ဧကြည်ဖြူ
" ချူ "
-- - - - - - - - - - - - - - - -
ငြိမ်းသည် ဖခင်ဖြစ်သူ အလုပ်လုပ်နေသော ခြံကို အနောက်ဘက်မှ ပတ်၍ဝင်ခဲ့ပြီးလျှင် ခွေးတိုး ပေါက်မှ တိုးဝှေ့ဝင် ခဲ့လေသည်။နောက်မှ ကပ်လိုက်လာသော တင်ထူးအောင်သည်လည်း ငြိမ်းလိုပင် လေးဖက်ထောက်၍ တိုးဝှေ့ ဝင်ခဲ့လေသည်။ငြိမ်းသည် ငယ်စဉ်ကတည်းကပင် ဖခင်ဖြစ်သူနှင့်အတူ လိုက်လာနေကြဖြစ်သောကြောင့် ဘယ်နေရာတွင် ဘာရှိသည်ကို ငြိမ်း အကုန်သိနေလေသည်။ပြီးလျှင် ဆန်စက်ပိုင်ရှင်များသည် ငြိမ်းတို့နှင့် အမျိုးမကင်းသူများ ဖြစ်လေသည်။တနည်းအားဖြင့်ဆိုရသော် ဆန်စက်သူဌေးများသည် ငြိမ်းဖခင်၏ ဘကြီး ဝမ်းကွဲတော်စပ်သူများ ဖြစ်လေသည်။သူတို့တွင် သမီး အပျိုကြီးတစ်ယောက်သာ ရှိသောကြောင့် ဆန်စက် လုပ်ငန်းကို ငြိမ်း၏ဖခင်ဖြစ်သူကိုအောင်မင်းဆီသို့ လွှဲအပ်ထားခြင်း ဖြစ်လေည်။ထို့ကြောင့် ကိုအောင်မင်းသည် ဆန်စက်ကို သူပိုင်သဖွယ် သူ့ခြေသူ့လက်နှင့် စိတ်တိုင်းကျ စီမံနေနိုင်ခြင်း ဖြစ်လေသည်။သို့အတွက်ကြောင့်ပင် ကိုအောင်မင်းသည် လက်ထဲ၌ ငွေအမြဲရွှင်နေခြင်းဖြစ်လေသည်။
"ငြိမ်း...နင်ကလဲဟာ...ကိုယ်အဖေဆီလာတာပဲ ခိုးကြောင်ခိုးဝှက်နဲ...."
"ဟဲ့...တိတ်တိတ်နေပါဆို....ကဲဟာ...."
"ဒေါက် "
"အ ...နာလိုက်တာငြိမ်းရယ်...နင်က လုပ်လိုက်ရင်အရမ်းပဲ..."
ငြိမ်းသည် ဘေးမှ ပွစိပွစိပြောနေ မေးနေသော တင်ထူးအောင်ကို စိတ်မရှည်စွာ ခေါင်းကိုလက်ဆစ်နှင့် ခေါက်ချလိုက်လေသည်။တင်ထူးအောင်မှာ နာသွားသော ဒေါင်းကို အသာပွတ်ပြီး ရှုံ့မဲ့မဲ့နှင့် ငြိမ်းနောက်မှ တိတ်တဆိတ်လိုက်ခဲ့လေသည်။
ငြိမ်းသည် ခြံထဲတွင် ကုန်းကုန်းကွကွနှင့် လျှောက်နေရင်းမှ ဆန် ဂိုထောင် ဘေးတွင် ကပ်လျက် ဆောက်ထားသော သစ်သားအိမ်ငယ်လေးဆီသို့ ခြေကို ဖော့နင်း၍ ချဉ်းကပ်ခဲ့လေသည်။ပြီးလျှင် နောက်မှလိုက်ပါလာသော တင်ထူးအောင်ကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
"အစ်ကို ဒီလိုပဲ အေးအေးဆေးဆေး နေတော့မှာလား ... အခုဆိုအိမ်ကလည်းရိပ်မိနေပြီ ရှေ့ဆက်ဘယ်လိုလုပ်မှာလဲ..."
"အစ်ကို စဉ်းစားနေပါတယ် ညီမရယ်... မဝေက ဘာအဖြစ်မှ မလုပ်ထားတော့ အစ်ကိုလည်း ကွာရှင်းဖို့ဘယ်လိုပြောရမလဲ စဉ်းစားမရဘူးဖြစ်နေတာ..."
"ဘာစဉ်းစားစရာလိုလို့လဲ...အစ်ကို မိန်းမကို သူ့အိမ်သူပြန်ခိုင်းရင် ခိုင်း ...မဟုတ်ရင်.... အစ်ကိုနဲ့ ညီမပဲဒီရွာက ထွက်သွားရအောင်..."
ငြိမ်းနှင့် တင်ထူးအောင်တို့သည် သစ်သားအိမ်လေး၏ ဘေးတွင် ငြိမ်ကုပ်စွာရပ်နေမိကြရင်းမှ အခန်းထဲမှ ထွက်ပေါ်လာသော အသံကြောင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြလေသည်။ပြီးလျှင် နှစ်ယောက်သား ကြားရုံ အသံတိုးတိုးနှင့် ပြောလိုက်ကြလေသည်။
"အသံကို ကြားဖူးသလိုပဲ နော် ငြိမ်း..."
"...ရှူး...တိုးတိုး....ငါလဲ ကြားဖူးသလိုပဲ ထူးထူး ...."
"အေး...အထဲကို ချောင်းကြည့်ရအောင် ဟာ..."
ငြိမ်းနှင့် တင်ထူးအောင်တို့နှစ်ယောက်သား ခြေဖျားလေးတွေထောက်ပြီး အိမ်ထဲသို့ တိုးကပ်ချောင်းကြည့်လိုက်လေသည်။
" ဟင် "
ပထမဦးစွာ အိမ်လေးထဲသို့ အနည်းငယ် ဟနေသော သစ်သားများကြားမှ ချောင်းကြည့်လိုက်သော တင်ထူးအောင်သည် အထဲမှမြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့ဩ ထိတ်လန့်စွာဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။
ငြိမ်းသည် တင်ထူးအောင်ကိုကြည့်လိုက်ပြီး "ဘာဖြစ်တာလဲ "ဟုမေးလိုက်လသည်။
တင်ထူးအောင်မှာ ငြိမ်း၏ အမေးကို မဖြေနိုင်ဘဲ ငြိမ်းလက်ကို ကမန်းကတန်း လှမ်းဆွဲလိုက်လေသည်။
" ပြန်ကြရအောင်ငြိမ်း...လူကြီးတွေ ကိစ္စမှာ ငါတို့ကလေးတွေ ဝင်မပါတာကောင်းမယ်...."
တင်ထူးအောင်က တိုးတိုးကြိတ်ကြိတ်ပြောလိုက်သော်လည်း ငြိမ်းသည် စိတ်တိုပြီးတင်ထူးအောင်ကိုတွန်းပစ်လိုက်လေသည်။
"ဖယ်စမ်းပါဟာ... ဒါ လူကြီးတွေကိစ္စမဟုတ်ဘူး...ငါ အဖေ ကိစ္စဟဲ့...နင် ဝင်မရှုပ်နဲ....ငါကိုယ်တိုင်အထဲ၀င်ကြည့်မယ်...."
"ငါတောင်းပန်ပါတယ် ငြိမ်းရယ်...မသွားပါနဲ့နော်...."
တင်ထူးအောင်ထားနေသည့်ကြားမှပင် ငြိမ်းသည် အိမ်၏ ရှေ့တံခါးပေါက်မှဇွတ်ဝင်ချသွားလေသည်။
" ဟ...ဟေ့...ဘယ်သူလဲ...ငါမခေါ်ဘဲမလာနဲ့ လို့ ပြောထားတယ်မဟုတ်လား..."
ငြိမ်း၏ဖခင်ဖြစ်သူကိုအောင်မင်းသည် ရုတ်တရက် ပွင့်လာသော တံခါးကြောင့် ရင်ခွင်ထဲမှ နွဲ့နွဲ့ရီကို ကမန်းကတန်း တွန်းထုတ်လိုက်ပြီး တံခါးဝသို့ ကြည့်ကာ ဒေါသနှင့်လှမ်း အော်လိုက်လေသည်။
ငြိမ်းသည် တံခါးဖွင့်လျှင်ဖွင့်ခြင်း ဖခင်ဖြစ်သူနှင့် အမျိုးသမီးတစ်ယောက်ဖက်နေသည်ကို မြင်လိုက်ရသောကြောင့် စိတ်ဆိုးပြီးဖခင်ရှိရာဆီသို့ လှမ်းသွားမိစဉ်မှာပင် ဖခင်နှင့် ဖက်နေသော အမျိုးသမီးကိုမြင်လိုက်ရပြီး အံ့သြထိတ်လန့်စွာခေါ်လိုက်မိလေသည်။
"ဒေါ်လေးနွဲ့"
"သမီး...ငြိမ်း...."
"ဟင်... ခင်ငြိမ်းစံ "
ကိုအောင်မင်းနှင့်နွဲ့နွဲ့ရီမှာ ရုတ်တရက် ငြိမ်းကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်တုန်လှုပ်သွားကြလေသည်။
"ဪ...အဖေ့ရဲ့ နောက်မိန်းမက ဒေါ် လေးနွဲ့ပေါ့ ဟုတ်လား...ဒေါ်လေးနွဲ့က အမေ့ထက် ဘာများပိုလှလို့လဲ..."
" ခင်ငြိမ်းစံ...သမီး ဒီကိုဘာလာလုပ်တာလဲ...သွား...သွားပြန်တော့နော်...သမီးက လိမ္မာတယ်..."
ကိုအောင်မင်းသည် သမ်းဖြစ်သူခင်ငြိမ်းစံကို ချော့မော့ပြောပြီး အိမ်သို့ပြန်ခိုင်းသော်လည်း ငြိမ်းသည် ဖခင်ဖြစ်သူကို စူးစူးစိုက်စိုက်ရပ်ကြည့်နေပြီးလျှင် ပေကပ်၍ ရပ်နေလေ သည်။
"အဖေပါအတူ လိုက်မှ ပြန်မှာ...သမီးနဲ့ပြန်လိုက်ခဲ့ပါ အဖေ.... ဒေါ် လေးနွဲ့ကို မယူပါနဲ့နော် အဖေရယ် အမေလောက်လည်း ချောတာမဟုတ်ဘဲနဲ့...ဒီမှာ ဒေါ် လေး
နွဲ့ရဲ့ ဆန်စက်ထဲမှာ လူတွေအများကြီးရှိတာကို ဘာလို့ သမီးအဖေကိုမှလာကြိုက်ရတာလဲ..."
"ဟာ....ဒီကောင်မလေး ပြန်ပါတော့ဆို...မပြန်သေးဘူးလာ..."
"သမီး မပြန်ဘူး...အဖေပါ လိုက်မှ ပြန်မှာ.."
"ဘာ...ကဲဟာ..မပြန်ချင်ဦး...ကဲ...ကဲ..."
"ဖြန်း...ဖြန်း..."
ကိုအောင်မင်းသည် စိတ်တိုတိုနှင့်ငြိမ်း၏ ခြေထောက်များကို လက်ဝါးနှင့် သုံးလေး ချက်ခန့် ရိုက်လိုက်လေသည်။နွဲ့နွဲ့ရီကမူ ကိုအောင်မင်းတို့သားအဖနှစ်ယောက်ကို ဝင်မဆွဲဘဲ ရပ်ကြည့်နေလေသည်။
အရိုက်ခံနေရသော ငြိမ်းသည် အံကိုတင်းတင်းကြိတ်၍ မလှုပ်မယှက်တောင့်ခံနေလေသည်။
တင်ထူးအောင်မှာ ငြိမ်းအရိုက်ခံနေရသည်ကို မကြည့်ရက်သည့် အဆုံး၌ အိမ်ထဲသို့ဝင်လာပြီးငြိမ်းကို ဆွဲခေါ်သလို အဒေါ်ဖြစ်သူနွဲ့နွဲ့ရီဘက်သို့လှည့်၍ စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်လေသည်။
"ဒေါ်လေးကို အဖေနဲ့ တိုင်မယ်....ဒေါ်လေးကို မုန်းတယ်...သားတို့အိမ်ကိုပြန်မလာနဲ့...."
"ဟင်...သား...ထူးထူး"
နွဲ့နွဲ့ရီသည် တူဖြစ်သူ တင်ထူးအောင်ကို တွေ့လိုက်ရသောကြောင့် အထိတ်တလန့်နှင့် ခေါ်လိုက်လေသည်။
ကိုအောင်မင်းသည်လည်း တင်ထူးအောင်ကိုကြည့်ပြီး အထိတ်တလန့်အထစ်ထစ်အငေါ့ငေါ့ နှင့် ပြောလိုက်လေသည်။
"သား...တင်ထူးအောင်...မင်းသူငယ်ချင်းကို ခေါ်သွားပေးပါနော်....ဦးလေးတောင်းပန်ပါတယ်ကွာ...သမီးပြန်တော့နော်...အဖေ ပြန်လာမှာပါ... ကျိန်းသေ ပြန်လာမှာပါသမီးရဲ့..."
"မြန်မြန်ပြန်လာနော် အဖေ "
ငြိမ်းသည် ဖခင်ဖြစ်သူထံမှ ကတိအထပ်ထပ်တောင်းပြီး အိမ်သို့ ပြန်ခဲ့လေသည်။အပြန်လမ်းတစ်လျှောက်၌ ငြိမ်းသည် တင်ထူးအောင်ကို အမျိုးမျိုးအဖုံဖုံပြောဆိုလေတော့သည်။
"ဟဲ့....ငထူး.... နင် ငါ့ကို လာမခေါ် နဲ့တော့...နင့်အဒေါ်က အကျင့်မကောင်းဘူး ... ဒီနေ့ကစပြီး နင်နဲ့ငါသူငယ်ချင်း မဟုတ်တော့ဘူး..."
တင်ထူးအောင်သည် ငြိမ်း စကားကို ငြိမ်သက်စွာနားထောင်နေရာမှ ခေါင်းကို ငုံ့ထားလေသည်။ငြိမ်းစိတ်ဆိုးလျှင်လည်း ဆိုးသင့်မှန်း တင်ထူးအောင် သိပါလေသည်။အမှန်တကယ်တော့ ငြိမ်း၏ ဖခင်နှင့် ဖောက်ပြားနေသောသူသည် တင်ထူးအောင်၏အဒေါ်အရင်းဖြစ်နေသည်မဟုတ်ပါလား။
"ငါ...ငါတောင်းပန်ပါတယ် ငြိမ်းရယ်...ငါ နင့်ကို မခေါ်ဘဲ မနေနိုင်ဘူး...ဒေါ် လေးကို ငါ စကားမပြောဘဲနေပါ့မယ်...ငါ့ကိုမခေါ်ဘဲ မနေပါနဲ့နော်...."
****************************
ငြိမ်းသည်အိမ်ရှေ့ ခြံပေါက်၀တွင် ထိုင်ပြီး အဖေ ပြန်အလာကို မျှော်နေမိသည်။ ညနေ နေစောင်းသွား၍ မိုးချုပ်သွားသည့်တိုင်အဖေက ပြန်မလာသေးပါချေ။ငြိမ်းသည် ခြံရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း အဖေပြန်လာနေကျ လမ်းကို မျှော်နေမိရင်း တင်ထူးအောင်တို့ခြံထဲကို လှမ်းကြည့်မိလေသည်။ယနေ့ မှတင်ထူးအောင်တို့အိမ်သည်လည်း မီးပင်မထွန်းဘဲ တိတ်ဆိတ်နေလေသည်။ယခင်ကဆိုလျှင် စားချိန်နှင့်အိပ်ချိန်မှလွဲ၍ အမြဲငြိမ်းအနားကပ်နေသော တင်ထူးအောင်သည်လည်း နေ့ခင်းတုန်းက ဆန်စက်မှပြန်လာပြီးကတည်း အပြင်သို့ လုံးဝထွက် မလာခဲ့ခြင်းဖြစ်လေသည်။
ငြိမ်းသည် ဖခင်ဖြစ်သူကိုမျှော်နေရင်းမှ စိတ်တိုတိုနှင့် တင်ထူးအောင်တို့ အိမ်ဘက်သို့လှမ်းကြည့်လိုက်စဉ် မှာပင် အမှောင်ထဲမှ ကုပ်ချောင်းချောင်းနှင့် ထွက်လာသော တင်ထူးအောင်ကို တွေ့လိုက်ရလေသည်။တင်ထူးအောင်ကို တွေ့သည်နှင့် ငြိမ်းသည် ဒေါသကြီးနှင့်လှမ်းမေးလိုက်သည်။
"ဟဲ့...ငထူး...ငါ့အဖေ နင်တို့အိမ်ရောက်နေလား ... နင့်အဒေါ် ရော ပြန်ရောက်နေပြီလား..."
"ဟို....ဟို...မရောက်ပါဘူး ငြိမ်း ... ဒေါ်လေးလည်း ပြန်မရောက်သေးဘူး...နင် မှောင်ကြီးထဲမှာ ဘာလုပ်နေတာလဲ...မကြောက်ဘူးလား..."
"မကြောက်ပါဘူး...ငါ့အဖေကိုစောင့်နေတာ.... နင့်အဒေါ်များ ငါ့အဖေကိုခေါ်သွားပြီလား မသိဘူး....အဲ့ဒီလိုသာ ခေါ်သွားလို့ကတော့ နင့်ကို ငါတစ်သက်လုံးမခေါ်ဘူးနော်...နင်လည်း ငါ့ကို လာမခေါ်နဲ့ ကြားလား ....."
"ဟာ....နင်ကလည်း ....ငါနဲ့ဘာဆိုင်လို့လဲ "
"ဆိုင်တာပေါ့ဟဲ့ ...နင့် အဒေါ်လေ... နင့်အဒေါ်ကြောင့် ငါနဲ့ ငါ့အမေ စိတ်ဆင်းရဲနေရတာလေ....သွားဟာ နင့်ကို စကားမပြောချင်ဘူး....နင့် အဒေါ်က အကျင့်ယုတ်တယ်...နင်လည်း အတူတူပဲနေမှာ...နင့်ကို မမြင်ချင်တော့ဘူး သွားတော့...."
ငြိမ်းသည် အနားတွင် ပေကပ်ရပ်နေသောတင်ထူးအောင်ကို တွန်းထိုးပြီးမောင်းထုတ်ပစ်လိုက်လေသည်။
တင်ထူးအောင်သည်လည်း ငြိမ်း၏ အပြုအမူကြောင့် မျက်နှာငယ်လေးနှင့် ခြံထဲသို့ ပြန်ဝင်သွားလေသည်။
"သမီးလေး ... ငြိမ်း...ထမင်းစားရအောင် အိမ်ပေါ်တက်ခဲ့တော့..."
မငြိမ်းဝေသည် ခြံရှေ့မှောင်ထဲတွင် ရပ်နေသော သမီးဖြစ်သူငြိမ်းကိုလှမ်းခေါ်လေသည်။ငြိမ်းကမူ ရပ်နေရာမှပြန်လှည့ မကြည့်ဘဲ မိခင်ဖြစ်သူ မငြိမ်းဝေကို လှမ်းပြောလေသည်။
"မစားသေးဘူး အမေ....အဖေပြန်လာမှ စားမယ်..."
မငြိမ်းဝေသည် သမီဖြစ်သူငြိမ်းကိုကြည့်ပြီး ပါးပြင်ပေါ်သို့ပိုးပိုးပေါက်ပေါက်ကျလာသော မျက်ရည်စများကို လက်ခုံနှင့် ပွတ်သုတ် လိုက်ပြီး သမီးဖြစ်သူ ငြိမ်းကို သွားရောက်ချော့မော့ခေါ်လိုက်သည်။
"သမီး ငြိမ်း...ဒီနေ့သမီးအဖေပြန်လာမှာမဟုတ်ဘူး...အိမ်ပေါ် တက်ရအောင်နော်..."
" မဟုတ်ဘူး အမေ....အဖေပြန်လာမှာပါ...အဖေ သမီးကို ကတိပေးလိုက်တယ်... သေချာပေါက်ပြန်လာမှာပါ..."
ငြိမ်းသည် မိခင်ဖြစ်သူကို ဇွတ်ပြောရင်း မလိုက်ချင်လိုက်ချင်နှင့် အိမ်ပေါ်သို့ပြန်လိုက်ခဲ့လေသည်။အိမ်ပေါ်သို့ ရောက်သောအခါ မှန်အိမ်မီးမှိန်ပျပျအောက်တွင် မြင်ရသော အမေ့မျက်နှာထက်တွင့် မျက်ရည်စများကို မြင်လိုက်ရသော ကြောင့် ငြိမ်းအသာ ငြိမ်ပြီး ထမင်းစာပွဲဝိုင်းမှာ ဝင်ထိုင်လိုက်သည် ။စိတ်ကမူ အဖေပြန်အလာကို မျှော်နေမိပြီး ခြံဝကိုသာ မျှော်ကြည့်နေမိလေသည်။သို့သော်လည်း အမေပြောသလိုပင် အဖေသည် ငြိမ်းအိပ်သည့် အချိန်အထိ ပြန်မလာခဲ့ပါချေ။
***********************
နံနက်အိပ်ရာမှ နိုးလာသည်နှင့် ငြိမ်းသည် အဖေ့ကို အရင်ဆုံး ရှာမိသည်။သို့သော်လည်း တစ်အိမ်လုံး အဖေ့အရိပ်အယောင်ကိုမျှမတွေ့ရဘဲ နောက်ဖေးရေကပြင်တွင် ထမင်းအိုးဆန်ဆေးရင်း ငိုနေသော အမေ့ကိုသာ တွေ့ရလေသည်။ငြိမ်းသည် ငိုနေသော မိခင်ကိုကျောခိုင်းပြီး အိမ်ပေါ်မှ အပြေးအလွှား ဆင်းခဲ့ကာ ဖခင်ဖြစ်သူ့အလုပ်လုပ်သော ဆန်စက်သို့ စက်ဘီးကို အားကုန် နင်းပြီးထွက်ခဲ့လေသည်။
*************************
ဆန်စက်ရှေ့သို့ ရောက်သောအခါ ငြိမ်း စက်ဘီးကိုဒေါက်ထောက်ပြီး ဆန်စက်ထဲသို့အပြေးအလွှားဝင်ခဲ့သည်။အချိန်စောသေး၍ထင်သည် ဆန်စက်ဝန်းထဲ၌ အလုပ်သမားများကို မတွေ့ရဘဲ တိတ်ဆိတ်နေလေသည်။ငြိမ်းသည် အဖေ နေနေကျ နေရာဖြစ်သော သစ်သားအိမ်လေးသို့ အမြန်ပြေးသွားကြည့်သော်လည်း သော့ခတ် ပိတ်ထားသည်ကိုသာ တွေ့ရလေသည်။
"သမီး..ခင်ငြိမ်းစံ ... စောစောစီးစီးဘာလာလုပ်တာလဲ..."
နောက်ဘက်ဆီမှ မေးသံကြောင့် ငြိမ်း ဝမ်းသာအားရလှည့်ကြိည့်လိုက်မိသောအခါ ဆန်စက် ဝန်းအတွင်း နေ့တိုင် သော ဘကြီးထွန်းကိုတွေ့လိုက်ရသောကြောင့် ငြိမ်း အမောတကောမေးလိုက်မိလေသည်။
"ဘကြီးထွန်း...အဖေရော ဟင်..သမီးအဖေကိုတွေ့မိသေးလား...အဖေ ညကအိမ်ကိုပြန်မလာလို့ လာရှာတာ...."
ငြိမ်းမေးလိုက်သောအခါ ဘကြီးထွန်းသည် ငြိမ်း ပခုံးကို ခပ်ဖွဖွပုတ်လိုက်ပြီးလျှင်
"သမီးလေး ခင်ငြိမ်းစံ အိမ်ကိုပြန်တော့နော်...သမီးအဖေက ခရီးထွက်သွားတယ် သမီးရဲ့...အိမ်ကပဲ အဖေ့ကို ပြန်စောင့်နေလိုက်နော်..."
***********************
အပြန်လမ်းတစ်လျှောက်လုံး ငြိမ်းသည် စက်ဘီးကို အားကုန်နင်းခဲ့သည်။အဖေများ အိမ်ပြန်ရောက်နေမည်လား ဆိုသော မျှော်လင့်ချက်ဖြင့် မိနစ်ပိုင်းအတွင်းမှာပင် အိမ်သို့ ပြန်ရောက်လာခဲ့လေသည်။စက်ဘီးကို ခြံရှေ့တွင် ပစ်ထားခဲ့ပြီး အိမ်ပေါ်သို့ ငြိမ်း အပြေးတက်ခဲ့သည်။
"အမေ...အဖေပြန်လာပြီလား......."
"ညည်း ယောက်ျားလုပ်ပုံကောင်းသေးရဲ့လား ငြိမ်းဝေရဲ့ ပြောပါဦး...ငါတို့မှာတော့ ကိုယ့်ဆွေမျိုးသားချင်းဆိုပြီး ယုံလိုက်ရတာ...ခုတော့ သူက ဆန် ဆက်က ငွေတွေကိုပါယူသွားတာ...ညည်းကိုတော့ အားနာပါတယ်အေ ... ဒီပုံအတိုင်းဆို ငွေပြန်ပေါ်အောင် လုပ်ရမှာမို့ ညည်းတို့အိမ်ကိုသိမ်းရမှာပဲ....ညည်းတို့သားအမိ အိမ်ပြောင်းဖို့ပြင်ထားကြတော့ ငြိမ်းဝေ ..."
ငြိမ်းသည် အိမ်ပေါ်သို့အမောတကောပြေးတက်လာစဉ် ကြားလိုက်ရသော စကားသံများနှင့့် ငိုနေသော မိခင်ကို ကြည့်ပြီး ကြက်သေသေလျက် ရပ်ကြည့်နေမိလေသည်။ငြိမ်း၏ ကြီးတော်ဖြစ်သူ ဖခင်ဖြစ်သူ၏ ဝမ်းကွဲအစ်မကြီးသည် ငြိမ်းကို မြင်သောအခါ ဒေါသမျက်နှာကိုထိန်းလိုက်ပြီး စိတ်မကောင်းဟန်ဖြင့်စကားဆိုလေသည်။
"သမီးလေး ခင်ငြိမ်းစံ...သမီးအတွက် စိတ်မကောင်းပါဘူးအေ...ရွာက သမီးအဘိုးအဘွားတွေဆီမှာ သွားနေ ကြားလား...ဒါမှမဟုတ်ရင်လည်း မြို့က သမီးအမေ အမျိုးတို့ဆီမှာ သွားနေပေါ့....အင်း...ငါ့မောင်လေး အောင်မင်းလည်း အရင်က ဒီလိုမဟုတ်ပါဘူးနော်....ခုမှ ဘယ်လိုများ ဖြစ်ရတာပါလိမ့် ...ဟဲ့ ငြိမ်းဝေ နင်လည်း မတုန်မလှုပ် လုပ်မနေနဲ့...အောင်မင်းဒီလိုဖြစ်သွားတာ ညည်း အပြစ်တွေလည်းပါတယ်...."
ငြိမ်းသည် မိခင်ဖြစ်သူကို ပြောဆိုနေသော မြင်ကွင်းကိုကြည့်ပြီး စိတ်တိုလာသောကြောင့် ခြံရှေ့သို့ ပြန်ပြေးထွက်လာခဲ့ပြီး တင်ထူးအောင်တို့ ခြံဘက်သို့ပြေးထွက်ခဲ့သည်။
" ငထူး.... ငထူး...ဟဲ့...ထွက်လာခဲ့ဦး....နင့်ဒေါ်လေးရော ဘယ်မှာလဲ ....ငထူး မလာသေးဘူးလား...."
ငြိမ်း စိတ်တိုတို နှင့် တင်ထူးအောင်တို့ ခြံရှေ့တွင် အော် ခေါ်နေသော်လည်း ခြံထဲမှ လူရိပ်လူယောင်ပင် မမြင်ရပါလေ။
" ငထူး....တင်ထူးအောင်...ငါခေါ်နေတာ မကြားဘူးလား...."
"ဒီမှာ....သမီးလေးရဲ့ ....ထူးထူးလေးတို့က မရှိကြတော့ဘူးကွဲ့ .... မနက်အစောကြီးကတည်းက တစ်မိသားစုလုံး ခရီးထွက်သွားကြလို့...ဦးကြီးကို အစောင့်ထားခဲ့ ကြတာလေ...လူလေး ထူးထူးက ဟော့ဒီက သမီး ခင်ငြိမ်းစံ အတွက် ဆိုပြီး လက်ဆောင်ပေးထားခဲ့တယ်...ယူသွားလိုက်နော်...."
ငြိမ်းသည် ဦးလေးကြီးကို ကြောင်ငေးကြည့်နေမိရင်းမှ ဦးလေးကြီးကမ်းပေးသော ကြိမ်ခြင်းတောင်းလေးကို ယောင် အအနှင့် လှမ်းယူလိုက်မိသည်။ပြီးနောက် အသိကင်းမဲ့စွာဖြင့် အိမ်ပေါ်သို့တက်လာခဲ့ပြီးလျှင် ငိုနေသော မိခင်ဖြစ်သူ၏ဘေးနားတွင် ထိုင်ချလိုက်မိလေသည်။
@@@@@@@@@@@@@@
အပိုင်း ( ၃ ) ဆက်ရန်
ဧကြည်ဖြူ