ဧကြည်ဖြူ
"ချူ "
..........................
"မိငြိမ်း...ညည်း ထမင်းမစားရသေးဘူး မဟုတ်လား...အိမ်မှာလာစားလှည့် ...."
ငြိမ်းသည် ကြီးတော်ဖြစ်သူ၏စကားကြောင့် ခေါင်းကို ငြိမ့််ပြလိုက်ပြီးလျှင် အိမ်မကြီးဆီသို့ မသွားချင်သွားချင်နှင့်သွားလိုက်သည်။ အမေ့ကို အဘွားက ဘေးရွာသို့ အဖော်ခေါ်သွားသောကြောင့် ငြိမ်းမှာ မနက်စာကို ကြီးတော် အိမ်တွင် သွားစားရမည်ဖြစ်လေသည်။ ငြိမ်း၏အဘွားနှင့် ငြိမ်းကြီးတော်မှာ အတူနေအတူစားကြခြင်းဖြစ်လေ၏။ ငြိမ်းက အိမ်ရှေ့ လှေကားထစ်နားသို့ လျှောက်လာခဲ့ပြီးနောက် လှေကားထစ်များအတိုင်း မဝံ့မရဲတက်ခဲ့သည်။
"အို ...ဟဲ့ မိငြိမ်း....အိမ်တိုက်ထားပြီးပြီအေ့...နင့်ခြေထောက်ညစ်ညစ်ပတ်ပတ်နဲ့ အေ....သွား နောက်ဖေးပေါက်က တက်စား...."
"ဟုတ်.... ဟုတ်ကဲ့ပါ ကြီးကြီး.."
အိမ်ပေါ်မှလှမ်း အော်ပြောလိုက်သော ကြီးတော်ကြီး၏ အသံကြောင့် ငြိမ်းမှာ လှေကားထစ်များပေါ်သို့ တက်လက်စ ခြေလှမ်းများကို ပြန်ရုပ်ပြီး အိမ်နောက်ဖေးအပေါက်မှ တက်ခဲ့ရသည်။အိမ်သည် တောသဘာဝအတိုင်း ဆောက်လုပ်ထားသောကြောင့် အိမ်ရှေ့ထက်စာလျှင် အိမ်နောက်ဘက်သည် တသီးတသန့်အဆောင်ထုတ်ထားပြီး အိမ်ရှေ့အိမ်မကြီးထက် အနည်းငယ်မျှနိမ့်လေ၏။ငြိမ်းသည် ခြေကိုခပ်ဖွဖွနင်း၍တက်ခဲ့ပြီးလျှင် နှီးအုပ်ဆောင်းကို အသာဖွင့် ကြည့်လိုက်သည်။နှီးအုပ် ဆောင်းဖြင့် အုပ်ထားသော ထမင်းစားပွဲခုံပေါ်တွင် ငါးပိရည်တစ်ပန်းကန်နှင့် ဗူးသီးပြုတ်တစ်ပန်းကန်သာ ရှိလေသည်။ငြိမ်းက ထမင်းစားပွဲခုံဘေးတွင် စိတ်ပျက်စွာထိုင်ချပစ်လိုက်သည်။အိမ်မှာဆိုလျှင် အမေကငြိမ်းစားဖို့အတွက် ကြက်ဥကြော်မဟုတ်ရင်တောင် အနည်းဆုံးငါးခြောက်ဖုတ်လေးဖြစ်ဖြစ် လုပ်ပေးထားမြဲ။ ယခုလို ငါးပိရည်တစ်ခွက် တိုစရာပြုတ်နှင့် မကျွေးခဲ့ဖူးပါလေ။ ထမင်းကို တစ်လုတ်နှစ်လုတ်လောက်သာစားပြီး ငြိမ်းတော်ပစ်လိုက် သည်။စိတ်ထဲကမူ မကျေနပ်မနပ်ဖြစ်မိလေ၏။နံနံက်ဝေလီဝေလင်းအချိန်က ဘကြီးငွေသီး ဝက်သား တစ်တွဲ ဆွဲလာသည်ကို ငြိမ်းမြင်ခဲ့သည်လေ ။ပြီးလျှင် ကြီးတော်တို့ မီးဖိုချောင်မှာ ထုထောင်းချက်ပြုတ်နေသည်ကို ငြိမ်းနွားချေးကျုံး ရင်း အသေအချာမြင်ခဲ့ရသည်ဟာ ။ ကြီးတော်သည် စိတ်ပုတ်လွန်းလှသည်ဟု ငြိမ်းစိတ်ထဲမှ တွေးလိုက်မိသည်။
******************************
မွန်းလွဲ နှစ်နာရီခန့်တွင် မငြိမ်းဝေနှင့် ဒေါ်စန်းမြင့်တို့ ဘေးရွာများသို့အကြွေးသွားတောင်းရာမှ ပြန်ရောက်လာခဲ့ကြလေ၏။ဒေါ်စန်းမြင့်သည် ဝါးခမောက်လေးစောင်းပြီး သက်သောင့်သက်သာနှင့် ပြန်လာခဲ့ရခြင်းဖြစ်သော်လည်း မငြိမ်းဝေမှာမူ ခေါင်းပေါ်၌ အထုတ်ကြီးတစ်ထုတ် ကိုရွက်လာရလေ၏။ငြိမ်းသည် ထိုမြင်ကွင်းကိုကြည့်ပြီးလျှင် အဘွားကို အပြစ်ဖို့မိ၏။အပြန်၌ အထုတ်သယ်ရမည်ဆိုလျှင် လှည်းနှင့်သွားလို့ရလျက်နှင့် အမေ့ကို တမင်ခေါ်သွားမှန်း သိသောကြောင့် စိတ်ထဲမှ အဘွားကို မုန်းသွားမိ၏။
"အမေ ဘာတွေ သယ်လာတာလဲ....အထုတ်ကြီးကကြီးလိုက်တာ....ဟွန်း... အဘွားက ဝိုင်းမသယ်ဘူးလား ....အဘွား အကျင့်ပုတ် ..."
" အို...သမီးလေး ငြိမ်း ဘယ်လိုပြောလိုက်တာလဲ...အဘွားကို အဲ့ဒီလိုမပြောရဘူး.... ငရဲကြီးတတ်တယ်...နောက် မပြောရဘူးနော်ကြားလား...."
မငြိမ်းဝေသည် အဝတ်အစားလဲနေရင်းမှ သမီးဖြစ်သူငြိမ်းကို လှမ်းဟန့်လိုက်လေသည် ။
"သမီး...ဗိုက်ဆာနေပြီလား....ကြီးကြီးက ထမင်းခေါ်ကျွေးသေးလား...."
"ကျွေးပါတယ် အမေရာ....ဒါပေမဲ့ ငါးပိရည် နဲ့ဗူးသီးပြုတ်တဲ့ သမီး နည်းနည်းပဲစားလိုက်တယ်.....ခု ဗိုက်က ပြန်ဆာနေပြီ ..."
" ဟုတ်လား....အင်းပါသမီးရယ်....အမေ ကြက်ဥကြော်ကျွေးပါမယ် ခဏလေး စောင့်နော်..."
မငြိမ်းဝေသည် အဝတ်အစားကို အမြန်လဲပြီး ချက်ဖို့ ပြုတ်ဖို့ အမြန်လုပ်လိုက်သည်။ ယခင်ကဆိုလျှင် မငြိမ်းဝေ အနေနှင့် သွားစရာလုပ်စရာရှိလျှင် ထမင်းဟင်းကို စောစောစီးစီးချက်ပြုတ်ထားခဲ့မြဲပင် ။ယနေ့မှ မငြိမ်းဝေ ချက်ပြုတ်ခါနီးတွင် ယောက္ခမဖြစ်သူ ဒေါ်စန်းမြင့်ရောက်လာပြီး ဘေးရွာများသို့ကြွေးတောင်းသွားဖို့အဖော်လိုက်ခဲ့ခိုင်းသောကြောင့် ကမန်းကတန်းထလိုက်သွားရခြင်းဖြစ်လေသည်။ဘေးရွာ ဆိုသော်ငြား တစ်ရွာတည်းမဟုတ်ဘဲနှစ်ရွာသုံးရွာဖြစ်သောကြောင့် လျှောက်လိုက်ရသည့်လမ်းဆိုသည်မှာ မငြိမ်းဝေ ခြေဖဝါးတွေ ကျိန်းစက်နာကျင်နေလေ၏။သည်ကြားထဲ၌ ငွေကြေးတောင်းမရသောအိမ်များမှ ပဲ၊ငရုတ်၊ ဆန်၊ စပါး စသည်ဖြင့် ရရာကို ယူလာရသောကြောင့် မငြိမ်းဝေ မှာ အပြန်လမ်းတစ်လျှောက်၌ ကြွေးသိမ်းပစ္စည်းများကို သယ်လာရခြင်းဖြစ်၏။ မငြိမ်းဝေ ထမင်းအိုကို မီးဖိုပေါ်တင်လိုက်ပြီး ကြက်ဥနှစ်လုံးကို ပန်းကန်လုံးထဲဖောက်ထည့်လိုက်သည် ။ပြီးနောက် ကြက်သွန် ခပ်ရွယ်ရွယ်သုံးလုံးခန့်ကို လှီးလိုက်ပြီး ကြက်ဥ ပန်းကန်ထဲသို့ထည့်လိုက်ပြီး ဇွန်းနှင့်မွှေလိုက်သည်။တောအရပ် ဆိုတော့ မိုးနှင့်ဆောင်းရာသီမှလွှဲ၍ အစားအသောက်ရှားပါးလှလေသည်။နွေရာသီ၌ ငါးလည်း မရ၊ အသားဆိုသည်မှာလည်း တစ်ပတ်တစ်ခါလောက်မှ ရတတ်သည်။ရေရှားပါးသောအရပ်ဖြစ်သောကြောင့် အသီးအနှံလည်း မဖြစ်ထွန်းလေသောကြောင့် နွေရာရာသီတွင် ကြက်ဥ ငါးခြောက်နှင့် ပဲများကို အားထားစားရလေသည်။အတို့အမြုပ်ဆိုလျှင်လည်း မဖြစ်စလောက် စိုက်ပျိုးထားသော အသီးအရွက် သို့မဟုတ် ရေနွေးကိုကြွပ်ကြွပ်ဆူအောင်ကျိုပြီး ဆားများများထည့်ကာ စိမ်ထားသော သရက်သီးဆားရည်စိမ်ကို တို့ရလေ၏။ သည်နားမှရွာနီးချုပ်စပ်မှန်သမျှမှာတော့ ငါးပိရည်ကို ရာဝင်အိုး (စဉ့်အိုးများ) များဖြင့် သိပ်ထားလေ့ရှိကြသလို သည်နှစ် ပေါ်သော သရက်သီးများကို နောက်နှစ်သရက်သီးပေါ်ချိန်အထိခံအောင် ဆားရည်ဖြင့်စိမ်ထားကြသည်။စိမ်ထားသော သရက်သီးကို ငါးပိရည်နှင့် တို့စားစား၊ ငါးပိနှင့်ပဲကြော်ကြော်ထမင်းတော့မြိန်လှပေသည်။မငြိမ်းဝေ ထမင်းဟင်းချက်နေစဉ် ငြိမ်းသည် ဘေးမှ တောက်လျှောက်ထိုင်ကြည့်နေလေ၏။ယခုဆိုလျှင် မငြိမ်းဝေတို့ သားအမိ ရွာသို့ ရောက်သည်မှာ တစ်လနီးပါးခန့်ရှိနေပြီဖြစ်လေ၏။
"အမေ ... နောက်ဆို ရင် သမီး ထမင်းချက်ကူပါ့မယ်....အမေက အဘွားခိုင်းတာလည်းလုပ်ရ ... ဈေးလည်းလိုက် ရောင်းရသေးတယ် မဟုတ်လား...."
မငြိမ်းဝေသည် သမီးလေး ငြိမ်း၏ အပြောကြောင့် ကြည်းနူးစွာပြုံးလိုက်မိ၏။ငြိမ်းသည် မဟုတ်လျှင်မခံ ခပ်စွာစွာ တုန့်ပြန်တတ်သော အကျင့်ရှိသည်မှ လွဲ၍ သိတတ်လိမ္မာလွန်းလှသည်။ သူ့အဖေ ထွက်သွားပြီးကတည်းက မအေကို အရိပ်တကြည့်ကြည့် ကြည့်ပြီး ဘေးမှ ဝိုင်းကူတတ်လေ၏။မငြိမ်းဝေ လည်း ရွာသို့ ရောက်ပြီးကတည်းက မြို့မှငါးခြောက်ငါးခြမ်းနှင့် တိုလီမိုလီရွာမှမှာသမျှကို မြို့စျေးမှ ဝယ်ယူပြီး ပြန်ရောင်းချသည်။ပါးစပ်းပေါက်နှစ်ပေါက်တည်း ဟုဆိုသော်ငြားလည်း မငြိမ်းဝေမှာ ကြိုးစားရသည်။ မငြိမ်းဝေက ကောက် မစိုက်တတ်၊ပျိုးမနှုတ်တတ်တာမို့ ဈေးသည် ဘဝကိုခံယူလိုလ်သည်။မြို့သို့ မငြိမ်းဝေ စျေးသွားဝယ်စဉ်က အိမ်နီးနားချင်းများနှင့်ဆုံခဲ့ပြီး အချို့က မငြိမ်းဝေကို ကရုဏာသက်ကြသည်။မြို့လေးမှာ အိမ်ဖြစ်ဖြစ် ငှားနေဖို့ ပြောကြသလို ရန်ကုန်သို့သာပြန်ရန်တိုက်တွန်းကြသည်။မငြိမ်းဝေအနေနှင့် လည်း ဖြစ်နိုင်လျှင်ရန်ကုန်သို့ ပြန်ချင်လှပေသည်။သို့သော်လည်း ရန်ကုန်တွင် မငြိမ်းဝေမှာ မိဘများရှိတာမဟုတ်ဘဲ အစ်ကိုကြီးတစ်ယောက်ပဲရှိသောကြောင့် ပြန်ဖို့ရန်မရဲ့လှပါပေ။ပြီးလျှင် ကလေးတစ်ယောက်နှင့် အိမ်ထောင်ပြိုကွဲပြီး ပြန်ရမည့်အဖြစ်ကိုလည်း မငြိမ်းဝေ စိတ်ထဲ ရှက်ရွံ့လှပေသည်။ အထူးသဖြင့် အစ်ကိုကြီးဖြစ်သူ၏ အရှက်သိကွာကို ချသလိုဖြစ်မည်ကို မငြိမ်းဝေလွန်စွာစိုးရိမ်မိလေ၏။သည်လိုအချိန်မျိုးမှာ သည် အရပ်ဒေသနှင့့်ယောက္ခမဖြစ်သူ၏အိမ်သည်သာ မငြိမ်းဝေနှင့်သမီးလေးငြိမ်းအတွက် လုံခြုံမှု အပေးနိုင်ဆုံးဟု မငြိမ်းဝေ တွေးတောမိ၏။
***********************
"အမေ့ ချွေးမက...ရန်ကုန်သူပီပီ လည်သမှ မွှတ်လို့...ဆယ်နှစ်ဆယ် မိုးနေလာတာ သူ့လက်ထဲစုဆောင်းမိတာ မရှိဘဲနေပါ့မလား...ရှိတာကို ကုပ်ကပ်ထားတာ အမေရဲ့.....အမေဆီမှာနေချင်လို့ လာနေတယ်မထင်နဲ့ လိုချင်တာရှိလို့ ကုပ်ကပ်နေနေတာ သိရဲ့လား...."
"အိုအေ...ငါလည်း မသိဘဲ နေမလား ... ဒီယုန်မြင်လို့ ဒီချုံထွင်တဲ့ဟာ သိတာပေါ့...ကလေးဗန်းပြပြီး လာခဲ့မှန်းသိသားပဲ..."
"ဟုတ်ပ အမေရယ်...ကလေးမလေးကလည်း အကြောတင်းပုံများ.... အမေ့သားနဲ့လည်း တစ်စက်မှ မတူပါဘူး.... ရန်ကုန်သူ ရန်ကုန်သားတွေ ယုံရတာမဟုတ်ဘူးရယ်...."
ဒေါ်စန်းမြင့်တို့သားအမိနှစ်ယောက် တစ်ယောက် တစ်လှည့်သန်း ရှာပေးကြရင်း မငြိမ်းဝေတို့သားအမိအကြောင်းကို ပြောဆိုနေခြင်း ဖြစ်လေသည်။
မငြိမ်းဝေနှင့် ငြိမ်းမှာ ရွာတွေထဲ စျေးလှည့်ရောင်းပြီးအပြန် ထင်းများရှာဖွေ ကောက်လာခဲ့ပြီး ခြံထဲသို့အ၀င် တွင် ဒေါ်စန်းမြင်တို့သားအမိ ပြောနေသော စကားများကို အတိုင်းသားကြားလိုက်ရသည်။ငြိမ်းသည် ငယ်နုသေးသောကြောင့် ဘွားအေဖြစ်သူနှင့် ကြီးတော်ဖြစ်သူပြောသောစကားများကိုလုံးစေ့ပတ်စေ့ နားမလည်သောကြောင့် သူ့အမေ မကောင်းကြောင်းကို ပြောနေကြသည်ဟုသာ အကြမ်းဖျင်း နားလည်လိုက်လေ၏။
မငြိမ်းဝေမှာမူ အောက်နှုတ်ခမ်းကို တင်းတင်း ဖိကိုက်၍ မကြားဟန်ပြုပြီးလက်မှဆွဲခြင်းကိုဦးစွာချလိုက်ပြီးလျှင် ခေါင်းပေါ်မှထင်းစည်းကို မြေပြင်ပေါ်သို့ ဘုတ်ခနဲပစ်ချလိုက်လေသည်။ထင်းစည်းပစ်ချသံကိုကြားမှပင် ဒေါ်စန်းမြင့်တို့သားအမိ သည်လည်း ပြောလက်စ စကားကိုရပ်ပြီး မငြိမ်းဝေ တို့သားအမိကို ဟန်မပျက်လှမ်းကြည့်ကြ၏။ မငြိမ်းဝေသည် ယောက္ခမဖြစ်သူနှင့် ယောင်းမဘက်သို့ လှည့်ပြီးလျှင် "ကျွန်မတို့ပြန်လာပြီးအမေ''ဟု ခပ်တိုးတိုး နှုတ်ဆက်လိုက်သည်။ပြီးလျှင် ငါးခြောက်နှင့်လဲလှယ်လာသော အသားအချို.ကို ယောက္ခမထံသို့ သွားပေးလိုက်၏။ ယောက္ခမဖြစ်သူနှင့် ယောင်းမဖြစ်သူက မည်သို့သဘောထားစေကာမူ မငြိမ်းဝေ သည်းခံ၏။ မငြိမ်းဝေ တို့သားအမိအတွက် နေစရာ အရိပ်တစ်ခုပေးထားခြင်းအတွက် မငြိမ်းဝေရင်ထဲ ကျေးဇူးတွေပင် အထပ်ထပ်တင်နေမိလေ၏။
************************
ငြိမ်းသည် လက်ထဲမှ မုန့်ချိုလေး (ကိတ်မုန့်)ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထင်းထဲ ဘေးရှိအ ခန်းလေးထဲသို့ အပြေးဝင်ခဲ့လိုက်သည်။သို့သော်လည်း အခန်းကျဉ်းလေးထဲတွင် မိခင်ဖြစ်သူကိုမတွေ့ရသောကြောင့် ခြံနောက်ဘက်တွေထိလိုက်ရှာ မိလေ၏။ ငြိမ်းသည် မိခင်ကို ဒေါင်းတောက်အောင်လိုက်ရှာပြီး ကာမှ ယခုအချိန်သည် မိခင်ဖြစ်သူရေခပ်နေကျအချိန်ဖြစ်နေမှန်း သတိရလိုက်မိလေ၏။ ငြိမ်းတို့ နေသောရွာလေးသည် မိုးနှင့် ဆောင်းတွင် ရေအတွက် ဒုက္ခသိပ်မများလှသော်လည်း နွေရာသီ၌မူ ရွာထဲရှိရေကန်များခန်းခြောက်သွားသောကြောင့် ရွာ၏အနောက်ဘက်ကွင်းထဲတွင် သွား၍ ခပ်ရလေသည်။ငြိမ်းတို့အဘွားအိမ်သည် ရွာ၏အရှေ့ဘက်တွင်ရှိသောကြောင့် ရေကန်နှင့်ဝေးလှပေသည် ။ငြိမ်းအဘွား ဒေါ်စန်းမြင်တို့အိမ်၌မူ ရေကို လှည်းနှင့် သယ်ယူသောကြောင့် အခက်အခဲ အပင်အပန်း မရှိသောလည်း မငြိမ်းဝေ မှာ သားအမီ နှစ်ယောက်အတွက် ရေကို ခက်ခက်ခဲခဲပင်ပင်ပန်းပန်း ထမ်းသယ်ရလေသည်။
" ဟဲ့...မိငြိမ်း...နင့်လက်ထဲကဘာလဲ ငါ့ကို ပြစမ်း..."
ငြိမ်း၏ အစ်ကိုတစ်ဝမ်းကွဲ ချစ်ဦးသည် ခြံထဲတွင် ပျာယာခပ်သွားလာနေသော ငြိမ်းကို ခပ်ငေါက်ငေါက်လှမ်းမေးလိုက်လေသည်။
ချစ်ဦး၏မေးသံကြောင့် ငြိမ်းသည် မုန့် ကိုင်ထားသောလက်ကို နောက်သို့ဝှက်လိုက်ပြီးခေါင်းကိုခါယမ်းပြလိုက်သည် ။ချစ်ဦးသည် အစားအသောက်နှင့်ပတ်သက်လာလျှင် ငမ်းငမ်းတက်သူဖြစ်မှန်းငြိမ်းသိ၏ ။ ထို့ကြောင့် မိခင်ဖြစ်သူနှင့်အတူစားရန်ယူလာသော မုန့်ကို ချစ်ဦးအား မကျွေးချင်သောကြောင့်ငြိမ်းလိမ်ပစ်လိုက်လေ၏။
"ဘာမှမဟုတ်ပါဘူး...."
"ဘာမှမဟုတ်ရင် ဘာလို့ ဝှက်ထားလဲပြစမ်း "
ချစ်ဦးသည် ပြောပြောဆိုဆိုနှင့် ငြိမ်းလက်ထဲမှ မုန့်ကိုဆွဲ လုလိုက်လေ၏။
"ဟာ ...အဘွား...အမေရေ ဒီမှာလာကြည့်ပါဦး...ဟော့ဒီမှာ မိငြိမ်းသားတို့ မုန့်တွေ ခိုးစားနေတယ်"
ချစ်ဦး၏အော်သံကြောင့် နောက်ဖေးမီးဖိုချောင်တွင်ချက်ပြုတ်နေသော ဒေါ်စန်းမြင့်တို့ သားအမိနှစ်ယောက် ငြိမ်းတို့ရှိရာသို့ အူယားဖားယား ပြေးထွက်လာကြလေသည်။
"ဟဲ့..ဟဲ့ ... ကလေးတွေ ဘာဖြစ်ကြတာတုန်း...အလန့်တကြားနဲ့ ချစ်ဦးရယ်..."
"ဘာဖြစ်ရမှာတုန်း အမေရ ... ဟော့ဒီမှာ အမေ့တူမလေ သားတို့ မုန့်ချိုတွေ ခိုးလာတာဗျ..."
"ဘာ...ဘယ်လို..မိငြိမ်းက မုန့်တွေ ခိုးလာတယ်ပေါ့...အမေ့ကို ကျွန်မ မပြောဘူးလား...အခုတလော အိမ်က မုန့်တွေ ပျောက် ပျောက်နေပါတယ်လို့....အမေ့မြေးလက်ချက်ဖြစ်နေတာကို...."
" မဟုတ်ဘူး....ငြိမ်း မခိုးဘူး... ဒီမုန့်က ရွာလယ်ပိုင်းက ဘွားဘွားကြီးပေးလိုက်တာ..."
ငြိမ်းသည် အကျောက်အကန်ငြင်းလိုက်သည်။ငြိမ်းငြင်းလိုက်သောအခါ ကြီးတော်ဖြစ်သူ မအေးဆင့်သည် ပိုမို ဒေါသထွက်သွားပြီးလျှင် နီးစပ်ရာမှ တုတ်တစ်ချောင်းကို ကောက်ယူ လိုက်ပြီး ငြိမ်း၏ ခြေထောက်ကိုရိုက်လိုက်လေသည်။
"အောင်မယ် ...သူခိုးက ခိုးတယ်ပြောမလား...လာစမ်း...စားချင်တောင်းစားပါလာဟဲ့....အမေ့မြေးကအကျင့်ကိုက မကောင်းတာ...ဒီလိုအကျင့်ကိုမကြိုက်ပါဘူး...."
ထိုစဉ်မှာပင် မငြိမ်းဝေသည် ရေးထမ်း ပုံးကြီးထမ်းလျက် ခြံထဲသို့ ၀င်လာရာ ခြံထဲမှ မြင်ကွင်းကြောင့် ပခုံးပေါ်မှ ရေထမ်းပုံးကို ချပစ်လိုက်ပြီး ငိုနေသော သမီးဖြစ်သူဆီကို အပြေးသွားဆွဲလိုက်ရင်း နှုတ်မှလည်း ယောင်းမဖြစ်သူကို မေးလိုက်လေသည် ။
"ဘာဖြစ်လို့လဲ အစ်မကြီး ....သမီးလေး ငြိမ်း ဘာလုပ်လို့လဲ...."
"ဘာလုပ်ရမှာလဲ...မုန့်ခိုးလို့လေ....ညည်းသမီးကို ဘယ်လို သင်ပေးထားလဲ....ငယ်ငယ်ရွယ်ရွယ်နဲ့ ခိုးစားတတ်နေပြီ...."
မငြိမ်းဝေသည် ယောင်းမဖြစ်သူ၏ စကားကြောင့် ရင် ထဲတွင် ဆို့နင့်သွားမိ၏ ။သမီးဖြစ်သူကို ကြည့်လိုက်သောအခါ ပဲ့ကျနေသော မုန့်အပိုင်းအစလေးကို ကိုင်ပြီး မျက်ရည် အရွှဲသားနှင့်။ ဘွားအေးဖြစ်သူသည်လည်း ထို မြင်ကွင်းကို ရပ်၍ ကြည့်နေလေ၏။
မငြိမ်းဝေသည် အံကိုတင်းတင်းကြိတ်မိ၏ ။"ကျွန်မသမီးက ခိုးတတ်တဲ့အကျင့်မရှိဘူးရှင့်....အစ်မကြီးသား ချစ်ဦးကသာ ခိုးစားတတ်...လုစားတတ်တဲ့အကျင့်ရှိတာသိရဲ့လား...ဒါနဲ့ နေပါဦး ခိုးစားတယ်ထားပါဦး ဒီလောက် ရိုက် ဟယ်နှက်ဟယ်နဲ့ဖြစ်စရာလား ... ပြောကြပါဦး.... ဒီကလေးက ကျွန်မတစ်ယောက်တည်း မွေးထားတဲ့ ကလေးမဟုတ်ဘူးလေ... ရှင်တို့သား ရှင်တို့မောင်နဲ့ မွေးထားတဲ့ ရှင်တို့ရဲ့သွေ့သား အရင်းပါရှင်...." မငြိမ်းဝေသည် ယောက္ခမ နှင့်ယောင်းမကို စိတ်ထဲမှ ပြန်အော် ပစ်လိုက်မိ၏။လက်တွေ့တွင်မူ ပါပြင်းပေါ်သို့မျက်ရည်များသာစီးကျလပြီး သမီးဖြစ်သူ၏ ပခုံးနှစ်ဖက်ကို စုံကိုင်လျက် ကိုယ်တိုင် မေးမြန်းလိုက်သည်။သမီးဖြစ်သူ၏ ကိုယ်ကျင့်တရားကို မငြိမ်းဝေယုံကြည်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ထင်ယောင်ထင်မှား ဖြစ်သည်ကို မခံနိုင်သောကြောင့် လူစုံရာ ရှေ့တွင် မေးမြန်းလိုက်သည်။ထိုအချိန်၌ ခြံရှေ့ရွာလမ်းမကြောင်းတွင် ရွာသူရွာသားများ ဟိုတစ်စုသည်တစ်စုဖြင့် စပ်စုသော အကြည့်များဖြင့်ရပ်ကြည့်နေကြလေသည်။သမီးလေး ငြိမ်းသည် အသက်ဆယ်နှစ်ပြည့်ပြီးဖြီးဖြစ်သောကြောင့် သည်ကိစ္စအတွက် ရှက်နေမည်မှန်း မငြိမ်းဝေ သိသည်။သို့အတွက် သမီးဖြစ်သူ၏ရှေ့မှ မားမားမတ်မတ်ရပ်တည်ပြလိုက်သည်။
"သမီးငြိမ်း ... ဒီမုန့်ကို ဘယ်ကရလဲ.... အမေ့ကို မှန်မှန်ဖြေ...လိမ်တာညာတာအမေ မကြိုက်ဘူးနော်..."
"ငြိမ်း မလိမ်ပါဘူး အမေ.... ရွာလယ်က ဘွားဘွားကြီးတင်အေးပေးလိုက်တာပါ....ငြိမ်းက စပါးလုံးဝိုင်းရွေးပေးလို့ပေးလိုက်တာ ပါ...."
" သေချာတယ်နော်... ဒေါ်ကြီးတင်အေးကို အမေကိုယ်တိုင်သွား မေ့မှာ....."
"ဟဲ့...ဟဲ့... လာမေးစရာ မလိုပါဘူး အေ....ငါလာပြီ....ဟဲ့ စန်းမြင့်တို့....ညည်းတို့ နဲ့အေ မုန့်လေးတစ်ခုနဲ့ ဘာဖြစ်နေကြတာလဲ...မုန့်က ငါပေးလိုက်တာပါဟဲ့....ညည်းတို့နဲ့အံ့ပါ့ အေ... ကိုယ့်သွေး ကိုယ့်သား တောင် မသဒ္ဓါဘူးလား...."
ဒေါ်တင်အေးသည် ပြောပြောဆိုဆိုနှင့် ခြံထဲသို့ဝင်ချလာလေသည်။ ဒေါ်တင်အေးသည် ငြိမ်း၏ ဘွားအေ ဒေါ်စန်းမြင့်နှင့်သက်တူရွယ်တူ ပြောမနာဆိုမနာ သူငယ်ချင်းများလည်းဖြစ်သောကြောင့် အားမနာတမ်းပြောလိုက်လေသည်။ထိုအခါမှ ဒေါ်စန်းမြင့်တို့သားအမိမှာ အားမတန်မာန်လျော့သွားသည့်ဟန်ဖြင့် လျောချလိုက်ကြလေသည်။
"အိုတော် ... သူက သေချာမဖြေတော့ ကျုပ်တို့က ဘယ်သိမလဲ ရီးလေးတင်အေးရဲ့....ကလေး အကျင့် စာရိတ္တပျက်စီးမှာစိုးလို့ ဆုံးမတာပါ ..."
မငြိမ်းဝေသည် ငိုနေသော သမီးဖြစ်သူငြိမ်းကို ရင်ခွင်ထဲ ဆွဲခေါ်လိုက်ပြီးလျှင် ယောက္ခမနှင်ယောင်းမရှေ့တွင် မတ်မတ်ရပ်လိုက်သည်။ထို့နောက် ယောက္ခမ၏ မျက်နှာကို တည့်တည့်စိုက်ကြည့်လိုက်ပြီး စကားကို တစ်ခွန်းချင်းပြတ်သားစွာပြောလိုက်လေသည်။
"ဒီလပြည့် ကျော်ရင် ကျွန်မတို့သားအမိ အိမ်ပြောင်းတော့မယ်..."
@@@@@@@@@@@@@@@
အပိုင်း (၅) ဆက်ရန်
ဧကြည်ဖြူ