book

Index 5

အပိုင်း (၅)

" ချူ "

- - - - - - - - - - - ----


မငြိမ်းဝေ လက်ဆွဲအိတ်ကို ကောက်ယူလိုက်ပြီး ငြိမ်းကိုလက်ဆွဲခေါ်လိုက်သည်။ပြီးလျှင် မငြိမ်းဝေနှင့် ငြိမ်းတို့သည် ဒေါ်စန်းမြင့်တို့မိသားစုနေသော အိမ်ကြီးကို နောက်ဆုံးအကြိမ်အဖြစ်လှည့်ကြည့်လိုက်မိသည်။ညကတည်းက  ငြိမ်း၏ဘွားအေ ဖြစ်သူဒေါ်စန်းမြင့်နှင့် ငြိမ်းကြီးတော်မအေးဆင့်ကို ကန်တော့ပြီးပြီဖြစ်၍ သားအမိနှစ်ယောက် ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခဲ့ကြလေသည်။ရေနံချေး ၀နေသော ခြေတံရှည်သစ်သားအိမ်ကြီးသည် မငြိမ်းဝေတို့သားအမိကို မသိကျိုးကျွံပြုလျက် ကျန်ခဲ့လေသည်။ထိုနည်းတူ အိမ်ကြီး၏ နောက်ဖေးမီးဖိုချောင်မှ မှန်အိမီးမှိန်မှိန်သည်လည်း မငြိမ်းဝေ တို့သားအမိကို ဥပေက္ခာပြုလျက်ခပ်မှိန်မှိန်လင်းနေလေ၏။


    အာရုံဦး၏ လင်းကြက်တွန်သံများ အဆက်မပြတ်ထွက်ပေါ်နေသော်လည်း အပြင်လောက၌ အလင်းသည် မပီပြင် မသဲကွဲသေးပါချေ။မြို့သို့သွားမည့် ထော်လာဂျီကို ဘေးရွာမှာ သွားစီးရမည်ဖြစ်သောကြောင့် ထော်လာဂျီကို အမီသွားရန် မိုးမလင်းခင်ကပင်ခပ်စောစောထွက်ကြရလေသည်။


     မငြိမ်းဝေ သည် လက်ထဲမှ သုံးတောင့်ထိုးလက်နှိပ် မီးဖြင့် လမ်းမကို ထိုးလိုက်သည်။ဓါတ်မီး၏အလင်းရောင်အောက်တွင် သဲလမ်း ဖွေးဖွေးကို တွေ့ရ၏။ ခွေးဟောင်သံများစီခနဲထွက်လာသည်။ငြိမ်းကြောက်မည်စိုး၍ မငြိမ်းဝေက ငြိမ်းလက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ငြိမ်းသည်လည်း ခေသူမဟုတ်။မိခင်ကြောက်နေမည်စိုးသောကြောင့် မိခင်၏လက်ကို တင်းတင်းပြန်ဆုပ်ကိုင်လိုက်သည်။ ညသည် မှောင်မိုက်နေဆဲ။အာရုံဦး၏အလင်းနုနုသည် အမှောင်ကို ဖြိုခွင်းဖို့ရန် အားယူနေဆဲ ။ မငြိမ်းဝေတို့သားအမိနှစ်ယောက် ရွာချင်းဆက်လမ်းမအတိုင်း ဓါတ်မီးလေး ထိုးကာထိုး ကာဖြင့် လျှောက်ခဲ့ကြရင်း နိုးတစ်ဝက် အိပ်တစ်ဝက်ရွာကြီးကို ကျောခိုင်းခဲ့ကြလေသည်။


"သမီးတို့ ဘယ်ကိုသွားမှာလဲ အမေ"


     ငြိမ်းက မိခင်ဖြစ်သူကိုခပ်တိုးတိုးမေးလိုက်သည်။


" အမေ့သမီးလေးရေမထမ်းရ....နွားချေးမကျုံးရ....ကုက္ကိုသီး မကောက်ရ...ထင်းမရှာရတဲ့နေရာကို သွားကြမယ်...."


    မငြိမ်းဝေက ငြိမ်း၏အမေးကို အားမာန်အပြည့်နှင့် ဖြေလိုက်သည်။


"တကယ်လား အမေ....အဲ့နေရာမှာရော သမီးတို့အတွက် နေစရာအိမ်မရှိလို့....သမီးတို့က အိုးတွေ ခွက်တွေနဲ့ အဝတ်အစားတွေအကုန်သယ်မလာတာလား ဟင်...."


"ဪ...သမီးက အဲ့ဒါကို ပူနေတာလား.... မပူပါနဲ့ သမီးရယ်...အဲ့ဒီနေရာမှာ အိုးတွေခွက်တွေပြန်ဝယ်လို့ရတယ်... ဒီကသယ်တာထက်တောင် ဈေးပိုသက်သာတယ် သမီးရဲ့...ပြီးတော့ အဲ့ဒီမှာ အဝတ်အစားလှလှလေးတွေကိုစျေးပေါပေါနဲ့ရောင်းတဲ့ ဘေးထုတ်သည်တွေလည်းရှိလို့ အမေတို့ အပင်ပန်းခံပြီး ဘာမှသယ်သွားစရာ မလိုဘူးလေ..."


     ထိုစဉ်ကတော့ ငြိမ်းသည် ဈေးပေါသည် ဆိုသောစကားကိုသာ သေချာနားလည်ခဲ့သည်။ဘေထုပ်သည် ဆိုသော အသုံးအနူန်းကို သဘောပေါက်နားလည်ခြင်းမရှိခဲ့ပါလေ။ငြိမ်းသည် နောင်တစ်ချိန်၌ ဘေထုပ်သည်ဆိုသော ဝေါဟာရနှင့်ရင်းနှီးပတ်သက်ရလိမ့်ဟု လုံးဝမတွေးတောမိခဲ့ပါချေ။


"ဒါဆို သမီးတို့ နေဖို့ အိမ်ရှိတာပေါ့နော်....ဒါနဲ့ အဘွားတို့လိုလူမျိုးတွေနဲ့ အတူတူနေရမှာလား ဟင်...အရင်က အိမ်ကိုသတိရလိုက်တာအမေရယ်..."


     ငြိမ်းသည် မိခင်ကို မေးရင်းပြောရင်းမှ အရင်ကမိသားစုအတူနေခဲ့သည့်အိမ်လေးကို သတိရမိသွားသည်။အိမ်မှာ အဖေရယ် အမေရယ် ငြိမ်းရယ် သိပ်ကို ပျော်စရာကောင်ခဲ့သည် လေ။ပြီးလျှင်  တင်ထူးအောင်ကိုလည်း ငြိမ်းသတိရလိုက်မိပြန်သည်။တင်ထူးအောင်နှင့် ငြိမ်းသည် ငယ်စဉ်ကတည်းက အတူစား၊အတူသွား၊ အတူကြီးပျင်းခဲ့ကြသည်။တကယ်လို့များ တင်ထူးအောင်တို့အိမ်သို့ တင်ထူးအောင် ၏အဒေါ်ဖြစ်သူဒေါ်လေးနွဲ့ရောက်မလာခဲ့ရင် အခုချိန်အဖေနဲ့ ငြိမ်းတို့သားအမိနှစ်ယောက် အရင်လိုပဲပျော်ရွှင်နေကြမည်လားဟုငြိမ်း တွေးလိုက်မိသည်။ထိုသို့တွေးမိသောအခါ ငြိမ်းသည် ဒေါ်လေးနွဲ့ကိုမုန်းတီးမိ၏။ထို့နောက် တင်ထူးအောင်နှင့် သူ့မိသားစုများကိုပါ မုန်းတီးမိ လေသည်။စဉ်းစားတွေးတောရင်းမှ နောက်ဆုံး၌ငြိမ်းသည် ဖခင်ဖြစ်သူကိုပါ နားကျည်းမုန်းတီးမိလေး၏။


"ငြိမ်း သမီးလေး..ဘာတွေတွေးနေတာလဲ...."


   မငြိမ်းဝေသည် တိတ်ဆိတ်သွားသော သမီးဖြစ်သူ ငြိမ်းကိုခပ်တိုးတို့မေးရင်း မှ သက်ပြင်းကို မသိမသာချလိုက်သည်။သမီးလေး ငြိမ်းသည် အရွယ်နှင့်မလိုက်အောင် နေရေးထိုင်ရေးအတွက် ပူပင်သောကများနေသည်ကို သိရသောအခါ မငြိမ်းဝေရင်ထဲ တဆစ်ဆစ်နာကျင်လာရလေသည်။


****************************


    မငြိမ်းဝေတို့ သားအမိ ရထားပေါ်မှ ဆင်းလိုက်ပြီးလျှင် လူများ ၊ကားများဖြင့် ရှုပ်ထွေး စည်ကားနေသော မြင်ကွင်းကိုကြည့်ပြီး ငြိမ်းသည် ခေါင်လေး ချာချာလည်အောင် လိုက်ကြည်နေမိသကဲ့သို့ မငြိမ်းဝေ ကိုယ်၌လည်း လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလ အင်္ဂလိပ်ခုနှစ် (၁၉၉၄) ခုနှစ်နှင့် ယခုလက်ရှိ (2005) ခုနှစ်တို့၏ အပြောင်းလဲကြီးပြောင်းလဲနေသော ရန်ကုန်မြို့ကြီးကို မျက်စိသူငယ် နားသူငယ်နှင့် အံ့သြမင်သက်စွာကြည့်နေမိလေ၏။


"ကားတွေရော လူတွေရော....အိမ်တွေရော အများကြီးပဲနော် အမေ ... သမီးတို့အိမ်ကဘယ်မှာလဲဟင် ...."


"အမေတို့အိမ်ရောက်ဖို့ကား စီးရဦးမှာ သမီးရဲ့...အမေ့လက်ကို သေချာဆွဲထားနော်...မလွတ်စေနဲ့..ကြားလား သမီး..."


    မငြိမ်းဝေ ငြိမ်း၏ လက်ကိုဆဲ့ပြီးလျှင် တိုးကြောင်းလေးဘူတာထဲမှ ထွက်ခဲ့လိုက်သည်။ လမ်းကျဉ်းလေးအတိုင်း ထွက်လာခဲ့ပြီးနောက် ကားမှတ်တိုင်သို့ရောက်ရှိလေသည်။မှတ်တိုင်တွင် လူများရပ်လျက် ကားစောင့်နေကြသည်ကို တွေ့ရသလို ကွမ်းယာဆိုင်ကလေးကိုလည်း တွေ့ရ၏။ မငြိမ်းဝေသည် မြို့သူစစ်စစ်ဖြစ်ခဲ့သော်လည်း ယခုအခါ၌တောရည်တောသွေးဖုံးလွှမ်းနေပြီဖြစ်သော မြို့တစ်ပိုင်းတောတစ်ပိုင်းသူပီပီ တောင်သွားရမလိုလို မြောက်သွားရမလိုလိုနှင့် အူလည်လည် ဖြစ်နေမိ၏။ တိုးကြောင်းလေးဘူတာနှင့် မစိမ်းသက်လှသော်လည်း သွားရမည့်နေရာသို့ ဘာကားစီးသွားရမှန်းမသိပါလေ။


   ငြိမ်းသည်လည်း မိခင်၏ အူလည်လည်ဖြစ်နေသော အမူအယာကို စိုးရိမ်တကြီး ကြည်နေမိ၏။စိတ်ထဲမှလည်း ငြိမ်းတို့အတွက် သွားစရာအိမ်မရှိလေရော့သလားဟုတွေးနေမိလေ၏။


   မငြိမ်းဝေသည် သမီးလေးငြိမ်း၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်းမှ ကွမ်းယာဆိုင်နားသို့သွားကာ   မဝံ့မရဲ မေးလိုက်မိ၏။


" ဟို အစ်မရေ ... ကျွန်မလေ ... ဒဂုံတောင်( ....) ရပ်ကွက်ကို သွားချင်လို့ ပါ....ဘယ်ကားစီးရမလဲရှင် ..."


" ( ... ) ရပ်ကွက်ကိုသွားတဲ့ ကားက ဒီဘက်က မလာဘူး ညီမရဲ့...ဟော ဟိုမှာမီးပွိုင့်တွေ့လား ....အဲ့ဒီကနေ ဘယ်ကို ချိုးပြီး...ဟိုဘက်လမ်းကိုကူးပြီး ကြိုက်ရာ ကားကိုစီးရောက်တယ် "


   ကွမ်းယာဆိုင်မှ အစ်မကြီးက အသေအချာ လမ်းညွှန် ပြလေ၏။အမှန်တကယ်တော့ ရန်ကုန်သည် ယောက္ခမဖြစ်သူ ပြောနေသကဲ့သို့ လူလိမ်လူကောက်များသော၊ မာန်မာနထောင်လွှားသော | ပျင်းရိသူများနေထိုင်ရာ မြို့မဟုတ်ဘဲ စိမ်းစိမ်းကျက်ကျက် လူတာကာကို နွေးထွေးစွာကြိုဆိုတတ်သော မြို့ဟု၍ မငြိမ်းဝေ တို့မြို့သူများကို အတင်အမြင်သေးလှသော ယောက္ခမကြီးကို သိစေချင်မိ၏။ မငြိမ်းဝေ သည် ကားများလူးများကြားမှ လမ်းကူးလာရင်း ယောက္ခမဖြစ်သူကို မြင်ယောင်မိလိုက်သောကြောင့် ခေါင်းကို ယောင်ယမ်းခါယမ်းလိုက်မိလေ၏။ 


***********************


     ကိုကျော်ဦးနှင့်မအေးခိုင်တို့ ဇနီးမောင်နှံသည် မငြိမ်းဝေတို့ သားအမိကို ကြည့်ပြီး ပါးစပ်အဟောင်းသားဖြင့် အံ့သြနေကြလေ၏။


" ဘာပြောတယ် ငြိမ်းဝေ ...နင် အိမ်ထောင်နဲ့ ကွဲလာတယ်ပေါ့ ဟုတ်လား .... ဒီကလေးက နင့်သမီးလား .... ဒီခေတ်ဒီခါကြီးထဲ ကလေးတစ်ယောက်နဲ့ ရန်ကုန်မှာနေထိုင်စားသောက်ဖို့ဆိုတာ လွယ်တယ်များမှတ်နေလား ... ပြီးတော့ ဧည့်စာရင်းဆိုတာနေ့တိုင်းစစ်နေတာ နေရေးထိုင်ရေးကို လွယ်တယ်များ ထင်နေလား ..ခု ဘယ်မှာနေမယ် စိတ်ကူးထားလို့ပြန်လာခဲ့တာလဲ...ကလေးက မကြာခင် ကျောင်းတက်ရတော့မှာမဟုတ်လား....နင်နေခဲ့တဲ့မြို့မှာသာပြန်နေစမ်းပါဟာ... "


    ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်း ဆိုသလိုပင် အစ်ကိုဖြစ်သူ ကို ကျော်ဦး၏ စကားများသည် မငြိမ်းဝေ နှင့် ငြိမ်းတို့နားထဲ သံရည်ပူများလောင်းချသကဲ့သို့ ကျရောက်လာလသည်။ယောင်းမဖြစ်သူမအေးခိုင်ကမူ ဘာမျှ ဝင်မပြောသော်လည်း ငြိမ်းနှင့်အသက်အရွယ် မကွာလှသော သူတို့၏ ကလေးနှစ်ယောက်ကို အော်ကြီးဟစ်ကျယ်ဖြင့ပြောဆိုမာန်မဲနေလေ၏။


"ဟဲ့...နင်တို့တွေ ... ဒီမှာလူကြီးတွေ စကားပြောနေတယ်လေ... လူလိုနားမလည်ကြဘူးလားဟဲ့...ဆပ်ပြာခွက်လောက်ရှိတဲ့ အိမ်ကျဉ်းကျဉ်းလေးထဲမှာ ပြေးလွှားနေရသလားဟဲ့"


    ယောင်းမဖြစ်သူ၏ အပြုအမူကြောင့် မငြိမ်းဝေ ခပ်ယဲ့ယဲ့ပြုံးမိလေ၏။

   ငြိမ်းမှာမူ မိခင်ဖြစ်သူ၏နားသို့ မသိမသာ တိုးကပ်မိလေ၏။ ခရီးဝေးက လာကြသော သူတွေကို ရင်၀ကို ဆီးကန်ပုံခြင်း၌ ကိုကျော်ဦးတို့လင်မယားနှင့် ဒေါ်စန်းမြင့်တို့ မိသားစုသည် သူမသာကိုယ်မသာ ရှိကြလေသည်။


"နင်လည်း မြင်တဲ့အတိုင်းပဲ ငြိမ်းဝေ ...ငါတို့အိမ်ကလည်းခပ်ကျဉ်းကျဉ်း ... ပြီးတော့ ဒီခြံကလည်း အဖေနဲ့အမေ မကျဉ်းမာလို့ပေါင်နှံထားခဲ့ရတာကို သူနဲ့ယူပြီးမှ သူစျေးရောင်းရတဲ့ထဲက ငွေနဲ့မနည်း ပြန်ရွေးယူထားရတာလေ..."


   

    မငြိမ်းဝေဒုတိယအကြိမ်မြောက် မသိမသာ ပြုံးမိ၏။ပြီးလျှင် ငို့မဲ့မဲ့ မျက်နှာလေးနှင့်မော့ကြည့်နေသော သမီးဖြစ်သူ ငြိမ်း၏ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး အားမာန်ကိုတင်းလိုက်မိသည်။


"ကျွန်မ သိပါတယ်အစ်ကို ....ကျွန်မ ဒီကိုပြန်လာတယ်ဆိုတာ အစ်ကိုတို့အိမ်မှာနေဖို့ဆိုတာထက် သမီးလေး နောင်ရေးအတွက် ဆွေမျိုးတွေရဲ့အရိပ်မှာ ခိုလှုံချင်လို့ပြန်လာခဲ့တာပါ

....သိပ်မကြာပါဘူးအစ်ကို....သုံးလေးငါးလလောက်ပဲ အစ်ကို အိမ်ဘေးကပိုနေတဲ့မြေကွက်နဲ့စည်ပင် မြောင်းဖုံးပေါ်မှာ အဖီဆွဲနေခွင့်ပြုပါ...အစ်မအေးခိုင်ဆီမှာလည်း ခွင့်တောင်းပါရစေရှင်..."


     မငြိမ်းဝေ၏စကားဆုံးသောအခါ ကိုကျော်ဦးသည် ဇနီးဖြစ်သူ မအေးခိုင်ကို လှမ်းကြည့်လိုက်သည်။ကိုကျော်ဦးတို့နေသော မြေကွက်သည် ဆယ်ပေခြောက်ဆယ်ပေကျယ်သော ခြံတစ်ကွက်ဖြစ်ပြီး ထောင့်ကွက်ဖြစ်လေသည်။ထို့ကြောင့်အိမ်ဘေးတွင် မြေပိုသုံးပေခန့်မျှနှင့် စည်ပင် မြောင်းကျယ်ကြီးရှိလေ၏။အများစုမှာ စည်ပင် မြောင်းများပေါ်တွင် ဆိုင်များ၊ တဲများထိုးထားကြသောရပ်ကွက်ဖြစ်သောကြောင့် ကိုကျော်ဦးတို့အိမ်ဘေးတွင် အဖီဆွဲချ၍နေမည်ဆိုလျှင် ရ၏။ပြီးတော့ အိမ်ရှေ့မျက်နှာစာဘက်တွင် မဟုတ်ဘဲ မီးဖိုချောင် ဘေးမှကပ်၍ဆွဲလျှင် အဆင်ပြေလေ၏။

   မအေးခိုင်သည် ကိုကျော်ဦးကို ခပ်ဆတ်ဆတ်လေးပြန်ကြည်လိုက်ပြီးလျှင် အသံမာမာနှင့် ပြောလေ၏။


"ရှင်တို့သဘောပဲ...ရှင်တို့မောင်နှမတွေ အဆင်ပြေရင် ပြီးတာပဲ...ကျုပ်က ဘေးသူစိမ်းပဲဟာ ..."


********************


     မငြိမ်းဝေနှင့် ငြိမ်းတို့ ကိုကျော်ဦးတို့အိမ်ကျဉ်းလေးထဲတွင် တစ်ညတာ ကျပ်ကျပ်တည်း တည်း ခက်ခက်ခဲခဲ အိပ်စပ်ခဲ့ကြပြီး နံနက်လင်းသည်နှင့်  အစ်ကိုဖြစ်သူကို ငွေပေးပြီး ဝါးကြမ်းခင်း၊ထရံကာပြီး တာလပတ်မိုးသော အဖီကို နေ့ချင်းပြီး ဆောက်လိုက်ကြလေသည်။


"အိမ်က အတော် မှောင်သွားတာပဲ"


    မအေးခိုင်သည် မကျေမချမ်း ရေရွတ်လျက် ခြေကို ဆောင့်နင်း၍ အိမ်ရှေ့သို့ပြန်ထွက်သွားလေ၏။

    မငြိမ်းဝေသည် မအေးခိုင်၏ အသကိုကြားသော်လည်း မသိယောင်ပြု၍နေလိုက်၏။ မငြိမ်းဝေတို့၏ အခန်းသည် မအေးခိုင်တို့ ထမင်းစားခန်းပြတင်းပေါက်မှ အဖီဆွဲလိုက်ခြင်းဖြစ်သောကြောင့် မအေးခိုင်တို့နောက်ဖေးခန်းဘက်မှာ အနည်းငယ်မှောင်သွားလေသည်။မအေးခိုင်သည် မငြိမ်းဝေထက် ဆယ်နှစ်မျှကြီးသောကြောင့် မငြိမ်းဝေကို အားနားခြင်းမပြုဘဲ စောင်းမြောင်း ပြောဆိုလေ့ရှိ၏။ သို့ကြောင့်ပင် အကိုဖြစ်သူ အိမ်ထောင်ပြုသည်နှင့် မငြိမ်းဝေလည်း ကိုအောင်မင်းခေါ်ရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့ခြင်းဖြစ်ပါလေသည်။


**********************


    မငြိမ်းဝေ သည် ရန်ကုန်သို့ ရောက်ပြီး တစ်ပတ်အတွင်းမှာပင် မနက်ပိုင်း၌ ဈေးထဲတွင် ငါးခြောက်ရောင်းပြီး ဈေးသိမ်းပြီးအိမ်သို့ရောက်သည်နှင့် ဈေးချုပ် အထည်များယူ ချုပ်သည်။ မငြိမ်းဝေချုပ်သောစက်ကလေးမှာ ဈေးသက်သက်သာသာနှင့့်ရသော စက်အဟောင်းကို ဝယ်လိုက်ခြင်းဖြစ်သောကြောင့် စက်သံမှာ ဆူလှပေသည်။ထို့ကြောင့် မငြိမ်းဝေမှာ ညမှောင်လာသည်နှင့် စက်ချုပ်ခြင်းကို ရပ်နားရလေ၏။


"ငြိမ်း...ရုပ်ရှင်ကြည့်ချင်ရင် ဘဘတို့အိမ်ပေါ်မှာ သွားကြည့်လေသမီး..."


    မိခင်ဖြစ်သူကို ငြိမ်းခေါင်းခါပြလိုက်သည်။


"မကြည့်ချင်ပါဘူး အမေရယ်... ကြီးကြီးက ကြိုက်ပုံမရဘူး...မိုးမိုးနဲ့ တိုးတိုးကလည်း သမီးသွားရင် တံမြက်စည်းလှည်းခိုင်း ၊ အိမ်တိုက်ခိုင်းနဲ့ မသွားချင်ဘူ...သမီးတို့ ဘာသာ တိဗွီ ၀ယ်နိုင်မှ ကြည့်တော့မယ်...."


"သမီးလေးရယ်...ခဏ သည်းခံစောင့်ပါနော် အမေကြိုးစားပါမယ်...."


    မငြိမ်းဝေသည် ငြိမ်းမျက်နှာကို ကရုဏာသက်စွာ ကြည့်ရင်း ခပ်တိုးတိုးပြောလိုက်မိသည်။

    ငြိမ်းက ညနေစာအတွက် ချဉ်ပေါင်ရွက်များကို ခြွေရင်းမှ မိခင်ဖြစ်သူကို လှမ်းပြောလိုက်သည်။


"အမေ...သမီး ဘော်ကြယ် ထိုးချင်တယ်... ယူထိုးရမလား ဟင်...."


"ဘောကြယ် ထိုးမယ် ဟုတ်လား....သမီးထိုးတတ်လို့လား....ဖိနပ်တွေထိုးမှာလား....အိမ်တွင်း ဗောင်းတော်တွေမှာ ထိုးမှာလား...."


" ထိုးတတ်ပါတယ် အမေရဲ့...ဟိုဘက်အိမ်က မမပျိုကြီးဆီမှာ သင်ထားတယ်....ဖိနပ်ကတော့ ဈေးပိုရတာပေါ့အမေ...ဒါပေမဲ့ ဖိနပ်က လူသစ်ကို မပေးဘူး လက်ရာ မလှမှာစိုးလို့တဲ့...ဗောင်းတော်ကစျေးနည်းပေမဲ့ ယူထိုးလို့ရတယ်..."


 "ဖြစ်ပါ့မလား သမီးရယ်...မကြာခင် ကျောင်းလည်း ဖွင့်တော့မှာ...ပြီးတော့ အဲဒီအလုပ်တွေက အာရုံသိပ်စိုက်ရတာ သမီးရဲ့...."


"ရပါတယ် အမေရယ်... ကျောင်းဖွင့်ရင် သမီးမထိုးတော့ဘူးလေ နော် အမေ.... သမီးစက်ချုပ်ကူမယ်ဆိုတော့လည်း အမေက ခွင့်မပြုဘူး...."


     ငြိမ်းကမိခင်ဖြစ်သူကို မကျေမနပ်ပြောလိုက်မိသည်။


"အမေက သမီးကို ပညာပဲ ကြိုးစားစေချင်တာ...အလုပ်လုပ်မဲ့အစား အမေ၀ယ်ပေးထားတဲ့ စာအုပ်တွေပဲ ဖတ်ပါသမီးရယ်......"


"ဖတ်ပါတယ် အမေရဲ့ စာတွေလည်းဖတ်ပါတယ်....တစ်နေကုန်အား နေတာပဲ တစ်ခု နှစ်ကျပ် တောင်ရတာ တစ်ခုတစ်ခုကို ခဏလေးထိုးရတာ..."


**********************


 "အမေ ပြန်လာပြီ ... ပေး..ပေးဆွဲခြင်း သမီးကို ပေး "


    ငြိမ်းသည် စျေးရောင်းပြီး ပြန်လာသော မိခင်ဖြစ်သူလက်ထဲမှ ငါးခြောက်များထည့်ထားသော ဆွဲခြင်းကို လှမ်းယူလိုက်သည်။


"သမီး....တစ်မနက်လုံးထိုင်လုပ်နေတာလားကွယ်....ထမင်းဟင်းက ချက်ထားသေးတယ်ပေါ့...စာတွေရော ဖတ်ရဲ့လား သမီး....လကုန်ရင် ကျောင်းက တက်ရတော့မှာ .... ခုနှစ်တန်းကျောင်းသူဖြစ်တော့မှာနော်သမီး..."


"စာဖတ်ပါတယ်အမေရ..ခု မှ စထိုးတာ ပါ..."


    ငြိမံးကို ပြောမည့်သာ ပြောရသည် မငြိမ်းဝေ ကိုယ်တိုင်လည်း ညနေစက်ချုပ်နားလျှင် ခဏတစ်ဖြုတ်နားပြီး  ၀င်ထိုးမိတတ်သည်။တစ်ခုနှစ်ကျပ်နှင့် တစ်နေ့လျှင် နှစ်ရာလောက်ပြီးသည်။တစ်ခါတလေများဆို ဘေးမှ အဝိုင်းပြားလေးတွေထိုးပြီး အလယ်မှ ပန်းခက်လေး ထိုးရုံ သာဆိုလျှင် လွယ်ကူလွန်းသောကြောင့် တစ်နေ့သုံးရာလောက်မျှပြီးလေ၏။ဆန်တစ်ပြည်မှသုံးလေးရာ ။ ဘော်ကြယ် ထိုး၍ရသော ငွေနှင့် အိမ်စရိတ် ၊ မီးဖိုး ဖူလုံ လေ၏။မငြိမ်းဝေ ဈေးရောင်းရသော အမြတ်ငွေ ကိုခြစ်ခြစ်ကုပ်ကုပ် စုဆောင်းထားလိုက်သည်။မငြိမ်းဝေတို့ သားအမိသည် ထမင်းမှ လွှဲ၍ မုန့်ပဲသရေစာ တောင်မစားဘဲ ငွေကိုအရ စုဆောင်းကြသည်။ကိုယ်ပိုင်အိမ်ခြနှင့်နေရဖို့သည် မငြိမ်းဝေတို့ သားအမိ၏ မျှော်လင့်ချက်ဖြစ်လေ၏။


******************


"အဟင့်....ဟင့်...ဟီး...ဟီး...."


   အိမ်ထဲသို့ဝင်ခါနီးတွင် အခန်းကျဉ်းလေးထဲမှ သမီးဖြစ်သူ ငြိမ်း၏ ရှိုက်သံသဲ့သဲ့ကို ကြားလိုက်ရသောကြောင့် မငြိမ်းဝေ ခေါင်းပေါ်မှ ချေးခြင်းကို ကပျာကယာချလိုက်ပြီး ထိတ်ထိတ်ပျာပျာနှင့် အခန်းထဲသို့လှမ်းဝင်လိုက်မိလေ၏။


@@@@@@@@@@@@


အပိုင်း (၆) ဆက်ရန်


ဧကြည်ဖြူ


rate now: