ဧကြည်ဖြူ
" ချူ "
**************
ငြိမ်းသည် အခန်းထဲသို့ ကြည့်ပြီး မယုံနိင်စွာ မေးလိုက်မိပြီးနောက် တုန်တုန်လှုပ်လှုပ်နှင့် နောက်သို့ ပြန်လှည့်ပြေးခဲ့မိလေသည်။
ဒေါ်ငြိမ်းဝေတို့ မှာလည်း ရုတ်တရက်ပေါ်လာသော ငြိမ်းကို ကြည့်ပြီး ထိတ်လန့် တုန်လှုပ်သွားကြရကာ ကြက်သေသေလျက် ရှိနေကြလေသည်။ပြီးနောက် စိုင်းခွန်နောင်သည် ဦးစွာသတိဝင်လာပြီးနောက် လှည့်ထွက်ပြေးသွားသော ငြိမ်းနောက်သို့ ထ၍ပြေးလိုက်ခဲ့လေသည်။
********************
ငြိမ်သည် ထိတ်လန့်တုန်လှုပ်စွာ ဆိုင်ထဲမှ ပြေးထွက်ခဲ့လေရာ ဆိုင်ရှေ့ လမ်းပေါ်သို့ ရောက်သောအခါ လူတစ်ယောက်နှင့်ဝင်တိုက်မိပြီး မြေပြင်ပေါ်သို့ ပစ်လဲကျသွားရလေသည်။ငြိမ်း လဲကျနေရာမှ ကုန်းထပြီး ဝင်တိုက်မိသော တစ်ဖက်လူကိုကြ ည့်လိုက်မိရာ မိမိအား စားတာ့ဝါးတော့ မတတ် စူးစူးဝါးဝါးစိုက်ကြည်နေသော့ မူယာဟန်ကို တွေ့လိုက်ရလေသည်။
"နင့်ကို ငါစောင့်နေတာ ခင်ငြိမ်းစံရဲ့...သူများဘဝကို ဖျက်ဆီးပြီးတော့ နင့်အလှည့် ရောက်မှာစိုးလို့ အိမ်ထဲကအိမ်ပြင် မထွက်ဘဲ ပုန်းနေတယ်ပေါ့ ဟုတ်လား... နင် ငါ့ကို ဒီလိုလုပ်လိုက်တော့ နင်ဘာပြန်ရလဲ ...ရဲရင့်ကို ငါသတ်လိုက်တာလားပြော....နင်အခု ငါနဲ့လိုက်ခဲ့ လာ...."
မူယာဟန်သည် ပြောပြောဆိုဆိုနှင့် ငြိမ်း၏လက်ကို ဆောင့်ဆွဲကာ ခေါ်လေသည်။
မူယာဟန်၏ အပြုအမူကြောင့် ငြိမ်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သည်အထိ ဒေါ်သထွက်လာမိပြီး မူယာဟန်ကို့ အားကုန် ဆောင့်တွန်းထုတ်ပစ်လိုက်သည်။ပြင်းလွန်းသောအရှိန်ကြောင့် မူယာဟန်မှာ နောက်ပြန်လဲကျသွားလေ၏။
မူယာဟန်သည် လဲကျသွားရာမှ ပြန်ထလိုက်ပြီးလျှင် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ငြိမ်းကိုကြည့်လိုက်ပြီးနောက် အိတ်ထဲမှ ဓါးကို ထုတ်ယူလိုက်ပြီး ငြိမ်းကို ပြေး၍ ထိုးလိုက်လေသည်။
"ငြိမ်း"
စိုင်းခွန်နောင်သည် ငြိမ်းနောက် ပြေးလိုက်လာရာမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် စိုးရိမ်တကြီး အော်ဟစ်လိုက်မိပြီးလျှင် ငြိမ်း၏ ခန္ဓာကိုယ်လေးကို ဘေးသို့ တွန်းထုတ်ပစ်လိုက်သည်။
" အား "
မူယာဟန်၏ လက်ထဲမှ ဓါးသည် စိုင်းခွန်နောင်၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားလေသည်။
"ဟာ ဓါးနဲ့ ထိုးလိုက်ပြီး ...."
"ဆေးရုံကား ခေါ်ကြပါအုံးဟဲ့ "
"ရဲစခန်းကိုပါ ဖုန်း ဆက် "
လူအချို့ဆီမှ အသံများ ထွက်လာကြသလို ဆိုင်ထဲမှ ပြေးထွက်လာသော ဒေါ်ငြိမ်းဝေတို့ အုပ်စုမှာလည်း လန့်ဖျပ်ပြီး စိုင်းခွန်နောင် အနားသို့ အပြေး အလွှား ရောက်ရှိ လာကြ လေသည်။
ငြိမ်းမှာ နေရာတွင်ပင် မလှုပ်မယှက် ရပ်လျက် ဓါးဒဏ်ရာဖြင့် လဲကျနေသော စိုင်းခွန်နောင်ကို မမှိတ်မသုန် စိုက်ကြည့်နေမိပြီး ကြက်သေသေနေမိလေသည်။
***********************
"သမီး .... ရေသောက်လိုက် အုံး......သမီးအရမ်းလန့်သွားတယ် မဟုတ်လား .."
ဒေါ်ငြိမ်းဝေက လက်ထဲမှ ရေဘူးကို ငြိမ်း၏ လက်ထဲသို့ထည့်ပေးလိုက်လေသည်။
ငြိမ်းက ငြင်းဆန်ခြင်းမပြုဘဲ ရေဘူးကိုယူထားလိုက်ပြီး ဆေးရုံ၏ ခုံတန်းပေါ်တွင် ထိုင်လျက် မှ စိုင်းခွန်နောင်ကိုခွဲစိတ်ကုသပေးနေသော ခွဲစိတ်ဆောင်သို့သာ ကြည့်နေ့မိလေသည်။
ဒေါ်ငြိမ်းဝေမှာ သမီးဖြစ်သူ၏ အေးစက်တင်းမာနေသော မျက်နှာကို ငေးကြည့်နေမိ ပြီး ခပ်လှမ်းလှမ်းတွင် ထိုင်နေသည်။အနီးအပါးတွင် ဆန်းလင်းအောင် နှင့် မိတ်ဆွေအချို့လည်း ရှိနေကြပြီး အားလုံးမှာ ခွဲစိတ်ခန်းဆီသို့သာ အာရုံရောက်နေကြလေသည်။ထိုစဉ်မှာပင် ခွဲစိတ်ခန်းတံခါးပွင့်လာပြီး အထဲမှ သူ့နာပြုတစ်ယောက်ထွက်လာပြီး လှမ်း၍ ခေါ်လေသည်။
"ကိုတင်ထူးအောင် ခွဲစိတ်လို့ ပြီးပါပြီ ....အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး "
သူနာပြု၏ စကားကြောင့် ငြိမ်းရင်ထဲ လှိုက်ခနဲ ဆောင့််ခုန်ပြီး ပျော်ရွှင်သွားမိသလို ပါးပြင်ပေါ်သို့ ပူနွေးစွတ်စိုသော မျက်ရည်စများလည်း စီးကျ၍လာလေသည်။
*****************
" သမီး "
ဒေါ်ငြိမ်းဝေသည် ခုတင်ပေါ်တွင် ထိုင်ချလိုက်ပြီး ငြိမ်းကို မဝံ့မရဲခေါ်လိုက်သည်။
ငြိမ်းသည် မှန်တင်ခုံရှေ့တွင် ထိုင်လျက်မှ မိခင်ဖြစ်သူ၏ အသံကို ကြားသော်လည်း လှည့်၍ မကြည့်ဘဲ နေမိလေသည်။
" အမေ တောင်းပန်ပါတယ် သမီးရယ်....အဲ့ဒီတုန်းက ထမင်းနပ်မှန်အောင် မစားရဘဲ လမ်းဘေးမှာနေ လမ်းဘေးမှာ အိပ်နေရတဲ့ စည်သူ လေးကိုကြည့်ပြီး အမေ့ရင်ထဲမှာ သမီးငယ်ငယ်က အဖြစ်တွေကိုပဲ မြင်ယောင်နေမိတာမို့ သနားပြီး လက်ခံခဲ့မိတာပါ ...."
ဒေါ်ငြိမ်းဝေက ငြိမ်း၏ ကျောပြင်ကို ငေးမောကြည့်လျက် တတွတ်တွတ် တောင်းပန်နေမိလေသည်။ ငြိမ်းသည် မနေ့က အဖြစ်အပျက်များ ပြီးကတည်းက မည်သူ့ကို မျှ စကား မပြောဘဲ ငြိမ်သက်တိတ်ဆိတ်လျက်ရှိလေသည်။စည်သူ့ခမျာ အစ်မဖြစ်သူ၏ တင်းမာ အေးစက်နေသော အမှုအရာကြောင့် သူ့အခန်းထဲမှပင် မထွက်ရဲဘဲရှိလေသည်။
"အမေ ..စည်သူ လေးကို ပြန်ပို့လိုက်ရတော့မလား ...သမီး သဘောအတိုင်း လုပ်ပါနော် ...."
ဒေါ်ငြိမ်းဝေက သမီးဖြစ်သူကို ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ငြိမ်း ခရီးသွားမလို့ ပါ "
ငြိမ်း၏ စကား ဒေါ်ငြိမ်းဝေ ထိတ်လန့်အံ့သြသွားပြီး အထစ်ထအငေါ့ငေါ့နှင့် မေးလိုက်မိသည်။
"ဘာ...ဘယ်လို ...သမီး ခရီးသွားမလို့ဟုတ်လား ...ဘယ်ကို သွားမှာလဲ ... ဘယ်လောက်ကြာမှာလဲ ..."
"နယ်ဘက်ကို ... တစ်လလောက်တော့ နေဖြစ်မယ် "
" ဘာပြောတယ် သမီး တစ်လ ဟုတ်လား .... မဖြစ်နိုင်ဘူး ....အမေခွင့်မပြုချင်ဘူး ... ပြီးတော့ ထူးထူးလည်း ဆေးရုံကဆင်းခွင့်ရသေးတာ မဟုတ်ဘူး ...သူမိသားစုတွေရောက်နေပြီဆိုပေမဲ့ တာဝန်အရှိဆုံးသူက သမီးမဟုတ်လား ..."
ဒေါ်ငြိမ်းဝေက တားမြစ် စကားဆိုလိုက်သည် ။
ငြိမ်းသည် မိခင်ဖြစ်သူကို ဖြည်းလေးစွာ လှည့်ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
" ငြိမ်းကို ခွင့်ပြုပေးပါ..ငြိမ်း ဒီမှာ ဆက်နေရင် သေသွားလိမ့်မယ်... ငြိမ်း ဒီပတ်ဝန်းကျင်က ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး ...ငြိမ်းကို သနားသလို ...လှောင်ပြောင်သလိုကြည့်တဲ့အကြည့်တွေကိုလည်း ရင်မဆိုင်ချင်ဘူး ...ခွင့်ပြုပေးပါ ...မနက်ဖြန်ညနေ ကားနဲ့သွားဖို့ လက်မှတ်လည်း ဖြစ်ပြီးပါပြီ ...."
ငြိမ်း၏ စကားကြောင့် ဒေါ်ငြိမ်းဝေသည် ပါးစပ်အဟောင်းသားနှင့် ငြိမ်းကို ငေးကြည့်နေမိပြီးလျှင် ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာလေသည်။
******************
ငြိမ်းသည် သီးသန့် လူနာခန်းရှေ့တွင် အတန်ကြာ ရပ်နေမိပြီးနောက် တံခါးကို ခပ်ဖြည်းဖြည်း ခေါက်လိုက်သည်။ထိုအခါ အထဲမှ လှုပ်ရှားသံကြားလိုက်ရပြီး အခန်းတံခါးမှာ ပွင့်လာလေသည်။
" မမငြိမ်း လာလေ အထဲဝင် ...ကိုထူးတော့ အိပ်ပျော်နေတယ် ... မမနှိုးလိုက်နော် ကျွန်တော်အပြင် ခဏ သွားလိုက်အုံးမယ် ...."
စိုင်းခွန်နောင်၏ ညီလေးက ငြိမ်းကို နှုတ်ဆက်ပြီး အခန်းပြင်သို့ ထွက်သွားလေသည်။
ငြိမ်းသည် လူနာစောင့်ခုံပေါ်တွင် ထိုင်လိုက်ပြီး အိပ်ပျော်နေသော စိုင်းခွန်နောင်၏ မျက်နှာကိုငေးကြည့် နေမိလေသည်။အပြစ်ကင်းစင်လှသော စိုင်းခွန်နောင်၏ မျက်နှာကို ကြည့်နေရင်းမှ ငြိမ်းနှုတ်မှ ခပ်တိုးတိုးလေး ရေရွတ်လိုက်မိလေသည်။
"နင် နဲ့ ငါ ကံမကုန်သေးရင် ပြန်ဆုံကြရမှာပါ ထူးရယ် ... အခုတော့ ငါ့ကို သွားခွင့် ပြုပါအုံးနော် "
ငြိမ်းသည် ပြောပြီးသည်နှင့် စိုင်းခွန်နောင်၏ အပါးမှလှည့် ထွက်လိုက်လေသည်။
" ငြိမ်း "
ထိုအခါ စိုင်းခွန် သည် ခုတင်ထက်မှနေ၍ ငြိမ်း၏လက်ကလေးကို လှမ်းဆွဲလိုက်ပြီး ငြိမ်းကို ခပ်တိုး တိုးခေါ်လိုက်သည်။
" ဘယ်ကို သွားမလို့လဲ ငြိမ်း ... ကိုယ့်ကို ထားခဲ့တော့မလို့လား ....မင်းကို တွေ့ရဖို့ ကိုယ်ဘယ်လောက် ကြိုးစားခဲ့ရလဲ ငြိမ်းရယ် ...ထွက်မသွားပါနဲ့နော် ...ငြိမ်း ကျေနပ်တဲ့အထိ ငြိမ်းပေးတဲ့ အပြစ်တွေကိုခံယူရင်း စောင့်နေပါရစေနော်....လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ငြိမ်းကို နှုတ်မဆက်ဘဲ ထွက်ခဲ့ရပေမဲ့ ငြိမ်းကို ကိုယ် တစ်ရက်လေးမှ မမေ့ခဲ့ပါဘူး ... ငြိမ်းနဲ့ တွေ့တဲအခါ ချမ်းချမ်းသာသာ ထားနိုင်အောင် တိုင်းတစ်ပါးမှာ ကိုယ်ကြိုးစားခဲ့တာပါ ...ထားမသွားပါနဲ့နော် ငြိမ်းရယ် "
ငြိမ်းသည် စိုင်းခွန်နောင်၏ ပြောစကားများကို တိတ်ဆိတ်စွာနားထောင်နေမိလေသည်။ပြီးလျှင် စိုင်းခွန်နောင်ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။
" ငြိမ်းတို့ ကံမကုန်သေးရင် ပြန်ဆုံကြမှာပါ ...ကိုဆန်းလင်းအောင်က ပြောတယ် ... နင် ငါ့ကို တစ်ချိန်လုံးရှာခဲ့တာဆို ...ခုလည်း ငါပျောက်သွားတဲ့အခါ နင်လိုက်ရှာပေါ့ ... ဒီတစ်ခါပြန်တွေ့ရင် ထွက်မပြေးတော့ပါဘူး ...ခုတော့ ခွင့်ပြုပေးပါ "
"ငြိမ်းရယ် " စိုင်းခွန်နောင်သည် ခုတင်ပေါ်မှနေ ငြိမ်း၏ လက်ကလေးကို မလွှတ်တမ်း ခပ်တင်းတင်းဆုပ်ကိုင်ဆွဲထားလေသည်။
ငြိမ်းသည်လည်း ခုတင်ဘေးတွင် တောင့်တောင့်မတ်မတ်ဖြင့် ရပ်နှေမိလေသည်။
*****************
စမ်းချောင်းလေးသည် ကြည်လင်အေးမြစွာ တသွင်သွင်စီးဆင်း၍နေလေသည်။ငြိမ်းသည် မြို့သာ ရွာသူလေးများဖြစ်ကြသော မော်မော်နှင့်သော် သော်တို့ ညီအစ်မ နှင့်အတူ စမ်းချောင်းထဲတွင် အဝတ်လျှော် ရေချိုးကြရင်း ရေဆော့ကစားနေကြရင်းမှ သော်သော်က ငြိမ်းကို မေးလိုက်လေသည်။
" မမငြိမ်း သမီးတို့ရွာမှာ နေတာ ပျော်ရဲ့လားဟင် .."
"ပျော်တာပေါ့ သော်သော်ရဲ့ ..."
ငြိမ်းက သော်သော် အမေးကို ခေါင်းငြိမ့်ပြပြီးပြန်ဖြေလိုက်သော်အခါ သော်သော် ရော မော်မော်ပါ ရွှင်မြူး သွားကြလေသည်။
"တကယ်နော် မမငြိမ်း ....ဒါဆို မြို့ကို မပြန်ရတော့ဘူးနော် သမီးတို့ရွာမှာပဲ တစ်သက်လုံး နေရမှာနော် "
"အင်းပေါ့ သော်သော်ရဲ့ နေမှာပေါ့ "
" ဟေး ... ပျော်လိုက်တာ "
ငြိမ်း၏ အဖြေကြောင့် ဆယ်ကျော်သက်အရွယ်လေးများဖြစ်ကြသော သော်သော် နှင့်မော်မော်တို့က ဟေးခနဲ ထအော်လိုက်ကြလေသည်။ယခုဆိုလျှင် ငြိမ်းသည် မြို့သာ ဆိုသော သည်ရွာလေးကို ရောက်ရှိနေသည်မှာ ရှစ်လပင်ကျော်လာခဲ့ပြီဖြစ်လေသည်။မြို့သာ ရွာလေးသို့ ငြိမ်းသည် အသိတစ်ယောက်၏အကူအညီဖြင့် ရောက်လာခဲ့ပြီးလျှင် ရွာထဲရှိ သော်သော်တို့ မိသားစု၏ အနီးဆုံးခြံထဲတွင် အိမ် ငှါး၍ နေခဲ့ခြင်းဖြစ်လေသည်။မြိုသာ ရွာလေးသည် မြို့နှင့် အင်မတန်မှ အလှမ်းကွာလှပြီး အေးချမ်းသော ရွာလေး ဖြစ်လေသည်။
***********************
"ငြိမ်းရေ ... ဧည်သည် လာသကွဲ့ ... သူ့မှာ စာအုပ်တွေလည်း အများကြီးပါလာတယ်...ရွာလူကြီး အိမ်မှာ ငြိမ်းကို မေးနေတာ အရီကြားခဲ့တာပဲ "
ငြိမ်းက ခြံထဲက အပင်လေးများကို ရေလောင်း နေရင်းမှ ခြံဝရှိ အရီးလေးကို ပြန်အော်ပြောလိုက်သည်။
" ဟုတ်ကဲ့ အရီး ...စာအုပ်တွေလာပို့တာ ထင်တယ် အရီးရဲ့ ...ရွာမှာ စာကြည့်တိုက် လေးဖွင့်ချင်လို့ ....မြို့ကို ငြိမ်း လှမ်းမှာလိုက်တာလေ ..."
" ဟုတ်လား ...ကောင်းပတော် ... ကောင်းပ "
ငြိမ်းလည်း အရီးလေးကို ပြန်ပြောလိုက်ရင်းမှ ရွာလူကြီး အိမ်ဘက်သို့ထွက်ခဲ့လိုက်လေသည်။
********************
ရွာလယ်လမ်းမသို့ ရောက်သောအခါ ငြိမ်းသည် ရွာလမ်း မအတိုင်း မိမိရှိရာဘက်သို့ လျှောက်လာသော သူကိုကြည့်ပြီး နှလုံးသားမှာ ထိန်း၍မရအောင်တဒိန်းဒိန်း ဆောင့်ခုန်လာလေသည်။
"ကိုစိုင်း "
ငြိမ်းတုန်တုန်လှုပ်လှုပ်နှင့်ခေါ်လိုက်မိလေသည်။
"ငြိမ်း "
စိုင်းခွန်နောင်သည် ငြိမ်းရှိရာသို့ လျှောက်လာပြီးလျှင် ငြိမ်း၏ လက်ဖျားလေးကို ဆုပ်ကိုင်လိုက်ပြီး ငြိမ်းကို တမ်းတမ်း တတခေါ်လိုက်မိသည်။
- ******************
"ဘယ်လို ရှာတွေ့သွားတာလဲ ... "
ငြိမ်းက စိုင်းခွန်နောင်ကို ကြည့်ပြီး မေးလိုက်သည်။
"ဒီလိုပဲ နည်းမျိုးစုံနဲ့ရှာရတာပေါ့ ငြိမ်းရဲ့ ... ငြိမ်းဒီရွာမှာ ရှိတာကို သိခဲ့တာကြာပြီ... ငြိမ်း စိတ်ပျော်နေမှန်းသိလို့ တမင် ပေးနေတာပါ ...ခုတော့ ကိုယ်နဲ့ပြန်လိုက်ခဲ့တော့နော်...."
စိုင်းခွန်နောင်က ငြိမ်း၏မျက်နှာလေးကို ရွှန်းရွှန်းစားစားကြည့်ရင်း ပြန်ဖြေလိုက်သည်။
"အမေ နေကောင်းလားဟင်....အမေရော ...ငြိမ်း ဒီရွာမှာ ရှိတာ သိလား..."
ငြိမ်း၏ အမေးကို စိုင်းခွန်နောင်က ခေါင်းကို ငြိမ့်ပြရင်း ဖြေလိုက်သည်။
" သိတာပေါ့ ငြိမ်းရဲ့ ... ပြီးတော့ဒေါ်လေးလည်း နေကောင်းပါတယ် ...အားလုံးလဲ နေကောင်းကြပါတယ် ... ငြိမ်း ပြန်လာမယ့်နေ့ကို အားလုံးက ကျန်းကျန်းမာမာ နဲ့ စောင့်နေကြ/တယ်... ဒါကြောင့် ငြိမ်း ပြန်လိုက်ခဲ့တော့နော် ..."
" စည်သူက ဘယ်မှာနေတာလဲ ..."
ငြိမ်းက စိုင်းခွန်နောင်၏ အမေးကို မဖြေဘဲ သိချင်တာကို မေးလိုက်သည်။
" စည်သူက ဦးလေးနဲ့နေတယ် ငြိမ်း ..."
"ဪ "
"ဒါနဲ့ ငြိမ်း ကိုယ်နဲ့ပြန်လိုက်ခဲ့မှာ မဟုတ်လား ......"
စိုင်းခွန်နောင်က ငြိမ်းကိုကြည့်ပြီး မချင့်မရဲနှင့် ထပ်မေးလိုက်သည်။
ငြိမ်းသည် စိုင်းခွန်နောင်ကို သေချာစိုက်ကြည့်လိုက်ပြီးနောက် စိုင်းခွန်နောင်၏နားထင်စပ်မှ ဆံပင်ကို ဆောင့်ဆွဲလိုက်ပြီး အသံမာမာနှင့် ပြောလိုက်လေသည်။
" နင့်နောက်ကို ငါမလိုက်လဲ ...ငါ့နောက်ကို နင်လျောက်လိုက်နေမှာမဟုတ်လား တင်ထူးအောင်ရဲ့ "
ငြိမ်း၏ အပြောကြောင့် စိုင်းခွန်နောင်ခေါ်တင်ထူးအောင်သည် သဘောကျစွာပြုံးလိုက်ပြီးလျှင် ငြိမ်း၏ နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။
"မှန်တာပေါ့ ..ခင်ငြိမ်းစံရှိတဲ့နေရာက သာ တင်ထူးအောင် အတွက် ပျော်ရွှင်စရာ ကမ္ဘာတစ်ခုပဲဟာ ..."
@@@@@@@@@@@
ပြီးပါပြီခင်ဗျာ
အစမှအဆုံးထိ ဖတ်ရှုပေးကြသူများအား ကျေးဇူးအထူးတင်ရှိပါသည်။
ဧကြည်ဖြူ