book

Index 16

အပိုင်း (၁၆)

ဧကြည်ဖြူ


    " ချူ "


*******************


 " ဟင် ...ရဲရင့် ...သူက ငြိမ်းရဲ့ မိတ်ဆွေပါ...ကိုစိုင်း...သူကရဲရင့်တဲ့...ငြိမ်းရဲ့ချစ်သူလေ "


   ငြိမ်းက ရုတ်တရက် ရောက်ချလာသော ရဲရင့်နှင့် စိုင်းခွန်နောင်ကိုမိတ်ဆက်ပေးလိုက်လေသည်။ရဲရင့်၏မျက်နှာသည် တင်းမာခက်ထန်လျက်ရှိသော်လည်း စိုင်းခွန်နောင်ကမူ ခပ်ပြုံးပြုံးပင် နှုတ်ဆက်လိုက်လေသည်။


"တွေ့ရတာဝမ်းသာပါတယ် ညီလေး....ငြိမ်းကတော့ ညီအကြောင်း အမြဲ ပြောပါတယ်... အစ်ကို နာမည်က စိုင်းခွန်နောင်တဲ့...မိတ်ဆွေတွေအဖြစ် ခင်ခွင့်ပြုပါ..."


   စိုင်းခွန်နောင်က ပြောရင်း လက်တစ်ဖက်ကို ရဲရင့်ထံသို့ ကမ်းပေးလိုက်လေသည်။ ရဲရင့်က မျက်နှာထားတင်းတင်းနှင့်ပင် ပြန်လည်နှုတ်ဆက်လိုက်လေသည်။


"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်... ကျွန်တော်တို့ကို သွားခွင့် ပြုပါအုံး "


    ရဲရင့်သည် စိုင်းခွန်နောင်ကိုနှုတ်ဆက်လိုက်ပြီး ငြိမ်းလက်ကို ဆွဲယူကာ ကားဆီသို့ ဆွဲခေါ်ခဲ့လေသည်။ထို မြင်ကွင်းကို စိုင်းခွန်နောင်က ရပ်တန့်ငေးမောကြည့်နေမိလေသည်။


*******************


   ရဲရင့်က ကားတံခါးကို ဆွဲဖွင့်ပြီး ငြိမ်းကို ကားထဲသို့ ထိုင်စေလိုက်သည်။ပြီးလျှင် ကားကို တရကြမ်း မောင်းထွက်ခဲ့လေသည်။


"ဘယ်သွားမလို့လဲ ရဲရင့်.... ကားကို ဖြည်းဖြည်းမောင်းလေ ...ထမင်းရောစားပြီးပြီလား...အစားကို အချိန်မှန် စားနော်...ငွေကို အသည်းအသန်ရှာမနေနဲ့...ပြီးတော့ လပြတ် ကြိုရှင်း ကား အော်ဒါကို ဘာလို့လက်ခံလိုက်ရတာလဲ...ငြိမ်းက ရဲရင့်ကို သူများအလိုကျ နေထိုင်ရမှာစိုးလို့တောင် အပြင်အလုပ်မလုပ်ခိုင်းပဲ ကားမောင်းခိုင်းတာလေ...ခုလို လပြတ်အော်ဒါလက်ခံထားမှတော့ သူများ အလုပ်လုပ်နေရတာနဲ့ ဘာထူးတော့မှာလဲ...အဲ့ဒီငွေကို ပြန်အမ်းလိုက် ...ငွေလိုရင်ငြိမ်း ဆီမှာယူ..."


     ငြိမ်းတတွတ်တွတ် ပြောနေသည်ကို နားထောင်ပြီး ရဲရင့်သည် ကားအသွားအလာရှင်းသော တစ်နေရာတွင် ကားကိုထိုးရပ်လိုက်ပြီး ငြိမ်း၏ ပခုံးနှစ်ဖက်ကို ဆတ်ခနဲခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး ငြိမ်းကို အသံမာမာနှင့့်ပြောလိုက်လေသည် ။


"မမ...မောင့်ကိုတွေ့တိုင်း....ထမင်းစားပြီးပြီလား...ငွေအဆင်ပြေရဲ့လား ဒီစကားတွေပဲ ဘာဖြစ်လို့ပြောနေရတာလဲ...ဒီစကားတွေပဲပြောနေရအောင်  မောင်က မမ မွေးထားတဲ့ ကလေးလား...မမရဲ့မောင်လေးလား...မမမှာ အခြား ပြောစရာ စကားမရှိဘူးလား..."


    ရဲရင့်က ဒေါသနှင့် ငြိမ်းကိုမေးလိုက်သည်။

   ငြိမ်းက ရဲရင့်မျက်နာကို ကြည့်ပြီး နားထင် မှဆံပင်ကို ဆောင့်ဆွဲလိုက်ပြီး ပြန်ပြောလိုက်သည်။


"စိတ်ပူလို့ ပြောတာလေ...မပြောရဘူးလား...အဲ့ဒါဆို ဘာပြောရမှာလဲ..."


"ဘာပြောရမှာလဲ ဟုတ်လား...ချစ်တဲ့စကားပြောပေါ့...ပြီးတော့...ဒါ...ဒါက ဘာဝတ်စုံလဲ...မောင်နဲ့ အပြင်သွားရင်တောင် ဒါမျိုးတွေမဝတ်ဘူး...အဲ့ဒီကောင်နဲ့သွားတာကို ဘာလို့ ဒီလိုဝတ်သွားရတာလဲ"


   ရဲရင့်က စိတ်တိုတိုနှင့် ငြိမ်းဝတ်ထားသော အင်္ကျီလက်ကို ဆုပ်ကိုင်ပြီးပြောလိုက်သည်။


"ဟာကွာ...ဘာဖြစ်နေတာလဲ ရဲရင့်ရာ...ဆိုင်ဖွင့်ပွဲအလှူဆိုလို့ဒီလို ပုံဝတ်သွားတာပါ...ငြိမ်းက ဒီလိုပုံစံမဝတ်ရတော့ဘူးလား ပြော...."


      ငြိမ်းသည်လည်း စိတ်တိုလာပြီမို့ ရဲရင့်ကို ပြန်အော်လိုက်သည်။


"ဟာဗျာ .... မသိဘူး...အဲ့ဒီကောင်မမကိုကြည့်တဲ့ အကြည့်တွေက မရိုးသားဘူး...ပြီး တော့ သူနဲ့ သိတာ ဘယ်လောက်ကြာပြီလဲ...သူ့အကြောင်း မောင့််ကိုတစ်ခါမှမပြောဖူးပါဘူး..."


" သီတာက ကြာပြီ...ရဲရင့်နဲ့ချစ်သူ မဖြစ်ခင်ကတည်းကပဲ...ဒါပမဲ့ အပြင်မှာက ဒီနေ့မှာ ဆုံတာ"


     ရဲရင့်၏ အမေးကို ငြိမ်းက ခပ်ဆောင့်ဆောင့်ပြန်ဖြေလိုက်သည်။


"ဘာ...ဒါဆို...ဖေ့ဘုတ်ကသိတာပေါ့ ဟုတ်လား...ဒီမှာမ မ နောက်ထပ် အဲ့ဒီလူနဲ့ မဆက်သွယ်နဲ့တော့ ...မမရဲ့ ဖေ့ဘုတ် ကို မောင်နဲ့ နှစ်ယောက်အတူသုံးရမယ်..."


"အင်းလေ...သုံးပေါ့..."


"တကယ်နော် မမ...နောက်ထပ်သူနဲ့ မဆက်သွယ်ပါနဲ့တော့နော်...မမကို စိတ်မချတော့ဘူး ..."

    ရဲရင့်က ပြောရင်းမှ ငြိမ်း၏ ကိုယ်လုံးလေးကို ဆွဲယူပွေ့ဖက်လိုက်သည်။ငြိမ်းသည် ရဲရင့် ပွေ့ဖက်ခြင်းကို အလိုက် သင့်လိုက်ပါပြီး ငြိမ်သက်နေမိသည်။ထိုမှရဲရင့်က တစ်ဆင့်တိုးပြီး ငြိမ်း၏နဖူးပြင်လေးကို နမ်းရှိုက်လိုက်လေသည်။ရဲရင့်၏ အပြုအမူကြောင့် ငြိမ်းသည် ဆတ်ခနဲတစ်ချက် လှုပ်ရှားမိသွားသော်လည်း အသက် ဖြည်းဖြည်း မှန်မှန် ရှူ၍ ငြိမ်သက်နေမိလေသည်။

   ရဲရင့်သည် ငြိမ်သက်လွန်းလှသော ချစ်သူကို ပွေ့ဖက်၍ နဖူးပြင်လေးကို နမ်းရှိုက်လိုက်ပြီးသည့်နောက် ပါးပြင်မို့မို့လေးကိုပါ တရှိုက်မက်မက် နမ်းရှိုက်လိုက်လေသည် ။ ထိုခဏ၌ ငြိမ်းသည် ငြိမ်သက်နေရာမှ ရဲရင်၏ ခန္ဓာကိုယ်ကို တွန်းထုတ်လိုက်သည် ။


"ပြန်ရအောင် ရဲရင့်...အခုလောက်ဆို အမေ စိတ်ပူနေလိမ့်မယ်....."


    ရဲရင့်သည် ဘာမျှမပြော။ပွေ့ဖက်ထားသော ငြိမ်း၏ ခန္စာကိုယ်ကို လွှတ်ပေးလိုက်ပြီး အံကိုကြိတ်၍ ထားမိသည်။အတန်ကြာသောအခါမှ ငြိမ်းဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။


"မောင်တို့ လက်ထပ်ကြရအောင် မမ..."


