ဧကြည်ဖြူ
" ချူ "
******************
"ငြိမ်း ...ဘယ်ကို လာတာလဲ "
စိုင်းခွန်နောင်၏ အမေးကြောင့် ငြိမ်း အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်သည်။
" ဟို ..ဟို ကော်ဖီခဏဝင်သောက်တာပါ... ကိုစိုင်းရော ဘယ်လာတာလဲ..."
"ကျွန်တော်လည်း ကိစ္စရှိလို့ ဒီဘက် လာတာပါ ...ငြိမ်း ဘယ်သွားမှာလဲ ကျွန်တော်လိုက်ပို့ပေးမယ် ..."
"ဟို ..ဟို ရတယ် ...ငြိမ်းက တက္ကစီငှားပြန်မှာ "
ငြိမ်းက စိုင်းခွန်နောင်ကို ငြင်းလိုက်ပြီး ကားသွားငှါးရန်ပြင်လိုက်လေသည်။
စိုင်းခွန်နောင်က ငြိမ်း ရှေ့တွင် ပိတ်ရပ်၍ တားဆီးလိုက်လေသည်။
"ငြိမ်း ကျွန်တော်လိုက်ပို့ပေးပါရစေ ... ကားပေါ်ကိုတက်ပါနော်.... ဒီနေ့ ငြိမ်းသွားချင်တဲ့နေရာမှန်သမျှကို လိုက်ပို့ပေးမယ် ... အခုတော့ ကားပေါ်တက်ပါ ...လူတွေ ကြည့်ကုန်ကြပြီး..."
ငြိမ်းက စိုင်းခွန်နောင်၏ မျက်နှာကိုတစ်ချက် စိုက်ကြည့်လိုက်ပြီးကားပေါ်သို့တက်လိုက်သည်။
စိုင်းခွန်နောင်သည် ကားကိုမောင်းနေရင်းမှ ငြိမ်းကို မသိမသာ အကဲခတ်နေမိသည်။
ငြိမ်းသည် ကားပေါ်တွင် တိတ်ဆိတ်စွာလိုက်ပါလာပြီးနောက် အတန်ကြာလျှင် စိုင်းခွန်နောင်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"ကိုစိုင်း ရဲရင့်တို့ အကြောင်းကိုဘယ်ချိန်ကတည်းက သိနေတာလဲ ..."
" ဗျာ ...."
စိုင်းခွန်နောင်မှာ ငြိမ်း၏ မေးခွန်းကြောင့် ကြောင်အသွားရလေသည်။
" အဲဒီနေ့က မမူယာ ဟန်ရဲ့ တိုက်ခန်းရှေ့မှာ ကိုစိုင်းရဲ့ ကားကို တွေ့လိုက်တယ်"
"အဲ့ ... အဲ့ဒါက ..."
စိုင်းခွန်နောင်က ငြိမ်း၏စကားကြောင့် ရုတ်တရက် ဘာပြန်ပြောရမည်မသိ ဖြစ်သွားမိလေသည်။
" မဖြေလည်း ရပါတယ် ....ကိုစိုင်းမသိဟန်ဆောင်နေရမှာစိုးလို့ ငြိမ်းက ပြောတာပါ "
ငြိမ်းက စိုင်းခွန်နောင်ကို ပြောလိုက်ရင်း တစ်ဖက်သို့မျက်နှာကိုလွှဲလိုက်သည်။
"ငြိမ်းကို ပြောစရာရှိတယ်... ဒါပေမဲ့ ကျွန်တော့် စကားကြောင့် ငြိမ်း တစ်မျိုးတော့ မထင်စေချင်ဘူး..."
စိုင်းခွန်နောင်က ငြိမ်းကိုကြည့်ပြီး မဝံ့မရဲ ပြောလိုက်မိသည်။
"ဟုတ်ကဲ့ ... ပြောလေ ကိုစိုင်း ..."
"ဟို...ဒီလိုပါ ငြိမ်း...ရဲရင့် အမေရဲ့ တာဝန်တွေကို ကျွန်တော် ယူပေးပါရစေ...အခုချိန်မှာ ရဲရင့်ရဲ့အမေကို တွေ့နေရတာ ငြိမ်းများစိတ်ပင်ပန်းနေမလာလို့ပါ ...."
စိုင်းခွန်နောင်၏ စကားဆုံးသောအခါ ငြိမ်းက အံကိုတင်းတင်းကြိတ်လိုက်မိပြီး စိုင်းခွန်နောင်ဘက်ကို လှည့်ကြည့်ပြီးပြန်ပြောလိုက်သည်။
"ငြိမ်းက ဘာအပြစ်မှ မလုပ်ရပါဘဲ...လူတစ်ယောက်ကို မုန်းဖို့ အခွင့်အရေးလေးတောင် ကံတရားက မပေးဘူး...တကယ်အဖြစ်လုပ်ခဲ့တဲ့သူတွေကတော့ အနေအစား မပျက်ဘဲ ပျော်ရွှင်နေလိုက်ကြတာနော်...."
"ငြိမ်းရယ် " စိုင်းခွန်နောင်စိတ်ထဲမှ သနားကြင်နာစ္စာ ရေရွတ်လိုက်မိပြီး ငြိမ်း၏ တင်းမာ အေးစက်နေသော မျက်နှာလေးကို ကြည့်လိုက်မိပြီး နှစ်သိမ့်စကားပြောလိုက်မိသည်။
" အားလုံးကို ဥပေက္ခာပြုလိုက်ပါ ငြိမ်းရယ်.. သူတို့အတွက် ကံ ကြမ္မာက ထိုက်သင့်တဲ့ အဖြစ်ဒဏ်ရှိပြီးသားပါ ..."
"နေချင်တာပေါ့ ...မူယာဟန်လို မိန်းမမျိုးတွေကြောင့် ဘ၀ပျက်သွားရတဲ့ မိသားစုတွေ...ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ မိသားစုတွေ အများကြီးရှိတယ်....ဒါပေမဲ့ အဲ့ဒီလို မိန်းမတွေအတွက် ထိုက်သင့်တဲ့ အပြစ် ဒဏ်ရယ် မရှိဘဲ အားလုံးက ကံတရားကိုလွှဲချနေပြီး သူတို့ရဲ့ အပြစ်တွေကို လျစ်လျူရှုနေကြတော့ ...."
စိတ်ထဲရှိတာတွေကို ပြောချလိုက်ပြီးနောက် ငြိမ်းက ကားပြတင်း မှန်မှတဆင့် အဝေးသို့ငေးကြည့်နေမိလေသည်။
စိုင်းခွန်နောင်လည်း ငြိမ်းကိုကြည့်ကာ မလုံမလဲစိတ်ကြောင့် နှုတ်ဆိတ်လျက် ကားကို မောင်းခဲ့လေသည်။
*********************
"စိုင်း...ထအုံး ....လိုင်းဖွင့်ကြည့်အုံး....လိုင်းပေါ်မှာ မူယာဟန်နဲ့ရဲရင့်ရဲ့ ဗီဒီယိုဖိုင်တွေနဲ့ ပုံတွေ ပလူပျံနေတာပဲ..."
"ဗျာ ...ဘာ ...ဘာပြောတယ် ကိုဆန်း.. ဘာဗီဒီယိုတွေလဲ...."
ကိုဆန်း၏ စကားကြောင့် စိုင်းခွန်နောင် အိပ်နေရာမှ အမြန်ထလိုက်သည်။
" ဘာရမှာလဲ ဟိုဗီဒီယိုတွေပေါ့ကွ...ဗီဒီယို ဖိုင်တွေကတော့ ကြည်လင်ပြတ်သားနေရောပဲ ...ခုချိန်လောက်ဆို ငြိမ်းလဲ သိပြီး လောက်ပြီထင်တယ် အခြေအနေ သွားကြည့်လိုက်အုံး...ဒါနဲ့ဒါတွေကို ဘယ်သူ တင်လိုက်တာလဲကွ ...မူယာဟန်ကိုယ်တိုင်တော့ မဟုတ်လောက်ဘူးထင်တယ်..သူ့ ဇယားကြီးသိသွားရင် အသတ်ခံရမယ့်ကိန်းကွ ...ဒါနဲ့ငြိမ်း များတင်လိုက်တာလား..."
စိုင်းခွန်နောင်မှာ ဆန်းလင်းအောင် ပြောနေသော စကားများကို ဂရုမပြုနိုင်ဘဲ ကွန်ပျူတာရှေ့တွင် ထိုင်ချလိုက်ပြီး ဖွင့်ကြည့်လိုက်လေသည်။ဆန်းလင်းအောင်က ခုံကိုဆွဲယူကာ စိုင်းခွန်နောင်ဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်
" အကြမ်းတွေချည်းပဲ စိုင်းရ ...မင်းကြည့်နိုင်မှာမဟုတ်ဘူး .... အရှက်အကြောက်ကြီးတဲ့ မိန်းမဆိုရင် ဓါတ်ပုံတွေနဲ့တင် သေနိုင်တယ်... ဒီကြားထဲ မူယာဟန်က သူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်နဲ့ အဝတ်အထည် ဖက်ရှင်လောကမှာ လူသိများတဲ့ သူဋ္ဌေး ဆိုတော့ သွားပြီပေါ့ကွာ "
စိုင်းခွန်နောင်သည် ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်နေရင်းမှ ကွန်ပျူတာကို ပိတ်လိုက်ပြီး ခုံမှ အမြန်ထကာ ဆန်းလင်းအောင်ဆီ ခွင့်တိုင် လိုက်လေသည်။
"ကိုဆန်း ...ကျွန်တော်ကို ဒီရက်ပိုင်း အလုပ်ပျက်ခွင့်ပေးပါဗျာ...ဆိုင်ကိစ္စတွေကို ကိုဆန်းပဲ တာဝန်ယူပေးပါ..."
"ဟ ...မင်းက ဘာလုပ်အုံးမလို့လဲကွ "
စိုင်းခွန်နောင် စကားကြောင့် ဆန်းလင်းအောင်က ယောင် နနနှင့် ခေါင်းငြိမ်းပြလိုက်ရင်းပြန်မေးလိုက်သည်။
"ဒီပုံအတိုင်းဆို ငြိမ်းမှာအန္တရာယ်ရှိလောက်တယ် ကိုဆန်း...မူယာဟန်က ငွေရှိရုံတင်မဟု တ်ဘူး ကြောက်ဖို့ကောင်းတဲ့စိတ်ဓါတ်ပါရှိတဲ့သူပဲ ..ဒီထဲက စာတွေအရဆို သူက ရဲရင့်ကို ခြိမ်းခြောက်ခဲ့တာပဲ....သူ့သဘောက သူကရဲရင့်ကို စိတ်အပန်းပြေရုံ အပျော်တွဲမယ် ... ဒါပေမဲ့ ရဲရင့်က ငြိမ်းနဲ့ဝေးရမှာကို ကြောက်ပြီး သူနဲ မပတ်သက်ဖို့ဆုံးဖြတ်ခဲ့ပုံပဲ...ဒါကြောင့် သူက ငြိမ်းရိပ်မိအောင် တမင်လုပ်ခဲ့တာပဲ....ကြားထဲက မလည်ရှုပ်လုပ်ခဲ့မိတဲ့ ရဲရင့်က အသက်ပါဆုံးခဲ့ရတာပေါ့....သူတို့ထက်ပိုဆိုးသွားတာက ငြိမ်းပဲ....ရဲရင့်ကို ရွံရှာ ဒေါသထွက်နေချိန်မှာ ရုတ်တရက် ရဲရင့်ဆုံးသွားတော့ သူ့မှာ ဒေါသဖြေစရာလူမရှိတော့တဲ့အပြင် ရဲရင့်အမေကိုပါ စောင့်ရှောက်ပေးရတဲ့ဘ၀ကို ရောက်ခဲ့ရတယ်လေ. ..ပြီးတော့ ငြိမ်းက သူ့အဖေကို လက်စားချေမယ်ဆိုပြီး စိတ်တင်းပြီးနေလာခဲ့ရာက ...လမ်းဘေးမှာ သူ့အဖေကို ပြန်တွေ့ခဲ့ရတော့ သူတော်တော်စိတ်ထိခိုက်ခဲ့တာဆိုတော့...."
"အေး ငါလဲ ခုမှတွေးမိတယ် ... မူယာဟန်ကများ ငြိမ်းကို ရန် လာပြုခဲ့ရင် ...ငြိမ်းရဲ့ စိတ်ထဲက ဒေါ်သတွေ ပွင့်ထွက်သွားလောက်တယ်ကွ ..."
ဆန်းလင်းအောင်က စိုးရိမ်တကြီးနှင့်ပြောလိုက်သည်။
"ဟုတ်တယ် ကိဆန်း ကျွန်တော် စိုးရိမ်တာ အဲ့ဒါပဲ ..."
စိုင်းခွန်နောင်က ပြောရင်းမှ အပြင်သို့သွားရန် အမြန်ဆုံးပြင်ဆင်လိုက်လေသည်။
*****************
"မမငြိမ်း ....အိမ်ထဲမှာ သွားနေလေ ...ဆိုင် အတွက် စိတ်ချပါ...ဒီနေ့ ဆိုင်ထဲကို မလာနဲ့တော့နော်..."
ဆိုင်မှ အလုပ်သမားကောင်မလေးတွေက ဆိုင်ဝတွင် မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး စူးစမ်းအကဲခတ်နေကြသော လူအချို့ကို ကြည့်ပြီး ငြိမ်းကို အိမ်ထဲဝင်နေရန်ပြောလာလေသည်။ငြိမ်းက ခေါင်းကို အသာငြိမ့်ပြလိုက်ပြီး အိမ်တွင်းသို့ ဝင်ခဲ့လိုက်လေသည်။
******************
"သမီး ...အမေ၀င်ခဲ့မယ်နော် "
ခေါ် ငြိမ်းဝေက ငြိမ်း၏ အခန်းဝမှ အသံပေးလိုက်ပြီး ငြိမ်း၏ အခန်း ထဲသို့ဝင်ခဲ့လေသည်။
ငြိမ်းက မှန်တင်ခုံရှေ့တွင် ထိုင်နေရင်းမှ နောက်သို့ ပြန်လှည့်ပြီးမိခင်နှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်လေသည်။
"သမီး ... ဘာတွေဖြစ်နေကြတာလဲဟင် ...ရဲရင့်နဲ့ မူယာဟန်နဲ့ဗီဒီယိုဆိုတာ ဘာကိုပြောတာလဲ ... ဒီနေ့မှ ဆိုင်ကိုလဲ ...လူတွေ လာလှချည်လား..."
"ဘာမှမဟုတ်ဘူး အမေ...မသိချင်ယောင်ဆောင်နေလိုက်ပါ ..."
ဒေါ်ငြိမ်းဝေက ငြိမ်း၏ အေးစက်စက် မျက်နှာကို အကဲခတ်ကြည့်လိုက်သည်။
" အမေတို့ အိမ်ပြောင်းကြမလား သမီး ...."
"ရှင် ... ဘာလို့လဲ အမေ ....ဘာလို့ ပြောင်းရမှာလဲ ...သမီးတို့က ဘာအပြစ် လုပ်ထားလို့လဲ ...."
ငြိမ်းက မိခင်ကို ကြည့်ပြီး အေးစက်စက် ပြန်ပြောလိုက်သည်။
"အင်းပါ သမီးအဆင်ပြေရင် ပြီးတာပဲ ... လူတွေ ဘာတွေပြောပြော အချိန်တန်လို့ မောသွားရင် ပါးစပ်ပိတ်သွားကြမှာပဲလေ..."
"ရပါတယ် အမေရယ် ... သမီး ဘာမှမဖြစ်ပါဘူး...တကယ်လို့ ဒီနေ့ ရဲရင့်အမေ လာခဲ့ရင် သမီးမတွေ့ချင်လို့ အမေပဲ ပြောလိုက်တော့ ...."
"အင်းပါ ..အမေပဲပြောလိုက်ပါ့မယ် ...ဒါဆို အမေ အောက်ထပ် သွားတော့မယ် "
ဒေါ်ငြိမ်းဝေက ပြောပြီး ငြိမ်း၏အခန်းထဲမှ ပြန်ထွက်ခဲ့သည်။
*******************
" ချစ်သူ့ဆီကို... အတောင်ပံ ...ဖြန့်ကျက်လို့သွားချင်တယ်...."
ငြိမ်း မှန်တင်ခုံရှေ့တွင် ထိုင်နေစဉ် မှသင် ဖုန်းသံက ထမြည်လာလေသည်။ငြိမ်းက ဖုန်းကို ကောက်ယူ နားထောင်လိုက်သည်။
"ဟယ်လို.."
"ခင်ငြိမ်းစံ ... နင်လုပ်တာမဟုတ်လား ...နင့်ကို အသရေဖျက်မှုနဲ့ တရားစွဲမယ် "
ငြိမ်းဖုန်းကို ကောက်ကိုင်လိုက်သည်နှင့် တစ်ဖက်မှာဒါသတကြီးနှင့် ပြောလာသော မူယာဟန်၏ အသံကို ကြားလိုက်ရလေသည်။ငြိမ်းက နှုတ်ခမ်းကို တွန်၍ ပြုံးလိုက်ပြီး
"ဒီမှာ မမူယာ...လုပ်ချင်ရင်လုပ်လိုက်လေ...ရှင်တို့ကြောင့် ... ငြိမ်းလည်း အခု အိမ်ထဲက အိမ်ပြင်မထွက်ရဲအောင် ရှက်နေရတာမို့ ...လူသိရှင်ကြားဖြစ်သွားအောင် သွားတိုင်လိုက်ပါ....ပြီးတော့ ခုဖုန်းပြောတာကို သက်သေအဖြစ် အသံသွင်းထားမို့ သက်သေတစ်ခု တိုးတာပေါ မမူယာ..."
ငြိမ်းက မူယာဟန်ကို ခပ်ရွဲ့ရွဲ့ပြန်ပြောလိုက်ပြီး တစ်ယောက်တည်းသဘောကျစွာ ရယ်လိုက်မိလေသည်။
"ဘာ ... ခင်ငြိမ်းစံ....နင်...နင်ကြောင့် ငါ့ဘဝပျက်စီးသွားစီးသွားပြီဟဲ့ သိရဲ့လား...ငါ့မိသားစု ငါ့အသိုင်းအဝိုင်းမှာလည်း မျက်နှာမပြရဲတော့ဘူး ....နင့်ကို ခွင့်မလွှတ်ဘူး ...နင် မကြာခင် ငါ့အကြောင်း သိစေရမယ် ခင်ငြိမ်း စံ ..."
"ဟုတ်ကဲ့ ....စောင့်မျှော်နေပါ့မယ် ဒေါ် မူယာဟန်...ရှင့်ရဲ့ အပျော်တွေ အပျက်ဖြစ်သွားလို့ စိတ်မကောင်းပါဘူးရှင်.... ဒါပေမဲ့ရှင်တို့လို မိန်းမတွေက ဒီထက်ဆိုးဝါးတဲ့ ဘ၀မျိုးနဲ့ အဆုံးသတ်ရမှာ .... အခုတော့ ရှင်ဘဝ နေစရာမဲ့မဲ့...စားစရားမဲ့မဲ့ဘ၀ကို မရောက်သေးတော့ စိတ်ထဲမကျေနပ်သေးဘူး ..."
" တောက် "
ငြိမ်းပြောနေစဉ်မှာပင် မူယာဟန်က တက်တစ်ချက် ခပ်ပြင်းပြင်းခေါက်ပြီး ဖုန်းချသွားသော ကြောင့် ငြိမ်းလက်ထဲမှ ဖုန်းကို စားပွဲပေါ်သို့တင်လိုက်စဉ် မှာပင် နောက်ထပ် ဖုန်းဝင်လာသောကြောင့် ကြည့်လိုက်သော အခါ " စိုင်းခွန်နောင် "ဆိုသော နာမည်ကြောင့် ရင်ထဲ ဒိန်းခနဲ ဆောင့်ခုန်သွားပြီး ငြိမ်း တုန်တုန်လှုပ်လှုပ် နှင့် ဖုန်း ပါဝါကို ပိတ်ချပစ်လိုက်လေသည်။
*****************
ဒေါ်ငြိမ်းဝေ သည် ငြိမ်းရှိရာ စာကြည့်ခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် ငြိမ်းကို လှမ်းမေးလိုက်သည်။
"သမီး ဘယ်သွားစရာရှိသေးလဲ ... အမေအပြင် ခဏလောက်သွားမလို့ ...."
ငြိမ်းကစာဖတ်နေရာမှ မိခင်ဖြစ်သူ၏ အသံကြောင့် မော့ကြည့်လိုက်ပြီး ခေါင်းကို ခါယမ်းပြရင်း ပြန်ဖြေလိုက်သည်။
"သမီး သွားစရာမရှိပါဘူး ...ဒါနဲ့ အမေက ဘယ်သွားမလို့လဲ "
ငြိမ်း၏ အမေးကြောင့် ဒေါ်ငြိမ်းဝေမှာ ဆတ်ခနဲ တုန်လူပ်သွားမိသော စိတ်ကို ထိန်းလိုက်ပြီး ဟန်မပျက် ပြန်ဖြေလိုက်သည်။
"စည်သူကျောင်းပိတ်ရက်ဆိုတော့ ....သူ့အဖေဆီ သွားပို့ပေးမလို့ ... ပြီးတော့ ကျောင်းကြီးပိတ်မှပဲ ပြန်ပို့ပေးမယ့်အကြောင်း ပြောမလို့လေ...."
" ဟုတ်ကဲ့ အမေ .သွားလေ ... သမီးလည်း စည်သူလေးရဲ့ အဖေကို တစ်ခါမှကို မတွေ့ဖူးသေးဘူး.... တစ်ခါလောက် တွေ့ပြီး လိုအပ်တာတွေ နည်းနည်းပါးပါး ကူညီပေးလိုက်အုံးမယ်....."
"အင်း ....အင်းပါ ... တစ်နေ့လောက် ... အိမ်ကို ခေါ်လိုက်မယ်လေ.... အခုတော့ အမေ သွားလိုက်အုံးမယ် ...."
"ဟုတ်ကဲ့ အမေ...တက္ကစီစီးသွားနော် အမေ...လိုင်းကားစီးမနေနဲ့အုံး .."
******************
မိခင်ဖြစ်သူ ထွက်သွား သည်နှင့် ငြိမ်းလည်း စာကြည့်စားပွဲမှ ထလာခဲ့ပြီး ဖုန်းကိုဆက်လိုက်ရင်းမှ အပေါ်ထပ်သို့ တက်ခဲ့လေသည်။
"ဟယ်လို "
" ကဲ့ ..အစ်မရေ ... ဘယ်လိုလဲ သတင်းတွေကြား တယ် မဟုတ်လား...သူ့အိမ်မှာလဲ နေခွင့်မရတော့ဘူးဗျ ....သူ့ဘိုးတော်ကြီးက ရှက်လို့ ဆိုပြီး အိမ်ကို အလာမခံဘူးတဲ့ ...ဆိုင်လည်းပိတ်ထားရတယ်... ပြီးတော့ ဟိုတိုက်ခန်းကိုလည်းရတဲ့ဈေးနဲ့ရောင်းထုတ်ပစ်လိုက်ပြီတဲ့ ...."
.. တစ်ဖက်မှ
လူ၏စကားသံကို နားထောင်ရင်း ငြိမ်းက သိချင်တာကို မေးလိုက်သည်။
"သူနဲ့ တိတ်တိတ်ပုန်း ဖြစ်နေတဲ့ သူက ရော "
" ဟာ ... သူက အဆိုးဆုံးပေါ့ ..သူ့ကိုတော့ ဟိုနေ့ ယူမယ်... ဒီနေ့ယူမယ်နဲ့ အပျော့ဆွဲဆွဲထားပြီး .....လူမသိအောင် ရှုပ်နေတာတွေကို အခုသိသွားတော့ အဘိုးကြီးကလူကိုယ်တိုင်တောင် ဆင်းမတွေ့ဘဲ ခြံစောင့်ကတဆင့် မောင်းထုတ်ခဲ့တာဗျ ... ဘွားတော်ကြီးက ငရှုပ်ပါဗျာ... ခုတော့ တည်းခိုခန်းတစ်ခုမှာ တည်းနေတယ်..."
"ဟုတ်လား ...ကျေးဇူးပဲ... ကျန်တဲ့ငွေနဲ့ အပိုဆုငွေပါ ပေးမယ်....."
ငြိမ်း လက်ထဲမှဖုန်းကို ချပြီး အပြင်သွားရန် ပြင်ဆင်လိုက်သည်။
*********************
" ဒီမှာ ကိုအောင်မင်း ... ရှင် ဒီရက်အတွင်း ရှင့်သားနဲ့မတွေ့နဲ့အုံး ....တော်ကြာ သမီးလေး မတော်တဆတွေ့သွားရင်မလွယ်ဘူး ..ခုချိန်မှာ သမီး စိတ်က ကြည်တာ မဟုတ်ဘူး....ခုလည်းထူးထူးက တိုင်ပင်စရာရှိတယ်ဆိုလို့သာ လာခဲ့ရတာ ...သမီးကို အိမ်မှာ ထားခဲ့ရတာ စိတ်ကမဖြောင့်ဘူး...ဒါကြောင့်မို့ဒီမှာပဲ ချိန်းလိုက်တာ ..... ထူးထူးက ဒေါ်လေးကို ဘာပြောချင်လို့လဲ ....မြန်မြန်ပြောပြီး မြန်မြန်ပြန်ကြတာပေါ့ကွယ်....."
ဒေါ်ငြိမ်းဝေက စားပွဲခုံမှာ ဝင်ထိုင်လိုက်သည်နှင့် အလောသုံးဆယ် ပြောလိုက်လေသည်။
"ဟုတ်ကဲ့ ...ကိစ္စက ငြိမ်းကိစ္စပါပဲ ....ခုဆိုမမူယာဟန်က ....သူ့အသိုင်းဝိုင်းမှာရော..လူ့ပတ်ဝန်းကျင်မှာပါ အရုက်တကွဲဖြစ်နေပြီ... အိမ်ကလဲ နှင်ချခံလိုက်ရသလို.....စီးပွားရေးတွေလည်း ဘာမှလုပ်မရတော့တဲ့ အခြေအနေထိ ရောက်သွားတာ ....အဲ့ဒီအတွက် သေချာတာက ငြိမ်းကို အငြိုးထားလိမ့်မယ်...အဲ့ဒါကြောင့် ငြိမ်းကို စောင့်ကြည့်မှ ဖြစ်မယ်ထင်တယ် ဒေါ် လေး...ကျွန်တော်လည်း မမူယာဟန်ကို စောင့်ကြည့်ဖို့ လူတစ်ယောက်ဆီမှာ အကူအညီတောင်းထားတယ် ...ညီလေးကလဲ အိမ်ရောက် တာနဲ့ မင်းမမငြိမ်းနားမှာကပ်နေနော် ..."
"ဟုတ်ကဲ့ပါ ကိုကြီး "
" အေးပါကွယ် ...ထူးထူးရယ် သားရှိလို့သာပေါ့ ...မဟုတ်ရင် အဒေါ်တော့ ဘာလုပ်ရမှန်းမသိဘူး ... မွေးထားတဲ့အဖေက ပေးခဲ့တဲ့ စိတ်ဒုက္ခတွေကြောင့် ..... မင်းသူငယ်ချင်း ငြိမ်းက ဒီလိုဖြစ်နေတာပါ...တကယ်တမ်းပင်ကိုယ်စိတ်က တစ်ဖက်သားကို သနားကြင်နာတတ်တဲ့သူပါ ...အဲ့ဒါတွေအားလုံးက ရှင့်ကြောင့်ပဲ ကိုအောင်မင်း ...ထူးထူးရယ် သားကိုတော့ အားနာပါတယ်... ဒီကိစ္စတွေအားလုံးပြီးရင် ဒေါ်လေးတော့ မင်းတို့နဲ့ အဆက်အသွယ်ဖြတ်ပြီးနေချင်တယ်...သမီးကို စိတ်ပျော်ရွင်နေတာပဲမြင်ချင်တယ်
ဒေါ်ငြိမ်းဝေ၏ စကားကြောင့် စိုင်းခွန်နောင်မှာ မျက်နှာကို အောက်သို့ ငုံ့ချလိုက်မိသလို ဦးအောင်မင်းကလည်း ဒေါ်ငြိမ်းဝေကိုကြည့်ပြီး ခပ်တိုးတိုးပြန်ပြောလိုက်လေသည်။
"အေးပါ ငြိမ်းဝေရာ .... နင်ကလဲ ကလေးရှေ့မှာ ဒီလိုပြောရလား ....သားလေးက သူ့အစ်မကို သံယောစဉ် တွယ်နေပြီဟ ..."
****************
ငြိမ်းသည် လက်ထဲမှ ငွေထုတ်ကို စားပွဲခုံပေါ်သို့ ချလိုက်ပြီး ရှေ့ကလူဆီသို့ ပေးနေစဉ်မှာပင် အထပ်သား ခပ်ပါးပါးတစ်ချပ်သာ ခြားထားသော တစ်ဖက်ခန်းဆီမှ စကားသံများကို နားထောင်ပြီး ရင်တွေ တဒိန်းဒိန်းဆောင့်ခုန်လာမိလေသည်။မိခင်ဖြစ်သူ၏ အသံနှင့် အတူ ကြားလိုက်ရသော စကားသံများကြောင့် ငြိမ်းသည်ဘေးအခန်းဆီသို့ ခြေဦးလှည့်လိုက်မိလေသည်။
****************
" ကဲ .. စည်သူပြန်ကြရအောင်ကွယ် ... ဒေါ် လေးတို့ပြန်မယ် ထူးထူး မင်းသူငယ် ...."
"အမေ "
ဒေါ်ငြိမ်းဝေ၏ အသံမဆုံးခင်မှာပင် အခန်းဝမှ လိုက်ကာစလေးမှာ လွှင့်ခနဲ မြောက်တက်သွားပြီး ထွက်ပေါ်လာသော ငြိမ်း၏အသံကြောင့် ဒေါ်ငြိမ်းဝေတို့ အားလုံး လန့်ဖျပ်သွားကြလေသည်။
"သမီး "
"ငြိမ်း"
"မမငြိမ်း "
ငြိမ်းသည် လိုက်ကာစကို မလိုက်ချိန်၌ တွေ့မြင်လိုက်ရသော မြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာကြည့်နေမိရင်းမှ နှုတ်မှလည်းလှမ်းမေးလိုက်မိလေသည်။
" ရှင်က ထူးထူးပေါ့ ဟုတ်လား ကိုစိုင်းခွန်နောင် ... ဒါနဲ့ စည်သူ မင်းအဖေကရော ဘယ်သူလဲ..."
@@@@@@@@@@@@@@@@
ဇာတ်သိမ်းပိုင်း ဆက်ရန်
ဧကြည်ဖြူ