book

Index 17

အပိုင်း (၁၇)

ဧကြည်ဖြူ


  " ချူ "


****************


ဖြစ်နိုင်ရင်...ဒီလကုန်လက်ထက်ရအောင် မမ"


   ရဲရင့်၏ စကားကြောင့် ငြိမ်း ခေါင်းကို ခါယမ်းလိုက်မိသည်။


"ဒီလကုန်တော့ ဘယ်လိုဖြစ်နိုင်မှာလဲ  ရဲရင့်ရယ်....ဘာမှလဲ မစီစဉ်ရသေးဘူး...နောက်လလောက် စီစဉ်ကြမယ်"


"ဒါဆိုလဲ ...မမအဆင်ပြေသလို အမြန်ဆုံး စီစဉ်ကြစို့နော်"


*****************


     ဒေါ်ငြိမ်းဝေ တက္ကစီပေါ်မှ ဆင်းလိုက်ပြီး မြင်နေရသော အိမ်ကို လှမ်းကြည့်လိုက်သည်။အိမ်သည် သွပ်မိုးပျဉ်ထောင်သပ်သပ်ရပ်ရပ်အိမ်လေးဖြစ်သည်။သံဇကာစည်းရိုးများ ဖြင့်ကာရံထားသော ခြစည်းရိုးလေးလည်း ရှိသည်။တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်အနေအထားအရ အေးချမ်း ဆိတ်ငြိမ်သော ရပ်ကွက်လည်းဖြစ်ပုံရသည်။ခြံရှေ့တွင် အကောင်းစားကားတစ်စီးရပ်ထားသည်ကိုတော့ ဒေါ်ငြမ်း ဝေ အနည်းငယ်မျှ အံ့ဩနေမိသည်။ကိုအောင်မင်းအခြေအနေနှင့် " အိမ်ပိုင်ရပြိ "ဆိုသော စကားကြောင့် ဒေါ်ငြိမ်းဝေမယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်မှာတော့ အမှန်ပင်ဖြစ်သည်။


 ဒေါ်ငြိမ်းဝေသည် ခပ်ဟဟ စေ့ထားသော ခြံတံခါးမှ အထဲကို လှမ်းကြည့်ပြီး အသံပြုလိုက်သည်။


"ကိုအောင်မင်း...ကိုအောင်မင်းရှိလား"


     ဒေါ်ငြိမ်းဝေ၏ခေါ်သံကြောင့် အိမ်ထဲမှ ဦးအောင်မင်းထွက်လာလေသည်။

***************


    ဒေါ်ငြိမ်းဝေက ဦးအောင်မင်းနောက်မှ အိမ်ထဲသို့ လိုက်ဝင်လာခဲ့သည်။


"မင်္ဂလာပါ ဒေါ် လေး...မတွေ့ရတာကြာပြီ...ဒေါ် လေး နေကောင်းတယ်နော်.... "


     ဒေါ်ငြိမ်းဝေမှာ အိမ်ထဲသို့ ရောက်သောအခါ မိမိကို နှုတ်ဆက်လိုက်သော လူငယ်လေးကို  အံ့သြစွာ ကြည့်လိုက်မိသည်။


"အေး...အေးပါကွယ်...နေကောင်းပါတယ်... ဒါနဲ့ သားကဘယ်သူများလဲ..."


  "ကျွန်တော် ထူးထူးပါ ဒေါ် လေး .."


"ဘယ် ...ဘယ်လိုကွဲ့ ...ထူးထူး ဟုတ်လား "


  ဒေါ်ငြိမ်းဝေ၏အမေးကို ထူးထူးခေါ် စိုင်းခွန်နောင်က တရိုတသေနှင့် ပြန်ဖြေလိုက်သည်။


"ဟုတ်ပါတယ် ဒေါ် လေး  ကျွန်တော် ထူးထူးပါ..."


"ဟုတ်တယ် ငြိမ်းဝေ ... ဒီအိမ်ကို ထူးထူး ဝယ်ပေးတာလေ... ဟိုတလောကမှ ထူးထူး နဲ့ အဆက် အသွယ်ရတာ...  ထူးထူးက ဆယ်တန်းအောင်ပြီးတည်းက နိုင်ငံခြားရောက်နေခဲ့တာတဲ့လေ..."


    ဒေါ်ငြိမ်းဝေ သည် တင်ထူးအောင်၏ မျက်နှာကို မယုံကြည်နိုင်စွာငေးကြည့်နေမိရင်း မေးလိုက်မိသည်။


"နိုင်ငံခြားမှာ နေတာဟုတ်လား...ပြန်လာတာ ဘယ်လောက်ကြာပြီလဲ... ငြိမ်းနဲ့ရောတွေ့ဖြစ်လား ..."


   ဒေါ်ငြိမ်းဝေ၏ အမေးကို စိုင်းခွန်နောင်က ခေါင်းငြိမ့်ပြပြီး ပြန်ဖြေလိုက်သည်။


"တွေ့ပါတယ် အန်တီ...ဒါပေမဲ့ ငြိမ်းက ကျွန်တော်ကို မမှတ်မိပါဘူး....ကျွန်တော်ကို စိုင်းခွန်နောင်လို့ပဲသိထားတာ ပါ ..."


" ဒေါ် လေး...မင်းနဲ့ စကားပြောချင်တယ်ကွယ်....မင်းအချိန်ရလား...."


 "ဟုတ်ကဲ့ ...ရပါတယ် ဒေါ်လေး..."


 " ဒေါ်လေး ပြောချင်တာက သမီးကို စိတ်မညစ်စေချင်ဘူးကွယ်...ဖြစ်နိုင်ရင် ကိုအောင်မင်းတို့ သားအဖကိုရော မင်းကိုပါ  သမီးလေးနားမှာ မရှိစေချင်ဘူး ..."


"ဗျာ.... ဒေါ် ... ဒေါ်လေး..."


    ကြားလိုက်ရသောစကားကြောင့် စိုင်းခွန်နောင်က ဒေါ်ငြိမ်းဝေကို အလန့်တကြား မော့ကြည့်လိုက်မိသည်။


"ဒေါ်လေး ပြောတာ စိတ်မဆိုးပါနဲ့....အဟောင်းတွေကို အသစ် မဖြစ်စေချင်တော့ဘူး.... ပြီးတော့ သမီးလေးကနောက်လထဲ လက်ထပ်တော့မယ်လို့ ပြောနေတယ်...ဖြစ်နိုင်ရင် ဒီလက်ထပ်ပွဲကို မဖြစ်စေချင်ဘူး...သမီးကို ကြည့်ရတာပျော်ရွှင်ပုံလဲ မရဘူးလေ... သူ့ဘာလို့ ဒီလက်ထပ်ပွဲကို မြန်မြန်လက်ခံလိုက်လဲလို့ တွေးနေခဲ့တာ ... ခုတော့ သိသွားပြီ....ဒေါ်လေး ထင်တာ မမှားဘူး ဆိုရင် ... သားကြောင့်ပဲဖြစ်မယ် ထင်တယ် ထူးထူး .."


" ဗျာ ... ဒေါ်လေး ပြောတာ ကျွန်တော်နားမလည်းဘူး..."


" ငြိမ်းရဲ့ အတွင်းစိတ်ကိုသိရင်တော့ သားနားလည်မှာပါ...သမီးက သူကိုယ်တိုင်က သူ့အဖေနဲ့ တူမှာ သိပ်ကြော်က်နေပုံရတယ်...အဲ့ဒါကြောင့် မောင်ရဲရင့်ပြောသမျှကို မငြင်းဆန်ဘဲ လက်ခံပြီးလိုက် လုပ်နေတာပဲ...ဒီပုံစံအတိုင်းဆို  သူတို့ လက်ထပ်ဖြစ်မှာ သေချာသွားပြီးပဲ..."


"ဗျာ "


    ဒေါ်ငြိမ်းဝေ၏ စကားကြောင့် စိုင်းခွန်နောင်၏ရင်ထဲ တွင်မုန်တိုင်းထန်သလို လှုပ်ခတ်သွားသည်။ငြိမ်းကို တကယ်တမ်း လက်လွတ်ဆုံးရှုံးရတော့မည်ဆိုသောအခါ စိတ်ထဲတွင် နာကျင်၍လာသည်။ဖြစ်နိုင်လျှင် ငြိမ်းလက်ကိုဆွဲကာ အဝေးဆုံးသို့ ပြေးထွက်သွားပစ်လိုက်ချင်တော့သည်။


"ကျွန်တော် သွားတော့မယ် ဒေါ် လေးနဲ့ ဦးလေး....ခွင့်ပြုပါအုံးနော်..."


   ဒေါ်ငြိမ်းဝေနှင့် ဦးအောင်မင်းကို နှုတ်ဆက်ပြီး စိုင်းခွန်နောင်အမြန်ဆုံးထပြန်ခဲ့သည်။စိတ်ထဲတွင် ငြိမ်းဆီသို့ အမြန်ဆုံး ရောက်သွားရန် ဇောကပ်နေမိသည်။


*****************


    ဒေါ်ငြိမ်းဝေက တင်ထူးအောင်ပြန်သွားသည်နှင့် ဦးအောင်မင်း၏ မျက်နှာကို ကြည့်ပြီး ပြောလိုက်သည်။


"ရှင့်မှာ အိမ်ရှိပြီဆိုတော့ ရှင့်သားကို ပြန်ခေါ်ပါတော့ ကိုအောင်မင်း...စည်သူက ရှင့်ရဲ့ သားဆိုတာကို သမီးသိသွားမှာစိုးလို့ ကျွန်မမှာ အမြဲ စိုးတထိတ်ထိတ်နေခဲ့ရတာ..."


"ဟာ ...ချက်ချင်းကြီးခေါ်လို့ မဖြစ်သေးဘူးလေ ငြိမ်းဝေ ....ငါအလုပ်သွားတဲ့အချိန်... ကလေးတစ်ယောက်တည်း ကျန်ခဲ့မှာ ကိုစိတ်မချဘူး...ဘာပဲဖြစ်ဖြစ် အဖြစ်မှန်ကို ငြိမ်း သိသွားလဲ စည်သူက သူ့မောင်လေးမို့ သူခွင့်လွှတ်နိုင်မှာပါ....."


    ဦးအောင်မင်း၏ စကားကြောင့် ဒေါ်ငြိမ်းဝေသည် ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်ပြီး ဦးအောင်မင်းကို ဒေါသတကြီး အော်ပြောလိုက်သည်။


"ဒီမှာ..ကိုအောင်မင်း ...ရှင်ကလေ...ခုချိန်ထိ တစ်ကိုယ်ကောင်းဆန်တုန်းပါလား....ရှင့်သား အဆင်ပြေဖို့အတွက် ကျွန်မသမီးဘယ်လိုခံစားရပါစေ ... ရှင်ဂရုမစိုက်ဘူး မဟုတ်လား ... ပြောလေ... "


    ဦးအောင်မင်းသည် ဒေါ်ငြိမ်းဝေကိုကြည့်ပြီး ပျာပျာသလဲ တောင်းပန်လိုက်သည်။


"မဟုတ် ... မဟုတ်ပါဘူး ငြိမ်းဝေရယ်..."


"ရှင့်ကို ရှင်းရှင်းပဲပြောမယ်...ရှင့်သားကို ကျွန်မ လက်ခံထားတယ်ဆိုတာ ရှင့််အပေါ် သံယောစဉ်ကျန်နေသေးလို့တော့ ထင်မနေနဲ့... လမ်းဘေးအိပ် လမ်းဘေးစားနေရတဲ့ ကလေးကို ကြည့်ပြီး ကျွန်မသမီးလေး အဲ့ဒီအရွယ်က ဒုက္ခရောက်ခဲ့တာကို ပြန်တွေးမိလို့ သားသမီးချင်း ကိုယ်ချင်းစာပြီး ကူညီခဲ့တာ...ရှင်တို့ပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်  သမီးလေးက တစ်ခါတစ်လေမှာ သိပ်ကိုကြောက်စရာကောင်းတဲ့သူတစ်ယောက် ဖြစ်သွားတတ်တာကို သိရဲ့လား...ဖြစ်နိုင်ရင် ရှင်တို့ သားအဖရော  တင်ထူးအောင် ပါ ကျွန်မတို့သားအမိနဲ့ လာမပတ်သက်တာ အကောင်းဆုံးပဲ..ရှင့်သားကို ရှင့််ဆီကို အမြန်ဆုံး ပြန်ပို့ပေးမယ် ဆိုတာ သိထားလိုက်.... ယောင်လို့မှ သမီးလေးရှေ့ကို ပေါ်မလာနဲ့...."


    ဒေါ်ငြိမ်းဝေသည် ဦးအောင်မင်းကို ဒေါသတကြီးပြောဆိုခဲ့ပြီး အိမ်ထဲမှပြန်ထွက်ခဲ့လေသည်။

     ဦးအောင် မင်းတစ်ယောက် မှာတော့ ခေါင်းကြီးငိုက်စိုက်ချလျက် ကျန်ခဲ့လေသည်။


**************


     စိုင်းခွန်နောင်သည် ကားကို ငြိမ်းတို့အိမ်၏ မလှမ်းမကမ်းတွင်ရပ်လိုက်ပြီး  ကားထဲတွင် ငြိမ်သက်စွာထိုင်နေမိပြီး ငြိမ်းတို့အိမ်ကိုလှမ်းကြည့်နေမိလေသည်။လူကသာ ငြိမ်သက်စွာထိုင်နေရသော်လည်း စိတ်ကမူ ငြိမ်း တို့ ဈေးဆိုင်ထဲသို့ အရောက်သွားပြီး ငြိမ်း၏ လက်ကို ဆွဲက အဝေးဆုံးသို့ ထွက်ပြေးသွားချင်နေမိသည်။"လက်မထပ်ပါနဲ့ ငြိမ်းရယ်.... ."စိတ်ထဲမှ သည် စကားလုံးများကိုပဲရွတ်ရင်း စိုင်းခွန်နောင် ရင်ထဲဆို့နင့်ကြေကွဲနေမိသည်။မျှော်လင့်ချက်တွေ ရင်မှာပိုက်ပြီးပြန်လာခဲ့သော်လည်း သူ့အဖြစ်က နောက်ကျနေခဲ့ပေပြီ။


" ဟို အဝေးကြီးကို ငေးကာ စိတ်တွေ လေးလံနေခဲ့တယ်...."


    စိုင်းခွန်နောင်သည် ငြိမ်းတို့အိမ်ကို လှမ်းကြည့်နေစဉ်မှာပင် ဖုန်းသံမြည်လာ

လေသည်။မိခင်ဆီမှ ဆက်သော ဖုန်းဖြစ်နေသောကြောင့် စိုင်းခွန်နောင် ဖုန်းကို ကိုင်လိုက်သည်၊၊


"ဟယ်လို ..အမေ "


" အေး... သားကြီး... ဘာတွေ လုပ်နေလဲ..အလုပ်တွေ အဆင်ပြေတယ် မဟုတ်လား..."


     ဖုန်းထဲမှ မိခင်၏အသံကိုကြားရသောအခါ စိုင်းခွန်နောင်ရင်ထဲမှဝမ်းနည်းနာကျင်စိတ်မှာ ထိန်းချုပ်၍ မရတော့ဘဲ မိခင်ကို အားကိုးတကြီး ဖွင့်ဟ ပြောလိုက်မိလေသည်။


"...သားစိတ်ညစ်တယ် အမေ.....ရင်ထဲမှာ အရမ်းပူနေတယ်...... တစ်ခါတစ်လေ စိတ်ထဲရှိတဲ့အတိုင်း လုပ်ပစ်လိုက်ချင်တယ်..."


"ဟင် ...ဘာ ..ဘာဖြစ်လို့လဲ သားရယ်...ရင်တွေပူလိုက်တာ..."


"နောက်လ ငြိမ်းလက်ထပ်တော့မပ်တဲ့ အမေ...ဒေါ်လေးကလည်း သားကို ငြိမ်းနဲ့ မပတ်သက်ဖို့ ပြောနေတယ် ..."


     စိုင်းခွန်နောင်၏ စကားကြောင့် မိခင်ဖြစ်သူထံမှ တိတ်ဆိတ်သွားပြီး အတန်ကြာသော အခါမှ စကားသံထွက်ပေါ်လာလေသည်။


"သားရယ်...အမေ စိတ်မကောင်းလိုက်တာ...သားဘ၀တစ်လျှောက်လုံး သူ့ကိုပဲ ချစ်ခဲ့တာပဲ....သားရဲ့ မေတ္တာစစ်မှန်ရင် သူနဲ့သား ဆုံစည်းရလိမ့်မယ်လို့ အမေထင်တယ်... ပြီးတော့ မငြိမ်းဝေကိုလဲ နားလည်ပေးလိုက်ပါ...သားတို့ကိုတွေ့ရတော့ သူတို့အတွက် အဟောင်းတွေ အသစ်ဖြစ်ပြီး ခံစားနေရမှာ စိုးလို့ ထင်ပါရဲ့..."


"ဟုတ်ကဲ့ အမေ ... ဒေါ်လေး ပြောတာကို သားနားလည်ပါတယ်..."


"အေးပါ သားရယ် ... မင်္ဂလာ မဆောင်ရသေးခင်အထိ သားမှာ မျှော်လင့်ချက် ရှိပါသေးတယ်... ဒါနဲ့ အမေ သားနဲ့ လာနေပေးရမလား...သား ညီလေးလဲ သူ့အလုပ်နဲ့ သူဖြစ်နေပြီမို့  ခဏတစ်ဖြုတ် တော့ ထားခဲ့လို့ရပါတယ်..."


"ရတယ် အမေ...သားက အမေတို့ကို ရန်ကုန်မှာ သားနဲ့ အတူလာနေစေချင်တာ"


"အဲ့ဒါတော့ မဖြစ်ဘူးသားရေ ... သားညီလေးက သူ့ကောင်မလေးကို ထားခဲ့ပြီး ရန်ကုန်ကိုလိုက်မှာ မဟုတ်ဘူး ....ပြီးတော့ သားရဲ့ အဘွားကလည်း သူ့အိမ်ကနေ ဘယ်မှ မသွားဘူးဆိုတာချည်းပဲ ...သားအလုပ်ပါးရင် သာအိမ်ကို ပြန်လာခဲ့အုံး ...ပြီးတော့ စိတ်လည်း လေမနေနဲ့ ... ဒီတိုင်း နေမယ့်အစား သားကထူးထူးဆိုတာရယ်...သားခံစားနေရတာတွေကို သမီးလေး ငြိမ်းကို ဖွင့်ပြောလိုက်လေ..."


"သူ..သူစိတ်ရူပ် သွားမှာ စိုးလို့ပါအမေ ..."


      မိခင်ကြီးဆီမှ ဖုန်းချသွားသောအခါ စိုင်းခွန်နောင် ရင်ထဲ အတွေးပေါင်းများစွာနှင့် ကျန်ခဲ့လေသည်။ငြိမ်းတို့ ဆိုင်လေးကို လှမ်းကြည့်လိုက်သောအခါ၌လည်း ဟိုယခင် ရက်တွေကလို  ဆိုင်ထဲတွင် ငြိမ်း၏အရိပ်အယောင်ကိုမျှ မမြင်တွေ့ရဘဲ ရှိလေသည်။


****** *************


"အန်တီ ပြောတာ မှန်တယ် စိုင်းရ ...မင်းအကြောင်း အဖြစ်မှန်တွေကို ငြိမ်းကို ဝန်ခံလိုက် ပြီးရင် သူ့ကိုချစ်တဲ့ အကြောင်းတွေကို ဖွင့်ပြောပြလိုက်ကွာ...ဆယ်တန်းအောင်ပြီးတော့ လိုက်ရှာမလို့လုပ်ခဲ့ပေမဲ့ မင်းဦးလေး ခေါ်လို့ နိုင်ငံခြားရောက်သွားရတဲ့ အကြောင်းတွေရော...ပြီးတော့ နိုင်ငံခြားကနေ လူငှါးပြီး သူ့ကိုရှာခဲ့တဲ့ အကြောင်းတွေအကုန်သာ ပြောလိုက်ကွာ...ဘာပဲဖြစ်ဖြစ်...ခုလို မင်းတစ်ယောက်တည်း ကြိတ်ခံစားနေရတာထက်စာရင် ...အကျိုးအကြောင်း သိရတာပေါ့"


"ကျွန်တော်လည်း ရင်တွေပူပြီး ဘာလုပ်ရမှန်း မသိတော့ပါဘူးကိုဆန်းရာ..."


    စိုင်းခွန်နောင်က ခုံပေါ်တွင် အင်အားချည်နဲ့စွာ ထိုင်ချလိုက်ပြီး ဆန်လင်းအောင်ကို ပြောလိုက်သည်။


"ရင်ကတော့ ပူရအုံးမှာပဲ စိုင်းရေ...ငါစုံစမ်းခိုင်းထားတဲ့ကောင်လေး ပြောပုံအရ ...ရဲရင့်ဆိုတဲ့ကောင်ကို မမကြီးတစ်ယောက်နဲ့ တပူးတွဲတွဲတွေ့နေတယ်တဲ့ကွ...ငြိမ်းက သူ့ဆိုင်မှာပဲအနေများလို့  ဒီအကြောင်း တွေ သိပုံမရဘူး...."


"ဗျာ...ဒီသတင်းကအမှန်ပဲလား ..ကိုဆန်း..."


    ဆန်းလင်းအောင်၏ စကားကြောင့် စိုင်းခွန် နောင် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ပြီး မေးလိုက်သည်။


"ငါ့တပည့်လေး ပြောတာပဲ.... ကိုယ်တိုင်တော့ မတွေ့ဖူးသေးဘူး...မမကြီးက ငွေတော့ အတော် လျှံတဲ့ ပုံလို့ပြောတယ် ...အဲ့ဒါ မင်းသေချာစုံစမ်းကြည်အုံး..."


    ဆန်းလင်းအောင်၏ စကားကြောင့် စိုင်းခွန်နောင်အံကိုတင်းတင်းကြိတ်၍ လက်သီးကို ဆုပ်ထားလိုက်မိလေသည်။

*********************


" နောက်အပတ် တနင်္ဂနွေနေ့ကျရင် ...ရဲရင့်ရဲ့ အမေနဲ့ လူကြီး အချို့ကို ခေါ်လာပြီး နားလာဖောက်ပါ...အဲဒီကျမှ လူကြီးတွေကိုယ်တိုင် မင်္ဂလာရက်ရွေးကြပါစေ"


      ငြိမ်းက ရဲရင့်ကိုကြည့်ပြီးပြောလိုက်သည်။


"မင်္ဂလာပွဲလုပ်ဖို့ ဘယ်ခန်းမငှါးမလဲ မမ..."


    ရဲရင့်၏ အမေး ကြောင့် ငြိမ်းက ခေါင်းကို ငြိမ့်ပြလိုက်ရင်း ပြန်ဖြေလိုက်သည်။


" ရဲရင့် သဘောပဲလေ...ရဲရင့် ဘယ်မှာစိစဉ်ချင်လဲ..."


"အဝတ်အစားကို မမ ဘာရောင်ဝတ်ချင်လဲ..."


"ရဲရင့် ကြိုက်တဲ့ အရောင် ရွေးလေ..."


"ဟာ မမ ..ဘာဖြစ်နေတာလဲ...မောင့်ကို ရွဲ့နေတာလား...ရက်ကနီး နေပြီ  ခုထိ ဘာမှ သေချာ မစီစဉ်ရသေးဘူး..."


    ရဲရင့်က တည်ငြိမ်လွန်နေသော ချစ်သူကို ကြည့်ပြီး စိတ်တိုပြီး အော်ပြောလိုက်သည်။


" ဘာရွှဲလို့လဲ...ရဲရင့်သဘောကျရင် ငြိမ်းလဲသဘောကျတယ်... အဝတ်အစားက ရဲရင့် ဝတ်ချင်တဲ့ ပုံစံကိုရွေး...ငြိမ်းလည်း သဘောတူတယ်... ပြီးရင် အမေ အပ်ပေးနေကျ ဒီဇိုင်နာဆီမှာ အပ်လိုက်မယ်... အဲ့ဒီတော့ ဒီနေ့ရဲရင့်ကြိုက်တာ အကုန်ရွေး..."


     ငြိမ်း၏ တုန်ပြန်စကားကြောင့် ရဲရင့်နှုတ်ဆိတ်ပြီး ကားဆက်မောင်းနေလိုက်သည်။သည်နေ့ ရဲရင့်နှင့် ငြိမ်းတို့ မင်္ဂလာပွဲအတွက် လိုအပ်တာများ ဝယ်ရန် ထွက်လာခဲ့ခြင်း ဖြစ်လေသည်။


"မင်္ဂလာပွဲပြီးရင်တော့ ရဲရင့်တို့အိမ်ကို ပြန်အပ်လိုက်ပြီး .... အန်တီကိုပါ ငြိမ်းတို့အိမ်ကိုခေါ်လာခဲ့ပါ...တစ်ယောက်တည်းတော့ ထားလို့ မဖြစ်ဘူး..."


    ငြိမ်းက ရဲရင့်ကို ကြည့်ပြီး ပြောလိုက်သည်။


     ငြိမ်း၏ စကားကြောင့် ရဲရင့်က ကားကို လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်ပြီး ငြိမ်းကို မေးလိုက်သည်။


"မောင်တို့က အိမ်ခွဲမနေဘူးလား မမ ....မမအိမ်ကိုမောင်တို့သားအမိပြောင်းလာရမယ်ဆိုတော့ တစ်မျိုးကြီးပဲ.... "


     ငြိမ်းသည် ရဲရင့်ကိုကြည့်ပြီး အံ့ဩလွန်းသဖြင့် လေသံမာမာနှင့် ပြောလိုက်သည်။


"အမေနဲ့ ဆိုင်ကို ပစ်ထားပြီး ဘယ်လို အိမ်ခွဲနေမလဲ ရဲရင့်ရယ်...ရဲရင့်တို့လည်း သားအမိနှစ်ယောက်တည်း ....ငြိမ်းတို့လည်း သားအမိနှစ်ယောက်တည်းကို ...ဘာတွေ ရှည်ရှည်ဝေဝေ စဉ်းစားနေတာလဲ...အားလုံးတူတူနေကြမယ် ဒါပဲ..."


     ရဲရင့်သည် ဘာမျှပြန်မပြောတော့ဘဲ ကားကို ပြန်မောင်းထွက်ခဲ့သည်။တစ်လမ်းလုံး နှစ်ယောက်သား စကားပြောဆိုခြင်းမပြုမိကြဘဲ ငြိမ်သက်တိတ်ဆိတ်နေမိကြလေသည်။


****************


"ဘာပြောတယ်  မင်းလက်ထပ် ဘော့မယ် ဟုတ်လား...ရရင့်..."


    မူယာဟန်က ရဲရင့်ကို ကြည့်ပြီး လေသံမာမာနှင့်မေးလိုက်လေသည်။


"ဟုတ်တယ် မမမူ ...အရင်ကလည်း မမမူကို ပြောထားပါတယ် ...မကြာခင် လက်ထပ်တော့မှာလို့"


     ရဲရင့်က ဆိုဖာခုံကိုနောက် မှီချလိုက်ပြီး ပြောလိုက်သည်။


" ပြောခဲ့တာ ဟုတ်တယ်...ဒါပေမဲ့ ဒီလောက် မမြန်ဘူးလေ... ဒါဆိုရင် မင်းနဲ့မမမူ ဇာတ်လမ်းကရော ဘယ်လိုလုပ်မှာလဲ ပြော.. "


     မူယာဟန်က ဆိုဖာခုံတွင် ထိုင်နေသော ရဲရင့် ဘေးတွင် ကပ်ထိုင်လိုက်ပြီး ရဲရင့်၏ပခုံးနှစ်ဖက်ကို စုံကိုင်လျက် မေးလိုက်လေသည်။


" ကျွန်တော်တို့ ဇာတ်လမ်းက မတော်တဆမှားယွင်းခဲ့မိတာပဲ..ကျွန်တော် မမငြိမ်းကိုချစ်တယ် ... မမငြိမ်းနဲ့ပဲလက်ထပ်ချင်တယ်... ကျွန်တော့်ကို ခွင့်လွှတ်ပါ မမမူ "


    ရဲရင့်က သူ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားသော မူယာဟန်၏လက်များကို တွန်းထုတ်ပြီး ပြောလိုက်သည်။


"ဘာ...မမငြိမ်းကိုချစ်တယ် ဟုတ်လား...ဒါဆို မမမူ ခေါ်ရင် ဘာလို့လာလဲ ပြော...မင်းမသိစိတ်က မမမူကို ချစ်နေတယ်ဆိုတာ မမမူသိတယ်..."


     မူယာဟန်က ပြောပြောဆိုဆိုနှင့် ရဲရင့်၏ ရင်ခွင်ထဲသို့ အတင်း တိုးဝင်ဖက်တွယ်လိုက်လေသည်။


     ရဲရင့်သည် မူယာဟန်၏ ခန္ဓာကိုယ်ကိုတွန်းဖယ်လိုက်ပြီး


"တော်ပါတော့မမမူရယ်...ရှင်းရှင်းပြောရရင် ...မမမူ နေရာမှာ အခြားမိန်းမတယောက်ဆိုလဲ ကျွန်တော်မှားမိမှာပဲ ... ကျွန်တော်မှားနေတာကို သိသိနဲ့ မမမူ ခေါ်တိုင်း လာနေတယ်ဆိုတာ  အထိအတွေကို မလွန်ဆိုင်နိုင်လို့ ဆိုတာ မှန်သလို ... ကျွန်တော်တို့ အကြောင်းကို မမငြိမ်းကို မမမူ ပြောလိုက်မှာကြောက်လို့ပဲ...အခုတော့ ဒီလိုမျိုးဆက်မနေချင်တော့ဘူး..."


"ဘာ ကောင် စုတ်...အဲ့ဒါဆို...မင်းကမမမူကို မချစ်ဘူးပေါ့ ဟုတ်လား ...မချစ်ဘူးလား..."


   မူယာဟန်သည် အရူးတစ်ယောက်လို သွေးရူးသွေးတန်းနှင့် အော်ဟစ်နေသည်။အသံလုံသော တိုက်ခန်းဖြစ်သောကြောင့် မူယာဟန၏ အသံမှာ အခန်းထဲတွင် ဟိန်းထွက်နေလေသည်။ရဲရင့်က ကျောပိုးအိတ်ကို လွယ်လိုက်ပြီး ပြန်ရန်ပြင်လိုက်လေသည်။


"မမမူကို လာတွေ့တာ ဒီတစ်ခါ နောက်ဆုံးပဲ....ကျွန်တော် တောင်းပန်ပါတယ်မမမူ "


      ပြောပြီး သည်နှင့် ရဲရင့်သည်ပြန်ရန် တံခါးရှိရာသို့လျှောက်ခဲ့သည်။


    မူယာဟန်သည် ကျောခိုင်းသွားသော ရဲရင့်၏နောက်ကျောကို နောက်မှ ဖက်တွယ်လိုက်ပြီးလျှင် တတွတ်တွတ် ပြောဆို တောင်းပန်လိုက်လေသည်။


"ဟင်အင်း ... မမမူ မင်းကို မစွန့်လွှတ်နိုင်ဘူး.... မင်း လက်ထပ်သွားမယ်ဆိုရင်လဲ မမမူကို အဆက်အသွယ် မဖြတ်ပါနဲ့နော်...ငြိမ်းမသိအောင် မမတို့ ခိုးတွေ့လို့ရတယ်လေ...."


  "တောင်းပန်ပါတယ် မမမူ ... ကျွန်တော့်ကို မေ့လိုက်ပါနော်....ကျွန်တော် မမငြိမ်းကို မစွန့်လွှတ်နိုင်ဘူး..."


    ရဲရင့်ကမူယာဟန်၏ လက်တွေကို ဖယ်လိုက်ပြီး တံခါးကိုဖွင့်ကာ အပြင်သို့ထွက်ခဲ့လေသည်။


********************


     စိုင်းခွန်နောင်သည် တိုက်ခန်းထဲမှ ထွက်လာသော ရဲရင့်ကိုတွေ့လိုက်ရသည်နှင့် ကားပေါ်မှ ဆင်းလိုက်ပြီး ရဲရင့်ရှိရာသို့ လှမ်းလျှောက်သွားလိုက် ပြီး စကားပြောလိုက်သည်။


"ညီလေး အစ်ကိုနဲ့ စကားခဏလောက် ပြောရအောင် ကွာ ... တိတ်ဆိတ်တဲ့ တစ်နေရာကိုသွားရအောင် ..."


  ရဲရင့်မှာ ရုတ်တရက်စိုင်းခွန်နောင်ကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်အံ့သြပြီး ကြည့်နေမိစဉ်မှာပင်


"ရဲ့ရင့်  မင်း ...မမမူကို ဒီလို ထားခဲ့လို့မရဘူးနော်..."


     ရဲရင့်၏ နောက်မှ ပြေးထွက်လိုက်လာသော မူယာ ဟန်မှာ စိုင်းခွန်နောင်ကိုကြည့်ပြီး လန့်ဖျပ်ကာ ကိုယ်ရှိန်သပ်သွားလေသည်။


@@@@@@@@@@@@@@@@


အပိုင်း ၁၈ ဆက်ရန်


ဧကြည်ဖြူ


rate now: