book

Index 15

အပိုင်း (၁၅ )

ဧကြည်ဖြူ


   " ချူ "


*****************


       ရဲ့ရင့် ကားမှန်ကိုချလိုက်ပြီး နှုတ်ဆက်လိုက်သည်။


"မမမူ.... ကား ဘာဖြစ်လို့လဲ..."


"ကားပျက်သွားလို့လေ ...ရဲရင့်တစ်ယောက်တည်းလား...ငြိမ်းမပါဘူးလား...."


" မပါဘူး မမမူ...မမမူဘယ်သွားမှာလဲ...ကျွန်တော်လိုက်ပို့ပေးရမလား "


   ရဲရင့်က မမူယာ ကိုမေးလိုက်သည်။ မမမူယာဆိုသည်မှာ ငြိမ်းတို့ ဆိုင်မှတင်ရောင်းသမျှ အထည်များကို လက်ကား ပေးနေသော အထည်ဆိုင်ပိုင်ရှင်ဖြစ်သည်။ငြိမ်းအထည်ဆိုင်သွားတိုင်း ရဲရင့် ပါသွားသောကြောင့် ရဲရင့်နှင့်လည်း အတော်အသင့် ရင်းနှီးနေပြီဖြစ်လေသည်။


"အတော်ပဲ ရဲရင့်ရေ ...မမမူက အိမ်ကို ခဏပြန်မလို့ လိုက်ပို့ပေးပါအုံး..."


     မူယာဟန်က ပြော်ပြာဆိုဆိုနှင့် ကားရှေ့ခန်း တံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်သည်။


     မမမူ ကားပေါ်သို့ရောက်သည်နှင့် ရဲရင့်ကားကိုမောင်းထွက်ခဲ့သည်။ ကားမောင်းနေရင်းမှ မမမူနင့်စကားတွေပြောလာရင်း တစ်ချက်တစ်ချက် မမမူဘက်သို့ အကြည်ရောက်မိလျှင် ဖွေးနု မို့မောက်နေသော ရင်ညွှန့်အစပ်ကိုအတိုင်းသားမြင်နေရလေသည်။ထို့ပြင် ဒူးအထက်သို့ရောက်နေသော စကပ်တိုတိုနှင့် လုံးကျစ်သော ပေါင်သားဖွေးဖွေး များ ကိုလည်း မမြင်ချင်မှအဆုံးမြင်နေရလေသည်။မမမူသည် အသက်သုံးဆယ့်ငါးနှစ်ကျော်စပြုနေပြီဖြစ်သော်လည်း ခေတ်ဆန်သည်။လှလှပပ နုနုရွရွလေးများသာ ဝတ်ဆင်သည်။အသားအရည်မှာလည်း တရုတ်လူမျိုး သွေးပါသောကြောင့် ဖွေးဖွေးဖြူဖြူလေး ဖြစ်သည်။သို့သော်လည်း ထုံးစံအတိုင်း အသားအရည်လှ၊ ခန္ဓာကိုယ်အချိုးအဆစ်လည်းလှပါသော်လည်း မျက်ရစ်ကမပါ ။ နာခေါင်းကပြားပြား နှင့်ဆိုတော့ ရုပ်ရည်လှပသော သူတစ်ယောက်တော့ မဟုတ်ခဲ့ပေ။သို့သော်လည်း သို့အတွက်ကြောင့် တော့ မမမူ တစ်ယောက် ယခုအချိန်ထိ တစ်ကိုယ်တည်း အပျိုကြီး ဖြစ်နေရခြင်းမဟုတ်တန်ရာ ။ ရတာမလို ၊လိုတာမရ၍ တစ်ကိုယ်တည်း ဖြစ်နေသည်ဟုသာ ရဲရင့် ထင်မြင်မိလေသည်။


"ဒါနဲ့ ကားမောင်းရတာအဆင်ပြေရဲ့လား...ဟိုလေ... ဒီကားက ငြိမ်းရဲ့ ကားဆိုတော့ အုံနားကြေးတော့ မပေးရဘူး မဟုတ်လားကွ..."


     မမမူ၏ မေးခွန်းကြောင့် ရဲရင့်က ပြုံးရယ်ရင်းခေါင်းကိုခါယမ်းပြလိုက်သည်။မူယာဟန်သည် ရဲရင့်နှင့် ငြိမ်းချစ်သူတွေဖြစ်နေကြသည်ကို သိသောကြောင့် ထိုသို့ မေးခြင်းဖြစ်လေသည်။


"အုံနာကြေး ပေးရတာပေါ့ မမမူရယ် ... ချစ်သူက ချစ်သူ ...စီးပွားရေးက စီးပွားရေးပေါ့...."


"ဟင်..အဲ့ဒီလိုချည်းလား...မမမူသာဆို ကိုယ့်ချစ်သူပဲ ကားကိုပါအပိုင် ပေးလိုက်မှာ..."


     မမမူသည် သူပြောပြီး သူ့ဘာသာ သဘောကျစွာ ရှက်ရယ်ရယ်နေလေသည်။ 


"ရောက်ပြီ ရဲရင့်ရေ...ရှေ့ကခြံပဲ...အိမ်ထဲဝင်ပြီး မမမူကို ခဏစောင့်အုံးနော်..."


*********************

    ခမ်းနားထည်ဝါလှသော တိုက်ကြီးကို ကြည့်ပြီး မမမူ ဦးဆောင်ရာ တိုက်ကြီးထဲသို့ ရဲရင့် မဝံ့မရဲနှင့် ဝင်ခဲ့မိသသည်။အိမ်ဝင်ဝင်ခြင်း၌ အေးစိမ့်သွားသော ခံစားမှုနှင့်အတူ ခင်းထားသော ကြက်သွေးရောင် ကောဇောကြီးများမှာလည်း အိစက်၍ နေသည်မှာ နင်းရက်စရာပင်မရှိ။အိမ်ထဲသို့ဝင်လာပြီး ဧည့်ခန်းတွင် ထိုင်စောင့် နေရန် ပြောပြီး မမမူက အပေါ်ထပ်သို့တက်သွားလေသည်။ကျယ်ဝန်းခမ်းနားလှသော ဧည့်ခန်းထဲတွင် ထိုင်နေရင်းမှ မိမိတို့ သားအမိနှစ်ယောက်နေသော အိမ်ခန်းကျဉ်းလေးကို မြင်ယောင် မိလိုက်သလို ပစ္စည်းပစ္စယများနှင့် ပြည့်နှက်နေသော ငြိမ်းတို့သားအမိ နေသော အိမ်ကိုပါ ရဲရင့်မြင်ယောင်နေမိလေသည်။


"အအေး သောက်ပါ ရှင် ..."


    အိမ်ဖော်မလေးက အအေး နင့်မုန့်လာချပေးသည်။ ရဲရင့်မှာ အအေးနှင့်မုန့်ကို ရုမစိုက်နိုင်ဘဲ ဘ၀မှာ ပထမဦးဆုံးအနေနှင့်တွေ့မြင်နေရသော အိမ်ကြီး၏ ခမ်းနားမှုကို လိုက်လံ ငေးမောကြည့်ရှုနေမိလေသည်။


"စောင့်ရတာ ကြာသွားလား ရဲရင့်ရေ ... တောင်းပန်ပါတယ်နော်....ပစွည်း လေးတစ်ခု ရှာမတွေ့လို့ပါ ..."


  

**********************


"မမမူ တို့အိမ်ကြီးက ကြီးသလောက် မိသားစုတွေ မရှိကြဘူးလား...."


      ရဲရင့် ဘာရယ်မဟုတ် လွှတ်ခနဲ မေးလိုက် မိသည်။


"အင်း ဟုတ်တယ် သိပ်မရှိဘူး ရဲရင့်...အဖေနဲ့အမေကလည်း ခရီးတွေ လှည့်ပတ် ထွက်နေတော့ အိမ်မှာ အလုပ်သမား ကောင်မလေးတွေရယ် ...မမမူရယ် ....ကြီးတော် အပျိုကြီးတစ်ယောက်ရယ်ပဲ နေတာ များတယ်"


"ဪ ... ညီကို မောင်နှမတွေ မရှိဘူးလား မမမူ ..."


"ရှိပါတယ် ရှားရှားပါးပါး အစ်ကိုတစ်ယောက် ရှိတာ တရုတ်ပြည်မှာ အခြေချနေတယ်လေ..."


   "ဟုတ်လား...ဒါဆို စီးပွားရေးကိစ္စတွေကို မမမူပဲဦးဆောင်နေရတာပေါ့နော်..."


"ဆိုပါတော့ကွယ်...ဒါနဲ့ တစ်လက်စတည်း ရဲရင့်ဆီက အကူအညီလေး တစ်ခုလောက် တောင်းချင်တယ်ကွယ်..."


"ဟုတ်ကဲ့ ပြောလေ မမမူ "


    ရဲရင့်က မမူယာဟန်ကို ကြည့်ပြီးပြောလိုက်သည်။


"ဒီလိုပါ မမမူဆီမှာ ဒရိုင်ဘာလည်း သီးသန့် မထားတော့ တစ်ခါတစ်လေ အပြင်ကလည်းသွားရမယ်....လူကလည်းပင်ပန်းနေပြီဆိုရင် သိပ်ဒုက္ခများတာ...အဲဒါ အစကမမမူအတွက် ယုံကြည်စိတ်ချရတဲ့ကားဆရာတစ်ယောက်လောက် ငှါးမလား စဉ်းစားနေတာ...ခုတော့ စိတ်ကူးရသွားပြီ.... ရဲရင့် ကားကို မမမူ လပေး ငှါးစီးမယ်လေ...ငြိမ်းကိုကားမောင်းပို့ပေးရမယ့်အချိန် ကလွဲရင် ကျန်တဲ့အချိန် တွေကို မမမူ ငှါးမယ်လေ....အဲ့ဒါဆို မမမူလည်း အဆင်ပြေသလို ....ရဲရင့်လည်း ခရီးသည်လိုက်ရှာနေစရာမလိုတော့ဘူးပေါ့ ...ကားငှားခကို ..လပေးကြိုရှင်းပေးပါမယ်နော်..."


"ဗျာ"


     ရဲရင့်သည် မမမူ ၏ စကားကြောင့် အံ့သြတကြီးဖြင့်မမမူကိုကြည့လိုက်မိပြီး ယောင်ယမ်း၍ခေါင်းငြိမ့်ပြလိုက်မိလေသည်။


***********************


     တက္ကစီကားပေါ်မှ ဆင်းပြီးသည့်နောက်တွင် ငြိမ်း တစ်ယောက်တည်း ကြောင်တက်တက်နှင့် ရပ်နေမိလေသည်။အမြဲတမ်း ရပ်ကုန်မြို့ထဲရှိ ဈေးများ ၊ ကုန်တိုက်များနှင့် ရှောပင်းစင်တာများသို့ တစ်ယောက်တည်း ဈေးဝယ်ထွက်နေကြဖြစ်သော်လည်း ယခုအခါ၌ မြို့လယ်လမ်းမကြီးဘေးရှိ ဆိုင်ခန်းတစ်ခန်းထဲသို့ ၀င်ရန် ခြေလမ်းများတွန့် ဆုတ်နေမိလသည်။အစက အဖော်ခေါ်လာရန် တွေးမိသော်လည်း ငြိမ်းတို့ မိတ်ဆွေဖြစ်နေကြပုံကို ရှင်းပြပြောပြနေရမည်စိုးသောကြောင့် မခေါ်ခဲ့ခြင်းဖြစ်လေသည်။ရဲရင့်ကိုလည်း လိုက်ပို့ခိုင်းချင်စိတ် မရှိသောကြောင့် တစ်ယောက်တည်း ထွက်လာခဲ့ခြင်းဖြစ်လေသည်။ယခုဆိုင်ရှေ့သို့ ရောက်ခါနီးမှပင် မကြုံစဖူး ခြေလှမ်းများ က တွန့်ဆုတ်၍နေမိသည်။ငှါးလာသော ကားကိုလည်း လိပ်စာအတိုင်း မရပ်ခိုင်းဘဲ ခပ်လှမ်းလှမ်းမှာ ရပ်ခိုင်းခဲ့ခြင်းဖြစ်သည်။သည်နေရာအထိ ရောက်လာပြီးမှ မထူးတော့ပြီဖြစ်သောကြောင့် ငြိမ်းခြေလှမ်းတွေကို အရဲစွန့်ပြီး လျှောက်လှမ်းလိုက်သည်။အတန်းငယ်ကြာလျှင် လိပ်စာရှိရာ ဆိုင်ရှေ့သို့ရောက်ရှိလာလေသည်။

    ဆိုင်သည် မှန်တံခါးအပြည့်နှင့်ဖြစ်သည်။ဆိုင်ရှေ့တံခါးနားတွင် ဧည့်ကြို ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ရပ်နေသည်ကို တွေ့ရသည်။ ဆိုင်ရှေ့တည့်တည့်သို့ ရောက်မှ ဘာဆိုင်များလဲဟု ဆိုင်းဘုတ် ဖတ်ကြည့်လိုက်ရသည်။ " လျှပ်စစ်ပစ္စည်းများနှင့်အီလက်ထရွန်နစ်ပစ္စည်းအမျိုးမျိုး အရောင်းပြခန်း" ဆိုသော ဆိုင်းဘုတ်ကြောင့် ငြိမ်း၏ လှမ်း လက်စ ခြေလှမ်းမှာရပ်တန့်သွားရပြန်လေသည်။ထိုစဉ်မှာပင် တံခါးရှေ့တွင်ရပ်နေသော ဧည့်ကြို ကောင်မလေးက ဆိုင်ဘက်ကိုမျက်နှာမူရပ်နေသော ငြိမ်းအနားသို့ လျှောက်လာပြီး 


"မခင်ငြိမ်းစံဆိုတာ များလားရှင်.... အထဲကို ကြွပါနော်....အထဲမှာ ဆရာတို့ ရှိပါတယ်ရှင်...." ချိုသာပျူငှါစွာကြိုဆိုနှုတ်ဆက်လိုက်သော ကောင်မလေး၏ အပြုအမူကြောင့် ငြိမ်း အံ့သြသွားမိလေသည်။ငြိမ်းသည် စိုင်းခွန်နောင်ဆီသို့ ပုံမပို့ဖူးခဲ့သလို ဖေ့ဘုတ်ပေါ်တွင်လည်း ပုံမတင်ဖူးသောကြောင့် ငြိမ်းကို သိနေခြင်းအတွက် အံ့သြနေမိခြင်းဖြစ်လေသည်။ထို့နောက် ငြိမ်းသည်ကောင်မလေး၏ နောက်မှ မဝံ့မရဲလျှောက်လိုက်လာခဲ့သည်။ဆိုင်ထဲတွင် ကွန်ပျူတာမှအစ တီဗီ ၊ရေခဲသေတ္တာ ၊ အဝတ်လျှော်စက်များနှင့် အမျိုးအမည်စုံလှသော ပစ္စည်းမျိုးစုံကို ခင်းကျင်းပြသထားလေသည်။ဆိုင်ထဲတွင် လှည့်ပတ်ကြည့်ရှုနေကြသူအချို့ကိုလည်း တွေ့ရလေသည်။ကောင်မလေးသည် ရှေ့မှ လျှောက်နေရင်းမှ အပေါ်ထပ်သို့တက်သော လှေကားအတိုင်း ရှေ့မှဦးဆောင်တက်သွားလေသည်။အပေါ်ထပ်သို့ ရောက်သောအခါ စားပွဲခုံများ ခင်းကျင်းထားပြီး အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေး နေသည်ကို တွေ့လိုက်ရလေသည်။