"ဘာ...ဘာပြောတယ် ရဲရင့် "


    ရဲရင့်၏ စကားကြောင့် ငြိမ်းက အံ့သြတကြီး မေးလိုက်မိလေသည်။


" မောင်တို့လက်ထပ်ကြမယ်လို့ ပြောတာလေ... ဘာလဲ မမက မောင့်ကို လက်မထပ်ရဲဘူးလား...မောင့်မှာဘာပိုင်ဆိုင်မှုမှမရှိလို့ မောင့်ကို လက်မထပ်ချင်ဘူးလား ...ပြောလေ မမ "


    ရဲရင့်သည် ပြောနေရင်းမှ စိတ်တိုပြီး ငြိမ်းကို မေးလိုက်သည်။


" မင်း...ဘာဖြစ်နေတာလဲ ရဲရင့်...မင်းပြောတော့...လုပ်ငန်းရှင်ဖြစ်လာအောင် ကြိုးစားချင်သေးတယ်ဆို...."


‌"ဟင့်အင်း  အခုမဖြစ်ချင်တော့ဘူး ....မမနဲ့ပဲလက်ထပ်ချင်တော့တယ်...မမက မောင့်ကို ဒီတိုင်းလက်မထပ်နိုင်ဘူးလား မမ ...."

‌    ရဲရင့်က ငြိမ်းကို ကြည့်ပြီး မေးလိုက်လေသည်။


"ဘာလို့လက်မထပ်နိုင်ရမှာလဲ...ငြိမ်းက ဘ၀မှာ လူတစ်ယောက်ကိုပဲ ချစ်ပြီး ...အဲ့ဒီလူကိုပဲလက်ထပ်မှာ...ငြိမ်းဘက်က ဘယ်တော့မှ သစ္စာမဖောက်ဘူး..."


"တကယ်နော်မမ ...ဒါဆို မောင့် အမေနဲ့ မမအမေဆီက ခွင့်တောင်းပြီး နှစ်မကုန်ခင် လက်ထပ်ကြမယ် ..."


  ရဲရင့်၏ အပြောကို ငြိမ်းက ခေါင်းကို အသာငြိမ့်ပြလိုက်သည်။ငြိမ်း စိတ်ထဲတွင် တစ်သက်လုံး ခံယူလာသည့်အတိုင်း ချစ်သူကို သစ္စာမဖောက်ဘဲ သက်ဆုံးတိုင် သစ္စာရှိရှိ ချစ်သွားဖို့ရန်ကို့ငြိမ်း ဆုံးဖြတ်ထားပြီးပြီ ဖြစ်သောကြောင့် ရဲရင့်၏ လက်ထပ်ဖို့ပြောသော စကားကို ငြိမ်း ကိုယ်၌ကလည်း ငြင်းပယ်ရန် စိတ်ကူးမရှိခဲ့ပါချေ။


*************************


 "ဘယ်လိုလဲစိုင်း...အဆင်ပြေခဲ့လား"


    ဆန်းလင်းအောင်က စိုင်းခွန်နောင်ကို လှမ်းမေးလိုက်သည်။စိုင်းခွန်နောင်က ဆိုဖာခုံပေါ် စိတ်ပျက် လက်ပျက်နှင့် ထိုင်ချလိုက်ပြီး မျက်နှာကို လက်ဖဝါးနှစ်ဖက်နှင့် အုပ်ကာ အတန်ကြာငြိမ်သက်နေမိသည်။ပြီးနောက် ခေါင်းကို ပြန်မော့လိုက်ပြီး ဆန်းလင်းအောင်ကို ကြည့်ပြီးခေါင်းကိုခါယမ်းပြရင်း ပြန်ဖြေလိုက်သည်။


"သူ့ကောင်လေးနဲ့ တွေ့ခဲ့တာကွ ...ကောင်လေးကြည့်ရတာ ငြိမ်းကို အနိုင်ယူမဲ့ ပုံပဲ...ငါတို့ကို ကြည့်ပြီး စိတ်လည်း ဆိုးသွားပုံရတယ်ကွ "


    စိုင်းခွန်နောင်၏ စကားကြောင့် ဆန်းလင်းအောင်က "ကျစ်ခနဲ "မြည်အောင် စုတ်သပ်လိုက်ပြီး


"အဲ့ဒါကြောင့် မင်းကို ပြောတာပေါ့...ဒီကောင့်ကြည့်ရတာ မဟန်ပါဘူးဆို ...မင်းမကြိုးစားခဲ့တာလေကွာ...မင်းကွာ ငါ့ကို အားနာရင် ငြိမ်းနဲ့ နီးစပ်အောင် ကြိုးစားသင့်တယ်...ငါ့မှာ မြန်မာပြည် ပြန်ရောက်တာနဲ့ မင်းကောင်မလေးအကြောင်းသိရဖို့ ငါဘယ်လောက်ကြိုးစားရှာဖွေခဲ့ရလဲ မင်းသိမှာမဟုတ်ဘူး...ပြီးတော့ သူ့နေရာကို သိတော့လည်း သူ့ဘော်ဒါ ကောင်တွေကိုပါ အရက်တိုက် ဘီယာတိုက်ပြီး ...အလျှော့ပေးပေါင်းခဲ့ရတာကွ ...အဲ့ဒီအရင်းလေးတော့ ကျေအောင် မင်းကြိုးစားသင့်တယ်..."


    ခေါင်းကြီး ငိုက်စိုက်ချပြီး ထိုင်နေသော စိုင်းခွန်နောင်ကို ဆန်းလင်းအောင်က ကရုဏာဒေါသနှင့် ပြောလိုက်သည်။


"အဲ့ဒါဆို ငါဘာလုပ်ရမှာလဲကွာ ...သူ့မှာ ချစ်ရတဲ့သူရှိနေပြီလေ ....ငါ ဝင်မရူပ်ချင်ဘူး...ပြီးတော့ ငါ့ကို သူမှတ်မိသွားရင် မုန်းသွားမှာလဲ ကြောက်တယ်..."

  

 "ငါ ကြည့်ရ သလောက်တော့ ငြိမ်က မင်းကို စိတ်ဝင်စားပုံရတယ်...အဲ့ဒီတော့ မင်းကြိုးစားကွာ ...လုသင့်ရင်လု...အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး ကွ...ပြီးတော့ မင်းတို့ ငယ်ငယ်ကဖြစ်ခဲ့တဲ့ကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ ဆယ့်တစ်နှစ်အရွယ် ကောင်လေးက လူကြီးတွေကိစ္စမှာ ဘာတွေလုပ်ပေးနိုင်မှာလဲ ... ခုချိန်တော့ သူနားလည်လောက်ပြီထင်ပါတယ်... ပြီးတော့ ရဲရင့်နဲ့ ငြိမ်းကို ကြည့်ရသလောက် တစ်ယောက်နဲ့တစ်ယောက်နှစ်နှစ်ကာကာချစ်ကြပုံလဲ မရကြပါဘူး...အခုချိန်ကစပြီး အချိန်မလွန်ခင် လက်ဦး မှုရအောင် ကြိုးစား..."


    ဆန်းလင်းအောင်၏စကားကို စိုင်းခွန်နောင်က ခေါင်းကို ခါယမ်းပြီးငြင်းဆန်လိုက်သည်။


"အဲ့ဒီလို မလုပ်ပါဘူးကွာ...ငြိမ်းစိတ်ရှုပ်ရအောင် ငါမလုပ်ဘူး...အချစ်ဆိုတာ ရယူပိုင်ဆိုင်ရမှ အချစ် မဟုတ်ဘူး...ငါ ငြိမ်းကို အဝေးကနေစောင့်ရှောက်ပေးမယ်.... ငယ်ငယ်က သူ့ မသိအောင် ထွက်သွားခဲ့မိတဲ့အတွက် တစ်သက်လုံးသူ့ကို စောင့်ရှောက်ပေးသွားမယ်  "


"အဲ့ဒါတော့ မင်းသဘောပဲ....ငါလည် ဒီထက်ပိုပြီး ကူညီပေးလို့မရတော့ဘူးကွ..."


******************


"ဘာပြောတယ် သမီး .... ဒီနှစ်မကုန်ခင် လက်ထပ်ကြမယ် ဟုတ်လား..."


    ဒေါ်ငြိမ်းဝေက ငြိမ်းကိုကြည့်ပြီး အလန့်တကြား နှင့်မေးလိုက်သည်။


"ဟုတ်တယ် အမေ..."


"သေချာ စဉ်းစားပါအုံး သမီးရယ် ... နှစ်ကုန်ဖို့က သုံးလေးလလိုတော့ တာလေ..."


"နောင်တစ်ချိန်လည်း လက်ထပ်မှာပဲဆိုတော့ ...နည်းနည်း ပိုပြီး မြန်မြန် လက်ထပ်လိုက်တာပါပဲ....အမေသဘောမကျလို့လားဟင်...."


    ငြိမ်းက မိခင်ကြီးကို ပြန်မေးလိုက်သည်။


"အမေ သဘောကျတာ ...မကျတာထက်....သမီးသဘောကျစေချင်တာ....သမီး မောင်ရဲရင့်ကိုတကယ်ချစ်တာလား....ရဲရင့် ကရော သမီးကို တကယ်ချစ်တာလား...သေချာ အချိန်ယူပြီးဆုံးဖြတ်စေချင်တာ... ခုဟာက....သမီးရဲ့ အတွေးက လူနှစ်ယောက်ချစ်သူဖြစ်နေတဲ့အတွက် မဖြစ်မနေလက်ထပ်ရမယ်လို့တွေးနေတာကို အမေ့က သဘောမကျတာ ...."


"ဟုတ်ကဲ့ပါ ....အမေ စိတ်မပူရအောင် သမီးတို့သေချာတိုင်ပင်ကြည့်ပါ့မယ်.."


*******************


    ငြိမ်းက အပေါ်ထပ်သို့တက်လာရင်း ၀ရံတာတွင် ရပ်နေသော စည်သူလေး ကို မြင်လိုက်ရတာကြောင့် ဝရံတာဘက်သို့လျှောက်သွားလိုက်လေသည်။


"စည်သူ ... ဘာလုပ်နေတာလဲ..."


          ငြိမ်းမေးလိုက်တော့ စည်သူက ခေါင်းကို ငုံ့သွားပြီးခပ်တိုးတိုး ဖြေလေသည်။


"အဖေ့ကို သတိရလို့ပါ မမငြိမ်း "


   စည်သူလေး၏ အဖြေစကားကို ကြားရ သောအခါ ငြိမ်းရင့်ထဲ နင့်ခနဲ ဖြစ်သွားရလေသည်။ငြိမ်းသည် စည်သူ၏ခန္ဓာကိုယ်လေးကို ပွေ့ဖက် နှစ်သိမ့်ပေးလိုက်မိလေသည်။


"စိတ်မကောင်းမဖြစ်ပါနဲ့ ကလေးရယ်...စည်သူ့အဖေက အခု အလုပ်လုပ်နေတာဆို ...အဆင်ပြေတဲ့နေ့ စည်သူ့ကိုလာခေါ်မှာပေါ့...ဒီကြားထဲသတိရရင် အဖေ့ကို လာတွေ့ပါလို့ ဖုန်းဆက်ပြီးပြော လိုက်လေ ...မမတို့ကခွင့် ပြုပါတယ်နော်...."


"တ...တကယ်လားဟင် မမငြိမ်း...ဒါပေမဲ့ ကြီးကြီးက ခွင့်မပြုဘူးလို့ပြောတယ် မမရဲ့..."


    စည်သူကငြိမ်း ကို ဝမ်းသာအားရနှင့်ပြောပြီး မျက်နှာလေး ပြန်လည် ညှိုးကျသွားပြန်လေ သည်။ 


"ကြီးကြီးက အဲ့လိုပြောတာ မဟုတ်ပါ ဘူးကွယ်... နောက်ဆို ပေးတွေ့ရအောင် မမပြောပေးမယ် ဟုတ်ပြီလား....."


"တ...တကယ်ပြောတာနော် မမငြိမ်း...၀မ်းသာလိုက်တာဗျာ..."


   ငြိမ်း၏ နှစ်သိမ့်စကားကြောင့် စည်သူက ဝမ်းသာအားရထခုန်လိုက်လေသည်။ငြိမ်းမှာ ပျော်ရွှင်နေသော စည်သူလေးကိုကြည့်ပြီး ရင်ထဲ၌ ပျော်ရွှင်လာမိလေသည်။


"မမ....မမငြိမ်း...ဟိုးက ကားပေါ်က အစ်ကိုကြီးက သားတို့ကို လှမ်းကြည့်နေတယ် ...မမငြိမ်း သူငယ်ချင်းလား ဟင်..."


     စည်သူလေး၏စကားကြောင့် ငြိမ်းက စည်သူပြသောနေရာသို့ လှမ်းကြည့် လိုက်မိလေသည်။ လမ်း၏ တစ်ဘက်ခြမ်း ခပ်လှမ်းလှမ်းတွင် ကားတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။လမ်းမီးတိုင်၏ အလင်းရောင်နှင့် ဖျတ်ခနဲ မြင်လိုက်ရသော မျက်နှာကိုကြည့်ပြီး ငြိမ်း၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက် တောင့်တင်းသွား သလို ခံစားလိုက်ရသည်။ထို့နောက်အကြည့်ကို မလွှဲနိုင်ဘဲ မင်သက် အံ့ဩစွာငေးနေမိလေသလို ရင်တွေလည်း တထိတ်ထိတ် ခုန်လှုပ်လာသည်။သူလည်း ငြိမ်းကို လှမ်းကြည့်နေသည်။ ငြိမ်းတို့နှစ်ယောက်အတန်ကြာ အကြည့်ချင်းဆုံနေပြီးသည့်နောက် ငြိမ်း သူ့ကို ကျောခိုင်းပစ်လိုက်ပြီး အိမ်ထဲသို့ပြန်ပြေးဝင်ခဲ့မိသည်။

   အခန်းထဲသို့ရောက်လျှင် မှန်တင်ခုံရှေ့မှာ အသက်မဲ့သူလို ငြိမ်း ထိုင်နေမီသည်။


" ချစ်သူ့ဆီကို ...အတောင်ပံဖြန့်ကျက်လို့သွားချင်တယ် ... ဘယ်ဆီဘယ်ဝယ်မှန်းလဲအတတ်မသိ"


   ဖုန်းသံက ကျယ်လောင်စွာ မြည်နေသော်လည်း ငြိမ်းဖုန်းကို မကိုင်ဘဲ ဖုန်းစခရင်ပေါ်တွင် ပေါ်နေသော "စိုင်းခွန်နောင် " ဆိုသော နာမည်လေးကို အကြောင်သားကြည့်နေမိလေသည်။ 


"တွီ...တွီ"

   

    ဖုန်းကို ကြောင်ငေးပြီး ကြည့်နေစဉ်မှာပင် ဖုန်းခေါ်သံမှာ ရပ်သွားပြီး မက်ဆေ့ရောက်သံကိုကြားလိုက်ရလေသည်။ငြိမ်း မရဲတရဲနှင့်ဖုန်းကို ကောက်ယူကြည့်လိုက်မိသည်။


"ကျွန်တော် တောင်းပန်ပါတယ် ငြိမ်းရယ်... ငြိမ်းက လိုင်းလဲမသုံး...ဖုန်းလဲဆက်လို့မရလို့ စိတ်ပူပြီးလာကြည့်မိတာ '


"ပြောတော့ ကျွန်တော်ကို မိတ်ဆွေတစ်ယောက်အဖြစ် အသိအမှတ်ပြုတယ်ဆို..."


" ကျွန်တော် ကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရင် ကောင်းပန်ပါတယ်...."


" ကျွန်တော်ပြန်ပါပြီ ငြိမ်းရယ်"


ငြိမ်းသည် ဖုန်းကို တစ်လှည့် | မှန်ထဲတွင် ပေါ် နေသော မိမိပုံရိပ်ကိုတစ်လှည့်ကြည့်နေမိရင်း နားထဲတွင်"မိငြိမ်း ... ပြောတော့ သစ္စာဖောက်တဲ့လူတွေကို မုန်းတယ်ဆို ...ညည်းအဖေလို လူမျိုးကို အရမ်းမုန်းတယ်ဆို...အခုတော့ နင်ကိုယ်တိုင် သစ္စာမရှိတဲ့မိန်းမ ဖြစ်နေပြီမဟုတ်လား မိငြိမ်းရဲ့ " ဆိုသော အသံများကို ကြားယောင်နေမိလေသည်။ ငြိမ်းနားနှစ်ဖက်ကို လက်ဖဝါးနှင့် ခပ်တင်းတင်းဖိပိတ်လိုက်ပြီး ခေါင်းကို အားကုန်ယမ်းခါလိုက်မိသလို နှုတ်မှလည် "ဟင့်အင်း ... မဟုတ်ဘူး...သစ္စာမဖောက်ဘူး...ငြိမ်းက အဲ့ဒီလိုလူမျိုးမဟုတ်ဘူး...ရဲရင့် တစ်ယောက်တည်းကိုပဲချစ်ပြီး ရဲရင့်ကိုပဲ လက်ထပ်မှာ "အရူးတစ်ယောက်လို့ ငြိမ်း ပြောဆိုနေမိပြီး ဖုန်းကို ကောက်ယူလိုက်ကာ စိုင်းခွန်နောင် ဆီသို့ ဖုန်းကို ခေါ်လိုက်လေသည်။


"ဟယ်လို ငြိမ်း..." တစ်ဖက်မှ စိုင်းခွန်နောင်၏ ထူးသံကို ကြားလိုက်ရသောအခါ ငြိမ်းသည် လှုပ်ရှားခုန်လှုပ်နေသော စိတ်အစဉ်ကို ထိန်းချုပ်လိုက်ပြီး စိုင်းခွန်နောင်ကို တစ်ခွန်းချင်း တည်ငြိမ်စွာပြောလိုက်လေသည်။။


"ကိုစိုင်းက ငြိမ်းဆီလာတာလား...ငြိမ်းကသိမှမသိတာ...ခုတလော ငြိမ်းအလုပ်တွေ များနေလို့ လိုင်းမသုံးဖြစ်တာပါ...ကိုစိုင်းဖုန်းဆက်တော့လဲ ငြိမ်း မအားတာနဲ့ပဲ တိုးနေတာလေ...နောက်တစ်ခါဆိုအိမ်ထိအောင် လာလည်လေ... ငြိမ်းက နှစ်ကုန်ရင်လက်ထပ်တော့မှာဆိုတော့ သိပ်မအားဘူးဖြစ်နေတာကိုစိုင်းရဲ့...ကိုစိုင်းကို မိတ်ဆွေတစ်ယောက်လို ခင်ပါတယ်နော်..."


     ငြိမ်းသည် စကားအရှည်ကြီးကို မနားတမ်းပြောချလိုက်လေသည်။တစ်ဖက် စိုင်းခွန်နောင်ဆီမှ စကားသံကို မကြားရဘဲ တိတ်ဆိတ်၍နေလေသည်။အတန်ကြာသောအခါမှ စိုင်းခွန်နောင်ထံမှ စကားသံ သဲ့သဲ့ ထွက်လာလေသည်။


"ဝမ်းသာပါတယ် ငြိမ်းရယ်.... နောက်တစ်ခေါက် အိမ်ကို ၀င်လည်ပါ့မယ် ... ခု ကားမောင်းနေလို့ ဒါပဲနော် ငြိမ်း ...."


     ပြောပြီးသည်နှင့်စိုင်းခွန်နောင်ဘက်မှ ဖုန်းကို ဦးစွာချသွားလေသည်။ငြိမ်းသည် ဖုန်းကို နားမှာ ကပ်လျက် ငြိမ်သက်စွာ ထိုင်နေမိလေ၏။


*********************

" ဒါက ဘယ်သူ.ဆိုင်လဲ....မမမူ "


    ပိတ်ထားသော ဆိုင်တံခါးကို ဖွင့်ပြီး အထဲသို့ ရှေ့မှဦးဆောင် ၀င်သွားသော မမမူကို ရဲရင့်ကမေးလိုက်သည်။


"မမမူရဲ့ ဆိုင်ပဲလေ ရဲရင့်...ဒီနေရာမှာ ကျားဝတ်သီးသန့် အရောင်ဆိုင်ဖွင့်မလို့လေ..."


"ဟုတ်လား...မမမူကတော့ စီးပွားရေးနယ်ချဲ့ လှချည်းလား  "


   ရဲရင့်က မမမူကို ကြည့်ပြီး စနောက်လိုက်သည်။


"စီးပွားရေးနယ်ချဲ့တာ မဟုတ်ဘူးကိုယ်တော်လေးရဲ့...ဒီဆိုင်က မင်းအတွက် ဖွင့်တာလေ..."


"ဗျာ...ဟို...မမမူပြောတာကို ကျွန်တော်နားမလည်းဘူး..."


    ရဲရင့်သည် မမမူ ၏ အပြောကြောင့် နားမလည်နိုင်စွာပြန်မေးလိုက်မိလေသည်။


" တစ်နေ့ တစ်နေ့ မင်းအပြေး အလွှား ကားမောင်းနေရတာကို မမမူ မကြည့်ရက်ဘူး...ဒီဆိုင်မှာ အေးဆေး မန်နေဂျာပဲလုပ်... လစာအပြင် အထည်ရေနဲ့ ကော်မရှင် စားပါပေးပါ့မယ်...ရဲရင့်ဘက်က လုပ်ဆောင်ပေးရမှာက ကိုယ့်ဆိုင်လို သဘောထားရမှာပဲ... ပြီးတော့ နေဖို့အတွက်လည်း အပေါ်ထပ်မှာ အခန်းရှိတယ်နော် အန်တီ့ကိုပါ ခေါ်ထားလို့ရတယ်... ဘယ်လိုလဲ ဒီကိစ္စကို မင်းမမငြိမ်းနဲ့ တိုင်ပင်ရအုံးမှာလား "


  "ဗျာ...တ..တကယ်ပြောနေတာလားမမမူ "


     ရဲရင့်က မယုံကြည်နိုင်စွာ မမမူကိုမေးလိုက်လေသည်။


"တကယ်ပေါ့ ...ရဲရင့်ရယ်...မင်းလည်း အဆင်ပြေ မမမူလည်းဆိုင်သစ်ဖွင့်နိုင်တယ်လေ"


     ရဲရင့်၏ အမေးကို မူယာဟန်က မခို့တရို့ ပြုံးလျက် ပြန်ဖြေလေသည်။


    ရဲရင့်သည် မမမူကို တစ်ချက်ကြည့်လျက် သက်ပြင်းကို မသိမသာ ချလိုက်ပြီး ခပ်တိုးတိုးပြန်ပြောလိုက်မိသည်။


"အားနာစရာတွေတော့ ဖြစ်ကုန်ပြီ မမမူ ...ကျွန်တော်က နှစ်ကုန်ရင် မမနဲ့ လက်ထပ်တော့မှာလေ ... စကားမစပ်မိလို့ မမမူကို မပြောပြဖြစ်တာ "ထိုသို့ ရဲရင့်ပြောလိုက်သောအခါ  မူယာဟန်သည် ကွက်ခနဲပျက်သွားသော မျက်နှာကို ပြန်ထိန်းလိုက်ပြီး


"လက်ထပ်တော့ရော ဘာဖြစ်လဲရဲရင့်ရာ ... သူ့စီးပွားသူလုပ်...ကိုယ့်စီးပွားကိုယ်လုပ်ပေါ့...မဟုတ်ရင် အများက ရဲရင့်ကို အထင်သေးကြမှာပေါ့ ...မမမူ ပြောတာ လက်ခံလား  "


"ဟုတ်ကဲ့ ...ဒါတော့ ဒါပေါ့ မမမူရယ်...ဒါပေမဲ့...."


"အမေ့ ..."

    ရဲရင့်၏ စကားမဆုံးခင်မှာပင် ရှေ့မှသွားနေသော မမမူတစ်ယောက် ခလုတ်တိုက်ပြီး ဟန်ချက်ပျက်သွားကာ ခန္ဓာကိုယ်မှာ ရဲရင့်ဘက်သို့ယိုင်လဲကျလာလေသည်။ရဲရင့်လည်း ယိုင်လဲကျလာသော မမမူ၏ ခန္ဓာကိုယ်ကို အမှတ်မဲ့ လှမ်းတိန်းလိုက်စဉ် နှစ်ယောက်သား ပွေ့ဖက်မိသလိုဖြစ်သွားလေးသည်။နှစ်ယောက်သားပူးကပ်စွာရှိနေသောကြောင့်မမမူ ဆီမှနီးကပ်စ္စာရရှိနေသော မွှေးရနံ့နှင့်အတူ နုညံ့အိထွေးသော အထိအတွေ့ကြောင့် ရဲရင့် တစ်ကိုယ်လုံး သွေးများ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရလေသည်။ရဲရင့်သည် မမမူ၏ ခန္ဓာကိုယ်ကို သတိလက်လွှတ်ပွေ့ဖက်ထားမိလေသည်။မမမူကလည်း သူ့ကို ပြန်လည်ဖက်တွယ်ထားသည်ကို ရဲရင့် သိနေသော်လည်း ရုန်းထွက်ရန် မကြိုးစားမိဘဲ ငြိမ်သက်နေမိလေသည်။မမမူ ထံမှ အသက်ရှူသံပြင်းပြင်းနှင့်အတူ သူ၏ပါးပြင်ကို မမမူ နမ်းရှိုက်လိုက်သည်ကိုလည်း ရဲရင့် မငြင်းဆန်မိလိုက်ပေ။မောလျလျ အတွေးများနှင့် အတူ မမမူ၏အထိအတွေ့များအောက်တွင် ရဲရင့် သတိလက်လွတ် မိန်းမောနေမိလေသည်။


***********************


  "နိုးပြီးလား...."


     အသံနှင့်အတူ နဖူးကို ခပ်ဖွဖွ စမ်းလာသော နွေးထွေးသောလက်အစုံကြောင့် ရဲရင့်ဖျတ်ခနဲ မျက်လုံးကိုဖွင့် ကြည့်လိုက်မိသည်။ထိုအခါ ခုတင်ပေါ်တွင် တင်ပလွှဲထိုင်လျက် သူ့နဖူးကိုစမ်းနေသော ငြိမ်းကို တွေ့လိုက်ရလေသည်။ငြိမ်းကို မြင်တွေ့လိုက်ရသောကြောင့် ပျော်ရွှင်သွားဝမ်းမြောက်သွားမိပြီး ရဲရင့်အိပ်နေရာမှ ဆတ်ခနဲ ထထိုင်လိုက်ပြီး ငြိမ်း၏ ခန္ဓာကိုယ်ကို သိမ်းကြုံးဆွဲယူပွေ့ဖက်လိုက်ကာ နှုတ်မှ အရူးတစ်ယောက်လို တတွတ်တွတ်ပြောလိုက်မိလေသည်။


"မောင်တို့ လက်ထပ်ရအောင် မမ.... နှစ်ကုန်အထိ မစောင့်နိုင်တော့လို့ ရှေ့လထဲမှာပဲလက်ထပ်ရအောင်နော်..."


    ငြိမ်းက ရဲရင့်၏ ကျောပြင်ကို အသာပုတ်လိုက်ပြီး


" ဘယ်လိုဖြစ်ရပြန်ပြီလဲ...ရဲရင့်ရယ် နေမကောင်းဖြစ်ပြီး ကယောင်ကတမ်းတွေပြောနေတာလား....ဒါနဲ့ မနေ့က ဘယ်သွားနေရလို့လဲ ဖုန်းလဲ မကိုင်ဘူး...အိမ်ပြန်လာတာလဲ မိုးချုပ်တယ်ဆို "


   ငြိမ်း၏မေးခွန်းကြောင့် ရဲရင့်တစ်ကိုယ်လုံး ဆတ်ခနဲတုန်သွားပြီးလျှင် ငြိမ်း၏ခန္ဓာကိုယ်လေးကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သလို နှုတ်မှလည်း 


"အဲ့ဒါတွေ ထားလိုက်ပါ မမရယ်...မိဘတွေဆီက ခွင့်တောင်းပြီး  မောင်တို့ အမြန်ဆုံး လက်ထပ်ကြမယ်နော် မမ ..."


     ငြိမ်းသည် ရဲရင့်၏အပြောကို ခေါင်းမငြိမ့်မိဘဲ ရဲရင့်၏ ရင်ခွင်ထဲတွင် ငြိမ်သက်တောင့်တင်း လျက်ရှိနေမိလေသည်။


@@@@@@@@@@@@@@


အပိုင်း (၁၇) ဆက်ရန်


ဧကြည်ဖြူ


rate now: