ဧကြည်ဖြူ
" ချူ "
******************
"ဗျာ မမ .... ဘာပြောလိုက်တယ်... ပြောရက်လိုက်တာ...ဘာလို့ အဲ့ဒီလိုမေးရတာလဲ ..."
ရဲရင့်သည် ပြုတ်ကျသွားသော ဖုန်းကို ပြန်ကောက်လိုက်ပြီး ဟန်မပျက်ပြောလိုက်သည်။
ငြိမ်းက ဝရံတာတံခါးတွင် မှီရပ်လိုက်ပြီး ရဲရင့်ကို ခပ်စူးစူးတစ်ချက်စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည် ။
"မင်းကို ကြည့့်ရတာ .... ခုတလော ဂနာမငြိမ်သလိုဖြစ်နေလို့ လေ ... မဟုတ်ရင်လည်း...မဟုတ်ဘူးပေါ့..."
"ဟုတ်စရာလား မမရယ် ... မမကလွဲရင် ဘယ်သူ့ကို မှမချစ်ဘူး...ဘာလဲ မင်္ဂလာရက်နီးလာလို့ မမအကြောင်းရှာနေတာလား...တကယ်တမ်းလက်ထပ်ရမယ်ဆိုတော့ လက်မထပ်ချင်ဘူးလား "
ရဲရင့်က ငြိမ်းကို ကြည့်ပြီး ခပ်တည် တည်နှင့်ပြန်ပြောလိုက်သည်။
ငြိမ်းသည် လက်ကို ပိုက်ထားလျက်မှပင် ရဲရင့်၏မျက်နှာကိုစိုက်ကြည့်လိုက်ပြီး တစ်ခွန်းချင်းပြန်ပြောလိုက်သည်။
"ဒီမှာ ရဲရင့် .... ငြိမ်းပြောတာကို သေချာနားထောင် .... ရဲ့ရင့်နဲ့ ငြိမ်း ချစ်သူ တွေဖြစ်ပြီဆိုကတည်း ... တစ်သက်တာလုံးအတွက် ရည်ရွယ်ခဲ့တာ...ကုန်ကုန်ပြောမယ် မင်းမှာဘယ်လိုဒုက္ခတွေ ဖြစ်နေပါစေ....ရောဂါဆိုးတွေ ... နောက်ဆုံး ရူးသွပ်သွားရင်တောင် လမ်းခွဲဖို့ စိတ်ကူးမရှိဘူး...ဒါပေမဲ့ သစ္စာဖောက်ရင်တော့ တစ်စက္ကန့်တောင် ဆိုင်းမှာ မဟုတ်ဘူး.... အိမ်ထောင်ကွဲဖြစ်မှာစိုးလို့ မကွာနိုင်တာတို့...သားသမီးကြောင့် သည်းခံနေရတာတို့ ဆိုတာမျိုး ငြိမ်းမှာ ရှိမှာမဟုတ်ဘူး....ပြီးတော့ သစ္စာဖောက်တဲ့လူကို တစ်ဘ၀လုံး နာလန်မထူနိုင်အောင်လည်း လုပ်ပစ်အုံးမှာ ကောင်လေးရဲ့...အဲ့ဒါကို မြဲမြဲမှတ်ထား ...."
"ဟာဗျာ မမ...မောင်က သစ္စာဖောက်မှာမှ မဟုတ်တာကို ..."
ရဲရင့်သည် ထိတ်လန့် တုန်လှုပ်နေသော စိတ်ကို ထိန်း၍ တုန်တုန်ယင်ယင် ဖြစ်ချင်နေသော အသံကိုထိန်းပြီး ငြိမ်းကို ပြန်ပြောလိုက်သည်။
"အင်းပါ .... မဟုတ်ရင်လည်းပြီးတာပဲ...လာခဲ့ အိမ်ထဲပြန်ဝင်တော့..."
ငြိမ်းက ပြောပြီး အိမ်ထဲသို့ ပြန်ဝင်သွားသည်။ရဲရင့်လည်း ငြိမ်း နောက်မှ ခြေလှမ်းမမှားအောင်ထိန်းရင်း လိုက်ဝင်လာခဲ့လေသည်။
*****************
"ဒေါ်ကြူ ဘာတွေ လုပ်နေတာလဲ "
ငြိမ်း အပေါ်ထပ်သို့ တက်လာစဉ် စည်သူလေး ၏ အခန်းထဲတွင် အထုပ်အပိုးများ ပြင်နေသော ဒေါ်ကြူကိုတွေ့လိုက်ရသောကြောင့် ငြိမ်းမေးလိုက်မိသည်။
"စည်သူ့ကို ပြန်ပို့တော့ မှာမို့ ....မငြိမ်းဝေက အဝတ်အစားတွေ သိမ်းခိုင်းထားလို့ သိမ်းနေတာ ငြိမ်းလေးရဲ့..."
"ရှင် ...ငြိမ်းလဲမသိပါလား ... ငြိမ်းမင်္ဂလာပွဲပြီးမှ ပြန်ပို့ပါလို့ ပြောထားတာကို..."
ငြိမ်းက ဒေါ်ကြူကို ပြောရင်း မိခင်ကြီးကို မေးရန် အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။
အောက်ထပ်သို့ ရောက်သောအခါ မိခင်ကို အဆင်သင့် တွေ့လိုက်ရသောကြောင့် ငြိမ်း လှမ်းမေးလိုက်သည်။
"အမေ...စည်သူကို ပြန်ပို့တော့မလို ဆို...."
ဒေါ်ငြိမ်းဝေက ငြိမ်းမေးခွန်းကို ခေါင်းငြိမ့်ပြ၍ဖြေလိုက်သည်။
"ဟုတ်တယ် သမီး ... သူ့အဖေလည်း အဆင်ပြေနေပြီမို့ပြန်ပို့ လိုက် တော့မယ်လေ..."
" သမီးမင်္ဂလာပွဲပြီးမှပြန်ပို့ပါလား အမေရယ် ... တကယ်ဆို ကျောင်းအပြီးပိတ်မှ ပို့သင်တာ... ကျောင်းပိတ်ဖို့လည်း မလိုတော့ဘူးလေ..."
ဒေါ်ငြိမ်းဝေက သမီးဖြစ်သူကိုကြည့်လိုက်ပြီး သက်ပြင်းကို မသိမသာချလိုက်မိသည်။
"သမီးရယ် ...အချိန်တန်ပြန်ပို့ရမယ်ဟာ ... စောစောပို့လိုက်တော့ သံယောစဉ်မတွယ်တော့ဘူးပေါ့ "
" ဟင့်အင်း ....သမီးမင်္ဂလာဆောင်ပြီးမှ ပြန်ပို့မယ် နော် အမေ..."
ငြိမ်းက သူပြောချင်တာပြေပြီး ဆိုင်ဘက်သို့ ထွက်သွားလေသည်။ဒေါ်ငြိမ်းဝေမှာသာ နေရာတွင် သက်ပြင်းတစ်ချချ နှင့်ကျန်ခဲ့လေသည်။
******************
"မမ ထိုင်နော်..."
ရဲ့ရင့်က ပြောရင်း ခုံကို ဆွဲထုတ်လိုက်ပြီး ငြိမ်းကို ထိုင်ခိုင်းလိုက်သည်။ပြီးလျှင် ငြိမ်းဘေးက ခုံကို ထုတ်ယူလိုက်ပြီး သူပါ ထိုင်လိုက်ပြီး ငြိမ်း၏ မျက်နှာလေးကို ကြည့်ပြီး မေးလိုက်သည်။
"မမ ဘာသောက်မလဲ..."
"ကော်ဖီအေးပဲသောက်တော့မယ် ... "
" ကော်ဖီတွေပဲသောက်နေတာပဲကွာ....မင်္ဂလာပွဲရက်မှာ ၀နေမှာစိုးလို့လား ... မုန့်လေးဘာလေး စားအုံးပါအုံး မမရာ...မမကိုကြည့်ရတခုတလော ပိုပိန်လာသလိုပဲ ..."
ရဲရင့်က ငြိမ်း၏ လက်ဖဝါးလေးကို သူ့လက်နှင့် အုပ်မိုး ဆုပ်ကိုင်ပြီး ပြောလိုက်သည်။သည်နေ့ ရဲရင့်နှင့်ငြိမ်းတို့စျေးဝယ်ထွက်လာခြင်းဖြစ်သည်။ရဲရင့်က အနည်းငယ်ပိန်သွားသော ငြိမ်းကိုကြည့်ပြီး စိုးရိမ်စွာ ပြောလိုက်သည်။
"နည်းနည်း အလုပ်များလို့ ပိန်သွားတာပါ ရဲရင့်ရဲ့ ...နေကောင်းဖို့အဓိကပဲ မဟုတ်လား...ဒါနဲ့ မင်္ဂလာပွဲပြီးရင် ငြိမ်းတို့ တစ်မိသားစုလုံး ခရီးထွက်ကြမယ်နော်...အန်တီလည်း ခရီးမထွက်တာကြာပြီမဟုတ်လား..."
"ဟောဗျာ ...အမေတို့ကိုပါ ခေါ်သွားမလို့လား...မမ ဟန်နီးမွန်းကလဲ ဆွေမျိုး အစုံနဲ့ လား..."
ရဲရင့်က တမင်ပင် မျက်နှာကို စူပုတ်ဟန်လုပ်ပြီးပြောလိုက်သည်။
ငြိမ်းက စူပုတ်နေသော ရဲရင့်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဆွေမျိုးအစုံနဲ့ ဆို တော့ ပျော်စရာကြီးပေါ့ ရဲရင့်ရဲ့ "
" ငြိမ်းတို့စုံတွဲ ဈေးဝယ်ထွက်လာကြတာလား..."
ငြိမ်းနှင့် ရဲရင့်တို့ စကားပြောနေကြစဉ်မှာပင် နှုတ်ဆက်သံနှင့်အတူ အနားသို့ ရောက်လာသော သူကို နှစ်ယောက်သားပြိုင်တူ မော့ကြည့်လိုက်မိကြလေသည်။
"မမူယာ ပါလား ... စျေးဝယ်လာတာလား...ထိုင်လေ ...ထိုင်ပါအုံးမမူယာ "
ငြိမ်းက ပြောရင်း မမူယာ ထိုင်ရန်ခုံကိုထုတ်ပေးလိုက်သည်။
ရဲရင့်မှာ မူယာဟန်ကိုမြင်လိုက်ရသောကြောင့် ရင်အစုံမှာ မီးရထား တစ်စင်းခုတ်မောင်းနေသကဲ့သို့ ဆူညံ ဝုန်းဒိုင်းကြဲသွားပြီး ထိတ်လန့်တုန်လှုပ်သွားကာ မူယာဟန်ကို မျက်လုံးအပြူးသားနှင့် ကြည်နေမိလေသည်။
မူယာဟန်သည် ငြိမ်းဆွဲထုတ်ပေးသော ခုံကို ကျော်ပြီး တမင်ပင် ရဲရင့်ဘေးနားမှ ခုံကိုဆွဲထုတ်ကာ ထိုင်လိုက်လေသည်။
မူယာဟန်၏ အပြုအမူကြောင့် ရဲရင့်၏ ခန္ဓာကိုယ်မှာ ဆတ်ခနတစ်ချက်တုန်လှုပ်သွားသည်။ ငြိမ်းကတော့ မူယာဟန်ကို မျက်လုံးတစ်ချက်ဝံ့ကြည့်လိုက်ပြီးခပ်အေးအေး ပင်ပြုံးနေလိုက်သည်။
"ဘယ်လိုလဲ သတိုးသားကြီးရဲ့ ငြိမ်လှချည်လား ... မူယာက နှောက်ယှက်သလိုများ ဖြစ်သွားလို့လား..."
မူဟာဟန်က ရဲရင့်ကို ကြည့်ပြီး မထိတထိ ပြောလိုက်သည်။ရဲရင့်က ပျက်ယွင်းနေသော မျက်နှာကို ထိန်းပြီး မူယာဟန်ကို ပြန်ပြောလိုက်သည်။
"မ ..မဟုတ်ပါဘူး ခင်ဗျာ...ဒါနဲ့ ဘာသောက်မလဲ ... ကျွန်တော်မှာလိုက်မယ်..."
" ရပါတယ် ရဲရင့်သောက်နေတာမျိုးပဲ မှာပေးပါ ...ကျေးဇူးပါနော်ရဲရင့် "
မူယာဟန်က မပွင့်တပွင့်ပြောပြီး ရဲရင့်မျက်နှာကိုကြည့်နေသည်။
ရဲရင့်က မသိဟန် ပြုလျက် စာပဲထိုးလေးကိုခေါ်ကာ မှာပေးလိုက်ပြီး ချစ်သူငြိမ်း၏ မျက်နှာကို မသိမသာ အကဲခပ်လိုက်သည်။
"ဒါနဲ့ ငြိမ်းရေ ... ငယ်တဲ့ကောင်လေးတွေက စိတ်မချရဘူးနော် သတိထားဦး..."
မူယာဟန်သည် ငြိမ်းကို ကြည့်ပြီး ပြုံးစေ့စေ့အမူအရာနှင့် ပြောလိုက်သည်။
ငြိမ်းကလည်း ပြုံးရယ်လျက်ပင် ပြန်ဖြေလိုက်သည်။
"ငြိမ်း အထင်တော့ သစ္စာရှိတာ ...မရှိတာက အသက်နဲ့တော့ မဆိုင်လောက်ဘူးထင်တယ်...လူတစ်ယောက်ရဲ့ အရင်းခံ ဗီဇနဲ့ တဏှာကြီးတာ ...မကြီးတာနဲ့ပဲ ဆိုင်မယ်ထင်တယ် ... ဟုတ်လား ရဲရင့်...."
"ဗျာ..မမ "ရဲရင့်သည် ငြိမ်း၏ အပြောကြောင့် မျက်နှာမှာ ကွက်ခနဲ ပျက်သွားပြီး ငြိမ်းကို ထိတ်လန့်အံ့သြစ္စာမော့ကြည့်လိုက်မိလေသည်။ သူသိခဲ့သမျှ သက်တမ်းတစ်လျှောက်လုံး၌ ချစ်သူငြိမ်းသည် ဤကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း စကားများကို တစ်ခါမျှ မပြောဖူးခဲ့သောကြောင့် ထိတ်လန့်စွာ ကြည့်လိုက်မိခြင်းဖြစ်လေသည်။
မူယာဟန် သည်လည်း ငြိမ်း၏ စကားကြောင့် ပျက်ယွင်းသွားသော မျက် အမူအရာကို ထိန်းရင်း ဟန်မပျက်ရယ်နေလေသည်။
" သွားရအောင် မမ ...မောင်တို့ ဈေးဝယ်ရအုံးမှာ လေ...."
ရဲရင့်ပြောပြီးသည်နှင့် ချစ်သူငြိမ်း၏ ပခုံးလေးကိုခပ်ဖွဖွ ဖက်ပြီး ဆိုင်ပြင်သို့ထွက်ခဲ့လေသည်။
******************
ငြိမ်းနှင့် ရဲရင့်တို့ အအေးဆိုင် အပြင်သို့လျှောက်လာခဲ့ပြီးနောက် ငြိမ်းက ရုတ်တရက် ရဲရင့်ကို ပြောလိုက်သည် ။
"အဲ့ဒီလို မိန်းမနဲ့ဝေးဝေးနေ....သိပ်ကြောက်စရာကောင်းတဲ့မိန်းမမျိုးပေါ့... လောကကြီးထဲမှာရှိတဲ့ ဘယ်ယောက်ျားကို မဆို သူလိုချင်ရင် ယူလို့ရတယ်လို့ ခံယူထားတဲ့သူမျိုးပဲ...သူများ အကြောင်ကို ပြောတော့မပြောချင်ဘူး...သူ့ကိုယ်သူအထင်ကြီးနေတာလဲ အပြစ်တော့ ပြောလို့မရဘူး...လောကမှာ စိတ်ဓါတ်ယုတ်ညံ့တဲ့ ယောက်ျားသားတွေကလည်း အများသားလေ... မိန်းမတစ်ယောက်က မြူပြလိုက်ရင် ကိုယ့်ချစ်သူ...ကိုယ့်မိန်းမနဲ့ မိသားစုကိုပါ စွန့်ပစ်ဖို့ ၀န်မလေးတဲ့ ယောက်ျားတွေက မရေမတွက်နိုင်အောင် ရှိနေတာကို....ရဲရင့်လည်း မှတ်ထား ဒီလိုလူနဲ့တော့ ခိုးမတွေ့နဲ့ ..."
"ဟာဗျာ မမ ...ဒီလိုလူမျိုးနဲ့ မောင့်ကို မပြောပါနဲ့နော်..."
ရဲရင့်သည် ငြိမ်း၏မျက်နှာကို မကြည့်ဘဲ ခေါင်းကို ငုံ့လျက်ပင် ပြန်ပြောလိုက်လေသည်။
ငြိမ်းကတော့ နှုတ်ခမ်းလေးကိုတင်းတင်းစေ့လျက် လျှောက်လှမ်း၍ သွားနေလေသည်။
********************
"ချစ်သူ့ဆီကို တောင်ပံဖြန့်ကျက်လို့...သွားချင်တယ်...ဘယ်ဆီဘယ်ဝယ်မှန်းလဲ အတတ် မသိနိုင်...."
ဖုန်းသံကြောင့် ငြိမ်းယူကြည့်လိုက်သည်။ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေသော စိုင်းခွန်နောင်ဆိုသော အမည်ကြောင့် ငြိမ်း တွေခနဲ တစ်ချက်ဖြစ်သွားမိသည် ။ ထို့နောက် ဖုန်းကို ကောက်ကိုလိုက်သည်။
" ဟယ်လို...ငြိမ်း .ခဏလောက်တွေ့လို့ရမလား ..."
စိုင်းခွန်နောင်၏ စကားကြောင့် ငြိမ်း ခန္ဓာကိုယ်လေး တောင့်ခနဲဖြစ်သွားရလေသည်။ပြီးလျှင် ငြိမ်းသည် အေးဆေးစွာပင် အငြင်းစကား ဆိုလိုက်သည်။
" ကောင်းပန်ပါတယ် ကိုစိုင်း...တွေ့ဖို့ အဆင်မပြေလို့ပါ...."
ငြိမ်းပြောလိုက်သောအခါ တစ်ဖက်မှ စိုင်းခွန်နောင်၏ အသံမှာ တိတ်ဆိတ်သွားလေသည်။အတန်ကြာသောအခါမှ စိုင်းခွန်နောင်ဆီမှ အသံခပ်တိုးတိုးထွက်လာလေသည်။
" ငြိမ်းကို ပျော်စေချင်တာ ကျွန်တော့်ရဲ့စိတ်ရင်း အမှန်ပါ .... ငြိမ်းကို အကောင်းဆုံးတွေပဲ ပိုင်ဆိုင်ခွင့် ရစေချင်တယ်... ငြိမ်းကို ကူညီ နိုင်ဖို့ ကျွန်တော်ဘာတွေလုပ်ရမှန်း မသိဘူး...အားလုံးက ကျွန်တော့် အပြစ်တွေပဲ ... နောက်ကို ဘယ်လိုကိစ္စတွေပဲ ဖြစ်လာလာ ... မင်းရဲ့ စိတ်ကို ထိန်းပါလို့ ကိုယ်တောင်းပန်ချင်တယ် ...တကယ်လို့မှ ဒေါသတွေကို ဖြေဖျောက်ပစ်ဖို့လိုတယ်ဆိုရင် ကျွန်တော့်ကို အသုံးချပါ...ကျွန်တော်ကိုပဲရန်လုပ်ပါနော်..." ပြောရင်း မှ စိုင်းခွန် နောင်၏ အသံမှာ တိုးလျပျောက်ကွယ် တိတ်ဆိတ်သွားလေသည်။
ငြိမ်းမှာသာ ဖုန်းကိုကိုင်လျက် စိုင်းခွန်နောင်ပြောသွားတာတွေကို နားမလည်နိုင်စွာ တွေးတောစဉ်းနေမိသလို တစ်ဆက်တည်းမှာပင် ငယ်စဉ်က ငြိမ်းရန်ဖြစ်တိုင်း ရှေ့မှ ကာဆီး ခုခံပေးတတ်သောသူကို ပြေး၍သတိရလိုက်မိလေသည်။ ထိုအခါ ငြိမ်း၏နားထဲတွင် စကားသံ အချို့ကို ပြန်ကြားယောင် မြင်ယောင်လာမိလေသည်။"နင် ရန်မဖြစ်ပါနဲ့ ငြိမ်းရာ ...နင်တို့ မိန်းခလေး ချင်းရန်ဖြစ်ရင် ငါက ဝိုင်းချလို့လည်းမရဘူး.... နင်ခံရရင်လဲ ငါမကြိုက်ဘူး အဲ့ဒါကြောင့် နင်ရန်မဖြစ်နဲ့ ...တစ်ယောက်ယောက်ကိုစိတ်တိုရင် ငါ့ကို လာရိုက် ဟုတ်လား .."ထိုစဉ်က ငြိမ်းသည် သူပြောသလိုပင် တကယ်လုပ်ခဲ့ပါသည်။စိတ်တိုလာလျှင် သူ့ကို ဆွဲဆိတ်သည်။သူ့ခေါင်းကို ခေါက်ခဲ့သည်။တစ်ခါတစ်လေများဆို ငြိမ်းက အိမ်စာမပြီး၍ စာမရသေးလျှင် သူ့ကဘေးမှာ အိပ်ချင်မူးတူးနှင့် အဖော်နေပေးခဲ့သည်။ထိုအခါမျိုး၌ငြိမ်းသည် သူ့နာရွက်ကိုဆောင့််ဆွဲသည် ။"နောက် နေ့ နင်အရင်စာရအောင်မကျက်နဲ့ "ဟု ရန်လုပ်ခဲ့သည်။သို့သော်လည်း ဉာဏ်ကောင်းသော သူက စာရေးရေး ၊ စာကျက်ကျက် အချိန်ခဏမျှသာယူခဲ့ရသည်။ငြိမ်းသည် သတိလက်လွတ်နှင့် အတိတ်ကို တွေးနေမိရင်းမှ ပါးပြင်ပေါ်မှ ပူနွေးစိုစွတ်သော အထိအတွေ့ကြောင့် ပစ္စုပ္ပန်ကို ပြန်လည် အမှတ်ရလိုက်မိပြီး ခေါင်းကိုခါယမ်းပစ်လိုက်ကာ အံကို တင်းတင်းကြိတ်ထားမိလေသည်။
*******************
" စိုင်းရေ ...ငါ့ကောင် ဖုန်းဆက်တယ်ကွ...ရဲရင့်ဆိုတဲ့ ကောင်တော့ ထုံးစံအတိုင်းပဲတဲ့..."
" ဗျာ...ဒီကောင် လွန်လှချည်လား...မင်္ဂလာဆောင်ဖို့ သုံးရက်တောင်မလို့တော့တာကို...ဒီလောက် သတိပေးထားရဲနဲ့ ဗျာ ...."
စိုင်းခွန်နောင်သည် ဆန်းလင်းအောင်ဆီမှ စကားကို ကြားသည်နှင့် ကွန်ပျူတာရှေ့မှ ထလိုက်ပြီး ကားသော့ကို ကောက်ယူလိုက်ကာ ဒေါ်သတကြီးနှင့် ထွက်ခဲ့လိုက်သည်။
"ဟေ့ကောင် စိုင်း ... ဒေါသကိုလဲ ထိန်းအုံးကွ.......ငါလိုက်ပို့ပေးမယ် .. တစ်ယောက်တည်း မသွားနဲ့......" ဟု အော်ပြောရင်း ဆန်းလင်းအောင်လည်း နောက်မှ ပြေးလိုက်သွားလေသည်။
******************
ငြိမ်းက တက္ကစီပေါ်မှ ဆင်းလိုက်ပြီး သည်နှင့် အနားသို့ ရောက်လာသော ကိုကျော်စိုးကို မေးလိုက်သည်။
"ကိုကျော်စိုး သေချာတယ်နော် ... "
ကိုကျော်စိုး ဆိုသည်မှာ ငြိမ်း ကား ငှားစီးနေကျတက္ကစီကားဆရာတစ်ယောက် ဖြစ်သည်။ခုရက်ပိုင်း ရဲရင့်ကိုကြည့်ရတာ စိတ်ထဲ မသင်္ကာဖြစ်နေသောကြောင့် ကိုကျော်စိုးကို စောင့်ကြည့်ခိုင်းထားခြင်း ဖြစ်လေသည်။
"ဟိုမှာမြင်နေရတဲ့ ဆိုင်ခန်းပဲငြိမ်း... ငါ့ညီမ နင် ဒေါသ တော့ထိန်းဟာ... ဘယ်သူလဲဆိုတာသိရင် နင်မယုံနိုင်အောင် ဖြစ်သွားမယ်"
ငြိမ်းက ကိုကျော်စိုး ပြသော နေရာကို လှမ်းကြည့်လိုက်သည်။အခန်းကမြေညီထပ်တိုက်ခန်း ဖြစ်သည်။အခန်းမှာ သံဘာဂျာတံခါးများ ပိတ်ထားသည်ကို တွေ့ရသည်။ဘေးတစ်ဘက်တစ်ချက်တွင်လည်း မှန်လုံဆိုင်ခန်းများသာရှိသောကြောင့် တောရုံ ဘေးအခန်းမှာ ဘာဖြစ်ဖြစ် သိကြမည်မထင်ပေ။
"တံခါးသွားခေါက်ရင်တော့ ဖွင့်ပေးပါ့မလာဘဲ ... ဒါမှမဟုတ် သူတို့ ထွက်လာတဲ့အထိ စောင့်နေ့မလား .... အစ်ကိုကားကို အဲ့ဒီဘက်မှာ ပါကင်ရအောင်ထိုးလိုက်မယ်လေ...."
ငြိမ်းက လေပူတစ်ချက်ကို မှုတ်ထုတ်ပစ်လိုက်သည်။ပြီးလျှင် 'ကျစ်" ခနဲ စုတ်တစ်ချက်သပ်လိုက်ပြီး "ဆိုးရွာလိုက်တာ" ဟု အံလေးကိုကြိတ်ပြီးပြောလိုက်မိသည်။
ကားဆရာကိုကျော်စိုးက ငြိမ်းကို စိုးရိမ်ပူပန်သော မျက်နှာထားနှင့် ငေးကြည့်နေသည်။
************************
တိုက်ခန်း ထဲတွင် ရဲရင့်က ခေါင်းကို ငိုက်စိုက်ချကာထိုင်နေသည်။ သူ့၏ဘေးတွင် မူယာဟန်က မှီတွယ်ပြီး ထိုင်နေသည်။ရဲရင့်သည် မိမိ၏ တဒင်္ဂ သာယာစိတ်အတွက် ပေးဆပ်နေရသော ဘဝအတွက် ယူကြုံးမရဖြစ်နေမိလေသည်။
"ကျွန်တော် တောင်းပန်ပါတယ် မမမူ ကျွန်တော့် ကိုလွှတ်ပေးပါတော့ ....ရှေ့ဆက်ပြီး ကျွန်တော်ကို ဒုက္ခမပေးပါနဲ့တော့ဗျာ ....."
"ဒုက္ခပါပဲကွာ ရဲရင့်ကို မမမူက ဘာဒုက္ခပေးနေလို့လဲ...ချစ်လို့ ဆက်သွယ်နေတာကို ... မမမူကြောင့် ရဲရင့်စိတ်ညစ်ရတာ ဘာရှိလို့လဲ... ..ရဲရင့်လိုချင်တာ မှန်သမျှလည်း မမမူ ဝယ်ပေးနေတာပဲကို...မင်းရဲ့မမငြိမ်းက ...မမမူ ထက်သာတာဘာရှိလို့လဲ ပြောပါအုံး ...ပြောလေ"
မူယာဟန်က အမှုအရာပိုပို့နှင့် ပြောလိုက်ပြီး ရဲရင့်၏ရင်ခွင်ထဲသို့အတင်းတိုး၀င်လိုက်သည်။
ရဲရင့်သည် ရင်ခွင်ထဲသို့အတင်းတိုးဝလာသော မူယာဟန်ကို တွန်းဖယ်လိုက်ပြီး ပြန်ရန်ပြင်လိုက်သည်။
"ကျွန်တော် ပြန်တော့မယ် ... ကျွန်တော့်မင်္ဂလာပွဲ ကျင်းပဖို့ သုံးရက်တောင် မလိုတော့ ဘူး...ကျွန်တော့် ခုချိန်မှာ ဒီမှာရှိ မနေသင့်ဘူး...မမမူအပျင်းပြေကစားဖို့အတွက် အခြားသူကိုထပ်ရှာပါတော့ဗျာ..."
"ချစ်လေး ပြန်လို့ မရသေးဘူးနော်...ညနေမှပြန်ခွင့် ပြုမှာ ...မဟုတ်ရင် ....မမက မင်းရဲ့ သတို့သမီးလောင်းဆီကို ဖုန်းဆက်လိုက်မှာနော် ..."
ရဲရင့်သည် မူယာဟန်၏ စကားကြောင့် ခန္ဓာကိုယ် မှာ တုံ့ဆိုင်းသွားပြီး နောက်သို့လှည့်ကြည့်လိုက်ပြီးနောက် မူယာဟန်ကို တောင်းပန်စကားပြောလိုက်သည်။
"ဒီနေ့တော့ ပြန်ခွင့် ပြုပါတော့...နောက်နေ့ အချိန်ရရင် ခဏတစ်ဖြုတ်တွေ့တာပေါ့"
ရဲရင့်က ခပ်ယဲ့ယဲ့လေသံနှင့် ပြောပြီး တံခါးကို ဖွင့်လိုက်သည်။
*******************
"ငြိမ်းရေ ... အထဲက တံခါးဖွင့်နေပြီထင်တယ်"
ကိုကျော်စိုး၏ပြောစကားမဆုံးသေးခင်မှာပင် ငြိမ်းက ကားတံခါးကိုဖွင့်ပြီးဆင်းလိုက်ကာ တိုက်ခန်းရှိရာသို့အလျင်မြန်လျှောက်သွားလိုက်လေသည်။
ရဲရင့်မှာ တံခါးကိုဖွင့်ပြီး အပြင်သို့ထွက်လိုက်ချိန်၌ အပေါက်ဝတွင် ငြိမ်းကို တွေ့မြင်လိုက်ရသောကြောင့် ကြောင် အအ နှင့်ကြက်သေသေလျက် ငေးကြောင်ကြည့်နေမိလေသည်။
ငြိပ်သည် ခြေစုံရပ်တန်းလျက် မိမိအား ကြည့်နေသော ရဲရင့်၏ခန္ဓာကိုယ်ကို တိုက်ခန်းထဲသို့ ပြန်တွန်းသွင်းလိုက်ပြီးလျှင် ကိုယ်တိုင်ပင် အခန်းထဲသို့ဝင်လိုက်သွားလိုက်လေသည်။
@@@@@@@@@@@@@@@
အပိုင်း ၂၀ ဆက်ရန်
ဧကြည်ဖြူ