"မမ ဒီမှာထိုင်ပါနော်....ဆရာတို့ကို သွားခေါ်ပေးပါ့မယ်ရှင်..."

   

    ကောင်မလေးက ငြိမ်းကို စားပွဲခုံတစ်ခုတွင် နေရာချပေးပြီး ခပ်လှမ်းလှမ်းတွင် စကားပြောနေကြသော လူအုပ်ထံသို့ လျှောက်သွားလေသည်။ထိုလူအုပ်စုမှာ ယောက်ျားလေး အများစုဖြစ်နေသောကြောင့် ငြိမ်း မျက်လွှာကို အသာချပြီး ရှေ့တည့်တည့်သို့သာ ကြည့်နေလိုက်လေသည်။ယနေ့မှပင် ငြိမ်းသည် မိခင်ကြီးကိုယ်တိုင်ဝယ်ပေးထားသော ခရမ်းနုရောင် မြန်မာဝတ်စုံဝမ်းဆက်ကို ဝတ်ဆင်လာခဲ့မိသည်။ ထိုသို့ ငြိမ်းဝတ်လာသည်ကို မိခင်ကြီးအပါအ၀င် ဆိုင်ရှိ အလုပ်သမားများက အံ့ဩစွာ ကြည့်နေကြသည်ကို ခံခဲ့ရလေသည်။"ဆိုင်သစ်မိတ်ဆက်ပွဲ သွားမလို့ "ဟု ပြောပြီး ငြိမ်းခပ်တည်တည်နှင့် ထွက်လာခဲ့သည်။ထွက်လာခါနီးတွင် "ကားနဲ့ မသွားဘူးလား "ဟုသော မိခင်ကြီး၏ အမေးကိုလည်း မကြားယောင်ပြုခဲ့လေသည် ။ပြီးလျှင် ငြိမ်းသည် အဝတ်အစားတင်မကဘဲ ဆံပင်ကိုပါ ယခင်ကလို ကျစ်ဆံမြီး ကျစ်ခြင်း၊ ခပ်မြင့် မြင့်စုစည်းခြင်းမဟုတ်ဘဲ အပေါ်ယံတစ်လွှာကို ကျောက်စီဆံညှပ်လေးနဲ့ညှပ်ထားပြီး ဆံပင်ရှည်ကြီးများကို ဖားလျား ချထားသည်။ယခုအခါ၌မူ နေနေကြပုံစံမဟုတ်သောကြောင့် အနေရခက်ပြီး အသက်ရှူမွန်းကြပ်သလိုပင် ခံစားနေရလေသည်။ငြိမ်း စိတ်အိုက်အိုက်နှင့် ကောင်မလေး လာချပေးသော ဖျော်ရည်ကိုသောက်နေစဉ်မှာပင် ငြိမ်း ရှိရာဆီသို့ လှမ်းလျှောက်သော အမျိုးသားနှစ်ယောက်ကို တွေ့ရလေသည်။ နှစ်ယောက်လုံးက ငြိမ်းကိုလှမ်း ပြုံးပြနေကြသည်။ငြိမ်းလည်း ယောင်ဝါးဝါးနှင့် ပြန်ပြုံးပြလိုက်သည်။မည်သူက စိုင်းခွန်နောင် ဆိုတာတော့ငြိမ်းလည်းမသိပါ။ နှစ်ယောက်လုံးအရပ်မြင့်မြင့်အသားဖြူဖြူနှင့်ကြည့်ကောင်းသောသွင်ပြင်များ ဖြစ်ကြလေသည်။တစ်ယောက်က ပါဝါမျက်မှန်ခပ်ပါးပါးကိုတပ်ထားပြီး ပိန်ပိန်သွယ်သွယ်နှင့့်ဖြစ်သည်။ရှပ်အင်္ကျီအဖြူနှင့် အနီရောင်အကွက် စိပ်စိပ် ပုဆိုးကိုဝတ်ဆင်ထားလေသည်။ကျန်သောတစ်ယောက်မှာလည်း ရှပ်အင်္ကျီအဖြူနှင့် ခရမ်းရောင်ကွက် စိပ်ပုဆိုးကို ဝတ်ဆင်ထားလေသည် ။ခန္ဓာကိုယ်အချိုးအစားမှာ မပိန်မပါးပုံစံဖြစ်သည်။နှစ်ယောက်လုံးမှာ လူရည်သန့် ပုံစံများ ဖြစ်သည်။ယခုအချိန်ထိတော့ မည်သူကစိုင်းခွန်နောင်မှန်း ငြိမ်း မခန်းမှန်းတတ်ပါချေ။နှစ်ယောက်လုံး၏မျက်နှာကို ငြိမ်း ဖျတ်ခနဲကြည့်လိုက်မိသည်။ပါဝါမျက်မှန်နှင့် သူက ပြုံးပြမြဲပြုံးပြလျက် ။ စိုင်းခွန်နောင်မှာ သူများလားဟု ငြိမ်း တွေးထင်လိုက်မိသည်။ကျန်သော တစ်ယောက်ဆီသို့အကြည့်ရောက်စဉ် ၌ တောက်ပနေသော မျက်ဝန်းတစ်စုံနှင့့်အကြည့်ချင်းဆုံလိုက်ရသဖြင့် ခေတ္တမျှ ငြိမ်း ငေးမောကြည့်နေမိသည်။သူ့ပုံစံက မျက်မှန်နှင့်လူထက် အနည်းငယ်ပို၍ ကြည့်ကောင်းနေသည်လေ။


"မင်္ဂလာပါ မခင်ငြိမ်းစံ...တွေ့ရတာဝမ်းသာပါတယ်နော်..."


    ပါဝါမျက်မှန်နှင့် တစ်ယောက်က ဦးစွာနှုတ်ဆက်လာလေသည်။


"ဟုတ်...ဟုတ်ကဲ့ .... မင်္ဂလာပါရှင် တွေ့ရတာဝမ်းသာပါတယ်"

     ငြိမ်း ယောင်နန နှင့် ပြန်နှုတ်ဆက်လိုက်မိသည်။


"တွေ့ရတာ ဝမ်းသာပါတယ် ငြိမ်း...."


    ထပ်မံထွက်ပေါ်လာသော နှုတ်ဆက်သံကြောင့် ငြိမ်းရင်တွေဒိန်းခနဲ ခုန်လှုပ်သွားမိလေသည်။ငြိမ်းဖျတ်ခနဲ ငေးမောကြည့်မိသော မျက်ဝန်းများ၏ပိုင်ရှင်က စိုင်းခွန်နောင် ဖြစ်နေသည်လေ။


"ငြိမ်းလာတယ်ဆိုတော့ ဝမ်းသာသွားတာပဲ...ကျွန်တော်ကစိုင်းခွန်နောင်ပါ... သူက ကျွန်တော်သူ့ငယ်ချင်း စန်းလင်းအောင်ပါ..."


"ဟုတ်ကဲ့ ..


" မခင်ငြိမ်းစံရေ ဧည်ခံထားတဲ့ မုန့်တွေကိုလည်းစား...ပြီးရင်ဆိုင်ထဲ အေးအေးဆေးဆေး လျှောက်ကြည့်ပါအုံးနော် .....သိချင်တာရှိရင် ကျွန်တော့်သူငယ်ချင်း ကိုစိုင်းကိုသာမေးနော်... ကျွန်တော်တော့ ... ဧည့်သည်တွေကို သွားဧည့်ခံလိုက်အုံးမယ်... ကျွန်တော့်သူငယ်ချင်းကို အပ်ခဲ့ပါတယ်ဗျာ..."


"ရှင်... ဟုတ်.... ဟုတ်ကဲ့ "


    ဆန်းလင်းအောင်က ပြောပြောဆိုဆိုနှင့်နှုတ်ဆက်ပြီး ထွက်သွားလေသည်။နေရာတွင် ငြိမ်းနှင့် စိုင်းခွန်နောင်တို့သာကျန်ခဲ့ပြီး နှစ်ယောက်သား တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေမိကြလေသည်။နှစ်ယောက်သားနှာ ဖေ့ဘုတ်တွင် ရင်းရင်းနှီးနှီး ပြောဆိုနေကြသော မိတ်ဆွေများဖြစ်သော်လည်း ယခုလို့ မျက်နှာချင်းဆိုင် ဆုံတွေ့ရသောအခါ နှစ်ယောက်သား ဘာပြောလို့ ပြောရမှန်းမသိကြဘဲ ဆွံ့အနေမိကြလေသည်။ပြီးနောက် စိုင်းခွန်နောင်က ဦးစွာ စကားစလိုက်လေသည်။


"ငြိမ်းတစ်ယောက်တည်းလာတာလား...ငြိမ်းရဲ့ချစ်သူပါလာမယ်ထင်တာ "


"အင်း ... သူက လချုပ်နဲ့ ငှါးထားတဲ့ ကားအော်ဒါရှိလို့ အချိန်သိပ်မအားလို့လေ..."


"ဪ...ဒါဆို နောက်မှ သူနဲ့လည်း ထပ်ဆုံတာပေါ့"


    ငြိမ်းသည် စိုင်းခွန်နောင်နှင့်စကားပြောနေရင်းမှ ငြိမ်းသိချင်တာကိုမေးလိုက်သည်။


"ဒါနဲ့ ...ငြိမ်းရဲ့ ပုံလည်းမပို့ဖူးဘဲနဲ့ ... ငြိမ်းမှန်း ဘယ်လိုသိကြတာလဲ...ဧည့်ကြို ကောင်မလေးကလည်း ငြိမ်းကို သိနေတယ်..."


    ငြိမ်းမေးခွန်းကြောင့် စိုင်းခွန်နောင်သည် ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ငြိမ်း၏မျက်နှာကို စိုက်ခနဲ တစ်ချက်ကြည့် ပြီး ဖြေလိုက်လေသည်။


"ဆိုင်ဝမှာ ...ဆိုင် မဖွင့်သေးပါဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတယ်လေ ငြိမ်းရဲ့... ဒီနေလာသမျှ လူတွေက ဖိတ်ထားတဲ့ ဧည့်သည်တွေချည်းပဲလေ.... လာသမျှ ဧည့်သည် အများစုကလည်း မိသားစုတွေ.. မိတ်ဆွေအပေါင်း အုပ်စုလိုက်တွေပဲလာတာလေ ...တစ်ယောက်တည်း လာတာဆိုလို့ ငြိမ်းပဲရှိတာလေ... အဲ့ဒီတော့ ဝင်လာတာနဲ့ ခန့်မှန်းမိတာပေါ့ "

    

     စိုင်းခွန်နောင်က ပြောရင်းမှ  ငြိမ်းရှေ့သို့ မုန့်ပန်းကန်များကိုချပေးပြီး ငြိမ်း၏ အကြည့်များကို ရှောင်လွဲလိုက်လေသည်။


"စားနော်...ငြိမ်း....ဒါနဲ့ ငြိမ်းရဲ့ ဆိုင်ရော အရောင်းအ၀ယ်အဆင်ပြေလား ..."


"ဟုတ်... ပြေပါတယ်...ငြိမ်းက  ကိုစိုင်း ဆိုင်ဖွင့်မယ်ဆိုတော့ ရိုးရိုး ဆိုင်တစ်ဆိုင်ပဲ ထင်နေတာ"


" ဒါလည်းရိုးရိုးဆိုင်ပါပဲ ငြိမ်းရဲ့...တကယ်တမ်း ကျွန်တော်တို့လုပ်ဖို့စီစဉ်ထားတာက အွန်လိုင်းပေါ်ကနေ ပညာသင်ကြားတာတွေ ... အရောင်းအ၀ယ်တွေ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်ဖို့အတွက် ကြိုးစားနေကြတာပါ..."


"ဪ ...ငြိမ်းက နည်းပညာတွေနဲ့အလှမ်းဝေးတော့ ကိုစိုင်းပြောတာတွေကို သိပ်မသိ ဘူး..."


"မြန်မာပြည်က လူတော်တော်များများ မသိကြသေးတာ ငြိမ်းရဲ့...လူတိုင်း ဖုန်းတွေ အသုံးပြု လာကြတာလည်း သိပ်မကြာသေးဘူးဆိုတော့လေ ... နောက်ဆို လူတိုင်း အွန်လိုင်းပေါ်ကနေ အလုပ်တွေ လုပ်နိုင်လာကြတော့မှာပါ...ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ အွန်လိုင်းကိုတော် တော်သဘောကျတယ် ... အွန်လိုင်းကို အသုံးပြုပြီး ကွဲကွာနေတဲ့သူတွေကိုလည်းပြန်ရှာနိုင်တယ်....ပြီးတော့ ကျွန်တော်အတွက်တော့ ငြိမ်းလို မိတ်ဆွေနဲ့လည်း ဆုံရတယ်လေ...."


    စကားတွေဖောင်ဖွဲ့ ပြောဆိုနေပြီးနောက် နှစ်ယောက်သားကြားအတန်ကြာ တိတ်ဆိတ်သွားပြန်လေသည်။စိုင်းခွန်နောင်သည် ငြိမ်းကို ငြိမ်သက်စွာ ငေးကြည့်နေသည်။ငြိမ်းသည်လည်း ခေါင်းကို ငုံ့လျက် ငြိမ်သက်စွာ ထိုင်နေမိလေသည်။အတန်ကြာလျှင် ငြိမ်းသည် စိုင်းခွန်နောင်ကို မော့ကြည့်လိုက်ပြီး နှုတ်ဆက် စကားပြောလိုက်သည်။


"ငြိမ်းပြန်တော့မယ်နော်...အမေစိတ်ပူနေမှာစိုးလို့ "


" ပြန်တော့မလို့လား ...ဆိုင်ထဲလိုက်ကြည့်အုံးလေ... ပြီးရင် ကျွန်တော်လိုက်ပြန်ပို့ပေးပါ့မယ်...."


    ငြိမ်း၏ နှုတ်ဆက်စကားကြောင့် စိုင်းခွန်နောင်က ငြိမ်းကိုငေးမောကြည့်ရင်း ပြောလိုက်သည်။


"ဟင့်အင်း ...ငြိမ်းဘာသာ ကားငှားပြီးပြန်ပါ့မယ်....လိုက်မပို့ပေးပါနဲ့ ... ဒီမှာ ဧည့်သည်တွေလည်းရှိသေးတာကို..."


"ရပါတယ် ငြိမ်းရဲ့ .. ဧည့်သည်တွေ က ကိုဆန်းဧည့်သည်တွေချည်းပဲလေ... ကျွန်တော်က လူပိုလိုဖြစ်နေတာပါ...ပြီးတော့ ဒီနေ့တစ်ရက်ပဲ အားတော့တာ နောက်ရက်တွေဆို ဆိုင်ဖွင့်ပြီမို့ မအားတော့ဘူးလေ...ဘာလဲ...ငြိမ်းတို့အိမ်ကို အလည်မခေါ်ချင်လို့လား...."


"ဟို ... ဟို့ ...အဲ့ဒီလို သဘောနဲ့ မဟုတ်ပါဘူးရှင်...ကိုစိုင်း အလုပ်များမှာစိုးလို့ ပါ "


"ဒီနေ့ တစ်ရက်တော့ အလုပ်က မများပါဘူးဗျာ...လာပါ ...ဆိုင်ထဲလျှောက်ကြည့်ရအောင်... "


*********************


"ကျွီ "


" အမေ့"


   မီးပွိုင့်နားရောက်ခါနီးတွင် ရှေ့ကားမှ ရုတ်တရက် ထိုးရပ်လိုက်သောကြောင့် စိုင်းခွန်း နော်င်မှာ ဘရိတ်ကို အမြန်နင်းလိုက်ရသဖြင့် ကားမှာ ထိုးဆောင့် ရပ်သွားသလို ငြိမ်းသည်လည်း ခါးပတ် ပတ်ထာသည့်ကြားမှ ခေါင်းမှာ ရှေ့သို့ငိုက်ခနဲ ယိမ်းယိုင်သွားလေည်။


   စိုင်းခွန်နောင်သည်လည်း   ကားဘရိတ်ကို နင်းလိုက်သည်နှင့် တပြိုင်နက် လက်က ငြိမ်း၏ ရှေ့သို့ လှမ်းကာလိုက်မိလေသည် ။ပြီးလျှင် ငြိမ်းကို စိုးရိမ်တကြီးတောင်းပန်လိုက်လေသည်။ 


" ဟာ ...ဆောရီးပါ ငြိမ်းရယ်... ကျွန်တော်က မြန်မာပြည်ရဲ့ ကားမောင်းတဲ့စနစ်ကို မကျွမ်းကျင်သေးလို့ပါ...ငြိမ်း ဘာဖြစ်သွားသေးလဲဟင်...."


"ဟို....ဟို...ဘာမှမဖြစ်ပါဘူးရှင်..."


   ငြိမ်းသည် ကားကြောင့်လန့်သွား တာထက် ငြိမ်းရှေ့ကို လှမ်းကာလိုက်သော စိုင်းခွန်နောင်၏ လက်က ငြိမ်း၏ နဖူးကို အုပ်ကိုင်ထားသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ထူထူပူပူ ဖြစ်သွားပြီး ခေါင်းကို အောက်သို့ ငုံ့ချလိုက်မိလေသည်။ထိုအခါမှ စိုင်းခွန်နောင်လည်း သူ့အဖြစ် သူ ရိပ်စားမိသွားပြီး လက်ကို ပြန်ရုတ်လိုက်ပြီး ကားရှေ့သို့ အကြည့်ကိုလွှဲလိုက်သည်။ငြိမ်းသည်လည်း ပြတင်းမှန်မှတဆင့် အဝေးသို့ ငေးကြည့်ရင်းလိုက်ပါလာခဲ့လေသည်။


   စိုင်းခွန်နောင်မောင်းလာသော ကားလေသည် ကတ္တရာလမ်းမကြီး အတိုင်း တရိပ်ရိပ်ပြေးနေရာမှ ငြိမ်းတို့ရပ်ကွက်နားသို့ ရောက်လာလေသည်။ငြိမ်းက စိုင်းခွန်နောင်ကို ကြည့်လိုက်ပြီး 


"ငြိမ်းဒီမှာပဲ ဆင်းတော့မယ် ကိုစိုင်း...နောက်တစ်ခေါက်မှ ကိုစိုင်းကို အိမ်လည်ခေါ်ပါ့မယ်...ခုလို နှစ်ယောက်တည်း ရပ်ကွက်ထဲ ဝင်သွားရင် သူများ တွေတစ်မျိုး ထင်မှာကြောက်လို့ပါ ...


"ရပါတယ်...ငြိမ်းရယ်... ကျွန်တော်နားလည်ပါတယ်... ကျွန်တော်တို့ထပ်တွေ့လို့တော့ရတယ် မဟုတ်လား...."


****************** 


    ကားမောင်းနေရင်းမှ ဖုန်းမြည်ကသောကြောင့် ဖုန်းကို ရဲရင့်ကောက်ကိုင်လိုက်သည်။


"ဟယ်လို...မမမူ ... ပြောလေ .."


"ကောင်စုတ်လေး မမမူကို မပြောမဆိုနဲ့ဘယ်ပျောက်သွားတာလဲ...ဒီမှာ မမမူက အိမ်ခဏပြန်မလို့ကို "


 "ဟာ .. တောင်ပန်းပါတယ်  မမမူ ....ကျွန်တော်က အိမ်ကို ခဏပြန်လာတာ...အမေ့ကို ပြန်ကြည့်တာ...ခုပဲ လာခဲ့မယ်လေ မမမူ '


"တော်ပါ မင်းမမငြိမ်းကို အမောပြေသွားတွေ့တာ မဟုတ်လား ..."


    တစ်ဖက်မှ မမမူ၏ စူအောင့် အောင့်ပြောသံကြောင့် ရဲရင့် သဘောကျစွာ ရယ်ရင်း ပြန်ဖြေလိုက်မိလေသည်။


"မဟုတ်ရပါဘူးဗျာ...မမက သူ့အသိတစ်ယောက်ရဲ့ဆိုင်ဖွင့်ပွဲသွားတယ်တဲ့......"


    ရဲရင့်သည် မမမူနှင့် ဖုန်းပြောနေရင်းမှ မိမိကားရှေ့ မလှမ်းမကမ်းတွင် ထိုးရပ်လိုက်သော ကားကို အမှတ်တမဲ လှမ်းကြည့်လိုက်မိလေသည်။ကြည့်နေစဉ်မှာပင် ကားပေါ်မှအမျိုးသားတစ်ယောက် ဆင်းလာပြီး ဘေးဘက်ကားတံခါးသို့ လျှောက်သွားသည်ကို မြင်လိုက်ရလေည်။မြင့်မားသော အရပ်အမောင်းနှင့် ကြည့်ကောင်းလှသော ထိုလူ၏ပုံစံကို ရဲရင့်ငေးမောကြည့်နေမိလေသည်။ ပြီးလျှင် ထိုမျှ ယောက်ျားပီသပြီး ချောမော ကြည့်ကောင်းလှသော အမျိုးသားက ပျာပျာသလဲ နှင့်ကားတံခါးဖွင့်ပေးရသည့် ကားထဲမှ ဆင်းလာမည့်သူကိုပါ ရဲရင့် သိချင်စိတ်ဖြစ်လာမိသောကြောင့် ကားကို ခပ်ဖြည်းဖြည်းမောင်းရင်းကြည့်နေမိလေသည်။ရဲရင့်ကြည့် နေစဉ်မှာပင် ကားတံခါးပွင့်လာပြီး ကားပေါ်မှ အမျိုးသမီးတစ်ယောက်ဆင်းလာလေသည်။အဝေးမှ လှမ်းမြင်ရသော ဆံပင်ရှည်ကြီးများ ခရမ်းနုရောင် ဝမ်းဆက်နှင့် အမျိုးသမီးက နောက်ကျောဘက်မှ မြင်နေ ရသည်ကိုပင် ကျော့ရှင်းလှပနေလေသည်။ထိုအမျိုးသားမှာလည်း အမျိုးသမီး၏ မျက်နှာကို တစိုက်မက်မက် ငေးကြည့်နေသည်ကိုတွေ့ရလေသည်။အမျိုးသမီးသည် ကားပေါ်မှ ဆင်းပြီး နောက် ထိုအမျိုးသားနှင့် စကားပြောနေပုံရပြီး ခဏကြာလျှင် ကိုယ်ကို နောက်သို့ ဆုတ်လိုက်သောကြောင့် မျက်နာကို ဖျတ်ခနဲ လှမ်းမြင်လိုက်ရလေသည်။မြင်လိုက်ရသော မျက်နှာကြောင့် ရဲရင့်သည် အသက်ရှူမှားမတက်ဖြစ်သွားရပြီး ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်ပြီး ကားပေါ်မှ လျှင်မြန်စွာဆင်းချသွားမိပြီး သူတို့နားသို့အပြေးအလွှား လျှောက်သွားမိလေသည်။


"မမ"


    ငြိမ်း နှင့် စိုင်းခွန်နောင်တို့ နှုတ်ဆက်စကားပြောနေကြစဉ် အနားသို့ ရုတ်တရက် ရောက်ချလာပြီး ငြိမ်း၏ လက်ကို ဆောင့်ဆွဲပြီး အသံခပ်မာမာနှင့် ခေါ်လိုက်သော ရဲရင့်ကြောင့် ငြိမ်းနှင့် စိုင်းခွန်နောင်မှာ ထိတ်လန့်အံ့ဩသွားကြလေသည်။


"မမ ဘယ်ကပြန်လာတာလဲ...သူကရော ဘယ်သူလဲ     "


@@@@@@@@@@@@@@@@@@@


 အပိုင်း ၁၆ ဆက်ရန်


ဧကြည်ဖြူ


rate now: