book

Index 3

(အပိုင်း ၃ )

ဧကြည်ဖြူ


" ချူ "


------------------------


     မငြိမ်းဝေ သည် ငိုမဲ့မဲ့ မျက်နှာနှင့် အနားတွင် လာထိုင်သော ငြိမ်းကိုကြည့် လိုက်ပြီးလျှင် စိုးရိမ်ပူပန်စွာမေးလိုက်လေသည်။


"သမီး ငြိမ်း...ဘာဖြစ်လာတာလဲ...အမေ့ကို ပြောပါဦး...."


    ငြိမ်းသည် မိခင်ဖြစ်သူ၏အမေးကို ချက်ချင်း မဖြေနိုင်ဘဲ ပါးပြင်းပေါ်သို့ ပေါက်ခနဲ ပေါက်ခနဲ စီးကျလာသော မျက်ရည်များကို အင်င်္ကျီအနားစနှင့် ပွတ်သုတ် လိုက်လေသည်။


"အမေ...ထူးထူးတို့လည်း မရှိကြတော့ဘူး အမေရဲ့...ခရီးသွားကြတယ်တဲ့...ကြည့်ရတာ အဖေလည်း ထူးထူးတို့နဲ့ လိုက်သွားတာထင်တယ်....ထူးထူးကအကျင့်မကောင်းဘူး ညကသမီး မေးတော့ အဖေ သူတို့အိမ်မှာ မရှိဘူးဆိုပြီး ညာတယ်....ထူးထူး တို့ပြန်လာရင် အဖေလည်းပြန်လာမယ်ထင်တယ်နော် အမေ....."


    ငြိမ်း စကားကြောင့် မငြိမ်းဝေ တစ်ယောက် ရင်ထဲ ဆို့နင့်နာကျင်သွားရပြီးလျှင် သမီးလေး ငြိမ်း၏ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်ပြီး နှစ်သိမ့် စကား ခပ်တိုးတိုးပြောလိုက်၏။


"အင်း...လာချင်လာမှာပေါ့ သမီးရယ်...အမေနဲ့သမီး အဖေ့ကို အဘွားတို့အိမ်ကနေ သွားစောင့်နေကြမလား သမီး..."


    မိခင်၏ စကားကြောင့် ငြိမ်း ခေါင်းကိုခါးယမ်းပြရင်းငြင်းပစ်လိုက်၏။


" ဟင့်အင်း အမေ...မသွားချင်ဘူး...အဘွားက သမီးကိုဆိုရင် အရမ်းဆူတာပဲ...ချစ်ဦးကိုဆို မဆူဘူး...ပြီးတော့ ချစ်ဦးကသမီးကို အနိုင်ကျင့်တယ်...သမီးမုန့်စားရင် သူကလိုက်လုစားတာ...သမီးက ပြန်လုပ်ရင် အဘွားက သမီးကိုပဲရိုက်တာ...အဘွားတို့ဆီ မသွားချင်ဘူး..ဒီအိမ်မှာပဲ နေကြရအောင်နော်..."


     ငြိမ်း စကားကြောင့် မငြိမ်းဝေ မျက်ရည်ကျရပြန်လေသည်။ ငြိမ်းပြောမည်ဆိုလျှင်လည် ပြောချင်စရာ ပါပေ။ကိုအောင်မင်း၏အမေဖြစ်သူ ငြိမ်း၏အဘွားသည် တောသူတောင်သားပီပီ ရှေးရှိဆန်လှပေသည်။ကိုအောင်မင်းနှင့် မငြိမ်းဝေ လိုက်လာစဉ်ကဆိုလျှင် "မြို့သူများ ကြည့်မရ "ဟု ဆိုသောအကြောင်းပြချက်နှင့် အမျိုးမျိုးအဖုံဖုံ ခိုင်းပြီး စိတ်တိုင်းမကျသောကြောင့် အမြဲအဆူအငေါက်ခံခဲ့ရလေသည်။ထိုစဉ်တုန်းကတော့ မငြိမ်းဝေကလည်း မြို့သူသာ ဆိုသည် မလည်မဝယ်မပြောရဲမဆိုရဲလို့ပဲ ပြောရလေမည်လား။ ရွာထဲမှ အမျိုးဟုတ်တာရော အမျိုးမဟုတ်တာတွေရော အိမ်ကိုစုပြုံနောက်လာပြီး မငြိမ်းဝေ ရှေ့မှာတင် "သိပ်မချော ဘူးနော်" 

"မြို့သူဆိုတော့အရမ်းချောတယ်ထင်နေတာ...တို့ရွာက ကွမ်းတောင်ကိုင်ကို မယှဉ်နိုင်ပါဘူးအေ" စသော စကားများကို မျက်နှာပြောင်ပြောင်နှင့် ထိုင်ပြီးနားမထောင်ရဲသောအပြစ်။ဆန်မပြာတတ်တာ ။အပင်မတက်ရဲတာ။ ကောက်မစိုက်တတ် ကောက်မရိပ်တတ် စသော အဖြစ်ပေါင်း သောင်းခြောက်ထောင်အပြင် သက်ကယ် မပျစ်တတ်တာ ။ ဓနိမပျစ်တတ်တာကပါသေးသည်။ သူတို့ရွာသူရွာသားများကတော့ လုပ်နေကိုင်နေကြဆိုတော့  ထရံပဲ ရက်မလား။ဝါးကို နှီးပဲဖြာမလား။ဝါးကိုခွဲခြမ်းစိပ်ဖြာပြီး တောင်းပလုံးပဲရက်မလား ကလေးက အစ လုပ်တတ်ကိုင်တတ်ကြသည်။ မငြိမ်းဝေ မှာသာ တောင်ကိုင်ရမလို မြောက်ကိုင်ရမလိုနှင့် နှီးရှဝါးရှနှင့် အပြောအဆို ပဲခံခဲ့ရသည့်အဖြစ်လေ။နောက်ဆုံးတော့ ကိုအောင်မင်းအလုပ်လုပ်နေသော ဆန်စက်ရုံထဲလိုက်နေခဲ့ရသည်။ဆန်စက်ရုံ ဆိုသည်မှာလည်း သိသည့်အတိုင်း ရွာပေါင်းစုံမှလူပေါင်းစုံ ၀င်ထွက်နေသော နေရာဆိုတော့ မငြိမ်းဝေ သိပ်မနေချင်ခဲ့ပေ။သို့ကြောင့်ပင် သမီးလေး ငြိမ်းကို မွေးပြီးသောအခါ စုဆောင်းထားသော ငွေလေးနှင့် မြို့စွန်တစ်နေရာမှ ယခု နေနေသော ခြံလေးကို ဝယ်ယူခဲ့ခြင်းဖြစ်ပါလေသည် ။ယခုသောအခါ ကိုအောင်မင်း ရှာဖွေပေးသောငွေလေးနှင့်ဝယ်ထားသော ခြံနှင့် အိမ်ကို ကိုအောင်မင်းမိုက်လုံးကြီးမှုအတွက် အလျှော်ပေးရတော့မည်ဖြစ်ပါလေသည်။ရွာက ကိုအောင်မင်း၏ မိဘများအိမ်သို့ ငြိမ်းမပြောနှင် မငြိမ်းဝေလည်း မသွားချင်သည်မှာ အမှန်ပင်ဖြစ်ပါလေသည်။သို့သော်လည်း နေချင်းညချင်းမှာပင် နေစရာမရှိသော ဘ၀သို့ချက်ချင်းလက်ငင်းရောက်သွားသောအခါ သမီးလေး ငြိမ်းဘ၀လုံခြုံအေးချမ်းရေးအတွက် သည်ဆွေမျိုးများကိုသာ အားကိုးအား ပြုရပေမည်ဟု မငြိမ်းဝေ ဆုံးဖြတ်ချက်ချလိုက်ရလေသည်။


" သမီးရယ်...ဒီအိမ်က အခုဆို အမေတို့ မပိုင်တော့ဘူး သမီးရဲ့...အမေတို့သမီးအဘွားအိမ်မှာ ခဏလောက်ပဲ သွားနေကြမယ်လေ နော်....အဘွားအိမ်ကနေ သမီးအဖေ ပြန်အလာကိုစောင့်ကြတာပေါ့...."


    မိခင်ဖြစ်သူ စကားကို နားထောင်ပြီး ငြိမ်း ခေါင်းမငြိမ့် မိပါလေ။ငြိမ်းသည် အသက်ဆယ်နှစ် ပြည့်ပြီးပြီဖြစ်သောကြောင့် သိသင့်သလောက်ကိုဖြင့် သိပါလေသည်။အတူဆော့နေကျ ကိုဖြိုးတို့ အဖေလည်း ငြိမ်းအဖေလို နောက် မိန်းမတစ်ယောက်နှင့် ထွက်ပြေးသွားပြီး ပြန်မလာသည်ကိုလည်း ငြိမ်း သိသည်။သည်သို့ပင် အဖေလည်း ပြန်လာမည်မဟုတ်မဟုတ်မှန်းငြိမ်းသိနေသည်။ သို့သော်လည်း စိတ်က လက်မခံနိုင်ဘဲ အဖေပြန်လာမည်ဟု မျှော်လင့်နေမိဆဲပင်။


"အဘွားတို့အိမ်ကို အမေပြောင်းချင်လည်း ပြောင်းလေ..."


****************************


    နံနက် ဆယ်တစ်နာရီကျော်နေသည် ချစ်ချစ်တောက် ပူနေလေ၏။လယ်ကွင်းများသည် ရိတ်သိမ်းထားပြီ:ဖြစ်သောကြောင့် ကြည့်လေရာ တိုင်း၌ ကွဲအက်ခြောက်သွေ့နေသော မြေသား မာမာများနှင့် ဖုန်တထောင်းထောင်းထနေသော ရှုမျှော်မဆုံးသည့်ရွာလမ်းရိုးကြီးကိုသက်တွေ့နေရလေ၏။နေပူရှိန်ပြင်းလွန်းသောကြောင့် လမ်းပေါ်တွင် လူအရိပ်အယောင် မပြောလေနှင့် ကျွဲ၊ နွားတိရစ္ဆာန်များကိုပင် တစ်ကောင်ကလေးမျှ မတွေ့ရှိရပေ။မငြိမ်းဝေတို့သားအမိမှာ စီးလာသော ထော်လာဂျီမှာ ဂိတ်ဆုံးသွားပြီဖြစ်သောကြောင့် နှစ်မိုင်သာသာ ဝေးသေးသော ကိုအောင်မင်း၏မိဘများနေသော ရွာသို့ သားအမိနှစ်ယောက် ခြေကျင်လျှောက်ခဲ့ကြရခြင်းဖြစ်လေသည်။လူချည်းပဲ သက်သက် ဆိုလျှင် သည်မျှလောက် ပင်ပန်းလိမ့်မည်မထင် ။ယခုအခါ၌ အဝတ်အစားထုတ်များနှင့် လိုအပ်သော အိမ်သုံး ပစ္စည်းအနည်းငယ်မျှလည်း ပါရှိခဲ့ခြင်းကြောင့် သည် မျှလောက် မောပန်းနေခြင်းဖြစ်၏။ဒါသည်ပင် မငြိမ်းဝေ မှာ တစ်ရက်နှစ်ရက်အတွင်း အိမ်ထောင်ပရိဘောဂပစ္စည်းများကို ရသည့်စျေးနှင့် ရောင်းချပစ်ခဲ့ခြင်းကြောင့် သည်မျှအထုတ်ငယ်လေးများသာ သယ်ယူခဲ့ရခြင်းဖြစ်၏။ မဟုတ်လျှင် အိမ်ထောင်ပရိဘောဂပစ္စည်းများပင်လျှင် ကားကြီးတစ်စီးတိုက်မျှ မကရှိသည်လေ။ထိုထဲမှ မငြိမ်းဝေ နှမြောတသ အဖြစ်မိဆုံးမှာ အပ်ချုပ်စက်လေးပင်။သို့ပေမယ့် လူသည်ပင် ဆုံးရှုံးခဲ့ရပြီးပြီဖြစ်သောကြောင့် မငြိမ်းဝေရင်ထဲ၌ ထူးပြီးမနာကျင်တော့ပါလေ။နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသော အသိုက်အမြုံလေးသည် ရက်ပိုင်းအတွင်း ပြိုလဲပျက်စီးခဲ့ပြီလေ ။ ကံတရားကဖန်လာခဲ့ပြီဖြစ်၍ မငြိမ်းဝေ ယူကြုံးမရ မခံစားခြင်းတောပေ။ရှေ့ဆက်၍သမီးလေး ငြိမ်း၏ အနာဂတ်အတွက်သာ မငြိမ်းဝေစဉ်းစားတွေးတောထားလေသည်။


"မောတယ် အမေရာ...ခဏနားရအောင် နော်...."


     ပြောပြောဆိုဆိုနှင့် ငြိမ်းက လမ်းဘေးရှိ ကုက္ကိုပင်အောက်တွင် ဆွဲလာသော အထုတ်ကိုချပြီး မြေပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်လေသည်။


   မငြိမ်းဝေသည် လည်း လက်ထဲမှ ခြင်းတောင်းကို ချလိုက်ပြီးလျှင် ခေါင်းပေါ်မှအထုတ်ကိုပါချလိုက်ပြီး ခပ်ပျပျ မြင်နေရသော ရွာဘက်သို့ မျှော်ကြည့်လိုက်မိ၏။လွန်ခဲ့သော သုံးရက်ကတည်းကပင် ရွာကို မငြိမ်းဝေတို့ သားအမိလာနေမည့်အကြောင်းကို လူကြုံနှင့်မှာလိုက်ပြီးပြီဖြစ်လေသည်။ယောက္ခမအိမ်မှာ လှည်းလည်းရှိသည်။ပြီးလျှင် ကိုအောင်မင်းအစ်မကြီး၏ ယောက်ျားကိုငွေသီးလည်းရှိသည်။သို့မဟုတ်လျှင် ကိုအောင်မင်း၏ ညီငယ် ထွန်းအောင်လည်းရှိသား။ယုတ်စွအဆုံး အစ်မကြီး၏သား ချစ်ဦးသည်ပင် အသက်ဆယ်နှစ်နှစ်ခန့်ရှိပြီဖြစ်၍ လှည်းကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်နေပြီ ဖြစ်လေသည်။ရွာမှ ထွက်သော ကားမရှိဘဲ ဘေးတစ်ရွာကျော်မှ ထော်လာဂျီကပဲ မငြိမ်းဝေတို့နေသော မြို့နှင့့်သည် နားတစ်ဝိုက်ရှိရွာများကို ပြေးဆွဲနေခြင်းဖြစ်သည်။အိမ်မှစထွက်လာစဉ်ကပင် ဂိတ်ဆုံးသော ရွာသို့ တစ်ယောက်ယောက်တော့ လာကြိုပါစေဟု ကြိတ်၍ ဆုတောင်းခဲ့သည်။သို့သော် ဆုတောင်းမပြည့်ခဲ့ပါလေ ။ သိသိချည်းနှင့် မျှော်လင့်ခဲ့မိသည်မှာ မငြိမ်းဝေ၏အပြစ်ပါလေ။မငြိမ်းဝေ အတွက် သည်လောက် ခက်ခဲပင်ပန်းမှုက ခံသာသော်လည်း ငြိမ်းကိုကြည့်ပြီး မငြိမ်းဝေ ရင်ကွဲမတတ် ကြေကွဲရသည်။မနေ့ညက အထိ ဖခင်ဖြစ်သူကို တမျှော်တည်း မျှော်နေသော ငြိမ်းသည် သည်နေ့ နံနက်မိုးလင်းကတည်းက ဖခင်အကြောင်းကို မမေးတော့တာကို မငြိမ်းဝေ သတိထားမိ၏။


"အမေ...ရေသောက်ချင်တယ်..."


    ငြိမ်းအသံကိုကြားမှ မငြိမ်းဝေသည် အတွေးထဲနစ်မြောနေရာမှ ပစ္စုပ္ပန်ကို သတိရမိသွားပြီး သမီးဖြစ်သူ ငြိမ်းကို ကရုဏာသက်စွာကြည့်လိုက်မိပြီး ခြင်းတောင်းထဲမှရေဘူးကိုထုတ်ပေးလိုက်သည်။ပြီးလျှင် နောက်ဆုံး ကျန်သော ကောက်ညှင်းထုတ်လေးကို ဖြည်ပြီး ငြိမ်းကို ကမ်းပေးလိုက်သည်။


 "ကောက်ညှင်းထုတ်လဲ စားလိုက် သမီးလေး....အချိန်က မနည်းတော့ဘူး...သမီးဗိုက်ဆာနေမှာပေါ့.."


"ဟုတ်ကဲ့  အမေ...နည်းနည်းတော့ဆာတယ်..."


    ငြိမ်းသည် မိခင်ဖြစ်သူကမ်းပေးသော ကောက်ညှင်းထုတ်ကို ပါးစပ်ထဲ ထိုးထည့်မည် ပြုပြီးမှ မိခင်ကို ပြန်ကမ်းပေးလိုက်၏။


"ဟင်...သမီးက ခုန ထော်လာဂျီ စီးလာတုန်းကစားခဲ့ပြီးပြီ ...အမေပဲစားလိုက်နော်...."


"အို ... အမေက မဆာပါဘူးကွယ်... သမီးပဲ စားနော်..."


"ဒါဆို...တစ်ယောက် တစ်ဝက်စားကြမယ်လေ အမေ....."


     မငြိမ်းဝေမှာ သိတတ်လိမ္မာလွန်းလှသော သမီးလေးငြိမ်းကိုကြည့်ပြီး မျက်ရည်ဝဲမိလ၏။ မုန်.ကိုများများစားစားမ၀ယ်လာမိသည်ကိုလည်း နောင်တရမိ၏။ယခုအချိန်၌ မငြိမ်းဝေမှာ ငွေ အသင့် အတင့်ရှိသော်လည်း မသုံးရဲ့မဆွဲရဲသေးသောကြောင့် တတ်နိုင်သမျှ မငြိမ်းဝေ ချွေတာ နေရသည်။ရှေ့ဆက် မည်သို့ဖြတ်သန်းရမည်မှန်း မငြိမ်းဝေလည်း သေချာမသိသော အခြေအနေ မဟုတ်ပါလား။


    မငြိမ်းဝေတို့ သားအမိနှစ်ယောက် ခေတ္တခဏမျှ အမောဖြေပြီးသောအခါ ဖုန်တထောင်းထောင်းထနေသော လမ်းရိုးအတိုင်းအထုတ်ကိုယ်စီရွက်ပြီးဆက်လျှောက်ခဲ့ကြလေသည်။


   ငြိမ်းသည် အထုတ်သေးနှစ်ထုတ်ကိုမနိုင်မနင်း ဆွဲလျက် ဟိုယိမ်းသည် ယိုင်နှင့်သွားနေသလို မငြိမ်းဝေ သည်လည်း ခေါင်းပေါ်တွင် အထုတ်တစ်ထုတ် ကိုရွက်ပြီးလက်မှ ခြင်းတောင်းကိုဆွဲလျက် ဖုန်တထောင်းထောင်းကြားလျှောက်ခဲ့ ကြလေသည်။နေကပူပူ မြေပူပူ ပေါ်တွင် အထုတ်လေးများကို မနိုင်မနင်းဆွဲလျက် သွားနေသော သမီးဖြစ်သူ ငြိမ်း၏ချွေးများဖြင့် စိုရွှဲနေသော ကျောပြင်လေးကို ကြည့်ပြီး မငြိမ်းဝေ ရင်ထဲ၌ အသံတိတ်ငိုကြွေးနေမိ၏။


***********************


"ဝုတ် ... ဝုတ် ..ဝုတ် "


   ခွေးများသည်လူစိမ်း ဖြစ်၍ဟောင် သည်လား။သို့မဟုတ်လျှင် ခွေးများကပင်လျှင် မငြိမ်းဝေ တို့သားအမိအား မကြိုဆိုလေသည် အလား။ မငြိမ်းဝေ နှင့်ငြိမ်းတို့ ရွာထိပ်သို့ ခြေချချိန်မှာစ၍ ခွေးတစ်ကောင်သည် စ၍ဟောင်လေ၏။ထိုမှစ၍ ခွေများ၏ ထုံးစံအတိုင် တစ်ကောင်မှ သည်း တစ်ကောင်ပြီးတစ်ကောင် ဟောင်ကြ အူကြလေတော့သည်။ဆူညံပွက်လောရိုက်သွားသောခွေးဟောင်သူများကြောင့် ရွာသားအချို့ခြံတွေထဲမှ ခေါင်ဖြူ၍လှမ်းကြည့်ကြပြီး မငြိမ်းဝေ တို့သားအမိကိုမြင်သောအခါ အော်ဟစ်နှုတ်ဆက်ကြလေသည်။


"ဟဲ့....စန်းမြင့် ချွေးမနဲ့ စန်းမြင့်မြေးမဟုတ်လား...နေတွေ ပူသားနဲ့ အေ... ညည်းတို့အဘွားက လာမကြိုဘူးလားတော်..."


    မငြိမ်းဝေသည် ခေါင်းကို အသာငြိမ့်ပြလျက်  လာလမ်းတစ်လျှောက် နှုတ်ဆက်ခဲ့ရသည်။မငြိမ်းဝေ၏ ယောက္ခမကြီးနာမည်က ဒေါ်စန်းမြင့်ဖြစ်၏။ယောကျာ်းမရှိတော့ဘဲ မုဆိုးမဘ၀နှင့် သမီးတစ်ယောက်သားနှစ်ယောက်နှင့်နေခဲ့သူလေ။သမီးအကြီးနှင့်သားအငယ်က သည်ရွာမှာပဲနေပြီး သားအလတ်ဖြစ်သော မငြိမ်းဝေ၏ ယောက်ျား အောင်မင်းသာ အဝေးမှာ

နေထိုင်ခဲ့ခြင်းဖြစ်ပါလေသည်။


"အဘွား....ကြီးကြီး...အစ်ကိုချစ်ဦး ...သမီးတို့ ရောက်ပြီ...."


    ငြိမ်းသည် ရွာကိုမလာစဉ်ကသာ ကြီးတော်ဖြစ်သူ၏ သားဖြစ်သူ ချစ်ဦး ကိုကြည့်မရပါဟု ပြောနေသော်လည်း မျက်မြင်ကိုယ်တွေ့ တွေ့သောအခါ၌ ဝမ်းပန်းတသာခေါ်ပြော နှုတ်ဆက်လေ၏။သို့သော်ငြား ငြိမ်းကသာ ဝမ်းသာအားရ နှုတ်ဆက်နေသော်လည်း ဘွားအေ ဖြစ်သူနှင့် ကြီးတော်ဖြစ်သူအပါအဝင် တစ်မိသားစုလုံးမှာ ထိုင်ရာမှမထကြဘဲ ခပ်တည်တည်နှင့်ကြည့်နေကြလေ၏။ ငြိမ်းမှာ ကလေးပီပီ မိသားစု၏ အခြေအနေကို မရိပ်စားမိသော်လည်း မငြိမ်းဝေမှာမူ အထုတ်များတန်းလန်းနှင့် ရပ်ရမလို သွားရမလိုနှင့် အနေရခက်လှလေသည်။ အတန်ကြားမှပင် ဒေါ်စန်းမြင့်သည် ထိုင်ရာမှ မထဘဲ အသံမာမာနှင့် လှမ်းပြော၏။


"ဪ...လာကြပြီး လား....ဟို..ထင်းတဲဘေးမှာ ညည်းတို့သားအမိအတွက် အခန်းလုပ်ထားတယ် ...အဲ့ဒီမှာနေပေါ့အေ...အိမ်မကြီးပေါ်မှာက ငါ့သားမက်နဲ့ ငါ့သားရှိတော့ ညည်းကို ထားလို့မသင့်တော်ဘူးလေ... အဲ့ဒီမှာပဲနေကြပေါ့ ညည်းတို့သားအမိ .... အိုးတွေ ခွက်တွေရောပါတယ် မဟုတ်လား....ကိုယ်အိုးနဲ့ ကိုယ်ချက်စားကြပေါ့....လောလောဆယ် ဆန်မရှိရင် အိမ်အောက်ကပုတ်ထဲကခပ်ယူချေ ..."


    ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်း ဆိုသည်လိုပင်။ မငြိမ်းဝေသည် ထင်းများထားသော ထင်းတဲနှင့်တွဲ ဆောက်ထားသည့် အခန်းကျဉ်းလေးကို ကြည့်၍ ရင်ထုမနာဖြစ်ရလေသည်။မလှမ်းမကမ်းတွင် နွားတင်းကုပ် ရှိသောကြောင့် လေအသင့်၌ နွားသေးနံ့ နှင့် နွားချေးနံ့များနံ့ လှ၏။ မငြိမ်းဝေသည် ငိုမဲ့မဲ့မျက်နှာလေးနှင့် တဲကုပ်လေးထဲဝင်လာသော သမီးလေး ငြိမ်းကိုကြည့်ပြီး ငိုမိ၏။ငြိမ်းသည် သူ့မျက်စိရှေ့တည့်တည့်တွင် မြင်နေရသော ဘွားအေ ဖြစ်သူ၏ ခြေတံရှည်အိမ် မြင့်ကြီးကို ငေးကြည့်နေမိ၏။ထိုစဉ်မှာပင် ခြေတံရှည် သစ်သားအိမ်ကြီး၏ ပြတင်းပေါက်တွင် ရှစ်နှစ်အရွယ် ကလေးမလေးတစ်ယောက်လာရပ်ပြီး ငြိမ်းကို လှမ်းကြည့်လေ၏။ထိုကလေးမလေးသည် ငြိမ်း၏ ကြီးတော်ဖြစ်သူမှ မွေးသော ငြီမ်း၏ ညီမ၀မ်းကွဲ ဖြစ်လေ၏။


***********************


 "ဟဲ့....ငြိမ်းဝေ ....အဲ့ဒါက ဘာလုပ်မလို့လဲ...."


     မငြိမ်းဝေသည် ကုက္ကို သီးများကို ထုပြီး ကုက္ကိုစေ့များ ထုတ်ယူနေစဉ်အတွင်း  ယောက္ခမဖြစ်သူဒေါ်စန်းမြင့် အနားသို့ ရောက်လာပြီး မေးလိုက်ခြင်းပင်။


"ဟို....အမေ့မြေးမ က ကုက္ကိုစေ့လှော်စားချင်တယ်ဆိုလို့ လှော်ကျွေးမလို့ပါ....."


"ဘာအေ ...ညည်းနှယ့် အလုပ်မရှိ အလုပ်ရှာလို့အေ...ဒီကုက္ကိုသီးတွေက ငါ့နဲ့ ငါ့ မြေးတွေ ဆားနဲ့လဲဖို့လိုက်ကောက်ထားရတာအေ့....ညည်းတို့ စားချင်ကိုယ့်ဘာသာ လိုက်ကောက်ကြလေ.... ပြီးတော့ အလုပ်မရှိရင် ခြံနောက် ရေကန်နာ လဲမှိုပင် တွေက မှို့သီးတွေခူးပြီး မှို့တွေထုတ်ပါလား...အားအားရှိ စားဖို့သောက်ဖို့ပဲတွေးနေတာ .... မိန်းမပျင်းခြေဆင်းတွေ....မအေရောသမီးရော တူတူပဲ..."


    ဒေါ်စန်းမြင့်သည် ပြောချင်ရာပြောပြီး ခြေကို ဆောင်းနင်းလျက်ပြန်ထွက်သွား၏။ကျန်ခဲ့သောမငြိမ်းဝေနှင့်ငြိမ်းမှာ အစေ့ထု ထုတ်ထားသော ကုက္ကိုစေ့များကို ကိုင်လျက်နှင့် ဒေါ်စန်းမြင့်၏နောက်ကျောကိုငေးကြည့်နေမိကြလေ၏။


************************

အပိုင်း(၄)ဆက်ရန်


ဧကြည်ဖြူ


rate now: