ဧကြည်ဖြူ
" ချူ "
*****************
ရဲရင့်နောက်မှ လိုက်ပြေးထွက်လာသော မူယာဟန်သည် စိုင်းခွန်နောင်ကိုတွေ့သောအခါ စူးစမ်းသလိုကြည့်ပြီးမေးလိုက်သည်။
"ရှင်က ဘယ်သူလဲ"
" ကျွန်တော် ရဲရင့်နဲ့ ပြောစရာ ကိစ္စလေးရှိလို့ပါ ..ခွင့်ပြုပေးပါအုံး"
ပြောပြီးသည်နှင့် စိုင်းခွန်နောင် ကားပေါ်သို့ ပြန်တက်လိုက်သည်။ ရဲရင့်လည်း သူ၏ တက္ကစီကားလေးထဲသို့ ဝင်ပြီးနောက်မှလိုက် မောင်းထွက်ခဲ့လေသည်။
****************
" ယောက်ျားချင်းပဲ ပွင့်ပွင့်လင်းလင်းပြောကြတာပေါ့ ငါ့ညီ....ငြိမ်းကို ငါညီဘယ်လိုသဘောထားနေလဲဆိုတာ အစ်ကိုသိချင်တယ်..."
စိုင်းခွန်နောင်၏ အမေးကြောင့် ရဲရင့်က စိုင်းခွန်နောင်ကို "ခင်ဗျားနှင့် ဘာဆိုင်လို့ လဲ "ဆိုသော အကြည့်မျိုးနှင့် ကြည့်လိုက်ရုံမျှမက နှုတ်ကပါ ဖွင့်မေးလိုက်လေသည်။
" ခဏနေပါအုံး .... မရှင်းလို့ မေးပါရစေအုံး...ကျွန်တော်နဲ့ မမကိစ္စက အစ်ကိုနဲ့ ဘာဆိုင်လို့လဲ..."
ရဲရင့်၏ တုန့် ပြန်မေးခွန်းကြောင့် စိုင်းခွန်နောင်ကရဲရင့်ကို ခပ်တင်းတင်းကြည့်လိုက်သည်။
" အစကတော့ မဆိုင်သလိုနေခဲ့တာပဲ...ငြိမ်း စိတ်ချမ်းသာဖို့အဓိကလို့ပဲ တွေးခဲ့တာ...ခုတော့ ငါ့ညီရဲ့ လုပ်ပုံတွေကြောင့် မဆိုင်သလိုမနေနိုင်တော့ဘူး..အဲ့ဒီတော့ မင်းလုပ်ရပ်တွေကို ရပ်တန်းကရပ်ပြီး... အဖြစ်မှန်တွေကို ငြိမ်း ဆီမှာ ဝန်ခံလိုက်ပါ ...."
စိုင်းခွန်နောင်၏စကားကြောင့် ရဲရင့်သည် ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်ပြီး ဒေါသတကြီးနှင့် တုန့်ပြန်ပြောဆိုလိုက်လေသည်။
"ဘာ ...ဘာကို ဝန်ခံရမှာလဲ ခင်ဗျား ဘာတွေ လာပြောနေတာလဲ ....ခင်ဗျာ နဲ့ ဘာဆိုင်လို့ ကျွန်တော်နဲ့ မမကြားမှာ လာရှုပ်နေတာလဲ...."
"မင်းထင်ချင် သလိုထင်နိုင်တယ် ... မင်း ဘာတွေရှုပ်နေလဲဆိုတာ အကုန်သိတယ် ....ဒီအကြောင်းတွေကို ငြိမ်း မသိခင် မင်းအနေအထိုင်ဆင်ခြင်ဖို့လိုတယ်...ရှေ့ဆက်ပြီး ဒီလိုလုပ်နေမယ်ဆိုရင်တော့ ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး ..."
"ဘာပြောတယ် ... ခင်ဗျားက ဘာလုပ်ချင်လို့လဲ...ကောက်ရိုးပုံ စောင့်ချင်နေတာလား....စိတ်ကူးယဉ်မနေနဲ့...မမက ကျွန်တော့်အတွက် ပဲ...မမနဲ့ ကျွန်တော့်ကြားမှာ ဘယ်သူမှဝင်ရှုပ်လို့မရဘူးဆိုတာ မှတ်ထား..."
ရဲရင့်သည် ပြောပြီးသည်နှင့် မျက်စိပျက် မျက်နှာပျက် နှင်းစိုင်းခွန်နောင် ရှေ့မှ ချာခနဲ လှည့်ထွက်ခဲ့သည်။
စိုင်းခွန်နောင်က လှည့်ထွက်သွားသော ရဲရင့်၏ ရှေ့မှပိတ်ရပ်လိုက်ပြီး
"ဒီမှာ ငါညီ...မင်းရှုပ်ချင်ရင် အခြားမိန်းခလေးတွေကို သွားရှုပ်...ငြိမ်းကို ဒုက္ခလာမပေးနဲ့...မင်းကို ကိုယ်စောင့်ကြည့်နေတယ်ဆိုတာ မမေ့နဲ့...ငြိမ်းကို ကာကွယ်ဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး ဆိုတာသိထား..."
ပြောပြီးသည်နှင့် စိုင်းခွန်နောင် လှည့်ထွက်ခဲ့သည်။
" တောက် "
နေရာတွင် ခြေစုံရပ်လျက် ကျန်ခဲ့သော ရဲရင့်သည် မကျေမနပ်နှင့် တောက်တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်လိုက်လေသည်။
*********************
တက္ကစီကားထိုးရပ်လိုက်သည်နှင့် ငြိမ်းကားပေါ်မှဆင်းလိုက်ပြီး ကန်တော်ကြီးထဲသို့ လျှောက် ဝင်လာခဲ့သည်။ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလျက် ဘေးဘီဝဲယာကို အကြည့် ကစားရင်း ငြိမ်းလျှောက်လှမ်းလာခဲ့သည်။နေ့လယ်နေခင်း အချိန်ဖြစ်သောကြောင့် ပန်းခြံထဲတွင် အရိပ်ခိုနေကြသော ဟိုတစ်စုသည် တစ်စု လူအုပ်စုများကိုတွေ့ရသလို ချစ်သူရည်းစားစုံတွဲများကိုလည်း တွေ့ရလေသည်။ငြိမ်းပတ်ဝန်းကျင်ကို ကြည့်ရင်း လျှောက် ပြီးရင်း လျှောက်ခဲ့သည်။ သို့သော်လည်း ငြိမ်း တွေ့ချင်သောအရာကို မမြင်တွေ့ရ။နောက်ဆုံး ငြိမ်း၏ ခြေထောက်တွေ ညောင်းညာကိုက်ခဲလာသောကြောင့် လူရှင်းသော ရေစပ်တစ်နေရာတွင် ထိုင်ချလိုက်သည်။ပြီးလျှင် ပြာလဲ့လဲ့မိုးကောင်းကင်ကို မော့ကြည်လိုက်မိသည်။ ကောင်းကင်ကြီးကလည်း အရမ်းလှနေသည်။ငြိမ်းမှာလည်း အဆင်မပြောမှုဆိုတာလည်းသိပ်မရှိ။ပြီးနောက် ငြိမ်းသည် မကြာသောအချိန်ကာလ၌ ချစ်သောသူနှင့် ဘ၀ခရီးလမ်းကို အတူလက်တွဲလျှောက်လှမ်းရတော့မည်။ တွေးကြည့်လျှင် သည်လိုအချိန်မှာ ငြိမ်းအရမ်းပျော်ရွှင်နေသင့်သည်။သို့သော်လည်း ငြိမ်းမပျော်မိ။တစ်ခါတစ်ရံကိုယ်နှင့်သက်ဆိုင်မှုမရှိသော ယောက်ျားတစ်ယောက်ကို ငြိမ်း အကြောင်းမဲ့သတိရနေ တတ်ပြန်သည်။ထိုအချိန်မျိုး၌ငြိမ်းသည် ရဲရင့်ကိုစိတ်ထဲမှ အားနာစိတ်များ ဖြစ်မိသလို ကိုယ့်ကိုယ်ကို မုန်းတီးစက်ဆုပ်ရွံ့ရာ စိတ်များ ဖြစ်ပေါ်လာမိလေသည်။ထိုအခါမျိုး၌ လူတစ်ယောက်၏ မျက်နှာကိုစေ့စေ့ကြည့်ပြီး "မကောင်းတဲ့ဗီဇ သွေးတွေ ကျွန်မကို ပေးခဲ့တာလား "ဟု မေးပစ်လိုက်ချင်စိတ်များဖြစ်ပေါ်လာတတ်လေသည်။
ကန်တော်ကြီးထဲတွင် နာရီပေါင်းများစွာထိုင်နေပြီးနောက် ငြိမ်းအိမ်သို့ ပြန်ခဲ့သည်။ငြိမ်းပြန်လာချိန်၌ ညနေစောင်းနေပြီးဖြစ်လေသည်။ပုစွန်ဆီရောင်သန်းနေသော ကောင်းကင်ကြီးကို ကားပေါ်မှ ငေးမောကြည်လာခဲ့ရင်း ငြိမ်း၏ စိတ်အစဉ်သည် မိုးကုပ်စက်ဝိုင်း၏ အဝေးဆုံးသို့ ပြေးထွက်သွားနေမိလေသည်။
*****************
ငြိမ်းအိမ်ထဲသို့ ၀င်လိုက်သောအခါ စိုးရိမ်ပူပန်စွာစောင်ကြိုနေသော မိခင်ကြီးကိုတွေ့လိုက်ရလေသည်။
"သမီးရယ် ဘယ်တွေသွားနေတာလဲ...ဖုန်းပါ ပိတ်ထားတော့ အမေမှာစိတ်ပူလွန်းလို့ သေတော့မယ်...အရေး ထဲ မောင်ရဲရင့်ဖုန်းကလည်းဆက်မရဘူးလေး"
ငြိမ်းသည် မိခင်ကို ကြည်ပြီး တောင်းပန်စကားဆိုလိုက်မိသည်။
"တောင်းပန်ပါတယ် အမေ..ဖုန်းအား ကုန်သွားလို့ပါ "
ဒေါ်ငြိမ်းဝေသည် ငြိမ်းကိုကြည့်ပြီး ငြိမ်နောက်မှ လျှောက်လိုက်လာခဲ့လေသည်။ငြိမ်းက သူ့အခန်းထဲသို့ဝင်သွားသောအခါ ဒေါ်ငြိမ်းဝေပါ လိုက်ဝင်ခဲ့လေသည်။
"သမီး ထိုင်ပါအုံး... သမီး ဘာတွေဖြစ်နေတာလဲ အမေ့ကို ပြောပြ...ဘာလဲ သမီး မောင်ရဲရင့်နဲ့ လက်မထပ်ချင်ဘူးလား...ဒါမှမဟုတ်...သမီးမှာ တကယ်ချစ်ရမယ့်သူရှိနေလား အမေ့ကို ပြော...သမီးစိတ်ချမ်းသာအောင် အမေ ဝိုင်းကူညီပေးပါ့မယ်....."
ငြိမ်းသည် မိခင်ဖြစ်သူ၏ စကားကြောင့် ထိုင်နေရာမှဆတ်ခနဲထရပ်လိုက်ပြီး မိခင်ကို ပြန်ပြောလိုက်လေသည်။
"မဟုတ်ပါဘူး...သမီးဘာမှမဖြစ်ပါဘူး ....သမီးမှာ ရဲရင့်အပြင် အခြား ချစ်ရမယ့်သူလဲမရှိဘူး...သမီးကို သစ္စာမရှိတဲ့သူတစ်ယောက်လို့အမေက ထင်နေတာလား....သမီး ရဲရင့်နဲ့ပဲ ကျိန်းသေလက်ထပ်မှာ ..."
"သမီးကသာ ဘာမှမဖြစ်ဘူး ...ပျော်နေတယ်ပြောတာ...ခုတလော သမီးကို ကြည့်လိုက်ရင် မှိုင်နေတာပဲ အမေ မြင်တယ်.."
မိခင်ကြီး၏ စကားကြောင့် ငြိမ်းက ပျာပျာသလဲ ငြင်းချက်ထုတ်လိုက်လေသည်။
"အမေ ထင်လို့ပါ ...သမီးပျော်တယ်...မင်္ဂလာပွဲအတွက် စီစဉ်နေရလို့ စိတ်မောနေလို့ ပန်းခြံထဲ အပန်းသွားဖြေရုံပါ....သမီးမှာ တစ်နေ့တစ်နေ့ ဆိုင်ထဲမှာပဲ နေနေရလို့ မလန်းမဆန်း ဖြစ်နေရုံပါ အမေရယ် ....ကဲပါ အမေရယ်...သမီးရေချိုလိုက်အုံးမယ် နော်...."
ငြိမ်းက မိခင်ဖြစ်သူကို ပြောပြီးသည်နှင့် ရေချိုးရန် ပြင်လိုက်လေသည်။ဒေါ်ငြိမ်းဝေမှာ သမီးဖြစ်သူကို ကြည့်ပြီး လေးလံသော ခြေလှမ်းများဖြင့် အခန်းအပြင်သို့ ထွက်ခဲ့လေသည်။
*****************
ငြိမ်း ရေမိုးချိုးပြီးတော့ အခန်းအပြင်သို့ပြန်ထွက်ခဲ့သည်။အောက်ထပ်သို့ ဆင်းခါနီးတွင် ဝရံတာ၌ စည်သူ ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဝရံတာသို့လျှောက်သွားလိုက်လေသည်။
"စည်သူလေး ... ဘာလဲ...သား အဖေ့ကို သတိရနေပြန်ပြီလား "
စည်သူက ငြိမ်း အသံကိုကြားသောအခါ လှည့်ကြည့်ပြီးခေါင်းငြိမ်းဖြေလေသည်။
"ဟုတ်ကဲ့ မမငြိမ်း...အဖေနေမကောင်းဖြစ်မှာစိုးလို့ပါ ...ကြီးကြီးကတော့ ပြောတယ် ... မကြာခင် အဖေ့ဆီ ပြန်လို့ရပြီတဲ့ "
"ဟုတ်လား...မမငြိမ်းလည်း မသိရပါလား...ဒါဆို စည်သူပျော်နေမှာပေါ့နော် "
ငြိမ်းက ပြောရင်း စည်သူ့ခေါင်းလေးကို အသာပွတ်လိုက်သည်။အနေကြာလာသည်နှင့် အမျှ စည်သူ လေးကို ငြိမ်းသံယောစဉ် တွယ်နေမိပါလေပြီ။ စည်သူ လေးပြန်ရတော့မည် ဆိုသောစကားကြောင့် ရင်ထဲ၌ ဟာတာတာကြီး ခံစားလိုက်ရလေသည်။စည်သူ လေးကလည်း ငြိမ်းကို မော့ကြည့်နေရင်း မှ ခပ်တိုးတိုးပြန်ပြောလေသည်။
"ပျော်သလိုလို ... မပျော်သလိုလို ပါပဲ မမငြိမ်း...အဖေနဲ့လည်း အတူနေချင်တယ်...မမငြိမ်းနဲ့ကြီးကြီးတို့နဲ့လည်း အတူနေချင်တယ်..."
" ဪ ... စည်သူ ရယ် ... မောင်လေးနေချင်တဲ့နေရာမှာ နေ ဟုတ်ပြီလား ...မမတို့အိမ်မှာ တစ်သက်လုံးနေလဲ ရတယ်... အခုတော့ အထဲဝင်တော့ နော်..."
"ဟုတ်ကဲ့ မမငြိမ်း.."
စည်သူက ငြိမ်းပြောတာကို ခေါင်းငြိမ့် ပြပြီး အိမ်ထဲသို့ ပြေဝင်သွားလေသည်။ငြိမ်းလည်း အိမ်ထဲသို့ဝင်ရန် ပြင်လိုက်ပြီး စိတ်ထဲ၌ တစ်မျိုးကြီးခံစားနေရသောကြောင့် လမ်းမဘက်သို့လှမ်းကြည့်လိုက်မိလေသည်။မြင်လိုက်ရသော မြင်ကွင်းကြောင့် ငြိမ်းရင်တွေဒိန်းခနဲဆောင့်ခုန်သွားသည်။မှောင်ရိပ်ခပ်ကွယ်ကွယ်တွင် ရပ်ထားသော ကားပေါ်မှ ခပ်ဝါးဝါး ပုံရိပ်ကိုမြင်နေရသည်။ငြိမ်းဖုန်းကို ဖွင့်ပြီး နာမည်တစ်ခုကိုနှိပ်လိုက်လေသည်။
"ဟယ်လို...."
သြရှရှ ထူးသံအဆုံးမှာ ငြိမ်း သက်ပြင်းကို မသိမသာချလိုက်ပြီး အေးဆေးတည်ငြိမ်စွာ စကားဆိုလိုက်သည်။
" ကိုစိုင်းခွန်နောင် ငြိမ်းဆီလာလည်တာလား ....အိမ်ကိုလာခဲ့လေ..."
ပြောပြီးသည်နှင့် ငြိမ်းဖုန်းကိုချပြီး အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။
*****************
"ဒေါ်ကြူရေ ... ဧည့်.သည်လာမှာမလို့ ...ကော်ဖိနဲ့မုန့်ပြင်ပေးပါနော်..."
ဒေါ်ကြူကို ပြောရင်း မိခင်ဖြစ်သူကိုပါ ငြိမ်း ပြောလိုက်သည်။
"ငြိမ်း မိတ်ဆွေတစ်ယောက် လာမယ် အမေ..."
ငြိမ်း၏ စကားကြောင့် ဒေါ်ငြိမ်းဝေက အံ့သြစွာ ပြန်မေးလိုက်သည်။
"ဘယ်အချိန်လာမှာလဲ သမီး...မိုးတောင် ချုပ်နေပြီ..."
"ခုပဲလာမှာ အမေ ...ဆိုင်ရှေ့တောင် ရောက်နေလောက်ပြီ.."
မိခင်ကို ပြန်ဖြေရင်း ငြိမ်းဆိုင် ရှေ့သို့ထွက်လာခဲ့သည်။ဆိုင်ရှေ့သို့ရောက်သောအခါ ဆိုင်ဝတွင် ခပ်ရို့ရို့ ရပ်နေသော စိုင်းခွန်နောင်ကို တွေ့လိုက်ရလေသည်။ဘောင်းဘီရှည်နှင့် အပြာရောင်ဖျော့ဖျော့ ရှပ်အင်္ကျီကို ဝတ်ထားပြီး ပုံစံကရှင်းသန့်ကြည့်ကောင်းနေလသည် ။အထူးသဖြင့် တောက်ပသော မျက်ဝန်းစူးစူးများကို ငြိမ်း ငေးမောကြည့်လိုက်မိသေးသည်။ပြီးနောက် အိမ်ထဲသို့ ဖိတ်ခေါ်လိုက်လေသည်။
"လာလေ ကိုစိုင်း ... "
ဒေါ်ငြိမ်းဝေသည် စိုင်းခွန်နောင်ကို မြင်သောအခါ အံ့သြမင်သက်စွာ ကြည့်နေမိလေသည်။ပြီးလျှင် သမီးဖြစ်သူကိုပါ အလန့်တကြားကြည့် လိုက်မိလေသည်။
"အမေ သူက သမီးရဲ့မိတ်ဆွေ ကိုစိုင်းခွန်နောင်တဲ့....ကိုစိုင်း ...ငြိမ်းရဲ့အမေလေ နာမည်က ဒေါ်ငြိမ်းဝေတဲ့ "
ငြိမ်းက မိခင်ဖြစ်သူနှင့် စိုင်းခွန်နောင်ကို မိတ်ဆက်ပေးလိုက်လေသည်။
"ဟုတ် ..ဟုတ်ကဲ့ ...တွေ့ရတာဝမ်းသာပါတယ် အန်တီ..."
စိုင်းခွန်နောင်က ခေါ် ငြိမ်းဝေကို မဝံ့မရဲကြည့်ပြီး နှုတ်ဆက်လိုက်သည်။ဒေါ်ငြိမ်းဝေသည် မျက်နှာကို တည်ငြိမ်အောင်ထားပြီး ပြန်နှုတ်ဆက်လိုက်သည်။ငြိမ်းကတော့ မိခင်ဖြစ်သူနှင့် စိုင်းခွန်နောင်တို့ ၏အမူအယာများကို သတိမထားမိဘဲ ရှိလေသည်။
သုံးယောက်သားထိုင်နေသော အခန်းကျဉ်းလေးသည် အတန်ကြာတိတ်ဆိတ်နေပြီးနောက် ငြိမ်းက စတင်စကားဆိုလိုက်လေသည်။
"ကိုစိုင်းက မြန်မာပြည်ကို ပြန်ရောက်တာမကြာသေးဘူးလေ အမေ...ဒါနဲ့ ကိုစိုင်းရော နေရေးထိုင်ရေး နဲ့လုပ်ငန်းတွေ အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ ပြေပါတယ် ငြိမ်း..."
စိုင်းခွန်နောင်သည် ငြိမ်း၏ မျက်နှာကို ငေးငေးရီရီနှင့် ကြည့်ပြီး ငြိမ်းမေးတာကို ပြန်ဖြေလိုက်လေသည်။
"ငြိမ်းလည် ကိုစိုင်းတို့ ဆိုင်ကို လာလည်မလို့ဘဲ...ခုရက်ပိုင်း မင်္ဂလာပွဲအတွက် အလုပ်များနေလို့ မလာဖြစ်တာ...ဖိတ်စာရရင် ပို့လိုက်မယ်နော် ကိုစိုင်းရဲ့ သူငယ်ချင်းကိုပါ ဖိတ်ပေးပါအုံး ..မလာမဖြစ်လာရမှာနော်.."
"ဗျာ... ဟုတ် ... ဟုတ်ကဲ့ ....လာမှာပါ ငြိမ်း "
"ဒါနဲ့ ...မောင်ရင်က ဘယ်ဇာတိလဲကွဲ့ ...မိဘတွေရော ရှိကြသေးလား...."
ဒေါ်ငြိမ်းဝေ၏ ရုတ်တရက် ထမေးလိုက်သော မေးခွန်းကြောင့် စိုင်းခွန်နောင်မှာ ဖြုန်းခနဲ ကြောင်အပြီး မဖြေနိုင်ဘဲ ရှိလေသည်။ငြိမ်းကလည်း စိုင်းခွန်နောင်ကိုငေးကြည့်လျက် စိုင်းခွန်နောင်၏ အဖြေကို နားထောင်နေလေသည်။
စိုင်းခွန်နောင်သည် ထိတ်လန့်သွားသောစိတ်ကို အမြန်ထိန်းလိုက်ပြီး လေသံမှန်မှန်နှင့် ဖြေလိုက်လေသည်။
"မွေးဇာတိကတော့ နယ်ဘက်ကပါ ... ပြီးတော့မှအမေ့အမျိုးတွေရှိတဲ့ တောင်ကြီးကို ပြောင်းသွားတာပါ...အဖေကတော့ မရှိတော့ပါဘူး...အဘွားရယ်....အမေနဲ့ ညီလေးတို့က တောင်ကြီးမှာနေကြပါတယ်.."
စိုင်းခွန်နောင်က ဖြေပြီး ဒေါ်ငြိမ်းဝေနှင့် ငြိမ်းကို ကြည့်လိုက်သည်။
"ခဏလေးနော် ကိုစိုင်း ....ရဲရင့်နဲ့ကိုစိုင်းကို သေချာ မိတ်ဆက် ပေးချင်လို့ ဖုန်းခေါ်လိုက်အုံးမယ်....."
ငြိမ်းက ပြောပြီး ဧည့်ခန်း အပြင်သို့ ထွက်ခဲ့လိုက်သည်။အခန်းထဲတွင် ဒေါ်ငြိမ်းဝေနှင့် စိုင်းခွန်နောင်တို့သာ ကျန်ခဲ့လေသည်။
" တကယ်ဆို မင်းမလာသင့်ဘူး...မင်းကို ဒေါ် လေး သံယောစဉ် ရှိပါတယ်... သမီးက မင်းကို လက်ခံရင် ဒေါ်လေးသိပ်ဝမ်းသာမိမှာပဲ ...ဒါပေမဲ့...သမီးက မင်းကိုမြင်တိုင် မောင်ရဲရင့်ဆီကို ပိုပြီး ရောက်ရောက်သွားတယ်....တကယ်လို့ များ မင်းကထူးထူးမှန်းသာသိသွားရင် ..သူ့စိတ်အတိုင်းသာဆိုရင် မောင်ရဲရင့်နဲ့ ချက်ချင်းကို လက်ထပ်ပစ်လိုက်မလားတောင် မသိဘူး...အင်း ပြောမယ့်သာ ပြောရတာ ခုလဲ ဘာမှတော့ မထူးပါဘူး...သူ့စိတ်သူတောင် မသိတဲ့ အဲ့ဒီကောင်မလေးကို အဒေါ်လည်း ဖြောင့်ဖျပြောပြလို့မရဘူး...ဖြစ်နိုင်ရင် ခုချိန်မှာ သမီးကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အရာတွေမှန်သမျှနဲ့ မတွေ့ဆုံစေချင်ဘူးကွယ်..."
စိုင်းခွန်နောင်သည် ပြိုတော့မည့်မိုးကဲ့သို့ မျက်နှာထားနှင့် ဒေါ်ငြိမ်းဝေကို မော့ကြည့်လိုက်ပြီး ခပ်တိုးတိုးတောင်းပန်လိုက်လေသည်။
"ကျွန်တော် တောင်းပန်ပါတယ် အန်တီ...."
******************
"လူကြီးမင်း ခေါ်ဆိုနေသော ဖုန်းမှာ မအားသေးပါသဖြင့် ... ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပြီးမှ ခေါ်ဆိုပါရန်..." ဒုတိယအကြိမ်ကြားလိုက်ရသော အသံကြောင့် ငြိမ်း စိတ်တိုပြီးဖုန်းကို ချပစ်လိုက်သည်။ပြီးနောက် ဧည့်ခန်းထဲသို့ ပြန်ဝင်လာခဲ့လေသည်။
" အားနာလိုက်တာကိုစိုင်းရယ်... နောက်တစ်ခါမှပဲ သေချာ မိတ်ဆက်ပေးတော့မယ် ....ရဲ့ရင့်က အလုပ်မအားဘူး ထင်တယ်... ဖုန်းဆက်လို့မရဘူး ဖြစ်နေတယ်.."
ငြိမ်းက ပြောရင်း ခုံမှာ ပြန်ဝင်ထိုင် လိုက်သည်။
စိုင်းခွန်နောင်သည် ငြိမ်း၏မျက်နှာကို ခပ်စူးစူး တစ်ချက် ကြည့် လိုက်ပြီး နှုတ်ဆက်စကားပြောကာ ပြန်ရန် ပြင်လိုက်လေသည်။
" ရပါတယ် ငြိမ်း...နောက်မှ ဆုံတာပေါ့...ကျွန်တော့်ကို ပြန်ခွင့် ပြုပါအုံးနော်....ပြန်ခွင့် ပြုပါအုံး အန်တီ..."
*****************
စိုင်းခွန်နောင်ကို လိုက်ပို့ပြီး ပြန်ဝင်လာသော ငြိမ်ကို ဒေါ်ငြိမ်းဝေက ကြည့်ပြီး မေးလိုက်သည်။
" မောင်စိုင်းခွန်နောင်ကို ကြည့်ရတာ... တစ်ယောက်ယောက်နဲ့ မတူဘူးလား သမီး"
ဒေါ်ငြိမ်းဝေ၏စကားကြောင့် ငြိမ်းက မိခင်ကို လှမ်းကြည့်လိုက်ပြီး မေးလိုက်လေသည်။
"ဘယ်သူနဲ့ တူတာလဲ အမေ "
" ထူးထူးနဲ့လေ မျက်လုံးလေးတွေက ထူးထူးနဲ့အတော်တူသလိုပဲ ..."
ငြိမ်းသည် မိခင်ဖြစ်သူ၏ စကားကြောင့် ထိုင်ရန်ပြင်နေရာမှ ဆတ်ခနဲ မိခင်ကို မော့ကြည့်ပြီး ငြင်းဆန် စကားဆိုလိုက်လေသည်။
" မတူပါဘူး.... တစ်ခြားစီပဲ ...."
" ဟုတ်လား ...အမေကတူတယ် ထင်လို့ ....အခုချိန်ဆို ထူးထူး လေးလဲ ဘယ်တွေ ရောက်ပြီး ဘာတွေ လုပ်နေ ပါလိမ့် .... သူက သမီး အနိုင်ကျင့်သမျှ သည်းညည်းခံ ရှာတဲ့ ကလေးပါ ....သမီးရော ထူးထူး လေး ကို သတိမရဘူးလား ..."
ငြိမ်းသည် မိခင်ဖြစ်သူ၏ မေးခွန်းကြောင့် ရင်ထဲတွင် တဆစ်ဆစ်နာကျင်လာပြီး ဒေါသများပါ ထွက်လာ သဖြင့် ထိုင်နေရာမှ ထရပ်ပြီးမိခင်ကို ပြန်ဖြေလိုက်သည်။
"သတိမရပါဘူး...အကျင့်မကောင်းတဲ့ မျိုးက ဆင်းသက်လာတဲ့သူ ... ပြီးတော့ တောင်းပန်းရမှန်းမသိဘဲ ထွက်ပြေး သွားကြတဲ့ တာဝန်မသိတဲ့လူတွေ..."
ဒေါ်ငြိမ်းဝေ သည် ငြိမ်း၏ တင်းမာခက်ထန်နေသောပုံစံကိုကြည့်ပြီး သက်ပြင်းချလိုက်မိပြီး လေပြေ စကားဆိုလိုက်သည်။
"သမီးရယ် ... သူတို့လည်းရှက်လို့နေမှာပေါ့ကွယ်..ပြီးတော့ အဲ့ဒီတုန်းက ထူးထူးလေးကလဲ ငယ်သေးတယ်လေ သမီးရယ်...အချိန်တွေကြာလာပါပြီ သမီးစိတ်တွေမပြေသေးဘူးလားကွယ်...ခုချိန်များ ထူးထူးလေးနဲ့ ဆုံတွေ့ရမယ်ဆိုရင် သမီးလက်ခံမှာလား "
ဒေါ်ငြိမ်းဝေက သမီးဖြစ်သူ ကိုသွေးတိုးစမ်းသည့် သဘောနှင့် မေးလိုက်သည်။
"မဆုံပါဘူး အမေ...ဆုံစရာလည်းအကြောင်းမရှိဘူး...အဲ့ဒီတုန်းက သူက ငယ်သေးလို့ လူကြီးတွေဆန္ဒအတိုင်း လုပ်ခဲ့ရတယ်ဆိုရင်တောင် နှုတ်ဆက်စကားပြောဖို့ တောင် သူ့မှာ အချိန်မရှိတော့ဘူးလား...သူလည်း အတူတူပဲ ကတိမတည်တဲ့လူလိမ်.."
ငြိင်းသည် ဒေါသတကြီးနှင့် ပြောဆိုပြီး မိခင်ဖြစ်သူ၏ အပါးမှ ထွက်ခဲ့လေသည်။
******************
"တော်ပါတော့ မမမူ ... ကျွန်တော် တောင်းပန်ပါတယ်ဗျာ....ထပ်ပြီး လည်း မခြိမ်းခြောက်ပါနဲ့တော့...ခုလည်း မမမူ ခေါ်ရင်း ကျွန်တော်လာနေတာပဲ ... တစ်ဆိတ်ရှိ မမကို ပြောမယ်ဆိုတဲ့ စကားကို မပြောပါနဲ့တော့ ...မနက်ဖြန်ကျရင် ကျွန်တော်တို့လူကြီးစုံရာနဲ့ တောင်းရမ်းနား ဖောက်ဖို့ အားလုံး လုပ်ပြီးသွားပြီ....ကျွန်တော် နောက်မဆုတ်နိုင်ဘူး.... မမမူ ပြောသလို ခိုးတွေ့ရအောင် ဆိုတာကိုလည်း တတ်နိုင်သမျှ လိုက်လျော ပေးခဲ့တာပဲ...ဒီထက်ပိုပြီး လောဘမတက်ပါနဲ့ ....ဒီလိုဖုန်းပြောရရုံနဲ့ပဲကျေနပ်ပေးပါ ...အိမ်ကိုလာရှာတာတို့ ဘာတို့မလုပ်ပါနဲ့တော့နော်...."
ရဲရင့်က မူယာဟန်ကို ဖုန်းထဲမှ တောင်းပန်ပြောဆိုလိုက်လေသည်။
"မင်းကွာ...မမမူ တောင်းဆိုတာကို ဒီလောက်လေးတောင် မလိုက်လျောနိုင်ဘူးလား....မင်းတို့ကို လက်မထပ်နဲ့လို့ မပြောဘူး ...စေ့စပ်ပြီးရင် လက်ထပ်ပွဲကို နောက်ကို ဆုတ်ဖို့ပဲ ပြောတာ...မင်းနဲ့မမမူ တွေ့ရတာတောင် သိပ်မကြာသေးဘူး ... မင်းအိမ်ထောင်ပြုမှာကို လက်မခံနိုင်ဘူး ... လုပ်ငန်းတစ် ခုလုပ်မယ်လို့အကြောင်းပြပြီး လက်ထပ်ပွဲကို နောက်ဆုတ်လိုက်...ပြီးတော့ မင်းလိုသမျှ ပြော ....ကားလား..အိမ်လား...ငွေလား မမမူ ပိုင်သမျှ မင်းအတွက် ချည်းပဲ ..."
"ဟာဗျာ ...စိတ်ရှုပ်လာပြီ...ကျွန်တော် ဖုန်းချလိုက်တော့မယ်..."
ရဲရင့်စိတ်ရှုပ်ရှုပ် နှင့် ဖုန်းကို ချပစ်လိုက်သည်။ ဖုန်းချလိုက်မှပင် ငြိမ်းဖုန်းခေါ်ထားသည်ကို တွေ့လိုက်ရသောကြောင့် ဖုန်းပြန်ခေါ်လိုက်လေသည်။
"ဟယ်လို ...မမ ..ဖုန်းခေါ်ထားတာလား...မောင်ကသူငယ်ချင်းတွေနဲ့ ဖုန်းပြောနေလို့...မင်္ဂလာပွဲကိုဖိတ်နေတာမမရဲ...."
ရဲရင့်က စိုးရိမ်စိတ် အပြည့်နှင့်ပင် ငြိမ်းကို လိမ်ညာပြောလိုက်သည်။
"အင်းပါ ....ဖုန်းဆက်မရလို့ စိတ်ပူနေတာ....မနက်ဖြန် ကိစ္စကိုတော့ မမေ့ဘူး မဟုတ်လား....ဒီညများ အိမ်ကို လာအုံးမလားလို့ မျှော်နေတာ...."
ငြိမ်း၏ မာဆတ်ဆတ် နှင့် ပြောလာသောအသံကိုကြားလိုက်ရသောအခါ ရဲရင့်စိတ်ထဲမှ အပူလုံးကြီးလျောခနဲကျသွားရလေသည်။ဘယ်လိုအခြေအနေတွေ ဘာတွေပဲဖြစ်နေပါစေ ရဲရင့်အနေနှင့် ငြိမ်းကိုတော့ အမှန်တကယ်ချစ်မြတ်နိုးခြင်းဖြစ်ပါလေသည်။
*******************
"စိုင်း မင်းနေသာရဲ့လား...."
ဆန်းလင်းအောင်က အိပ်ရာထဲတွင် ခွေနေသောစိုင်းခွန်နောင်ကိုကြည့်ပြီး မေးလိုက်သည်။ စိုင်းခွန်နောင်မှာ မနေညက ငြိမ်းတို့ဆီမှ ပြန်လာပြီးကတည်းက အပြင်းဖျားပြီး အိပ်ရာထဲမှမထနိုင်ခြင်း ဖြစ်လေသည် ။တစ်ညလုံး ဝေဒနာကို ကြိတ်မှိတ်ခံနေပြီး မိုးလင်းမှ ဆန်းလင်းအောင်ကို ဖုန်းဆက်ခေါ်လိုက်၍ ရောက်လာခြင်းဖြစ်လေသည်။
"မင်းကွာ..ည တုနုံးတည်းက ဆက်ပါလား...ခုဆေးခန်းသွားမလား...ဆရာဝန်ခေါ်ရမလား ပြော.."
"ရတယ် ကိုဆန်း...ဒီ...ဒီညနေ ....ငြိမ်း စေ့စပ်တော့မှာတဲ့ဗျ..."
စိုင်းခွန်နောင်၏ စကားကြောင့် ဆန်းလင်းအောင်က ခုတင်ဘေးရှိ စာကြည့်စားပွဲစုံတွင် စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်ပြီး
"အဲ့ဒါကြောင့် မင်းကဒီလိုဖြစ်နေတာပေါ့လေ... ဒီလိုဖြစ်နေမယ့်အစား သတ္တိရှိရှိဖွင့်ပြောလိုက်ပါလားကွာ ..မင်းကို ကြည့်ရတာပင်ပန်းလိုက် တာ...မင်းအဖြစ် က ချစ်သူကိုလဲ ဖွင့်မပြောရဲ...ပြီးတော့ ချစ်သူရဲ့အဖေကိုကအစ မသိအောင် ခိုးပြီးကူညီ စောင့်ရှောက်နေရတဲ့ဘ၀..မလွယ်ပါလားကွာ....."
" ဒါကတော့ ကိုဆန်းရယ်.... မခေါ်ချင်လည်း တော်နေရတဲ့ သွေးသားကြောင့် လေ....ငြိမ်းရဲ့မောင်လေးက ကျွန်တော်နဲ့လည်း ညီအစ်ကိုဝမ်းကွဲ တော်တယ်လေ....ပြီးတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်ချစ်ရတဲ့သူရဲ့ ဖခင်လေ....ဒုက္ခရောက်နေတာကို ဒီတိုင်းကြီး ပစ်မထားရက်ဘူးဗျာ..."
" အေးကွာ မင်းတို့ရေစက်တွေကလည်း အဆန်းသားစိုင်းရာ ..."
******************
" ကဲ...ဒါဆိုရင် မင်္ဂလာပွဲရက်ကနောက်လ ဆယ်ရက်နေ့ပေါ့...."
"စေ့စပ်ကြောင်းလမ်း နားဖောက်တဲ့ပွဲက အောင်အောင်မြင်မြင်နဲ့ပြီး သွားပြီဆိုတော့ ....ဦးလေးတို့ကို ပြန်ခွင့် ပြုပါအုံးနော်..."
ငြိမ်းနှင့်ရဲရင့်တို့၏ နှစ်ဖက်မိဘလူကြီးစုံရာနှင့် စေ့စပ်ကြောင်းလမ်းပွဲက အေးအေးချမ်းချမ်းနှင့်ပြီးဆုံးသွားလေပြီ။
ရဲရင့်၏ မိခင်က ငြိမ်း၏ လက်ကလေးကို ဆုပ်ကိုင်ကာ ကျေးဇူးတင်စကားတွေ တဖွဖွပြောနေသည်။
"အဒေါ်သားလေး လို လက်ခံပေးလို့ ကျေးဇူးပါ သမီးရယ်...အဒေါ် အတွက် မပူပါနဲ့ ...အဒေါ်ဘာသာနေပါ့မယ်...သားအတွက် စိတ်အေး ရရင်ပဲ အဒေါ် သေပျော်ပါပြီ.."
ငြိမ်းက မျက်ရည်များ ရစ်ဝဲလျက်ပြောနေသော ယောက္ခမလောင်း၏ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး နှစ်သိမ့်စကားပြောလိုက်လေသည်။
" မကြာခင် တစ်မိသားစုတည်း ဖြစ်တော့မှာကို ဘာတွေပြောနေတာလဲ အမေရယ်.. တစ်ယောက်တည်းမနေရပါဘူးနော် ...ဒီမှာအတူနေရမယ်...အဲ့ဒါမှ ငြိမ်းမှာလဲ အမေ နှစ်ယောက် ...ရဲရင့်ရင့်မှာလဲ အမေနှစ်ယောက်နဲ့ ဘယ်လောက်ကောင်းလဲ ....ပြီးတော့ အမေတို့နှစ်ယောက်အတူရှိနေတော့ ငြိမ်းတို့လည်း အမေတို့အတွက် မပူရ တော့ဘူးပေါ့ "
"တူ ..တူ "
ငြိမ်းသည် ရဲရင့်၏ မိခင်နှင့်စကားပြောနေစဉ်မှာပင် ရဲရင့်၏ဖုန်းဆီမှ အသံထွက်လာသောကြောင့် ငြိမ်းက ရဲရင့် ပခုံးကို ပုက်လိုက်ပြီးဖုန်းကိုင်ရန် ပြောလိုက်လေသည်။
"ရဲရင့်ဖုန်းလာနေတာလား မဟုတ်လား ... စောစောကတည်းက ခေါ်နေတာထင်တယ်... ကားငှါးတဲ့သူထင်တယ်... ဖုန်းပြန်ပြောလိုက်အုံးလေ..."
"ဟုတ် ... ဟုတ်မယ်ထင်တယ် ...ဖုန်းသံပိတ်ထားတော့ မောင်က သတိမထားလိုက် မိဘူး ..."
ရဲရင့်သည် ငြိမ်းကို ပြန်ဖြေလိုက်ရင်း ဖုန်းကို ကိုင်ကာ မသိမသာနှင့် ဝရံတာဘက်သို့ ထွက်ခဲ့လေသည်။
******************
"မမမူ ..ခင်ဗျား လွန်နေပြီနော် ....ဘာလို့ ဖုန်းတွေ ခေါ်နေရတာလဲ...'
ရဲရင့်သည် ဝရံတာသို့ရောက်သည်နှင့် ဒေါသကို ထိန်းပြီး အသံခပ်အုပ်အုပ်နှင့် ပြောလိုက်လေသည်။
"သတိရလို့ ..စိတ်ပူလို့ ဆက်တာပေါ့...ချက်ချင်း မင်္ဂလာပွဲရက်သတ်မှတ်လိုက်မှာစိုးလို့ စိတ်ပူပြီး ဆက်မိတာပါကွာ ... မနက်ဖြန်ကျရင် မမမူတို့ ခဏလောက် တွေ့ရအောင် တိုက်ခန်းကိုလာခဲ့အုံးနော် ...တကယ်လို့ မောင် မလာဘဲနေရင် မမမူက ...ငြိမ်း ဆီလာမေးမှာနော်...."
"ဗျာ..မ..မလုပ်နဲ့နော်....ကျွန်တော် လာခဲ့မယ်...ခင်ဗျား အေးဆေးနေပါ ....ကျွန်တော် တောင်းပန်ပါတယ်...."
ရဲရင့်က မူယာဟန်၏ စကားကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး ပျာပျာသလဲ တောင်းပန်လိုက်သည်။ထိုစဉ်မှာပင်ရဲ့ရင့်ရှိရာ ဝရံတာသို့ ငြိမ်းရောက်လာလေသည်။
"ရဲရင့် ...မင်း ဖောက်ပြန်နေတာလား "
အသံနှင့် အတူ ဝင်လာသောငြိမ်းကိုကြည်ပြီး ရဲရင့် လန့်ဖျပ်သွားမိပြီး လက်ထဲမှဖုန်ပါ ပြုတ်ကျသွားလေသည်။
@@@@@@@@@@@@@
အပိုင်း ၁၉ ဆက်ရန်
ဧကြည်ဖြူ