းဧကြည်ဖြူ
" ချူ "
******************
"အရက်တွေ အတော်လေး သောက်ထားပြီး ကားကို မိုင်ကုန်မောင်းခဲ့ပုံပဲ...ကံကောင်းလို့ ညဘက်ဖြစ်နေလို့ ပေါ့.... မဟုတ်ရင် တခြားသူတွေပါ ထိခိုက်ကုန်မှာ ...လမ်း အရှင်းကြီးမှာကို ကားက လမ်းဘေးကသစ်ပင်ကို ဝင်ဆောင့်ခဲ့တာ...."
နားထဲတွင် ကြားနေရသော အသံများကိုကျောခိုင်းပြီး ပိတ်ဖြူဖြင့် ဖုံးလွှမ်းထားသော ရုပ်အလောင်းရှိရာသို့ ငြိမ်းလျှောက်လှမ်းသွားလိုက်သည်။ဘေးတွင် ရပ်နေသော လူတစ်ယောက်က ပိတ်ဖြူကို အသာလှပ်ပြသည်။ ပိတ်ဖြူ အောက်တွင် ပေါ်လာသော ရဲရင့်၏မျက်နှာတွင် သွေးစ အနည်းငယ်မျှနှင့် ယောင်ယမ်း ညိုမည်းနေသည့် ဒဏ်ရာအချို့ကိုတွေ့ရသည် ။ တင်းတင်းစေ့ထားသော နှုတ်ခမ်းများ။မပွင့် တပွင့် ဖြစ်နေသောမျက်လုံးများ။အရာရာသည် အေးစက် တိတ်ဆိတ်နိုင်လွန်းလှသည်။
" ရုပ်ပျက် ဆင်းပျက် ဖြစ်မသွားတာပဲ ကျေးဇူးတင်ရမယ်......"
"အမလေး ...သားလေးရယ်...အမေ့ကို ထားခဲ့ပြီလား .... တစ်မိသားစုလုံး အတူတူ ခရီးထွက်ကြမယ်ဆို...အီး ..ဟီး ...ဟီး...သမီးလေးငြိမ်း...သားလေးကို ကယ်ပေးပါးအုံးနော်....အဒေါ် ... တောင်းပန်.....
"
ရဲရင့်၏ မိခင်သည်ပြောရင်မှ ခွေခနဲ လဲကျသွာလေသည်။
" မအေးမွန် ...သတိထားလေ...သတိထားပါအုံး....စိတ်ကို ထိန်းပါအုံး မအေးမွန် ..."
ဒေါ်ငြိမ်းဝေသည် လဲကျသွားသော ရဲရင့်၏ မိခင် ဒေါ်အေးမွန်ကို ဖေးမထိန်းကူရင်း သူနာပြု တစ်ယောက်၏ အကူအညီနှင့် ခေါ်ထုတ်သွားရလေသည်။
"ထုံးစံအတိုင်း သုံးရက်ပဲထားမယ် ... အမေနဲ့ ဒေါ် လေးကလဲ စိတ်ထိခိုက်နေကြတာမို့ ...ကိစ္စ အစအဆုံးကို ဦးလေးတို့ဆီမှာ အကူအညီတောင်းပါတယ် ...သင့် တော်သလို စီစဉ်ပေးကြပါ "
ငြိမ်းက ရပ်ကွက်၏ လူမှုအသင်းအဖွဲ့မှ လူကြီးများကို အကူအညီတောင်းလိုက်သည်။ပြီးလျှင် ခုတင်ပေါ်တွင် ရှိနေသော ရဲရင့်၏ သက်မဲ့ခန္ဓာကိုယ်ကို တစ်ချက် စိုက်ကြည့်ပြီး အပြင်သို့ထွက်လာခဲ့သည်။ရဲရင့်၏ သက်မဲ့ခန္ဓာကိုယ်ကို ကျောခိုင်းပြီးထွက်လာသည့်အခါ ငြိမ်း၏ လည်ချောင်းတစ်လျှောက်န့် စူးရှနာကျင်၍နေသည်။သို့သော် မျက်ရည်တစ်စက်မျှ ကျမလာခဲ့ပေ။
*****************
"သနားပါတယ်ဟယ် ... "
" သေသွားတဲ့သူလဲ သနားဖို့ကောင်းသလို...ကျန်ခဲ့တဲ့သူလဲ သနားဖို့ကောင်းတယ်..."
"အေးဟယ် ... မင်္ဂလာပွဲရက်ကြီးမှာ ဖြစ်သွားတာ"
တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသော လူအုပ်ကြားထဲမှ ငြိမ်းသည် အသုဘ ခန်းမ၏ ၀င်ပေါက်သို့ မျှော်ကြည့်မိလိုက်ပြန်သည်။
ဒေါ်ငြိမ်းဝေသည်လည်း သမီးဖြစ်သူ ကြည့်နေသော နေရာသို့ လှမ်း၍ကြည့်လိုက်မိသည်။ထိုအခါ ဧည့်သည် များကြားမှ အနက်ရောင်ဝတ်စုံပြည့်နှင့် ဝင်လာသော မူယာဟန်ကို ကြည့်ပြီး ဒေါ်ငြိမ်းဝေဆတ်ခနဲ တုန်လှုပ်သွားမိသည်။ပြီးလျှင် သမီးဖြစ်သူ၏ လက်ကို ယောင်ယမ်း၍ ဆွဲယူဖျစ်ညှစ်လိုက်မိလေသည်။
ငြိမ်းက မိခင်၏ လက်မှ အသာရုန်းထွက်လိုက်ပြီးလျှင် အနားသို့ လျှောက်လာသော မူယာဟန်၏လက်ကိုဆွဲကာ အသက်ဝိညာဉ်ကင်းမဲ့နေပြီဖြစ်သော ရဲရင့်၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရသော နေရာသို့ ဆွဲခေါ်ယူလိုက်လေသည်။
မူယာဟန်သည် ဟန်မပျက်ပင် ငြိမ်း၏ ဘေးတွင် ရပ်လျက် ရဲရင့်၏ရုပ်အလောင်းကိုကြည့်လိုက်လေသည်။
"လာပေးတာ ...ကျေးဇူးပါ မမူယာ...ရဲရင့်ကလည်း မမူယာကို မျှော်နေမယ်ထင်ပါတယ်.....သူ့ရဲ့နောက်ဆုံးအချိန်မှာ ကျွန်မထက် ပိုပြီးရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မမူယာကိုပဲ တမ်းတခဲ့မှာ သေချာပါတယ်...."ငြိမ်းက မူယာဟန်၏နားနားသို့ ကပ်ပြီး လေသံမျှနှင့် ပြောလိုက်သည်။ငြိမ်း၏ စကားကြောင့် မူယာဟန်သည် တုန်တုန်ယင်ယင်နှင့် ဖြစ်သွားသလို ရဲရင့်၏ ရုပ်အလောင်းကိုမကြည့်ဘဲ မျက်နှာကိုဘေးသို့အနည်းငယ်မျှလွှဲ၍ထားလေသည်။
"ကြည့်ပါအုံး ...မမူယာရယ်...အိပ်နေတဲ့အတိုင်းပဲနော်...နောက်ဆုံးအနေနဲ့ သူ့နဖူးလေးကို လက်နဲ့ အသာလေး ထိပြီး နှုတ်ဆက်ပေးပါနော်... သူ့ရဲ့ ဝဋ်ကြွေးတွေဒီဘ၀မှာတင် ပြီးဆုံးသွားဖို့ ကျွန်မတို့ ဆုတောင်းပေးကြတာပေါ့..."
ငြိမ်းကလေသံအေးအေးလေးနှင့် ပြောလိုက်ပြီးလျှင် မူယာဟန်၏လက်ကိုဆွဲယူလျက် ရုပ်အလောင်းကိုထိကိုင်စေလိုက်လေသည်။ထိုအခါ မူယာဟန်သည် အထိတ်တလန့်နှင့် သူ၏ လက်ကို အတင်းပြန်ရုန်းလိုက်လေသည်။ထိုအပြုအမူကို ငြိမ်းက မသိယောင်ပြုပြီးနေလိုက်သည်။
ဒေါ်ငြိမ်းဝေသည် ငြိမ်းနှင့်မူယာဟန်ကို အလွှတ် မပေးဘဲ စောင့်ကြည်နေလေသည်။
" ပြီးရင် ...ရဲရင့်ရဲ့အမေကို နှုတ်ဆက်သွားပေးပါအုံး မမူယာ... သူတို့မှာ ပြေးကြည့်မှာ သားအမိ နှစ်ယောက်တည်းရှိတာလေ...ရဲရင့် အဖေတော့ ရှိပါသေးတယ်...ဒါပေမဲ့ မယားငယ်နဲ့လေ ... သားသမီးဆုံးတာတောင် မလာနိုင်တဲ့ ဘဝပါ...အသက်ကြီးမှ တဏှာဖက်တော့ မိသားစုတွေ ဘ၀ပျက်ရတာပေါ့ ...သားကလဲ အဖေတူဖြစ်သွားတော့... ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီး ဘ၀တော့ ဒုက္ခပင်လယ်ဝေပြီပေါ့..."
ငြိမ်း၏ စကားကြောင့် မူယာဟန်သည် မျက်နှာကွက်ခနဲပျက်သွားရုံမျှမက မသိမသာနှင့် ခြေလှမ်းများကို နောက်သို့ ဆုတ်လိုက်လေသည်။
ငြိမ်းသည် နောက်သို့ မသိမသာဆုတ်သွားသော မူယာဟန်၏ လက်ကိုတင်းတင်းကြပ်ကြပ် ဆွဲထားလိုက်ပြီး မူယာဟန်နားသို့ကပ်ပြီးခပ်တိုးတိုးထပ်ပြောလိုက်သည်။
" ရဲ့ရင့်ကို ကြည်ပါအုံး မမူယာရယ်... နှစ်ဆယ့်လေးနှစ်ပဲ ရှိသေးတာပါ..ဘ၀တက်လမ်းတွေအများကြီးရှိသေးတဲ့အရွယ်ပါ...ဒီလိုချက်ချင်းကြီးဖြစ်သွားတော့ သူမကျွတ်လွတ်နိုင်မှာပဲစိုးရိမ်မိတယ်...မမူယာ လဲသူ့အတွက်အလှူအတန်းလေး လုပ်ပေးပါနော် ...ဇနီးမောင်နှံလို နေခဲ့တော့ တော်ကြာ သူ့စိတ်ထဲများစွဲနေမလားလို့ပါ "
" ရှင်"
မူယာဟန်သည် ငြိမ်းပြောလိုက်သော စကားကြောင့် အထိတ်တလန့် ဖြစ်သွားပြီးလျှင် လူအုပ်ကြားထဲမှ အတင်းတိုး၍ ရုန်းထွက်လိုက်လေသည် ။ သည်အခါ၌ ငြိမ်းသည်လည်း မူယာဟန်၏နောက်သို့ အလိုက်သင့်လိုက်သွားလိုက်လေသည်။
"ပြန်တော့မလို့လား မမူယာ...သင်္ဂြိုဟ်ပြီးတဲ့အထိ မနေတော့ဘူးလား ...ဘာပဲဖြစ်ဖြစ်လာပေးတာကျေးဇူးပါနော်..."
ငြိမ်းက မူယာဟန်၏ လက်ကို လွှတ်ပြီး ပြောလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့ ....ဆိုင်မှာ ဧည့်သည်တွေနဲ့ချိန်းထားလို့ပါ ငြိမ်း....မမူယာကို ပြန်ခွင့်ပြုပါအုံးနော် ..."
မူယာဟန်က အထစ်ထစ်အငေါ့ငေါ့ နှင့် နှုတ်ဆက်လေသည်။
ငြိမ်းက ခေါင်းကို အသာငြိမ့်ပြလိုက်သည်။မူယာ ဟန်ကျောခိုင်းထွက်ခွါသွားပြီး အခန်းပေါက်ဝသို့ရောက်သောအခါ ငြိမ်းက မူယာဟန်ကို အသံ မတိုးမကျယ်နှင့်လှမ်းခေါ်လိုက်သည်။
" ခဏနေပါအုံး ....မမူယာ "
မူယာဟန်သည် ငြိမ်း၏ခေါ်သံကြောင့် တုန်လှုပ်ချောက်ချားစွာဖြင့် နောက်သို့လှည့်ကြည့်လိုက်လေသည်။
ငြိမ်းက မူယာဟန်၏ အနားသို့ လျှောက်သွားပြီးလျှင် အသံ ခပ်တိုးတိုးနှင့် ပြောလိုက်သည်။
" ရဲရင့် မတော်တဆမှုဖြစ်တော့ သူ့ဖုန်းမပါသွားဘူးတဲ့ မမူယာ ..မမူယာဆီမှာများ ဖုန်း ကျန်ခဲ့သေးလား ဟင်.."
ပြောပြီးသည်နှင့် ငြိမ်းက ရုပ်အလောင်းအနားသို့ ပြန်လှည့်လျှောက်လာခဲ့သည်။ ငြိမ်းတို့ အနီးနားမှ လူများသည် ငြိမ်းနှင့် မူယာဟန်ကို စူးစမ်းသလိုကြည့်နေကြလေသည်။မူယာဟန်မှာတော့ ငြိမ်းပြောသွားသော စကားကြောင့် နေရာတွင်ပင် ကြက်သေသေလျက် ရပ်၍ကျန်ခဲ့လေသည်။
"ဆွေမျိုးတွေ ဆုံပြီဆိုရင် မီးသင်္ဂြိုဟ်ပါတော့မယ် ခင်ဗျာ ခွင့်ပြုပေးကြပါ"
သင်္ချိုင်းမှ တာဝန်ရှိသူ၏ ပြောစကားအဆုံးတွင် အလောင်းအနီးအပါးမှလူများ ဘေးသို့ ကပ်ပေးလိုက်ကြလေသည်။
အသုဘ အခမ်းအနားသည် ငိုသံတိတ်ဆိတ်လျက်ရှိသည် ။တစ်ဦးတည်းသော ငိုမည့်သူ ရဲရင့်၏ မိခင်မှာ သတိလစ်မေ့မျောသွားသောကြောင့် သိတတ်နားလည်သူအချို့က ပြုစုပေးလျက်ရှိလေသည်။အသုဘပို့ လာ သူများက ငြိမ်းကို အကဲခပ်စောင့်ကြည့်၍နေကြသည် ။ငြိမ်းလည်း ဘယ်အချိန်များ သတိလစ်မေ့လဲသွားရှာမည်လဲဟု သူတို့ တွေးထင်နေ ကြလေသည်။
ငြိမ်သည် တိတ်ဆိတ်ငြိမ်သက်စွာပင် ရဲရင့်၏ သက်မဲ့ခန္ဓာကိုယ်အား သက်ဆောင်သွားသော အခေါင်းတင် တွန်းလှည်း နောက်မှလိုက်ပါလာခဲ့လေသည်။
*****************
" တကယ်ဆို ဒီလိုအချိန်မှာ ငြိမ်းရဲ့ အနီးဆုံးမှာ မင်းကူညီပေးနေသင့်တာ စိုင်း "
ဆန်းလင်းအောင်က စိုင်းခွန်နောင်ကိုကြည့်ပြီးပြောလိုက်သည်။
စိုင်းခွန်နောင်က ကားပေါ်မှနေ သင်္ချိုင်းထဲသို့ လှမ်းကြည့်နေရင်းမှ ဆန်လင်းအောင် ကိုခပ်တိုးတိုးပြန်ပြောလိုက်လေသည်။
"သွားချင်တာပေါ့ ကိုဆန်းရာ...ဒါပေမဲ့ အဲ့ဒီကို ရောက်ရင် ကျွန်တော် ငြိမ်းအနားကို သွားမိမှာပဲ...အဲဒါဆို လူတွေရဲ့ မျက်လုံးတွေ ...ပါးစပ်တွေက ငြိမ်နေမယ် မထင်ဘူး...လူတွေငြိမ်းကို တစ်မျိုး မြင်မှာကို ကျွန်တော် အကြောက်ဆုံးပဲ ကိုဆန်း...."
စိုင်းခွန်နောင်သည် ပြောရင်း သုသာန် ထဲသို့ငေးမျှော်ကြည့်နေမိလေသည်။
******************
" ဘယ်လိုလုပ်မလဲ သမီး ..မအေးမွန်က သူ့သားတစ်လပြည့်ဆွမ်းကျွေးပြီးရင်လဲ ..အဲ့ဒီအိမ်မှာပဲဆက်နေချင်တယ်တဲ့လေး..သူ့သဘောက သူသားခေါင်းချသွားတဲ့အိမ်က မပြောင်းချင်တဲ့ သဘောပဲ ..."
ဒေါ်ငြိမ်းဝေက လက်ထဲမှ အထုတ်ကို ချလိုက်ပြီး ဆက်တီခုံမှာ ဝင်ထိုင်ရင်း ပြောလိုက်သည်။ယခင်နေ့ကမှ ရဲရင့်၏ အသုဘရက်လည်ပြီးဆုံးသွားသောကြောင့် ငြိမ်းတို့သားအမိ ယနေ့မှပင် မိမိတို့အိမ်သို့ပြန်လာခဲ့ကြခြင်းဖြစ်လေသည်။
" အခုတော့ စိတ်ထဲရှိ သလိုလုပ်ပါစေ အမေ ....သမီးတို့ပဲ တာဝန်ယူကြည့်ရှုစောင့်ရှောက်ပေးကြတာပေါ့.... ရေရှည်အတွက်တော့ သူတို့အမျိုးတွေက ကူညီမပေးဘူးဆိုရင် တစ်မျိုးတစ်ဖုံ စီစဉ်ကြတာပေါ့အမေ ..... အခုတော့ သမီးခဏလောက် အိပ်လိုက်အုံးမယ် ...အမေလည်း နားလိုက်အုံး ... တစ်ပတ်လုံး အအိပ်ပျက် အစားပျက်ထားတာ မဟုတ်လား...."
ငြိမ်းက မိခင်ကို ပြောပြီးသည်နှင့် အပေါ်ထပ်ရှိ မိမိ အခန်းရှိရာသို့ တက်ခဲ့လေသည်။
****************
ငြိမ်းသည် အခန်းထဲသို့ရောက်သောအခါ တံခါးကို ချက်ချပိတ်လိုက်လေသည် ။ပြီးနောက် ဗီဒိုကို ဖွင့်လိုက်ပြီး အထဲမှ ရဲရင့်၏ ဖုန်းကို ယူထုတ်လိုက်သည် ။ငြိမ်း၏ အခန်းထဲသို့ ရဲရင့်ဝင်လာပြီး တောင်းပန်ချိန်က ဖုန်းကျန်ခဲ့ခြင်းဖြစ်သည်။ဖုန်းပြန်ပေးချိန်ပင်မရလိုက်ဘဲ ထိုညကပင် ရဲရင့်ဆုံးပါးသွားခဲ့ခြင်းဖြစ်လေသည်။ရဲရင့်ဆုံးသွားပြီ ဆိုသောအခါ သူ၏ဖုန်းကို ငြိမ်းကြည့်ဖို့ရန်ဆုံးဖြတ်ခဲ့လိုက်သည်။ရဲရင့်နှင့် ငြိမ်းပတ်သက်ခဲ့သည့်သက်တမ်းတစ်လျှောက်၌ ရဲရင့်အား လေးစားသောအားဖြင့် သူ့ရဲ့ကိုယ်ရေးကိုယ်တာကို ငြိမ်း စွက်ဖက်ခြင်း ၊ အနိုင်ယူခြင်းမပြုခဲ့ပေ။ထို့ကြောင့်ပင် ရဲရင့်၏ ဖုန်းကိုး တစ်ခါတစ်လေမျှ တောင်းယူကြည့်ရှုခြင်း မပြုလုပ်ခဲ့ပါလေ။ရဲရင့်ဆုံးသွားပြီးသည့်နောက်မှာတော့ ဖုန်းကို နည်းပညာ ကျွမ်းကျင်သူထံအပ်နှံလိုက်ပြီး လျှို့ဝှက်နံပတ်ဖြင့် ပိတ်ထားသော် ဖုန်းကို ဖွင့်ခိုင်းလိုက်သည့်အပြင် ဖုန်းထဲမှ ဖျက်ထား ဖျောက် ထားသောပုံများနှင့် ဗွီဒီယိုဖိုင်များကိုပါ ပြန်ရှာခိုင်းထားလိုက်ခြင်းဖြစ်သည်။
ငြိမ်း အိပ်ရာပေါ်သို့ လှဲချလိုက်ပြီး ဖုန်းကို ဖွင့်ကြည့်လိုက်ပြီး ဖေ့ဘုက်မက်ဆင်ဂျာသို့ ဝင်ကြည့်လိုက်သည်။ပြီးလျှင် အမြဲစကားပြောနေကျ အကောင့်သို့ ဝင်ကြည့်လိုက်သည်။ {Facebook user ) ဆိုသော စာတမ်းကို မြင်လိုက်ရသည်။နောက်ဆုံးပို့ထားသော စာကြောင်းများကို ငြိမ်း ဖတ်ကြည့်လိုက်မိသည်။
"တကယ်လို့ များ ကျွန်တော့် မင်္ဂလာပွဲ ပျက်သွားရင် ခင်ဗျားလည်း မလွယ်ဘူးနော်...ခင်ဗျားခြိမ်းခြောက်ပြီး ပို့ထားတဲ့ ဗွီဒီယိုဖိုင်တွေ ဓါတ်ပုံတွေ ကျွန်တော့်ဆီမှာအကုန် ရှိတယ်...."
"မင်းရူးနေလား ... ငါ့မိသားစုကို လာမရူပ်နဲ့နော်...မင်းဘယ်လောက်လို ချင်လဲပြော..."
"ခင်ဗျား အလှည့်ကျတော့ ကြောက်တတ်လှချည်လား ဒေါ်မှုယာ ဟန် ...ကျွန်တော် တောင်းပန်နေတဲ့ကြားက ကျွန်တော့်ဘဝကို ပျက်အောင်ဖျက်ခဲ့တာလေ...ခင်ဗျားမိသားစုကို ထိမှာတော့ကြောက်တယ်လား ..."
"မင်းကို ပြောလိုက်မယ်... ငါ့ကိုလာရှုပ်ရင် ...မင်းဘ၀ဒီထက်ဆိုးသွားမယ်..."
စာတွေကိုဆက်ဖတ်ချင်စိတ်မရှိတော့သောကြောင့် ငြိမ်း မက်ဆင်ဂျာထဲမှ ပြန်ထွက်ပြီး ဓါတ်ပုံတွေ ၊ ဗွီဒီယိုတွေ ကို၀င်ကြည့်လိုက်သည်။ငြိမ်းလက်ထဲသို့ ဖုန်းရောက်နေသည့်အချိန်မှစ၍ ပထမ ဦးဆုံး ဝင်ကြည့်မိခြင်းဖြစ်လေသည်။
ဓါတ်ပုံဖိုင်ထဲသို့ကြည့်လိုက်သောအခါ တွေ့မြင်လိုက်ရသော ဓါတ်ပုံများကိုကြည့်ပြီး ငြိမ်း ရင်ထဲ အော်ဂလီဆန်သွားမိလေသည်။မိန်းမတစ်ယောက်၏ မမြင်သင့် မမြင်အပ်သောအရာမှန် သမျှကို အသားပေး ဖော်ပြထားသော မူယာဟန်၏ ပုံများနှင့် စက်ဆုပ်ရွံရှာဖွယ် ဗွီဒီယိုဖိုင်အချို့ကိုလည်း တွေ့ရလေသည်။ငြိမ်းသည် ဖုန်းကိုကြည့်ပြီး အံကိုတင်းတင်းကြိတ်ထားမိလေသည်။
************************
"သားရယ် ဒေါ် လေးလည်း ယုံယုံကြည်ကြည်နဲ့ တိုင်ပင်ရမယ့်သူဆိုလို မင်းပဲရှိလို့ပါကွယ်..."
ဒေါ်ငြိမ်းဝေသည် စိုင်းခွန်နောင်ကို ကြည့်ပြီး ပြောလိုက် သည်။
"ဟုတ်ကဲ့ ဒေါ် လေး ပြောပါ...ဒေါ်လေးနဲ့ ငြိမ်းရဲ့ကိစ္စက ကျွန်တော့်ရဲ့ ကိစ္စပဲလေ "
စိုင်းခွန်နောင်က ဒေါ်ငြိမ်းဝေ၏ ရှေ့တွင် ထိုင်လျက် ရိုရိုသေသေပင်ပြန်ပြောလိုက်သည်။
"ငြိမ်းကို ကြည့်ရတာ တစ်မျိုးပဲ သားရယ်... တစ်ခုခုကို ကြိတ်ပြီး လုပ်နေသလိုပဲ...မေးရင်လဲမဖြေဘူး ... သူဘာတွေလုပ်နေလဲ ဒေါ်လေး စိတ်ပူလှပြီ ... အရင်နဲ့မတူတာတော့ သေချာတယ်..."
" စိတ်ချပါ ဒေါ်လေး ...ကျွန်တော် ငြိမ်းကို စောင့်ကြည့်ပေးထားပါ့မယ်...."
*********************
စိုင်းခွန်နောင်သည် ကားပေါ်တွင် ထိုင်လျက် ငြိမ်းတို့၏ ရပ်ကွက်လမ်းမသို့ မျှော်ကြည့်လိုက်သည်။ဒေါ်ငြိမ်းဝေထံမှ ဖုန်းရပြီးကတည်းက သူ ငြိမ်းကိုလာစောင့်နေခြင်း ဖြစ်လေသည်။စိုင်းခွန်နောင် ကြည့်နေစဉ်မှာပင် ခြေလှမ်းမှန်မှန်နှင့် လျှောက်လာသော ငြိမ်းကို တွေ့လိုက်ရလေသည်။ဂျင်းဘောင်းဘီရှည်နှင့်အနက်ရောင် ရှပ်အင်္ကျီကို ဝတ်ထားပြီး လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းပြီး တစ်လောကလုံးကို ထီမထင်သည့်ဟန်နှင့် လျှောက်လာလေသည်။ကျောထက်မှလွယ်ထားသော ကျောပိုးအိတ်လေးနှင့် ကျစ်ဆံမြီး တုတ်တုတ်ကြီးသည် လမ်းလျှောက်သည့်အခါ ဟိုသည် ယိမ်း၍နေလေသည်။စိုင်းခွန်နောင်သည် ငယ်စဉ်ကတည်းကပင် သံယောစဉ်ကြီး ချစ်ခင်ခဲ့ရသော ငယ်သူငယ်ချင်းမလေးကို သတိလက်လွတ် ငေးမောကြည့်နေမိလေသည်။စိုင်းခွန်နောင်ကြည့်နေစဉ်မှာပင် ငြိမ်းသည် တက္ကစီကားတစ်စီးကိုလက်တားပြီး တက်သွားသည်ကို မြင်လိုက်ရလေသည် ။စိုင်းခွန်နောင်လည်း ထိုကား နောက်မှ လိုက်ခဲ့လေသည်။ယခုတလော အလုပ်မှအလုပ်ကိုပဲ စိတ်၀င်စားသော ငြိမ်းတစ်ယောက် မကြာခဏအပြင်သို့ထွက်နေသောကြောင့် ဒေါ်ငြိမ်းဝေက စိုးရိမ်ပြီး ငြိမ်းသွားရာနောက်သို့ လိုက်ကြည့်ရန် စိုင်းခွန်နောင်ကို အကူအညီတောင်းထားခြင်း ဖြစ်လေသည်။တကယ်တော့ ငြိမ်းကို စောင့်ကြည့်ပြီး ကူညီစောင့် ရှောက်ပေးရသော အလုပ်သည် စိုင်းခွန်နောင်အတွက်တော့ မထူးဆန်းလှပေ။ငယ်စဉ်ကတည်းကပင် ငြိမ်းသွားလေရာ ၊ ဆော့လေရာနောက်သို့ သူ့မှာ တကောက်ကောက်လိုက်ပါခဲ့ရသည်။ယခုအခါ သည်လို အခွင့်အရေးမျိုးကို ပြန်ရလာသည့်အတွက် စိုင်းခွန်နောင်ကျေနပ်ပျော်ရွှင်မိလေသည်။ကံကောင်းသည်မှာ အလုပ်ကိစ္စများကို ဆန်လင်းအောင်က ဝိုင်းဝန်းကူညီပေးသလို အချို့မဖြစ်မနေ ကိုယ်တိုင် လုပ်ရမည့်အလုပ်များကိုမူ ညဘက်တွေ၌ လုပ်ကိုင်ရလေသည်။
စိုင်းခွန်နောင်ကားကိုအတန်ကြာမောင်းလာပြီးနောက် ငြိမ်းစီးသွားသော တက္ကစီ ကား ရပ်လိုက်သည်ကို တွေ့လိုက်ရသောကြောင့် စသူလည်းကားကို ခပ်လှမ်းလှမ်းတွင် ရပ်တန့်လိုက်လိုက်ပြီး လှမ်းကြည့်နေလိုက်သည်။
ကြည့်နေစဉ်မှာပင် ငြိမ်းက ကားပေါ်မှဆင်းလာပြီး ကော်ဖီဆိုင်တစ်ဆိုင်ထဲသို့ဝင်သွားလေသည်။ဆိုင်ထဲသို့ရောက်သောအခါ ငြိမ်းသည် ဦးထုပ်ဆောင်းထားသော လူတစ်ယောက်၏ စားပွဲ၌ သွားထိုင်လိုက်သည်ကို တွေ့ရလသည်။ပြီးလျှင် နှစ်ယောက်သား စကားပြောနေကြဟန်ကို တွေ့လိုက်ရလေသည်။ ကော်ဖီဆိုင်သည် မှန်များဖြင့် ကာထားသော ကြောမျက်နှာ အမှုအရာများကို တော့သဲကွဲစွာ မြင်ရဘဲရှိလေသည်။ထိုမြင်ကွင်းကိုကြည့်ပြီး စိုင်းခွန်နောင် ရင်ထဲ၌ ဗလောင်ဆူလာလေ သည်။"ငြိမ်းဘတွေ လုပ်နေတာလဲ " ဟု ပြေး၍ မေးချင်စိတ်များပါ ပေါ်ပေါက်လာလေသည်။အတန်ကြာသောအခါ ငြိမ်းသည် စားပွဲမှ ပြန်ထလာသည်ကို တွေ့လိုက်ရလေသည်။ငြိမ်းထွက်လာသည်ကို မြင်သည်နှင့် စိုင်းခွန်နောင်လည်း ကားပေါ်မှ အမြန်ဆင်းလိုက်ပြီး ငြိမ်း ဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်လေသည်။
" ငြိမ်း "
ဆိုင်ထဲမှ ထွက်လာသော ငြိမ်းကိုစိုင်းခွန်နောင် ခေါ်လိုက်သည်။
ငြိမ်းသည် စိုင်းခွန်နောင်ကို ရုတ်တရက် တွေ့လိုက်ရသောကြောင့် အံ့ဩ ထိတ်လန့်သွားပြီး အထစ် ထစ်အငေါ့ငေါ့နှင့် စိုင်းခွန်နောင်ကို ပြန်၍ခေါ်လိုက်လေသည်။
"ကို ...ကိုစိုင်း "
@@@@@@@@@@@@@@@@@@@@
အပိုင်း ၂၂ ဆက်ရန်
ဧကြည်ဖြူ