book

Index 14

အပိုင်း (၁၄)

ဧကြည်ဖြူ


   "ချူ"


*****************


"မမ ဘာဖြစ်လို့လဲ "


    ငြိမ်းသည် နေရာတွင် ခြေစုံရပ်တန့်လျက် ရှေ့မှမြင်နေရေသော မြင်ကွင်းကို မမှိတ်မသုန်စိုက်ကြည့်နေမိသည်။ အပေါ်အောက်ဆင် တူ အလုပ်ဝတ်စုံဝတ်ထားပြီး ပိန်လှီဖျော့တော့နေသောအရိုးပြိုင်းပြိုင်း ခန္ဓာကိုယ်နှင့် ဦးခေါင်းထက်မှဖွေးဖွေးလှုပ်နေသော ဆံပင်ဖြူများ ။ တွေ့မြင်စက ဖြုန်းခနဲ မမှတ်မိပေ။စျေးပေါသော ပေါင်မုန့်ကြမ်းတစ်လုံးကို လက်မှကိုင်ထားရင်း သစ်ပင်ခြေရင်း မြေပြင်တွင် ထိုင်ချလိုက်စဉ် ပေါင်မုန့်လေးမှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့လေသည်။ထိုသို့ ပြုတ်ကျသွားသော မုန့်ကို ပြန်ကောက်ပြီး သဲများကို ခါထုတ်ပစ်ရင်း စားရန်ပြင်နေသော မြင်ကွင်းကို သနားကြင်နာစိတ်ဖြင့် ငြိမ်းကြည့်နေမိစဉ်မှာပင် မှတ်မိသွားခဲ့ခြင်းဖြစ်ပါလေသည်။မှတ်မိသွားသည်နှင့် တစ်ပြိုင်နက် ငြိမ်းရင်တွေ တဆစ် ဆစ်နာကျင်လာသည်။ငါးဆယ့် ခြောက်နှစ်ဆိုသော အသက်အရွယ်သည် ထိုမျှလောက်အောင် အိုမင်းနေပြီလားဟု မယုံကြည်နိုင်စွာ သတိလက်လွတ် ငေးကြည့်နေမိသည်။ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘဲ လက်ထဲမှ ပေါင်မုန့်ကို အငမ်းမရ စားသောက်နေပုံက ငြိမ်းရင်ထဲကို ချွန်မြနေသော ဓါးဦးချွန်နှင့် ထိုးခွဲခံနေရသလိုပင်။တစ်ချိန်က အစဉ်အမြဲသန့် ပြန့် တောက်ပြောင်နေပြီးချောမောကြည့်ကောင်းခဲ့သော ထိုလူသားကြီးသည် ယခုအခါ၌ မှတ်မိချင်စရာတစ်ကွက်မျှမရှိအောင် ပေရေစုတ်ပြတ်နေလေသ ည်။သို့သော်လည်း ခဏမျှ ကြည့်လိုက်သည်နှင့်ငြိမ်းမှတ်မိခဲ့ပါလေသည်။"မုန်းတယ်....အရမ်းမုန်းတယ်''ဟု ငြိမ်းစိတ်တွင်းမှ ခပ်ကျယ် ကျယ်အော်ဟစ်နေမိသည်။လက်ထဲမှ မုန့်ကို စားလိုက် ၊ ရေသန့်ဘူးဟောင်းလေးထဲမှရေကို သောက်လိုက်နှင့် လုပ်နေသော ထိုလူသားကြီးကတော့ ငြိမ်းကြည့်နေသည်ကို သတိထားမိပုံပင် မရဘဲ ပိန်လီလီ လက်ထဲမှ မုန့်ကိုသာ အဆက်မပြတ်ကိုက်၍စားနေလေသည်။ ထိုစဉ်မှာပင် ထိုလူသားကြီးသည် ငြိမ်းရိုရာသို့လှမ်း၍ကြည့်လာလေသည်။ငြိမ်းသည် အထိတ်တလန့် နှင့် ခြေလှမ်းကိုနောက်သို့ ဆုတ်လိုက်မိသည်။ ပြီးလျှင် ချာခနဲ ကျောခိုင်းပစ်လိုက်ပြီး လှည့် ထွက်ပြေးခဲ့လေသည်။


"မမ ....မမ ဘာဖြစ်တာလဲ....မောင့်ကိုလည်းပြောအုံး..."


   ရဲရင့်သည် ငြိမ်းနောက်မှ တကောက်ကောက် ပြေးလိုက် လာပြီး မေးသည်။


"ပြန် ...ပြန်ရအောင် ရဲရင့် .... ငြိမ်းကို အိမ်ပြန်လိုက်ပို့ပေးပါနော်....ငြိမ်းအိမ်ပြန်ချင်တယ်..."


    ရဲရင့်သည်  ငြိမ်း၏ သတိကင်းလွတ်နေသူကဲ့သို့ အမူအရာကိုကြည့်ပြီး ကားပေါ်သို့အမြန် တက်ကာ မောင်းထွက်ခဲ့လေသည်။ကားမောင်းနေစဉ် တောက်လျှောက်၌ ရဲရင့်မေးသော်လည်း ငြိမ်းမဖြေပါ။ ရှေ့တည့်တည့်ကို မျက်လုံး အကြောင်သားနှင့်ကြည့်နေပြီး ငြိမ်သက်စွာလိုက်ပါလာလေသည်။

 ************************


     ရဲရင့်သည် ကားကို ငြိမ်းတို့အိမ်ရှေ့တွင်ထိုးရပ်လိုက်သည်။ ကားရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ငြိမ်းသည် ရဲရင့်ကို ပင်နှုတ်မဆက်ဘဲ အိမ်ထဲသို့တန်း၍ ဝင်သွားသည်။ပြီးလျှင် အိပ်ပေါ်ထပ်သို့ တက်သွားလေတော့သည်။ရဲရင့်မှာ ငြိမ်း၏ နောက်ကျောပြင်ကို ငေးကြည့်လျက် နားမလည်နိုင်စွာ ကျန်ရစ်ခဲ့လေသည်။


     ဒေါ်ငြိမ်းဝေမှာလည်း အိမ်ထဲသို့ အလောတကြီး ၀င်ချလာပြီး အပေါ်ထပ်သို့ တန်းတက်သွားသော ငြိမ်းကို ကြည့်ပြီး စိတ်ထဲမှ စိုးရိမ်ပူပန်သွားမိပြီး ရဲရင့်ကို မေးလိုက်လေသည်။


"မောင်ရဲရင့် ဘာဖြစ်လာကြတာလဲ...မင်းတို့ စကားများလာကြတာလား "


    ရဲရင့်က ဒေါ်ငြိမ်းဝေ၏ အမေးကိုခေါင်းကိုယမ်းခါလျက် ပြန်ဖြေလိုက်သည်။


"စကားမများပါဘူး အန်တီ...မမ ဘာဖြစ်သွားတာလဲ ကျွန်တော်လည်း မသိဘူး...ပန်းခြံထဲမှာ လမ်းလျှောက်ရင်း သန့်ရှင်းရေးဦးလေးကြီးကို ကြည့်ပြီး  အဲ့လိုဖြစ်သွားတာပဲ..."


"ဘယ် ... ဘယ်လို မောင်ရဲရင့်...သန့်ရှင်းရေး ဦးလေးကြီးဟုတ်လား...."


   ဒေါ်ငြိမ်းဝေသည် ရဲရင့်ဆီမှ ကြားလိုက်ရသောစကားကြောင့် ငြိမ်းရှိရာ အပေါ်ထပ်သို့ လျှင်မြန်စွာ တက်ခဲ့လေသည်။အပေါ်ထပ်သို့ ရောက်သောအခါ ငြိမ်း၏အခန်းရှေ့တွင် ရပ်ပြီး နားစွင့် ကြည့်လိုက်သည်။ငြိမ်း၏ အခန်းထဲမှ ဘာသံမျှမကြားရဘဲ တိတ်ဆိတ်ငြိမ်သက် ၍နေလေသည်။


    ငြိမ်းသည် ခုတင်ပေါ်တွင် လူက ငြိမ်သက်စွာထိုင်နေမိသော်လည်း စိတ်က မငြိမ်မသက် ပြေးလွှားလျက် ရှိလေသည်။ပန်းခြံထဲတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းကိုသာ မြင်ယောင်နေမိပြီး အံကိုတင်းတင်းကြိတ်ထားမိသည်။လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလေသည်။ရင်ထဲမှာ တဆစ်ဆစ်နာနေသည် ။ လည်း ချောင်းဝတွင် တစ်ဆို့နာကျင်နေသည်။ငြိမ်းစိတ်ထဲမှာ အကျယ်ကြီးအော်ဟစ်ပစ်လိုက်ချင်သည်။ငြိမ်းသည် ခုတင်ပေါ်တွင် အတန်ကြာ ငြိမ်သက်စွာ ထိုင်နေပြီးနောက် ခေါင်းအုံးတွေကို စိတ်ရှိလက်ရှိ စုတ်ဖြဲပစ်လိုက်သည်။ပြီးလျှင် လက်ထဲမှ ကိုင်ထားမိသော ဖင်ထိုင်ခုံနှင့် မှန်ကို ပစ်ပေါက်ခွဲပစ်လိုက်လေသည်။


"ခွမ်း"


    "ခွမ်း"ခနဲ ကျကွဲသံနှင့်အတူ လွင့်စင်ကျလာသော မှန်ကွဲစများကို ကြည့်ရင်း ငြိမ်းရင်ထဲမှ တင်းကြပ်ရှုပ်ထွေးနေသောစိတ်က ပြေလျော့မသွားသော် လည်း အမေများ ငြိမ်းကြောင့် စိတ်ဆင်းရဲသောကခံစားရလေမည်လားဟု တွေးမိသောအခါ ငြိမ်း ခုတင်ပေါ်တွင် အရုပ် ကြိုးပြတ်ထိုင်ချလိုက်မိလသည်။


"သမီး..ငြိမ်း...တံခါးဖွင့်ပေးစမ်း..အမေပြောနေတာ ကြားလား..."


    ဒေါ်ငြိမ်းဝေ သည် ငြိမ်းအခန်းထဲမှ အသံများကြောင့်  စိုးရိမ်ပူပန်စွာ ငြိမ်းကို ခေါ်လိုက်သည်။ရဲရင့်မှာလည်း ဒေါ်ငြိမ်းဝေ အနီးတွင် ရပ်လျက် တံခါးကို ဖွင့်ရန် ကြိုးစားနေမိလေသည်။


"မကြူရေ ... ကျွန်မအခန်းထဲက အိမ်သောအပိုတွဲကို အမြန်ယူခဲ့ပေးပါအုံး..."


"သော့ဒီမှာပါ...အစ်မ "


 "မကြူရော မောင်ရဲရင့်ပါ ...အောက်ထပ်မှာ ခဏ သွားစောင့်နေကြပါနော်... စိတ်မပူနဲ့ မောင်ရဲရင့် ပြီးရင် မင်းကို အန်တီ ရှင်းပြပါ့မယ်ကွယ်...... "


   ဒေါ်ငြိမ်းဝေသည် လက်ထဲသို့ သော့ ရောက်လာသည်နှင့် မကြူနှင့် ရဲရင့်ကို အောက်ထပ်သို့ပြန်ဆင်းခိုင်းလိုက်ပြီး ကိုယ်တိုင်က ငြိမ်း၏အခန်းတံခါးကို ဖွင့်ပြီး၀င်လိုက်လေသည် ။ဒေါ်ငြိမ်းဝေ အခန်းထဲသို့ ရောက်သောအခါ ငြိမ်းသည် ခုတင်ထက်တွင် ငူငူချည်း ထိုင်လျက် နေလေသည်။ ဒေါ်ငြိမ်းဝေ ငြိမ်း၏ ဘေးတွင် အသာဝင်တိုင်လိုက်ပြီး ငြိမ်း၏ လက်ကလေးများကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်ပြီး နှစ်သိမ့်ချော့မော့လိုက်လေသည်။


"စိတ်ကို ထိန်းပါ အုံးသမီးရယ်...သမီးဒီလောက်အထိ စိတ်ထိခိုက်ခံစားနေရအောင် သမီးတွေ့ခဲ့တဲသူက ဘယ်သူလည်းဆိုတာ အမေမှန်းဆလို့ရပါတယ်... ဒါပေမဲ့ သူဆိုတာ သေချာလို့လား ...ဆယ်ငါးနှစ်ကျော်နေပြီလေ သမီးအမြင်မှားတာလည်း ဖြစ်နိုင်တာပဲ....အဲ့ဒီအကြောင်း တွေကို မတွေးပါနဲ့တော့ သမီးရယ်...အမေတောင်းပန်ပါတယ်..."


     ငြိမ်းက ငြိမ်သက်စွာထိုင်နေရာမှ  မိခင်ဖြစ်သူကို မော့ကြည့်လိုက်ပြီး ခေါင်းကိုယမ်းခါပြလိုက်သည်။ ပြီးလျှင် အံကိုတင်းတင်းကြိတ်လိုက်ပြီး မိခင်ကို ပြန်ဖြေလိုက်သည်။


"သေချာပါတယ် အမေ... နှစ်တွေ ဘယ်လောက်ကြာကြာ သမီးမမေ့ပါဘူး..."


    ဒေါ်ငြိမ်းဝေ သည် အံကိုတင်းတင်းကြိတ်၍ ပြောနေသော သမီးဖြစ်သူ၏ ခန္ဓာကိုယ်လေးကို အသာဖက်လိုက်မိသည်။ပြီးလျှင်လေသံသဲ့သဲ့မျှနှင့် ပြောလိုက်မိသည်။


"သူ့ကြောင့် သမီးစိတ်ထဲမှာနာကျင်နေရရင် ဥပေက္ခာပြုထားလိုက်ပါနော်.... အခြားသူတွေကို လုပ်သလို လက်တုန့်ပြန်လို့မရဘူးနော်...ဘာပဲဖြစ်ဖြစ် သူက သမီးအဖေ လေ...ပြီးတော့ ဆယ်နှစ်ကျော်လောက် အမေတို့ကို မပူမပင်နေရအောင်  ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့သူပဲ ...အားလုံးကို မေ့နိုင်အောင် ကြိုးစားပါ...အခုချိန်မှာ သူနဲ့အမေကဘာမှမဆိုင်တော့ပေမဲ့ သမီးနဲ့က သွေးသားတော်စပ်နေတုန်းပဲ...သမီးအဖေကိုခွင့်မလွှတ်နိုင်ရင်လည်း ဥပေက္ခာပြုထားလိုက်ပါနော်...အမေတောင်းပန်ပါတယ်ကွယ်...."


   ငြိမ်းသည် ဘာမျှပြန်မပြော မိခင်ဖြစ်သူ၏ရင်ခွင်ထဲတွင် မလှုပ်မယှက်ငြိမ်သက်နေမိလေသည်။


**********************


    အချိန်က မနက် ခြောက်နာရီကျော်။တစ်ညလုံး ငြိမ်းအိ ပ်မပျော်ခဲ့။နံနက်လင်းခါနီးမှ အိပ်ပျော်သွားခဲ့ပြီး မနက် ခြောက်နာရီကျော်တွင် ပြန်နိုးလာသည်။ဆိုင်ကမနက် ခုနှစ်နာရီမှ ဖွင့်သည်မို့ တစ်အိမ်လုံးတိတ်ဆိတ်နေဆဲပင်။ ငြိမ်းအိပ်ရာထက်မှ ကမန်းကတန်း ထလိုက်ပြီး ရေအမြန်ချိုးသည်။ပြီးလျှင် ကျောပိုးအိတ်လေးကို ကောက်လွယ်ပြီး အိမ်ထဲမှ အမြန်ထွက်ခဲ့လိုက်သည်။သည်အချိန်သည် မိခင် ဘုရားရှိခိုးနေသော အချိန်ဖြစ်သောကြောင့် ငြိမ်း အမြန်ဆုံးအိမ်ထဲမှ ထွက်ခဲ့လေသည်။


******************


      ဒေါ်ငြိမ်းဝေဘုရားရှိခိုး ပြီးသည်နှင့် ငြိမ်းအခန်းဘက်သို့ လျှောက်လာခဲ့လိုက်သည်။အလုပ်သမားလေး များ ရောက်လာပြီး မုန့်ဆိုင်ရော စတိုးဆိုင်ပါဖွင့်နေကြပြီဖြစ်သော်လည်း ငြိမ်းအခန်းဘက်မှ အသံဗလံပင်မကြားရ သောကြောင့် လာချောင်းခြင်းဖြစ်ပါလေသည်။ ယခင်ကဆို မနက်ငါးနာရီဆိုသည်နှင့်အိပ်ရာမှ ထတတ်ပြီး မိမိနှင့်အတူဘုရားရှိခိုးနေကျဖြစ်သည်။ညက အတော်လေးညဉ့်နက်အထိနေပုံရသောကြောင့် ဒေါ်င်ငြိမ်းဝေ မနှိုးးဘဲထားရန်ဆုံးဖြတ်လိုက်ပြီး အခန်းတံခါးကို အသာဖွင့်လိုက်သည်။ တံခါးက လွယ်ကူစွာပွင့်သွားလေသည်။ပွင့်သွားသော တံခါးမှ ဒေါ်ငြိမ်းဝေ လှမ်းကြည့်လိုက်သည်။အခန်းသည် ရှင်းလင်း တိတ်ဆိတ်လျက် ရှိနေသည်။အခန်းထဲတွင်မူငြိမ်း၏ အရိပ်အယောင်ကိုမှ မမြင်ရပါချေ။


"ငြိမ်း.... သမီး....ငြိမ်း"


    ဒေါ်ငြိမ်းဝေ ထိတ်လန့် တုန်လူပ်စွာ ငြိမ်းကို အော်ဟစ်ခေါ်ရင် မိမိအခန်းရှိရာသို့ ပြန်လာခဲ့ပြီးဖုန်းကိုယူလိုက်သည်။ငြိမ်း၏ ဖုန်းကို ခေါ်လိုက်သည်။


"ချစ်သူ့ ဆီကို ... တောင်းပံဖြန့်ကျက်လို့ သွားချင်တယ်.... ဘယ်ဆီဘယ်ဝယ်မှန်းလဲ အတတ် မသိ "


  ဖုန်းသံက ငြိမ်းအခန်းထဲမှ ထွက်ပေါ်လာလေသည်။ဒေါ်ငြိမ်းဝေ ထူပူပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ ။အတန်ကြာမှ ရဲရင့် ဆီဖုန်းခေါ်ရန် သတိရလိုက်မိသည်။


"ဟယ်လို အန်တီ..."


"သားရေ ...ရဲရင့် ...ငြိမ်းများ မင်းဆီလာလားလို့ "


"ဗျာ...မလာဘူး အန်တီ...ကျွန်တော်လည်းဖုန်းဆက်နေတာ ...မကိုင်လို့ အိပ်နေးသေးတယ်ထင်နေတာ..."


"ဒုက္ခပါပဲ သားရေ ... မနေ့က မင်းတို့တွေ သန့်ရှင်းရေးဦးလေးကြီးကို တွေ့ခဲ့တဲ့နေရာကို သွားတယ်ထင်တယ် ...သား အန်တီတို့အိမ်ကိုလာခဲ့...အန်တီတို့အမြန်လိုက်ကြရအောင်...."


"ဟုတ်... ဟုတ်ကဲ့ အန်တီ ....ကျွန်တော်အခုပဲလာခဲ့မယ်..."


-*********************


   ငြိမ်းက တက္ကစီကားပေါ် မှဆင်းလိုက်ပြီးသည်နှင့် ကန်တော်ကြီးထဲသို့ ခပ်သုတ်သုတ် လျှောက် ဝင်သွားလိုက်သည်။အထဲသို့ ရောက်သောအခါ နံနက်ခင်း အားကစားလုပ်နေကြသူများနှင့် စည်ကားနေသည်ကိုတွေ့ရလေသည်။ငြိမ်း နေရာအနှံ့သို့လျှောက်ကြည့်လိုက်သည်။မိနစ် အတန်ကြာသည်အထိ ငြိမ်းတွေ့ချင်သူကို မတွေ့ရ။ငြိမ်းသည် ဇွဲ့မလျှော့ဘဲ နေရာအနှံ့ လိုက်၍ ရှာလိုက်သည်။တစ်နေရာသို့ အရောက်တွင် ငြိမ်း၏ခြေလှမ်းများရပ်တန့်သွားရလေသည်။ယိုင်ယဲ့ယဲ့ခန္ဓာကိုယ်နှင့် သစ်ပင်များကြားတွင် တလှုပ်လှုပ်လှုပ်ရှားနေသော ခန္ဓာကိုယ်တစ်ခု။နံနက်စောစောပင်ရှိသေးသော်လည်း နဖူးပြင်ထက်မှ ချွေးများ စီးကျနေသည်ကို မြင်တွေ့ရလေသည် ။အနီးအပါးတွင်လည်း ရေသန့်ဘူးခွံများ ထည့်ထားသော အိတ်ကလေး ရှိလေသည်။ကြည့်ရသည်မှာ အလုပ်လုပ်ရင်း ရေသန့်ဘူးခွံများ ကောက်စုနေပုံရ၏။ငြိမ်း ခပ်လှမ်းလှမ်းမှ အတန်ကြာ ရပ်ကြည့်နေမိပြီးနောက် အနားသို့ လျှောက်သွားလိုက်သည်။အနားသို့ နောက်သောအခါ မော့ကြည့်လာသော အကြည့်တွင် အံ့ဩ ထိတ်လန့်သွားပုံရလေသည်။လက်ထဲမှ အပင်ညှပ်ကတ်ကြေးပင် မြက်ခင်းပေါ်သို့ ဘုတ်ခနဲပြုတ်ကျသွားသလို ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်ကျသွားလေသည်။ထိုအခါ အမြီးတိုပြတ်နေပြီဖြစ်သော သားရေဖိနပ်မည်းမည်းညစ်ညစ်ကိုစီးထားသော အရိုးပြိုင်းပြိုင်းနှင့် ခြေထောက်က အရှေ့သို့ ထွက်လာပြီး လက်နှစ်ဖက်က နောက်သို့ ထောက်လျက် အနေအထားဖြစ်သွားလေသည်။ငြိမ်းသည် စုတ်ပြတ်နေသော မြီးတို့ဖိနပ်ပါးလေးကိုတစ်ချက်ကြည့်လိုက်ပြီး ကျောပိုးအိတ်ထဲမှ အထုတ်ကိုဆွဲထုတ်လိုက်သည်။ငြိမ်းလက်ထဲတွင်ပါသည်က ကိတ်မုန့်ထုတ်နှင့် ပေါင်မုန့်ထုတ်များ။ငြိမ်းက လက်ထဲက မုန့်ထုတ်တွေကို ကမ်းပေးလိုက်သည်။


"ကျွန်မတို့အိမ်မှာတော့ ဒီလိုမုန့်ထုတ်တွေအများကြီးပဲ...ဒါပေမဲ့...ကျွန်မအမေကိုတော့ ဒီထက်ကောင်းတဲ့ မုန့်တွေကိုပဲ ကျွေးတာ....အဲ့ဒါကြောင့် ဒီမုန့်ထုတ်တွေကို ဦးလေး ယူချင်ယူလိုက်လေ ... ဘ၀ဆိုတာဒီလိုပဲ ကြိုးစားရတယ်ဦးလေးရဲ့....ကျွန်မ ကလေးဘ၀ကဆို အဖေက ကွန်မတို့ သားအမိကို ပစ်ထားခဲ့လို့ ဟိုလူဒီလူ အိမ်ကပ်နေခဲ့ရတာ...ဒါပေမဲ့ အေးအေးဆေးဆေး နေခဲ့ရတာတော့မဟုတ်ဘူး...သူခိုးစွပ်စွဲလည်းခံရတယ်.... စောင်းမြောင်း ပြောဆိုတာလားခံရတာနဲ့....ဒီကြား မထင်ရင်မထင်သလို အိမ်ပေါ်ကနှင်ချခံရပြီး သားပြော မယားပြော ပြောခံရတာတောင် ရှိသေးတယ်....ဦးလေးကြုံနေရတဲ့ ဒုက္ခလောက်က စာမဖွဲ့လောက်ပါဘူး "


      ငြိမ်းသည် နှုတ်မှ ပြောချင်ရာကို ပြောလိုက်ပြီးလျှင်မုန့်ထုတ်များကို ရေသန့်ဘူးခွံတွေထည့်ထားသော အိတ်ပေါ်တွင်တင် ပေးလိုက်ပြီး ပြန်လှည့်ထွက်ခဲ့သည်။ငြိမ်းကျောခိုင်းလျှောက်လာစဉ် နောက်ဘက်ဆီမှ ရှိုက်သံသဲ့သဲ့ကို ကြားရသော်လည်း ငြိမ်း လှည့်မကြည့်ဖြစ်ခဲ့။အရာအားလုံးသည် သည်နေရာတွင် ပြီးဆုံးသွားပြီ ဟူ၍သာ ငြိမ်းသဘောထားလိုက်သည်။ငြိမ်း၏ အတွေးထဲမှ အပြီးအပိုင်ထုတ်ပယ်ပစ်ရန် ဆုံးဖြတ်လိုက်ပြီး ခြေလှမ်းတွေကို ခြေဦးတည့်ရာသို့ လှမ်းလိုက်သည်။သည်နေ့အဖို့တော့ တွေ့ရာ ဘတ်စ်ကားစီးပြီး လျှောက်သွားရန် ငြိမ်းဆုံးဖြတ်လိုက်သည်။


*****************


   ကားကို ရပ်လိုက်ပြီးသည်နှင့် ရဲရင့်နှင့် ဒေါ်ငြိမ်းဝေ ကန်တော်ကြီးထဲတွင် ငြိမ်းကို အသည်းအသန်လိုက်ရှာကြလေသည်။


"အန်တီ ...ဟိုမှာ...ဟိုမှာ...မနေ့ကတွေ့ခဲ့တဲ့ ဦးလေးကြီး ...."


    ဒေါ်ငြိမ်းဝေ သည် ရဲရင့်ညွှန်ပြသော နေရာသို့ လှမ်းကြည့်လိုက်ပြီးလျှင် 


"မောင်ရဲရင့်...ကားပေါ်က သွားစောင့်နေပါနော်...အန်တီ စကားခဏလောက် ပြောစရာရှိလို့....."


"ဟုတ်...ဟုတ်ကဲ့ပါ အန်တီ"


   ရဲရင့် ထွက်သွားသည်နှင့် ဒေါ်ငြိမ်းဝေလည်း ဦးအောင်မင်းရှိရာသို့ လျှောက်သွားလိုက်လေသည်။


"ရှင့်ဆီကို ...သမီးလာသွားတယ် မဟုတ်လား..."

   

    ဒေါ်ငြိမ်းဝေ၏ အသံကြောင့် ဦးအောင်မင်းက မော့ကြည့်လာပြီး ခေါင်းကို ငြိမ့်ပြလိုက်လေသည်။ပြီးလျှင် မုန်ထုတ်များကို လက်နှင့်ကိုင်မြှောက်ပြလိုက်သည်။


"မုန့်  ထုတ်တွေပေးသွားတယ် "


     ဦးအောင်မင်း၏ ငိုသံပါကြီးနှင့် ပြောလိုက်သော အက်ကွဲကွဲအသံကို နားထောင်နေပြီးနောက် ဒေါ်ငြိမ်းဝေက အသံပြတ် နှင့်မေးလိုက်သည်။


"သမီးရှေ့မှာ ရှင် ငိုလိုက်သေးလား...မငိုဘူး မဟုတ်လား....ရှင့်ကြောင့် ကျွန်မသမီး ဒီထက် ပိုပြီး စိတ်ထိခိုက်ခံစားနေရလိမ့်မယ်....ရှင်တို့ကြောင့် ငယ်ငယ်ကစိတ်ထားဖြူစင်လွန်းတဲ့ ကျွန်မသမီးလေးက ... ခုတော့တစ်ခါတစ်လေသိပ်ကို ကြောက်စရာကောင်း တဲ့သူ...အငြှိုးကြီးတဲ့သူတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တာ...ဒါကြောင့်လည်း စည်သူလေး ကို ဒုတိယ ခင်ငြိမ်းစံဖြစ်မှာစိုးလို့ ကျွန်မကူညီခဲ့တာ...ခုတော့ မဖြစ်တော့ဘူး ရှင့်သားကိုခေါ်ပြီး နယ်ဘက်မှာ သွားနေပါတော့... ရှင်လိုတဲ့ငွေကို ကျွန်မ ထုတ်ပေး လိုက်မယ်"


"မ...မယူဘူးငြိမ်းဝေ ...ငါ...ငါ...သမီးကို သတိရတယ်....ငါက မကြာခင် သေရမယ့်သူပါဟာ....သမီးကိုသတိရတဲ့အခါလာကြည့်လို့ရအောင် .... ရန်ကုန်မှာပဲနေပါရစေ.... ပြီး..ပြီးတော့ စည်သူလေးကိုလည်း စောင့်ရှောက်ပေးပါ...ကံဆိုးပြီး ငါတို့ဆီမှာ လူလာဖြစ်တဲ့ ကလေးပါ..."


    ဒေါ်ငြိမ်းဝေ သည် ပြောရင်းနှင့် ငိုနေသော ဦးအောင်မင်းကို ကြည့်လိုက်ပြီး သတိပေးစကားပြောလိုက်လေသည်။


"ဒါဆို နောက်ထပ် ကျွန်မ သမီးကို စိတ်ဆင်းရဲအောင်လုပ်မယ်ဆိုရင်တော့ ...အဲဒီအချိန်ကျရင် ရှင့်သားကို ကျွန်မကိုယ်တိုင်စွန့်ပစ်လိုက်မယ်ဆိုတာကို သိထားပါ...."


********************


  "ပြန်ရအောင် မောင်ရဲရင့်...အိမ်ကိုပဲ မောင်းတော့...."


"ဗျာ...အန်တီ..မမကို မရှာတော့ဘူးလား"


    ရဲရင့်က နားမလည်နိုင်စွာ ဒေါ်ငြိမ်းဝေကို မေးလိုက်မိလေသည်။


" ရှာဖို့ မလိုတော့ပါဘူး.... ညမိုးမချုပ်ခင် ....ငြိမ်း ပြန်လာလိမ့်မယ်....မောင်ရဲရင့်ကို အန်တီ တစ်ခုတောင်းဆိုပါရစေကွယ်....အခုဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး သမီးလေး ကို .. ဘာမှမမေးပါနဲ့နော်..."


" ဟုတ် ... ဟုတ်ကဲ့ပါအန်တီ...ဒါပေမဲ့ ကျွန်တော်နားမလည်နိင်ဘူး...."


"မောင်ရဲရင့် နားလည်အောင် ပြောပြရရင်တော့ ခုန မင်း တွေ့ခဲ့တဲ့ လူက ငြိမ်းရဲ့ အဖေပဲ... နောက်အိမ်ထောင်ပြုပြီး ထွက်သွားခဲ့တာကြာပြီ...ငြိမ်းနဲ့မနေ့ကမှ မမျှော်လင့်ဘဲ ပြန်တွေ့တယ် ဆိုပါတော့ ...."


"ဗျာ"


   ရဲရင့်သည် ဒေါ်ငြိမ်းဝေ၏ စကားကြောင့် အံ့သြတကြီးဖြင့် ဒေါ်ငြိမ်းဝေကို ကြည့်လိုက်မိလေသည်။


"အင်း.....နောက်မှ ဒီအကြောင်းတွေကို  သေချာပြောပြမယ်... အခုတော့ ငြိမ်းကို ဘာမှမမေး  မပြောပါနဲ့နော်...."


***************************


"စာရင်းတွေ သေချာလုပ်နော်....အိလေး....ရှေ့လကမမ မကြည့်မိတာနဲ့ ဆိုင်ထဲလည်း ပစ္စည်းမစုံတော့ပါလား....လိုတာတွေကို အမြဲလိုက်ကြည့်ဖို့ မမပြောထားတယ်လေ..."


     စတိုးဆိုင်ထဲတွင် လှည့်ပတ်ကြည့်ပြီး စာရေးမလေး ကို ငြိမ်း ဆူလိုက်သည်။ရှေ့လက ငြိမ်းစိတ်လေပြီ ဆိုင်ကို သိပ်ဂရုမစိုက်မိသောကြောင့် ဆိုင်ထဲတွင် အချို့သော ပစ္စည်းများ ကုန်နေသည်ကို တွေ့လိုက်ရလေသည်။


"မမငြိမ်း...ဖုန်းလာနေတယ်"


    အလှကုန်ပစ္စည်းများ စစ်ဆေးနေစဉ်မှာပင် မုန့်ဆိုင်ဘက်မှစာရေးမလေး၏ အသံကြောင့် ငြိမ်းက ဖုန်းကို လှမ်းယူပြောလိုက်လေသည်။


"ဟယ်လို...အမိန့်ရှိပါရှင် ခင်ငြိမ်းစံ ပြောနေပါတယ် "


ငြိမ်းက ဖုန်းကို ယူပြီး ပြောလိုက်သော်လည်း တစ်ဖက်မှ တော်တော်နှင့် စကားပြန်မပြောဘဲ တိတ်ဆိတ်၍ နေလေသည်။ငြိမ်းသည် ဒုတိယအကြိမ်မြောက် ထပ်မံ၍ ပြောလိုက်သည်။


"ဟယ်လို...ခင်ငြိမ်းစံ ပြောနေတာပါရှင်.... ဘယ်သူများလဲ မသိဘူးနော်.... "


" ကျွန်တော်ပါ ငြိမ်း....ကျွန်တော်လေ စိုင်းခွန်နောင်ပါ "


"  ရှင် "


     တစ်ဖက်မှ ပြောလာသော အသံကြောင့် ငြိမ်း အံ့သြပြီး ဖုန်းနံပတ်ကို ကြည့်လိုက်မိလေသည်။ဖုန်းနံပတ်သည် မြန်မာပြည်မှ ဖုန်းနံပတ်ပင် ဖြစ်ပါလေသည်။


" ကိုစိုင်းခွန်နောင်လား..ဘယ်က ဆက်နေတာလဲဟင်..."


"ကျွန်တော်  မြန်မာပြည် ပြန်ရောက်နေပြီ ငြိမ်းရဲ့....ငြိမ်းက ဖေ့ဘုတ်လည်းမသုံးတော့ မသိတာပါ ....ကျွန်တော် စာတွေ ပို့ထားတယ်....အဲ့ဒါနဲ့ ငြိမ်းပေးထားတဲ့ ဖုန်းကို အရဲစွန့်ပြီး ဆတ်ကြည့်လိုက်တာ...."


"ဟုတ်.... ဟုတ်ကဲ့ .ငြိမ်းလည်း အလုပ်တွေ များလို့ လိုင်းမသုံးဖြစ်ဘူး ..."


" ကျွန်တော်လေ... မြို့ထဲမှာ သူငယ်ချင်းနဲ့အတူ ဆိုင်လေး တစ်ဆိုင်ဖွင့်ဖို့လုပ်ထားတယ်....အဲ့ဒါ တနင်္ဂနွေနေ့ကျရင် ဆိုင်မှာ မိတ်ဆက်ပွဲလေးရှိလို့ ငြိမ်းကို လှမ်းဖိတ်တာ ...လာခဲ့မယ် မဟုတ်လားဟင်...ကျွန်တော်မှာ မိတ်ဆွေဆိုလို့ ငြိမ်းပဲရှိတာ......."


     ငြိမ်းသည် ဖုန်းကို ကိုင်ပြီး ခဏတာမျှငြိမ်သက်နေမိလေသည်။ငြိမ်းစိတ်ထဲ၌ စိုင်းခွန်နောင်နှင့် စကားပြောမိလျှင် ဘာရယ်မဟုတ် ရဲရင့်ကို မြင်ယောင်မိပြီး တစ်ယောက်တည်း စိတ်မလုံသလို ဖြစ်နေမိသည်လေ။


"ငြိမ်း....လာမှာမဟုတ်လားဟင် "


   တစ်ဖက်မှ စိုင်းခွန်နောင်၏ အသံဩဩရှရှက  ထပ်မံထွက်ပေါ်လာလေသည်။


"ဟုတ်....ဟုတ်ကဲ့ ....လာခဲ့မယ်လေ...."


    "ဘာဆိုင်ဖွင့်မှာလဲ''ဟု တောင်မမေးလိုက်မိဘဲ ချသွား ပြီးဖြစ်သောဖုန်းကို ကိုင်လျက်ငြိမ်သက်စွာ ငြိမ်း ထိုင်နေမိလေသည်။


*****************


    ကားဘေးမှန်ပြတင်းပေါက်ဘေးတွင် ရပ်လျက် မိမိကို ငုံ့ကြည့်လာသောသူကို ရဲရင့်အံ့ဩစွာကြည့်လိုက်မိလေသည်။


@@@@@@@@@@@@@@@


အပိုင်း ၁၅ ဆက်ရန်


ဧကြည်ဖြူ


rate now: