမ်းဝေပြောရင်း ငြိမ်းလက်ထဲမှ စျေးဆွဲခြင်းကို ပြန်ယူလိုက်၏။သို့သော် ငြိမ်းက မလွတ်ပေး ပြန်ဆွဲထား လေ၏။


"ရပါတယ်အမေ...အမေ့ခေါင်းပေါ်မှာလည်း ရွက်ထားရသေးတဲ့ဟာ ...ဒီလောက်တော့သမီးနိုင်ပါတယ်.."


   ဒါက မနက်တိုင်း မငြိမ်းဝေနှင့် ငြိမ်းတို့၏ ကျောင်းသွားခါနီးနှင့် ဈေးသွားခါနီး အခြေအနေဖြစ်၏။ မငြိမ်းဝေ စျေးရောင်းသွားချိန်နှင့် ငြိမ်းကျောင်းသွားချိန် တူနေသောကြောင့် ငြိမ်းက ကျောင်းသွားရင်းမိခင်ဖြစ်သူကို ဈေးခြင်းကူဆွဲနေကြဖြစ်လေသည်။မငြိမ်းဝေ သည် ငြိမ်းကို အလျော့ပေးလိုက်ပြီး ဆွဲခြင်းကို လွတ်ပေးလိုက်ရင်း သမီးဖြစ်သူကို ခြေဆုံးခေါင်းဆုံးသေချာကြည့်လိုက်မိလေ၏။ သမီးလေးငြိမ်းသည် တောမြို့လေးမှာမွေးသူ ဖြစ်သော်လည်း အသားအရည်ကဖြူဖြူ၀င်းဝင်း။မျက်ခုံးလေးကထူ ထူထဲထဲ ။မျက်နာ ဝိုင်းလေးနှင့် ရုပ်ရည်သန့် ပြန့်လေ၏။ကိုယ့်သမီး မိုပြောသည်မဟုတ် ငြိမ်းသည် အဝတ်အစား အစုတ်ဝတ်ထားသည့်တိုင် အရွယ်နှင့်မလိုက်အောင် ကြည့်ကောင်းလှသူဖြစ်လေသည်။


"ဟင် သမီး...ဖိနပ်က အတော်ဟောင်းနေပြီပဲ "


 မငြိမ်းဝေသည် ငြိမ်းစီးထားသော ကော်ဖိနပ် အမြီးပါးလေးကို ကြည့်ပြီး အသံထွက်အောင်ပင် ရေရွတ်လိုက်မိလေသည်။


"တောင်းပေမဲ့စီးလို့ရပါတယ် အမေရဲ့ ... မပြတ်နိုင်သေးပါဘူး...."


"မတော်လမ်းသွားရင်း ပြတ်သွားရင် ဘယ်လိုလုပ်မလဲ သမီးရယ်... "


"ပြတ်သွားလည်း ဘာဖြစ်လဲ အမေရာ ...ရှက်စရာမှမဟုတ်တာ...အဓိကက ကျောင်းသားက ကျောင်းစာရနေဖို့ သာ အဓိကပါ...သမီးတို့ ကိုယ့် အိမ်နဲ့ ကိုယ်နေရပြီး ငွေတွေအများကြီးရမှ အမေလိုချင်တာတွေရော...သမီးလိုချင်တာတွေပါ အများကြီး ဝယ်ကြမယ်လေ..."

      

     ငြိမ်းက ပြောရင်း ပခုံးပေါ်မှလျောခနဲကျလာသော လွယ်အိတ်ကိုင်ကို ပြန်ဆွဲတင်လိုက်သည် ။ သည်လွယ်အိတ်လေးသည်လည်း မနှစ်ကတည်းက ဝယ်ထားသော လွယ်အိတ် ဖြစ်သည်။အသစ်ဝယ်လျှင် ငွေကုန်မည်စိုးသောကြောင့်  ငြိမ်းကိုယ်တိုင်က မဝယ်ခိုင်းခြင်းဖြစ်သည်။ငြိမ်းကျောင်းတက်နေခြင်းသည် ပညာလိုချင်၍သာ ဖြစ်သည်။ကျန်သော ကြွားဝါတာမျိုးတွေ ၊အပြိုင်အဆိုင်မျိုးတွေကို ငြိမ်း မနှစ်သက်ပါ။


"ငြိမ်းသမီးလေး ... ဘာတွေတွေးနေတာလဲ .... စျေးရောက်ပြီလေ ... ပေး... ပေး...စျေးခြင်း အမေကို ပေး....ကျောင်း နောက်ကျနေမယ် မြန်မြန်သွားတော့...."


***********************

      အချိန်က နေ့လယ် တစ်နာရီကျော်ခန့် ။ မငြိမ်းဝေက စက်ချုပ်နေသည်။ငြိမ်းက နှုတ်မှ စာကိုတတွတ်တွတ် ရွတ်ဖတ်ရင်း သားအမိနှစ်ယောက်နေသော အခန်းကျဉ်းလေးကိုသန့်ရှင်းရေး လုပ်နေသည်။

    ငြိမ်သည် အဝတ်လျှော်ပြီး ကျန်သောရေနှင့် ကြမ်းတိုက်ဝတ်ကို ဆက်လျှော်လိုက်ပြီးလျှင် ရေစင်အောင် ညှစ်လိုက်ပြီး ဝါးကြမ်းခင်းလေးတွေကို ပြောင်နေအောင် ပွတ်တိုက်လိုက်သည်။ဝါးကြမ်းခင်းလေးများသည် နေ့စဉ် ပွတ်တိုက်နေသောကြောင့် သန့်ရှင်းပြီးအေးမြနေသည်။သည်အလုပ်များသည် အမေလုပ်တာတွေကို ကြည့်ပြီး ငြိမ်းကလိုက်လုပ်ခြင်းဖြစ်သည်။ဘာပဲဖြစ်ဖြစ်ငြိမ်းဝိုင်း ကူလုပ်ပေးသောကြောင့် အမေလည်း သက်သာသလို့ ငြိမ်းတို့ အခန်းလေးသည် လည်းကျဉ်း ပင်ကျဉ်းသော်ငြား နေချင်စရာလေးဖြစ်သည်ဟု လူအများကချီးမွမ်းကြသည်။လူများ၏ ချီးမွမ်းခြင်းကို လိုချင်၍တော့ ငြိမ်းလုပ်နေခြင်းမဟုတ်ပါလေ။ငြိမ်းအသက်အရွယ်နှင့်ငြိမ်းလုပ်နိုင်သော ငြိမ်းတာဝန်ယူနိုင်သော အလုပ်များကိုလုပ်နေခြင်းပင် ။


"ဟဲ့...ဘယ်သူက အိမ်သာထဲကို ဖိနပ်စီးတက်ထားတာလဲ....ဒါ တောမဟုတ်ဘူး...အိမ်သာထဲ၀င်မယ်ဆိုရင်အိမ်သာထဲကဖိနပ်ကိုစီးကြလေ ...လူလိုနားမလည်ကြဘူးလား...ကြည့်ပါဦး အိမ်သာထဲလည်း ညစ်ပတ်နေတာပဲ....ဘာလဲ ငါကိုယ်တိုင် အိမ်သာဆေးရမှာလား..."


    ကျယ်လောင်စွာအော်ဟစ်လိုက်သော မအေးခိုင်၏အသံကြောင့်မငြိမ်းဝေနင့် ငြိမ်းတို့တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။


"သမီး...အိမ်သာ မဆေးရသေးဘူးလား ..."


    မငြိမ်းဝေက ငြိမ်းကို ခပ်တိုးတိုးမေးလိုက်သည်။ငြိမ်းက ခေါင်းကို အသာခါပြလိုက်ရင်း ပြန်ဖြေလိုက်သည်။


"ဟင့်အင်း မဆေးရသေးဘူးအမေ...ရေချိုးခါနီးမှဆေးမလို့ ...."


       ငြိမ်းက ပြန်ဖြေရင်း မိခင်ဖြစ် သူ့ကိုမျက်နှာငယ်လေးနှင့်မော့ကြည့်လိုက်မိသည်။ငြိမ်း၏ နေ့စဉ်တာဝန်များထဲတွင် အိမ်သာဆေးကြောရသောအလုပ်လည်းပါသည် ။


  အမှန်တကယ်ဆိုလျှင် ငြိမ်းတို့သားအမိ စရောက် စက အိမ်သာ ရေပုံးမှအစ ညစ်ပတ်၏။ ဒါကို မရွံမရှာနှင့် ငြိမ်းတို့သားအမိက ပြောင်စင်သန့်ရှင်းအောင် တိုက်ချွတ်ခဲ့သည်။သည်ကြားထဲ ငြိမ်းတို့သားအမိက အိမ်သာ ပင်မကဘဲ မအေးခိုင်တို့အိမ်ကို အကြီးမလေးမိုးမိုးရှိချိန်တွင်ဝိုင်းကူရှင်းရှင်းပေးခဲ့သည်။သို့ပေမယ့် မအေးခိုင်သည် မငြိမ်းဝေတို့ သားအမိလုပ်သမျှကို နှစ်သက်ပုံမရသောကြောင့် နောက်ပိုင်း၌ မသိသလိုနေခဲ့ကြခြင်းဖြစ်လေသည်။ပြောရမည်ဆိုလျှင် မိုးမိုးနှင့်တိုးတိုးသည် ငယ်စဉ်ကတည်းကအလိုလိုက်ခြင်းခံထားရသောကြောင့် မလုပ်တတ်မကိုင်တတ်နှင့် အပျော်အပါးမက်ကြသော်လည်း အတွင်း စိတ်ပုတ်ယုတ်သော ကလေးများတော့ မဟုတ်ချေ။မိုးမိုးသည် သူ့ထက်တစ်နှစ်ကျော်ငယ်သော ငြိမ်းနှင့်အတူ ဆော့ချင်သည်။စာဖတ်ချင်သည်။မုန့်အတူစားချင်သည်။သို့သော်လည်း မိခင်ကို ကြောက်ရ သောကြောင့် ငြိမ်းတို့အခန်းဘက်သို့ကူးမလာရဲသလို ငြိမ်းကိုလည်း သူတို့အိမ်ပေါ်သို့ မခေါ်ရဲပါချေ။အထူးသဖြင့် မိခင်က မကြာ ခဏဆိုသလို ဟိုပစ္စည်းပျောက်၊သည်ပစ္စည်းပျောက်သည်ဟု ဆူတတ်ကြိမ်းတတ်သောကြောင့် ငြိမ်းနှင့် မိုးမိုး၊ တိုးတိုးတို့မှာ ထရံတစ်ချပ်သာ ခြားသော်လည်း ကမ္ဘာကြီးခြားထားသကဲ့သို့ မတွေ့မမြင် မခေါ်မပြောသောနေ့တွေ များလေ၏။ယခုပင် မအေးခိုင် သည် အဖြစ်မရှိအဖြစ်ရှာကာ ရွှဲစောင်းပြောနေချေပြီ။ အမှန်တကယ်တော့ အိမ်သာပေါ်ကို ဖိနပ်နှင့်တက်သူလည်းမရှိ။ မအေးခိုင်က အဖြစ်မရှိ အဖြစ်ရှာခြင်းသာဖြစ်သည်။မအေးခိုင်သည် မငြိမ်းဝေ တို့သားအမိကို ခြံထဲမှ အပြန်ပြောင်းရွှေ့သွားစေချင်လေ၏။ထို့ကြောင့် အမျိုးမျိုးစောင်းမြောင်း ပြောဆိုလေ့ရှိသည်။အညှော်တွေ လုပ်လို့ | ညနက် အထိမီးဖွင့်ထားလို့၊ စက်ချုပ်သံဆူလို့ စသဖြင့်စုံလှပေသည်။ယုတ်စွအဆုံးမအေးခိုင်သည် မငြိမ်းတို့ဆောက်နေသော စည်ပင် မြောင်းလမ်းပေါ်တွင် မငြိမ်းဝေတို့သစ်ပင်စိုက်သည်ကိုပါ မကြိုက်သောသူမျိုး ဖြစ်သည်။သည်ကြားထဲ သူ့အိမ်ပေါ်မှ ကော်ဖီထုတ် မုန့်ထုတ် နှင့်မီးဖိုချောင်သုံး ဟင်းချက်စရာများပျောက်သည်ဟုဆိုပြီး မကြာခဏစောင်းမြောင်းပြောဆိုတတ်ပြန်သည်။ မငြိမ်းဝေ၏အစ်ကိုကိုကျော်ဦးသည် မအေးခိုင် ပြောသမျှကို မသိချင်ယောင်ဆောင်နေသည်။ ညီမဖြစ်သူ တူမဖြစ်သူနှင့် တစ်ခြံ တည်းနေသော်လည်း ခေါ်ပြောနှုတ်ဆက်ခြင်းမရှိပေ။မနက်လင်းလျှင် သားနှင့် သမီးဖြစ်သူကို လိုလေသေ့မရှိအောင် ဝယ်ခြမ်းကျွေးတတ်သော်လည်း အိမ်ဘေး အဖီလေးထဲတွင်ရှိသော တူမလေးကို သတိပင်မရ။ကိုကျော်ဦး နှင့် မအေးခိုင်တို့သည် အပေါ်ယံကြည့်လျှင် အိမ်လေး ကျဉ်းကျဉ်းကုပ်ကုပ်နှင့်စီးပွားရေးမပြေလည်သူများကဲ့သို့ နေသော်လည်း အမှန်တကယ်၌မူ လမ်းမတန်းတွင်ရှိသော ကိုယ်ပိုင် အထည်ဆိုင်နှင့် အိမ်ခြံမြေရောင်းဝယ်ငှား ပွဲစားအလုပ်ဖြင့် လင်မယားနှစ်ယောက်လုံး ဝင်ငွေကောင်းသူများ ဖြစ်လေသည်။


"လူတွေက အလိုက်ကန်းဆိုးကိုမသိကြဘူး...ဟဲ့ မိုးမိုးနင်လည်းအိမ်သားလေးဘာလေးဆေး ဦး..ဟိုကောင်တိုးတိုးရော ပြောမှ သိတာ... ပြောမှလုပ်တာက လူတွေမဟုတ်ဘူးသိရဲ့လား..."


   မအေးခိုင်သည် အော်ကြီးဟစ်ကျယ်နှင့်စောင်းမြောင်း ပြောဆိုနေဆဲ။ မငြိမ်းဝေက နှုတ်ခမ်းကို ဖိကိုက်ပြီး စက်ကိုချုပ်နေမိ၏။ငြိမ်းကမူ အံကလေးကိုကြိတ်ပြီး စာကို စိတ်ထဲမှ ကျက်မှတ်နေသည်။ဒါသည် နေ့စဉ်လိုလိုပင် မငြိမ်းဝေနှင့် ငြိမ်းတို့ကြုံနေရသော ဘဝဖြစ်.လေသည်။


**************************


မငြိမ်းဝေမှာ အစ်ကိုဖြစ်သူ ကို ကျော်ဦး၏ စကားကြောင့် မတ်တတ်မှပင် ဖင်ထိုင်လျက် လဲကျသွားရလေသည်။


"ဟို...ဟို .... အစ်ကိုရယ် ခုချက်ချင်းကြီးတော့ ကျွန်မတို့ သားအမိက ဘယ်ကိုပြောင်းနေရမှာလဲ ... အစ်ကိုတို့က ကြိုလည်း မပြောဘူး ..."


"ပြောပါတယ်ဟ..ဝါကျွတ်ပြီးကတည်းက ... ကလေးတွေကျောင်းကြီးပိတ်ရင် အိမ်ပြင်ဆောက်မယ်လို့ပြောထားပါတယ်...ငါတို့လည်း တစ်လလောက် အိမ်ငှားနေရမှာပဲ နင်လည်းအစ ကတည်းက လေးငါးလလောက်ပဲနေမယ် ပြောခဲ့တာ မဟုတ်လား...ရပ်ကွက်ထဲတစ်အိမ်အိမ်ငှားနေပေါ့ဟာ..."


   မငြိမ်းဝေသည် အပြောလွယ်လှသော အစ်ကိုဖြစ်သူ၏ မျက်နှာကို ငေးကြည့်နေမိ၏။ငြိမ်း ရှစ်တန်းမတက်မီ အိမ်ပြောင်းနိုင်ရန် မငြိမ်းဝေ စဉ်းစားထားပြီးသား ဖြစ်ပါလေသည်။ယခုလိုဖြုန်းစားကြီး နှစ်ရက်အတွင်းအိမ်ပြောင်းပေးရမဆိုတော့ ဘယ်အရပ်သို့ပြောင်းရပါမည်လဲ ။


"အမေ ....သမီးတို့အိမ်ပြောင်းရမှာလားဟင် ...ဘယ်ကိုပြောင်းကြမလဲ အမေ..."


    ခေါင်းငိုက်စိုက်ချပြီး အခန်းလေးထဲသို့ဝင်လာသော မိခင်ကို ငြိမ်းက မေးလိုက်သည်။


"ဟုတ်တယ် အမေတို့အိမ်ပြောင်းပေးရမယ်...ရှာရမှာပေါ့ သမီးရယ်...သဘက်ခါ အပြီး ရွှေ့ပေးရမှာဆိုတော့ အမေက အိမ်လိုက်ရှာလိုက်မယ်....သမီးက သိမ်းစရာရှိတာတွေကို သေချာ ထုတ်ပိုးထား"


 "သားအမိတွေ ဘာတွေ ပြောနေကြတာလဲ....."


   ပြောပြောဆိုဆိုနှင့်ဝင်လာသူမှာ အထည်ဟောင်းများနှင့် ဘေထုတ်ထည်များ ရောင်းသော ဒေါ်ခင်မာမြင့်ဖြစ်လေ၏။ ဒေါ်ခင်မာမြင့်သည် ရပ်ကွက် လမ်းမတန်းတွင်နေပြီး အထည်ဟောင်းဆိုင်ဖွင့်ထားသူဖြစ်လေသည်။ပြင်ထည်များကို မငြိမ်းဝေ ထံတွင် လာချုပ်ရင်းမှရင်းနှီးနေသူဖြစ်၏။ မငြိမ်းဝေက ဒေါ်ခင်မာမြင့်ကိုအကြောင်းစုံပြောပြလိုက်သောအခါ ဒေါ်ခင်မာမြင့်သည် သက်ပြင်းကို ချပြီးခေါင်းကို ခါယမ်းလိုက်သည်။ပြီးနောက် တစ်ချက်တွေခနဲ စဉ်းစားလိုက်ပြီး 


"ဒီလိုလုပ်အေ ... ငါ့ဘေးကအခန်းကျဉ်းလေးသိတယ် မဟုတ်လား .... တစ်လနှစ်ထောင်ပဲပေးအေ... တစ်ခုခုလည်းရောင်းပေါ့...အဆင်ပြေမှ အိမ်လေးဘာလေးရှာပြီး ပြောင်းကြပေါ့အေ..."


     ဒေါ်ခင်မာမြင့်၏စကားကြောင့် မငြိမ်းဝေ မှာ အံ့ဩပျော်ရွှင်သွားမိသလို ငြိမ်းသည်လည်း ပျော်ရွှင်သွားမိလေသည်။ဒေါ်ခင်မာခြင့်နေသော နေရာသည် ရပ်ကွက် လမ်းမတန်း ဖြစ်၍ အလွန်စည်ကား၏။(5 ငြိမ်းသည် ဒေါ်ခင်မာမြင့်ဆိုင်ကို မကြာခဏ ရောက်ဖူးသောကြောင့် အထည်ဟောင်း ရောင်းသော အလုပ်ကိုလည်းအလွန်သဘောကျမိလေသည်။


"ငြိမ်းလည်း ကျောင်းပိတ်ထားတာပဲ...ညည်းတို့သားအမိ စျေးပေါတဲ့အလှကုန်ပစ္စည်းလေးတွေရောင်းကြည့် ....ကလစ်တို့ ...ခေါင်းစည်းကြိုးတို့လေ... တိုလီထွာလီလေးတွေဆိုပြီး အထင်မသေးနဲ့ ငြိမ်းဝေရေ ... ထက်ဝက်မြတ်တာဟဲ့...မနက်တစ်ပိုင်းလည်းစျေး ထွက်ပေါ့..."


*************************


    တတိယအကြိမ်မြောက် ငြိမ်းတို့သားအမိ အိမ်ပြောင်းရပြန်လေပြီ။ သည်အခါလည်း ငြိမ်းတို့ အထုတ်အပိုးတွေကိုသိမ်းဆည်းပြီး ထွက်လာခဲ့သော်လည်း လိုက်ပို့မည့် သူမရှိနှုတ်ဆက်မည့်သူ မရှိပါချေ။သို့သော် သည်တစ်ခေါက်၌ ငြိမ်းသည် အထုတ်အပိုးများကိုကောင်းကောင်းသယ်ယူနိုင်နေပြီဖြစ်လေသည်။


"အစ်ကို....အစ်မအေးခိုင်....ငြိမ်းဝေ တို့သွားတော့မယ်နော်..."


    မငြိမ်းဝေက အထုတ်ကို ခေါင်းပေါ် ရွက်လိုက်ပြီး အစ်ကို ဖြစ်သူနှင့် ယောင်းမကို လှမ်းနှုတ်ဆက်လိုက်သည်။ပြီးလျှင့် ငြိမ်းကိုပါ နှုတ်ဆက်ခိုင်းလိုက်သည် ။ပြောင်းရမည့်နေရာက တစ်ရပ်ကွက်တည်းဆိုသောငြား နူတ်ဆက်ရမည့်တာဝန်မှာ မိမိတို့၏ တာဝန်ဖြစ်သည်ဟု မငြိမ်းဝေက ခံယူထားသည်။


"ဘဘ...ကြီးကြီး...သမီးတို့ သွားတော့မယ်..."


"အေး....အေး...."


   အိမ်ထဲမှ အသံသာကြားရသည်။ပြတင်းပေါက်သို့ပင် ထကြည့်ဖော်မရသော အစ်ကိုဖြစ် သူ့ကြောင့် မငြိမ်း ဝေမျက်ရည်ကျမိပြန်သည်။ငြိမ်းကတော့ ခေါင်းကို မော့လျက် သူ့စာအုပ်ထုတ်ကိုရွက်ပြီး လက်တစ်ဖက်မှ အတုတ်ကို ဆွဲလျက် ဒေါ်ခင်မာမြင့် ဆိုင်ရှိရာသို့ ထွက်ခဲ့လေသည်။


***************** *****


" အခန်းက ကျဉ်းတော့ ကျဉ်းတယ်....ဒါပေမဲ့ နေရမှာပါအေ...ကြည့် ကျက်ပြီး နေကြ...တစ်ခါတလေ ငါ့ယောက်ျားမူးရင်တော့ ပတ်ဝန်းကျင်ကို ဆဲတတ်ဆိုတတ်တယ်...ဒါပေမဲ့ လူကြောက်ပါအေ...မမူးရင် အသံတောင်ထွက်ရဲ့တဲ့သူ မဟုတ်ဘူး"


    ဒေါ်ခင်မာမြင့်စကားကြောင့် ငြိမ်းတို့သားအမိတစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်မိကြလေသည်။

   အခန်းသည် ဒေါ်ခင်မာမြင့်ပြောသကဲ့သို့ အမှန်တကယ်ပင်ကျဉ်းပါလေ၏။ဒေါ်ခင်မာမြင့်က သူ့အထည်ဟောင်း ရောင်းသော အခန်းနှင့် ငြိမ်းတို့သားအမိနေမည့်အခန်းကို အထပ်သားပြား မထူမပါးနှင့်ကာထားပေးလေ၏။အောက်တွင် မြေပြောင်ပြောင်ပေါ် သစ်သားပြားများ ခင်းပေးထားသည်။ခန်းစည်းမပါ ။ နောက်ဖေးမီးဖိုချောင် မရှိ။အနောက်ဘက်တွင် ဒေါ်ခင်မာမြင့်တို့မိသားစုနေသော အိမ်ရှိသည်။ငြိမ်းတို့သားအမိက အခန်းကျဉ်းလေးထဲမှာပင်ချက်ပြုတ်စားရပေမည်။ဒါက ပြသနာ /မဟုတ်။ကိုကျော်ဦးတို့အိမ်မှာလည်းငြိမ်းတို့သားအမိ သည်လိုအခန်း ကျဉ်းလေးနှင့် နေခဲ့ရသည်လေ။ပြဿနာမှာ .....


@@@@@@@@@@@@@@


 အပိုင်း ( ၇ ) ဆက်ရန်


ဧကြည်ဖြူ


rate now: